← Chapters

အခန်း ၃၃၄

Vol. 17 Ch. 334

အခန်း ၃၃၄

Vol. 17 Ch. 334

အပိုင်း(၃၃၄) အသုံးဝင်တဲ့သူ

"မင်းပြောတာက တင်းရှန်က အရင်တုန်းက အစောင့်အရှောက် လမ်းစဉ်ကလို့ ဆိုလိုတာလား"

ရှုလီနာ၏ စွမ်းဆောင်ရည်က ဤမျှအထိ ထက်မြက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ချန်းရီက သူမကို တင်းရှန်နှင့် ပတ်သက်သည့် သတင်းများ စုံစမ်းရန် စေခိုင်းခဲ့ခြင်း ဖြစ်သည်။

ယခုတော့ ထိုမိန်းမက အဖြေတစ်ခု ယူဆောင်လာခဲ့ချေပြီ။

အနည်းဆုံး နှစ်ရက် သုံးရက်ခန့် အချိန်ယူရမည်ဟု ချန်းရီက ထင်မှတ်ထားခဲ့မိ၏။

ချူချယ်ပင်လျှင် ထိုလူနှင့် ပတ်သက်၍ သိရှိထားမှု နည်းပါးလှရာ သာမန်လူတစ်ယောက်သာ ဖြစ်သော သူမအနေဖြင့် အသုံးဝင်မည့် သတင်းအချက်အလက်များ စုံစမ်းရန်မှာ ပို၍ပင် ခက်ခဲလိမ့်မည် မဟုတ်ပါလော။

ချူချယ်သည် လက်ရှိတွင် အိုအေစစ်မြို့၏ ကောင်စီဝင်တစ်ဦး ဖြစ်ပြီး သူ သိကျွမ်းသူ အများစုမှာလည်း မြို့ထဲတွင် ဩဇာအာဏာရှိသူများသာ ဖြစ်ကြသည်။

သူပင် စုံစမ်း၍ မရနိုင်သော သတင်းကို ရှုလီနာက ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်တဲ့လား။

ဤမိန်းမသည်ကား တကယ့်ကို သာမန်မဟုတ်ပေ။

ချန်းရီက ရှုလီနာ၏ အသုံးဝင်မှုနှင့် စွမ်းဆောင်ရည်အပေါ် နောက်ထပ် အဆင့်တစ်ဆင့် ထပ်မံ နားလည်သွားခဲ့သည်။

ဤမိန်းမသည် ရုပ်ရည်သွင်ပြင်လေး တစ်ခုတည်း ရှိနေခြင်း မဟုတ်ပေ။

စွမ်းဆောင်ရည်ကလည်း အလွန်တရာ ထက်မြက်လှပေသည်။

သို့သော် တင်းရှန်သည် မီးခိုးတမန်တော် လမ်းစဉ်မှ ကူးပြောင်းလာခြင်း မဟုတ်ဘဲ တစ်ခါမှ မကြားဖူးခဲ့သော အစောင့်အရှောက် လမ်းစဉ်မှ လမ်းစဉ်ကူးပြောင်းလာခြင်း ဖြစ်ကြောင်း ချန်းရီ သိလိုက်ရချိန်တွင်ကား။

ချန်းရီ၏ စိတ်အစဉ်မှာ ခေတ္တမျှ ရှုပ်ထွေးသွားခဲ့ရသည်။

ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

ဘယ်လိုလုပ်ပြီး အစောင့်အရှောက် လမ်းစဉ် ဖြစ်နေရတာလဲ။

ဘာကြောင့်လဲ။

ဒါက ဟိုလိုများ ဖြစ်နေမလား။

သို့ဆိုလျှင် အရင်တုန်းက ချန်ရုံကုကို မီးခိုးတမန်တော် လမ်းစဉ်မှ မြူခိုးသခင်အဖြစ် ကူးပြောင်းနိုင်ကြောင်း သတင်းပေးခဲ့သူက ဘယ်သူများလဲ။

သူ၏ မျက်စိရှေ့တွင် မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ ချန်းရီ ခံစားလိုက်ရ၏။

သွေးလမင်း သခင်နှင့် သွေးလမင်း သားတော် လမ်းစဉ် နှစ်ခုက ကျပန်း ပေါ်လာတတ်တာများလား။

မဖြစ်နိုင်ဘူး။

လုံးဝကို မဖြစ်နိုင်ဘူး။

အနည်းငယ် စဉ်းစားကြည့်လိုက်ရုံဖြင့် ဤကိစ္စ၏ နောက်ကွယ်တွင် ရေတွက်၍မရနိုင်သော ပဟေဠိများ ပုန်းကွယ်နေသကဲ့သို့ ချန်းရီ ခံစားလိုက်ရပြီး ခေါင်းများပင် ရှုပ်ထွေးလာတော့သည်။

ထားလိုက်ပါတော့။

ကောင်းကင်ကြီး ပြိုကျလာရင်တောင် အရပ်ရှည်တဲ့သူတွေ အရင်ခံရမှာပဲဖြစ်ရာ ငါက ဘာကိစ္စ အများကြီး တွေးပူနေရမှာလဲ။

ဆက်မတွေးတော့ဘူး။

ချန်းရီက စိတ်ထဲရှိ ရှုပ်ထွေးနေသော အတွေးများကို ဖိနှိပ်လိုက်သည်။ စဉ်းစား၍ မရနိုင်လျှင် ဆက်မစဉ်းစားခြင်းကသာ အကောင်းဆုံး ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် အကြပ်ရိုက်အောင် လုပ်နေရန် မလိုအပ်ပေ။

"ဟုတ်ပါတယ် ဆရာချန်းရှင့်... ကျွန်မ စုံစမ်းရရှိထားတဲ့ သတင်းတွေအရ ဒုတိယမြို့တော်ဝန် တင်းရှန်က အရင်တုန်းက အစောင့်အရှောက် လမ်းစဉ်ကပါ... နောက်ပိုင်း ဘယ်လိုလုပ်ပြီး သွေးလမင်း သားတော် လမ်းစဉ် ဖြစ်သွားလဲ ဆိုတာကိုတော့ ကျွန်မလည်း သေချာ မသိရသေးပါဘူး"

"နောက်ထပ် ဆက်ပြီး စုံစမ်းဖို့ လိုအပ်နေပါသေးတယ်"

ဤနေရာသို့ အရောက်တွင် ရှုလီနာ၏ မျက်နှာပေါ်၌ အနည်းငယ် အပြစ်မကင်းသလို ခံစားနေရသည့် အရိပ်အယောင်များ ပေါ်လွင်နေပြီး သူမကိုယ်သူမ အသုံးမကျဟု ထင်မှတ်နေပုံရသည်။

ချန်းရီက ရှုလီနာ၏ ပခုံးကို ပုတ်ပေးလိုက်သည်။ "ရပါတယ်... မင်းလုပ်တာကောင်းတယ်"

ချန်းရီ၏ ပခုံးပုတ်ခြင်းကို ခံလိုက်ရသောကြောင့် ရှုလီနာ တစ်ကိုယ်လုံး တုန်တက်သွား၏။

ဤသည်မှာ ချန်းရီနှင့် သူမတို့ကြား ပထမဆုံးအကြိမ် ကိုယ်ခန္ဓာချင်း ထိတွေ့မှုပင် ဖြစ်သည်။

ဤအချိန် ဤအခိုက်အတန့်တွင် ရှုလီနာမှာ အနည်းငယ် ဝေဝေဝါးဝါးပင် ဖြစ်သွားခဲ့ရသည်။

ချန်းရီသည်လည်း ကြောင်အမ်းသွားခဲ့သည်။ ရှုလီနာ၏ အလုပ်လုပ်ပုံကို သဘောကျသဖြင့် ချီးကျူးသည့်အနေနှင့် ပခုံးကို ပုတ်လိုက်ခြင်းသာ ဖြစ်ပြီး တစ်ဖက်လူမှာ မိန်းမတစ်ယောက် ဖြစ်နေသည်ကိုပင် သူ သတိမထားမိခဲ့ပေ။

အားပေးစကား ပြောရုံသက်သက်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ထင်မှတ်မထားခဲ့သည်မှာ။

ဤမိန်းမ၏ မျက်နှာပေါ်ရှိ အမူအရာက။

ဒါက မဟုတ်သေးပါဘူး။

ဒီလောက်ထိ ပြကွက်ဆန်နေရတာလား။

ချန်းရီက နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ပြီး သူ၏ အနည်းငယ် အနေရခက်မှုကို ဖုံးကွယ်ရန်အတွက် ချောင်းဟန့်လိုက်သည်။

"မင်း အလုပ်လုပ်တာ တော်တယ်... ဆက်ပြီး စုံစမ်းထားပေး... အော် ဒါနဲ့ လျှိုလီ လို့ခေါ်တဲ့ လူတစ်ယောက် ရှိသေးတယ်... သူနဲ့ ပတ်သက်ပြီးလည်း စောင့်ကြည့်ထားရင် ပိုကောင်းမယ်"

စကားပြောပြီးသည်နှင့် ချန်းရီက လှည့်ကာ အိမ်ထဲသို့ ပြန်ဝင်သွားလေရာ ခြံဝင်းထဲတွင် ရှုလီနာ တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။

သွေးရောင်လမင်းကြီးက ရှုလီနာ၏ အရိပ်ကို မြေပြင်ပေါ်သို့ ထင်ဟပ်စေခဲ့ပြီး ထိုအရိပ်လေးမှာ အနည်းငယ် အထီးကျန်ဆန်နေပုံပေါ်၏။

ထိုအချိန်မှာပင် အခန်းတံခါးက ပွင့်လာပြီး ဘူးတစ်ခုက အပြင်သို့ လွင့်ကျလာသည်။

ရှုလီနာက အလျင်အမြန် ကပျာကယာ ဖမ်းယူလိုက်သည်။

နှမြောစရာကောင်းသည်မှာ ဤမိန်းမ၏ ရောဂါက အပြည့်အဝ မပျောက်ကင်းသေးသဖြင့် လှုပ်ရှားမှုများက အနည်းငယ် နှေးကွေးနေခဲ့ရာ နောက်ဆုံးတွင် ထိုဘူးလေးမှာ မြေပြင်ပေါ်သို့ ကျသွားခဲ့ရသည်။

သူမက ဘူးလေးကို သတိတကြီး ကောက်ယူလိုက်ပြီး သွေးရောင်လမင်း၏ အလင်းရောင်ဖြင့် ဘာပစ္စည်းလဲဆိုတာကို ဝေဝါးစွာ မြင်လိုက်ရသည်။

၎င်းမှာ အမှတ်တံဆိပ် မသိရသော ချောကလက်ဘူး တစ်ဘူး ဖြစ်သည်။

သက်တမ်းကုန်ဆုံးရက်ကို ကြည့်နေစရာပင် မလိုဘဲ အချိန်အတော်ကြာကတည်းက သက်တမ်းကုန်နေပြီဖြစ်ကြောင်း သေချာလှသည်။

အရင်တုန်းကဆိုလျှင် ဤကဲ့သို့သော အမှတ်တံဆိပ်မျိုးကို သူမအနေဖြင့် တစ်ချက်ကြည့်ရန်ပင် အပိုဟု ထင်ခဲ့လိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ။

ရှုလီနာသည် ချန်းရီက သူမအား ချောကလက်ဘူးလေး တစ်ဘူး ပစ်ပေးလိုက်ရုံဖြင့် တစ်ခုခုကို ကိုယ်စားပြုသည်ဟု တွေးထင်လောက်သည်အထိတော့ ရူးသွပ်နေခြင်း မရှိသေးပေ။

ဤသည်မှာ သူမ၏ အလုပ်အပေါ် အသိအမှတ်ပြုခြင်း သက်သက်သာ ဖြစ်ကြောင်း သူမ ကောင်းကောင်း နားလည်ထားသည်။

ချန်းရီအတွက် သူမက အသုံးဝင်သောသူ တစ်ယောက် ဖြစ်နေခဲ့ချေပြီ။

"မင်္ဂလာပါ... ဒီကောင်မလေးကိုများ မြင်ဖူးပါသလား"

ရွှီနန်က ပုံကြမ်းဆွဲထားသော ပုံတူပန်းချီကားလေးကို ကိုင်ကာ တစ်ယောက်ပြီးတစ်ယောက် လိုက်လံ မေးမြန်းနေသည်။

ပန်းချီကားထဲတွင် ရေးဆွဲထားသည်မှာ ချောမောလှပပြီး ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ဦး ဖြစ်ကာ မျက်နှာမပျက်စီးခင်က ရွှီနန်နှင့် အနည်းငယ် ဆင်တူလေသည်။

ဤပုံတူပန်းချီကားလေးမှာ အနည်းငယ် မှုန်ဝါးနေပြီး မကြာခဏ ထုတ်ယူကြည့်ရှုခံရခြင်းကြောင့် ဖြစ်ကြောင်း သိသာလှသည်။

စက္ကူ၏ အနားသတ်များမှာလည်း အနည်းငယ် ခေါက်လိပ်နေခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် ရက်များအတွင်း ရွှီနန်သည် အနည်းဆုံး လူတစ်ထောင်ခန့်ကို ဤကဲ့သို့သော မေးခွန်းမျိုး မေးမြန်းခဲ့ပြီး ဖြစ်သည်။

အိုအေစစ်မြို့သို့ ရောက်လာခြင်းကို ဝမ်းသာနေသူ တစ်ယောက် ရှိသေးသည်ဟု ဆိုရမည်။

ထိုသူမှာ ယာဉ်တန်း၏ ရုပ်အဆိုးဆုံးလူ ရွှီနန်ပင် ဖြစ်သည်။

ဤမျှ လူများပြားလှသော အိုအေစစ်မြို့ကြီးတွင် သူ၏ ညီမလေးနှင့် ပတ်သက်သည့် သတင်းကို တစ်ယောက်မှ မသိနိုင်စရာ အကြောင်းမရှိဟု သူ တွေးထားခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်ကပင် ရွှီနန်သည် အပြင်မြို့တော်ရှိ လူများကို အနှံ့အပြား မေးမြန်းပြီးခဲ့ပြီ ဖြစ်သည်။

မေးမြန်းမှု တစ်ကြိမ်တိုင်းသည် ရွှီနန်အတွက် ကြီးမားသော နှိပ်စက်မှုကြီး တစ်ခုလို ဖြစ်နေခဲ့သည်။

တစ်ဖက်လူက မြင်ဖူးသည်ဟု ပြောလာမည်ကို မျှော်လင့်နေသလို တစ်ချိန်တည်းမှာပင် မကောင်းသော သတင်းများ ကြားရမည်ကိုလည်း ကြောက်ရွံ့နေခဲ့သည်။

ဤကဲ့သို့သော နှိပ်စက်မှုမျိုးကို ရွှီနန်သည် မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။

အသက် နှစ်ဆယ့်သုံးနှစ်သာ ရှိသေးသော်လည်း သူ၏ ခေါင်းပေါ်ရှိ ဆံပင်ဖြူများမှာ အစောပိုင်းက ဦးလေးအားပေါင်ကိုပင် မှီနေခဲ့ချေပြီ။

သေချာသည်မှာ ရွှီနန်ကို လိမ်လည်လှည့်စားရန်အတွက် သူ၏ ညီမလေးကို မြင်ဖူးသည်ဟု ပြောဆိုသူများလည်း ရှိခဲ့သည်။

ရလဒ်ကတော့ ရွှီနန်က တစ်ချက်ကြည့်ရုံဖြင့် သူတို့၏ အလိမ်အညာများကို သိမြင်သွားခဲ့ခြင်းပင်။

ရွှီနန်ကို လိမ်လည်ရဲသူများမှာလည်း နောက်ဆုံးတွင် အကျိုးဆက်ကောင်းများ ရရှိခဲ့မည် မဟုတ်သည်မှာ သေချာလှသည်။

ကမ္ဘာပျက်ကပ်တွင် အများအပြား ဖြတ်သန်းခဲ့ရပြီးနောက် ယခင်က ရွှီနန်မှာ သေဆုံးသွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ယခု လက်ရှိ သူ၏ အခြေအနေမှာ ညီမလေးကို ရှာတွေ့ရမည်ဟူသော ယုံကြည်ချက်သာ မရှိပါက ယနေ့တိုင် အသက်ရှင်နိုင်မည် မဟုတ်တော့ပေ။

ရွှီနန် မေးမြန်းခြင်းခံရသူက ပန်းချီကားထဲရှိ မိန်းကလေးကို သေချာစွာ ကြည့်ရှုပြီးနောက် ခေါင်းခါယမ်းလိုက်သည်။

"မမြင်ဖူးဘူးဗျ"

"သေချာလေး ထပ်စဉ်းစားကြည့်ပါဦး"

"အစ်ကိုရာ... ကျွန်တော် တကယ်ကို မမြင်ဖူးတာပါ... ဒီလောက်လှတဲ့ ကောင်မလေးကိုသာ မြင်ဖူးခဲ့ရင် သေချာပေါက် မှတ်မိနေမှာပေါ့"

စကားပြောပြီးသည်နှင့် တစ်ဖက်လူက ထွက်သွားလေတော့သည်။

ရွှီနန်၏ စိတ်ပျက်နေသော မျက်နှာလေးသာ ကျန်ရစ်ခဲ့တော့၏။

ဘေးနားတွင် ရပ်ကြည့်နေသော ရှောင်ဖူမှာ မခံစားနိုင်တော့ပေ။

"တာဝန်ခံရွှီ... သတင်းမကြားရတာကလည်း သတင်းကောင်းပါပဲ... ရွှီချင်းက အခုချိန်မှာ အသက်ရှင်ကျန်ရစ်သူ စခန်းတစ်ခုခုမှာ ကောင်းကောင်းမွန်မွန် ရှိနေတာလည်း ဖြစ်နိုင်တာပဲလေ"

ရွှီနန်က ရှောင်ဖူ၏ စကားကို ပြန်မဖြေဘဲ ရင်ဘတ်ထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ ရှောင်ဖူထံ ကမ်းပေးလိုက်သည်။

"တစ်လိပ်လောက် သောက်မလား"

ရှောင်ဖူက ခေါင်းခါလိုက်သည်။ "ကျွန်တော် မသောက်တတ်ဘူး... ခွင့်လွှတ်ပါ"

ရွှီနန်ကလည်း အားနာမနေဘဲ ဆေးလိပ်ကို တိုက်ရိုက် ပြန်ရုပ်သိမ်းလိုက်သည်။

"အရင်တုန်းကတော့ နားမလည်ခဲ့ဘူး... ဘာလို့ ချန်းရီက ဆေးလိပ်ကို ဒီလောက်ကြိုက်ပြီး အမြဲတမ်း လက်ကနေ မချတာလဲ ဆိုတာကိုပေါ့"

"ဆေးလိပ်သောက်တာ မကောင်းဘူးဆိုတာ ငါလည်း သိပါတယ်... ကိုယ့်ကျန်းမာရေးအတွက် မကောင်းရုံတင်မကဘဲ ဘေးနားက လူတွေလည်း စိတ်အနှောင့်အယှက် ဖြစ်ရတယ်"

"ဒါပေမဲ့ ဒီကမ္ဘာကြီးက ပုပ်ပွပျက်စီးနေပြီလေ"

"ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်လိုက်တဲ့ အချိန်တိုင်းမှာ စိတ်ညစ်စရာ အဖြစ်အပျက်တွေ အားလုံးကိုပါ မှုတ်ထုတ်လိုက်ရသလို ခံစားရတယ်"

"တချို့အချိန်တွေမှာ စဉ်းစားလို့မရတဲ့ ကိစ္စတွေ၊ ကျော်ဖြတ်လို့မရနိုင်တဲ့ အခက်အခဲတွေ ကြုံလာရရင် ဆေးလိပ်တစ်လိပ်သောက်ပြီး ခဏလောက် အနားယူလိုက်တာနဲ့ အားလုံးကို ကျော်ဖြတ်နိုင်သွားသလို ခံစားရတယ်"

ရှောင်ဖူက တိတ်ဆိတ်စွာဖြင့် ငြိမ်သက်စွာ နားထောင်နေပြီး ဘာမှ ဝင်မပြောခဲ့ပေ။

အကယ်၍သာ ကမ္ဘာပျက်ကပ်ကြီး မကျရောက်ခဲ့ပါက သူသည် ယခုနှစ်တွင် စတုတ္ထနှစ် ကျောင်းသားတစ်ယောက် ဖြစ်နေမည်ဖြစ်ပြီး အလုပ်ရှာဖွေရန် အချိန်ပင် ရောက်နေလောက်ပြီ ဖြစ်သည်။

မူလက ရိုးသားဖြူစင်သော တက္ကသိုလ်ကျောင်းသားလေးသည် ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင် အလွန်တိုတောင်းသော အချိန်ကာလလေးအတွင်းမှာပင် ယခင်က စိတ်ကူးနှင့်ပင် မတွေးရဲခဲ့သော ကိစ္စရပ်များစွာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။

များပြားလှသော အတွေ့အကြုံများက မူလက တက်ကြွရွှင်လန်းပြီး ကြင်နာတတ်ကာ ရိုးသားဖြူစင်ခဲ့သော တက္ကသိုလ်ကျောင်းသားလေးကို ယခုအခါ အနည်းငယ် နှုတ်ဆိတ်သွားစေခဲ့သည်။

သေချာသည်မှာ ဤရိုးသားဖြူစင်သော တက္ကသိုလ်ကျောင်းသားလေး၏ ကိုယ်ပေါ်မှ သူ၏ မွေးရာပါ ကြင်နာတတ်သော စိတ်သဘောထားကို တစ်ခါတစ်ရံ တွေ့မြင်နေရဆဲပင်။

ဤသည်မှာ ရေမြေ တောတောင်တွေ ပြောင်းလဲရလွယ်ပေမယ့် ဗီဇစိတ်ကို ပြောင်းလဲဖို့ ခက်တယ် ဟူသော ဆိုရိုးစကားအတိုင်းပင် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်လည်း ချူချယ်က သူ့ကို ယာဉ်တန်း၏ လက်ထောက်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

"တာဝန်ခံရွှီ... ကျွန်တော် နားလည်ပါတယ်... အခုချိန်မှာ လူအများစုက စားစရာတောင် မရှိကြပေမယ့် အရက်ကိုတော့ အသက်လို သဘောထားပြီး သောက်နေကြသလိုမျိုးပေါ့"

"ပုပ်ပွပျက်စီးနေတဲ့ ကမ္ဘာကြီးမှာ လူတိုင်းက ဝမ်းနည်းနေကြပြီး ထွက်ပြေးပုန်းရှောင်ချင်နေကြတာလေ"

"လူတွေကို ထုံကျင်သွားစေနိုင်ပြီး မပျော်ရွှင်စရာတွေကို ယာယီ မေ့ပျောက်သွားစေနိုင်တဲ့ အရာတွေကိုပဲ အားထားနေကြတာ"

ရှောင်ဖူက လမ်းမပေါ်ရှိ ခရီးသွားများကို ကြည့်ရင်း ဖြည်းညင်းတိုးတိတ်သော အသံဖြင့် ပြောလိုက်သည်။

"တယ်ဟုတ်ပါလား... မင်း တိတ်တိတ်လေး ခိုးသောက်ထားတာ မနည်းဘူး ထင်တယ်... ဒီလိုစကားမျိုးတောင် ပြောထွက်နေပြီပဲ"

ရွှီနန်က အံ့အားသင့်စွာဖြင့် ရှောင်ဖူကို လှည့်ကြည့်လိုက်၏။

ရှောင်ဖူက တဟီးဟီးရယ်လိုက်ပြီး အနည်းငယ် အနေရခက်စွာဖြင့် "ကျွန်တော်က ငတုံးမှ မဟုတ်တာ... ဘာလို့ မတွေးမိရမှာလဲ" ဟု ပြောလိုက်သည်။

"ဒါပေမဲ့ ဒီကမ္ဘာကြီးက ပြန်ပြီး ကောင်းမွန်လာဦးမှာပါ"

ရှောင်ဖူ၏ နောက်ဆုံးစကားတွင် မျှော်လင့်ချက်များ အပြည့်အဝ ပါဝင်နေခဲ့သည်။

ရွှီနန်က မျက်ခုံးပင့်လိုက်ပြီး ရယ်မောကာ "ဘာကို အားကိုးပြီးလဲ" ဟု မေးလိုက်သည်။

ရှောင်ဖူက အနည်းငယ် စဉ်းစားလိုက်ပြီး အလွန် လေးနက်သော လေသံဖြင့် ပြန်ဖြေသည်။

"ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ချူချယ်... စွန်းချန်းချန်း... တင်းတုံ... ဝူဟိုင်ဖုန်းတို့လို လူတွေ ရှိနေသေးလို့ပဲ"

(ဝူဟိုင်ဖုန်း ဆိုတာ ထယ်ရှီးရဲ့ နာမည်အရင်းပါ)

"သူတို့လို လူတွေ ရှိနေသရွေ့ ဒီကမ္ဘာကြီးက ဆက်ပြီး ပျက်စီးသွားမှာ မဟုတ်ဘူး"

ရွှီနန်က သူ့ကို ရယ်ချင်စိတ်ဖြင့် ကြည့်လိုက်ပြီး "မင်း ချန်းရီကိုများ မေ့နေတာလား" ဟု သတိပေးလိုက်သည်။

"အာ"

ရွှီနန်၏ သတိပေးစကားကို ကြားလိုက်ရသောအခါ ရှောင်ဖူ၏ မျက်နှာလေး ဖြူဖျော့သွားပြီး အလျင်အမြန် ဖြည့်စွက်ပြောလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်... ချန်းရီလည်း ရှိသေးတာပဲ"

"တာဝန်ခံရွှီ... ဒီနေ့ပြောတဲ့ စကားတွေကို အပြင်မပြောပါနဲ့နော်... တောင်းပန်ပါတယ်"

"ငါ့ကို တောင်းပန်နေတာလား... ဟားဟားဟား... ရပါတယ်... ဒါပေမဲ့ မင်း ငါ့ကို ကတိတစ်ခုတော့ ပေးရမယ်"

"ဘာကတိလဲ တာဝန်ခံရွှီ... ပြောပါ"

"ငါ သေသွားတဲ့အခါကျရင် ငါ့ညီမလေးရဲ့ ပုံတူပန်းချီကားလေးကို သိမ်းထားပေးဖို့ပါ... အနည်းဆုံးတော့ အမြန်ကြီး ပျောက်သွားတာမျိုး မဖြစ်အောင်လို့ပေါ့"

"ဗျာ"

ရှောင်ဖူက ကြောင်အမ်းသွားပြီး တစ်ခုခုကို စဉ်းစားမိသွားဟန်ဖြင့် ပြတ်သားသော လေသံဖြင့် လေးနက်စွာ ပြောလိုက်သည်။

"တာဝန်ခံရွှီ... ခင်ဗျား မသေပါဘူး"

"မသေပါဘူး" ဟူသော စကားကို ပြောလိုက်သော်လည်း ရှောင်ဖူ ကိုယ်တိုင်ပင် အနည်းငယ် ယုံကြည်မှု ကင်းမဲ့နေခဲ့သည်။

ဤကမ္ဘာပေါ်တွင် နေ့စဉ်နှင့်အမျှ လူတွေ သေဆုံးနေကြသည်။

အစွမ်းပိုင်ရှင်တွေပင်လျှင် အများအပြား သေဆုံးခဲ့ကြပြီ ဖြစ်ရာ သူတို့လို သာမန်လူတွေမှာ ပုရွက်ဆိတ်များနှင့် ဘာမှမခြားနားဘဲ နောက်တစ်စက္ကန့်တွင် ပြန်မနိုးလာနိုင်တော့သည်လည်း ဖြစ်နိုင်သည်။

ထို့ကြောင့် ရှောင်ဖူက နောက်ထပ် စကားတစ်ခွန်း ဖြည့်စွက်လိုက်သည်။

"တကယ်လို့... တကယ်လို့များ အဲဒီလိုနေ့ ရောက်လာခဲ့ရင်... ကျွန်တော် ခင်ဗျားညီမလေးကို ရအောင်ရှာပေးပါ့မယ်"

သို့သော် ရွှီနန်က လက်ကာပြလိုက်သည်။

"မင်း အထင် လွဲနေပြီ"

ရွှီနန်က ဆေးလိပ်ကို အဝီစိထိရောက်အောင် ရှိုက်သွင်းလိုက်ပြီး စစ်ထုတ်စက္ကူဆီမှ တူးချစ်ချစ် အနံ့ကို ခံစားမိမှသာ လက်ထဲရှိ ဆေးလိပ်တိုကို မြေပြင်ပေါ်သို့ ပစ်ချကာ ခြေထောက်ဖြင့် ဖိချေပစ်လိုက်သည်။

"ငါ ဆိုလိုချင်တာက ပုံတူပန်းချီကားလေးတောင် မရှိတော့ဘူးဆိုရင် ရွှီချင်း ဒီကမ္ဘာပေါ်မှာ ရှိခဲ့ဖူးတယ်ဆိုတာကို သက်သေပြနိုင်မယ့်သူ တကယ်ကို မရှိတော့မှာ စိုးလို့ပါ"

ထိုအချိန်မှာပင် ရွှီနန်သည် တစ်စုံတစ်ခုကို ခံစားမိလိုက်သကဲ့သို့ ခေါင်းကို ရုတ်တရက် မော့ကာ လမ်းမ၏ အဆုံးသတ်ဆီသို့ လှမ်းကြည့်လိုက်သည်။

လမ်းမ၏ အဆုံးသတ်ဆီမှ ဆူညံသံများ တစ်သုတ်ပြီးတစ်သုတ် ထွက်ပေါ်လာ၏။

ရှေ့ဆုံးမှ ထွက်လာသူမှာ အရပ်အမြင့် ငါးပေ ခုနစ်လက်မခန့်ရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

ထိုအမျိုးသမီးမှာ အလွန်လှပပြီး ထူးခြားသော အလှတရားမျိုးကို ပိုင်ဆိုင်ထားကာ အထူးသဖြင့် ပြုံးလိုက်တိုင်း လခြမ်းကွေးလေးသဖွယ် ကွေးညွှတ်သွားတတ်သော မျက်လုံးအစုံက ပို၍ပင် ဆွဲဆောင်မှု ရှိလှသည်။

မြင်တွေ့ရသူတိုင်း၏ ရင်ထဲတွင် အလိုအလျောက် သဘောကျ နှစ်သက်စိတ်များကို ဖြစ်ပေါ်လာစေသည်။

အမျိုးသမီး၏ နောက်တွင် လူငယ်အတော်များများ လိုက်ပါလာကြပြီး ထိုသူများထဲတွင် ကျား၊ မ နှစ်မျိုးလုံး ပါဝင်ကာ လူတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာများမှာ အနည်းငယ် ရူးသွပ်နေပုံ ပေါ်သည်။

ရွှီနန်နှင့် ရှောင်ဖူတို့မှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြသည်။

အမျိုးသမီးက တစ်ခုခုကို ခံစားမိလိုက်သကဲ့သို့ ခေါင်းလှည့်ကာ သူတို့နှစ်ဦးကို တစ်ချက် ကြည့်လိုက်၏။

လခြမ်းကွေးလေးနှင့် တူသော မျက်လုံးအစုံ၏ ကြည့်ရှုခြင်းကို ခံလိုက်ရသောကြောင့် သူတို့နှစ်ဦးမှာ အတွင်းစိတ်ကနေ အပြင်ပန်းအထိ ရင်းနှီးကျွမ်းဝင်မှုကို ချက်ချင်း ခံစားလိုက်ရသည်။

အမျိုးသမီး ထွက်သွားပြီး အတန်ကြာမှသာ။

ရှောင်ဖူက ခေါင်းလှည့်ကာ ရွှီနန်ကို ကြည့်လိုက်သည်။

"တာဝန်ခံရွှီ... အဲဒီမိန်းမက"

ရွှီနန်ကလည်း ဝေးကွာသွားသော အမျိုးသမီး၏ ကျောပြင်ကို ကြည့်ရင်း လေးနက်စွာ စဉ်းစားနေဟန်ဖြင့် ပြောလိုက်သည်။

"ငါ ခန့်မှန်းတာသာ မမှားဘူးဆိုရင်... ဒီမိန်းမက လျှိုလီ ပဲ ဖြစ်ရမယ်"

ဆက်ရန်...

All Chapters