အခန်း ၃၃၃
Vol. 17 Ch. 333
အပိုင်း(၃၃၃) မကောင်းကြံရန် ပူးပေါင်းသွားသော လူယုတ်မာနှစ်ယောက်
"မရဏနတ်သမီး" ဟူသော စကားလုံးကို ထပ်မံကြားလိုက်ရချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွား၏။
မတတ်နိုင်ပေ၊ မရဏနတ်သမီးက သူတို့အားလုံး၏ စိတ်ထဲတွင် အလွန်နက်ရှိုင်းစွာ စွဲထင်ရစ်စေခဲ့သည် မဟုတ်ပါလော။
ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲ ကဲ့သို့သော အဆင့်ရှိသည့် ထူးဆန်းသောအရာပင်လျှင် မရဏနတ်သမီး၏ ရှေ့မှောက်တွင် တစ်မိနစ်ပင် တောင့်မခံနိုင်ခဲ့ချေ။
ချန်းရီကမူ ထို ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲထံမှ ကျကျန်ရစ်ခဲ့သော စုပ်ခွက်လက်တံများကို အသုံးပြုကာ မိစ္ဆာပစ်ကပ်ကား တစ်စီးအဖြစ်သို့ ပေါင်းစပ်ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။
ဤ မိစ္ဆာပစ်ကပ်ကားသည်ပင် ယခုလက်ရှိ ချန်းရီ၏ လက်ထဲတွင် အပြင်းထန်ဆုံးသော တိုက်ခိုက်ရေးအင်အား ဖြစ်နေခဲ့ပြီတည်း။
ထို့အပြင် သူ၏ ဘယ်ဘက်မျက်လုံး ရှိသေးသည်။
ဘယ်ဘက်မျက်လုံး၏ အစွမ်းက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းသနည်း ဆိုသည်ကို သူကိုယ်တိုင်သာလျှင် အသိဆုံးဖြစ်ပေလိမ့်မည်။
ယခုလက်ရှိတွင် ဤဘယ်ဘက်မျက်လုံးနှင့် အပြည့်အဝ ပေါင်းစပ်နိုင်ခြင်း မရှိသေးသော်ငြား၊ ထိုမျက်လုံး၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ အထင်းသား ခံစားနေရဆဲပင်။
သို့သော် ထိုကဲ့သို့သော ကြောက်ခမန်းလိလိ ထူးဆန်းသည့်အရာ နှစ်ခုစလုံးသည် မရဏနတ်သမီး၏ ရှေ့မှောက်တွင်မူ အလွယ်တကူ သတ်ဖြတ်ခံရမည့် ကံကြမ္မာသာ ရှိလေသည်။
ဒီလိုဆိုရင် ဘယ်လိုလုပ် တိုက်ခိုက်နိုင်ပါတော့မလဲ။
မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ မကြောက်မရွံ့တတ်သည့် ထယ်ရှီး ပင်လျှင် "မရဏနတ်သမီး" ဟူသော စကားလုံးကို ကြားလိုက်ရချိန်၌ ဘာလုပ်ရမှန်းမသိဟန်ဖြင့် သူ၏ နောက်စေ့ကိုသာ ကုတ်နေမိတော့သည်။
ဒါက မရဏနတ်သမီးလေ...။
ရုံမြို့ တိုက်ပွဲကို ဖြတ်သန်းကြုံတွေ့ခဲ့ဖူးသူတိုင်း မရဏနတ်သမီးကို မေ့ဖျောက်နိုင်မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။
အလှတရားနှင့် အစွန်းရောက် အကြမ်းဖက်မှုတို့၏ ပေါင်းစပ်ဖြစ်တည်မှုကြီးပင်။
ထိုစဉ်က သူသာ ဝူကျန့်ရှန်းကို မသတ်ခဲ့လျှင် ဤနေရာရှိ လူအားလုံးသည် အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ပြီးလောက်ပြီဟု ချန်းရီကိုယ်တိုင်ပင် သံသယဝင်မိသည်။
တစ်ခဏမျှ မည်သူကမျှ စကားမဟကြချေ။
ယာဉ်တန်း၏ အတော်ဆုံး လက်ရွေးစင်ဖြစ်သော ပန်းရောင်ဆံပင်နှင့် ကောင်မလေးပင်လျှင် ရုံမြို့တိုက်ပွဲကို ပြန်လည်အမှတ်ရလာချိန်၌ သူမ၏ ရင်ထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများ ကျန်ရစ်နေဆဲ ဖြစ်သည်။
ယခုအခါ သူမသည် လမ်းစဉ် အဆင့် (၃) သို့ ရောက်ရှိနေပြီဖြစ်ကာ ယာဉ်တန်း၏ နံပါတ်တစ် အစွမ်းအထက်ဆုံးသူ ဖြစ်နေချေပြီ။
သို့သော် ယခုအချိန်တွင် သူမကို မရဏနတ်သမီးနှင့် ရင်ဆိုင်ခိုင်းမည်ဆိုပါက သူမ၌ ယုံကြည်ချက် အလျဉ်းမရှိပေ။
သိထားရမည့်အချက်မှာ... ထူးဆန်းသောအရာများသည်လည်း ကြီးထွားဖွံ့ဖြိုးနိုင်စွမ်း ရှိကြသည်။
မိမိကိုယ်တိုင်ပင် လမ်းစဉ် အဆင့် (၃) သို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ထို မရဏနတ်သမီးသည်လည်း ယခင်ကထက် သေချာပေါက် ပိုမို အစွမ်းထက်လာမည်သာ ဖြစ်သည်။
"မရဏနတ်သမီး" ဟူသော စကားလုံးကို ထုတ်ပြောလာခဲ့သည့် ခေါင်းဆောင်ချူ ခေါ် ချူချယ်ကိုယ်တိုင်ပင်လျှင် ဤအချိန်တွင် နှုတ်ဆိတ်နေခဲ့သည်။
မရဏနတ်သမီး၏ နာမည်ကြောင့် လူအားလုံး၏ စိတ်ဓာတ်များ ကျဆင်းသွားသည်ကို မြင်လိုက်ရသဖြင့် ချူချယ်က အခြေအနေကို ပြန်လည်ဆယ်ယူရန် စကားဆိုလိုက်၏။
"တကယ်တော့လည်း အဲဒီလောက်ကြီး ကြောက်စရာမကောင်းပါဘူး"
"ဒီ လျှိုလီ ဆိုတဲ့ ကောင်မလေးက လမ်းစဉ် အဆင့် (၄) ပဲ ရှိသေးတာ... အဆင့်က အရမ်းနိမ့်နေသေးတော့ မရဏနတ်သမီးရဲ့ စွမ်းအားအစစ်အမှန်ကို အပြည့်အဝ ထုတ်သုံးနိုင်မှာ မဟုတ်ဘူး"
"ပူးတွဲရှင်သန်ခြင်း လမ်းစဉ်ဆိုတာလည်း ကန့်သတ်ချက် လုံးဝ မရှိတာမျိုးတော့ မဟုတ်ဘူး"
"ပူးတွဲရှင်သန်ပြီးနောက်မှာ ထူးဆန်းတဲ့အရာတွေအနေနဲ့ အရင်က စွမ်းအားဘယ်လောက် ရာခိုင်နှုန်းကို ထုတ်သုံးနိုင်မလဲ ဆိုတာက လူသားရဲ့ ခန္ဓာကိုယ်အပေါ်မှာပဲ မူတည်နေတာ"
"လမ်းစဉ် အဆင့် (၄) ဖြစ်နေရင်တောင် မရဏနတ်သမီးကို အရင် ရုံမြို့တုန်းကလိုမျိုး အစွမ်းထက်လာစေဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"နတ်ကိုးကွယ်ခြင်း လမ်းစဉ်နဲ့ ပူးတွဲရှင်သန်ခြင်း လမ်းစဉ်ဆိုတာ မတူဘူး"
"ဒီ လျှိုလီကလည်း အရင်တုန်းက ဝူကျန့်ရှန်းလိုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး"
"နတ်ကိုးကွယ်ခြင်း လမ်းစဉ်ဆိုတာ အကြံအစည် တစ်ခုဖြစ်ပြီး ပူးတွဲရှင်သန်ခြင်း လမ်းစဉ်ကတော့ တဖြည်းဖြည်း ကြီးထွားလာရတာမျိုးပဲ"
ချူချယ်၏ စကားကြောင့် ကျန်သုံးယောက်၏ မျက်နှာထားများ အနည်းငယ် ပြေလျော့သွားပြီး ယခင်ကလောက် မတင်းမာတော့ပေ။
"တကယ်တော့... ဖြေရှင်းစရာ နည်းလမ်း လုံးဝ မရှိတာတော့ မဟုတ်ပါဘူး"
ထင်ထားသည့်အတိုင်းပင် ယာဉ်တန်းထဲမှ အကြံပိုင်သော လူလည်ကြီး ချန်းရီက စကားစလာခြင်း ဖြစ်သည်။
"ဟင်"
ယနေ့တွင် လျှိုလီဟုခေါ်သော ကောင်မလေးသည် မရဏနတ်သမီးနှင့် ပူးတွဲရှင်သန်နေကြောင်း သိလိုက်ရပြီးနောက်ပိုင်း ချူချယ်၏ စိတ်ထဲတွင် လေးလံထိုင်းမှိုင်းနေခဲ့သည်။
ထို့ကြောင့် ချက်ချင်းဆိုသလို အများကြီး မစဉ်းစားနိုင်ခဲ့ဘဲ ချန်းရီက သူ့ထက်အရင် နည်းလမ်းစဉ်းစားမိသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ချန်းရီက ဟဲဟဲရယ်မောလိုက်ပြီး ဆေးလိပ်တစ်လိပ်ကို မီးညှိကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
"ခေါင်းဆောင်ချူ... မင်းလို ဉာဏ်ကောင်းတဲ့လူကများ ဒီလောက်တောင် မစဉ်းစားတတ်တော့ဘူးလား"
ချူချယ်၏ မျက်ဝန်းများထဲတွင် ဉာဏ်ပညာ၏ အလင်းရောင်များ တလက်လက် တောက်ပသွား၏။
ထယ်ရှီးကမူ ချန်းရီ ဘာတွေပြောနေမှန်း လုံးဝ နားမလည်သည့်အလား ငတုံးတစ်ယောက်လို ရပ်ကြည့်နေသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည်လည်း ထိုအချိန်ထိ ခေါင်းထဲတွင် အသိမဝင်သေးပေ။
သူမ၏ ခေါင်းထဲတွင် မရဏနတ်သမီးနှင့် တွေ့ဆုံလာချိန်၌ တစ်ဖက်ရန်သူကို အနိုင်ယူနိုင်ရန် မိမိ၏ဓားကို မည်သို့ အသုံးပြုရမည် ဆိုသည်ကိုသာ တွေးတောနေမိသည်။
ချန်းရီက ယုတ်မာသော အပြုံးဖြင့် ရယ်မောကာ ပြောလိုက်သည်။
"ခေါင်းဆောင်ချူ... ခုနကပဲ မင်းက ရန်တိုက်ပေးမယ်လို့ ပြောနေတာ မဟုတ်ဘူးလား"
"အခု မရဏနတ်သမီး အကြောင်းကိုလည်း ကြားရော မေ့သွားပြီလား"
"ငါ ထင်တာတော့... ဒီ လျှိုလီရဲ့ သတင်းအချက်အလက်တွေကို ငါတို့ ဖြန့်လိုက်လို့ ရတယ်"
"ဒီ လျှိုလီက ဘယ်လောက်တောင် အစွမ်းထက်ပြီး ဘယ်လောက်တောင် ကြမ်းမ်းတမ်းတယ် ဆိုတာမျိုး ပြောပြီး သူ့ကို မြှောက်ပေးထားလိုက်"
ချန်းရီ၏ သွေးမျက်လုံးများထဲတွင် ယုတ်မာသော အနီရောင်အလင်းတန်းများ လင်းလက်နေသည်။
ချန်းရီ၏ ပထမဆုံး စကားတစ်ခွန်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချူချယ်က ချက်ချင်း သဘောပေါက်သွားခဲ့သည်။
၎င်းမှာ ချူချယ်က ချန်းရီလောက် ဉာဏ်မကောင်း၍တော့ မဟုတ်ပေ။
ချန်းရီသည် အစွမ်းထက်သော ရန်သူနှင့် ကြုံတွေ့ရချိန်တိုင်း သူ၏ ပထမဆုံးသော တုံ့ပြန်မှုမှာ အမြဲတမ်း ရှောင်လွှဲနိုင်လျှင် ရှောင်လွှဲရန်နှင့် ထွက်ပြေးနိုင်လျှင် ထွက်ပြေးရန်သာ ဖြစ်သောကြောင့်တည်း။
တိုက်ခိုက်ခြင်းဆိုသည့် ကိစ္စရပ်မှာ လုံးဝ ထွက်ပြေး၍ မရနိုင်တော့သည့် အဆုံးစွန် အခြေအနေမှသာ သူ ရွေးချယ်မည့် လမ်းစဉ်ဖြစ်သည်။
ဤသည်မှာ သူရဲဘောကြောင်ခြင်း မဟုတ်ဘဲ အသက်ရှင်သန်ရေးအတွက်ပင်တည်း။
ချူချယ် တွေးတောနေသည်မှာ မရဏနတ်သမီးသည် အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိလာသနည်း။ အဘယ်ကြောင့် အခြားသူတစ်ယောက်၏ ပူးတွဲရှင်သန်ခြင်းခံရသော ထူးဆန်းသည့်အရာ ဖြစ်လာရသနည်း ဆိုသည်ကိုပင် ဖြစ်သည်။
ခေါင်းဆောင်ချူ၏ စိတ်ကူးတွေးတောမှုများက နက်ရှိုင်းလှပြီး ကိစ္စတစ်ခု ကြုံလာတိုင်း အမြဲတမ်း အရှည်ကြီး တွေးတောတတ်လေ့ရှိသည်။
ချန်းရီ တွေးတောနေသည်ကမူ မရဏနတ်သမီးနှင့် တိုက်ပွဲဖြစ်ပွားခြင်းကို မည်သို့ ရှောင်ရှားနိုင်မည်နည်း ဆိုသည်ပင် ဖြစ်သည်။
သူတို့နှစ်ဦး၏ စဉ်းစားတွေးခေါ်ပုံများ မတူညီကြသဖြင့် မတူညီသော အကြံဉာဏ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
တကယ်တမ်းဆိုရလျှင် ချန်းရီက သတိမပေးလျှင်ပင် ချူချယ်သည် နောက်ပိုင်း၌ မရဏနတ်သမီးကို ရင်ဆိုင်ဖြေရှင်းမည့် နည်းလမ်းကို စဉ်းစားမိမည်သာ ဖြစ်သည်။
ခေါင်းဆောင်ချူ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရောင်အဝါများ တောက်ပလာပြီး ချန်းရီ၏ စကားအဓိပ္ပာယ်ကို သေချာပေါက် နားလည်သွားဟန်ဖြင့် ပြောလိုက်၏။
"ဒီ လျှိုလီအတွက် ပရိသတ်အဖွဲ့တစ်ခု ဖွဲ့ပေးလိုက်နိုင်ရင် အကောင်းဆုံးပဲ"
"အရင်တုန်းက လူအများစုက တင်းရှန်ကိုပဲ အထင်ကြီးနေကြတာ... မြို့ထဲက နေရာတော်တော်များများမှာလည်း လောင်းကစားဝိုင်းတွေ ဖွင့်ထားကြပြီး တင်းရှန် နိုင်မယ်လို့ လောင်းထားတဲ့သူတွေ အများကြီးပဲ"
"အဲဒီ လူနှစ်စုကို ပြဿနာ တက်သွားအောင် လုပ်ရမယ်"
"ပြဿနာ ပိုကြီးလေ ပိုကောင်းလေပဲ"
"တစ်ဖက်ကို နှိမ်ပြီး တစ်ဖက်ကို မြှောက်ပေးရမယ်"
"မရဏနတ်သမီးဆိုတော့... ဒီလောက် အစွမ်းထက်နေမှတော့ သူ့အတွက် လုံလောက်တဲ့ အစွမ်းအစရှိတဲ့ ပြိုင်ဘက်တစ်ယောက် ဖန်တီးပေးလိုက်တာပေါ့"
စကားပြောရင်းနှင့်ပင် ချူချယ်သည် နောက်ဆက်တွဲ အစီအစဉ်များကို သူ့အလိုလို ဖြည့်စွက်ပြီးသား ဖြစ်သွားကာ ပြောလေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်လာတော့သည်။
ခိုးနားထောင်သည့် ရေဒီယို ကြောင့်များလားတော့ မသိပေ။
ခေါင်းဆောင်ချူသည် ယခုအခါတွင် သူတစ်ပါးကို ကွယ်ရာမှနေ၍ ယုတ်မာသော အကြံအစည်များဖြင့် ဒုက္ခပေးရသည့် ခံစားချက်ကို အလွန် နှစ်သက်နေလေပြီ။
ထိုကဲ့သို့သော ခံစားချက်က ခေါင်းဆောင်ချူကို စိတ်လှုပ်ရှားစေသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် မကောင်းကြံရန် ပူးပေါင်းသွားသော ထိုလူနှစ်ယောက်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းထဲမှ ရွံရှာစက်ဆုပ်မှုများကို ဖုံးကွယ်ထား၍ပင် မရနိုင်တော့ချေ။
"နေပါဦး ခေါင်းဆောင်... အစ်ကိုတို့က သူတို့နှစ်ယောက်ကို ငတုံးတွေလို့များ ထင်နေတာလား... ဒီလောက် ရိုးရှင်းတဲ့ အကြံအစည်လေးကိုများ သူတို့က အလိမ်ခံရပါ့မလား"
ထယ်ရှီးသည် ရှားရှားပါးပါးပင် ထိုနှစ်ယောက်၏ အစီအစဉ်ကို နားလည်သွားခဲ့ပြီး သူတို့ကို ကြည့်လိုက်သော အကြည့်များကမူ...
အနည်းဆုံးတော့ ရိုးသားအေးဆေးသူ တစ်ယောက်က မိမိနှင့် နေ့စဉ်ထိတွေ့နေရသူများ၏ စစ်မှန်သော မျက်နှာစာကို ပထမဆုံးအကြိမ် သိရှိလိုက်ရသည့် ခံစားချက်မျိုးပင် ဖြစ်သည်။
ချန်းရီသည် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ကန့်ကွက်စကားကို ကြားလိုက်ရသောအခါ အေးစက်စက် ရယ်မောလိုက်ပြီး "နင်က ဘာသိလို့လဲ... အကြံအစည်က ရိုးရှင်းလေလေ ပိုပြီး ထိရောက်လေလေပဲ"
"များသောအားဖြင့် ရှုပ်ထွေးတဲ့ အစီအစဉ်တွေကမှ ပိုပြီး မအောင်မြင်ဖို့ လွယ်ကူသလို အခြားသူတွေ အလွယ်တကူ ရိပ်မိဖို့လည်း လွယ်ကူတာ"
"ရှုပ်ထွေးတဲ့ အစီအစဉ်တွေမှာ အဆင့်တွေ အများကြီး ပါဝင်တော့ အဲဒီအထဲက တစ်ခုခုသာ မှားယွင်းသွားတာနဲ့ အစီအစဉ် တစ်ခုလုံး ပျက်စီးသွားတတ်တယ်"
ချူချယ်က ဆက်၍ ပြောလိုက်သည်။ "ဒီနည်းလမ်းက ဖြစ်နိုင်ချေ ရှိတယ်လို့ ငါထင်တယ်"
"ကမ္ဘာပျက်ကပ် မတိုင်ခင်တုန်းက ဖျော်ဖြေရေးလောကမှာလည်း ဒီလိုကိစ္စမျိုးတွေ ရှိခဲ့ဖူးတယ်... မူလက ဆက်ဆံရေး အရမ်းကောင်းကြတဲ့ နာမည်ကြီး အနုပညာရှင် နှစ်ယောက်က ပရိသတ် နှစ်စုကြားက ပြဿနာသေးသေးလေးကြောင့် ရန်ဖြစ်ကြရာကနေ နောက်ဆုံးတော့ အဲဒီ အနုပညာရှင် နှစ်ယောက်အထိပါ ဂယက်ရိုက်သွားတာမျိုးတွေလေ"
"နောက်ဆုံးမှာ အဲဒီ အနုပညာရှင် နှစ်ယောက် ရန်သူတွေ ဖြစ်သွားကြတာလည်း မနည်းဘူး"
"ဒီလို ဥပမာမျိုးတွေက ခေတ်အဆက်ဆက်မှာ အများကြီး တွေ့ခဲ့ရဖူးတယ်"
"ချန်းရီ... မင်းရဲ့ နည်းလမ်းက တကယ်ကို ကောင်းတယ်ကွာ"
ချူချယ်သည် ချန်းရီကို လက်မထောင်ပြလိုက်သည်။
ချန်းရီသည် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ရွံရှာစက်ဆုပ်နေသော အကြည့်ကို မြင်လိုက်ရချိန်တွင် ဤအရာသည် ချူချယ်က ဤ "လုပ်ရပ်" ၏ ဂုဏ်ကို သူ၏ခေါင်းပေါ်သို့ လွှဲချရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်းကိုလည်း သဘောပေါက်လိုက်သည်။
သူ့အနေဖြင့် ခေါင်းဆောင်ချူ၏ ဂုဏ်သိက္ခာကိုတော့ အနည်းငယ် ထိန်းသိမ်းပေးရဦးမည် ဖြစ်သည်။
ချန်းရီက မျက်လုံးလှန်ကြည့်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ယခုလက်ရှိတွင် သူသည် သန်းများလေ ယားယံမည်ကို မကြောက်လေ ဖြစ်နေပြီဖြစ်ရာ ဂုဏ်သတင်းကျော်ကြားမှုကို ဂရုမစိုက်တော့ဘဲ အသက်ရှင်သန်နိုင်ရေးသာလျှင် အရေးအကြီးဆုံး ဖြစ်လေသည်။
"ဟုတ်ပြီ... ဒီကိစ္စကို အစ်ကိုကောက်ဆီ လွှဲပေးလိုက်မယ်... ဒီလူက အရည်အချင်းတော့ ရှိသားပဲ"
"သဘောတူတယ်"
"တကယ်လို့ အလုပ်ဖြစ်သွားလို့ လမ်းစဉ်ဆေးထိုးအပ်ကို တကယ်ရလာခဲ့ရင် သူ့ကို တစ်ချောင်းလောက် ပေးလိုက်တာလည်း မဆိုးပါဘူး"
ဤသို့ဖြင့် မကောင်းကြံရန် ပူးပေါင်းသွားသော ထိုလူယုတ်မာ နှစ်ယောက်၏ အပြန်အလှန် စကားပြောဆိုမှုများအကြားတွင် ရိုးရှင်းပြီး ယုတ်မာသော အကြံအစည်တစ်ခုသည် အသက်ဝင်လာခဲ့လေတော့သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး မတ်တပ်ထရပ်လိုက်ချိန်တွင် သူမ၏ မျက်ဝန်းထဲမှ ရွံရှာစက်ဆုပ်မှုများကို မည်သို့မျှ ဖုံးကွယ်ထား၍ မရတော့ပေ။
ထို သေးငယ်ကျော့ရှင်းသော မျက်နှာလေးသည် သူတစ်ပါးကို ရွံရှာစက်ဆုပ်နေချိန်၌ပင် အလွန်လှပပြီး ကျက်သရေရှိနေဆဲ ဖြစ်သည်။
ဤအချိန်၌ သူမ၏ မျက်နှာပေါ်ရှိ အမူအရာကိုသာ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် တင်လိုက်မည်ဆိုပါက "အရမ်းမိုက်တယ်" ဟူသော မှတ်ချက်များ တန်းစီနေမည်မှာ သေချာလှသည်။
"နေပါဦး... အစ်ကိုတို့လို ယောက်ျားကြီး နှစ်ယောက်က မိန်းကလေးငယ်လေး တစ်ယောက်ကို ကွယ်ရာကနေ အကြံအစည်တွေနဲ့ ဒုက္ခပေးဖို့ လုပ်နေတာ ရှက်ဖို့မကောင်းဘူးလား"
"တိုက်ချင်ရင်လည်း မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်လေ... မနိုင်ရင်လည်း အရှုံးပေးလိုက်ပေါ့... အဲဒါကမှ အစ်ကိုတို့ နှစ်ယောက် အခုလို လုပ်နေတာထက် အများကြီး ပိုပြီး ယောက်ျားပီသသေးတယ်"
စွန်းချန်းချန်းသည် ယခင်ကထက် ပို၍ တရားမျှတမှုဘက်တော်သား ဖြစ်လာပုံရသည်။
ယခင်ကတည်းက သူမ၏ ကိုယ်ကျင့်တရား စံနှုန်းသည် ယာဉ်တန်းထဲတွင် ထိပ်ဆုံးအဆင့်၌ ရှိနေခဲ့သည်။
ယခုအခါ လမ်းစဉ် အဆင့်မြင့်တက်လာသည်နှင့်အမျှ ဤအမျိုးသမီး၏ လူမှုဆက်ဆံရေးနှင့် ပြုမူနေထိုင်ပုံများသည် ထက်မြက်သော ဓားတစ်လက်နှင့် တဖြည်းဖြည်း ပို၍ တူညီလာသကဲ့သို့ ရှိသည်။
အမှားနှင့် အမှန်၊ အဖြူနှင့် အမည်းကို ရှင်းလင်းပြတ်သားစွာ ခွဲခြားတတ်လာသည်။
ဒါက ဓားနတ်ဘုရား လမ်းစဉ် အဆင့် (၃) ဓာတ်အစွမ်း ဓားသခင်ရဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်နေမလား။
ဟုတ်သားပဲ... ဤအမျိုးသမီးသည် ဓားနတ်ဘုရား လမ်းစဉ်၏ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှ ထုတ်ပြောခဲ့ဖူးခြင်း မရှိပေ။
ယခင်က သူမသည် ချန်းရီနှင့် ချူချယ်တို့ ဤကဲ့သို့သော ကိစ္စများကို လုပ်ဆောင်မည်ဟု ကြားရချိန်တွင် ယခုလောက်အထိ တုံ့ပြန်မည် မဟုတ်သလို ဤမျှလောက်လည်း ပြတ်ပြတ်သားသား ဆန့်ကျင်မည် မဟုတ်ပေ။
ချူချယ်၏ မျက်နှာ အနည်းငယ် နီမြန်းသွားပြီး ချောင်းဟန့်ကာ ပြောလိုက်သည်။
"ချန်းချန်း... အဲဒီလို ပြောလို့လည်း မရဘူးလေ... စစ်ပွဲမှာ လှည့်စားတာတွေက မထူးဆန်းပါဘူး... အကြံအစည်ဆိုတာလည်း ဗျူဟာရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ"
ချန်းရီ၏ မျက်နှာထားကမူ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိဘဲ အေးစက်စက် ရယ်မောကာ ပြောလိုက်သည်။
"ငါက သူနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်ရမယ် ဟုတ်လား... ငါက ငတုံးမို့လို့လား... အဲဒါ မရဏနတ်သမီးဟ... တကယ်လို့ ပြီးပြည့်စုံတဲ့ မရဏနတ်သမီးသာ ဆိုရင် ငါတို့ တစ်မြို့လုံးကို အလွယ်တကူ သတ်ဖြတ်ဖျက်ဆီးပစ်နိုင်တယ်"
"အခု အခြားသူတစ်ယောက်ရဲ့ ပူးတွဲရှင်သန်ခြင်းခံရတဲ့ ထူးဆန်းတဲ့အရာ ဖြစ်နေရင်တောင် သူ့ရဲ့ စွမ်းအားက ကြောက်ခမန်းလိလိ အစွမ်းထက်နေမှာ သေချာတယ်"
"နင်ကတော့လေ... ဓားပညာတွေ လေ့ကျင့်လွန်းလို့ ဦးနှောက်ပါ ပျက်သွားပြီ ထင်တယ်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေး ပြောဆိုခဲ့သော "ယောက်ျားပီသခြင်း မပီသခြင်း" ဆိုသည့် ကိစ္စနှင့် ပတ်သက်၍မူ...
ချန်းရီက လုံးဝ ဂရုမစိုက်ပေ။
အသက်ရှင်သန်နိုင်ရန်သာ အရေးကြီးပြီး ယောက်ျား မပီသလျှင်လည်း ကိစ္စမရှိပေ။
"ရှင်တို့..."
ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ ဒေါသထွက်လွန်းသဖြင့် မျက်ခုံးများ ပင့်တက်သွားကာ၊ သွယ်လျဖြူမွှေးသော လက်ကလေးများသည် ဓားရိုးပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ရှည်လျားသွယ်လျသော ခြေတံများကို အရှေ့အနောက် ချထားကာ ရပ်တည်လိုက်သည်။
ချန်းရီကမူ မီးခိုးငွေ့အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားကာ မူလနေရာမှ ပျောက်ကွယ်သွားခဲ့ပြီး သူ၏ မြန်နှုန်းမှာ ယခင်ကထက်ပင် ပိုမို မြန်ဆန်နေချေပြီ။
အနောက်ဘက်ဆီမှ ချူချယ်၏ သနားစဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
"နေပါဦး... ချန်းချန်း... ငါက ခေါင်းဆောင်လေ... မင်း... မင်းက ခေါင်းဆောင်ကိုတောင် ရိုက်ရဲတာလား"
"ခေါင်းဆောင်ဖြစ်နေလို့ကို ရိုက်တာ... မျက်နှာပြောင်တိုက်လွန်းတယ်"
"ပြီးတော့ ချန်းရီ... အစ်ကိုက ထွက်ပြေးလို့ လွတ်မယ်ထင်နေလား... အခုချက်ချင်း ပြန်လာခဲ့စမ်း"
ဆက်ရန်...