← Chapters

အခန်း (၃၉၁-၃၉၂)

Vol. 40 Ch. 391-392

အခန်း (၃၉၁-၃၉၂)

Vol. 40 Ch. 391-392

အခန်း (၃၉၁) ပိုမြင့်သော ခြံစည်းရိုးတံတိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ

ယောင်ရန်၏ ကမ်းလှမ်းမှုကို ကြားသောအခါ အလုပ်သမားများ စိတ်လှုပ်ရှား သွားခဲ့ကြလေသည်။

သူတို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သူတို့၏

ခေါင်းဆောင် ဖြစ်သူ ကို လှမ်းကြည့်လိုက်ကြလေသည်။ သူတို့က စကားပြော ဆိုညှိနှိုင်းမှုများကို အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သဖြင့် မည်သူမျှ ဝင် မပြောရဲခဲ့ကြပေ။

ယောင်ရန်သည် သူတို့၏ တုံ့ပြန်မှုများကို စောင့်ကြည့်လိုက်ပြီး တွေးနေမိ လေသည်။

*ဒီကမ်းလှမ်းမှုက ပေါက်ဈေးထက်တော့ ပိုများရမယ်…*

သူမသည် ခေါင်းဆောင်ဖြစ်သူထံသို့ ပြန်လှည့်ကြည့်လိုက်ရာ သူ တုံ့ဆိုင်းနေ ဆဲဖြစ်သည်ကို သတိပြုမိသွားခဲ့လေသည်။ အချိန်ကုန်သွားမည်ကို စိုးရိမ်သ ဖြင့် ယောင်ရန်က ထပ်ပြောလိုက်လေသည်။

"ဦးလေး... ဈေးအရမ်းနည်းနေတယ်လို့ ထင်ရင်လည်း ထားလိုက်ပါတော့… ကျွန်မ တခြားလူပဲ ရှာလိုက်ပါ့မယ်…."

ယင်းကို ကြားသောအခါ အခြားအလုပ်သမားများ စိုးရိမ်လာခဲ့ကြလေသည်။ ဗီလာဧရိယာတွင် အလုပ်ရှာရန် ပြိုင်ဆိုင်မှု ပြင်းထန်ကြောင်း သူတို့ သိထားကြ ပေသည်။ ယနေ့တွင် အဖွဲ့ပေါင်း တစ်ဒါဇင်ကျော် ရောက်ရှိနေပြီဖြစ်ရာ၊ ဤမျှ လောက်များပြားသော လုပ်အားခဖြင့် ဤအလုပ်ကို လိုချင်သူများ အများအ ပြား ရှိနေမည်သာဖြစ်သည်။

အလုပ်သမားများထဲမှ တစ်ဦးမှာ စိုးရိမ်လွန်းသဖြင့် မနေနိုင်တော့ဘဲ သူ၏ ခေါင်းဆောင်ဖြစ်သူ၏ လက်မောင်းကို ဆွဲကာ ဘေးသို့ ခေါ်သွားခဲ့လေသည်။

သူက အသံကိုနှိမ့်ကာ ပြောလိုက်လေသည်။

"ခေါင်းဆောင်... ခင်ဗျား ဆက်ပြီး တုံ့ဆိုင်းနေမယ်ဆိုရင် ဒီကောင်မလေးက တခြားအဖွဲ့ကို တကယ် ငှားသွားလိမ့်မယ်… ဒီလောက်လုပ်အားခ ကောင်း ကောင်းပေးတဲ့ ဒီလိုအလုပ်မျိုးက ရှာရလွယ်တာ မဟုတ်ဘူးနော်…"

သူ၏ခေါင်းဆောင်ဖြစ်သူ စဉ်းစားနေသည်ကို မြင်သောအခါ အလုပ်သမားက ထပ်ပြောလိုက်လေသည်။

"ပြီးတော့ သူက ဒီနေ့ ထမင်းတစ်နပ် ကျွေးမယ်လို့လည်း ပြောသေးတယ်လေ … ကျွန်တော်တို့ မနက်ကတည်းက ဘာမှမစားရသေးလို့ အရမ်းဗိုက်ဆာနေ ပြီ… အလုပ်ကိုသာ လက်ခံလိုက်ပြီး အရင်ဆုံး စားကြရအောင်ပါ…."

ခေါင်းဆောင် ဖြစ်သူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ယောင်ရန်က သူတို့ကို သာ အတင်းအကျပ် ငှားရမ်းချင်လာစေမည့် မည်သည့် အားသာချက်မှ သူတို့ တွင် မရှိကြောင်း သဘောပေါက်သွားကာ နောက်ဆုံးတွင် ခေါင်းညိတ်လိုက် လေသည်။

"ကောင်းပြီလေ…"

သူ သဘောတူလိုက်သဖြင့် အလုပ်သမား၏ မျက်နှာမှာ ဝင်းလက်သွားတော့ သည်။

"ကောင်းတာပေါ့….ကောင်မလေး စိတ်မပြောင်းခင် ခေါင်းဆောင် မြန်မြန် အလုပ် လက်ခံလိုက်တော့…"

အလုပ်သမား၏ တိုက်တွန်းမှုကြောင့် ခေါင်းဆောင်ဖြစ်သူသည် ယောင်ရန် ထံသို့ ပြန်လျှောက်သွားပြီး မေးလိုက်သည်။

"ကောင်မလေး... ကျွန်တော်တို့ အရင် စားလို့ရမလား…."

ယောင်ရန်သည် သူမ၏ နာရီကို တစ်ချက်ကြည့်လိုက်ရာ နေ့လယ်စာစားချိန် လွန်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမ ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြော လိုက်လေသည်။

"ရပါတယ်… ကျွန်မနောက်ကို လိုက်ခဲ့ပါ…."

ထာဝရည ရောက်ရှိလာပြီးနောက် အပူချိန်မှာ တစ်နေ့ထက်တစ်နေ့ တဖြည်း ဖြည်း ကျဆင်းလာခဲ့လေသည်။ ယခင်ကထက် ပိုအေးသော်လည်း အလွန်အ မင်းအေးခဲမှုကို ခံစားခဲ့ရသော အသက်ရှင်ကျန်ရစ်သူများအတွက်မူ လက်ရှိ အပူချိန်သည် အံ့ဩစရာကောင်းလောက်အောင် သက်သောင့် သက်သာ ရှိနေ ခဲ့ပေသည်။

သာယာသော ရာသီဥတုကို အခွင့်ကောင်းယူကာ ယောင်ရန်သည် အလုပ် သမားများကို အိမ်နောက်ဖေးခြံဝင်းထဲတွင် စားသောက်နိုင်စေရန် စီစဉ်လိုက် သည်။

သူတို့ ခြံနောက်ဖေးသို့ ရောက်သောအခါ ယောင်ရန်က ပြောလိုက်လေ သည်။

"ဒီမှာ ခဏစောင့်နေပေးပါ… ကျွန်မ သွားပြီး စားစရာတွေ ယူလိုက်ဦးမယ်…"

ယင်းကို ကြားသောအခါ ခေါင်းဆောင်ဖြစ်သူက ကျေးဇူးတင်စွာဖြင့် ပြုံးလိုက် လေသည်။

"ကျေးဇူးတင်ပါတယ် မိန်းကလေး…"

ယောင်ရန်က ခေါင်းညိတ်ပြပြီး မီးဖိုချောင်ဆီသို့ ထွက်လာခဲ့လေသည်။

မီးဖိုချောင်ထဲတွင် ရွှီရွှမ်းသည် သူမ၏ ခြေသံကို ကြားလိုက်ရပြီး လှည့်ကြည့် လိုက်လေသည်။

သူမ အပေါ်ချိတ်ဘီရိုကို ဖွင့်နေသည်ကို မြင်သောအခါ သူက ခွက်လွတ်ကို ချ ထားလိုက်ပြီးမေးလိုက်လေသည်။

"အစ်ကိုယွမ် ပြန်သွားပြီလား…"

"အင်း..."

ယောင်ရန်က အလိုအလျောက် ပူလာစေသည့် အသင့်စားထမင်းဘူး ဆယ် ဘူးကို ထုတ်ယူရင်း ပြန်ဖြေလိုက်သည်။

သူမ၏ လုပ်ရပ်များကို ကြည့်ကာ သူက မေးလိုက်လေသည်။

"ယောင်ရန်... မင်းက အဲ့ဒါတွေ အားလုံးကို စားဖို့ စီစဉ်နေတာလား…"

ယောင်ရန်က ဘီရိုကိုပိတ်ကာ ပြန်ဖြေလိုက်လေသည်။

"မဟုတ်ပါဘူး… လျှပ်စစ်ဓာတ်အားလိုင်းတွေ တပ်ဆင်ဖို့နဲ့ ခြံစည်းရိုးတံတိုင်း ကို ထပ်မြှင့်ဖို့ အလုပ်သမားအဖွဲ့တစ်ဖွဲ့ကို ကျွန်မ ငှားထားလိုက်တာ… ကျွန်မ တို့ ဒီမှာ ခဏလောက်ဆက်နေဖို့ ဆုံးဖြတ်ထားတော့ လုံခြုံရေးကို တိုးမြှင့်ထား ဖို့ အရေးကြီးတယ်လို့ ထင်လို့ပါ…."

လီထျန်းယု အစောပိုင်းက ပြောခဲ့သည်များကို ပြန်ပြောင်းသတိရသွားပြီး ရွှီရွှမ်းက သဘောတူလိုက်လေသည်။

"မင်းပြောတာ မှန်တယ်… အဲ့ဒီလူဆိုးဂိုဏ်းတွေ လာမတိုက်ခိုက်ခင် ငါတို့ ပြင်ဆင်ထားဖို့ လိုတယ်…"

ထိုသို့ ပြောပြီးနောက် သူက အသင့်စားထမင်းဘူးများကို သယ်ရန် သူမအား ကူညီပေးရင်း မေးလိုက်လေသည်။

"ဒီအစားအစာတွေကို ဘယ်ယူသွားမလို့လဲ…"

"အိမ်နောက်ဖေးကိုလေ…."

ယောင်ရန်က ခွက်များထဲသို့ ရေနွေးများ ဖြည့်ရင်း ပြန်ဖြေလိုက်လေသည်။

"ကောင်းပြီလေ…"

ရွှီရွှမ်း အသင့်စားထမင်းဘူးများကို ယူ၍ ထွက်သွားပြီးနောက် ယောင်ရန်က ရေများကို သယ်လာခဲ့လေသည်။ သူမ ရောက်ရှိလာသောအခါ အလုပ်သမား တစ်ဦးက ရေများကို လှမ်းယူရန် အလျင်အမြန် မတ်တတ်ရပ်လိုက်လေသည်။

အစားအစာ ပူလာရန် စောင့်နေစဉ် ခေါင်းဆောင်ဖြစ်သူက မေးလိုက်လေ သည်။

"မိန်းကလေး... ခြံစည်းရိုးကို ဘယ်လောက်အထိ အမြင့်မြှင့်ချင်တာလဲ…."

ယောင်ရန်က ခြံစည်းရိုးတံတိုင်းကို အတွေးနက်စွာ ကြည့်လိုက်ပြီးမှ ပြန်ဖြေ လိုက်လေသည်။

"ငါးမီတာပါ… လုပ်နိုင်မလား…"

ခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်လေသည်။

"ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မပြိုကျအောင် ခြံစည်းရိုးကို သံကူကွန်ကရစ်နဲ့ အား ဖြည့်ပေးဖို့တော့ လိုလိမ့်မယ်…"

ယောင်ရန်က နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေ သည်။

"ပစ္စည်းတွေအတွက် စိတ်မပူပါနဲ့…ထပ်လိုရင်သာ ပြောပါ၊ ကျွန်မ ရှာပေးပါ့ မယ်…"

ထို့နောက် သူမသည် တစ်စက္ကန့်ခန့် စကားရပ်လိုက်ပြီး မေးလိုက်လေသည်။

"တံတိုင်းတည်ဆောက်ဖို့နဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ တပ်ဆင်ဖို့ အချိန် ဘယ်လောက်ကြာနိုင်မလဲ…"

ခေါင်းဆောင်ဖြစ်သူသည် ခေတ္တမျှ တွက်ချက်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

"ဗီလာတစ်ခုလုံးရဲ့ ပတ်ပတ်လည်တံတိုင်းကို အမြင့် မြှင့်ဖို့ အနည်းဆုံး တစ် ပတ်လောက် အချိန်ယူရလိမ့်မယ်… လျှပ်စစ်ဓာတ်အားလိုင်း တပ်ဆင်တာက နေ့ဝက်လောက် ကြာမယ်… အရာအားလုံး အဆင်ပြေချောမွေ့ရင် ရှစ်ရက် အတွင်း ဒီပရောဂျက်ကို ကျွန်တော်တို့ ပြီးအောင်လုပ်နိုင်ပါတယ်…"

သူ၏ ခန့်မှန်းချက်ကို ကြားပြီးနောက် ယောင်ရန် ခေါင်းညိတ်လိုက်သည်…။

"ကောင်းပါပြီ။"

အသင့်စားထမင်းဘူးများ အဆင်သင့်ဖြစ်နေပြီကို သတိပြုမိသွားပြီး ယောင်ရန်က ထပ်ပြောလိုက်လေသည်။

"ဦးလေးတို့ အရင် စားလိုက်ကြပါ… ကျွန်မ လိုအပ်တဲ့ပစ္စည်းတွေကို သွားပြင် ထားလိုက်မယ်…."

"ကောင်းပါပြီ…"

ခေါင်းဆောင်က သဘောတူလိုက်လေသည်။

အလုပ်သမားများ စားသောက်နေကြစဉ် ယောင်ရန်သည် ခြံနောက်ဖေးရှိ သို လှောင်ရုံငယ်လေးထဲသို့ ဝင်သွားပြီး ခြံစည်းရိုးတံတိုင်းအတွက် လိုအပ်သော ကွန်ကရစ်ဘလောက်တုံးများ၊ သံချောင်းများနှင့် ဘိလပ်မြေများ အပါအဝင် လိုအပ်သောပစ္စည်းများကို ထုတ်ယူလိုက်လေသည်။

လျှပ်စစ်ဓာတ်အားလိုင်းများအတွက် လိုအပ်သောပစ္စည်းများကိုလည်း သူမ၏ နေရာလွတ်ထဲမှ ထုတ်ယူလိုက်လေသည်။ သိုလှောင်ရုံထဲသို့ ပစ္စည်းများ ဖြည့် တင်းပြီးနောက် သူမသည် ခြံနောက်ဖေးသို့ ပြန်ထွက်လာခဲ့ပေသည်။

အလုပ်သမားများ စားသောက်ပြီးသွားကြပြီကို မြင်သောအခါ သူမက ပြောလိုက်လေသည်။

"လိုအပ်တဲ့ပစ္စည်းတွေက ဟိုဘက်က သိုလှောင်ရုံလေးထဲမှာ ရှိပါတယ်… သယ်ယူပြီး အလုပ်စလို့ ရပါပြီ…"

ယခု ဗိုက်ပြည့်သွားကြပြီဖြစ်၍ အလုပ်သမားများသည် ပစ္စည်းများကို စိတ် အားထက်သန်စွာ သယ်ယူကာ အလုပ်စတင်ကြလေတော့သည်။ အိမ်နီးချင်း ဗီလာများမှ မှိန်ဖျော့ဖျော့ အလင်းရောင်သာ ရှိသောကြောင့် ယောင်ရန်သည် ဆိုလာမီးအိမ် အချို့ကို ယူလာခဲ့လေသည်။

ယင်းတို့ကို ခေါင်းဆောင်ဖြစ်သူထံ ကမ်းပေးရင်း သူမက ပြောလိုက်ပေသည်။

"ဦးလေး... အလင်းရောင်ရအောင် ဒီမီးအိမ်တွေကို သုံးပါ… အားကုန်သွားရင် သေတ္တာထဲ ထည့်ထားခဲ့ပါ၊ နောက်မှ ကျွန်မ အားပြန်သွင်းထားလိုက်မယ်…"

သူမ၏ ကြိုတင်ပြင်ဆင်မှုကြောင့် သဘောကျသွားကာ ခေါင်းဆောင်ဖြစ် သူသည် ကြိုးကြိုးစားစား လုပ်ကိုင်ရန် စိတ်ထဲမှ ဆုံးဖြတ်လိုက်ပေသည်။

ဆိုလာမီးအိမ်များကို လက်ခံယူလိုက်ရင်း သူက ပြန်ဖြေလိုက်လေသည်။

"နားလည်ပါပြီ... "

သူတို့ လိုအပ်သည်များ အားလုံးရပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ယောင်ရန် သည် အခြားအလုပ်သမားများနှင့် စကားပြောနေသော ရွှီရွှမ်းကို သတိထားမိလိုက်လေသည်။

သူ့ကို အလုပ်ကြီးကြပ်ရန် ယုံကြည်စိတ်ချစွာ ထားခဲ့ပြီးနောက် သူမ၏ နေ့စဉ် လေ့ကျင့်မှုများကို စတင်ရန် အိမ်ထဲသို့ ဝင်သွားခဲ့တော့သည်။

တတိယထပ်ရှိ လေ့ကျင့်ရေးခန်းထဲသို့ ဝင်လာသောအခါ လုံယုသည် သူ၏ လေစွမ်းအင်အပေါ် ထိန်းချုပ်မှုကို လေ့ကျင့်နေသည်ကို ယောင်ရန် မြင်လိုက် ရလေသည်။ သူမသည် သူ၏ဘေးတွင် ထိုင်လိုက်ပြီး သူမ၏ နေရာလွတ်ထဲမှ မျိုးစေ့တစ်အိတ်နှင့် ဇလုံအကြီးတစ်လုံးကို ထုတ်ယူကာ သူမ၏ သစ်နှင့် ရေ စွမ်းအင်များကို စတင်လေ့ကျင့်လေတော့သည်။

သူမ လေ့ကျင့်နေစဉ် ယောင်ရန်သည် လုပ်ဆောင်နေသော ဆောက်လုပ်ရေး လုပ်ငန်းများအကြောင်း လုံယုအား ပြောပြနေခဲ့ပေသည်။

အခန်း (၃၉၂) မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်

"ဒါ အကြံကောင်းပဲ…"

ယောင်ရန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လုံယုက မှတ်ချက်ပေး လိုက်လေသည်။

"တံတိုင်းကြီး ဆောက်လို့မပြီးခင် ဘာမှပြဿနာမတက်ဖို့ပဲ မျှော်လင့်ရတာ ပေါ့…"

ဟုယောင်ရန်က ပြန်ပြောလိုက်လေသည်။

ဗီလာအတွင်းရှိ လူများမှာ ၎င်းတို့၏ နေအိမ်ကို ခိုင်ခံ့အောင် ပြုပြင်နေကြစဉ် အခြားသော အသက်ရှင်ကျန်ရစ်သူများမှာမူ ရိက္ခာနှင့် အထောက်အပံ့ ပစ္စည်း များကို လိုက်လံရှာဖွေနေကြရလေသည်။

ရှစ်ရက်မြောက်နေ့တွင် အလုပ်သမားများမှာ တံတိုင်းများကို အပြီးသတ်ကာ လျှပ်စစ်ခြံစည်းရိုးများ စတင်တပ်ဆင်နေကြပြီ ဖြစ်သည်။ ထိုအချိန်တွင်ပင်

မျှော်လင့်မထားသော ဧည့်သည်တစ်ဦး ယောင်ရန်ထံ ရောက်ရှိလာခဲ့လေ သည်။

"ဒီဗီလာပိုင်ရှင် အိမ်မှာရှိလား…."

အမျိုးသမီးတစ်ဦးက အလုပ်သမားတစ်ယောက်ကို မေးလိုက်လေသည်။

စီမံကိန်းကာလအတွင်း အဆိုပါအလုပ်သမားသည် တစ်နေ့လျှင် ထမင်းနှစ်နပ် ကောင်းကောင်းစားနေရသဖြင့် ယောင်ရန်အပေါ် ကြည်ညိုလေးစားစိတ် ရှိနေ သူဖြစ်ပေသည်။

ဈေးကြီးပေးဝယ်ထားရသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော ထို အမျိုးသမီးကို မြင်သောအခါ သူက ဂရုတစိုက်ဖြင့် မေးလိုက်လေသည်။

"ဘယ်သူပါလဲလို့ မေးပါရစေ…"

အမျိုးသမီးက အလုပ်သမား၏ ညစ်ပေနေသော လက်များကို ကြည့်ကာ အ နည်းငယ် မျက်မှောင်ကြုတ်သွားပြီး ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ် လိုက်လေသည်။

ထို့နောက် ပြန်ဖြေလိုက်လေသည်။

"ငါက ဘေးကဗီလာပိုင်ရှင်ပဲ၊ ဒီအိမ်ရှင်နဲ့ စကားပြောစရာရှိလို့…."

သူမ၏ နှာခေါင်းရှုံ့ကာ မထီမဲ့မြင်ပြုသည့် အမူအရာကို မြင်သဖြင့် အလုပ်သ မားမှာ စိတ်တိုသွားသော်လည်း ဒေါသကို ထိန်းထားလိုက်လေသည်။ သူက ယဉ်ကျေးစွာပင် ပြန်ပြောလိုက်လေသည်။

"မစ္စယောင်ရန် အိမ်မှာ ရှိပါတယ်… ခဏလောက် စောင့်ပေးပါ… ကျွန်တော် သွားပြောပေးပါ့မယ်…"

"မလိုဘူး"

အမျိုးသမီးက ကြားဖြတ်ပြောလိုက်သည်။

"ငါ့ဘာသာပဲ သွားရှာလိုက်မယ်…"

အလုပ်သမားက တားဆီးရန် မမီလိုက်မီမှာပင် ထိုအမျိုးသမီးက ဗီလာထဲသို့ ဝင်သွားခဲ့လေတော့သည်။

အလုပ်ရှင်က သူ့ကို အပြစ်တင်မည်ကို စိုးရိမ်သဖြင့် အလုပ်သမားသည် နောက်ဖေးခြံထဲရှိ ရွှီရွှမ်းထံသို့ အပြေးအလွှား သွားခဲ့လေတော့သည်။ သူ ရောက်သွားချိန်တွင် ယောင်ရန်ပါ ထိုနေရာ၌ ရှိနေသည်ကို တွေ့လိုက်ရသည်။

"မစ္စယောင်ရန်၊ အမျိုးသမီးတစ်ယောက် ရောက်လာပြီး မေးနေပါတယ်… ကျွန်တော် တားပေမယ့် နားမထောင်ဘဲ အထဲကို အတင်းဝင်သွားပါတယ်…"

အလုပ်သမားက အနားကပ်လာ၍ ပြောပြလိုက်လေသည်။

ယောင်ရန်က မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

"သူက ဘယ်သူလဲ သိလား…"

"ဘေးဗီလာက ပိုင်ရှင်လို့တော့ ပြောပါတယ်…"

အလုပ်သမားက ပြန်ဖြေလိုက်လေသည်။

ယောင်ရန် ဘာမှ ပြန်မပြောရသေးခင်မှာပင် ဗီလာအတွင်းမှ အမျိုးသမီး တစ် ဦး၏ အသံကို ကြားလိုက်ရလေတော့သည်။

"နင်က ဒီဗီလာပိုင်ရှင်လား…"

ထိုအမျိုးသမီးက အော်မေးလိုက်ခြင်း ဖြစ်လေသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် လုံယု၏ အေးစက်လှသော အသံ ထွက်ပေါ်လာ ခဲ့ လေသည်။

"ခင်ဗျားက ဘယ်သူလဲ… အခုချက်ချင်း ထွက်သွားစမ်း…"

ထိုအေးစက်လှသည့် လေသံကို ကြားလိုက်ရသဖြင့် ယောင်ရန်နှင့် ရွှီရွှမ်းတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။ ထိုအမျိုးသမီးမှာ လုံယုနှင့် ထိပ် တိုက်တိုးသွားပုံရပေသည်။

ယောင်ရန်က အလုပ်သမားဘက် လှည့်ကာ ပြောလိုက်လေသည်။

"လာပြောပေးတာ ကျေးဇူးပဲ… မင်း အလုပ်ပြန်လုပ်လို့ ရပါပြီ…"

"ဟုတ်ကဲ့…"

အလုပ်သမားက ခေါင်းညိတ်ပြီး ပြန်ထွက်သွားခဲ့လေသည်။

အလုပ်သမား ထွက်သွားသည်နှင့် ယောင်ရန်နှင့် ရွှီရွှမ်းတို့ အိမ်ထဲသို့ ဝင်လာ ခဲ့ကြလေသည်။

ဧည့်ခန်းထဲသို့ ရောက်သောအခါ အမျိုးသမီးက လုံယုကို စိတ်ဝင်တစား စိုက် ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူမ၏ စေ့စပ်ထားသူကို ထိုသို့ ကြည့်နေသည့် အကြည့်ကြောင့် ယောင်ရန် စိတ်မသက်မသာ ဖြစ်သွားကာ မျက်မှောင်ကြုတ်လျက် ၎င်းတို့အနားသို့ ခပ်သွက်သွက် လျှောက်သွားလိုက် လေတော့သည်။

ယောင်ရန်၏ ခြေသံကို ကြားသောအခါ လုံယုက လှည့်ကြည့်ကာ ပြုံးပြလိုက် ပြီး မေးလိုက်လေသည်။

"ရန်ရန်၊ ထမင်းစားတော့မလား…"

ယောင်ရန်က သူ့ဘေးတွင် ရပ်လိုက်ပြီး မေးလိုက်လေသည်။

"ဒီအမျိုးသမီးကို သိလား…"

လုံယုက ခေါင်းခါပြကာ ဖြေလိုက်လေသည်။

"မသိဘူး… ကိုယ် မင်းကို ဆင်းရှာတော့ သူက အိမ်ထဲမှာ လျှောက်ကြည့်နေ တာနဲ့ ထွက်သွားဖို့ ပြောနေတာ…"

ထိုစကားကို ကြားပြီးနောက် ယောင်ရန်က အမျိုးသမီးဘက် လှည့်ကာ ပြော လိုက်လေသည်။

"အန်တီ... ကျွန်မ မောင်းမထုတ်ခင် ကိုယ့်ဘာသာကိုယ် ထွက်သွားတာ ကောင်းမယ်နော်…"

"အန်တီ" ဟု ခေါ်ခံလိုက်ရသဖြင့် အမျိုးသမီး၏ မျက်နှာ ပျက်သွားပြီး ဒေါသ တကြီးဖြင့် အော်ငေါက်လေတော့သည်။

"နင် ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ… ငါက ဘယ်သူလဲဆိုတာ သိရဲ့လား…"

ယောင်ရန်က အေးစက်စက်ပင် ပြန်ပြောလိုက်လေသည်။

"ရှင် ဘယ်သူလဲဆိုတာ ကျွန်မ ဂရုမစိုက်ဘူး…အခုချက်ချင်း ကျွန်မအိမ်ထဲက ထွက်မသွားရင်တော့ အတင်းနှင်ထုတ်ရလိမ့်မယ်…"

ယောင်ရန်က အတည်ပြောနေခြင်း ဖြစ်သည်ကို မြင်သောအခါ အမျိုးသမီးမှာ တွန့်ဆုတ်သွားပြီး အလျင်အမြန် ပြောလိုက်လေသည်။

"ခဏနေပါဦး…ငါက စီးပွားရေးအကြောင်း ပြောဖို့ လာတာပါ…"

ယောင်ရန်က မျက်ခုံးပင့်ကာ မေးလိုက်လေသည်။

"ဘာစီးပွားရေးလဲ…."

အမျိုးသမီးက လုံယုနှင့် ရွှီရွှမ်းကို တစ်ချက်ကြည့်ပြီးနောက် ယောင်ရန်အား မေးလိုက်ပြန်လေသည်။

"အရင်ဆုံး ထိုင်ဖို့ မဖိတ်တော့ဘူးလား…"

ယောင်ရန်က ရယ်မောကာ ပုခုံးတွန့်ပြလိုက်ပြီး ပြတ်သားစွာပြောလိုက်လေ သည်။

"ခွင့်ပြုချက်မရှိဘဲ ဝင်လာတဲ့သူတွေကို ထိုင်ဖို့ ဖိတ်ခေါ်တတ်တဲ့ အကျင့်မျိုး ကျွန်မ မှာ မရှိပါဘူး…"

ထိုစကားကြောင့် အမျိုးသမီး၏ မျက်နှာမှာ မကျေမနပ် ဖြစ်သွားခဲ့လေသည်။ သို့သော် ဖခင်ဖြစ်သူ၏ မှာကြားချက်ကို သတိရကာ အံကြိတ်ပြီး ပြန်ပြော လိုက်လေသည်။

"ကောင်းပြီလေ… နင်တို့ရဲ့ ဒီလို ညစ်ပတ်နေတဲ့ ဆိုဖာပေါ်မှာ ဘယ်သူကကော ထိုင်ချင်နေလို့လဲ…"

ယောင်ရန်က ဆက်ပြောရန် အမူအရာပြလိုက်ရာ အမျိုးသမီးက နှာခေါင်းရှုံ့ ကာ ရှင်းပြလိုက်လေသည်။

"ငါ့အဖေက နင်တို့ တံတိုင်းကို အမြင့် မြှင့်နေတာကို တွေ့လို့၊ နင်တို့ဆီက ပစ္စည်းအချို့ ဝယ်ချင်နေတာ… ဒီကိစ္စကို ဆွေးနွေးဖို့ နင်တို့နှစ်ယောက်လုံးကို ငါတို့ဗီလာဆီ ဖိတ်ခိုင်းလိုက်တယ်…"

ထိုစကားကို ကြားသည်နှင့် ယောင်ရန်က ချက်ချင်းပင် ပြန်ဖြေလိုက်လေ သည်။

"မသွားနိုင်ဘူး…"

"နင်ကတော့ တကယ့်..."

အမျိုးသမီး၏ ဆဲဆိုသံမှာ လုံယု၏ အေးစက်စက် အကြည့်အောက်တွင် တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားခဲ့လေသည်။

သူမက စိတ်ကို ပြန်ထိန်းကာ အသက်ပြင်းပြင်း ရှူလိုက်ပေသည်။ စက္ကန့် အနည်းငယ်အကြာတွင် အတုအယောင် အပြုံးတစ်ခုကို လုပ်ယူကာ ပြော လိုက်လေသည်။

"ငါတို့ တံတိုင်းကို တစ်မီတာလောက်ပဲ မြှင့်ဖို့ ပစ္စည်းအနည်းငယ်ပဲ လိုတာပါ… နင်တို့သာ ရောင်းပေးမယ်ဆိုရင် ငါ့အဖေက နင်တို့ လိုချင်တာ မှန်သမျှ ပေးဖို့ အသင့်ပဲ…"

စိတ်ဝင်စားသွားဟန်ဖြင့် ယောင်ရန်က မေးလိုက်လေသည်။

"သူက ကျွန်မ လိုချင်တာ တကယ် ပေးနိုင်လို့လား…"

အမျိုးသမီးက တွန့်ဆုတ်တွန့်ဆုတ် ဖြေလိုက်လေသည်။

"ငါတို့ တတ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာဆိုရင်တော့ ပေးမှာပေါ့…."

သူမ၏ အသံတွင် ယုံကြည်မှု ကင်းမဲ့နေသည်ကို သတိထားမိလိုက်သဖြင့် ယောင်ရန်က ထိုအမျိုးသမီး၏ မိသားစုမှာ ကမ္ဘာပျက်ကပ်မတိုင်မီက ချမ်းသာ ခဲ့သော်လည်း ယခုအခါ စည်းစိမ်ဥစ္စာများ ကုန်ခမ်းနေပြီ ဖြစ်ကြောင်း ကောက် ချက်ချလိုက်လေသည်။

ထို့ကြောင့် ယောင်ရန်က ခေါင်းခါကာ ငြင်းဆိုလိုက်လေသည်။

"မလိုတော့ဘူး… ရှင့်အဖေက ကျွန်မ လိုချင်တာကို ပေးနိုင်မှာ မဟုတ်ဘူး… အခု ထွက်သွားလိုက်ပါတော့…."

အမျိုးသမီးက ငြင်းခုံရန် ကြိုးစားသော်လည်း ရွှီရွှမ်းက ပြုံးကာ ပြောလိုက် လေသည်။

"မမလေး... ကြွပါတော့…"

"မသွားဘူး… ငါ…."

ရွှီရွှမ်း၏ အန္တရာယ်ရှိသော အကြည့်နှင့် ဆုံလိုက်သောအခါ သူမ၏ စကားလုံး များ တုံ့ဆိုင်းသွားခဲ့လေသည်။ ထို့နောက် ခြေဆောင့်ကာ စိတ်ပျက်လက်ပျက် ဖြင့် အော်ပြောပြီး ဗီလာထဲမှ ဒေါသတကြီး ထွက်သွားလေတော့သည်။

"ဟွန့်… နင်တို့ ပြောထားတာ မှတ်ထားလိုက်…နောက်မှ ငါ့ဆီ လာမတောင်းပန် ကြနဲ့နော်…"

သူမ ထွက်သွားပြီးနောက် လုံယုက ယောင်ရန်ဘက် လှည့်ကာ မေးလိုက်လေ သည်။

"ရန်ရန်၊ အဲဒီလူဆီကနေ မင်း ဘာလိုချင်လို့လဲ…"

ယောင်ရန်က ပြန်ဖြေလိုက်လေသည်။

"စစချင်းတော့ သူတို့ဆီမှာ ဒီစခန်းက လုပ်နေတဲ့ စမ်းသပ်ချက်တွေရဲ့ တိုးတက် မှု အခြေအနေတွေကို သိနိုင်မယ့် သတင်းအချက်အလက် ရှိမယ်လို့ ထင်ခဲ့တာ …"

"ဒါပေမဲ့ သူ့ရဲ့ ယုံကြည်မှုမရှိတဲ့ ပုံစံကို မြင်တော့မှ သူ့မိသားစုက ဒီဗီလာနယ် မြေမှာ ဆက်နေနိုင်ဖို့တောင် ရုန်းကန်နေရတယ်ဆိုတာ သိလိုက်ရတာ… ဒီဗီ လာကို ဝယ်ဖို့ သူတို့ရဲ့ စည်းစိမ်နဲ့ အဆက်အသွယ် အားလုံးကို သုံးလိုက်ပုံရ တယ်…"

ရွှီရွှမ်းက ရယ်မောကာ မှတ်ချက်ပေးလိုက်လေသည်။

"သူ့မိသားစု အခြေအနေကို သိသိကြီးနဲ့ အဲဒီလောက် ဘဝင်မြင့်နေတာက တော့ ဟာသပဲ…"

ယောင်ရန်က ပုခုံးတွန့်ကာ ပြောလိုက်လေသည်။

"ထားလိုက်ပါတော့… ထမင်း အရင်စားကြရအောင်… ကျွန်မ အရမ်းဗိုက်ဆာ နေပြီ…."

All Chapters