← Chapters

အခန်း (၃၉၃-၃၉၄)

Vol. 40 Ch. 393-394

အခန်း (၃၉၃-၃၉၄)

Vol. 40 Ch. 393-394

အခန်း (၃၉၃) သူလျှိုနှင့် လုပ်ကြံမှု

ယောင်ရန်၊ လုံယုနှင့် ရွှီရွှမ်းတို့ နေ့လယ်စာ သုံးဆောင်နေကြစဉ် ထိုအမျိုးသမီး သည် သူမ၏ ဗီလာသို့ ပြန်ရောက်သွားခဲ့လေပြီဖြစ်တော့သည်။ သူမ အိမ်ထဲ သို့ ခြေချလိုက်သည်နှင့် ဖခင်ဖြစ်သူ၏ အသံက ဟိန်းထွက်လာခဲ့လေသည်။

"သူ ဘယ်မှာလဲ…"

အမျိုးသမီးမှာ နေရာတင် ကြက်သေ သေသွားပြီး မျက်နှာ ဖြူလျော့သွားခဲ့ တော့သည်။ သူမ စိတ်ကို တင်းထားကာ အသက်ကို ပြင်းပြင်းရှူပြီး ဧည့်ခန်း ထဲသို့ အတင်းအပြုံးလျက် ဝင်သွားလိုက်လေသည်။

သူမသည် ဖခင်ဖြစ်သူ၏ ရှေ့တွင်ရပ်ကာ ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်လေ သည်။

"အဖေ... သမီး တောင်းပန်ပါတယ်၊ သမီး..."

သူမ စကားမဆုံးခင်မှာပင် ဖခင်ဖြစ်သူ၏ ပါးရိုက်ခြင်းကိုခံလိုက်ရလေတော့ သည်။

"ဖြန်း…."

ရိုက်ချက်ကပြင်းထန်လှသဖြင့် သူမသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး နှုတ်ခမ်းကွဲကာ သွေးစများ စီးကျလာခဲ့ပေသည်။ သူမ တုန်တုန်ရင်ရင်ဖြင့် ခေါင်းငုံ့ကာ သွေးများကို လက်ဖမိုးဖြင့် သုတ်လိုက်ပြီးမှ မတ်တတ်ပြန်ရပ် လိုက်လေသည်။

သူမ ထရပ်သည်ကို မြင်သောအခါ ဖခင်ဖြစ်သူက အေးစက်စွာ အမိန့်ပေး လိုက်လေသည်။

"ဒူးထောက်စမ်း…"

သူမ လက်သီးကို တင်းတင်းဆုပ်ကာ အလိုအလျောက်ပင် ဒူးထောက်လိုက်မိ လေသည်။

သူမ၏ တုန်ရင်နေသော ပုံစံကို ကြည့်ကာ ဖခင်ဖြစ်သူက နှာခေါင်းရှုံ့လိုက်ပြီး ငေါက်ငမ်းလေတော့သည်။

"အသုံးမကျတဲ့ဟာမ… ဒီလောက် ရိုးရှင်းတဲ့ အလုပ်လေးတောင် မလုပ်နိုင်ရင် နင်က ငါ့အတွက် ဘာအသုံးကျတော့မှာလဲ…"

သူမ မျက်ရည်များ ဝဲတက်လာပြီး ထိတ်လန့်တကြား ခေါင်းမော့ကြည့်ကာ အသနားခံလိုက်လေသည်။

"အဖေ... သမီးကို နောက်တစ်ကြိမ် အခွင့်အရေးပေးပါဦးနော်… သူ့ကို ဒီကို ခေါ်လာနိုင်အောင် လုပ်ပါ့မယ်လို့ သမီး ကတိပေးပါတယ်…"

ဖခင်ဖြစ်သူက ဆိုဖာတွင် နောက်ကိုမှီထိုင်ကာ မျက်မှောင်ကြုတ်ကြည့်လိုက် လေသည်။

"ကောင်းပြီလေ… ဒါ နောက်ဆုံးအခွင့်အရေးပဲ… ဒီညသာ အဲဒီမိန်းမကို ခေါ်မ လာနိုင်ရင် နင် ဖန်းချန်မြို့ကို သွားရမယ်…"

ဖန်းချန်မြို့ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် အမျိုးသမီး၏ မျက်နှာ သွေးဆုတ်သွားလေတော့သည်။ သူမ အလျင်အမြန် ခေါင်းညိတ်ကာ ကတိပြု လိုက်လေသည်။

"စိတ်မပူပါနဲ့ အဖေ… ဒီတစ်ခါတော့ သမီး အောင်မြင်အောင် လုပ်ပါ့မယ်…"

ဖခင်ဖြစ်သူ၏ အေးစက်သော အကြည့်က သူမအပေါ် ခဏတာ ဝဲနေပြီးမှ မေး လိုက်လေသည်။

"မသွားသေးဘူးလား…"

သူမမှာ သေမိန့်က လွတ်ငြိမ်းချမ်းသာခွင့် ရသကဲ့သို့ ခံစားရပြီး အမြန်ထရပ် ကာ ထွက်သွားလေတော့သည်။

"အခုပဲ သွားပါတော့မယ် အဖေ…"

သူမ ထွက်သွားပြီးနောက် ထိုလူကြီးသည် ဂြိုဟ်တုဖုန်းကို ထုတ်ကာ ဖုန်းခေါ် လိုက်လေသည်။

ဖုန်းဝင်သွားသောအခါ သူက အားလျော့စွာ တင်ပြလိုက်လေသည်။

"ဆရာ... သူ ရှုံးသွားပြီ…"

တစ်ဖက်မှ အသံသြသြက ထွက်ပေါ်လာခဲ့လေသည်။

"အသုံးမကျလိုက်တာ…"

ထိုလူကြီးက ပြန်မပြောရဲဘဲ တစ်ဖက်မှ အသံငြိမ်သွားမှ ပြောလိုက်လေ သည်။

"ဆရာ... ကျွန်တော် သူ့ကို ဒီည ပစ်မှတ်ကို ဒီကို ခေါ်လာဖို့ အမိန့်ပေးထားပါ တယ်… တကယ်လို့ သူ ရှုံးပြန်ရင်တော့ ဖန်းချန်မြို့ကို ပို့လိုက်ပါ့မယ်…"

"မင်း သဘောအတိုင်းသာ လုပ်ပါ… ဒါပေမဲ့ ပစ်မှတ်ကိုတော့ ဘာမှ မထိခိုက် စေနဲ့…" ဟု တစ်ဘက်က ညွှန်ကြားလိုက်လေသည်။

"ဟုတ်ကဲ့ပါ ဆရာ.."

ဖုန်းချပြီးနောက် ထိုလူကြီးသည် နောက်ထပ် နံပါတ်တစ်ခုကို ခေါ်လိုက်ပြန် လေသည်။

"သူ့ကို စောင့်ကြည့်ထား… နောက်တစ်ကြိမ် ထပ်ရှုံးရင်တော့ ဖန်းချန်မြို့ကို တန်းခေါ်သွားလိုက်တော့…"

သူ ဖုန်းချပြီးနောက် စာအုပ်ကို ပြန်ကောက်ကိုင်ကာ အေးအေးလူလူပင် ဆက် ဖတ်နေပေတော့သည်။

အမျိုးသမီးသည် ဧည့်ခန်းမှ ထွက်လာပြီးနောက် ဒုတိယထပ်ရှိ သူမ၏ အိပ် ခန်းထဲသို့ အပြေးအလွှား ပြန်လာခဲ့လေသည်။ တံခါးကို ပိတ်လိုက်သည်နှင့် သူမ၏ ကြောက်ရွံ့နေသော ပုံစံမှာ ပျောက်ကွယ်သွားပြီး တည်ငြိမ်သော အမူ အရာက အစားထိုးဝင်ရောက်လာခဲ့ပေတော့သည်။

ရင်ခုန်သံများ ပြန်လည်ငြိမ်သက်သွားသောအခါ သူမသည် ကြမ်းပြင်မှ မျက် နှာကျက်အထိ အမြင့်ရှိသော ပြတင်းပေါက်ကြီးကို ဖွင့်လိုက်လေသည်။ အသံ မထွက်စေဘဲ မှန်တံခါးကို တွန်းဖွင့်ကာ အပြင်ကို ကြည့်လိုက်လေသည်။

အနီးအနားတွင် ကင်းစောင့်များ မရှိသည်ကို တွေ့ရသဖြင့် သူမသည် ဓာတ်မီး တစ်လက်ကို ထုတ်ကာ အချက်ပြမှုအချို့ကို ပေးလိုက်လေသည်။ အချက်ပြ ပြီးနောက် အိပ်ခန်းထဲသို့ ပြန်ဝင်ကာ ပြတင်းပေါက်ကို ပိတ်လိုက်လေတော့ သည်။

အပြင်ဘက် အမှောင်ထဲတွင် ပုန်းကွယ်နေသော ဝတ်စုံနက်ဝတ် အမျိုးသား တစ်ဦးသည် ထိုအမျိုးသမီး၏ အချက်ပြမှုကို လက်ခံရရှိလိုက်လေသည်။

သူသည် ညာဘက်နားရှိ ဆက်သွယ်ရေးကိရိယာကို နှိပ်ကာ သတင်းပို့လိုက် လေသည်။

"ဗိုလ်ကြီး... သေတ္တာတော် အဖွဲ့က မမကြီးကို ဖန်းချန်မြို့က သူတို့ဌာနချုပ်ဆီ ခေါ်သွားဖို့ စီစဉ်နေတာ အတည်ပြုနိုင်ပါပြီ…"

စက္ကန့်ပိုင်းအတွင်းမှာပင် ဝူယဲ့ဟောင်၏ အသံ ထွက်ပေါ်လာခဲ့လေသည်။

"နားလည်ပြီ… သူတို့ကို စောင့်ကြည့်ထား… မမကြီးကို ဘာမှ မထိခိုက်စေနဲ့…"

"နံပါတ် (၇) ကိုရော ဘယ်လိုလုပ်ရမလဲ…"

ထိုဝတ်စုံနက်နှင့်လူက မေးလိုက်လေသည်။

ဝူယဲ့ဟောင် ခဏတိတ်သွားပြီးမှ ပြန်ဖြေလိုက်လေသည်။

"ပစ်မှတ်ကို လုပ်ကြံပြီးရင် ငါတို့နဲ့ လာပူးပေါင်းဖို့ သူ့ကို ပြောလိုက်ပါ…."

"နားလည်ပါပြီ…"

ညွှန်ကြားချက်အသစ် ရရှိပြီးနောက် ထိုလူက ကျောပိုးအိတ်ထဲမှ ဓာတ်မီးကို ထုတ်ကာ နှစ်ချက် အချက်ပြလိုက်လေသည်။ ဗီလာထဲရှိ အမျိုးသမီးသည် ထို အချက်ပြကို မြင်သောအခါ ဓာတ်မီးကို တစ်ချက် ပြန်ပြလိုက်လေသည်။

တာဝန်အသစ် ရရှိသွားပြီဖြစ်သဖြင့် အမျိုးသမီးသည် ရေချိုးကာ တိုက်ပွဲဝင် ဝတ်စုံသို့ လဲလှယ်လိုက်လေသည်။ ထို့နောက် မျက်နှာကို ဖုံးအုပ်ကာ လသာ ဆောင်မှတစ်ဆင့် ဗီလာထဲမှ ထွက်ခွာသွားခဲ့လေတော့သည်။

နောက်တစ်နေ့ နံနက်တွင် ယောင်ရန်မှာ အပြင်ဘက်မှ ဆူညံသံများကြောင့် ထူးထူးခြားခြား စောစောစီးစီးနိုးလာခဲ့လေသည်။

သူမ ဒုတိယထပ် လသာဆောင်သို့ ထွက်ကြည့်သောအခါ လီကျိန်းသည် အနီး အနားမှ ဗီလာပိုင်ရှင်များနှင့် စကားပြောနေသည်ကို တွေ့လိုက်ရလေသည်။ လီကျိန်း၏ မျက်နှာမှာ မျက်မှောင်ကြုတ်နေသဖြင့် ယောင်ရန် သိချင်စိတ် ဖြစ် သွားကာ အပြင်သို့ ထွက်လာခဲ့လိုက်လေသည်။

လီကျိန်းက ထိုလူများအား ပြောနေသည်ကိုကြားလိုက်ရလေသည်။

"ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... လူသတ်သမားကို မိအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်…."

ထို့နောက် ယောင်ရန်ဘက် လှည့်ကာ မေးလိုက်လေသည်။

"မစ္စယောင်ရန်... ဘေးဗီလာမှာ ဘယ်သူတွေ နေလဲ သိလား…"

ယောင်ရန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေသည်။

"မနေ့က အဲဒီအိမ်ပိုင်ရှင် ရောက်လာပါတယ်… သူ့အဖေက ကျွန်မနဲ့ စီးပွားရေး အကြောင်း ဆွေးနွေးချင်လို့ဆိုပြီး သူ့အိမ်ကို ဖိတ်ပေမယ့် ကျွန်မ ငြင်းလိုက်ပါ တယ်…."

လီကျိန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

"သူ့အဖေဟုတ်လား… ခင်ဗျားဆီ လာတာ လူလတ်ပိုင်း အမျိုးသားတစ် ယောက် မဟုတ်ဘူးလား…."

ယောင်ရန်က ခေါင်းခါကာ ရှင်းပြလိုက်လေသည်။

"မဟုတ်ပါဘူး၊ အမျိုးသမီးတစ်ယောက်ပါ… အသက် (၂၀) ကျော်လောက် တော့ ရှိမယ်…"

လီကျိန်း၏ မျက်နှာ ပို၍ ပျက်ယွင်းသွားခဲ့လေသည်။ တစ်ခုခု မှားယွင်းနေပြီဟု ခံစားရသဖြင့် ယောင်ရန်က မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ… တစ်ခုခုများ ဖြစ်လို့လား…."

လီကျိန်းက ခေါင်းညိတ်ကာ ဖြေလိုက်လေသည်။

"မနေ့ညက ဘေးအိမ်က အိမ်ပိုင်ရှင် လုပ်ကြံခံလိုက်ရတယ်…."

ထိုစကားကို ကြားသောအခါ ယောင်ရန်က တွေးလိုက်မိလေသည်။

*ဒီလို ကမ္ဘာပျက်နေတဲ့ အချိန်မှာတောင် အခြေစိုက်စခန်းက လူသတ်သမား ဖမ်းဖို့ အချိန်တွေ၊ အရင်းအမြစ်တွေ အလကား ဖြုန်းတီးနေတာလား…*

လီကျိန်းက သူမ အတွေးကို သိနေသည့်အလား လေသံကို လျှော့ကာ ပြော လိုက်လေသည်။

"သေဆုံးသူက ဒီက သူဌေးကြီးတွေထဲက တစ်ယောက်ပဲ… လူသတ်သမားကို မဖမ်းနိုင်ရင် နောက်လတွေမှာ တခြားလူတွေက လုံခြုံရေးကြေး ပေးတော့မှာ မဟုတ်ဘူး…"

ယောင်ရန်က ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့သြသွားပြီး မေး လိုက်လေသည်။

"ကျွန်မကို ဘာလို့ လုံခြုံရေးကြေး ပေးရမယ်လို့ ဘာလို့ ဘယ်သူမှ မပြောတာ လဲ…"

လီကျိန်းက သူမကို တစ်ချက်ကြည့်ကာ ရွှီချီဖန်း၏ ဗီလာဘက်ကို လက်ညှိုး ထိုးပြလိုက်လေသည်။

"မစ္စယောင်ရန်က ဗိုလ်မှူးကြီးရွှီရဲ့ တူမအဖြစ် စာရင်းသွင်းထားတာလေ… အဲဒီ လို အဆက်အသွယ် ရှိနေတဲ့လူကို ဘယ်သူက လုံခြုံရေးကြေး တောင်းရဲမှာ လဲ…"

ဆေးဝါးများနှင့် အခြားရိက္ခာများ လှူဒါန်းစဉ်က ရွှီချီဖုန်း ပြောခဲ့သည်များကို သတိရကာ ယောင်ရန် ခေါင်းညိတ် နားလည်သွားတော့သည်။

အခန်း (၃၉၄) ပရမ်းပတာအခြေအနေ (၁)

စစ်သည်နှစ်ယောက်က အလောင်းအိတ်တစ်လုံးကို သယ်ထုတ်သွားစဉ် ယောင်ရန်က ပြောလိုက်လေသည်။

"ရှင်တို့လည်း အလုပ်ရှုပ်နေတဲ့ပုံရတယ်၊ ကျွန်မ မနှောင့်ယှက်တော့ပါဘူး…"

လီကျိန်းက ခေါင်းညိတ်ပြပြီး သတိပေးစကားပြောလိုက်လေသည်။

"မစ္စယောင်ရန်၊ နောက်ထပ်ရက်နည်းနည်းလောက်တော့ အပြင်မထွက်ပါနဲ့ ဦး… ဒီရက်ပိုင်းအတွင်းမှာ ဂိုဏ်းဂဏလှုပ်ရှားမှုတွေနဲ့ လုယက်မှုတွေ များလာ တယ်လို့ ဗိုလ်ကြီးလီက ပြောထားပါတယ်…"

"ကောင်းပါပြီ…."

ယောင်ရန်က ပြန်ဖြေလိုက်လေသည်။

လီကျိန်းနှင့် စစ်သည်များ ထွက်ခွာသွားပြီး အနီးအနားမှ နေထိုင်သူများလည်း ၎င်းတို့၏ ဗီလာများထဲသို့ ပြန်ဝင်သွားကြပြီးနောက် ယောင်ရန်သည်လည်း အိမ်ထဲသို့ ပြန်ဝင်ခဲ့လေသည်။

သံတံခါးကို ပိတ်လိုက်စဉ် အမှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော ဝူယဲ့ဟောင် ကို သူမ သတိထားမိလိုက်လေသည်။

သူမကို ပြောစရာတစ်ခုခု ရှိနေသည်ဟု ယူဆကာ ယောင်ရန်သည် နောက်ဖေး ခြံထဲသို့ သွားပြီး သူ့အတွက် တံခါးဖွင့်ပေးလိုက်လေသည်။

"ဝင်ခဲ့ပါ…"

သူမက ဝူယဲ့ဟောင်ကို ပြောလိုက်လေသည်။

သူ့အား ဧည့်ခန်းသို့ ခေါ်ဆောင်လာပြီးနောက် ယောင်ရန်က မေးလိုက်လေ သည်။

"ဒီနေ့ ဘာကိစ္စရှိလို့လဲ…"

ဝူယဲ့ဟောင်က နေရာထိုင်ပြီးနောက် ပြန်ဖြေလိုက်လေသည်။

"မနေ့ညက လုပ်ကြံခံလိုက်ရတဲ့ လူအကြောင်း လာပြောတာပါ…."

ထိုစကားကို ကြားသောအခါ ယောင်ရန်က အခြေအနေကို ရိပ်မိသွားပြီး မျက်ခုံးပင့်ကာ မေးလိုက်လေသည်။

"ဒါဆို ဘေးအိမ်ကလူကို သတ်လိုက်တာ ရှင်တို့ပေါ့…"

ဝူယဲ့ဟောင်က ခေါင်းညိတ်ကာ ရှင်းပြလိုက်လေသည်။

"ဟုတ်ပါတယ်… သူက သေတ္တာတော်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ… ရက် အတော်ကြာ စုံစမ်းစစ်ဆေးပြီးတဲ့နောက် သူ့ရဲ့တာဝန်က မမကြီးကို ဖန်းချန် မြို့ကို ခေါ်သွားဖို့ဆိုတာ သိခဲ့ရတယ်… ဘာရည်ရွယ်ချက်နဲ့လဲ ဆိုတာကိုတော့ ကျွန်တော်တို့ ဆက်ပြီး စုံစမ်းနေတုန်းပါပဲ…"

သူ့စကားကို နားထောင်ပြီးနောက် ယောင်ရန်က ခဏမျှ စဉ်းစားကာ မေးလိုက် လေသည်။

"ဒါဆို အဲဒီအမျိုးသမီးက ကျွန်မကို ဘေးအိမ်ကို ဖိတ်တာက ပြန်ပေးဆွဲဖို့ပေါ့ လေ…"

"အဲဒါ အဲဒီလူရဲ့ အစီအစဉ်ပဲ…" ဟု ဝူယဲ့ဟောင်က ရှင်းပြလိုက်လေသည်။

သူ့တွင် ပြောစရာများ ကျန်သေးသည်ဟု ခံစားရသဖြင့် ယောင်ရန်က ထပ်မေး လိုက်လေသည်။

"တခြားပြောစရာ ရှိသေးလား…"

ဝူယဲ့ဟောင်က ခေါင်းညိတ်ကာ ရှင်းပြလိုက်လေသည်။

"မနေ့က ဒီကိုလာတဲ့ အမျိုးသမီးက ကျွန်တော့်လက်အောက်ငယ်သားပါ.. သူ့ရဲ့ ကုဒ်နံပါတ်က နံပါတ် (၇) ဖြစ်ပြီးတော့ ဘေးအိမ်ကလူကို သတ်လိုက်တာက လည်း သူပါပဲ… အဲဒီလူကို စုံစမ်းဖို့အတွက် သူ့ရဲ့သမီးအဖြစ် ဟန်ဆောင်ခိုင်း ထားတာပါ…."

ထိုအခါ ယောင်ရန်က ပြန်မေးလိုက်လေသည်။

"ဒါဆို အဲဒီလူရဲ့ တကယ့်သမီးကရော…"

"သူက ယုချန်းမြို့ကို ထွက်သွားပါပြီ… သေတ္တာတော်အဖွဲ့ရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သူသိသမျှ အကုန်ပြောပြမယ်ဆိုရင် သူ့အဖေလက်ကနေ အကာ အကွယ်ပေးမယ်လို့ ကျွန်တော်တို့ ကတိပေးထားပါတယ်…." ဟု ဝူယဲ့ဟောင် က ဖြေလေသည်။

ယောင်ရန် နားလည်သွားခဲ့လေသည်။ သမီးဖြစ်သူထံမှ အတွင်းသတင်း ရယူ ခြင်းက အပြင်မှ စုံစမ်းခြင်းထက် ပို၍ မြန်ဆန်ပေလိမ့်မည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝူယဲ့ဟောင်က ပြောလိုက်လေ သည်။

"ကျွန်တော့်အထင်တော့ သေတ္တာတော် အဖွဲ့က မမကြီးကို ဖမ်းဖို့ လူတွေ ထပ် လွှတ်ဦးမှာပဲ… အဆိုးဆုံး ခန့်မှန်းချက်ကတော့ သူတို့ အနက်ရောင်ဝံပုလွေအဖွဲ့ ကို လွှတ်လိမ့်မယ်ထင်တယ်…"

သူက မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်လေသည်။

"မမလေး... ကျွန်တော်တို့ ဒီနယ်မြေထဲမှာပဲ ခဏလောက် ဆက်ရှိနေပါ့မယ်… တစ်ခုခုလိုအပ်ရင် လက်ပတ်နာရီကတစ်ဆင့် ဆက်သွယ်လိုက်ပါ…"

"ကောင်းပါပြီ…"

ဝူယဲ့ဟောင် ထွက်သွားပြီးနောက် ယောင်ရန်သည် နောက်ဖေးခြံသို့သွားကာ နေရောင်ခြည်စွမ်းအင်သုံး မီးစက် ကို ထုတ်လိုက်လေသည်။

၎င်းကို လျှပ်စစ်ခြံစည်းရိုးနှင့် ချိတ်ဆက်ကာ ဖွင့်လိုက်ရာ စက္ကန့်ပိုင်းအတွင်း လျှပ်စစ်ဓာတ်အားများ စီးဆင်းသွားလေတော့သည်။

ယောင်ရန်က မြေကြီးပေါ်မှ ကျောက်ခဲငယ်တစ်ခုကို ကောက်ကာ ခြံစည်းရိုး ပေါ်သို့ ပစ်တင်လိုက်လေသည်။

"ဝုန်း…"

ကျောက်ခဲနှင့် ခြံစည်းရိုး ထိတွေ့လိုက်သည်နှင့် မီးပွားများ လွင့်စင်သွားခဲ့လေ သည်။ ကျောက်ခဲ မြေပေါ်သို့ ပြန်ကျလာသောအခါ မျက်နှာပြင်တစ်ခုလုံး တူး ခြစ်နေလေပြီဖြစ်၏။

ကျောက်ခဲကိုပင် ဤမျှ လောင်ကျွမ်းသွားလျှင် ဤလျှပ်စစ်ဓာတ်အားသည် ခြံ စည်းရိုးကို ထိမိသူမှန်သမျှကို သေစေနိုင်သည်မှာ သေချာလှပေသည်။

ရလဒ်ကို ကျေနပ်သွားသဖြင့် သူမသည် မနက်စာစားရန် အိမ်ထဲသို့ ပြန်ဝင်ခဲ့ လေတော့သည်။

ယောင်ရန်နှင့် အခြားသူများ အိမ်ထဲ၌သာ ရှိနေကြစဉ် အခြားသော အသက်ရှင် ကျန်ရစ်သူများမှာမူ ရိက္ခာရှာဖွေရန် အလုပ်ရှုပ်နေခဲ့ကြလေသည်။

အစားအသောက် လိုအပ်ချက် မြင့်မားနေသဖြင့် အခြေစိုက်စခန်းရှိ တရားဝင် အရောင်းဆိုင်များမှ နေ့စဉ်ဝယ်ယူနိုင်သည့် ရိက္ခာပမာဏကို ကန့်သတ်လိုက် လေသည်။

စခန်းက ဤကန့်သတ်ချက်ကို ကြေညာသောအခါ အသက်ရှင်ကျန်ရစ်သူများ က ကန့်ကွက်ခဲ့ကြသော်လည်း လိုက်နာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိ ခဲ့ပေ။ သူတို့သည် ညည်းညူနေကြသော်လည်း ကုန်သွယ်ရေးဈေးကွက်မှ ရိက္ခာဝယ်ယူရန် နေ့စဉ် စောစောစီးစီး တန်းစီနေကြရပေတော့သည်။

ရက်အနည်းငယ်အကြာတွင် စခန်းက လမ်းမီးတိုင်များ တပ်ဆင်ခြင်းကို အပြီး သတ်နိုင်ခဲ့လေသည်။

လမ်းမီးအရေအတွက်မှာ လုံလောက်မှုမရှိသော်လည်း ဘာမှမရှိသည်ထက်စာ လျှင် ပိုကောင်းပေသည်။

အမြဲတမ်းမှောင်မိုက်နေသည့် ညများအတွင်း လုယက်မှုနှုန်း လျော့ကျစေရန် စခန်းက အချို့သော နေရာများတွင် မီးတိုင်များကို စုပြုံတပ်ဆင်ထားခဲ့လေ သည်။

နောက်တစ်နေ့တွင် နည်းပညာဝန်ထမ်းများ အလုပ်ပြီးသွားပြီးနောက် ယောင်ရန်သည် အေးစိမ့်လှသော ခံစားချက်ဖြင့် နိုးလာခဲ့လေသည်။

သူမသည် လုံယု၏အနားသို့ တိုးကပ်လိုက်သော်လည်း အအေးဒဏ်က လျော့ မသွားခဲ့ပေ။ ပြန်အိပ်၍မရလောက်အောင် အေးနေသဖြင့် သူမ ထထိုင်လိုက် ရာ အသက်ရှူလိုက်တိုင်း မြူခိုးများ ထွက်လာသည်ကို တွေ့လိုက်ရတော့ သည်။

သူမ ထိတ်လန့်သွားကာ နေရာလွတ်ထဲမှ အပူချိန်တိုင်းကိရိယာကို ထုတ်ကာ ချက်ချင်း စစ်ဆေးလိုက်လေသည်။ အခန်းအပူချိန်မှာ (၅) ဒီဂရီစင်တီဂရိတ် သာ ရှိတော့သည်ကို တွေ့လိုက်ရသဖြင့် ယောင်ရန် အံ့သြသွားခဲ့တော့သည်။

တစ်ညတည်းအတွင်းမှာပင် အပူချိန်က (၁၃) ဒီဂရီစင်တီဂရိတ်အထိ ထိုးဆင်း သွားခြင်း ဖြစ်ပေသည်။

ချမ်းသာသူများအတွက် ဆောက်လုပ်ထားသော ဗီလာဖြစ်သဖြင့် အအေးဒဏ် ခံနိုင်မှု အားကောင်းလှပေသည်။ သဲမုန်တိုင်းတုန်းက တပ်ဆင်ထားသည့် အပူ ဒဏ်ခံမှန်များနှင့် ထူထဲသော တံခါးများကြောင့် ဗီလာအတွင်းပိုင်း အပူချိန်မှာ အပြင်ဘက်ထက်စာလျှင် ပို၍ နွေးနေခဲ့ပေသေးသည်။

ယောင်ရန်သည် ဆောင်းတွင်းဝတ် အနွေးထည်တစ်ထည်ကို ဝတ်လိုက်ပြီး သူမ၏ နေရာလွတ်ထဲမှ အမျိုးသားဝတ် အနွေးထည်နှစ်ထည်ကို ထပ်မံ ထုတ်ယူလိုက်လေသည်။

ထို့နောက် လုံယုကို အမြန်နှိုးကာ ဝတ်ပေးလိုက်လေတော့သည်။

သူ့အား အပူပေးအပြား တစ်ထုပ် ပေးလိုက်ရင်း ယောင်ရန်ကပြောလိုက်လေ သည်။

"ကိုယ်ကိုယ်ကိုယ် နွေးအောင်ထားနော်၊ ကျွန်မ ရွှီရွှမ်းကို သွားကြည့်လိုက်ဦး မယ်…"

ထိုသို့ပြောကာ သူမသည် ရွှီရွှမ်း၏ အိပ်ခန်းသို့ အပြေးအလွှားသွားပြီး တံခါး ကို ခေါက်ကာ စိုးရိမ်တကြီး ခေါ်လိုက်လေသည်။

"ရွှီရွှမ်း... နိုးပြီလား၊ ရွှီရွှမ်း…."

စက္ကန့်အနည်းငယ်အကြာတွင် တံခါးအတွင်းဘက်မှ လှုပ်ရှားသံကို ကြားလိုက် ရလေသည်။

အပူချိန်တိုင်းကိရိယာမှ ဂဏန်းများ ဆက်တိုက် ကျဆင်းနေသည်ကို ကြည့် ရင်း သူမက အမြန်အော်ပြောလိုက်လေသည်။

"ရွှီရွှမ်း… အမြန်ထတော့… အခု အိပ်နေလို့ မရဘူး၊ မဟုတ်ရင် အေးခဲပြီး သေ သွားလိမ့်မယ်…"

ခဏအကြာတွင် ရွှီရွှမ်းသည် စောင်ကြီးခြုံလျက် တံခါးဖွင့်လာခဲ့လေသည်။ သူ၏ နှုတ်ခမ်းများ ပြာနှမ်းနေသည်ကို မြင်သောအခါ ယောင်ရန်သည် အနွေး ထည်နှင့် အပူပေးအပြားများကို အမြန်ပေးလိုက်လေသည်။

"ဒါတွေ အမြန်ဝတ်လိုက်…"

ယောင်ရန်သည် သူမ၏ အိပ်ခန်းသို့ မပြန်မီ ရွှီရွှမ်းအတွက် လျှပ်စစ်အပူပေး စက်တစ်လုံး ထားပေးခဲ့လေသည်။ အခန်းထဲသို့ ပြန်ရောက်သောအခါ လုံယု သည် အနွေးထည်ကြီး ဝတ်လျက် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို ငေးကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

ယောင်ရန်သည် နောက်ထပ် အပူပေးစက်တစ်လုံးကို ဖွင့်လိုက်ပြီး လုံယု အနားသို့ လျှောက်သွားလိုက်လေသည်။

အပြင်ဘက်တွင် စစ်သည်များသည် ကင်းလှည့်နေကြပြီး အိမ်တွင်းရှိလူများ အအေးဒဏ်ကြောင့် အိပ်ပျော်ရင်း အသက်မဆုံးရှုံးစေရန် ဗီလာတံခါးများကို လိုက်လံခေါက်ကာ နှိုးပေးနေကြလေသည်။

အဝေးမှ မီးရောင်ငယ်လေးများကို ကြည့်ခြင်းအားဖြင့် စစ်သည်များသည် အခြားနေရာများကိုလည်း လိုက်လံစစ်ဆေးနေကြောင်း ယောင်ရန် သိလိုက် လေသည်။ အပူချိန်မှာ အလွန်လျင်မြန်စွာ ကျဆင်းသွားသဖြင့် လူတိုင်းမှာ အဆင်သင့်မဖြစ်ဘဲ အခက်တွေ့နေကြပေတော့သည်။

All Chapters