အခန်း (၃၉၇-၃၉၈)
Vol. 40 Ch. 397-398
အခန်း (၃၉၇) လုံခြုံရေးကြေး
ယောင်ရန်နှင့် လုံယုတို့ အပြင်ဘက်နယ်မြေသို့ ရောက်ရှိချိန်တွင် ဆူပူသူများ သည် ဗီလာများအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်နေကြပြီ ဖြစ်ပေသည်။
နိမ့်ပါးလှသော သစ်သားခြံစည်းရိုးများမှာ ဆူပူသူများကို တားဆီးနိုင်စွမ်း မရှိ ခဲ့ချေ။
၎င်းတို့သည် ခြံစည်းရိုးများကို ကန်ချခြင်း သို့မဟုတ် ကျော်တက်ခြင်းများ ပြု လုပ်ကာ တံခါးများကို ဖျက်ဆီးပြီး ရိက္ခာများကို လုယက်နေကြခြင်းဖြစ်လေ သည်။
ထိတ်လန့်တုန်လှုပ်နေသော ဗီလာပိုင်ရှင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ သည် မြေအောက်ခန်းများတွင် ပုန်းကွယ်နေကြပြီး မိမိတို့အား ရှာမတွေ့ပါစေ နှင့်ဟုသာ ဆုတောင်းနေကြရလေတော့သည်။
သို့သော် ထိုဆုတောင်းများမှာ မပြည့်နိုင်ခဲ့ကြပေ။ အချို့မှာ ထွက်ပြေးလွတ် မြောက်နိုင်ခဲ့သော်လည်း အချို့မှာမူ အရှာဖွေခံလိုက်ရကာ အရိုက်ခံရ၍ သေ ဆုံးခြင်း သို့မဟုတ် ဖော်ပြ၍မရနိုင်သော ရက်စက်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော အရာများကို ခံစားခဲ့ကြရပေတော့သည်။
အခြေအနေကို ခဏမျှ အကဲခတ်ပြီးနောက် ယောင်ရန်က ဗီလာတစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
"အားယု... ကျွန်မကို ဟိုအပေါ် ခေါ်သွားပေးပါ…."
"ကောင်းပြီ…"
လုံယုက ပြောကာ သူမ၏ ခါးကို ဖက်လိုက်ပြီး လေစွမ်းအင်ကို အသုံးပြု၍ ဗီလာခေါင်မိုးပေါ်သို့ ပျံတက်သွားခဲ့လေသည်။
ခေါင်မိုးပေါ်သို့ ညင်သာစွာ ဆင်းသက်ပြီးနောက် ယောင်ရန် စနိုက်ပါရိုင်ဖယ် ကို အသင့်ပြင်နေစဉ် လုံယုက သူမအား လဲကျသွားခြင်းမရှိအောင် တွဲပေး ထားခဲ့လေသည်။
ဆူပူသူ အရေအတွက်မှာ အလွန်များပြားလှသဖြင့် ယောင်ရန်သည် အဝေးမှ နေ၍ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
စနိုက်ပါရိုင်ဖယ်ကို နေရာချပြီးနောက် သူမသည် အနေအထား တစ်ခုကို ရွေး ချယ်ကာ ကျည်ဆန်ကို ထည့်လိုက်လေသည်။
မှန်ပြောင်းမှတစ်ဆင့် ကြည့် လိုက်ရာ အမျိုးသားတစ်ဦးသည် ဆယ်ကျော် သက် မိန်းကလေးတစ်ဦးကို ချုံပုတ်ထဲသို့ ဆွဲခေါ်သွားပြီး အဝတ်အစားများကို စတင်ချွတ်နေသည်ကို တွေ့လိုက်ရပေသည်။ ထိုမြင်ကွင်းကြောင့် ယောင်ရန် ၏ မျက်ဝန်းများ အေးစက်သွားခဲ့လေတော့သည်။
သူမသည် ထိုလူ၏ ပေါင်ကြားကို ချိန်ရွယ်ကာ ခလုတ်ကို ဆွဲလိုက်ပေတော့ သည်။
"ဒိုင်း... "
"အားးး"
ထိုလူသည် သူ၏ ပေါင်ကြားကို ဆုပ်ကိုင်လျက် အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေတော့သည်။
သူ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ သွေးများ စီးကျလာပြီး နာကျင်မှုကြောင့် တုန် ရင်နေခဲ့တော့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော မိန်းကလေးမှာလည်း သူမ၏ အဝတ်အစားများကို အမြန်ဆွဲယူကာ ထွက်ပြေးသွားလေတော့သည်။
မိန်းကလေး လုံခြုံရာသို့ ရောက်သွားပြီဖြစ်ကြောင်း သေချာမှ ယောင်ရန်သည် ထိုလူ၏ နဖူးကို ချိန်ရွယ်ကာ နောက်တစ်ချက် ပစ်ခတ်ပြီး ထိုသူ၏အသက်ကို အဆုံးစီရင်ပေးလိုက်လေသည်။
ယောင်ရန်က ခေါင်မိုးပေါ်မှနေ၍ ဆူပူသူများကို စနိုက်ပါဖြင့် ပစ်ခတ်နေစဉ် လုံယုသည် သူ၏ လေစွမ်းအင်ကို အသုံးပြုကာ အမှောင်ထုကို အကာအကွယ် ယူလျက် အခြားနယ်မြေတစ်ခုသို့ ပျံသန်းသွားခဲ့လေသည်။
တစ်မိနစ်မျှ မပြည့်ခင်မှာပင် လုံယုသည် အခြေအနေ အဆိုးရွားဆုံး နယ်မြေ သို့ ရောက်ရှိသွားခဲ့လေသည်။ သူသည် လေထဲတွင် ဝဲပျံနေရင်း သူ၏ လေစွမ်း အင်ကို အသုံးပြုကာ အောက်ဘက်ရှိ နယ်မြေပတ်ပတ်လည်တွင် ကြီးမား သော လေအကာအကွယ် အတားအဆီးတစ်ခု ဖန်တီးလိုက်ပြီး ဆူပူသူတစ်ရာ ကျော်ကို တစ်ပြိုင်နက် ပိတ်လှောင်လိုက်လေသည်။
လေထု၏ ပြောင်းလဲမှုကို ဆူပူသူများ သတိထားမိချိန်တွင် နောက်ကျသွားပြီ ဖြစ်တော့သည်။
နောက်စက္ကန့်အနည်းငယ်အတွင်းမှာပင် ၎င်းတို့၏ အဆုတ်ထဲမှ အောက်ဆီဂျင် များ စုပ်ထုတ်ခံလိုက်ရသဖြင့် အားလုံး မြေပြင်ပေါ်သို့ ပြိုလဲသွားခဲ့ကြပေတော့ သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့အားလုံးသည် ညစ်ပေနေသော မြေပြင်ပေါ်၌ ငြိမ်သက်သွားခဲ့ကြလေတော့သည်။
၎င်းတို့အား ရှင်းလင်းပြီးနောက် လုံယုသည် အခြားနယ်မြေတစ်ခုဆီသို့ ဆက် လက် ပျံသန်းသွားခဲ့ပြန်လေသည်။
တစ်ချိန်တည်းမှာပင် ခေါင်မိုးပေါ်၌ ယောင်ရန်သည် စနိုက်ပါမှန်ပြောင်းမှ တစ်ဆင့် ဆူပူသူများကို စောင့်ကြည့်နေခဲ့လေသည်။
၎င်းတို့၏ လုပ်ရပ်များသည် ပရမ်းပတာ ဖြစ်နေပုံရသော်လည်း အံ့သြစရာ ကောင်းလောက်အောင် စနစ်ကျနေခဲ့သည်ကို သူမ သတိထားမိလိုက်လေ သည်။ သေချာစွာ ထပ်မံကြည့်ရှုပြီးနောက် ဆူပူသူများသည် အုပ်စုသုံးစုမှ လာခြင်းဖြစ်ကြောင်း သူမ သိလိုက်ရပေသည်။
ပထမအုပ်စုမှာ အခြေအနေကို အခွင့်ကောင်းယူကာ သူတစ်ပါးထံမှ ရိက္ခာများ ကို လုယက်နေကြသော အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြပေသည်။
ဒုတိယအုပ်စုမှာ ဂိုဏ်းဝင်များဖြစ်ပြီး တတိယအုပ်စုမှာမူ သေတ္တာတော် အဖွဲ့ ဝင်များ ဖြစ်ကြပေသည်။
သတင်းအချက်အလက်သစ်များ ရရှိသွားပြီဖြစ်သဖြင့် ယောင်ရန်သည် သူမ ၏ စနိုက်ပါကို ပြန်လည်ချိန်ညှိကာ အဝတ်အစားပေါ်တွင် အနက်ရောင်တံဆိပ် တပ်ထားသူများ သို့မဟုတ် မျက်နှာဖုံးစွပ်ထားသူများကို စတင်ပစ်မှတ်ထား ခဲ့လေတော့သည်။
ဆင်းရဲသားရပ်ကွက်မှ ဆင်းရဲလွန်းလှသော အသက်ရှင်ကျန်ရစ်သူများမှာ မျက်နှာဖုံး ဝယ်ယူနိုင်စွမ်း မရှိကြသဖြင့် ၎င်းတို့နှင့် အခြားသူများကို ခွဲခြားရန် သူမအတွက် လွယ်ကူသွားစေခဲ့ပေသည်။
အခြားနယ်မြေတစ်ခုတွင်မူ လုံယုသည် နောက်ထပ် ဆူပူသူအုပ်စုတစ်ခုကို နှိမ် နင်းနေစဉ် ရွှီရူဟန်နှင့် သူ၏လူများ သံချပ်ကာကားများဖြင့် ရောက်ရှိလာသည် ကို တွေ့လိုက်ရလေသည်။
၎င်းတို့က ဆူပူသူများကို စတင်ပစ်ခတ်နေပြီဖြစ်သဖြင့် လုံယုသည် ယောင်ရန် ရှိရာ ခေါင်မိုးပေါ်သို့ ပြန်ရန် ဆုံးဖြတ်လိုက်လေသည်။
သူ ပြန်ရောက်လာသည်ကို မြင်သောအခါ ယောင်ရန်က မေးလိုက်လေ သည်။
"တခြားနေရာတွေမှာရော ဘယ်လိုလဲ…."
လုံယုက သူမအနားတွင် ဒူးထောက်ထိုင်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေ လိုက်လေသည်။
"ဗိုလ်မှူးကြီးရွှီရဲ့တူ ရောက်လာပြီး သူ့လူတွေနဲ့အတူ ဆူပူသူတွေကို နှိမ်နင်း နေပြီ… သူတို့ ရောက်လာပြီဆိုတော့ ကိုယ်တို့ အိမ်ပြန်လို့ ရပြီ…"
"ကောင်းပြီလေ…"
ရွှီရူဟန် ရောက်ရှိနေပြီဖြစ်သဖြင့် သူတို့အနေနှင့် ထိုနယ်မြေကို ဆက်လက် စောင့်ရှောက်ပေးနေရန် မလိုတော့ပေ။
ယောင်ရန်က စနိုက်ပါရိုင်ဖယ်ကို သူမ၏ နေရာလွတ်ထဲသို့ ပြန်ထည့်နေစဉ် လုံယု၏ ဂြိုဟ်တုဖုန်းက တုန်ခါလာခဲ့လေသည်။ သူသည် ဖုန်းကို ထုတ်ကာ ကိုင်လိုက်လေသည်။
"လုံယု စကားပြောနေပါတယ်…"
ခဏအကြာတွင် ရွှီရွှမ်း၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာခဲ့လေသည်။
"ဗိုလ်ကြီး... လူတစ်စု ရောက်လာပြီး ကျွန်တော်တို့ကို လုံခြုံရေးကြေး ပေးရ မယ်လို့ လာတောင်းနေတယ်…"
ရွှီရွှမ်း၏ အသံထဲတွင် စိတ်ပျက်နေသည့် အရိပ်အယောင်ကို ခံစားမိသဖြင့် လုံယုက မေးလိုက်လေသည်။
"အသေးစိတ် ပြောပါဦး…."
"ချမ်းသာတဲ့ မိသားစုတွေထဲက တစ်ခုက လမ်းတွေကို ပိတ်ထားပြီး နေထိုင်သူ အားလုံးဆီကနေ လုံခြုံရေးကြေး တောင်းနေတာ… ဘယ်သူပဲဖြစ်ဖြစ် မပေး ရင် အလယ်ပိုင်းနယ်မြေကနေ ထွက်သွားခိုင်းနေတယ်… အပြင်မှာ ဆူပူသူ တွေ ရှိနေတာကို အခွင့်ကောင်းယူပြီး လူတွေကို အတင်းအကျပ် ပေးခိုင်းနေ တာ…" ဟု ရွှီရွှမ်းက ရှင်းပြလိုက်လေသည်။
ရွှီရွှမ်း၏ စကားကို နားထောင်ရင်း လုံယုက ယောင်ရန်၏ ခါးကို ဖက်ကာ အလယ်ပိုင်းနယ်မြေဆီသို့ ပျံသန်းသွားခဲ့လေတော့သည်။
အခြားတစ်ဖက်မှ ဖုန်းကို ကိုင်ထားရင်း လုံယုက မေးလိုက်လေသည်။
"ရွှီမိသားစုက အဲဒီမှာ မရှိဘူးလား… သူတို့က ဘာလို့ ဝင်မတားတာလဲ…"
ရွှီရွှမ်းက ပြန်ဖြေလိုက်လေသည်။
"ရွှီ၊ မု နဲ့ ဟွာ မိသားစုတွေက အပြင်ဘက်နယ်မြေမှာ ဆူပူသူတွေကို တားဆီးဖို့ အလုပ်ရှုပ်နေကြတာဆိုတော့ အလယ်ပိုင်းနယ်မြေကို ကြည့်ပေးမယ့်သူ မရှိ ဘူး ဖြစ်နေတာ…"
ထိုစကားကို ကြားသောအခါ လုံယုက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက် လေသည်။
"နားလည်ပြီ… ငါတို့ ပြန်လာနေပြီ…"
မိနစ်အနည်းငယ်အကြာတွင် လုံယုနှင့် ယောင်ရန်တို့သည် အလယ်ပိုင်းနယ် မြေ အထက်သို့ ရောက်ရှိလာခဲ့ကြလေသည်။ လေထဲမှ ကြည့်လိုက်ရာ အောက်တွင် ရန်ပွဲတစ်ခု ဖြစ်ပွားနေသည်ကို တွေ့နေရလေသည်။
လုံယုက ပျံသန်းနှုန်းကို မြှင့်လိုက်ပြီး ခဏချင်းမှာပင် သူတို့၏ ဗီလာခေါင်မိုး ပေါ်သို့ ဆင်းသက်ခဲ့လိုက်လေသည်။
သူတို့ ခြေချလိုက်သည်နှင့် ရွှီရွှမ်းက ခေါင်မိုးတံခါးကို ဖွင့်ကာ ပြောလိုက်လေ သည်။
"ဗိုလ်ကြီး... ကျွန်တော်တို့ ဘာလုပ်ကြမလဲ… အဲဒီလူတွေ အထဲကို ဝင်ဖို့ ကြိုး စားနေတာ (၁၀) မိနစ်လောက် ရှိနေပြီ၊ ဒါပေမဲ့ အရမ်းမြင့်တဲ့ တံတိုင်းတွေနဲ့ လျှပ်စစ်ခြံစည်းရိုးကိုတော့ မကျော်နိုင်ကြသေးဘူး…"
ယောင်ရန်ကို လွှတ်ပေးလိုက်ပြီးနောက် လုံယုသည် လက်ရန်းနားသို့ သွားကာ အောက်ကို ငုံ့ကြည့်လိုက်လေသည်။ လှေကားများနှင့် ပလတ်စတစ်စများ သယ်ဆောင်လာသော လူတစ်စုကို သူ တွေ့လိုက်ရလေသည်။
ထိုမြင်ကွင်းကို ကြည့်ကာ သူက ပြောလိုက်လေသည်။
"အောက်ဆင်းပြီး သူတို့ကို ပညာပေးကြတာပေါ့…"
လှေကားက ဆင်းရန် စိတ်မရှည်တော့သဖြင့် လုံယုသည် ယောင်ရန်ကို ပွေ့ချီ ကာ ခေါင်မိုးပေါ်မှ ပျံဆင်းသွားခဲ့လေသည်။ ရွှီရွှမ်းသည်လည်း သူ၏ နေရာ လွတ်ဓားသွား များကို ခြေနင်းအဖြစ် အသုံးပြုကာ အနောက်မှ လိုက်ဆင်းလာ ခဲ့လေသည်။
အောက်တွင်ရှိသော လူများသည် သူတို့ သုံးဦး လေထဲမှ ဆင်းသက်လာသည် ကို မြင်သောအခါ အံ့အားသင့်ကာ မှင်တက်သွားခဲ့ကြလေတော့သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အမျိုးသားတစ်ဦးက ရှေ့သို့ တက်လာကာ ပြောလာခဲ့လေသည်။
"မင်းက ဒီဗီလာပိုင်ရှင်လား… ငါတို့က ကျိမိသားစုရဲ့ အမိန့်အရ လုံခြုံရေးကြေး လာကောက်တာ… လူတစ်ယောက်ကို အစားအသောက် ကီလို (၂၀) ပေးရမယ် ၊ မပေးရင်တော့ ဒီကနေ ထွက်သွားရမယ်…"
အခန်း (၃၉၈) စိတ်ကူးယဉ်မနေဘဲ လက်တွေ့ကို လက်ခံလိုက်ပါ
ယောင်ရန်က ထိုလူ၏ စကားကြောင့် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး ပြန် လည်ချေပလိုက်လေသည်။
"ကျိမိသားစုက အလယ်ပိုင်းနယ်မြေကို ကာကွယ်ဖို့ ဘာတွေများ အတိအကျ လုပ်ပေးခဲ့လို့လဲ… ကျွန်မ မှတ်မိသလောက်တော့ အရင်က ဒီနယ်မြေကို ကျွန်မ တို့နဲ့ စစ်သည်တွေပဲ ကာကွယ်ပေးခဲ့တာ၊ အခုလည်း ရွှီ၊ မု နဲ့ ဟွာ မိသားစုတွေ က အပြင်ဘက်နယ်မြေကို ထိန်းထားပေးနေတာလေ…."
"ကျိမိသားစုအကြောင်း ကျွန်မ အခုမှ ကြားဖူးတာပဲ… သူတို့ အခု ဘယ်မှာလဲ၊ ပြီးတော့ ဒီရပ်ကွက်အတွက် ဘာတွေ အကျိုးပြုခဲ့လို့ ကျွန်မတို့ဆီက လုံခြုံရေး ကြေးကို တောင်းရတာလဲ…"
ထိုစကားကို ကြားသောအခါ အမျိုးသားများသည် ယောင်ရန်၏ ထိရောက် လှသော မေးခွန်းများကို မဖြေနိုင်ဘဲ တွန့်ဆုတ်သွားခဲ့ကြလေသည်။ ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူသည် စကားစစ်ထိုးရာတွင် မနိုင်တော့မှန်း သိလိုက်သဖြင့် သူ၏ လက်ဝါးကို ဖြန့်လိုက်ကာ မီးတောက်တစ်ခုကို ဖန်တီးလိုက်လေသည်။
သူက ယောင်ရန်ကို ကြည့်ကာ ခြိမ်းခြောက်သည့် လေသံဖြင့် ခြိမ်းခြောက် လိုက်လေသည်။
"မိန်းကလေး... အေးအေးဆေးဆေးပဲ လုံခြုံရေးကြေး ပေးလိုက်စမ်းပါ၊ မဟုတ်ရင်တော့…."
သူ စကားမဆုံးခင်မှာပင် လုံယုက လက်ဖျောက်တစ်ချက် တီးလိုက်ပြီး လေ ထုထဲရှိ အောက်ဆီဂျင်ကို သူ၏ လေစွမ်းအင်ဖြင့် ထိန်းချုပ်လိုက်ကာ မီး တောက်ကို စက္ကန့်ပိုင်းအတွင်း ငြိမ်းသတ်လိုက်လေသည်။
ခေါင်းဆောင်မှာ အံ့အားသင့်သွားပြီး မီးတောက်ကို နောက်တစ်ကြိမ် ထပ်မံ ဆင့်ခေါ်ရန် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်းတွင် ချက်ချင်းပင် ပျောက် ကွယ်သွားလေတော့သည်။
အကြိမ်ကြိမ် ကျရှုံးပြီးနောက်တွင် ခေါင်းဆောင်ဖြစ်သူသည် ယောင်ရန်တို့ အဖွဲ့ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ အထင်အရှား မြင်နေခဲ့ရပေတော့သည်။
သူက ယောင်ရန်ကို လက်ညှိုးထိုးကာ မေးလိုက်လေသည်။
"နင် ငါ့ကို ဘာလုပ်လိုက်တာလဲ… ငါ့ရဲ့ စွမ်းရည်ကို ဘာလို့ သုံးလို့မရတော့ တာလဲ…"
ယောင်ရန်က ပျင်းရိပျင်းတွဲ ပုံစံဖြင့် ပုခုံးတွန့်ပြကာ ပြောလိုက်လေသည်။
"ကျွန်မက ဘယ်လိုသိမှာလဲ… ရှင့်ရဲ့ အရည်အချင်းက ဒီလောက်ပဲ ရှိတာ ဖြစ် မှာပေါ့…."
အခြားသော အမျိုးသားများသည်လည်း ၎င်းတို့၏ ခေါင်းဆောင်မှာ စွမ်းအားမဲ့ သွားသည်ကို မြင်သောအခါ တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်လိုက်ကြ လေသည်။
ထိုအချိန်တွင် ဗီလာပိုင်ရှင် အချို့သည် ယောင်ရန်တို့အဖွဲ့အနားသို့ သတိထား ကာ ချဉ်းကပ်လာခဲ့ကြပြီး အနည်းငယ် အလှမ်းကွာသော နေရာမှနေ၍ ယောင်ရန် တို့ဘက်မှ ရပ်တည်ပေးခဲ့ကြလေသည်။
၎င်းတို့၏ လှုပ်ရှားမှုငယ်လေးများကို ယောင်ရန်က လျစ်လျူရှုလိုက်ပြီး ခေါင်းဆောင်ဖြစ်သူကို ပြတ်သားစွာ ပြောလိုက်လေသည်။
"ရှင့်သခင်ကို သွားပြောလိုက်၊ ကျိမိသားစုကို ကျွန်မ ဘာတစ်ပြားတစ်ချပ်မှ မပေးနိုင်ဘူးလို့… တကယ်လို့ သူတို့က ကျွန်မနဲ့ ကျွန်မမိသားစုကို ဆက်ပြီး နှောင့်ယှက်နေမယ်ဆိုရင်တော့ ကျွန်မတို့ဘက်က ရိုင်းပျသွားတာကို အပြစ် မတင်ပါနဲ့…"
ထိုအုပ်စုမှာ ချက်ချင်း ထွက်မသွားသေးသဖြင့် ရွှီရွှမ်းက လက်ကို ဝှေ့ယမ်း လိုက်ပြီး သူ၏ နေရာလွတ်စွမ်းအင်ကို အသုံးပြုကာ ခေါင်းဆောင်၏ လက် ချောင်းတစ်ဝိုက်ရှိ ဟင်းလင်းပြင်ကို လိမ်ချိုးလိုက်လေသည်။
"ဂျောက်…"
"အားးး"
သူ၏ လက်သန်းလေး ကျိုးသွားသဖြင့် ခေါင်းဆောင်မှာ နာကျင်စွာ အော် ဟစ်လိုက်လေတော့သည်။ သူ၏ မျက်နှာမှာ ဖြူလျော့သွားပြီး ၎င်းတို့ကို စိုက်ကြည့်ကာ အံကြိတ်၍ ကျိန်းဝါးလိုက်လေသည်။
"ဒါကို ကျိမိသားစုဆီ ငါ သွားတိုင်မယ်…"
ထိုသို့ပြောပြီးနောက် သူသည် လက်အောက်ငယ်သားများနှင့်အတူ ထွက်ခွာ သွားလေတော့သည်။
၎င်းတို့ ပျောက်ကွယ်သွားမှသာ ဗီလာပိုင်ရှင်များ အားလုံးမှာ သက်ပြင်းချနိုင် ကြပေတော့သည်။
အသက် (၃၀) ကျော်အရွယ်၊ ဈေးကြီးသော ဆောင်းတွင်းဝတ် အနွေးထည်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ယောင်ရန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်လေသည်။
"မိန်းကလေး... နင်က ဒီလောက် စွမ်းအားတွေရှိနေတာ၊ ငါတို့ကို ကာကွယ် ပေးရမှာပေါ့… ငါတို့အားလုံး အဲဒီလူတွေလက်ထဲမှာ ဒုက္ခရောက်ပြီးမှ ဘာလို့ ထွက်လာတာလဲ… နင့်ရဲ့ အစွမ်းကို ငါတို့ကို ကြွားချင်လို့လား…"
ထိုအမျိုးသမီး၏ စကားကို ကြားသောအခါ ယောင်ရန်၏ မျက်နှာ ညိုမှောင် သွားခဲ့လေသည်။ သူမက နှာခေါင်းရှုံ့ကာ ပြန်မေးလိုက်လေသည်။
"ကျွန်မက ရှင့်ကို ဘာလို့ ကာကွယ်ပေးရမှာလဲ…"
အမျိုးသမီးမှာ ထိုမေးခွန်းကြောင့် အံ့အားသင့်သွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်။
"အားနည်းတဲ့သူတွေကို ကာကွယ်ပေးဖို့ဆိုတာ နင့်ရဲ့ တာဝန်မဟုတ်ဘူးလား.."
ထိုအမျိုးသမီး၏ ရယ်စရာကောင်းလှသော စကားကို ကြားသောအခါ ယောင်ရန်က တဟားဟား ရယ်မောလိုက်လေသည်။
ခဏမျှ ရယ်မောပြီးနောက် သူမက အေးစက်စက်ပင် မေးလိုက်လေသည်။
"ရှင်က ဘယ်သူမို့လို့လဲ… ကျွန်မက ရှင့်ကို ဘာကြွေးတင်နေလို့လဲ… ကာကွယ် မှု လိုချင်ရင် ကိုယ်ရံတော်တွေ ငှားထားလေ… ရှင့်တို့တစ်ယောက်ချင်းစီကို ကာကွယ်ပေးဖို့ ကျွန်မမှာ ဘာတာဝန်မှ မရှိဘူး…"
အမျိုးသမီး၏ မျက်နှာ ပြာနှမ်းသွားသည်ကို ကြည့်ကာ ယောင်ရန်က ထပ် လောင်း ပြောလိုက်လေသည်။
"ပြီးတော့ ကမ္ဘာကြီးက အရင်လိုပဲ ရှိနေသေးတယ်လို့ ရှင် ထင်နေတာလား… ကျွန်မကို အကျင့်စာရိတ္တပိုင်းအရ ဆွဲဆောင်လို့ ရမယ်လို့ ထင်နေတာလား… မဒမ်... စိတ်ကူးယဉ်မနေဘဲ လက်တွေ့ကိုပဲ လက်ခံလိုက်ပါတော့…"
ထို့နောက် ယောင်ရန်က လုံယုနှင့် ရွှီရွှမ်းဘက် လှည့်ကာ ပြောလိုက်လေသည်။
"သွားရအောင်၊ ကျွန်မ ဗိုက်ဆာနေပြီ…."
ထိုအမျိုးသမီးမှာ ၎င်းတို့ သုံးဦး နောက်လှည့်မကြည့်ဘဲ ထွက်သွားသည်ကို ကြည့်ကာ မှင်တက်လျက်ကျန်ရစ်ခဲ့လေတော့သည်။
သတိပြန်ဝင်လာသောအခါ သူမသည် ခြေဆောင့်ကာ ဒေါသတကြီး ရေရွတ် နေလေတော့သည်။
"သူက သူ့ကိုယ်သူ ဘာမှတ်နေတာလဲ… ငါ့ကို ဒီလို စကားပြောရဲတယ်ပေါ့ လေ…"
အခြားသော ဗီလာပိုင်ရှင်များသည် သူမ၏ အပြုအမူကို ကြည့်ကာ တစ်ဦးကို တစ်ဦး အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြလေသည်။
ကမ္ဘာပျက်ကပ် ဆိုက်ရောက်သည်မှာ (၁၄) လနီးပါး ရှိနေပြီဖြစ်သော်လည်း ဤအမျိုးသမီးမှာ ကမ္ဘာဟောင်း၏ ယုံကြည်ချက်များကို ဆုပ်ကိုင်ထားဆဲ ဖြစ်ပုံရပေသည်။
သူမ၏ မရှိသည့် မာန်မာနများဖြင့်ဆိုလျှင် သူမ အသက်ဆုံးရှုံးရန်မှာ အချိန် တစ်ခုသာ လိုပေတော့သည်။
ဗီလာပိုင်ရှင်များသည်လည်း ထိုအတိုင်းပင် တွေးမိကြသဖြင့် သူမနှင့် တိတ် တဆိတ် အလှမ်းဝေးရာသို့ ရှောင်ထွက်သွားကြပြီး ကိုယ်စီ အိမ်ပြန်သွားကြ လေတော့သည်။
အိမ်အပြန်လမ်းတွင် ၎င်းတို့သည် တံတိုင်းမြင့်ဗီလာ၌ နေထိုင်သော ထိုမိန်း ကလေးနှင့် ဆက်ဆံရေး ကောင်းမွန်အောင် ထားရှိရန် ဆုံးဖြတ်လိုက်ကြလေ သည်။
ဤကဲ့သို့ ပရမ်းပတာ ဖြစ်နေသော ကမ္ဘာကြီးတွင် အစွမ်းထက်သည့် မဟာ မိတ်တစ်ဦး ရှိခြင်းမှာ အတိတ်က လူမှုအဆင့်အတန်းများကို ဆုပ်ကိုင်ထား ခြင်းထက် အဆပေါင်းများစွာ ပို၍ တန်ဖိုးရှိလှသည်မဟုတ်ပါလား။
ထိုအမျိုးသမီးမှာမူ ဆက်လက်၍ ဒေါသထွက်နေဆဲဖြစ်သော်လည်း လူတိုင်း ထွက်သွားသည်ကို သတိထားမိလိုက်သောအခါ နှာခေါင်းရှုံ့ကာ သူမ၏ ဆံပင် ကို ခါယမ်းလိုက်ပြီး သူမ၏ ခင်ပွန်းကို သွားတိုင်ရန် ဗီလာသို့ အပြေးအလွှား ပြန်သွားခဲ့လေတော့သည်။
တစ်ချိန်တည်းမှာပင် ဗီလာနယ်မြေ၏ အပြင်ဘက်ပိုင်းတွင် အခြေအနေများ မှာ နောက်ဆုံး၌ တိုးတက်ကောင်းမွန်လာခဲ့ပေသည်။
နာရီပေါင်းများစွာ ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် ရွှီ၊ မု နှင့် ဟွာ မိသားစုများ သည် ဆူပူသူများကို ဗီလာနယ်မြေအတွင်းမှ နောက်ဆုံး၌ မောင်းထုတ်နိုင်ခဲ့ ကြလေသည်။ အချိန်တိုအတွင်းမှာပင် ၎င်းတို့သည် ဗီလာရပ်ကွက် တစ်ခုလုံး ကို မြင့်မားသော အတားအဆီးများဖြင့် ကာရံလိုက်ပြီး ပတ်ပတ်လည်ကို ကင်း လှည့်စောင့်ရှောက်ရန် စီစဉ်လိုက်ကြပေသည်။
ယောင်ရန်နှင့် လုံယုတို့သည်လည်း ၎င်းတို့၏ ဗီလာသို့ ပြန်ရောက်သောအခါ ကိုယ်ပေါ်မှ သွေးစများနှင့် အညစ်အကြေးများကို ဆေးကြောရန် ရေချိုးလိုက် ကြပြီးနောက် ရွှီရွှမ်းနှင့်အတူ နေ့လယ်စာ စားခဲ့ကြလေသည်။
ထမင်းစားပွဲတွင် ထိုင်ရင်း ယောင်ရန်က ဟော့ပေါ့အတွက် ပါဝင်ပစ္စည်းများကို ထုတ်လိုက်လေသည်။
"အေးတဲ့ ရာသီဥတုမှာ ဟော့ပေါ့က အကောင်းဆုံးပဲ…" ဟု သူမက စိတ်ကြည် လင်စွာ ပြောလိုက်လေသည်။
အနားတွင် လျှပ်စစ်အပူပေးစက် နှစ်လုံးကို ဖွင့်ထားလျက် ၎င်းတို့ သုံးဦးမှာ အ ဝေးမှ သေနတ်သံများနှင့် အော်ဟစ်သံများကို ကြားနေရသော်လည်း အေး အေးလူလူပင် စားသောက်နေခဲ့ကြလေသည်။
နေ့လယ်စာ စားပြီးနောက် ရွှီရွှမ်းနှင့် လုံယုတို့သည် ဒရုန်းမှတစ်ဆင့် အခြေ အနေများကို စောင့်ကြည့်ရန် ဧည့်ခန်းသို့ ပြန်သွားကြပြီး ယောင်ရန်ကတော့ မီးဖိုချောင်သို့ ဝင်သွားခဲ့လေသည်။ သူမသည် သူမ၏ နေရာလွတ်ထဲမှ လွတ် နေသော စင်များကို ပြန်ဖြည့်ရန်အတွက် တစ်နေ့ခင်းလုံး ချက်ပြုတ်နေခဲ့ ခြင်း ဖြစ်ပေသည်။
ညနေစောင်းသောအခါ သေနတ်သံများနှင့် အော်ဟစ်သံများ နောက်ဆုံး၌ ငြိမ် သက်သွားခဲ့လေတော့သည်။
ယောင်ရန်သည် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော အစားအစာများ ကို သူမ၏ နေရာလွတ်ထဲသို့ သိမ်းလိုက်ပြီးနောက် မီးဖိုချောင်ကို သန့်ရှင်းရေး လုပ်ကာ ဧည့်ခန်းရှိ အခြားသူများနှင့် သွားရောက် ပူးပေါင်းလိုက်လေသည်။
" နောက်ဆုံးတော့ အပြင်မှာ တိတ်ဆိတ်သွားပြီပဲ…"
ပြောရင်း သူမက ဆိုဖာပေါ်တွင် ထိုင်လိုက်လေသည်။
လုံယုက လက်ပ်တော့ပ် စခရင်မှ မျက်နှာလွှဲကာ ခေါင်းညိတ်ပြလိုက်လေ သည်။
"ရွှီ၊ မု နဲ့ ဟွာ မိသားစုတွေက အတားအဆီးမြင့်ကြီးတွေ ဆောက်ပြီး ကင်း လှည့်ပေးနေကြပြီလေ… လောလောဆယ်တော့ ဗီလာနယ်မြေက လုံခြုံသွား ပါပြီ… ဒါပေမဲ့ ပတ်ဝန်းကျင် နေရာတွေမှာတော့ အခြေအနေက ပိုဆိုးလာနေ သေးတယ်…"
ရွှီရွှမ်းက သက်ပြင်းချကာ ထပ်ပြောလိုက်လေသည်။
"ကံကောင်းလို့ အစ်ကိုကြီးလင်းတို့အဖွဲ့က အခြေအနေတွေ မဆိုးခင် ဒီစခန်း ကနေ ထွက်သွားနိုင်ခဲ့တာ… မဟုတ်ရင် အစ်ကိုကြီးချိန်နဲ့ ဆင်းရဲသားရပ်ကွက် က လူတွေကို ကာကွယ်ပေးဖို့ ကျွန်တော်တို့အတွက် ခက်ခဲလိမ့်မယ်…."