အခန်း (၁၇၃-၁၇၄)
Vol. 18 Ch. 173-174
အခန်း (၁၇၃) ကျွန်တော် အားလုံးကို လိုချင်တယ်
"အခု လူအများကြီးက ငါးရံ့နက် နည်းပညာကုမ္ပဏီကို ဝေဖန်နေကြတယ်... "
"လောင်ကောင်းလည်း အဲဒီကိစ္စကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရတာ... သူ့ဆီသွား ပြီး အဖော်လုပ်ပေးလိုက်ပါဦး..."
ပိုင်မော့ယွီသည် မည်သို့ဖြစ်နေသည်ကို သိရှိပြီးဖြစ်ပေသည်။ သူမသည် အစိုးရယန္တရား အတွင်း လုပ်ကိုင်ခဲ့ဖူးသူဖြစ်ရာ လူထု၏ သဘောထားအမြင်များအပေါ် အလွန် အကဲ ဆတ်သူဖြစ်ပေ၏။
လင်းမေကမူ မည်သို့ဖြစ်ပျက်ခဲ့သည် သို့မဟုတ် ငါးရံ့နက် နည်းပညာကုမ္ပဏီတွင် မည် သည့်အရာ မှားယွင်းနေသည်ကို လုံးဝ မသိရှိခဲ့ပေ။
"မစ္စတာပိုင်... လင်းမေကို အခုပဲ သွားခိုင်းလိုက်ပါ..."
သွားရာလမ်းတွင် လင်းမေသည် ပိုင်မော့ယွီ ပြောပြသမျှကို နားထောင်ရင်း စိုးရိမ်ပူပန်မှု များဖြင့် ပြည့်နှက်လျက်ရှိနေခဲ့လေသည်။
"အစ်မကြီးပိုင်... ဒီကိစ္စအတွက် အစ်ကိုယွမ်ကို ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ... ဒါက နိုင်ငံတော်က ဖြေရှင်းရမယ့် ပြဿနာလေ..."
ပိုင်မော့ယွီက သက်ပြင်းချလိုက်လေသည်။
"ပြောရမယ်ဆိုရင်တော့ ဒါက အစ်ကိုယွမ်နဲ့ တကယ်ပဲ ပတ်သက်နေတာပေါ့... ကမ္ဘာပေါ် မှာ နည်းပညာသစ်တစ်ခု ပေါ်လာတိုင်း လုပ်ငန်းတစ်ခုခု ပျက်စီးသွားနိုင်ပေမယ့် အချိန် ကြာလာတာနဲ့အမျှ လိုအပ်ချက်အသစ်တွေက အဲဒီနေရာမှာ အစားထိုးဝင်ရောက်လာ မှာမို့လို့ ထိခိုက်မှုက သိပ်မကြီးမားဘူးလေ... "
"ဥပမာ ကင်မရာကို တီထွင်လိုက်တဲ့အခါ ပုံတူပန်းချီဆရာ အများစုပဲ အလုပ်ပြုတ်သွားခဲ့ တာပေါ့... တခြားနယ်ပယ်က ပန်းချီဆရာတွေကတော့ အခုထိ အဆင်ပြေနေတုန်းပဲ လေ..."
"အဲဒီပုံတူ ပန်းချီဆရာတွေ အလုပ်လက်မဲ့ ဖြစ်သွားတာကလည်း လိုအပ်ချက်အသစ်တွေ ကို ဖန်တီးပေးခဲ့တာပဲ... အရင်တုန်းက ပုံတူပန်းချီဆွဲတာက သူဌေးတွေရဲ့ အခွင့်ထူးခံ ဖြစ် ပြီးတော့ သာမန်လယ်သမားတွေက ပန်းချီဆရာ မငှားနိုင်ကြဘူးလေ... အခုတော့ လူ တိုင်းနီးပါး ဓာတ်ပုံရိုက်ဖူးကြပြီ... ဓာတ်ပုံဆရာ အရေအတွက်ကလည်း အရင်က ပန်းချီ ဆရာတွေထက် အဆမတန် ပိုများလာတာပေါ့... "
"အဲဒီတော့ ဘယ်သူကမှ ဆန့်ကျင်မှာ မဟုတ်ဘူး... အစ်ကိုယွမ်ရဲ့ ပြဿနာကတော့ အချိန် တိုအတွင်းမှာ နည်းပညာသစ်တွေ အများကြီး မိတ်ဆက်လိုက်တာကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူတွေက တခြားလုပ်ငန်းတွေဆီ ကူးပြောင်းဖို့ အချိန်မရလိုက်တာပဲ..."
လင်းမေသည် စိုးရိမ်တကြီး မေးလိုက်လေသည်။
"ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိလား..."
"အစ်ကိုယွမ်ကတော့ သေချာပေါက် ဖြေရှင်းနိုင်လိမ့်မယ်လို့ အစ်မ ယုံကြည်ပါတယ်..."
ကောင်းယွမ်သည် သူ၏ရုံးခန်းအတွင်း ရှိနေခဲ့၏။ ဤကမ္ဘာကြီး၏ အခြေခံသဘောတရား မှာ အမှန်တကယ်တွင် အလွန်ပင် ရိုးရှင်းလှပေသည်။
သယံဇာတများနှင့် ငွေကြေးများသည် လည်ပတ်နေကြရသည်သာ ဖြစ်၏။
ယခုအခါ ငွေကြေးများသည် ငါးရံ့နက် နည်းပညာကုမ္ပဏီအတွင်းသို့သာ စီးဝင်နေခဲ့လေ သည်။ အခြားသော နေ့စဉ်သုံးပစ္စည်းများစွာ ရှိနေသော်လည်း ထိရောက်မှု သိပ်မရှိလှပေ။
အထူးသဖြင့် ငတ်မွတ်ခေါင်းပါးမှုကြီး ဆိုက်ကပ်နေချိန်တွင် လူမှုအဖွဲ့အစည်း၏ ကဏ္ဍ အားလုံးမှာ ကျဆင်းနေခဲ့လေသည်။
စီးပွားရေးဟူသည် သံသရာလည်နေမှသာ လည်ပတ်နိုင်မည် ဖြစ်၏။
တစ်နည်းအားဖြင့် ဆိုရသော် ငွေကြေးများသည် ငါးရံ့နက် နည်းပညာကုမ္ပဏီမှ ပြန်လည် ထွက်ခွာသွားရပေမည်။
လူ့ဘဝဟူသည်မှာ စားသောက်ခြင်း၊ ဝတ်ဆင်ခြင်း၊ နေထိုင်ခြင်း၊ သွားလာခြင်းနှင့် ပျော် ပါးခြင်းတို့သာ ဖြစ်ပေသည်။ ဤစကားလုံးများမှာ ခေတ်သစ်လူ့အဖွဲ့အစည်း၏ အခြေခံ သဘောတရားကို ဖော်ညွှန်းနေခြင်းသာ ဖြစ်ပေ၏။
ပဋိပက္ခအားလုံးမှာ ဤအချက်များမှပင် စတင်လာခြင်း ဖြစ်ပေသည်။
ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပဋိပက္ခများဟူသည်မှာလည်း အခြေခံလိုအပ်ချက် များကို မဖြည့်ဆည်းနိုင်ရာမှ မြစ်ဖျားခံလာခြင်း ဖြစ်ပေသည်။
အကယ်၍ သယံဇာတများ အလွန်အမင်း ရှားပါးလာပါက တို့ဟူးအနှစ်ကို အချိုစားမ လား၊ အငန်စားမလားဟူသော အငြင်းပွားမှုသည်ပင် စစ်ပွဲဖြစ်ပွားစေသည့် အကြောင်း ရင်းတစ်ခု ဖြစ်လာနိုင်ပေသည်။
သယံဇာတများ ပေါကြွယ်ဝနေပါက ရန်သူ့နိုင်ငံ၏ သိမ်းပိုက်ခြင်းကို ခံရလျှင်ပင် ပဋိပက္ခ များ ရှိချင်မှ ရှိပေလိမ့်မည်။
သို့သော် လိုအပ်ချက်အသစ်များကို မည်သို့ဖန်တီးကာ သယံဇာတများကို လည်ပတ်စေ နိုင်ပါမည်နည်း။
နည်းပညာ ဆန်းသစ်တီထွင်မှုသည် အပြစ်မဟုတ်ပေ။ အမှန်တကယ် အပြစ်မှာ သယံ ဇာတများကို တစ်နေရာတည်း၌ အလွန်အမင်း စုပုံထားခြင်းသာ ဖြစ်တော့၏။
ကောင်းယွမ် စဉ်းစားနေစဉ်မှာပင် တံခါးခေါက်သံ ကြားလိုက်ရလေသည်။
ပိုင်မော့ယွီ၏ အသံမှာ အပြင်ဘက်မှ ထွက်ပေါ်လာခဲ့လေသည်။
"ကောင်းယွမ်... တံခါးဖွင့်စမ်းပါဦး..."
"အင်း..."
ကောင်းယွမ် တံခါးဖွင့်လိုက်သည့်အခါ ပိုင်မော့ယွီနှင့် လင်းမေတို့မှာ တံခါးဝတွင် ရပ်နေ သည်ကို မြင်လိုက်ရလေသည်။
"မင်းတို့ ဘာလို့ ရောက်လာတာလဲ..."
"ရှင် စိတ်ပျက်နေတဲ့ ပုံစံကို လာကြည့်တာလေ... ဒီလိုမျိုး မြင်ကွင်းက ရှားမှရှားဆိုတော့ မှတ်တမ်းတင်ထားဖို့ ဓာတ်ပုံတောင် ရိုက်ထားရမယ်..."
ပိုင်မော့ယွီ၏ စကားကြောင့် ကောင်းယွမ် ရယ်မောလိုက်လေသည်။
"လာပါ... ဓာတ်ပုံရိုက်ကြတာပေါ့..."
ပိုင်မော့ယွီလည်း ရယ်မောကာ ပြောလိုက်လေသည်။
"ဘာဖြစ်လို့လဲ... ပိုက်ဆံတွေကို ဝေငို့ အကြောင်းပြချက်တစ်ခု ရှာလိုက်ရုံပဲလေ... ကျွန်မ တို့ ပစ္စည်းတွေ ဆက်ထုတ်ဖို့ လိုသေးတာပဲ... ပစ္စည်းတွေ ထုတ်လုပ်ရတဲ့ အဓိက ရည် ရွယ်ချက်က လူတိုင်းအတွက် ပိုပြီး လွယ်ကူသက်သာအောင် လုပ်ပေးဖို့ မဟုတ်လား... စက်ယန္တရားတွေ ပေါ်လာလို့လည်း လယ်သမားတွေ ပျောက်ကွယ်သွားတာမှ မဟုတ် တာ..."
"ငါ သိပါတယ်... ဒါပေမဲ့ ငါ အဖြေတစ်ခု မစဉ်းစားမိသေးဘူး... တို့တွေက ပိုက်ဆံတွေကို ဒီအတိုင်းပဲ လျှောက်ဝေလို့ မရဘူး မဟုတ်လား... ဒါမှမဟုတ် အပိုအလုပ်တွေ အများကြီး ဖန်တီးပေးရမှာလား... အဲဒါက ရေငတ်တုန်း အဆိပ်သောက်သလို ဖြစ်နေလိမ့်မယ်..."
"တကယ်တော့ လိုအပ်ချက် တော်တော်များများက မလိုအပ်တဲ့ အရာတွေပါပဲ... စဉ်းစား ကြည့်ပါဦး... ဒီကမ္ဘာပေါ်က အလုပ်ဘယ်နှစ်ခုက အဓိပ္ပာယ်ရှိလို့လဲ... အဲဒီ တိုက်ရိုက် ထုတ်လွှင့်သူတွေ၊ မင်းသားမင်းသမီးတွေ၊ အရောင်းဝန်ထမ်းတွေနဲ့ ရုံးခန်းထဲမှာ အချက် အလက်တွေနဲ့ နပန်းလုံးနေရတဲ့သူတွေထဲမှာ ဘယ်သူ့အလုပ်က မရှိမဖြစ် လိုအပ်တာ လဲ..."
ပိုင်မော့ယွီက ပြောလိုက်လေသည်။
ထိုအခါ လင်းမေကလည်း ဝင်ပြောလိုက်လေ၏။
"အစ်ကိုယွမ်... ကျွန်မတို့လို ဒီဇိုင်နာတွေဆိုရင်လည်း တကယ်တော့ မလိုအပ်ပါဘူး... ပစ္စည်းတစ်ခုက နည်းနည်း ရုပ်ဆိုးတာဖြစ်ဖြစ်၊ လှတာဖြစ်ဖြစ် ဘာထူးမှာလဲ... ကျွန်မ လည်း ကောင်းကောင်းမွန်မွန် ရှင်သန်နေတာပဲ မဟုတ်လား..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ကောင်းယွမ်သည် ရုတ်တရက် နားလည်သွားခဲ့လေ သည်။
မှန်ပေသည်။ ဤကမ္ဘာပေါ်ရှိ အလုပ်အကိုင် ကိုးဆယ်ကိုးရာခိုင်နှုန်းမှာ အမှန်တကယ် တွင် အဓိပ္ပာယ် မရှိလှပေ။ ရှေးဦးလူသားများအတွက်မူ စားသောက်ရန်မှအပ အခြား အရာများမှာ အရေးမကြီးခဲ့ပေ။
လိုအပ်ချက်အားလုံးကို လူသားများကသာ ဖန်တီးခဲ့ကြခြင်း ဖြစ်လေ၏။
ကောင်းယွမ်သည် အဝတ်အထည် ပြဿနာကို ဖြေရှင်းပေးခဲ့ပြီးဖြစ်ကာ နောင်တွင်လည်း အစားအသောက် ပြဿနာကို ဖြေရှင်းပေးရပေမည်။ ထို့ကြောင့် နေထိုင်ရေးနှင့် သွားလာ ရေး ပြဿနာများကိုသာ ဖြေရှင်းပေးနိုင်ပါက အခြားအလုပ်များမှာ အဓိပ္ပာယ်ရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ ဘာအရေးပါတော့မည်နည်း။
ယခင်က အနာဂတ်ကမ္ဘာ၏ ဂိမ်းဦးထုပ်မှာ အလွန် လက်တွေ့ဆန်လွန်းသဖြင့် အဓိပ္ပာယ် မရှိဟု သူ ထင်ခဲ့မိလေသည်။ သို့သော် သူသည် ထိုအချက်အပေါ်တွင်သာ အလွန်အမင်း စွဲလမ်းနေခဲ့မိခြင်း ဖြစ်ချေ၏။ လူ့ဘဝမှာ အဓိပ္ပာယ်တွေ အများကြီး ရှိနေရန် မလိုပေ။ အသက်ရှင်နေရရုံဖြင့် လုံလောက်ပေသည်။
ယခု ပြဿနာမှာ လူများအတွက် အလုပ်အကိုင် မလုံလောက်ခြင်းကြောင့်သာ ဤကဲ့သို့ ပဋိပက္ခများ ရှိနေခြင်း ဖြစ်ပေသည်။
အလုပ်အားလုံး၏ အနှစ်သာရမှာ သယံဇာတနှင့် ငွေကြေးများကို ပြန်လည် ခွဲဝေပေးခြင်း သာ ဖြစ်ပေတော့သည်။
အကယ်၍ ကိုယ်ပိုင် ပုံရိပ်ယောင် ဂိမ်းတစ်ခု ဖန်တီးကာ လက်ရှိကမ္ဘာနှင့် ချိတ်ဆက်လိုက် ပါက လူတိုင်း လုပ်စရာ တစ်ခုခု ရှိလာပေလိမ့်မည်။ အခြေခံ အစားအသောက် ပြဿနာ ကို ဖြေရှင်းပေးပြီးနောက် ဂိမ်းမှတစ်ဆင့် သယံဇာတများကို ပြန်လည် ခွဲဝေပေးခြင်းဖြင့် နေထိုင်ရေးနှင့် သွားလာရေး ပြဿနာများကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ဖြေရှင်းနိုင် ပေလိမ့်မည်။
ထိုသို့ဆိုလျှင် တစ်ကမ္ဘာလုံးမှာ ပြီးပြည့်စုံသွားပေလိမ့်မည်။
ဤသို့ စဉ်းစားမိလိုက်သည့်အခါ ကောင်းယွမ်သည် အလွန် စိတ်လှုပ်ရှားသွားခဲ့လေတော့ သည်။ သူသည် ရှေ့တွင် ရှိနေသော လင်းမေကို ဖက်လိုက်ကာ ပါးကိုရွှတ်ခနဲ နမ်းလိုက် လေ၏။
"အရမ်းတော်တာပဲ... အခု ငါ ဘာလုပ်ရမလဲဆိုတာ သိပြီ..."
သူ ပြောပြီးသွားသည့်အခါမှ ပတ်ဝန်းကျင် အခြေအနေမှာ အနည်းငယ် ထူးဆန်းနေသည် ကို သတိပြုမိလိုက်လေသည်။
လင်းမေမှာ ရှက်သွေးဖြာနေပြီး ပိုင်မော့ယွီမှာမူ မည်သည့် ခံစားချက်မျှ မပြဘဲ ရှိနေခဲ့ လေသည်။
"ဟဲဟဲ... မင်းလည်း စမ်းကြည့်သင့်တယ်နော်..."
ကောင်းယွမ်သည် ပိုင်မော့ယွီထံသို့ လျှောက်သွားလိုက်လေသည်။
ပိုင်မော့ယွီသည် ရှောင်တိမ်းရန် ကြိုးစားသော်လည်း ကောင်းယွမ်က သူမကို တင်းကျပ် စွာ ဖက်ထားလိုက်လေတော့သည်။
"မနောက်နဲ့တော့..."
"ငါ နောက်နေတာ မဟုတ်ဘူး... အတည်ပြောနေတာ..."
ကောင်းယွမ်သည် ပိုင်မော့ယွီ၏ မျက်လုံးများကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
ပိုင်မော့ယွီက မေးလိုက်လေ၏။
"ဒါဆိုရင် ရှင် ဘယ်သူ့ကို ရွေးမှာလဲ..."
"ငါ အားလုံးကို ယူလို့ မရဘူးလား..."
ကောင်းယွမ်က အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
ပိုင်မော့ယွီသည် မည်သည့်စကားမျှ မဆိုတော့ဘဲ မျက်လုံးများကိုသာ မှိတ်ထားလိုက်လေ တော့သည်။
ကောင်းယွမ်သည် အလွန် ဝမ်းသာသွားခဲ့ရလေသည်။ ဤသည်မှာ သူမက သဘောတူ လိုက်ခြင်းပင် ဖြစ်ပေတော့သည်။
.......
အင်တာနက်တစ်ခွင်တွင် ငါးရံ့နက် နည်းပညာကုမ္ပဏီကို ဝေဖန်ရှုတ်ချနေကြစဉ်မှာပင် ငါးရံ့နက် နည်းပညာကုမ္ပဏီသည် ယင်း၏ တရားဝင် ဝက်ဘ်ဆိုက်နှင့် ငါးရံ့နက် အိမ်သုံး ဆော့ဖ်ဝဲလ်တို့တွင် ထုတ်ကုန်အသစ်တစ်ခုကို မိတ်ဆက်လိုက်လေတော့သည်။
အခြားသော ထုတ်ပြန်ချက်ကြီး တစ်ခုလည်း ရှိနေခဲ့ပေ၏။
[ပုံရိပ်ယောင် လက်တွေ့ဘဝ ဂိမ်းဖြစ်သော ကျူးရှို့ ရှောင်ယောင်းကျိ ကို ယနေ့တွင် စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ရှနိုင်ငံသားတိုင်းဟာ သူတို့ရဲ့ အထောက်အထား စာရွက် စာတမ်းကို ပြသပြီး ဂိမ်းဦးထုပ် တစ်ခုစီ ရယူနိုင်မှာဖြစ်ပါတယ်။ ဂိမ်းအတွင်းရှိ ဂိမ်းငွေ ကြေးများကို ရှနိုင်ငံသုံး ငွေကြေးနဲ့ အပြန်အလှန် လဲလှယ်နိုင်ပြီး ငါးရံ့နက် အိမ်သုံး ဆော့ဖ်ဝဲလ်မှာလည်း လဲလှယ်နိုင်မှာ ဖြစ်ပါတယ်...]
ထိုထုတ်ပြန်ချက်နှင့်အတူ အခြားသော အသိပေးချက် နှစ်ခုလည်း ပါရှိလေသည်။
ပထမအချက်မှာ ငါးရံ့နက် နည်းပညာကုမ္ပဏီသည် ၎င်း၏ အာဟာရအနှစ်များကို တစ်နိုင်ငံလုံးသို့ ဖြန့်ဝေပေးသွားမည် ဖြစ်ပေသည်။ ဤအာဟာရအနှစ်များကို အကန့် အသတ်မရှိ ရရှိနိုင်ကာ အနှစ်တစ်ပြွန်သည် လူတစ်ဦး တစ်နေ့တာအတွက် လိုအပ်သော အာဟာရဓာတ်အားလုံးကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပေ၏။
အခြား ထုတ်ပြန်ချက်တစ်ခုမှာ ငါးရံ့နက် နည်းပညာကုမ္ပဏီသည် ပြည်တွင်းရှိ အဓိက မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ (၁၀) ခုနှင့် ပူးပေါင်းကာ မော်ဒယ်အသစ်တစ်ခုကို စတင် တီထွင်နေပြီ ဖြစ်ကြောင်းပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မော်တော်ယာဉ် ထုတ်လုပ်သူ တစ်ဦးစီသည် ကားအစီးရေ တစ်သိန်း စီ ထည့်ဝင်သွားမည်ဖြစ်ကာ ၎င်းတို့ကို ကျူးရှို့ ရှောင်ယောင်းကျိ ဂိမ်းအတွင်း ကံစမ်းမဲ အစီအစဉ်ဖြင့် အခမဲ့ ပေးအပ်သွားမည် ဖြစ်လေသည်။
ဤထုတ်ပြန်ချက်များသည် ဈေးကွက်အတွင်းသို့ ဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဖြစ် သွားခဲ့ရလေသည်။ လူတိုင်း ပါဝင်နိုင်ကာ ဂိမ်းငွေကြေးကိုလည်း ရှနိုင်ငံသုံး ငွေကြေးနှင့် တိုက်ရိုက် လဲလှယ်နိုင်မည် ဖြစ်ရာ...၊
ငွေကြေးကို နေရာတိုင်းတွင် အသုံးပြုနိုင်သရွေ့ ဤဂိမ်းမှာ ဂိမ်းတစ်ခု မဟုတ်တော့ဘဲ လုပ်ငန်းသစ်တစ်ခု ဖြစ်လာပေတော့မည်။
အလုပ်လက်မဲ့ဖြစ်နေသူများမှာ စိုးရိမ်ပူပန်ကာ ဒေါသထွက်နေရခြင်းမှာ ပိုက်ဆံရှာရန် လမ်းစမရှိသောကြောင့် ဖြစ်၏။ ယခုအခါ လမ်းကြောင်းသစ်တစ်ခု ပွင့်သွားပြီဖြစ်ရာ လူတိုင်းသည် ထိုမှတစ်ဆင့် ပိုက်ဆံရှာနိုင်မည့် အခွင့်အရေး ရရှိသွားခြင်းပင် ဖြစ်ပေ တော့သည်။
ထို့ကြောင့် လူအများသည် ဂိမ်းဦးထုပ်များကို မှာယူရန်နှင့် ဂိမ်းအတွင်း၌ မည်သည့်အရာ များ ရှိသည်ကို ကြည့်ရှုရန် ငါးရံ့နက် အိမ်သုံးဆော့ဖ်ဝဲလ်သို့ အပြုံအလိုက် ရောက်ရှိလာ ကြလေတော့သည်။
အခန်း (၁၇၄) ကျူးရှို့ ရှောင်ယောင်းကျိ
"ကျူးရှို့ ရှောင်ယောင်းကျိ" ကို ဒေါင်းလုဒ်ဆွဲရန် မလိုအပ်ပေ။ ယင်းကို သင် လျှောက်ထား ရရှိသော အခမဲ့ ဂိမ်းဦးထုပ်အတွင်း၌ ကြိုတင် ထည့်သွင်းထားပြီး ဖြစ်ပေ၏။
ဂိမ်းဦးထုပ်ကို ရရှိပြီးနောက်တွင် ဂိမ်း၏ ပုံရိပ်ယောင် မျက်နှာပြင်အတွင်းသို့ ချက်ချင်း ဝင်ရောက်နိုင်ပေသည်။ ဤဂိမ်းအတွင်း၌ မည်သည့်အရာများ ရှိနေသည်ကို ယခုအချိန်ထိ မည်သူမျှ မသိရှိကြသေးပေ။
သို့သော် ဂိမ်းငွေကြေးကို ရှနိုင်ငံသုံး ငွေကြေးနှင့် တစ်ပုံစံတည်း လဲလှယ်နိုင်သည်ဟူသော အချက်မှာ လူအများကို ဆွဲဆောင်ရန် လုံလောက်လှပေသည်။ ဤသည်မှာ လူအများ စိတ်ကူးယဉ် အိပ်မက်မက်ခဲ့ရသော အလုပ်တစ်ခု ဖြစ်ပေတော့သည်။
ကျိုးလန်သည် ဆရာဝန်တစ်ဦး ဖြစ်သော်လည်း ယခုအခါတွင်မူ သူသည် အလုပ်လက်မဲ့ ဖြစ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေခဲ့လေပြီဖြစ်ပေသည်။ အကြောင်းမှာ အသက် ဆက် အခြေခံဆေးရည် ပေါ်ပေါက်လာပြီးနောက် လူနာအများစုမှာ ဆေးရုံသို့ လာရန် မလိုအပ်တော့သောကြောင့် ဖြစ်ပေသည်။
ကျိုးလန်သည် စိတ်ထဲ၌ ဝေခွဲမရ ဖြစ်နေခဲ့ရလေသည်။ ယခင်က လူနာများပြားချိန်တွင် သူသည် အလုပ်ဖိအားများပြားလှပြီး လူနာရှင်များ၏ မိသားစုများနှင့်လည်း အမြဲတစေ နပန်းလုံးနေခဲ့ရလေ၏။ သူသည် အမြဲတမ်းလိုလို အချိန်ပို အလုပ်လုပ်ခဲ့ရသဖြင့် အသက် လေးဆယ်ကျော်ရုံသာ ရှိသေးသော်လည်း ထိပ်ပြောင်နေခဲ့ပြီ ဖြစ်ပေသည်။
ဤကမ္ဘာပေါ်တွင် ဆရာဝန်များ မလိုအပ်တော့သော အချိန်ရောက်လာပါက မည်သို့ ရှိမည် ကို သူ အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးလေသည်။ ထိုသို့ဖြစ်လာပါက သူသည် နောက်ဆုံး တွင် အနားယူနိုင်ပေလိမ့်မည်။
သို့သော် အသက်ဆက် အခြေခံဆေးရည် ပေါ်လာပြီး အမှန်တကယ် အလုပ်ပြုတ်တော့ မည့် အခြေအနေနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ သူသည် အလွန်အမင်း ထိတ်လန့်လာခဲ့ ရလေသည်။
ဝင်ငွေမရှိလျှင် အိမ်အရစ်ကျကြွေးမြီကို မည်သို့ပေးဆပ်မည်နည်း။ ကလေးများ၏ ကျောင်းစရိတ်ကိုရော မည်သို့ တတ်နိုင်ပါတော့မည်နည်း။ ဇနီးသည်က အလှကုန်ပစ္စည်း များ လိုချင်နေပြီး သားဖြစ်သူက ဂိမ်းစက်တစ်ခု လိုချင်နေခဲ့ပေသည်။ ဖခင်ဖြစ်သူက အရက်ကောင်းတစ်ပုလင်း လိုချင်နေသလို သူကိုယ်တိုင်လည်း ငါးဖမ်းကိရိယာများကို အဆင့်မြှင့်တင်လိုနေခဲ့ပေသည်။
ကျိုးလန်သည် ကောင်းယွမ်ကို စတင် မုန်းတီးလာခဲ့လေသည်။ နောင်တွင် သူသည် ပြားစိ မျှ မရှိသောသူတစ်ဦး ဖြစ်လာပေတော့မည်။ သူ၏ ပတ်ဝန်းကျင်တွင်လည်း သူနှင့် အလားတူ လူများစွာ ရှိနေခဲ့ကြလေသည်။
သူသည် အစပိုင်းတွင် လူအုပ်နှင့်အတူ သွားရောက် ဆန္ဒပြရန် စဉ်းစားခဲ့သော်လည်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိလိုက်လေသည်။ အသက်ဆက် အခြေခံဆေးရည်မှာ အမှန်တကယ် ထူးချွန်သော ဆေးဝါးတစ်လက် ဖြစ်ပြီး အံ့ဖွယ်ဆေးတစ်လက်ဟုပင် ဆိုနိုင်ပေသည်။
ဤဆေး ပေါ်လာပြီးနောက်တွင် ကမ္ဘာပေါ်ရှိ ရောဂါဝေဒနာများစွာကို သက်သာစေနိုင်ခဲ့ ပေသည်။ သို့သော် အဘယ်ကြောင့် ဤဒဏ်ရာမှာ မိမိကိုယ်တိုင်ပေါ်သို့ ကျရောက်လာရ ပါသနည်း။
နောက်ပိုင်းတွင် ကျိုးလန်သည် အွန်လိုင်း၌ ပျံ့နှံ့နေသော ဆောင်းပါးကို မြင်တွေ့ခဲ့ပြီး သူ တစ်ဦးတည်း ထိခိုက်နေခြင်း မဟုတ်ကြောင်း သိလိုက်ရလေသည်။ သူ၏ရှေ့တွင်လည်း လူသန်းပေါင်းများစွာ၏ လုပ်ငန်းများမှာ ပျက်စီးသွားခဲ့ရလေပြီဖြစ်တော့၏။
အထူးသဖြင့် တစ်သက်လုံး လုပ်ကိုင်လာခဲ့သော လုပ်ငန်းများမှာ ယခုအခါ နေဝင်ချိန်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ အခြား မည်သည့်အရာများ လုပ်ကိုင်နိုင်ဦးမည်နည်း။ အားလုံးမှာ အတူတူပင် ဖြစ်နေခဲ့ကြလေသည်။ သတင်းများအရ နိုင်ငံများစွာတွင် လူအများ ငတ်မွတ် ကာ သေဆုံးနေကြသည်ဟု သိရပေသည်။ ရှနိုင်ငံမှာမူ စားနပ်ရိက္ခာ အရန်ရှိနေသဖြင့် ကံကောင်းနေသေးပေ၏။
ငါးရံ့နက် နည်းပညာကုမ္ပဏီက အာဟာရအနှစ်ကို မိတ်ဆက်လိုက်သည့်အခါ ကျိုးလန် သည် သက်ပြင်းချနိုင်သွားခဲ့လေသည်။ စားနပ်ရိက္ခာ အရန်များမှာ အကန့်အသတ်ရှိနေသ ဖြင့် နောက်ထပ် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် ကြာသွားပါက ရှနိုင်ငံမှာလည်း ပြိုလဲသွား နိုင်ပေသည်။ အစားအသောက် မရှိလျှင် နတ်ဘုရားပင်လျှင် ကယ်တင်နိုင်မည် မဟုတ် ပေ။
အာဟာရအနှစ်၏ အရသာမှာ မည်သို့ပင် ရှိစေကာမူ အနည်းဆုံးတော့ အစားအသောက် ရှိနေမည်ဟု အာမခံနိုင်သွားပြီ ဖြစ်၏။ ထို့ကြောင့် ကျိုးလန်သည် ငါးရံ့နက် အိမ်သုံးဆော့ ဖ်ဝဲလ်တွင် သူ၏ မိသားစုဝင်အားလုံးအတွက် ဂိမ်းဦးထုပ်များကို ချက်ချင်း လျှောက်ထား လိုက်လေသည်။
ရက်အနည်းငယ် စောင့်ရမည်ဟု သူ ထင်ခဲ့သော်လည်း နောက်တစ်နေ့တွင်ပင် ဂိမ်းဦးထုပ် များမှာ အိမ်အရောက် ရောက်ရှိလာခဲ့လေသည်။ မိသားစုတွင် ငါးဦး ရှိပေသည်။ သူကိုယ် တိုင်၊ ဇနီးသည်၊ သားဖြစ်သူ၊ ဖခင်ဖြစ်သူနှင့် သားဖြစ်သူနှင့် အသက်အရွယ်တူသော ခယ်မလေးတို့ ဖြစ်ကြပေသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က သူ၏ ယောက္ခမများမှာ ယာဉ်တိုက်မှုဖြင့် ဆုံးပါးသွားခဲ့သဖြင့် ခယ်မလေးမှာ တစ်ကိုယ်တည်း ကျန်ရစ်ခဲ့လေသည်။ သူ၏ဇနီးဖြစ်သူ ဝမ်းနည်းပူဆွေး နေသည်ကို ကျိုးလန် မကြည့်ရက်သဖြင့် ခဲမလေးကို ခေါ်ယူ စောင့်ရှောက်ခဲ့ခြင်း ဖြစ်ပေ သည်။ ယခုအခါ သားဖြစ်သူနှင့် သူ၏ အဒေါ်ဖြစ်သူမှာ အလွန် ခင်မင်ကြလေသည်။
ကျိုးလန်သည် ဂိမ်းကို အရင် စမ်းသပ်ကြည့်မည် ဖြစ်သည်။ အကယ်၍ ယခင်က အွန်လိုင်းဂိမ်းများကဲ့သို့ ဖြစ်နေပါက သူ၏သားနှင့် ခယ်မလေးကို လုံးဝ ပေးကစားမည် မဟုတ်ပေ။
"မိန်းမ... ဦးထုပ်တွေ ရောက်ပြီ... လာ စမ်းကြည့်ရအောင်... နောင်ကျရင် တို့တွေ ဒီဂိမ်း ကနေ ပိုက်ဆံရှာရတော့မှာနော်..."
ဇနီးသည်မှာ ယခင်က ဆေးဝါးစက်ရုံတစ်ခုတွင် သုတေသန လုပ်ကိုင်ခဲ့သူ ဖြစ်သော် လည်း စက်ရုံမှာ ဒေဝါလီခံလိုက်ရသဖြင့် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရလေသည်။ ယခုအခါ နှစ်ယောက်လုံး အိမ်မှာပင် ရှိနေသဖြင့် ယခင်က နွေးထွေးမှုများကို ပြန်လည် ခံစားနေရ လေသည်။
လင်းမိုသည် အနွေးထည် ဝတ်ဆင်ကာ ထွက်လာခဲ့လေသည်။
"ဒီလို ဘဝမျိုးကို ဆက်မနေနိုင်တော့ဘူး... ဒါတွေအားလုံး ကောင်းယွမ်ကြောင့်ပဲ... လူ တိုင်းက သူ့ကို အွန်လိုင်းမှာ ဆဲနေကြတာ... ဒါပေမဲ့လည်း သက်ပြင်းချရုံကလွဲလို့ ဘာ လုပ်နိုင်မှာတဲ့လဲ..."
"အဲဒါတွေကို ခဏမေ့ထားလိုက်ပါ... ဂိမ်းထဲဝင်ပြီး သွားကြည့်ရအောင်... ငါးရံ့နက် နည်း ပညာကုမ္ပဏီက ပြောတာတော့ ဂိမ်းပိုက်ဆံကို ရှနိုင်ငံသုံး ငွေကြေးနဲ့ တစ်ပုံစံတည်း လဲလို့ ရတယ်တဲ့... သွားကြည့်ကြရအောင်လေ..."
သူသည် ဇနီးသည်ကို ဂိမ်းဦးထုပ် ဆောင်းပေးလိုက်လေ၏။ ကျိုးလန်လည်း သူ၏ဦးထုပ် ကို ဆောင်းကာ ခလုတ်ကို နှိပ်လိုက်လေသည်။
မြင်ကွင်းမှာ ချက်ချင်း ပြောင်းလဲသွားပြီး ဝတ္ထုတစ်ပုဒ်ထဲက ကမ္ဘာသို့ ရောက်ရှိသွားခဲ့လေ သည်။ သူ၏ရှေ့တွင် မြို့ကြီးတစ်မြို့ ရှိနေပြီး ယင်း၏ ပုံစံမှာ ရှေးခေတ် ရှနိုင်ငံနှင့် ဆင်တူ လှပေသည်။ ကျိုးလန်သည် အံ့အားသင့်စွာဖြင့် မြို့အတွင်းသို့ လျှောက်လှမ်းဝင်ရောက် သွားခဲ့လေသည်။ မြို့တံခါးဝတွင် "ကျိကျိုး" ဟု ရေးထိုးထားခဲ့လေသည်။
ကျိကျိုးမြို့ရှိ အဆောက်အအုံများမှာ တိမ်တိုက်များအထိ မြင့်မားနေပြီး ရှေးခေတ် ဝတ် စုံများ ဝတ်ဆင်ထားသော လူများသည် လမ်းမများပေါ်တွင် ယာဉ်ပျံများကို မောင်းနှင်နေ ကြလေသည်။ လမ်းဘေးရှိ ဆိုင်များတွင် ငါးရံ့နက် နည်းပညာကုမ္ပဏီ ဆိုင်အပြင် အခြား သော နာမည်ကြီး တံဆိပ်များလည်း ရှိနေခဲ့ပေသည်။ လမ်းမပေါ်တွင် လူသိပ်မများလှ ပေ။ ကျိုးလန် နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ ဇနီးသည်လည်း ဝင်ရောက်လာ သည်ကို မြင်လိုက်ရလေသည်။
"ဒါက တကယ့်ကို အစစ်အတိုင်းပဲနော်... ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ အပူချိန်ထိန်း အဝတ်အစား ဆိုင်ကိုသာ မမြင်ခဲ့ရင် ငါ တကယ်ပဲ အတိတ်ကို ရောက်သွားတယ်လို့ ထင်မိမှာ..."
"ဟုတ်တယ်... အရမ်း အစစ်ဆန်တာပဲ..."
ကျိုးလန်သည် ပိုက်ဆံရှာရန် နည်းလမ်း သုံးမျိုးကို တွေ့ရှိလိုက်ရလေသည်။ ပထမနည်း လမ်းမှာ အဆင့်များကို ကျော်ဖြတ်ခြင်း ဖြစ်၏။
မြို့ကြီး တစ်မြို့စီတွင် တာဝန်ပေးချက်ပေါင်း (၁၀၈) ခု ရှိပေသည်။ လူတစ်ဦးသည် တစ် နေ့လျှင် တစ်ကြိမ်စီ စမ်းသပ်နိုင်ပြီး နည်းပညာနှင့် လူမှုရေး ကျွမ်းကျင်မှုဟူ၍ နှစ်မျိုး ခွဲခြားထားလေသည်။
ဒုတိယနည်းလမ်းမှာ စီးပွားရေး လုပ်ကိုင်ခြင်း ဖြစ်သည်။ မြို့အတွင်း ဆိုင်တစ်ဆိုင် ဖွင့် ကာ ပစ္စည်းများကို ရောင်းချနိုင်ပေသည်။ ဂိမ်းထဲမှ ပစ္စည်းများမှာ လက်ရှိကမ္ဘာရှိ ပစ္စည်း များနှင့် တူညီပြီး ဂိမ်းထဲမှ မှာယူပါက အပြင်လောကတွင် အိမ်အရောက် ပို့ဆောင်ပေး မည် ဖြစ်ပေသည်။ တစ်ကြိမ်ပေးချေရုံဖြင့် နှစ်မျိုးစလုံးတွင် ခံစားနိုင်မည် ဖြစ်ပေသည်။
နောက်ဆုံးနည်းလမ်းမှာ ဂိမ်းအတွင်းရှိ ပစ္စည်းများကို အသုံးပြုကာ မြင်ကွင်းများနှင့် ဗီဒီယိုများ ဖန်တီးခြင်း ဖြစ်ပေသည်။ ကျိုးလန်သည် ဂိမ်းထဲ၌ ရန်သူများကို သတ်ဖြတ် ကာ အဆင့်တက်ရသော နည်းလမ်း မရှိသည်ကို သတိပြုမိလိုက်လေသည်။
ဤသည်မှာ လက်ရှိကမ္ဘာနှင့် ချိတ်ဆက်ထားသော အပြိုင်ကမ္ဘာတစ်ခု ဖြစ်နေခဲ့ခြင်းပင် ဖြစ်တော့သည်။
ဤပလက်ဖောင်းသည် လူအမျိုးမျိုးအတွက် ပိုက်ဆံရှာရန် နည်းလမ်းအမျိုးမျိုးကို ဖန်တီးပေးထားလေသည်။ ကောင်းယွမ်သည် ဤဂိမ်းကို ဖန်တီးရန် စက်ရုပ်ပေါင်း ထောင်နှင့်ချီ၍ အသုံးပြုခဲ့ရလေသည်။
ရည်ရွယ်ချက်မှာ လူတိုင်း မိမိကိုယ်မိမိ ထောက်ပံ့နိုင်ရန် အခြေခံ ဝင်ငွေတစ်ခု ရရှိစေရန် ဖြစ်ပေ၏။ အသက်အရွယ် သို့မဟုတ် ပညာအရည်အချင်း ကန့်သတ်ချက် မရှိပေ။
ဘေးနားရှိ ကျန်းပိုင်ရီသည်လည်း ဂိမ်းဦးထုပ်ဆောင်းကာ စမ်းသပ်နေလေသည်။ သူသည် ဦးထုပ်ကို ချွတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
"လောင်ကောင်း... ဒါက ဂိမ်းတစ်ခုလား... ဒါက ပုံရိပ်ယောင် ကမ္ဘာကြီး မဟုတ်လား... အခု လူတိုင်းက အတိတ်ကို ပြန်သွားတဲ့ ဂိမ်းတွေ ကစားနေကြတာလား... ဂိမ်းထဲက တာဝန်တွေက တကယ်ကို ပျော်ဖို့ ကောင်းတာပဲ..."