← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅) ခေတ်သစ်တစ်ခုသို့ တက်လှမ်းခြင်း

"စိတ်ဝင်စားဖို့ ကောင်းတာပေါ့... ငါက ရှနိုင်ငံ သိပ္ပံအကယ်ဒမီနဲ့ ပူးပေါင်းပြီး ခက်ခဲတဲ့ သိပ္ပံပဟေဠိတွေကို အစိတ်အပိုင်းလေးတွေအဖြစ် ခွဲလိုက်တာလေ... ဒီလိုနဲ့ တစ်နိုင်ငံ လုံးရဲ့ ဉာဏ်ပညာကို ပေါင်းစပ်ပြီး သိပ္ပံပညာ တိုးတက်အောင် လုပ်တဲ့ အဆင့်တွေ ဖန်တီး လိုက်တာပဲ... "

"ကျွန်တော်တို့ရဲ့ သိပ္ပံပညာက အရှိန်အဟုန်နဲ့ တိုးတက်လာတော့မှာပါ... ဒါ့အပြင် လူတိုင်း က မြင်ကွင်းတွေနဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင်တော့မယ်... ဒါက လူတိုင်းမှာ ဦးနှောက်လှိုင်း ပုံရိပ်ဖော်ကိရိယာ ရှိနေသလိုမျိုးပဲပေါ့... ဖျော်ဖြေရေး လုပ်ငန်းလည်း သိသိသာသာ တိုး တက်လာလိမ့်မယ်... အခုဆိုရင် လူတိုင်းက ဖန်တီးရှင်တွေရော သုတေသန ပညာရှင်တွေ ပါ ဖြစ်နေကြပြီလေ..."

"ဆိုင်ဖွင့်တာကရော..."

"တကယ်တော့ ဘယ်သူမဆို ကျွမ်းကျင်မှု တစ်ခုခုရှိရင် ဆိုင်ဖွင့်လို့ ရပါတယ်... ဥပမာ ပန်းချီဆွဲတတ်ရင် ပန်းချီဆွဲရင်း အနားယူလို့ရတဲ့ ဆိုင်လေး ဖွင့်လို့ရတာပေါ့... ဒီဂိမ်းထဲမှာ လူတိုင်းက မိမိတို့ ဝါသနာပါရာကို လုပ်လို့ရတယ်... "

"ဘောလုံးကန်ချင်ရင် ကိုယ်အင်္ဂါ မသန်စွမ်းရင်တောင် စိတ်ကြိုက် ကစားနိုင်တယ်... တစ် ယောက်ယောက်က သတ်ဖြတ်ရတာ ဝါသနာပါရင်လည်း တခြားကစားသမားတွေ ဖန် တီးထားတဲ့ မြင်ကွင်းတွေထဲ သွားလို့ရတာပေါ့... တကယ်တော့ 'ကျူးရှို့ရှောင်ယောင်းကျိ' ဆိုတာ ပုံရိပ်ယောင်နဲ့ လက်ရှိကမ္ဘာကို ချိတ်ဆက်ပေးထားတဲ့ ပလက်ဖောင်း တစ်ခုပါပဲ..."

ဟု ကောင်းယွမ်က ရှင်းပြလိုက်လေသည်။

"ဒီလိုဆိုရင် ကုမ္ပဏီအားလုံးကို 'ကျူးရှို့ ရှောင်ယောင်းကျိ' ထဲမှာ ပေါင်းစည်းလိုက်လို့ ရပြီ ပေါ့..."

"ပြီးတော့ အစိုးရဌာန အသီးသီးကလည်း ဒီမှာ လာရောက် အခြေစိုက်ကြလိမ့်မယ်... ဒါပေမဲ့ အဲဒါက နည်းနည်း နောက်ကျဦးမှာပါ..."

ကောင်းယွမ်သည် ဤဂိမ်းအတွက် အတော်လေး ကြိုးစားခဲ့ရလေသည်။ ဤဂိမ်းသည် အနာဂတ်တွင် ပိုမိုပြည့်စုံလာကာ လက်ရှိကမ္ဘာထက် သာလွန်သည့်အရာတစ်ခု ဖြစ်လာ ပေလိမ့်မည်။

ပိုက်ဆံရှာခြင်းနှင့် ဈေးဝယ်ခြင်းတို့သာမက တစ်နိုင်ငံလုံး၏ အင်အားကို စုစည်းကာ သိပ္ပံ သုတေသန စိန်ခေါ်မှုများကိုပါ ဖြေရှင်းနိုင်မည် ဖြစ်ချေသည်။ ဤသို့ဖြင့် အချင်းချင်း ပွတ် တိုက်မှုများလည်း မရှိတော့ဘဲ (၉၉၆) အလုပ်ချိန်စနစ်လည်း ရှိတော့မည် မဟုတ်ပေ။

'ကျူးရှို့ ရှောင်ယောင်းကျိ' စတင်လိုက်ခြင်းသည် ရှနိုင်ငံအတွက် ခေတ်သစ်တစ်ခု၏ အစ ပင် ဖြစ်တော့၏။ ဤသည်မှာ တစ်နိုင်ငံလုံး၏ စိတ်ကူးယဉ်မှုကို လွတ်လပ်စွာ ထုတ်ဖော် ခွင့် ပေးလိုက်ခြင်း ဖြစ်ပေသည်။

ထို့အပြင် လုပ်ငန်းခွင် အသီးသီး၏ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ကာ လူ တိုင်းသည် မိမိတို့နှင့် သင့်တော်မည့် နေရာကို ဂိမ်းအတွင်း ရှာဖွေတွေ့ရှိနိုင်ကြလေသည်။ ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက်လည်း ဤသည်မှာ ဒုတိယဘဝကို ရရှိစေခြင်းပင် ဖြစ်တော့၏။ လက်ရှိကမ္ဘာတွင် မလုပ်ဆောင်နိုင်သော အရာများစွာကို ဂိမ်းအတွင်း၌မူ ကန့်သတ်ချက်မရှိ လုပ်ဆောင်နိုင်ပေသည်။

အချိန်ကြာလာသည်နှင့်အမျှ 'ကျူးရှို့ ရှောင်ယောင်းကျိ' ၏ ကစားသမား အရေအတွက် မှာလည်း တစ်နေ့ထက်တစ်နေ့ တိုးပွားလာခဲ့လေသည်။ လူတို့သည် ဤဂိမ်းအတွင်း၌ လွတ်လပ်မှု အပြည့်အဝရှိသည်ကို တွေ့ရှိခဲ့ကြပြီး ဂိမ်းဦးထုပ်၏ ပုံရိပ်ဖော်နိုင်စွမ်းမှာ လည်း လက်တွေ့ဘဝနှင့် ခွဲခြားမရနိုင်အောင်ပင် ကောင်းမွန်လှပေသည်။

ငါးရံ့နက် နည်းပညာစက်မှုဇုန်ရှိ ဂိမ်းဦးထုပ် ထုတ်လုပ်မှု လိုင်းများသည်လည်း အရှိန်အ ဟုန်ဖြင့် လည်ပတ်နေလျက်ရှိပြီး နှစ်ပတ်အတွင်း ဦးထုပ်ပေါင်း တစ်ဘီလီယံ ထုတ်လုပ် ရန် ကောင်းယွမ်က စီစဉ်ထားခဲ့လေသည်။

ထို့အပြင် ကောင်းယွမ်သည် ကျိုးကျန်းလီနှင့်လည်း ဖုန်းဖြင့် ဆွေးနွေးခဲ့သေး၏။ သူသည် ကျိုးကျန်းလီအား ရှနိုင်ငံ အစိုးရဌာနများကို ဂိမ်းအတွင်းသို့ ဝင်ရောက်လာရန် ဖိတ်ခေါ်ခဲ့ လေသည်။

အချို့သောသူများကမူ ကောင်းယွမ်၏ ဂိမ်းမှာ ရှနိုင်ငံတစ်ခုလုံးကို ဖျက်ဆီးမည့် အဆိပ် အတောက် ဖြစ်သည်ဟု သွေးထိုးလှုံ့ဆော်နေကြဆဲ ဖြစ်လေ၏။ သို့သော် သာမန်လူများ အတွက်မူ ဂိမ်းအတွင်း၌ ပိုက်ဆံရှာရသည်မှာ လက်ရှိကမ္ဘာထက် ပို၍ လွယ်ကူနေသည် ကို တွေ့ရှိခဲ့ကြလေသည်။

ကောင်းယွမ်သည် အပူချိန်ထိန်းအဝတ်အစား၊ လက်ပတ်ဖုန်း၊ အာဟာရအနှစ်နှင့် အသက် ဆက် အခြေခံဆေးရည်တို့မှ ရရှိသော အမြတ်အစွန်းများကို စုဆောင်းကာ 'ကျူးရှို့ ရှောင် ယောင်းကျိ' အတွင်းရှိ လုပ်ငန်းများထံမှလည်း အခွန်အခများ ကောက်ခံခဲ့လေသည်။

ထို့နောက် ထိုငွေကြေးများကို ဂိမ်းအတွင်းရှိ တာဝန်ပေးချက် စနစ်များမှတစ်ဆင့် ပြည်သူ များထံသို့ ပြန်လည် ဝေငှပေးလိုက်ရာ ငွေကြေးများမှာ ပြန်လည် လည်ပတ်လာခဲ့လေ တော့သည်။

ရှနိုင်ငံ သိပ္ပံအကယ်ဒမီသည်လည်း ယင်းမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့လေသည်။ ယခင် က သိပ္ပံသုတေသန လုပ်ငန်းများသည် အထူးပြုပညာရပ်များကြောင့် လူနည်းစုသာ လုပ် ဆောင်နိုင်သော နယ်ပယ်တစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါ အလင်းကွမ်တမ် ကွန်ပျူတာ မှတစ်ဆင့် သုတေသန လုပ်ငန်းများကို သန်းပေါင်းများစွာသော အစိတ်အပိုင်းလေးများ အဖြစ် ခွဲထုတ်ပေးလိုက်ပြီ ဖြစ်ချေ၏။

သာမန်လူများသည် ဂိမ်းအတွင်း အဆင့်များကို ကျော်ဖြတ်ရုံဖြင့် သုတေသန လုပ်ငန်း များကို ကူညီပေးနိုင်ကာ နောက်ဆုံးတွင် အချက်အလက်များကို စုစည်း၍ ရလဒ်များ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ ဤအောင်မြင်မှုများသည်လည်း ကုန်ထုတ်လုပ်မှု စွမ်းအားနှင့် ထုတ်ကုန်အသစ်များအဖြစ် ပြောင်းလဲသွားကာ ဂိမ်းအတွင်းနှင့် လက်ရှိ ကမ္ဘာအတွင်းသို့ ရောက်ရှိလာခဲ့လေသည်။

စက်ရုံများအတွင်း၌မူ ဉာဏ်ရည်တု စနစ်များက ထုတ်လုပ်မှု အဆင့်တိုင်းကို ထိန်းချုပ် ကာ ထုတ်ကုန်အသစ်များကို အဆက်မပြတ် ထုတ်လုပ်နေခဲ့ကြလေသည်။ ကောင်းကင် ယံတွင်လည်း ပစ္စည်းပို့ စက်ရုပ်များသည် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများထံသို့ ပစ္စည်း များကို တိကျမြန်ဆန်စွာ ပို့ဆောင်ပေးနေခဲ့ကြလေသည်။

အချိန်တိုအတွင်းမှာပင် ရှနိုင်ငံသည် အနာဂတ်ကမ္ဘာသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရ လေသည်။ ဤသည်မှာ ကောင်းယွမ်၏ သုံးဖက်မြင် မိုက်ခရိုပရင်တာ နည်းပညာကြောင့် ပင် ဖြစ်ပေတော့သည်။

ရှနိုင်ငံ၏ အပြင်ဘက်တွင်မူ အခြေအနေများမှာ ငရဲကဲ့သို့ ဖြစ်နေခဲ့လေပြီ။ အစာရေစာ ငတ်မွတ်ခြင်း၊ စစ်မီးတောက်လောင်ခြင်းနှင့် ပြင်းထန်သော ကူးစက်ရောဂါများကြောင့် အတိဒုက္ခ ရောက်နေကြရလေသည်။ ကောင်းယွမ်သည် ထိုအရာများကို အေးစက်စွာ ကြည့်နေခဲ့လေ၏။

လူအများအပြားမှာ ရှနိုင်ငံ၏ နယ်စပ်သို့ ရောက်ရှိလာကာ တရားမဝင် ဝင်ရောက်ရန် ကြိုးစားနေလျက်ရှိကြလေသည်။ နယ်ခြားစောင့်တပ်များမှာ အလွန် ပင်ပန်းနေကြရ၏။ ပြည်ပ အွန်လိုင်း စာမျက်နှာများတွင်မူ ရှနိုင်ငံမှာ နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ ဖြစ်နေခဲ့လေသည်။

ကျိုးကျန်းလီသည် ယခုအခါ အလွန် စိတ်တိုနေခဲ့ရလေသည်။ ရှနိုင်ငံ၏ နယ်စပ်မျဉ်းနှင့် ကမ်းရိုးတန်းမှာ ရှည်လျားလွန်းသဖြင့် နေရာတိုင်းကို မကာကွယ်နိုင်ပေ။ လူအချို့မှာ ထို ခက်ခဲသော လမ်းကြောင်းများမှတစ်ဆင့် ရှနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် နည်းလမ်း ရှာဖွေနေကြဆဲ ဖြစ်လေသည်။

ရှနိုင်ငံတွင် လူဦးရေ များပြားနေပြီ ဖြစ်သော်လည်း နိုင်ငံခြားသား အများအပြား ထပ်မံ ဝင်ရောက်လာသည့်အခါ မည်သို့ စီစဉ်ရမည်နည်း။ သူတို့ကို သတ်ပစ်၍လည်း မရနိုင်ပေ။

အမှန်စင်စစ် ရှနိုင်ငံ၏ လူဦးရေ ဖွဲ့စည်းပုံမှာ ယခုအခါ ပြဿနာ ရှိနေခဲ့ပြီ ဖြစ်သည်။ ကျိုး ကျန်းလီသည် ဤအခြေအနေကို အခွင့်ကောင်းယူကာ လူဦးရေ ဖွဲ့စည်းပုံ မျှတစေရန် အတွက် အခြေချနေထိုင်သူအချို့ကို လက်ခံရန် စဉ်းစားနေသော်လည်း ဤကိစ္စကို ကောင်းယွမ်နှင့် ဆွေးနွေးခြင်းမှာ အကောင်းဆုံးဖြစ်မည်ဟု သူ ခံစားနေရလေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ရှနိုင်ငံအတွင်း၌ လူထု၏ မကျေနပ်မှုများမှာ မြင့်တက် နေခဲ့သော်လည်း ကောင်းယွမ်သည် ကမ္ဘာသစ်တစ်ခုကို ဖန်တီးပေးလိုက်ကာ လူတိုင်းကို ဂိမ်းအတွင်း၌ နေရာယူခိုင်းလိုက်လေသည်။ ထိုဂိမ်းမှာ ဂိမ်းတစ်ခုသာမက ကမ္ဘာသစ်တစ် ခု ဖြစ်နေခဲ့ပြီ ဖြစ်ပေ၏။

လက်တွေ့ဆန်လှသော ထိုကမ္ဘာအတွင်းရှိ လူသားများသည် နတ်ဘုရားများကဲ့သို့ မိမိတို့ အလိုရှိရာကို လုပ်ဆောင်နိုင်ရုံသာမက ပိုက်ဆံပင် ရှာနိုင်သေးသဖြင့် အလွန်ပင် ထူးခြား လှပေသည်။

စီးပွားရေး ပြန်လည် ကောင်းမွန်လာကာ ငွေကြေးများ လည်ပတ်လာသည့်အခါ သိပ္ပံ အကယ်ဒမီတွင် နှစ်ပေါင်းများစွာ ကြာအောင် မဖြေရှင်းနိုင်ခဲ့သော ပြဿနာများမှာလည်း ရက်အနည်းငယ်အတွင်း ပြေလည်သွားခဲ့လေသည်။ စက်ရုံအားလုံးမှာလည်း အလိုအ လျောက် စနစ်များဖြင့် လည်ပတ်နေကြပြီ ဖြစ်တော့၏။ ဤကမ္ဘာကြီး၏ တိုးတက်မှုနှုန်း မှာ သူပင် မယုံနိုင်လောက်အောင် မြန်ဆန်လှပေတော့သည်။

လွန်ခဲ့သော တစ်နှစ်ခန့်က သူသည် သံတမန်ရေးရာများကို စဉ်းစားနေခဲ့သော်လည်း ယခုမူ မည်သည့် သံတမန်ရေးရာမျှ မလိုအပ်တော့ပေ။ နောက်ဆုံးတွင် တစ်ကမ္ဘာလုံး၌ ရှနိုင်ငံ တစ်ခုတည်းသာ ကျန်တော့ပေလိမ့်မည်။ အကယ်၍ သံတမန်ရေးရာ လိုအပ်လာပါ က ကမ္ဘာမြေ၏ အပြင်ဘက်နှင့် နေအဖွဲ့အစည်း၏ အပြင်ဘက်သို့သာ သွားရောက်ရပေ လိမ့်မည်။

*ဒါတွေအားလုံးက ကောင်းယွမ်ကြောင့်ပဲ….*

ကျိုးကျန်းလီသည် ယခုအခါ လူဦးရေ မူဝါဒနှင့် ပတ်သက်၍ ကောင်းယွမ်နှင့် ဆွေးနွေးရန် ပြင်ဆင်လိုက်လေတော့သည်။

...

ကောင်းယွမ်သည် မုကျားရွာတွင် သူ၏ ကြိုးပမ်းအားထုတ်မှု အသီးအပွင့်များကို ခံစားနေ ခဲ့လေသည်။ ကမ္ဘာကြီးမှာ သူ မျှော်မှန်းထားသည့်အတိုင်း ပြောင်းလဲလာခဲ့ပြီ ဖြစ်ပေ၏။ သူသည် အာဏာရှိသူ တစ်ဦး၏ စိတ်နေစိတ်ထားကို ယခုမှ နားလည်လာခဲ့လေသည်။

အာဏာရှိသူ တစ်ဦးအတွက် မှားသည်၊ မှန်သည်ဟူသော ကွဲပြားချက်ထက် အာဏာကို ချဲ့ထွင်လိုစိတ်က ပို၍ အရေးပါလှပေသည်။ မိမိ၏ အာဏာကို မချဲ့ထွင်လိုသော အရာရှိ သည် ကောင်းမွန်သော အရာရှိ မဟုတ်ပေ။ ကောင်းယွမ်သည် သူ၏ ညွှန်ကြားချက် အနည်းငယ်ဖြင့် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်သည်ကို ကျေနပ်နေခဲ့မိလေတော့သည်။

ကျိုးကျန်းလီ ရောက်ရှိလာကြောင်း အန်းရီက လာရောက် အစီရင်ခံသည့်အခါ ကောင်းယွမ်သည် ဝမ်းသာသွားခဲ့ရလေသည်။

သူသည် ယခုအခါ အမည်ခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးသာ ဖြစ်သော်လည်း လက်တွေ့ တွင်မူ ကမ္ဘာ့အဆင့်မြင့် ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်ပေတော့သည်။

ကျိုးကျန်းလီသည် အထဲသို့ လှမ်းဝင်လာခဲ့လေသည်။

"ဥက္ကဋ္ဌကောင်း... ဒီနေရာက တကယ့်ကို နိဗ္ဗာန်ဘုံ တစ်ခုလိုပါပဲလား..."

"အရာရှိကျိုးကလည်း နောက်နေပြန်ပါပြီ... ဒီလို ဝေးလံခေါင်းပါးတဲ့ နေရာက ချင်ကျင်း က ရှီရှန်းအိမ်ရာလောက် ဘယ်မှာ သက်သောင့်သက်သာ ရှိပါ့မလဲ..."

"ဟားဟား... ဒီနေရာက ကျွန်တော့်နေရာထက် အများကြီး ပိုပြီး လုံခြုံပါတယ်..."

"အရာရှိကျိုး... အချိန်ကိုက် ရောက်လာတာပဲ... ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးစရာ ရှိ တယ်..."

ကျိုးကျန်းလီက ပြုံးကာ ပြောလိုက်လေသည်။

"တိုက်တိုက်ဆိုင်ဆိုင်ပါပဲ... ကျွန်တော်လည်း ခင်ဗျားနဲ့ ဆွေးနွေးစရာ ရှိလို့ပါ... ခင်ဗျားပဲ အရင်ပြောပါဦး..."

ကောင်းယွမ်သည် ငြင်းပယ်ခြင်း မပြုခဲ့ပေ။

"ကောင်းပါပြီ... ကျွန်တော်ပဲ အရင်ပြောပါ့မယ်... ခင်ဗျားလည်း 'ကျူးရှို့ ရှောင်ယောင်း ကျိ' အကြောင်းကို သိမှာပါ... ကျွန်တော်တို့ ငါးရံ့နက် နည်းပညာကုမ္ပဏီက ဂိမ်းအသစ် တစ်ခု မိတ်ဆက်လိုက်တယ်လေ... အဲဒါက ဂိမ်းလို့သာ ခေါ်တာပါ... တကယ်တော့ ပုံရိပ် ယောင် လက်တွေ့ဘဝ ပလက်ဖောင်း တစ်ခုပေါ့... ကျွန်တော်က ရှနိုင်ငံရဲ့ အစိုးရရုံးတွေ ကို ဒီထဲမှာ အခြေစိုက်စေချင်တယ်... ဒါမှ လူတွေအတွက် ပိုပြီး အဆင်ပြေသွားမှာပေါ့..."

အခန်း (၁၇၆) စစ်ပွဲ နီးကပ်လာခြင်း

"ဒါပဲလား... ကျွန်တော်လည်း အဲဒီအတိုင်းပဲ စဉ်းစားနေတာ... ကျွန်တော်လည်း အဲဒီဂိမ်း ကို စမ်းကြည့်ပြီးပြီ... ကောင်းလိုက်တာ... အပန်းဖြေတာ၊ ဂိမ်းဆော့တာ၊ သုတေသနနဲ့ အလုပ်တွေကို ပေါင်းစပ်ထားတာပဲ... ဝန်ဆောင်မှုလုပ်ငန်းကို ဘယ်လိုတိုးတက်အောင် လုပ်လိုက်တယ်ဆိုတာ အံ့ဩစရာပဲ..."

"ကောင်းပါပြီ... ကျွန်တော် လူအချို့စေလွှတ်ပြီး အာဏာပိုင်တွေနဲ့ ချိတ်ဆက်ခိုင်းလိုက်ပါ့ မယ်... လာမယ့်လမှာ စတင်နိုင်အောင် ကြိုးစားကြည့်တာပေါ့... အရာရှိကျိုး... ခင်ဗျား ပြောချင်တာက ဒီအကြောင်း မဟုတ်ဘူး မလား..."

"မဟုတ်ပါဘူး... ပြည်ပမှာတော့ ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ကူးစက်ရောဂါတွေ ဖြစ်နေတာ လေ... နယ်စပ်တွေမှာလည်း ဖိအားတွေ အများကြီး ရှိနေတယ်... နေ့တိုင်း တရားမဝင် ဝင်ရောက်လာသူတွေ အများကြီးရှိနေတော့ အဲဒီလူတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆို တာ ကျွန်တော် အခက်တွေ့နေတာ..."

ကောင်းယွမ်သည် ရှည်လျားသော နယ်စပ်မျဉ်းတစ်လျှောက်တွင် ကာကွယ်ရုံဖြင့် မလုံ လောက်ကြောင်း နားလည်လိုက်၏။ ပိတ်ဆို့ထားခြင်းထက် လမ်းညွှန်ပေးခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ လူတိုင်းက ဝင်လာချင်ကြသော်လည်း ကောင်းယွမ်၏ တိုက် ခိုက်ရေးစွမ်းရည်ကို ကြောက်ရွံ့ကြသဖြင့် အတင်းအဓမ္မ မဝင်ရဲကြပေ။

သို့သော် ကာကွယ်ရုံသာ ကာကွယ်နေမည်ဆိုပါက လအနည်းငယ်အတွင်း တစ်ကမ္ဘာလုံး ရှိ ကျန်ရှိနေသော အင်အားစုများ စုစည်းကာ ရှနိုင်ငံကို တိုက်ခိုက်လာနိုင်ပေသည်။ ထို အရာမှာ ကောင်းယွမ် မြင်တွေ့လိုသော အခြေအနေ မဟုတ်ပေ။

သူ့တွင် အာကာသစစ်သင်္ဘော ရှိနေသော်လည်း ရှနိုင်ငံသားတိုင်းကို မကာကွယ်ပေးနိုင် ပေ။ ထို့အပြင် သူ့တွင် အရှေ့တောင်အာရှရှိ လူဇုန်ကျွန်းပေါ်၌ ရှနိုင်ငံသားများ မြို့ငယ် လေးဖြစ်သော ဂျကာတာလည်း ရှိနေသေးသည် မဟုတ်ပါလား။

"အရာရှိကျိုး... ပိတ်ဆို့တာထက် လမ်းညွှန်ပေးတာက ပိုကောင်းပါတယ်..."

"ဟုတ်တယ်... ခင်ဗျား ဘယ်လိုထင်လဲ..."

"အသက် (၂၀) ကနေ (၃၅) နှစ်ကြား လူငယ်တွေကိုပဲ ရွေးချယ်ရအောင်... သူတို့မှာ ထူး ခြားတဲ့ ကျွမ်းကျင်မှု တစ်ခုခု ရှိရမယ်... ရူပဗေဒ၊ ဓာတုဗေဒ ဒါမှမဟုတ် သင်္ချာ ကျွမ်းကျင် သူတွေကို ကြိုဆိုရမယ်... ပြီးတော့ ကလေးမွေးနိုင်တာကိုလည်း ကျွမ်းကျင် မှုတစ်ခု အနေနဲ့ ထည့်တွက်ရမယ်... နောက်နှစ်အနည်းငယ်ကြာရင် ကမ္ဘာပေါ်မှာ ရှနိုင်ငံ တစ်ခု တည်းပဲ ကျန်တော့မှာဆိုတော့ လူဦးရေက နည်းနေဦးမှာပဲ မဟုတ်လား..."

နိုင်ငံခြားမှ သိပ္ပံနှင့် အင်ဂျင်နီယာ အထက်တန်းလွှာများနှင့် အရည်အချင်းပြည့်မီသော အမျိုးသမီးများကို ဖမ်းဆုပ်ရန် ကောင်းယွမ် ကြိုးစားနေခြင်းဖြစ်ကြောင်း ကျိုးကျန်းလီ ချက်ချင်း နားလည်သွားခဲ့လေသည်။

"နောက်ပြီး ရှနိုင်ငံထဲ ဝင်လာတဲ့အခါမှာ အမျိုးသားဘာသာစကားကို ပြောရမယ်... ဟန် နာမည်ကို ယူရမယ်... ပြီးတော့ ယုံကြည်ချက်အားလုံးကို စွန့်လွှတ်ရမယ်... ဟုတ်တယ် မလား..."

"ဟုတ်ပါတယ်..."

ကျိုးကျန်းလီသည် ကောင်းယွမ်ကို တစ်ချက် ကြည့်လိုက်လေ၏။ ဤကဲ့သို့ ခွဲခြားသတ် မှတ်လိုက်ပါက ထိုလူငယ် အထက်တန်းလွှာများ မပါဘဲ ကလေးငယ်များနှင့် သက်ကြီး ရွယ်အိုများမှာ ထိုခြောက်ကပ်နေသော နယ်စပ်များကို ဖြတ်ကျော်ရန် ခက်ခဲသွားပေ လိမ့်မည်။

ထို့အပြင် တရားဝင် အဆင့်အတန်းဖြင့် ဝင်ရောက်ခွင့်ရသူများသည် အခွင့်အရေး အနည်း ငယ်မျှ ရှိနေသရွေ့ တရားမဝင် ဝင်ရောက်ရန် ရွေးချယ်ကြတော့မည် မဟုတ်ပေ။ ဤသို့ ဖြင့် တရားမဝင် ဝင်ရောက်လာသူများကိုလည်း ခွဲထုတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။

"ဟားဟား... ဥက္ကဋ္ဌကောင်း ပြောတာ မှန်ပါတယ်... ကျွန်တော်လည်း ကလေးမွေးနိုင် တာကို ကျွမ်းကျင်မှုတစ်ခုအနေနဲ့ သတ်မှတ်သင့်တယ်လို့ ထင်ပါတယ်..."

ဤကမ္ဘာလုံးဆိုင်ရာ အခြေချနေထိုင်ရေး စီမံကိန်းကို သာမန် စကားပြောဆိုမှုအတွင်း မှာပင် အဆုံးအဖြတ် ပေးလိုက်ကြလေတော့သည်။

ယခုအခါ ကောင်းယွမ်သည် အာကာသ ဓာတ်လှေကားနှင့် လကမ္ဘာ အခြေစိုက်စခန်း တည်ဆောက်ရေးတို့တွင် အာရုံအပြည့်အဝ စိုက်ထုတ်နိုင်ပြီ ဖြစ်ပေသည်။

အချိန်ကာလများမှာ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့လေသည်။

အနာဂတ်ကမ္ဘာတွင်မူ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနနှင့် ကမ္ဘာမြေ လူ သားဖယ်ဒရေးရှင်းတို့အကြား အပြန်အလှန် ထိပ်တိုက်ရင်ဆိုင်မှုများ ပြီးဆုံးသွားကာ စစ်ပွဲ စတင်ခဲ့လေပြီဖြစ်ချေ၏။

ကောင်းချိုးနှင့် ဆူးမူယန်တို့သည် စစ်မဖြစ်မီ နောက်ဆုံးအကြိမ် ဖုန်းပြောခဲ့ကြသော် လည်း မည်သူမျှ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ သို့သော် အနာဂတ် နှင့် ပတ်သက်သော အမြင်များမှာ မတူညီတော့သည့်အခါ စစ်ပွဲသည်သာ အခြားတစ်ဖက် ကို နားချနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်လာခဲ့လေတော့သည်။

စစ်ပွဲဟူသည်မှာ သယံဇာတများအတွက် တိုက်ခိုက်ခြင်းပင် ဖြစ်တော့၏။

ထိုကာလ၌ ကောင်းချိုးသည် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ၏ရှေ့တွင် ဆူးမူယန်၏ ပုံရိပ်ယောင်မှာ ပေါ်ထွက်နေခဲ့လေသည်။

"လောင်ဆူး... အခု ရပ်လိုက်ပါတော့... အခု ပြန်လာမယ်ဆိုရင် တို့တွေ လက်တွဲဖော်တွေ အဖြစ် ရှိနေနိုင်သေးတယ်... မင်းလည်း အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဆက်ရှိနေ နိုင်တာပဲပေ..."

ဆူးမူယန်က လှောင်ပြုံးပြုံးလိုက်လေသည်။

"ကောင်းချိုး... အခုအချိန်မှာ ဒီစကားတွေကို ပြောနေလို့ရော အဓိပ္ပာယ် ရှိဦးမှာလား... မင်း ငါ့ကို သစ္စာဖောက်ခဲ့တာပဲ... ဒီမူဝါဒကို ငါ ချမှတ်ခဲ့တာ မဟုတ်ဘူး... ဒါက တို့ရဲ့ ရှေ့ဆောင်လမ်းပြတွေ ချမှတ်ခဲ့တဲ့ အခြေခံ မဟာဗျူဟာပဲ... အကယ်၍ တို့တွေက လူ သားတွေကို ထိန်းချုပ်မထားဘဲ လူတိုင်းကို အမှန်တရား သိခွင့်ပေးလိုက်ရင် မမျှော်လင့် ထားတဲ့ အဖြစ်အပျက်တွေ အမြဲရှိနေမှာပဲ... "

"မင်းရဲ့ သခင်တွေ ဆီကနေ လက်စားချေခံရမှာကို မကြောက်ဘူးလား... တို့တွေဆီမှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတာ... တကယ်လို့ နောက်တစ်ကြိမ်မှာ အောင်မြင်အောင် မဖောက်ထွက်နိုင်ရင် လူသားတွေအတွက် ပျက်သုဉ်းခြင်းပဲ စောင့်ကြိုနေလိမ့်မယ်..."

"လောင်ဆူး... ရာစုနှစ်ပေါင်းများစွာ သည်လိုမျိုး အသက်ကို ဖက်နဲ့ထုပ်ပြီး ရှင်သန်နေရ တာက သေနေတာနဲ့ ဘာထူးမှာလဲ..."

ကောင်းချိုး၏ အမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်ပေသည်။

"အခု မင်း ဒီလိုလုပ်လိုက်တော့ အပြစ်အားလုံးက ငါ့အပေါ် ရောက်ကုန်ပြီပေါ့... မင်းက တော့ လူသားတွေကို ကယ်တင်တဲ့ သူရဲကောင်း ဖြစ်သွားတာပေါ့... ကောင်းချိုး... မင်းရဲ့ ကိုယ်ကျင့်တရားကရော မနာကျင်ဘူးလား..."

"ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနက မကြာသေးမီ နှစ်တွေအတွင်း အာဏာ အားလုံးကို သိမ်းပိုက်ပြီး တကယ်ကို လွန်လွန်ကျွံကျွံ လုပ်ခဲ့တာပဲ..."

ထိုစကားကို ကြားသောအခါ ဆူးမူယန်သည် ဒေါသတကြီး ခုန်ထလိုက်လေသည်။

"အာဏာနဲ့ အကျိုးအမြတ်အတွက် တိုက်ခိုက်တာက သဘာဝပဲလေ... အရင်တုန်းက မင်း အာဏာသိမ်းဖို့ ကြိုးစားခဲ့စဉ်ကလည်း ငါ မင်းကို ဘာမှမလုပ်ခဲ့ဘူး... မင်းရဲ့ ကောင်းမိ သားစုက တိတ်တဆိတ် ကြံစည်နေတာကို ငါ သိပေမဲ့ အဆိုးဆုံး ဖြစ်လာရင် ငါ ရာထူးက ဖယ်ပေးရရုံပဲလို့ ထင်ခဲ့တာ... ကောင်းချိုး... မင်း လူသားအားလုံးကို ချောက်ထဲ ဆွဲချ လိမ့်မယ်လို့ ဘယ်သူ သိမှာလဲ... မင်း အခုတော့ စည်းကျော်သွားပြီ..."

ဆူးမူယန်သည် အလွန် ဒေါသထွက်နေခဲ့ပြီး စဉ်းစားလေလေ ပို၍ ဒေါသထွက်လာလေ လေ ဖြစ်နေခဲ့ပေသည်။

"လောင်ဆူး... ငါ ထပ်ပြောမယ်... ဒီအတိုင်း ထိုင်စောင့်ပြီး သေမယ့်အစား သေနတ်နဲ့ အဆုံးအဖြတ် ခံယူတာက ပိုကောင်းပါတယ်..."

"သခင် ဆိုတာ နေရာတိုင်းမှာ ရှိတာ... မင်း လုပ်သမျှကို သူတို့ရဲ့ စောင့်ကြည့်မှုအောက် ကနေ လွတ်မယ်လို့ ထင်နေတာလား..."

ကောင်းချိုးက ပြုံးလိုက်လေ၏။

"မင်း နားမလည်သေးဘူး... တို့တွေက စမ်းသပ်ခံ သတ္တဝါတွေပဲ... တကယ်လို့ တို့တွေက ဘာပြဿနာမှ မရှာဘဲ ပုံမှန်အတိုင်းပဲ ရှင်သန်နေရင် စမ်းသပ်ခံအနေနဲ့ အသုံးမဝင်တော့ ဘူးလေ... ဒီအတိုင်း ဆက်သွားရင် ပျက်စီးခြင်းပဲ ရောက်လာလိမ့်မယ်... အခု တို့တွေ ပြဿနာ ရှာနေတော့ တို့ရဲ့ သခင်က တို့ကို အန္တရာယ် မပြုတော့ဘူးလေ... နားလည်လား ... စမ်းသပ်ခံဆိုတာ စမ်းသပ်ခံနဲ့ တူအောင် နေပြရတယ်..."

ကောင်းချိုး၏ စကားများနောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခု ရှိနေခဲ့ပေသည်။

နေအဖွဲ့အစည်းအတွင်းမှ ထွက်ခွာရန် မကြိုးစားသရွေ့ သူသည် ဘေးကင်းနေပေလိမ့် မည်။

"တွေ့လား... ငါ အခုလို ရှင်းပြလိုက်တော့ မင်း နားလည်သွားပြီ မဟုတ်လား... တကယ် လို့ ငါသာ ဒီပြဿနာတွေကို မရှာခဲ့ရင် လူသားတွေ အရင်ကတည်းက သုတ်သင်ခံလိုက်ရ ပြီလို့ မင်း ထင်လား..."

ဆူးမူယန်သည် မျက်မှောင်ကြုတ်လိုက်၏။ သမိုင်းကို ပြန်ပြင်၍ မရနိုင်ပေ။ သို့သော် ကောင်းချိုး၏ စကားမှာလည်း အကျိုးအကြောင်း ရှိနေပြန်ပေသည်။ သို့သော် ဆူးမူယန် သည် ဤအချက်ကို လက်မခံလိုပေ။ သူသည် လူသားအားလုံးအတွက် လုပ်ဆောင်ခဲ့ သော်လည်း ယခုအခါ နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့ရလေပြီဖြစ်ပေသည်။

"ကောင်းချိုး... ဆက်မပြောနဲ့တော့... အကယ်၍ မင်းသာ ငါ့နေရာမှာဆိုရင် ဘာလုပ်မ လဲ..."

"ငါသာ မင်းနေရာမှာဆိုရင် ကမ္ဘာမြေကို သိမ်းပိုက်ပြီးဖြစ်မှာပဲ... အာဏာရှင်စနစ်နဲ့ ကမ္ဘာ သစ်တစ်ခုကိုလည်း တည်ဆောက်ပြီး ဖြစ်နေလောက်ပြီ..."

ထိုစကားကို ကြားသည့်အခါ...၊

ဆူးမူယန်သည် အားရပါးရ ရယ်မောလိုက်လေတော့သည်။

"ဟားဟား…. ငါက သိပ်ပြီး ကြင်နာတတ်လွန်းတာပဲ..."

"အခြေအနေက ဒီလိုဖြစ်လာမှတော့ ပြောစရာ မရှိတော့ဘူး... မင်း နိုင်ရင် ဖွံ့ဖြိုးတိုး တက်ရေး အထွေထွေအုပ်ချုပ်မှုဌာနကို ယူသွားလိုက်ပါ... ငါ ရှုံးရင်လည်း အာဏာရှင် ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ မြည်းစမ်းကြည့်ရတာပေါ့..."

"လာစမ်းပါ... လူသားတွေ စစ်မတိုက်ရတာ ကြာပြီဆိုတော့ တိုက်ခိုက်လိုစိတ်တွေ ပျောက်ဆုံးနေကြပြီလေ..." ဟု ကောင်းချိုးက ပြောလိုက်လေသည်။

"စစ်မြေပြင်မှာ တွေ့ကြတာပေါ့..."

ဖုန်းပြောပြီးသွားသည့်အခါ ကောင်းချိုး၏ရှေ့မှ ဆူးမူယန်၏ ပုံရိပ်ယောင်မှာ ဝေဝါးသွား ကာ ကွယ်ပျောက်သွားခဲ့လေတော့သည်။ ကောင်းချိုးသည် ရှေ့သို့သာ စိုက်ကြည့်နေမိ၏။

"စစ်ပွဲ..."

အင်္ဂါဂြိုဟ်ပေါ်တွင်လည်း သတ္တုတွင်း အလုပ်သမားများစွာ ရှိနေပြီး အင်္ဂါဂြိုဟ်သည် ကမ္ဘာမြေထက် ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုနှင့် ပို၍ နီးကပ်သဖြင့် ယင်းကို ထိန်းချုပ် ထားနိုင်ပေသည်။ ထို့အပြင် ကမ္ဘာမြေပေါ်ရှိ သယံဇာတများကို တူးဖော်၍ မရနိုင်သဖြင့် ပြင်ပဂြိုဟ်များမှသာ တူးဖော်ရလေသည်။

သို့သော် လကမ္ဘာမှာလည်း အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။ ယခုအခါ အင်္ဂါဂြိုဟ်ကို ဆူးမူယန်က သိမ်းပိုက်ထားသဖြင့် ကောင်းချိုးသည် ကြာသေးပတေးဂြိုဟ် သို့ သွားရောက်ကာ သယံဇာတများ မတူးဖော်နိုင်တော့ပေ။ ထို့ကြောင့် ကောင်းချိုးတွင် ရွေးချယ်စရာ လမ်းနှစ်သွယ်သာ ရှိတော့သည်။

ယင်းတို့မှာ ဗုဒ္ဓဟူးဂြိုဟ်နှင့် သောကြာဂြိုဟ်တို့ ဖြစ်ကြ၏။ သို့သော် ထိုဂြိုဟ်များ၏ သဘာဝပတ်ဝန်းကျင်မှာ အင်္ဂါဂြိုဟ် သို့မဟုတ် ကြာသပတေးဂြိုဟ်၏ လများထက် ပို၍ ဆိုးရွားလှပေသည်။

ထို့အပြင် ကောင်းချိုးသည် လက်ရှိတွင် ကမ္ဘာပေါ်ရှိ လူသားများကို နေရာချထားရန်ပင် ရုန်းကန်နေရသဖြင့် ကောင်းကင်တပ်မတော်ကို တပ်ဆင်ရန် သယံဇာတ များ မည်သို့ ရှာ ဖွေနိုင်ပါတော့မည်နည်း။ ကောင်းကင်တပ်မတော်၏ အဓိက အင်အားစုမှာ အင်္ဂါဂြိုဟ် တွင်သာ ရှိနေခဲ့ခြင်း ဖြစ်ပေတော့သည်။

All Chapters