အခန်း ၃၃၂
Vol. 17 Ch. 332
အပိုင်း(၃၃၂) တစ်ဖန်ပြန်လည်ပေါ်ထွက်လာခြင်း
ခေါင်းဆောင်ချူ ယူလာသည့် အချက်အလက်များကို တင်းတုံက သိပ်ပြီး စိတ်ဝင်စားပုံမရပေ။
သူမက နှုတ်ဆက်ပြီးနောက် ထွက်သွားလေသည်။
သူမ၏ ဤကဲ့သို့သော အေးစက်စက် အကျင့်စရိုက်နှင့် ပတ်သက်၍ မည်သူကမျှ တစ်ခွန်းတစ်ပါဒမျှ ဝင်မပြောကြချေ။
ထယ်ရှီးက တင်းတုံကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကျန်သုံးယောက်ကိုပါ ထပ်ကြည့်ကာ ဝင်ထိုင်ပြီး အရင်ဆုံး လေ့လာကြည့်ရန် ဆုံးဖြတ်လိုက်သည်။
စွန်းချန်းချန်းနှင့် ချန်းရီတို့ နှစ်ယောက်ကမူ အလွန်အမင်း စိတ်ဝင်စားနေပုံ ပေါ်သည်။
ဒီတစ်ကြိမ် စာရင်းပေးသွင်းထားသူများထဲတွင် လမ်းစဉ်နှင့် အဆင့်မျိုးစုံ ပါဝင်နေကြသည်။
အကူအညီပေးသည့် လမ်းစဉ် အဆင့် (၁) မှစ၍ တိုက်ခိုက်ရေး လမ်းစဉ် အဆင့် (၄) အထိပင် ပါဝင်သည်။
ချန်းရီက စာရင်းပေးသွင်းထားသူများထဲတွင် လမ်းပြသူ လမ်းစဉ် အဆင့် (၁) တစ်ယောက်ကိုပင် တွေ့လိုက်ရသေးသည်။
တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိသည့် ဤလမ်းပြသူက ဘာကိစ္စများ လာရောက် စာရင်းပေးသွင်းရသနည်း။
အချို့သော စာရင်းပေးသွင်းလွှာများတွင် နာမည်တစ်ခုတည်းသာ ရေးထားကြသည်။
အချို့ကမူ အလွန် အသေးစိတ် ရေးသားထားကြပြီး ကိုယ်ပိုင် ရာသီခွင်များ၊ မိမိတို့ ပိုင်ဆိုင်ထားသည့် သဘာဝလွန်ပစ္စည်းများကိုပါ ထည့်သွင်း ရေးသားထားကြသေး၏။
ထိုစာရင်းပေးသွင်းလွှာများကို မြင်လိုက်ရချိန်တွင် သူတို့အားလုံး ဘာပြောရမှန်းပင် မသိတော့ချေ။
ချန်းရီနှင့် စွန်းချန်းချန်းတို့အတွက် ချူချယ်က ကူညီပြီး စာရင်းပေးသွင်းပေးခဲ့ခြင်း ဖြစ်သည်။
သူတို့၏ ဖောင်ပေါ်တွင် နာမည်မှလွဲ၍ ဘာတစ်ခုမျှ မပါရှိပေ။
သူတို့က လမ်းစဉ် အဆင့် (၃) နှင့် လမ်းစဉ် အဆင့် (၄) ဖောင်များကို အမြန် ရွေးထုတ်လိုက်ကြသည်။
၎င်းတို့မှာ အထူး အာရုံစိုက်ထားရမည့် သူများ ဖြစ်သည်။
ဥပမာအားဖြင့် ချူချယ်၏ လက်ထဲတွင် ကိုင်ထားသော စာရွက်မျိုး ဖြစ်သည်။
"ယဲ့... ဓားသွေးသမား လမ်းစဉ် အဆင့် (၃)... သူက ပြီးခဲ့တဲ့တစ်ခေါက် ငါတို့ကို အသားပိုးကောင် ရောင်းပေးခဲ့တဲ့ ကောင်လေးပဲ"
"ဓားသွေးသမား လမ်းစဉ်က တော်တော် အစွမ်းထက်တယ်... သူ့လက်ထဲက ကစားစရာဓားကို အထင်မသေးကြနဲ့... အနည်းဆုံးတော့ အဲဒါက သဘာဝလွန်ပစ္စည်း တစ်ခုပဲ"
"အဲဒီဓားရဲ့ နံပါတ်စဉ် အဆင့်က မနိမ့်လောက်ဘူးလို့ ခန့်မှန်းရတယ်"
"ပြီးခဲ့တဲ့တစ်ခေါက် စန်းယွဲ့လမ်းမှာ အသားပိုးကောင် လဲလှယ်တုန်းက အနည်းဆုံး နံပါတ်စဉ် (၃၀၀၀) အထက် ရှိရမယ်လို့ သူက တောင်းဆိုခဲ့တာ"
"ဒါကြောင့်... သူ့ရဲ့ဓားက အနည်းဆုံး နံပါတ်စဉ် (၃၀၀၀) အထက်မှာ ရှိလိမ့်မယ်လို့ ငါ ခန့်မှန်းမိတယ်"
"ဓားသွေးသမား လမ်းစဉ်ဆိုတာ အစွမ်းထက်တဲ့ တိုက်ခိုက်ရေး လမ်းစဉ်တစ်ခုပဲ... ဒီလမ်းစဉ်အကြောင်းကို သိပ်ပြီး နားမလည်ပေမဲ့..."
"စန်းယွဲ့လမ်းကို တစ်ယောက်တည်း သွားပြီး အသားပိုးကောင် သွားရောင်းရဲတယ် ဆိုကတည်းက သူက သူ့ကိုယ်သူ တော်တော်လေး ယုံကြည်မှု ရှိနေတာ သေချာတယ်"
"အစွမ်းပိုင်ရှင်တွေကြားမှာ အမြဲတမ်း သင့်မြတ်နေတာမျိုး မဟုတ်ဘူးဆိုတာ မင်းတို့လည်း သိကြတာပဲ"
"တကယ်လို့ သူ့စွမ်းအားကသာ နည်းနည်းလေး အားနည်းနေမယ်ဆိုရင် အသားပိုးကောင်တွေ အလုခံလိုက်ရတာ ကြာပြီပေါ့"
"သူ့ကို သေချာ သတိထားဖို့ လိုတယ်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ခေါင်းညိတ်လိုက်ပြီး ချူချယ်၏ စကားကို အပြည့်အဝ ထောက်ခံလိုက်သည်။
အစွမ်းပိုင်ရှင်များကြားတွင် အချင်းချင်း ရိုင်းပင်းကူညီတတ်ကြသည်ဟူ၍ မရှိပေ။
တစ်ဦးနှင့်တစ်ဦး လုယက်သတ်ဖြတ်သည့် လုပ်ရပ်များကို သူတို့ကိုယ်တိုင်လည်း လုပ်ခဲ့ဖူးကြသည် မဟုတ်ပါလော။
ထိုအချိန်တွင် ထယ်ရှီးက ဝင်ပြောလိုက်သည်။
"ချန်းချန်း... ချန်းရီ... မင်းတို့ စိတ်ချလက်ချသာ နေ... ဒီကောင့်ကို ငါ့တာဝန်သာထား... သူ့ကို ချီးပါထွက်တဲ့အထိ ထိုးကြိတ်ပစ်မယ်လို့ ငါ အာမခံတယ်"
"တကယ်လို့ အခြေအနေမဟန်ရင် မင်းတို့ ရှေ့ကိုသာ ပြေးကြ"
ချူချယ်၏ မျက်နှာမှာ တောင့်တင်းသွားပြီးနောက် ပြန်ပြောလိုက်သည်။
"ဒီလူက ဖြောင့်မတ်တဲ့သူ တစ်ယောက်ပါ... လူဆိုး မဟုတ်ပါဘူး... ထယ်ရှီး... မင်း... အဲဒီလောက်ထိ လုပ်စရာ မလိုပါဘူး"
ထယ်ရှီးက သူ့ခေါင်းကို ကုတ်ရင်း တုံးအအ ရယ်မောလိုက်သည်။ "ဒါဆိုလည်း ကောင်းပြီလေ... သူတို့ကို ငါ တားထားပေးမယ်... မင်းတို့ ရှေ့ကိုသာ ဆက်တက်သွားကြ"
ချူချယ်က ထိုဖောင်ကို ဘေးသို့ ဖယ်ထားလိုက်သည်။
ထို့နောက် အခြား ဖောင်တစ်ရွက်ကို ကောက်ယူလိုက်ပြန်၏။
"ရွှီလင်းဟောင်... အားကစားသမား လမ်းစဉ် အဆင့် (၃)... တိုက်ခိုက်နိုင်စွမ်းကိုတော့ မသိရဘူး... ဒါပေမဲ့ ဒီတစ်ကြိမ် ပြိုင်ပွဲက သူ့အတွက်တော့ တော်တော်လေး အခွင့်အရေး သာနေတယ်"
"အားကစားသမား လမ်းစဉ်... ခေါင်းဆောင်ချူ... ရှင် ဒီလမ်းစဉ်အကြောင်းကို သိလို့လား"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ရိုင်းစိုင်းမောက်မာလှသော ထိုလူသန်ကြီးကို ပြန်လည် မြင်ယောင်လာမိသည်။
သူက ယခင်တုန်းက သူတို့ကို နှလုံးသားအင်ဂျင် လဲလှယ်ပေးခဲ့သူပင် ဖြစ်သည်။
ချူချယ်က ခေါင်းညိတ်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒီနေ့ ငါ နည်းနည်း စုံစမ်းကြည့်လိုက်တယ်... အားကစားသမား လမ်းစဉ်က တော်တော်လေး ရှားပေမဲ့ လုံးဝ သတင်းအစအန မရတာမျိုးတော့ မဟုတ်ဘူး"
"ဒီလမ်းစဉ်ရဲ့ အစွမ်းပိုင်ရှင်တွေက သာမန်လူတွေ နားလည်နိုင်စွမ်းမရှိတဲ့ အားကစား စွမ်းရည်မျိုးစုံကို ပိုင်ဆိုင်ထားကြတယ်"
"ဒီလို ပြိုင်ပွဲမျိုးမှာတော့ သူတို့က အများကြီး အသာစီး ရနေတာပေါ့"
"အရေးအကြီးဆုံးအချက်က... သူက နှလုံးသားအင်ဂျင်ကို ထုတ်ပေးနိုင်တာပဲ"
"ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူက စက်ဘီးနဲ့ပဲ ပြိုင်ပွဲဝင်မယ်လို့ ပြောခဲ့သေးတယ်"
ချူချယ်က ထိုနေရာသို့ ရောက်သောအခါ ချန်းရီကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ချန်းရီက ဝင်ပြောလိုက်၏။ "ဒါဆို... ဒီလူ နင်းမယ့် စက်ဘီးအရှိန်က နှလုံးသားအင်ဂျင် တပ်ဆင်ထားတဲ့ ကားတွေထက်တောင် ပိုမြန်နေလိမ့်မယ်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးကလည်း ဝင်ပြောသည်။
"ဒါဆိုရင် ဒီလူကလည်း သာမန် မဟုတ်ဘူးပေါ့... အနည်းဆုံးတော့ ဟို ဓားသွေးသမားထက် အားနည်းနေမှာ မဟုတ်ဘူး"
ချူချယ်က ခေါင်းညိတ်လိုက်သည်။
"ဒီပြိုင်ပွဲမှာ အစွမ်းထက်တဲ့သူတွေ မနည်းဘူးပဲ"
ထိုအချိန်တွင် ထယ်ရှီးက ဝင်ပြောပြန်ပြီး သူ့ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
"ချန်းချန်း... ချန်းရီ... မင်းတို့ စိတ်ချလက်ချသာနေ... ဒီလူကိုလည်း ငါ့တာဝန်သာထား... သူ့ကိုလည်း ချီးထွက်တဲ့အထိ ထိုးကြိတ်ပစ်မယ်လို့ ငါ အာမခံတယ်"
"အချိန်ကျရင် မင်းတို့ ရှေ့ကိုသာ ပြေးကြ"
ချူချယ်တစ်ယောက် ဤအချိန်တွင် ဘာဆက်ပြောရမှန်းပင် မသိတော့ချေ။
ချန်းရီက ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။
"မင်း ခုလို ပြောနေတာ... တစ်ယောက်ယောက် ကြားသွားရင်... အဲဒီအချိန်ကျမှ မင်းကိုယ်တိုင် ချီးပါထွက်အောင် အရိုက်ခံရမှာကို မကြောက်ဘူးလား"
ထယ်ရှီးက တဟီးဟီး ရယ်မောလိုက်ပြီး "အဲဒီလို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟု ဆိုသည်။
"ဒီလူတွေပဲ ရှိတာ မဟုတ်သေးဘူး... ငါတို့နဲ့ ရင်းနှီးပြီးသား လူဟောင်းတစ်ယောက်လည်း ပါသေးတယ်... မင်းတို့ ကြည့်ချင်သေးလား"
ချူချယ်က သူ၏ လက်ထဲမှ ဖောင်ကို ထိုနှစ်ယောက်ထံ ကမ်းပေးလိုက်သည်။
ချန်းရီက ဖောင်ပေါ်ရှိ နာမည်ကို တစ်ချက် ကြည့်လိုက်သည်နှင့် တွေ့လိုက်ရသည်။ "ဟွမ်တီ" ဟူ၍ ဖြစ်သည်။
ထို့အပြင် ပြိုင်ပွဲဝင်မည့် ယာဉ်အမျိုးအစား နေရာတွင်လည်း စာလုံးနှစ်လုံး ရေးသားထားသေး၏။ "စံအိမ်" တဲ့။
"နေပါဦး... ဒီကောင်က အိုအေစစ်ကို ရောက်နေတာ မဟုတ်ဘူးလား... ဘာလို့ သူ့ကို တစ်ခါမှ မတွေ့ရတာလဲ... သူ့ရဲ့ ကားကြီးကိုတောင် မတွေ့မိပါလား"
"ငါ စုံစမ်းပြီးသွားပြီ... ဒီကောင်က အိုအေစစ်ကို ရောက်လာတာ မှန်တယ်... ဒါပေမဲ့ ခဏလေးနေပြီး ချက်ချင်း ပြန်ထွက်သွားတယ်"
"ချန်ဟောင်လည်း သူ့နောက်ကနေ လိုက်သွားတယ်"
"အပြင်ကို ထွက်သွားပြီး ဘာသွားလုပ်တာလဲ"
ချန်းရီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
ဒီကောင်က အိုအေစစ်ကို ရောက်ဖို့ အခက်အခဲပေါင်း များစွာကို ဖြတ်ကျော်လာခဲ့ပြီးမှ အခု ပြန်ထွက်သွားတယ် ဆိုတော့ ရူးများနေသလား။
"ပြိုင်ပွဲဝင်မယ့် အချိန်ကျရင်တော့ သူ ပြန်လာလိမ့်မယ်"
"ဒါပေမဲ့ ဒီကောင်က ထူးဆန်းတဲ့အရာရဲ့ နှလုံးသားကို တကယ် ရသွားတဲ့ပုံပဲ... ဒီ စံအိမ် ဆိုတာက သူ့ရဲ့ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး နာမည် ဖြစ်လောက်တယ်"
"တကယ်လို့ သူသာ ထူးဆန်းတဲ့အရာရဲ့ နှလုံးသားကို ရသွားခဲ့ရင် အဲဒီစံအိမ်ကြီးက ရိုးရှင်းမှာ မဟုတ်တော့ဘူး"
"မင်းတို့ မကြာသေးခင်က မင်းတို့ရဲ့ သဘာဝလွန်ပစ္စည်း အဆင့်တွေကို စစ်ဆေးကြည့်သေးလား... တစ်ဆင့်လောက် ကျသွားကြတယ် မဟုတ်လား"
ချူချယ်၏ ဤကောင်စီဝင် ရာထူးက အလကားရထားခြင်း မဟုတ်ကြောင်း ထင်ရှားလှသည်။
နေ့ခင်းဘက်တွင် သူက ဤရာထူးကို အသုံးချကာ သတင်းအချက်အလက် အများအပြားကို စုံစမ်းရရှိခဲ့သည်။
ထို့ကြောင့် သူ သိထားသော သတင်းများက ချန်းရီတို့ထက် များစွာ ပိုမို များပြားနေခြင်း ဖြစ်သည်။
ချူချယ်၏ သတိပေးချက်ကြောင့် ချန်းရီက ခါးနောက်တွင် ချိတ်ဆွဲထားသော အမုန်းတရားကို လှမ်းကိုင်လိုက်သည်။
အနည်းငယ် အာရုံခံကြည့်လိုက်ပြီးနောက် ၎င်း၏ နံပါတ်စဉ် အဆင့်သည် ယခင် (၁၉၈၇) မှ (၁၉၈၈) သို့ ပြောင်းလဲသွားကြောင်း တွေ့ရှိလိုက်ရ၏။
ထိုစံအိမ်၏ နံပါတ်စဉ် အဆင့်က ဤမျှအထိ မြင့်မားနေလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် ချန်းရီမှာ အနည်းငယ် အံ့အားသင့်သွားသည်။
နံပါတ်စဉ် အဆင့်သည် အပေါ်သို့ ရောက်လေလေ အပြောင်းအလဲ ဖြစ်ရန် ခက်ခဲလေလေ ဖြစ်ကြောင်း သိထားရမည်။
၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် နံပါတ်စဉ် နောက်ကျလေလေ အပြောင်းအလဲ ဖြစ်လွယ်လေလေ ဖြစ်သည်။
ဒီ စံအိမ် လို့ ခေါ်တဲ့ အရာရဲ့ နံပါတ်စဉ် အဆင့်က တော်တော်လေး မြင့်နေတာလား။
ဖြစ်နိုင်ချေ များလှသည်။
ဒါက ထိုလူဝကြီး၏ ရှိသမျှ အရာအားလုံးကို ပုံအောပြီးမှ ဖန်တီးထားခဲ့သည့် အရာ ဖြစ်သည် မဟုတ်ပါလော။
"ဒီကောင့်ရဲ့ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးက အနည်းဆုံးတော့ အဆင့် (၁၀၀၀) အတွင်းမှာ ရှိနေလိမ့်မယ်လို့ ငါ ခန့်မှန်းမိတယ်"
"ဒီကောင်က သူ့မှာရှိတဲ့ အစွမ်းစွမ်းအင်တွေ အကုန်လုံးကို အသုံးချပြီးမှ ဒီလို အကောင်ကြီးကို ဖန်တီးနိုင်ခဲ့တာဆိုတော့ အဆင့် (၁၀၀၀) အတွင်း ဝင်တာကလည်း အံ့သြစရာမဟုတ်ဘူးလို့ ဆိုရမှာပဲ"
"ဒီလူကိုလည်း အချိန်ကျရင် မင်းတို့ တော်တော်လေး သတိထားဖို့ လိုလိမ့်မယ်"
"အထူးသဖြင့် မင်းပဲ ချန်းရီ... မင်း သူ့ကို ဂျင်းထည့်ခဲ့ဖူးတယ် မဟုတ်လား"
ချူချယ်က ချန်းရီကို အထူးတလည် သတိပေးလိုက်သည်။
ချန်းရီ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ဂျင်းထည့်ခဲ့ဖူးတော့ကော ဘာဖြစ်လဲ။
အချိန်ကျရင် ငါ့ရဲ့ မိစ္ဆာပစ်ကပ်ကားက ပိုစွမ်းသလား... မင်းရဲ့ စံအိမ်ကပဲ ပိုစွမ်းသလား ဆိုတာ စမ်းကြည့်ကြသေးတာပေါ့။
မိစ္ဆာပစ်ကပ်ကားနှင့် ပတ်သက်၍မူ ချန်းရီတွင် အပြည့်အဝ ယုံကြည်မှု ရှိနေဆဲပင်။
အဆင့် (၁၀၀၀) အတွင်း ဟုတ်လား။
ခဏနေရင် မိစ္ဆာပစ်ကပ်ကားရဲ့ နံပါတ်စဉ် အဆင့်ကော အပြောင်းအလဲ ရှိမရှိ သွားကြည့်လိုက်ဦးမှပဲ။
"ချန်းချန်း... ချန်းရီ... မင်းတို့ စိတ်ချလက်ချသာနေ... ဒီလူဝကြီးကို ငါ့တာဝန်သာထား... အချိန်ကျရင် သူ့ကို ငါ..."
ချန်းရီ "ပါးစပ်ပိတ်ထားစမ်းပါကွာ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေး "ပါးစပ်ပိတ်ထား"
ချူချယ် "တိတ်တိတ်နေ"
ထယ်ရှီး တစ်ယောက် မျက်နှာငယ်လေး ဖြစ်သွားရှာသည်။
ထယ်ရှီး၏ နှောင့်ယှက်မှု မရှိတော့သဖြင့် သူတို့က ဖြစ်နိုင်ချေရှိသော ပြိုင်ဘက်များကို ဆက်လက် ခွဲခြမ်းစိတ်ဖြာကြသည်။
ခဏအကြာတွင် ချူချယ်က ဖောင်တစ်ရွက်ကို ကိုင်ကာ ထယ်ရှီး၏ အရှေ့သို့ ပစ်ချပေးလိုက်သည်။
"ဒီတစ်ယောက်ကိုတော့ မင်း ချီးပါထွက်တဲ့အထိ သွားထိုးလို့ ရပြီ"
ထယ်ရှီးက ဖောင်ပေါ်ရှိ နာမည်ကို ကြည့်ကာ ဖတ်လိုက်သည်။
"ရှုံပ... ဒီနာမည်က..."
"သွေးသား တိုက်တန် လမ်းစဉ် အဆင့် (၃) မျက်လုံးသုံးလုံး မိစ္ဆာ"
"ဒီလူက ဒုတိယမြို့တော်ဝန် တင်းရှန်ရဲ့ လူယုံပဲ... သူက အဖြူရောင်ဝတ်စုံနဲ့ ကတ်ကြေးမိန်းမကိုတောင် တိုက်ရိုက် ရင်ဆိုင်ခဲ့ဖူးတယ်"
"ဟာ"
ချူချယ်၏ စကားကို ကြားလိုက်ရသဖြင့် သူတို့အားလုံး အနည်းငယ် လန့်သွားကြသည်။
ကတ်ကြေးမိန်းမဆိုသည်မှာ ယခင်က ရှင်းဟွာမြို့တွင် သူတို့ ကြုံတွေ့ခဲ့ရသော ထူးဆန်းသည့်အရာကြီးပင် ဖြစ်သည်။
ထိုအချိန်က ကတ်ကြေးမိန်းမ ရှေ့တွင် ထယ်ရှီးမှာ အရုပ်လေးတစ်ရုပ်လိုပင် အနည်းငယ်မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိဘဲ အရိုက်ခံခဲ့ရသည်။
ထိုစဉ်က ထယ်ရှီးမှာ လမ်းစဉ် အဆင့် (၁) သာ ရှိနေသေး၍လည်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ထယ်ရှီးကို ကတ်ကြေးမိန်းမနှင့် တစ်ယောက်တည်း ရင်ဆိုင်ခိုင်းလျှင်ပင် အနိုင်ရမည်ဟု အပြည့်အဝ အာမခံနိုင်ခြင်း မရှိသေးပေ။
ထိုထူးဆန်းသည့် အရာများ၏ စွမ်းအားသည်လည်း တစ်သမတ်တည်း မဟုတ်ကြောင်းကို သိထားရမည်။
များစွာသော ထူးဆန်းသည့် အရာများ၏ တိုးတက်မှု အရှိန်မှာ အစွမ်းပိုင်ရှင်များထက်ပင် ပိုမို မြန်ဆန်နေသေးသည်။
သူတို့ အားလပ်ချိန်များတွင် ထိုထူးဆန်းသည့် အရာများ၏ စွမ်းအားမှာ တိုးတက်လာခြင်း မဟုတ်နိုင်ကြောင်း ခန့်မှန်းခဲ့ဖူးကြသည်။
၎င်းတို့သည် ဤကမ္ဘာကြီးနှင့် ပေါင်းစပ်သွားပြီးနောက် ဤကမ္ဘာကို ဖြည်းဖြည်းချင်း အသားကျလာသည်နှင့်အမျှ သူတို့၏ စွမ်းအားများက တဖြည်းဖြည်း ပြန်လည် နိုးထလာခြင်းသာ ဖြစ်နိုင်ပေသည်။
သူတို့၏ အတွေးများကို မြင်ယောင်သွားသကဲ့သို့ပင်...
ချူချယ်က အလျင်အမြန် ရှင်းပြလိုက်သည်။
"မင်းတို့ ထင်ထားသလောက်လည်း မဆိုးပါဘူး... သူက ကတ်ကြေးမိန်းမကို မျက်နှာချင်းဆိုင် တစ်ခေါက် တိုက်ခိုက်ခဲ့ရုံတင်ပါ... အသေသတ်နိုင်ခဲ့တာ မဟုတ်ဘူး"
"အဲဒီနောက်မှာ သူ့ကိုယ်တိုင်လည်း ဒဏ်ရာ တော်တော် ပြင်းပြင်းထန်ထန် ရသွားသေးတယ်"
"ပြီးတော့ သူက လမ်းစဉ် အဆင့် (၃) ကို ရောက်နေပြီဆိုတော့ ဒီလောက် စွမ်းအားမျိုး ရှိနေတာလည်း မဆန်းပါဘူး"
ထယ်ရှီးက သူ့ရင်ဘတ်ကို ပုတ်ကာ ပို၍ ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
"ချန်းချန်း... ခေါင်းဆောင်ချူ... ချန်းရီ... မင်းတို့ စိတ်ချလက်ချသာနေ... ဒီကောင့်ကို ငါ့တာဝန်သာထား... သူ့ကို ချီးထွက်တဲ့အထိ ထိုးကြိတ်ပစ်မယ်လို့ ငါ အာမခံတယ်"
သူတို့တစ်တွေ ထယ်ရှီးကို မည်သို့ တုံ့ပြန်ရမှန်းပင် မသိတော့ချေ။
နောက်ဆုံးတွင် ချူချယ်က ဖောင်နှစ်ရွက်ကို ထုတ်ကာ သူတို့ရှေ့သို့ ချပေးလိုက်သည်။
"ဒီနောက်ဆုံး နှစ်ယောက်ကတော့ ငါ အလေးအနက် သတိပေးချင်တဲ့ သူတွေပဲ"
"တစ်ယောက်က ဒုတိယမြို့တော်ဝန် တင်းရှန်ပဲ... သူက အိုအေစစ် မြို့တော်ရဲ့ တစ်ဦးတည်းသော တိုက်ခိုက်ရေး လမ်းစဉ် အဆင့် (၄) ပိုင်ရှင်ပဲ"
"သူ့ရဲ့ လမ်းစဉ်က တော်တော်လေး ထူးဆန်းပြီး တိုက်ခိုက်နိုင်စွမ်းလည်း အရမ်း မြင့်တယ်"
"ကြားရသလောက်တော့ သူ့ရဲ့ လမ်းစဉ်နာမည်က သွေးလမင်း သားတော် လမ်းစဉ် လို့ ခေါ်တယ်"
ဤနေရာသို့ ရောက်သောအခါ ချန်းရီ၏ မျက်ခွံများ အနည်းငယ် လှုပ်ခတ်သွားသကဲ့သို့ ချူချယ် ခံစားလိုက်ရသည်။
သို့သော် သေချာ ဂရုစိုက်ကြည့်လိုက်သည့်အခါ ချန်းရီ၏ မျက်နှာအမူအရာမှာ ဘာမှ ပြောင်းလဲသွားခြင်း မရှိဘဲ စောစောကအတိုင်းပင် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ချူချယ်က ဘာမှ ထပ်မစဉ်းစားတော့ဘဲ စောစောက အကြောင်းအရာကိုသာ ဆက်ပြောလိုက်သည်။
"ခုနက ရှုံပလို လူမျိုးကတောင် ကြည်ကြည်ဖြူဖြူ လက်အောက်ခံနေတယ် ဆိုကတည်းက ဒီလူ ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာ မင်းတို့ သိလောက်မှာပါ"
"ဒီလူက လောလောဆယ်မှာ ချန်ပီယံ ဖြစ်ဖို့ အလားအလာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရသူပဲ"
"ဒီနေ့ ငါ ကြားခဲ့ရတဲ့ သတင်းတွေအရဆိုရင် လူတိုင်းလိုလိုက ဒီဒုတိယမြို့တော်ဝန် တင်းရှန်ပဲ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ယုံကြည်နေကြတယ်"
"ဒါကြောင့်..."
ချန်းရီက ထိုဖောင်ကို ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ပေါ်လာနိုင်သော မည်သည့် အမူအရာကိုမဆို အတင်း ဖိနှိပ်ထားလိုက်သည်။
သွေးလမင်း သားတော် ပါလား။
ဒီလောက်တောင် စွမ်းသလား။
စိတ်ဝင်စားစရာပဲ။
သွေးလမင်း သားတော်နှင့် သွေးလမင်း အရှင်သခင်တို့ကြားက ဆက်ဆံရေးသည် ချန်းရီ ဤလမ်းစဉ်ကို ရွေးချယ်လိုက်ကတည်းက သူ၏ မျိုးဗီဇထဲတွင် စွဲထင်နေခဲ့ပြီ ဖြစ်သည်။
သွေးလမင်း သားတော်များ၏ ကံကြမ္မာမှာ သွေးလမင်း အရှင်သခင်ကို သတ်ဖြတ်ပြီးနောက် သွေးလမင်း အရှင်သခင် အသစ် ဖြစ်လာရန်ပင်တည်း။
ထို့ကြောင့် သွေးလမင်း သားတော်များအားလုံးသည် သွေးလမင်း အရှင်သခင်ကို အသက်လုကာ လိုက်လံရှာဖွေပြီးနောက် တစ်ဖက်လူကို သတ်ဖြတ်ကြမည် ဖြစ်သည်။
သို့သော် သွေးလမင်း အရှင်သခင်ကမူ သွေးလမင်း သားတော်များကို သတ်ဖြတ်နိုင်ရုံဖြင့် ၎င်းတို့ထံမှ စွမ်းရည်တစ်ခုကို ဆွဲယူကာ ကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်ပေသည်။
သတ်ဖြတ်နိုင်သော သွေးလမင်း သားတော် အရေအတွက် များပြားလာသည်နှင့်အမျှ...
ချန်းရီသည်လည်း ပိုမို အစွမ်းထက်လာမည် ဖြစ်ပြီး သွေးလမင်း အရှင်သခင်၏ ရာထူးမှာလည်း ပိုမို ခိုင်မြဲလာမည် ဖြစ်သည်။
ဖြစ်နိုင်သည်မှာ ယခုမြင်တွေ့နေရသော ဒုတိယမြို့တော်ဝန် တင်းရှန်သည် သူ သတ်ဖြတ်ရမည့် ပထမဆုံးသော သွေးလမင်း သားတော် ဖြစ်လာနိုင်ပေသည်။
ဒီဒုတိယမြို့တော်ဝန် တင်းရှန်ဆီမှာ ဘယ်လို စွမ်းရည်မျိုးများ ရှိနေမလဲ ဆိုတာကို သူ တကယ်ကို သိချင်နေမိသည်။
မိမိ မကြာမီ ရရှိတော့မည့် စွမ်းရည်ကို ကြိုတင် လေ့လာခွင့်ရခြင်းကလည်း အလွန် မျှော်လင့်စရာ ကောင်းသော ကိစ္စတစ်ခုပင်။
နှမြောစရာကောင်းသည်မှာ ချူချယ်သည်လည်း ဤဒုတိယမြို့တော်ဝန် တင်းရှန်နှင့် ပတ်သက်၍ အများကြီး သိမထားခြင်းပင် ဖြစ်သည်။
နာမည်တစ်ခုမှလွဲ၍ ကျန်သည်များကို ဘာတစ်ခုမျှ မသိရပေ။
ကြည့်ရသည်မှာ ရှုလီနာကို အားကိုးပြီး သွားရောက် စုံစမ်းခိုင်းမှသာ ရတော့မည်။
လူရှိနေသည့် နေရာတိုင်းတွင် သတင်းအစအနလေးမျှ မပေါက်ကြားဘဲ နေမည် မဟုတ်ပါလော။
"ဒါဆို... ဒီတစ်ယောက်ကရော..."
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အခြား စာရွက်တစ်ရွက်ပေါ်ရှိ နာမည်ကို လက်ညှိုးထိုးကာ မေးလိုက်သည်။
ဤစာရွက်ပေါ်တွင်လည်း နာမည်တစ်ခုတည်းသာ ရှိနေသည်။
နာမည်လေးက နားထောင်လို့ အလွန်ကောင်းပြီး "လျှိုလီ" ဟူသော စာလုံးနှစ်လုံးသာ ဖြစ်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဤလူအကြောင်း မေးလာသည်ကို မြင်သောအခါ ချူချယ်က အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။
"ဒီလူက တော်တော် အစွမ်းထက်တယ်... ငါ သိထားတဲ့ သတင်းတွေလည်း သိပ်မများဘူး"
"ဒါပေမဲ့ သူ ဘာလမ်းစဉ်လဲ ဆိုတာကိုတော့ ငါ သိထားတယ်"
"ဘာလမ်းစဉ်လဲ"
ချူချယ် ဤမျှအထိ သတိထားနေသည်ကို မြင်လိုက်ရသဖြင့် ချန်းရီလည်း စိတ်ဝင်စားသွားသည်။
ထယ်ရှီးသည်လည်း မျက်တောင်မခတ်တမ်း ချူချယ်ကို ကြည့်နေ၏။
ချူချယ်က ခဏမျှ စဉ်းစားပြီးမှ ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဒီလူက ပူးတွဲရှင်သန်ခြင်း လမ်းစဉ်ပဲ"
"ပူးတွဲရှင်သန်ခြင်း လမ်းစဉ် ဟုတ်လား... အရင်က မကြုံခဲ့ဖူးတာလည်း မဟုတ်ဘဲနဲ့... ခေါင်းဆောင်ချူ... ရှင်က သိပ်ပြီး စိုးရိမ်လွန်နေတာ မဟုတ်ဘူးလား"
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ စကားကို ချူချယ်က မငြင်းဆန်ဘဲ ဖြည်းညင်းစွာ ဆက်ပြောလိုက်သည်။
"ဒီလူနဲ့ ပူးတွဲရှင်သန်နေတဲ့ ထူးဆန်းတဲ့အရာက... မရဏနတ်သမီးပဲ"
ဆက်ရန်...