← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉) ခင်ဗျားမှာ တခြားသားတွေ ရှိသေးလား

"လပေါ်က စောင့်ကြည့်ရေးစခန်းကို ဖျက်ဆီးလို့ ရမလား... အထဲမှာ ဘာရှိလဲ..."

"ဖျက်ဆီးလို့ ရပါတယ်... အထဲမှာတော့ ဘာမှမရှိတော့ဘဲ အသုံးမပြုတော့တဲ့ အခြေအ နေမှာ ရှိနေတာပါ… လူသားတွေ လပေါ်ကို စတင် ရောက်ရှိပြီးတဲ့နောက်မှာ အဆင့်မြင့် ယဉ်ကျေးမှုက သူတို့ရဲ့ စောင့်ကြည့်တဲ့ နည်းလမ်းကို ပြောင်းလဲလိုက်တာ ဖြစ်နိုင်ပါတယ် ... အခု အဲဒီစခန်းကတော့ ဘာမှမရှိတော့ပေမဲ့ ရေဒီယိုသတ္တိကြွမှု အကြွင်းအကျန် အချို့ ကိုတော့ တွေ့နိုင်ပါသေးတယ်..."

ကောင်းယွမ်သည် အခြေအနေကို အကြမ်းဖျင်း နားလည်လိုက်လေသည်။

"လကမ္ဘာပေါ်မှာ သယံဇာတတွေကို ဘယ်လောက်အထိ တူးဖော်လို့ ရမလဲ…"

"လပေါ်မှာတင် အသုံးပြုမယ်ဆိုရင်တော့ ထိခိုက်မှု သိပ်မရှိနိုင်ပါဘူး... ဒါပေမဲ့ ကမ္ဘာမြေ ကို ပြန်သယ်မယ်ဆိုရင်တော့ တန်ချိန် ငါးထောင်ထက် မပိုဖို့ လိုပါလိမ့်မယ် ... မဟုတ်ရင် တော့ ကမ္ဘာနဲ့ လ စနစ်ရဲ့ ဟန်ချက် ပျက်သွားနိုင်လို့ပါ..."

ကောင်းယွမ်သည် ထိုအချက်အလက်ကို ကြားသည့်အခါ အံ့အားသင့်သွားခဲ့ရလေသည်။

လက်ရှိကမ္ဘာတွင် တစ်ကမ္ဘာလုံး၏ သံသတ္တု ထုတ်လုပ်မှုမှာ တန်ချိန် နှစ်ဘီလီယံထက် မပိုသလို အခြား သတ္တုအားလုံးကို ပေါင်းလျှင်ပင် တန်ချိန် ငါးဘီလီယံထက် မပိုပေ။ တစ်နည်းအားဖြင့် ဆိုရသော် လက်ရှိကမ္ဘာ၏ ထုတ်လုပ်မှုနှုန်းအတိုင်းဆိုပါက လကမ္ဘာ ပေါ်တွင် အနည်းဆုံး နှစ်ပေါင်း တစ်ရာခန့် တူးဖော်နိုင်ပေလိမ့်မည်။

ထို့အပြင် ကောင်းယွမ်၏ လက်ရှိ တူးဖော်မှု ပမာဏမှာ ထိုမျှအထိ မများပြားလှပေ။ ယဂ္ဂ အာကာသစခန်း၏ အစွမ်းကုန် လုပ်ဆောင်နိုင်စွမ်းဖြင့် တူးဖော်မည်ဆိုလျှင်ပင် နှစ်ပေါင်း ငါးရာကျော်အထိ တူးဖော်နိုင်ပေလိမ့်မည်။

သို့ဆိုလျှင် စိုးရိမ်စရာ ဘာရှိတော့မည်နည်း။

အနာဂတ်ကမ္ဘာကဲ့သို့ နှစ်ပေါင်း ရာချီ၍ တူးဖော်နေသည့် ကမ္ဘာမျိုးတွင်သာ ဤပြဿနာ မှာ စိုးရိမ်စရာ ဖြစ်လာခြင်း ဖြစ်ပေ၏။

လက်ရှိကမ္ဘာတွင်မူ အနည်းဆုံး နှစ်ပေါင်း တစ်ရာ၊ နှစ်ရာအတွင်း မည်သည့်အရာကိုမျှ စိုးရိမ်စရာ မရှိပေ။

နောက်ထပ် နှစ်ပေါင်း တစ်ရာ သို့မဟုတ် နှစ်ရာခန့် ကြာသည့်အခါ သူသည် နေအဖွဲ့အ စည်းအတွင်းမှ သေချာပေါက် ထွက်ခွာနိုင်ပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဤပြဿနာ ကို စိုးရိမ်နေရန် မလိုအပ်တော့ပေ။ ကောင်းယွမ်သည် အဖြေကို ရရှိသွားသည့်အခါ စိတ် အေးသွားခဲ့လေတော့သည်။

ကောင်းယွမ်က ဆက်လက်၍ မေးလိုက်လေသည်။

"ဒါဆိုရင် လူသားတွေကို စောင့်ကြည့်နေတဲ့ အဆင့်မြင့်ယဉ်ကျေးမှု အကြောင်းကိုရော ခင်ဗျား ဘယ်လောက် သိထားလဲ..."

"သူတို့ရဲ့ နည်းပညာ ယဉ်ကျေးမှုက အလွန် အဆင့်မြင့်လှပြီး ကြယ်စုတန်းတွေကိုတောင် စိတ်ကြိုက် ထိန်းချုပ်နိုင်တယ်ဆိုတာလောက်ပဲ တို့တွေ သိထားကြတာပါ..."

လက်ရှိကမ္ဘာသည် တစ်ဝက်တစ်ပျက် ဂြိုဟ်ယဉ်ကျေးမှု အဆင့်တွင်သာ ရှိနေပြီး အနာ ဂတ်ကမ္ဘာသည် အမြင့်ဆုံး ဂြိုဟ်ယဉ်ကျေးမှု အဆင့်တွင် ရှိနေကာ နေအဖွဲ့အစည်းကို ဖန် တီးခဲ့သည့် ယဉ်ကျေးမှုမှာမူ အနည်းဆုံး ကြယ်စုတန်း ယဉ်ကျေးမှု အဆင့်တွင် ရှိနေပေ လိမ့်မည်။

ကောင်းယွမ်သည် အလွန် ဖိအားများလာသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် သူတို့၏ ပိတ်ဆို့မှုကို အမှန်တကယ် ဖောက်ထွက်နိုင်ပါမည်လား။

အကယ်၍ ဖောက်ထွက်နိုင်ခဲ့လျှင်ပင် ပြန်လာနိုင်သည့် အခွင့်အရေး ရှိပါဦးမည်လား။

သို့မဟုတ် ဟာလာဟင်းလင်းပြင်ထဲတွင် လွင့်မျောနေရမည်လား၊ ရန်သူ့လက်ထဲတွင် ချက်ချင်း အသတ်ခံရမည်လား။

ကောင်းယွမ်သည် ဘာမျှ မသိနိုင်ပေ။

သူသည် ပထမဆုံးအကြိမ်အဖြစ် အားကိုးရာမဲ့သကဲ့သို့ ခံစားလိုက်ရလေသည်။

ဤသည်မှာ သိုးအုပ်ကို မွေးမြူထားသည့် လယ်သမားတစ်ဦးနှင့် တူလှပေ၏။ အနာဂတ် ကမ္ဘာတွင်မူ သိုးများက ခြံစည်းရိုးမှ ထွက်ပြေးရန် ကြိုးစားနေစဉ်မှာပင် လယ်သမားက ခြံစည်းရိုးကို ပြန်လည် ပြင်ဆင်လိုက်သဖြင့် သူတို့အတွက် အခွင့်အရေး မရှိတော့ပေ။

ယခု သူသည်လည်း အခြား ခြံစည်းရိုးတစ်ခုအတွင်းရှိ သိုးတစ်ကောင် ဖြစ်နေပြီး ထွက် ပြေးရန် ကြိုးစားနေခြင်း ဖြစ်၏။ သိုးတစ်ကောင်၊ နှစ်ကောင် ထွက်ပြေးနိုင်ခဲ့လျှင်ပင် အခြားသော သိုးများမှာ ခြံထဲ၌သာ ကျန်ရစ်နေမည် ဖြစ်ပြီး လယ်သမားက ခြံစည်းရိုးကို ပြန်ပြင်လိုက်သည်နှင့် သူသည်လည်း ပြန်လာနိုင်တော့မည် မဟုတ်ပေ။

ထို့ထက် ပို၍ ဆိုးရွားနိုင်သည်မှာ ခြံစည်းရိုးမှ လွတ်မြောက်သွားလျှင်ပင် လယ်ယာမြေ တစ်ခုလုံးမှ လွတ်မြောက်နိုင်ခြင်း မရှိဘဲ လယ်သမား၏ ဖမ်းဆီးခြင်း သို့မဟုတ် သေနတ် ဖြင့် ပစ်သတ်ခြင်းကို ခံရနိုင်ခြင်းပင် ဖြစ်၏။

ကောင်းယွမ်သည် ဤသို့ စဉ်းစားမိသည့်အခါ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ် လာခဲ့လေသည်။

"ကောင်းချိုးကို ခေါ်ပေးပါ... ကျွန်တော် သူ့နဲ့ ဆွေးနွေးစရာ ရှိတယ်..."

"အရာရှိကောင်းက အရမ်း အလုပ်ရှုပ်နေတာပါ... ကျွန်မ သတင်းတော့ ပေးထားပါ့မယ်... ဒါပေမဲ့ သူ လာမလာဆိုတာကိုတော့ အာမမခံနိုင်ပါဘူးနော်..."

"သွားပါ..."

မိနစ်ဆယ်ကျော် ကြာပြီးနောက် ကောင်းချိုး ရောက်ရှိလာခဲ့လေသည်။

"အကုန်လုံး သိသွားပြီလား... ကြောက်နေပြီလား... ဒါမှမဟုတ် မျှော်လင့်ချက် မဲ့သွားပြီ လား..."

ကောင်းယွမ် မှင်သက်သွားခဲ့ရ၏။ ထိုမြေခွေးအိုကြီး၏ မျက်စိကို ဘာမျှ ဖုံးကွယ်၍ မရ နိုင်ပေ။

"စစ်သေနာပတိချုပ်ကြီး... ကျွန်တော် တကယ်ပဲ အောင်မြင်နိုင်မယ်လို့ ခင်ဗျား ထင် လား..."

"မျှော်လင့်ချက် ရှိတယ်လို့ပဲ ငါ ပြောနိုင်တာပေါ့..."

ကောင်းချိုးသည် ယခင်ကထက် ပို၍ တည်ကြည်လေးနက်နေခဲ့လေသည်။

"နေအဖွဲ့အစည်းကိုတောင် စီစဉ် ရေးဆွဲနိုင်တဲ့ ယဉ်ကျေးမှုတစ်ခုကို ကျွန်တော်က နေအဖွဲ့ အစည်းအတွင်းကနေ လွတ်မြောက်ရုံနဲ့ ဘယ်လို ရင်ဆိုင်နိုင်မှာလဲ... အင်အားချင်းက အရမ်း ကွာခြားလွန်းနေတာပဲ..."

ကောင်းချိုးက ကောင်းယွမ်ကို ကြည့်လိုက်လေသည်။

"မင်း ငယ်ငယ်တုန်းက ငါ ပြောပြဖူးတဲ့ ပုံပြင်လေးကို မှတ်မိလား..."

"ဘယ်ပုံပြင်လဲ..."

"'လယ်သမားပုံပြင်' လေ... လယ်သမား အဘိုးကြီး နှစ်ယောက်က ဧကရာဇ်မင်းရဲ့ ဇိမ်ခံ ဘဝကို စိတ်ကူးယဉ်ကြတာပေါ့... တစ်ယောက်က 'ဧကရာဇ်မင်းကတော့ နေ့တိုင်း ပေါင်မုန့်ဖြူတွေကို ဗိုက်ဝအောင် စားရမှာပဲ' လို့ ပြောတော့... နောက်တစ်ယောက်က 'ဒါ တင် ဘယ်ကမလဲ... သူ လယ်ထဲဆင်းရင်တောင် ရွှေပေါက်တူးကို သုံးမှာပေါ့' လို့ ပြောခဲ့ တာလေ..."

ကောင်းယွမ် မျက်မှောင်ကြုတ်လိုက်၏။ ဤပုံပြင်ဟောင်းထဲတွင် မည်သည့် လေးနက် သော အဓိပ္ပာယ် ရှိနေပါသနည်း။

"ကောင်းယွမ်... မင်းသာ အသိဉာဏ်ရှိတဲ့ သက်ရှိတစ်ခုကို ဖန်တီးမယ်ဆိုရင် ဘယ်လို ပုံစံ မျိုး ဖြစ်မလဲ... တစ်ခုခု ဆွဲပြစမ်းပါ..."

ကောင်းယွမ်သည် ခဏမျှ တွေဝေပြီးနောက် ပုံရိပ်ယောင် မျက်နှာပြင်တစ်ခုကို ခေါ်ယူကာ လက်ချောင်းဖြင့် စတင် ရေးဆွဲလိုက်လေသည်။ သူ ဆွဲနေရင်းနှင့် မျက်နှာပြင်ပေါ်ရှိ လူပုံ စံကို ကြည့်ကာ အံ့ဩသွားမိလေသည်။ ထိုပုံမှာ အနှစ်သာရအားဖြင့် လူနှင့် ရှစ်ဆယ်ရာ ခိုင်နှုန်းခန့် တူညီနေခဲ့လေသည်။

ကောင်းယွမ်သည် နက်နက်နဲနဲ စဉ်းစားနေမိလေသည်။

"တွေ့လား... ဒါက မင်းရဲ့ အစွဲပဲလေ... အသိဉာဏ်ရှိတဲ့ သက်ရှိဆိုရင် ဦးနှောက်ရှိရမယ်၊ သွက်လက်တဲ့ လက်တွေ ရှိရမယ်လို့ မင်း ယူဆထားတာပေါ့... မင်းမှာ အတောင်ပံတွေ ရှိနေရင်တောင် ဒါက ကမ္ဘာမြေပေါ်က သက်ရှိတွေရဲ့ ဘောင်အတွင်းမှာပဲ ရှိနေသေးတာ... လူသားတွေက သူတို့ရဲ့ အသိဉာဏ်ထက် ကျော်လွန်တဲ့အရာကို ဘယ်တော့မှ စိတ်ကူး မယဉ်နိုင်ဘူး... တို့လူသားတွေကိုလည်း အဲဒီ အမည်မသိ အဆင့်မြင့်ယဉ်ကျေးမှုက ဖန်တီးခဲ့တာလို့ ပြောလို့ရတာပဲ... တို့တွေက သူတို့နဲ့ ပုံစံချင်း တူနေနိုင်တယ်လို့ မင်း မစဉ်း စားမိဘူးလား..."

"ဒါပေမဲ့ သူတို့က အောက်ဆီဂျင် မပါဘဲ အသက်ရှူတဲ့ သက်ရှိတွေလို့ ခင်ဗျား ပြောခဲ့ တယ် မဟုတ်လား..."

"ဟုတ်တယ်... အောက်ဆီဂျင်က သူတို့အတွက် အဆိပ်ပြင်းတစ်ခုပဲ... ကမ္ဘာပေါ်မှာ ရှိနေ တဲ့ အောက်ဆီဂျင်ကိုတောင် သူတို့ နားမလည်နိုင်ကြဘူး... အဲဒါက ဘာကို ဆိုလိုတာ လဲ..."

"ဘာကိုလဲ..."

ကောင်းယွမ်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။

"အဲဒါက သူတို့က တို့တွေထက် အင်အားမကြီးတာလည်း ဖြစ်နိုင်တာပေါ့..."

"ဗျာ... အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"သူတို့ ဘာလို့ စမ်းသပ်မှုတွေ လုပ်နေရတာလဲ... သူတို့က အောက်ဆီဂျင်ကို မခံနိုင်ပေမဲ့ တို့တွေကတော့ အောက်ဆီဂျင်နဲ့ ကောင်းကောင်းမွန်မွန် ရှင်သန်နေနိုင်တာပဲ... အဲဒါက တို့ရဲ့ အားသာချက် မဟုတ်ဘူးလား..."

ကောင်းယွမ်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း ယင်းမှာ အကျိုး အကြောင်း ရှိနေပြန်ပေသည်။

"စစ်သေနာပတိချုပ်ကြီး... ဒါပေမဲ့ သူတို့က နေအဖွဲ့အစည်းကိုတောင် တည်ဆောက်နိုင် တာလေ... စစ်ပွဲဆိုတာ နည်းပညာနဲ့ တိုက်တာပါ... ကိုယ်ခန္ဓာ အင်အားနဲ့ တိုက်တာမှ မဟုတ်တာ... ခင်ဗျားတို့ ကမ္ဘာရဲ့ နည်းပညာနဲ့တောင် ကြယ်စုတန်း တစ်ခုကို မဖန်တီးနိုင် ဘူး မဟုတ်လား..."

"မဖန်တီးနိုင်တာတော့ ဟုတ်တာပေါ့... ဒါပေမဲ့ ဘာဖြစ်လဲ... ဒီလို တွေးကြည့်ရအောင်... အခု လူသားတွေက အရမ်း တိုးတက်နေပြီဆိုပေမဲ့ လူနေရပ်ကွက်ထဲမှာ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင် ပေါ်လာရင် လူတွေ မကြောက်ကြဘူးလား..."

"ကြောက်တာပေါ့..."

"အကယ်၍ အဲဒီမြွေက အချိန်မရွေး ထွက်ပြေးနိုင်စွမ်း ရှိနေမယ်ဆိုရင်ရော လူတွေ မတုန် လှုပ်သွားဘူးလား..."

ကောင်းယွမ် အကြမ်းဖျင်း နားလည်လိုက်လေသည်။

"ဒါဆိုရင် ကျွန်တော်သာ လွတ်မြောက်သွားပြီး အဲဒီယဉ်ကျေးမှု ရှိတဲ့ ဂြိုဟ်ကို ရှာတွေ့နိုင် မယ်ဆိုရင် ကျွန်တော်တို့မှာ အခွင့်အရေး ရှိလာမှာပေါ့..."

"ဟုတ်တာပေါ့... ငါတို့ နိုင်မယ်လို့တော့ အာမမခံနိုင်ပေမဲ့ အနည်းဆုံးတော့ အခွင့်အရေး ရှိလာမှာပေါ့... မဟုတ်ဘူးလား..."

"ဟုတ်ပါတယ်..."

ကောင်းယွမ် နားလည်သွားခဲ့လေသည်။

အမှန်စင်စစ် ဤသည်မှာ မိမိကိုယ်မိမိ ပြန်လည် အားပေးခြင်းသာ ဖြစ်၏။ မည်သူကမှ ရှုံးနိမ့်မည်ဟု သိနေသော အလုပ်ကို မလုပ်လိုကြပေ။

ကောင်းချိုးက ကောင်းယွမ်၏ ပခုံးကို ပုတ်လိုက်လေသည်။

"ကြိုးစားပါ... တို့ ကောင်းမိသားစုက စကြဝဠာ တစ်ခုလုံးမှာ ဟိန်းထွက်သွားမယ့် နာမည် ကြီး မိသားစု ဖြစ်လာဖို့ ကံပါလာပြီးသားပါ..."

"စစ်သေနာပတိချုပ်ကြီး... ခင်ဗျားမှာ တခြား သားတွေ ရှိသေးလား..."

"ဟမ်... မင်းနဲ့ ကောင်းကန့်ပဲ ရှိတာပေါ့..."

"ကောင်းကန့်က ကျွန်တော့်ထက် အသက် တစ်ရာလောက် ကြီးတာလေ... လွန်ခဲ့တဲ့ အနှစ်တစ်ရာအတွင်းမှာ ခင်ဗျား တခြား အမျိုးသမီးတွေနဲ့ ကလေး မရခဲ့ဘူးလား..."

ကောင်းယွမ်သည် သူ၏ သံသယကို ထုတ်ဖော်လိုက်၏။

"မင်း ဘာပြောချင်တာလဲ..."

"တခြား ကမ္ဘာမှာရော ခင်ဗျား သားတွေ မရှိဘူးလားလို့..."

ကောင်းချိုးသည် ခဏမျှ မှင်သက်သွားပြီးနောက် ပြုံးကာ မေးလိုက်လေသည်။

"မင်းက ဘယ်လိုဖြစ်ပြီး အဲဒီလို တွေးလိုက်ရတာလဲ..."

"ဘာလို့လဲဆိုတော့ အခုထိ ခင်ဗျား ကျွန်တော့်ကို ကိုယ်တိုင်ကိုယ်ကျ လာမတွေ့သေးလို့ ပဲ... ဒီကိုယ်ခန္ဓာက အတုပဲ မဟုတ်လား..."

ကောင်းချိုး၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။

သူသည် အံ့အားသင့်သွားပြီးနောက် စိတ်သက်သာရာ ရသွားဟန်ဖြင့် ခါးသီးစွာ ပြုံးလိုက် လေသည်။

"ကောင်းယွမ်... မင်း ဘယ်လို သိသွားတာလဲ... ကောင်းကန့်တောင် ငါ့ကိုယ်ခန္ဓာက အတု မှန်း မသိခဲ့ဘူးလေ... ငါ့ဆီမှာ ဘယ်လို ချို့ယွင်းချက် ရှိနေလို့လဲ..."

ကောင်းယွမ်သည်လည်း အမှန်တကယ် မသေချာပေ။ သူသည် စမ်းသပ်သည့် အနေဖြင့် သာ ပြောလိုက်ခြင်း ဖြစ်သော်လည်း မမျှော်လင့်ဘဲ အခြား လျှို့ဝှက်ချက်ကြီးတစ်ခုကို သိရှိသွားခဲ့ရခြင်းဖြစ်လေတော့သည်။

အခန်း (၁၈၀) နွီဝါးသည် ဂြိုဟ်သားတစ်ဦး ဖြစ်ပေသည်

"စစ်သေနာပတိချုပ်ကြီး... ကျွန်တော် ခင်ဗျားနဲ့ အနှစ်နှစ်ဆယ်လောက် အတူတူ နေလာ တာဆိုတော့ ခင်ဗျားအကြောင်းကို အရမ်း သိတာပေါ့... ခင်ဗျားမှာ အလေ့အကျင့် တစ်ခု ရှိတယ်... အဲဒါက ခင်ဗျား တစ်ခုခုကို စဉ်းစားနေရင် လက်ချောင်းလေးတွေက အလိုလို တောက်နေတတ်တာပဲ... အရင်တုန်းကဆိုရင် ခင်ဗျား လက်ချောင်းတောက်တာက တစ် မိနစ်ကို အကြိမ် ရှစ်ဆယ်လောက် ရှိတတ်ပြီး စကားပြောတဲ့ အရှိန်အပေါ် မူတည်ပြီး အပြောင်းအလဲ ရှိတယ်... ဒါပေမဲ့ အခုနက စကားပြောနေတုန်းမှာတော့ အဲဒီ အချက်ပေး သံက လုံးဝ မပြောင်းလဲဘူးလေ..."

ကောင်းချိုးသည် ခါးသီးစွာ ပြုံးလိုက်လေသည်။

"ငါ တကယ်ပဲ လပေါ်မှာ ရှိမနေတာကို မင်း သေချာပေါက် သိနေတာပဲပေါ့... ကောင်းယွမ် ... ငါ အခု လပေါ်မှာ မရှိဘူး... ဒါပေမဲ့ လူတိုင်းကတော့ ငါ့ကို လပေါ်မှာ ရှိနေတယ်လို့ပဲ သိထားရမယ်... နားလည်လား..."

"သိပါပြီ... မြေခွေးအိုကြီးရဲ့... ကျွန်တော် နားလည်ပါတယ်... ခင်ဗျား အခု ဂြိုဟ်သိမ် ဂြိုဟ်မွှားပတ်လမ်းစုထဲမှာ မဟုတ်လား... ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှု ဌာနရဲ့ အိမ်ရှေ့မှာတင် အကြီးအကျယ် လုပ်ဖို့ ပြင်နေတာပေါ့... အမှန်အတိုင်း ပြောရရင် ခင်ဗျား ခုလို ဖြစ်နေတာကို မြင်ရတော့ ကျွန်တော် ခင်ဗျားအတွက် စိုးရိမ်မနေတော့ဘူး..."

"မဟုတ်ဘူး... တို့တွေဆီမှာ မင်းရဲ့ အကူအညီ လိုသေးတယ်... ဆယ်ရက်အတွင်းမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုဆီကို လူဦးရေ သန်း (၂၀၀) အတွက် တစ်လစာ လုံ လောက်တဲ့ ရေနဲ့ လေကို ပို့ပေးပါ... ရေကတော့ ပြန်လည် အသုံးပြုလို့ ရတာမို့လို့ အများကြီး မလိုဘူး... ဒါပေမဲ့ လေကတော့ အများကြီး လိုလိမ့်မယ်..."

"ကောင်းပါပြီ... စစ်သေနာပတိချုပ်ကြီး... ခင်ဗျားလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး နော်..."

ကောင်းယွမ်သည် စကားပြောပြီးသည်နှင့် အနာဂတ်ကမ္ဘာမှ ထွက်ခွာလာခဲ့လေတော့ သည်။

ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့ရန်မှာ အသေးအဖွဲ ကိစ္စသာ ဖြစ်၏။ သူသည် လကမ္ဘာ၏ တစ်ဖက်ခြမ်းတွင် ရှိသော လေးထောင့်ပုံစံ အဆောက်အအုံကို သွားရောက် ကြည့်ရှုလို ခြင်း ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အဆင့်မြင့်ယဉ်ကျေးမှု၏ အကြွင်းအကျန်များကို ကောင်းယွမ်အနေဖြင့် ပထမဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရခြင်း ဖြစ်ပြီး အတွင်း၌ တစ်ခုခု ရှာဖွေတွေ့ရှိနိုင်မည်ဟု မျှော်လင့်ထားသောကြောင့် ဖြစ်ပေသည်။

ပြန်ရောက်သည့်အခါ ကောင်းယွမ်သည် စက်ရုပ်ပေါင်း ရာနှင့်ချီ၍ ခေါ်ဆောင်ကာ ကာကွယ်ရေးစက်လုံးများနှင့် လက်နက်တပ်ဆင်ထားသော ကင်းထောက်ဒရုန်းများကို ယူဆောင်၍ ထိုလေးထောင့်ပုံစံ စောင့်ကြည့်ရေး စခန်း၏ အပျက်အစီးများဆီသို့ သွား ရောက်ခဲ့လေသည်။

အပြင်ဘက်သို့ ရောက်သည့်အခါ ကောင်းယွမ်သည် အရင်ဆုံး ကင်းထောက် ကိရိယာကို အသုံးပြု၍ ထိုနေရာကို စူးစမ်းလိုက်လေသည်။

အတွင်း၌မူ အမှန်တကယ်ပင် ဘာမျှ မရှိနေခဲ့ပေ။

နံရံလေးဖက်သာ ရှိပြီး အမှိုက်တစ်စပင် မရှိနေခဲ့ပေ။

ထို့နောက်တွင်မှ ကောင်းယွမ်သည် စက်ရုပ်များကို ခေါ်ဆောင်ကာ အတွင်းသို့ ဝင်ရောက် သွားခဲ့လေသည်။

နေရာအနှံ့ကို အသေးစိတ် ရှာဖွေခိုင်းလိုက်၏။

ဤနေရာမှာ အလွန်ပင် ကျယ်ဝန်းလှပြီး အဆောက်အအုံ ဧရိယာမှာ စတုရန်းမီတာ နှစ်သောင်းကျော် ရှိလေသည်။ ပတ်ဝန်းကျင်ရှိ နံရံများပေါ်တွင် ရေဒီယိုသတ္တိကြွမှု အကြွင်းအကျန် အချို့ကို တွေ့ရှိခဲ့ရလေသည်။

ကောင်းယွမ်သည် ထိုနံရံများကို ဖြိုချရန် ပြင်ဆင်နေစဉ်မှာပင် စက်ရုပ်တစ်ရုပ်သည် မြေအောက်၌ မမျှော်လင့်ဘဲ သဲလွန်စတစ်ခုကို တွေ့ရှိခဲ့လေသည်။

လကမ္ဘာ မျက်နှာပြင်ပေါ်ရှိ နေရာတစ်ခုမှာ အခြားနေရာများနှင့် မတူဘဲ ထူးခြားနေ သည်ကို တွေ့လိုက်ရလေသည်။ ထိုနေရာမှာ နောက်ပိုင်းမှ ပြန်လည် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း စက်ရုပ်က ချက်ချင်း ဆုံးဖြတ်လိုက်လေသည်။

ကောင်းယွမ်သည် အစပိုင်းတွင် စိတ်မဝင်စားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် အနာဂတ်ကမ္ဘာတွင် ဤနေရာကို စူးစမ်းပြီးသား ဖြစ်ရမည် ဖြစ်ကာ ထူးခြားမှု မရှိနိုင်သောကြောင့် ဖြစ်၏။ သို့သော်လည်း ကွာခြားမှု ရှိနေသည့် အတွက် တူးဖော်ကြည့်ရန် သူ ဆုံးဖြတ်လိုက်လေသည်။

ဆယ်မီတာခန့် တူးပြီးသည့်နောက်တွင်မူ ကောင်းယွမ်သည် မြေအောက်၌ ဟင်းလင်း ပြင်တစ်ခု ရှိနေသည်ကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရလေသည်။

သူ အံ့အားသင့်သွားခဲ့ရလေ၏။

အနာဂတ်ကမ္ဘာတွင် အရာအားလုံးကို ရှာဖွေပြီးသား ဖြစ်ရမည် မဟုတ်ပါလား။ အဘယ် ကြောင့် သူ့အလှည့်ကျမှ သည်မြေအောက် အပျက်အစီးများကို တွေ့နေရပါသနည်း။

*လက်ရှိကမ္ဘာကလူတွေ လပေါ်ကို စောစောစီးစီး ရောက်လာခဲ့လို့ သူတို့တွေ ဆုတ်ခွာဖို့ အချိန်မရလိုက်တာလား….*

ကောင်းယွမ်သည် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာဖြင့် လက်နက်တပ်ဆင်ထားသော ကင်းထောက်ဒရုန်းကို အောက်သို့ အရင်ဆင်းကာ ကြည့်ခိုင်းလိုက်လေသည်။

ကင်းထောက် ကိရိယာမှ ပေးပို့လာသော ပုံရိပ်များကြောင့် ကောင်းယွမ် မှင်သက်သွား ခဲ့ရလေသည်။ အောက်ဘက်တွင် အမှန်တကယ်ပင် ဓာတ်ခွဲခန်းတစ်ခု ရှိနေခဲ့ခြင်းပင် ဖြစ်သည်။ ပစ္စည်းများစွာကို ဖယ်ရှားသွားခဲ့သော်လည်း အချို့သော အရာများမှာ ကျန်ရှိ နေပေသေးသည်။

ကောင်းယွမ်သည် ဝေခွဲမရ ဖြစ်နေခဲ့လေသည်။ ယခုအခါ နေအဖွဲ့အစည်းအတွင်း၌ လူ သားများ ပေါ်ပေါက်လာခြင်းမှာ အဆင့်မြင့်ယဉ်ကျေးမှုနှင့် သက်ဆိုင်နေကြောင်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်၏။ အကယ်၍ သူသည် အဆင့်မြင့်ယဉ်ကျေးမှု အကြောင်းကို လေ့လာလိုပါက ဤပစ္စည်းများကို ယူဆောင်သွားခြင်းမှာ အကောင်းဆုံး ဖြစ်ပေလိမ့် မည်။

သို့သော်လည်း ယူဆောင်သွားပါက အဆင့်မြင့်ယဉ်ကျေးမှု၏ သံသယကို ဖြစ်ပေါ်စေနိုင် ပါသလား။

သူ ခဏမျှ တွေဝေသွားခဲ့၏။

ကောင်းယွမ်သည် အချက်တစ်ခုကို စဉ်းစားလိုက်မိသည်။ အကယ်၍ သူသာ ယခု ထွက် ခွာသွားပါက အဆင့်မြင့်ယဉ်ကျေးမှုမှာ သတိထားမိသွားပေလိမ့်မည်။ ပုံမှန်အားဖြင့် အကြွင်းအကျန်များကို တွေ့ရှိပါက ယင်းတို့ကို အသေးစိတ် လေ့လာကြမည်သာ ဖြစ်၏။

ထို့အပြင် အခြားသူများကိုလည်း မိမိ၏ စံနှုန်းဖြင့် တိုင်းတာကြည့်ရပေမည်။ အကယ်၍ ကောင်းယွမ်သည် ကမ္ဘာသစ်တစ်ခု ဖန်တီးခဲ့ပြီး သူ မွေးမြူထားသော သတ္တဝါများက သူ ၏ အကြွင်းအကျန်အချို့ကို တွေ့ရှိသွားခဲ့လျှင် သူသည် ယင်းကို ရယ်စရာတစ်ခုအဖြစ် သာ မြင်မိပေလိမ့်မည်။

သို့သော်လည်း ထိုသတ္တဝါများက သင်၏ အကြွင်းအကျန်များကို ရှောင်ဖယ်နေကြမည် ဆိုပါက သူတို့၌ အခြားသော ရည်ရွယ်ချက်များ ရှိနေနိုင်ပါသလား၊ သို့မဟုတ် သင် ရှိ နေသည်ကို သူတို့ သိနေကြပြီလားဟူ၍ သင် သံသယ ဝင်လာနိုင်ပေသည်။ သူတို့၏ အတွေးများမှာ အလွန်ပင် ရှုပ်ထွေးလှပေသည်။

ဤသို့ စဉ်းစားမိလိုက်သည့်အခါ ကောင်းယွမ်သည် သူ၏လူများကို ခေါ်ဆောင်ကာ အပျက်အစီးများအတွင်းသို့ ဆင်းသွားခဲ့လေသည်။

သူသည် လုံခြုံရေး ပြဿနာများကို စိုးရိမ်နေရန် မလိုပေ။ အကယ်၍ အဆင့်မြင့်ယဉ် ကျေးမှုက သူ့ကို သတ်လိုပါက လွန်ခဲ့သော အချိန်ကတည်းက သတ်ဖြတ်ခဲ့ပြီး ဖြစ်ပေ လိမ့်မည်။

ယခုအခါ သူသည် အဆင့်မြင့်ယဉ်ကျေးမှု၏ စောင့်ကြည့်စာရင်းထဲတွင် ပါဝင်နေပြီဟု သူ ယူဆလိုက်မိလေသည်။

အမှန်စင်စစ် ခြံစည်းရိုးအတွင်း၌ အလွန် အစွမ်းထက်သော သိုးတစ်ကောင် ရှိနေပါက သင်သည်လည်း ထိုသိုးကို စောင့်ကြည့်နေမည်သာ ဖြစ်ပေသည်။

အပျက်အစီးများအတွင်းသို့ ဝင်ရောက်လိုက်သည့်အခါ အတွင်းပိုင်းမှာ စက်ဝိုင်းပုံစံ ဖြစ်နေသည်ကို တွေ့ရသဖြင့် ကောင်းယွမ် အံ့ဩသွားခဲ့ရလေသည်။

အပေါ်ဘက်ရှိ စက်ဝိုင်းပုံစံ အမိုးခုံးပေါ်တွင်ပင် ပုံစံမျိုးစုံ ပါရှိနေခဲ့၏။

ကောင်းယွမ်သည် ဤအရာမှာ အဆင့်မြင့် ဂြိုဟ်သားယဉ်ကျေးမှု၏ အကြွင်းအကျန်များ မဟုတ်ဘဲ ရှေးဟောင်း ရှမင်းဆက်၏ အပျက်အစီးများ ဖြစ်နေမလားဟုပင် ခံစားလိုက် ရလေသည်။

အဘယ်ကြောင့်ဆိုသော် ပုံထဲတွင် မြွေကိုယ်ထည်နှင့် လူဦးခေါင်း ရှိသူတစ်ဦးနှင့် နဂါး တစ်ကောင်ကို သူ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်ပေတော့သည်။

"ဒါက..."

"ဒါ နွီဝါးနဲ့ ရှမင်းဆက်ရဲ့ အထိမ်းအမှတ် တံဆိပ်တွေ မဟုတ်ဘူးလား..."

ကောင်းယွမ်သည် အံ့အားသင့်သွားသည့် အမူအရာ ဖြစ်သွားခဲ့လေသည်။

"နွီဝါးက ဂြိုဟ်သားတစ်ယောက် ဖြစ်နေတာလား..."

ကောင်းယွမ်သည် မိမိ၏ အတွေးကြောင့်ပင် ကိုယ့်ကိုယ်ကိုယ် လန့်သွားခဲ့မိလေ၏။

သူသည် အချက်အလက် အားလုံးကို ဓာတ်ပုံရိုက်ယူလိုက်လေသည်။ မူလက ထိုအရာ များကို အာကာသ ရူပဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ရန် ရည်ရွယ်ထားသော်လည်း ခဏမျှ စဉ်းစားပြီးနောက် ရှနိုင်ငံ သိပ္ပံအကယ်ဒမီသို့သာ ပေးပို့လိုက်လေတော့သည်။

အာကာသ ရူပဗေဒ ဓာတ်ခွဲခန်းသည် နေအဖွဲ့အစည်းအတွင်းမှ လွတ်မြောက်ရန်အတွက် သူတို့၏ မျှော်လင့်ချက် ဖြစ်ပေသည်။ သူတို့သည် လေးဖက်မြင် နျူထရွန်ကို လေ့လာ ခြင်း၌သာ အာရုံစိုက်သင့်ပေသည်။ နွီဝါးနှင့် နဂါးပုံရိပ်များမှာ သူတို့အတွက် ဇဝေဇဝါ

ဖြစ်စေနိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူအများစုမှာ နိုင်ငံခြားသားများ ဖြစ်နေသောကြောင့် ဖြစ်ပေသည်။

ရှနိုင်ငံ သိပ္ပံအကယ်ဒမီမှာမူ မတူညီပေ။ ယခုအခါ ရှနိုင်ငံ သိပ္ပံအကယ်ဒမီသည် "ကျူးရှို့ ရှောင်ယောင်းကျိ" နှင့် တိုက်ရိုက် ချိတ်ဆက်ထားသဖြင့် ရှနိုင်ငံသား (၁.၄) ဘီလီယံ၏ ဉာဏ်ပညာကို ပေါင်းစပ်နိုင်ပေသည်။

မဟုတ်သေးပေ... အခုဆိုလျင် လူဦးရေ (၁.၅) ဘီလီယံလောက် ရှိနေပြီ ဖြစ်၏။ နိုင်ငံခြား မှ လူငယ် အမျိုးသမီး အများအပြားမှာ ရှနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြပြီး ၎င်းတို့၏ မူလ ဘာသာစကားနှင့် အမည်နာမများကို စွန့်လွှတ်ကာ ရှနိုင်ငံ လူ့အဖွဲ့အစည်းအတွင်းသို့ ပေါင်းစည်းနေကြပြီ ဖြစ်ပေသည်။

ဤဖြစ်နိုင်ခြေများကို ခန့်မှန်းတွက်ချက်ရန်အတွက် ရှနိုင်ငံ သိပ္ပံအကယ်ဒမီမှာ အာကာသ ရူပဗေဒ ဓာတ်ခွဲခန်းထက် ပိုမို သင့်တော်လှပေသည်။

ကောင်းယွမ်သည် ကျုံးကော်ချန်ကို ဆက်သွယ်လိုက်လေသည်။

"ပရော်ဖက်ဆာကျုံး... ကျွန်တော် လပေါ်ကို ရောက်နေတယ်..."

ကျုံးကော်ချန်၏ အမူအရာမှာ ဝေခွဲမရ ဖြစ်နေခဲ့လေသည်။ ကောင်းယွမ်မှာ တစ်နေ့ ထက်တစ်နေ့ ပိုမို အင်အားကြီးမားလာခဲ့ပြီ ဖြစ်၏။ ယခုအခါ အင်တာနက်ပေါ်တွင် လကမ္ဘာရှိ ကွမ်ဟန်နန်းတော်နှင့် မုန်တိုင်းသမုဒ္ဒရာတို့၏ ဓာတ်ပုံများစွာ ရှိနေခဲ့ပြီ ဖြစ် ပေသည်။

လကမ္ဘာပေါ်တွင် ဤမျှလောက် ကြီးမားသော စီမံကိန်းကို လုပ်ဆောင်နိုင်ခြင်းမှာ အမှန် တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။

"ကောင်းယွမ်... ဘာကိစ္စရှိလို့လဲ..."

"ကျွန်တော် လပေါ်မှာ အပျက်အစီး တစ်ခုကို တွေ့တယ်... အဲဒါက ဂြိုဟ်ပြင်ပ ယဉ်ကျေး မှုတစ်ခုက ဖြစ်နိုင်တယ်... ကျွန်တော် အခု ပုံရိပ်တွေကို ပို့လိုက်မယ်..."

ကျုံးကော်ချန် မှင်သက်သွားခဲ့ရလေ၏။

*ဂြိုဟ်ပြင်ပ ယဉ်ကျေးမှုလား…*

ဂြိုဟ်ပြင်ပ ယဉ်ကျေးမှုများနှင့် ပတ်သက်သော ခန့်မှန်းချက်များမှာ ကမ္ဘာပေါ်တွင် အမြဲ တစေ ရှိနေခဲ့သည်သာ ဖြစ်၏။ သိပ္ပံပညာရှင်များ၊ သိပ္ပံဝတ္ထုရေးဆရာများနှင့် သာမန်လူ များစွာ၏ ခန့်မှန်းချက်နှင့် စိတ်ကူးယဉ်မှုများလည်း ရှိနေခဲ့ကြလေသည်။

"မင်း ဘာတွေ တွေ့ခဲ့လို့လဲ..."

"နွီဝါးက ဂြိုဟ်သားတစ်ယောက် ဖြစ်နေနိုင်တယ်..."

"ဟမ်..."

ကျုံးကော်ချန်သည် ဆဲရေးရန်ပင် ပြင်လိုက်မိလေသည်။

*နွီဝါး... ရှမင်းဆက်ရဲ့ ဘိုးဘေးတွေထဲက တစ်ယောက်က ဂြိုဟ်သားတစ်ယောက် ဖြစ်နေ တာလား….*

*ဒါက မယုံနိုင်စရာ ကောင်းမနေဘူးလား…*

ကောင်းယွမ်သည် စကားများများ မပြောတော့ဘဲ ကျုံးကော်ချန်ကို ပုံရိပ်ယောင် မျက်နှာ ပြင်မှတစ်ဆင့် တိုက်ရိုက် ပြသလိုက်လေသည်။

သူ့ရှေ့တွင် မြင်တွေ့နေရသော မြင်ကွင်းကို ကြည့်ရင်း ကျုံးကော်ချန်သည် ဤနေရာမှာ ရှနိုင်ငံ၏ ဒဏ္ဍာရီလာ ပြခန်းတစ်ခု ဖြစ်နေမလားဟုပင် ထင်မှတ်လိုက်မိလေသည်။

စက်ဝိုင်းပုံစံ အမိုးခုံးပေါ်တွင် ကျောက်မျက်ရတနာများဖြင့် တန်ဆာဆင်ထားပြီး အောက် ဘက်ရှိ နံရံဆေးရေး ပန်းချီများမှာလည်း ရှမင်းဆက်၏ ရိုးရာ ပန်းချီများနှင့် ဆင်တူလှပေ သည်။

"ကောင်းယွမ်... မင်းရဲ့ သိပ္ပံနဲ့ နည်းပညာ မြှင့်တင်ရေး လုပ်ငန်းတွေကို ငါ လေးစားပါတယ် ... ဒါပေမဲ့ မင်း ငါ့ကို ဒီလိုမျိုး ဆက်ပြီး နောက်ပြောင်နေမယ်ဆိုရင်တော့ ငါ့နှလုံးသားက ခံနိုင်ရည် ရှိမှာ မဟုတ်ဘူးနော်..."

ကောင်းယွမ် မှင်သက်သွားခဲ့ရလေသည်။

" ပရော်ဖက်ဆာကျုံး... ကျွန်တော် ခင်ဗျားကို ဘယ်တုန်းက လိမ်ဖူးလို့လဲ... ဒါက လ ပေါ်မှာ တွေ့ခဲ့တဲ့ အကြွင်းအကျန် အစစ်အမှန်တွေပါ..."

ကျုံးကော်ချန်အတွက်မူ ဤသည်မှာ ကောင်းယွမ်၏ နောက်ပြောင်မှုတစ်ခုကဲ့သို့ ဖြစ်နေ ခဲ့လေသည်။ လပေါ်တွင် အပျက်အစီးတစ်ခု ဖန်တီးကာ အင်တာနက် အသုံးပြုသူများနှင့် ပူးပေါင်းပြီး လကမ္ဘာမှာ ရှနိုင်ငံ၏ မူလပိုင်နက် နယ်မြေဖြစ်ကြောင်း ဝါဒဖြန့်ရန် ကြိုးစား နေသည်ဟု သူ ထင်မြင်နေခြင်း ဖြစ်ပေတော့သည်။

ဤသည်မှာ စိတ်လှုပ်ရှားစရာ ကောင်းသော်လည်း ဘာထူးခြားပါမည်နည်း။

ယခုအခါ ကမ္ဘာ့အခြားနေရာများမှာ ရုန်းရင်းဆန်ခတ်မှုများ၊ စစ်ပွဲများ၊ ငတ်မွတ်မှုများနှင့် ကူးစက်ရောဂါများ ဖြစ်ပွားနေခဲ့ပြီ ဖြစ်သည်။ ယခုလိုမျိုး မလုပ်ခဲ့လျင်ပင် လကမ္ဘာ၏ ပိုင်ဆိုင်ခွင့်အတွက် ရှနိုင်ငံနှင့် သို့မဟုတ် ကောင်းယွမ်နှင့် မည်သူက ယှဉ်ပြိုင်နိုင်ပါဦး မည်နည်း။

"ကောင်းပါပြီ... ကောင်းပါပြီ... ငါ သိပါပြီ... တခြား ဘာမှ မရှိတော့ဘူးဆိုရင် ငါ ဖုန်းချ လိုက်တော့မယ်နော်..."

All Chapters