အခန်း ၃၃၈
Vol. 17 Ch. 338
အပိုင်း(၃၃၈) မင်း ငါ့ကို ဘယ်တော့ စားမှာလဲ
ချန်းရီက လက်ထဲရှိ နုပျိုအင်းများကို အကဲခတ်ကြည့်နေပြီး စကားတစ်ခွန်းမျှ မဆိုပေ။
ကောင်မလေး၏ ထူးဆန်းလှသော စကားများက ချန်းရီ၏ ရင်ထဲတွင် သံသယများ ဖြစ်ပေါ်လာစေ၏။
ကောင်မလေးကို သူ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီးနောက် ကိုယ်ရောင်ဖျောက် အင်း (၁၀) ရွက်ကို သေချာစွာ သိမ်းဆည်းလိုက်ကာ ဤ နုပျိုအင်း (၃) ရွက်ကိုပါ တစ်ပါတည်း သိမ်းလိုက်သည်။
"ဆရာ... ကျွန်မ ရှင့်ရဲ့ အင်းစာရွက်တွေကို ကူပြီး သိမ်းပေးပါရစေ"
"အင်းစာရွက်တွေ ခေါက်ရာထင်သွားရင်... အသုံးပြုတဲ့အခါ အာနိသင်ကို ထိခိုက်စေနိုင်လို့ပါ"
ချန်းရီက အနည်းငယ် တွေဝေသွားပြီးနောက်မှ လက်ထဲရှိ အင်းစာရွက် (၁၃) ရွက်ကို ကောင်မလေးလက်ထဲသို့ ပြန်လည် ကမ်းပေးလိုက်သည်။
ကောင်မလေးက အင်းစာရွက် တစ်ရွက်ချင်းစီကို သေချာ ဂရုတစိုက် ဖြန့်ကြက်ကာ သေတ္တာထဲသို့ ထည့်လိုက်၏။
ထိုသေတ္တာ၏ တည်ဆောက်ပုံမှာ အလွန် ထူးခြားလှသည်။ သေတ္တာထဲတွင် အင်းစာရွက် တစ်ရွက်ချင်းစီအတွက် သီးသန့် နေရာများ ပါရှိပြီး အင်းစာရွက်များကို ခေါက်ရာမထင်စေသည့်အပြင် သေတ္တာထဲတွင်လည်း ပွတ်တိုက်ရွေ့လျားခြင်း မရှိစေရန် ပြုလုပ်ထားသည်။
ကောင်မလေးက ထိုအလုပ်များကို လုပ်ဆောင်ပြီးစီးသွားသောအခါ သေတ္တာကိုပါ ချန်းရီထံသို့ ရိုသေလေးစားစွာဖြင့် ကမ်းပေးလိုက်သည်။
ချန်းရီက ခေတ္တမျှ တွေဝေသွားသော်လည်း နောက်ဆုံးတွင် လက်လှမ်းကာ သေတ္တာကိုပါ တစ်ပါတည်း ယူဆောင်လိုက်၏။
ကောင်မလေး၏ ကိုးဆယ်ဒီဂရီ အရိုအသေပေး ဦးညွှတ်မှုနှင့် ဘေးနားရှိ အခြားသူများ၏ အားကျနေသော အကြည့်များကြားမှပင် ချန်းရီက သေတ္တာကို ဆွဲကိုင်ကာ ထွက်ခွာသွားခဲ့သည်။
ချန်းရီ အဝေးသို့ ရောက်သွားသည့်တိုင်အောင် ထိုဂျပန်မလေးက အရိုအသေပေးရာမှ ခါးကို ဖြည်းညင်းစွာ ပြန်လည်မတ်လိုက်ပြီး သူမ၏ မျက်လုံးများထဲရှိ မျှော်လင့်ချက်များမှာ လျှံကျလာမတတ် ဖြစ်နေ၏။
သို့သော် သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စလည်း ပုန်းကွယ်နေသေးသည်။
ဤမိစ္ဆာဂူကြီးထဲမှ ချန်းရီက သူမကို ကယ်တင်ခေါ်ဆောင်သွားနိုင်မည်ဟု သူမ အလွန် မျှော်လင့်နေမိ၏။
သို့သော် ဤအမျိုးသားက အခြားအမျိုးသားများနှင့် လုံးဝ မတူညီပေ။
သူမ၏ လှပသော ရုပ်ရည်သွင်ပြင်ကြောင့် အမျိုးသားများစွာက သူမကို မနေနိုင်ဘဲ ခိုးကြည့်တတ်ကြပြီး အချို့ဆိုလျှင် မဖြစ်သင့်သော အတွေးများပင် ရှိတတ်ကြသည်။
ထိုကဲ့သို့သော ကိစ္စမျိုးကို ကမ္ဘာပျက်ကပ် မတိုင်မီကရော ကမ္ဘာပျက်ကပ် အပြီးတွင်ပါ...
သူမ အများကြီး မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
သို့သော် သူမရှေ့ရှိ ဤအမျိုးသားကတော့...
ခုနက သူမသည် အလွန် နူးညံ့ပျော့ပျောင်းပြီး သနားစရာကောင်းသော ပုံစံမျိုးကို တမင်တကာ ပြသခဲ့ပါလျက်။
ဤအမျိုးသား၏ မျက်လုံးထဲတွင်တော့ ထိုအရာများက လုံးဝ မရှိသကဲ့သို့ပင်။
အရင်ကဆိုလျှင် သူမ ဤကဲ့သို့ ဟန်ဆောင်ပြလိုက်သည်နှင့် အနည်းဆုံးတော့ အကျိုးအမြတ် တစ်ခုခု ရရှိတတ်သည်ချည်းသာ ဖြစ်သည်။
သို့သော် ဤအမျိုးသားကတော့...
သူမတွင် မည်သည့် ယုံကြည်ချက်မျှ မရှိတော့ပေ။
သို့သော်လည်း သူမအတွက် ပိုကောင်းသော ရွေးချယ်စရာ လုံးဝ မရှိတော့ချေ။
"ယူကို... နင် စုထားတဲ့ နုပျိုအင်းတွေ အကုန်လုံး သူ့ကို ပေးလိုက်တာလား"
ထိုအချိန်မှာပင် ဂျပန်မလေး၏ ဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။
အသံပိုင်ရှင်မှာ သူမကဲ့သို့ပင် ချစ်စရာကောင်းပြီး နုပျိုသော ကောင်မလေးတစ်ယောက်ဖြစ်ကာ အသက်အရွယ်အားဖြင့် ဂျပန်မလေးနှင့် မတိမ်းမယိမ်း ဖြစ်သော်လည်း ကြည့်ရသည်မှာ ပို၍ နွမ်းနယ်ပိန်ချုံးနေပုံရ၏။
"နုပျိုအင်း သုံးရွက်ဆိုတာ... ခြောက်လလောက် အချိန်ယူပြီးမှ စုဆောင်းထားရတာကို... နင်... နည်းနည်းများ... စွန့်စားလွန်းရာ မကျဘူးလား"
ကောင်မလေးက ယူကိုကို စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်သည်။
ယူကိုက ချန်းရီ ထွက်ခွာသွားသော အရပ်မျက်နှာဆီသို့ ကြည့်နေရင်း မျှော်လင့်ချက် အပြည့်ပါသော လေသံဖြင့် ပြန်ပြောလိုက်၏။
"အဲဒီဆရာ ဘယ်သူဘယ်ဝါမှန်း ငါ မသိပေမယ့်... ငါ သူ့ကို ယုံတယ်"
ယူကိုက အပြင်ပန်းတွင် ထိုသို့ ပြောဆိုနေသော်လည်း အတွင်းစိတ်ထဲတွင်မူ အလွန်တရာ စိုးရိမ်ပူပန်နေမိသည်။
ထို နုပျိုအင်း သုံးရွက်ကို သူမ အလွန်ပင်ပန်းခံကာ အချိန်အကြာကြီး စုဆောင်းခဲ့ရခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လုံလောက်သော အစွမ်းအစရှိသည့် အစွမ်းပိုင်ရှင် တစ်ယောက်နှင့် တွေ့ဆုံပြီး ဤအင်းဆိုင်လေးထဲမှ သူမကို ကယ်တင်နိုင်ရန်အတွက်ပင်။
မဟုတ်သေးပေ... သူမကို ခေါ်ဆောင်သွားပြီး သူမ အလွန် ကြောက်ရွံ့တုန်လှုပ်နေရသော ဤမြို့ကြီးထဲမှ ထွက်ခွာသွားနိုင်ရန် ဖြစ်ကောင်း ဖြစ်နိုင်သည်။
အခြားလူများကတော့ အိုအေစစ်ကို လူ့ပြည်က နိဗ္ဗာန်ဘုံဟု ထင်မှတ်ထားကြသည်။
ဝဝလင်လင် မစားရသလို နွေးနွေးထွေးထွေး မဝတ်ဆင်ရသော်လည်း ဤနေရာတွင် ထူးဆန်းသောအရာများ မရှိပေ။
ဤအချက် တစ်ချက်တည်းနှင့်ပင် အခြားသော နေရာများစွာထက် အများကြီး သာလွန်နေပြီ ဖြစ်သည်။
သို့သော် သူမအတွက်ကတော့ ဤနေရာသည် မိစ္ဆာဂူကြီးဖြစ်ပြီး လူ့ပြည်က ငရဲခန်းပင် ဖြစ်သည်။
ခြောက်လကြာ စုဆောင်းထားသော နုပျိုအင်း သုံးရွက်ကို ချန်းရီထံ ပေးလိုက်ခြင်းမှာ ချန်းရီ ရုပ်ဖြောင့်နေ၍လည်း မဟုတ်သလို အခြားသော မပြောပြနိုင်သည့် ရူးကြောင်ကြောင် အချစ်စိတ်ကူးများကြောင့်လည်း မဟုတ်ပေ။
သူတို့နှစ်ဦး တွေ့ဆုံချိန်မှာ စုစုပေါင်း ဆယ်မိနစ်ပင် မပြည့်သေးရာ သဘောကျသည်ဟု ပြောလျှင် လုံးဝ အဓိပ္ပာယ်မရှိသော စကားသာ ဖြစ်လိမ့်မည်။
သူမက ထို နုပျိုအင်း သုံးရွက်ကို ထောက်ထားပြီး တစ်ဖက်လူ၏ ရင်ထဲတွင် သနားကရုဏာစိတ် အနည်းငယ် ဖြစ်ပေါ်လာစေရန်သာ ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။
ချန်းရီကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ...
ချန်းရီက လမ်းစဉ် အဆင့် (၃) ဖြစ်နေသောကြောင့်သာ ဖြစ်ပြီး သူမ၏ အမြင်တွင် ဤသည်မှာ ဆိုင်ရှင်ရှားဖေး နှင့် တန်းတူ အစွမ်းထက်သော အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။
ထို့အပြင် ဤအမျိုးသားက ယူကိုကို အလွန် ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာ ခံစားချက်မျိုး ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။
ယူကိုက သေချာ ရွေးချယ်ပြီးမှသာ သူမအမြင်တွင် အသန်မာဆုံးဟု ထင်ရသူ တစ်ယောက်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဘေးနားရှိ ကောင်မလေးက သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး ဤဂျပန်မလေးကို ဖွဖွလေး ဖက်ထားလိုက်၏။
သူမတို့လို လူတွေ ဤနေရာတွင် ပိတ်မိနေခဲ့သည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သည်။
သို့သော်လည်း...
မျှော်လင့်ချက်ကြီးကြီး ထားခဲ့ရသော လူတွေမှာ နောက်ဆုံးတွင် သေဆုံးသွားခြင်း မဟုတ်လျှင်ပင် ပျောက်ကွယ်သွားခဲ့ကြသည်ချည်းသာ ဖြစ်သည်။
ယခု ယူကို ရွေးချယ်လိုက်သော ဤအမျိုးသားက အမှန်တကယ် အသက်ရှင်ကျန်ရစ်ပြီး သူမတို့ကို ကယ်တင်နိုင်ပါစေဟုသာ မျှော်လင့်ရတော့မည်။
......
ချန်းရီက လက်ထဲတွင် သေတ္တာကို ဆွဲကိုင်လျက် အဝေးသို့ ရောက်သည်အထိ လျှောက်သွားပြီးမှသာ ခြေလှမ်းများကို ဖြည်းညင်းစွာ ရပ်တန့်လိုက်သည်။
လက်ထဲရှိ သေတ္တာကို ကြည့်လိုက်သောအခါ ချန်းရီ၏ သွေးရောင် မျက်လုံးများက မှိန်လိုက် လင်းလိုက် ဖြစ်နေ၏။
သေတ္တာထဲရှိ အင်းစာရွက်များကို မပြောနှင့်ဦး... ဤသေတ္တာကိုယ်နှိုက်ကပင် ပစ္စည်းကောင်း တစ်ခု ဖြစ်နေသည်။
ကမ္ဘာပျက်ကပ်ကာလ ရိက္ခာပစ္စည်းများ အလွန် ရှားပါးနေသည့် ယခုလိုအချိန်မျိုးတွင် ဤကဲ့သို့သော သေတ္တာတစ်လုံးကို ရရှိရန်မှာလည်း အလွန် ခဲယဉ်းလှသည်။
သို့သော်... ချန်းရီ၏ ရင်ထဲတွင် မကောင်းသော ကြိုတင်ခံစားမှု တစ်မျိုးက အမြဲတမ်း ရှိနေ၏။
ထိုဂျပန်မလေးက အကြောင်းပြချက် မရှိဘဲ နုပျိုအင်း သုံးရွက်ကို သေချာပေါက် ပေးလိုက်ခြင်း မဟုတ်ပေ။
ခုနက ထိုအခန်းငယ်လေးထဲရှိ စက္ကူလုံးလေးကို သတိရလိုက်မိသောအခါ ချန်းရီ၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါပါ ပြုံးယောင်သန်းသွားသည်။
ထိုစက္ကူလုံးလေးထဲတွင် မည်သို့သော လျှို့ဝှက်ချက်မျိုး ပါရှိနေပါစေ ချန်းရီကတော့ သူ၏ ယခင် ဆုံးဖြတ်ချက်အတွက် လုံးဝ နောင်တရမည် မဟုတ်ပေ။
ထိုနေရာသည် သူတစ်ပါး၏ ပိုင်နက်ဖြစ်ပြီး မိမိ၏ လှုပ်ရှားမှုတိုင်းသည် အခြားသူများ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေရန် အလွန် ဖြစ်နိုင်ချေ ရှိနေသည်။
ပြီးတော့ ဤသေတ္တာကလည်း ရှိသေးသည်။
ချန်းရီက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လူသူကင်းမဲ့သော ထောင့်ချိုးတစ်ခုသို့ လျှောက်သွားကာ သေတ္တာကို ဖွင့်၍ အထဲရှိ အင်းစာရွက်များကို ထုတ်ယူပြီး မိမိကိုယ်ပေါ်တွင် သိမ်းဆည်းလိုက်၏။
ရုတ်တရက်... ချန်းရီ၏ အကြည့်များက အနည်းငယ် စူးရှသွားသည်။
ဤသေတ္တာမှာ ပြဿနာ ရှိနေသည်။
သေတ္တာ၏ အောက်ခြေတွင် အထပ်ငယ်လေးတစ်ခု ရှိနေသကဲ့သို့ ချန်းရီ မြင်တွေ့လိုက်ရသည်။
ထိုအထပ်ငယ်ကို ခွာလိုက်သောအခါ...
အထပ်ငယ်၏ အောက်တွင် စာအိတ်တစ်အိတ် ရှိနေသည်ကို ချန်းရီ တွေ့လိုက်ရ၏။
အလေးချိန် အနည်းငယ် ရှိနေသော ထိုစာအိတ်ထဲတွင် စာရွက် အတော်များများ ပါရှိနေပုံရသည်။
သို့သော် ချန်းရီက လက်ဖြင့် သွားရောက် မကိုင်တွယ်ဘဲ ထိုစာအိတ်ကို ကြည့်ကာ တွေးတောနေမိသည်။
ဤစာအိတ်ကို ဖွင့်လိုက်သည်နှင့် အိုအေစစ်မြို့တော် နောက်ကွယ်ရှိ လျှို့ဝှက်ချက်များကို သိရှိသွားနိုင်ခြေ အလွန် များပြားကြောင်း သူ နားလည်လိုက်သည်။
လူသေအလောင်းနှင့် လမ်းညွှန်ဆိုင်းဘုတ်မှ ပဟေဠိများလည်း ဖြေရှင်းပြီးသား ဖြစ်သွားနိုင်သည်။
ချန်းရီကလည်း အိုအေစစ်မြို့တော် နောက်ကွယ်ရှိ လျှို့ဝှက်ချက်များကို အနည်းငယ်တော့ စိတ်ဝင်စားမိသည်။
သို့သော်... အနည်းငယ် စိတ်ဝင်စားရုံမျှသာ ဖြစ်သည်။
သို့သော်လည်း ဤလျှို့ဝှက်ချက်ကို သူကိုယ်တိုင် ဖြေရှင်းရမည့် အဖြစ်မျိုးကိုတော့ လုံးဝ အလိုမရှိပေ။ ထို့အပြင် ဤကဲ့သို့ အန္တရာယ်များ ပြည့်နှက်နေသော အပြုအမူမျိုးဖြင့်လည်း မဟုတ်ပေ။
တခြားနေရာမျိုးတွင်သာ ဆိုလျှင် သူ အနည်းငယ် စိတ်ဝင်စားမိကောင်း စိတ်ဝင်စားမိနိုင်သည်။
သို့သော်... သူက ခုနလေးတင်မှ အင်းဆိုင်ထဲမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။
ထိုအင်းဆိုင်တွင် ပြဿနာရှိနေကြောင်းကို ချန်းရီ အပြည့်အဝ ယုံကြည်ထား၏။
ဂျပန်မလေး လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို မည်သူကမျှ မသိရှိလိုက်ဟု သူ လုံးဝ မယုံကြည်ပေ။
ယခုအချိန်တွင် မိမိကိုယ်တိုင်ပင် စောင့်ကြည့်ခံနေရသည် ဖြစ်ကောင်း ဖြစ်နိုင်သေးသည်။
စာအိတ်ကို ဖွင့်လိုက်သည်နှင့် ပြဿနာများထဲ ကျရောက်သွားနိုင်ခြေ ရာခိုင်နှုန်း ကိုးဆယ်ခန့် ရှိကြောင်း ချန်းရီ ခန့်မှန်းမိလိုက်သည်။
ဤနေရာသို့ တွေးမိသောအခါ ချန်းရီက လုံးဝ တွေဝေနေခြင်းမရှိဘဲ စာအိတ်ကို ဘေးနားရှိ အမှိုက်ပုံးထဲသို့ တိုက်ရိုက် ပစ်ထည့်ကာ ချက်ချင်း လှည့်ထွက်သွားခဲ့သည်။
ဤစာအိတ်ကို မည်သူ တွေ့သွားမည်ကိုတော့ ချန်းရီက လုံးဝ ဂရုမစိုက်ပေ။
ထိုအချိန်ရောက်မှ တွေ့တဲ့သူ ကံဆိုးတာပဲဟုသာ ပြောရတော့မည်။
ဤဖြစ်စဉ် တစ်ခုလုံးတွင် ချန်းရီသည် ထိုစာအိတ်ကို လက်ဖြင့် တစ်ချက်လေးပင် မထိတွေ့ခဲ့ပေ။
ဤစာအိတ်ပေါ်တွင် မည်ကဲ့သို့သော ပြဿနာများ ရှိနေမည်ကို မည်သူက သိနိုင်မည်နည်း။
အစွမ်းပိုင်ရှင်များ၏ အစွမ်းများမှာ ကိုယ်စီ ထူးဆန်းမှု အမျိုးမျိုး ရှိကြရာ ချန်းရီက ဤစာအိတ်သည် သူ့အတွက် ပြဿနာများ ယူဆောင်လာနိုင်ကြောင်း သေချာသွားသောအခါ ထိုစာအိတ်နှင့် တိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်ကြဉ်ခဲ့ခြင်း ဖြစ်သည်။
ဆယ်မိနစ် ကြာပြီးနောက်...
ချန်းရီက တစ်ဖန် ပြန်ရောက်လာပြီး ဤတစ်ကြိမ်တွင် သူ၏ လက်ထဲ၌ ပလတ်စတစ်အိတ် တစ်လုံးကို ကိုင်ဆောင်ထားကာ အမှိုက်ပုံးထဲမှ ထိုစာအိတ်ကို ပြန်လည် ရှာဖွေထုတ်ယူလိုက်သည်။
ထို့နောက် ချန်းရီက ထိုစာအိတ်ကို ပလတ်စတစ်အိတ်ထဲသို့ ထည့်လိုက်၏။
စာအိတ်ကို ထည့်နေစဉ် ချန်းရီ၏ နှုတ်ခမ်းထောင့်တွင် မာယာပါသော အပြုံးတစ်ခု ပေါ်လာသည်။
"ဟီးဟီး... ဒီပစ္စည်းကို ကိုယ်တိုင် မသုံးရပေမယ့်... တခြားလူတွေကို သုံးခိုင်းလိုက်ရင်လည်း အဆင်ပြေတာပဲ"
......
ချန်းရီ ခန့်မှန်းချက်မှာ မမှားယွင်းခဲ့ပေ။
သူ အင်းဆိုင်၏ နယ်မြေထဲသို့ ဝင်ရောက်လာကတည်းက စောင့်ကြည့်ခံနေရခြင်း ဖြစ်သည်။
ပုံမှန်အခြေအနေမျိုးတွင် အစွမ်းပိုင်ရှင် တစ်ယောက်က အင်းဆိုင်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ကိုယ်ရောင်ဖျောက် အင်းများကို လာရောက်လဲလှယ်လေ့ မရှိကြပေ။
အစွမ်းပိုင်ရှင်များက စကားတစ်ခွန်း ဟလိုက်ရုံဖြင့် အပြေးအလွှား အလုပ်အကျွေးပြုချင်သူများမှာ အရှေ့တံခါးမှသည် အနောက်တံခါးတိုင်အောင် တန်းစီနေကြမည် ဖြစ်သည်။
ထို့အပြင် ချန်းရီကဲ့သို့သော လမ်းစဉ် အဆင့် (၃) ဖြစ်နေလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။
သာမန်လူများက လမ်းစဉ် အဆင့် (၁) နှင့် အဆင့် (၃) ကြားရှိ ကွာခြားချက်ကို ခွဲခြားနိုင်မည် မဟုတ်ပေ။
သို့သော် အစွမ်းပိုင်ရှင်များကတော့ တူညီသော အမျိုးအစားများ၏ အငွေ့အသက်ကို အကြမ်းဖျင်း ခွဲခြားသိရှိနိုင်ကြသည်။
ချန်းရီက မည်သည့် လမ်းစဉ်မှန်း အတိအကျ မသိနိုင်သော်လည်း လမ်းစဉ် အဆင့်ကိုမူ အကဲခတ်နိုင်စွမ်း ရှိကြ၏။
ထို့အပြင် ချန်းရီ ကိုယ်တိုင်ကလည်း သူ၏ လမ်းစဉ် အဆင့်ကို ဖုံးကွယ်ထားရန် မရည်ရွယ်ခဲ့ပေ။
ချန်းရီသည် ထိုဂျပန်မလေး၏ ခေါ်ဆောင်မှုဖြင့် အခန်းငယ်လေးထဲသို့ ရောက်ရှိသွားချိန်တွင်...
တကယ်တမ်း၌ ဖြစ်စဉ်တစ်ခုလုံးကို တစ်စုံတစ်ယောက်က စောင့်ကြည့် နေခဲ့ခြင်း ဖြစ်သည်။
အင်းဆိုင်၏ နောက်ဘက်ရှိ မှောင်မိုက်နေသော အခန်းတစ်ခုထဲတွင်...
အသားတောင်ကြီးသဖွယ် ကြီးမားလှသော လူလုံးကြီး တစ်ခုက သူ့ရှေ့ရှိ ဟောင်းနွမ်းနေသော ရုပ်မြင်သံကြားစက်ကို စိုက်ကြည့်နေ၏။
ဤရုပ်မြင်သံကြားစက်မှာ ၈၀၊ ၉၀ ခုနှစ်များက အသုံးပြုခဲ့သော အဖြူအမည်း ရုပ်မြင်သံကြားစက်မျိုး ဖြစ်သည်။
ထိုခေတ်အခါက အကယ်၍ တစ်စုံတစ်ယောက်၏ အိမ်တွင် ဤကဲ့သို့သော ရုပ်မြင်သံကြားစက် တစ်လုံး ဝယ်နိုင်ခဲ့ပါက တစ်ရွာလုံး၏ ဂုဏ်ယူစရာ ဖြစ်လာပေလိမ့်မည်။
အချိန်ကာလများ ပြောင်းလဲသွားပြီးနောက် ကမ္ဘာပျက်ကပ် မတိုင်မီအချိန်တွင်တော့ ဤကဲ့သို့သော ရုပ်မြင်သံကြားစက်များကို ရုပ်မြင်သံကြား သို့မဟုတ် ရုပ်ရှင်များထဲတွင်သာ မြင်တွေ့နိုင်တော့သည်။
သို့သော် ဤအဖြူအမည်း ရုပ်မြင်သံကြားစက်ကမူ ဤမှောင်မိုက်နေသော အခန်းလေးထဲတွင် ထင်ထင်ရှားရှား တည်ရှိနေ၏။
အခန်းထဲတွင် အဖြူအမည်း ရုပ်မြင်သံကြားစက်မှ ထွက်ပေါ်နေသော အလင်းရောင်မှလွဲ၍ အခြား မည်သည့် အလင်းရောင်မျှ လုံးဝ မရှိတော့ပေ။
ရုပ်မြင်သံကြားစက်ထဲတွင် ချန်းရီအား ဂျပန်မလေးက အခန်းငယ်ထဲသို့ ခေါ်ဆောင်သွားသော မြင်ကွင်း ပေါ်လာသည်။
ကောင်မလေးက စက္ကူလုံးလေးကို ချန်ထားရစ်ခဲ့သည့် မြင်ကွင်းမှာ ရုပ်မြင်သံကြားစက်ထဲတွင် ထင်ထင်ရှားရှား မှတ်တမ်းတင်ခံလိုက်ရ၏။
ချန်းရီ ခန့်မှန်းချက် မမှားယွင်းခဲ့ပေ။ ခုနက အင်းဆိုင်ထဲရှိ သူ၏ လှုပ်ရှားမှုတိုင်းကို အံ့သြဖွယ်ရာ စွမ်းအားတစ်မျိုးဖြင့် စောင့်ကြည့်နေခဲ့ပြီး ဤအခန်းငယ်လေးထဲသို့ ပေးပို့နေခဲ့ခြင်း ဖြစ်သည်။
အသားတောင်ကြီးက ထိုစက္ကူလုံးလေးကို မြင်လိုက်သောအခါ အေးစက်စက် ရယ်မောလိုက်ပြီး ဘေးနားတွင် ရပ်နေသော လူရိပ်တစ်ခုကို လှမ်းမေးလိုက်သည်။
"မင်း... ငါ့ကို ဘယ်တော့ စားမှာလဲ"
ဆက်ရန်...