← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

🌱 Chapter 23

တာ့ယန်တိုင်းပြည်၏အရေးအသားသည် ချင်မင်းဆက်ခေတ်မတိုင်မီက အသုံးပြုခဲ့သော တံဆိပ်တုံးစာလုံးအသေးများနှင့် ဆင်တူသော်လည်း လုံးဝထပ်တူ ကျမနေပေ။ ပိုင်ချောင်ရှီသည် ခန့်မှန်းလိုက်၊ နားလည်လိုက်ဖြင့် စာလုံးအနည်းငယ်ကိုသာ သီသီလေးမှတ်မိနိုင်သည်။ ဆေးစာများကို အလွယ်တကူ ရေးသားနိုင်သည့် အဆင့်သို့ရောက်ရှိရန် သူမ အနေဖြင့် ကြိုးကြိုးစားစား လေ့ကျင့်ရန်လိုအပ်သည်။

ကျစ်ရှုမှ တင်းကျပ်သော ဆရာတစ်ဦး၏နေရာမှ ပါဝင်အားဖြည့်နေလေသည‌ေ။ အကယ်၍ ကျစ်ရှုမှ အရေးအသားအား သဘောမကျပါက သူမအနေဖြင့် နားခွင့်ရရန် လမ်းစမရှိပေ။

'ရှေးခေတ်ကလူတွေ ဒီပျော့ဖတ်နေတဲ့ စုတ်တံတွေကို ဘယ်လိုများ တီထွင်ခဲ့ကြတာပါလိမ့်၊ ဒါ ညံ့တဲ့ကျောင်းသားတွေကို ခွဲခြားဆက်ဆံနေတာပဲ'

'နောင်တစ်ချိန် ငါ အောင်မြင်လာတဲ့အခါ ဒီခေတ်ရဲ့အတော်ဆုံးအမျိုးသမီးဖြစ်လာတဲ့အခါ ရှန်လီချင်းကို ငါ့ရဲ့အတွင်းရေးမှူးလုပ်ဖို့ ဖိတ်ခေါ်ပြီး ဆေးစာတွေ ရေးခိုင်းပစ်မယ်'

'အချစ်ရေးမှာ အချိုမြိန်ဆုံးက စာဖတ်နေချိန် မိန်းမလှလေး အမွှေးတိုင်ထွန်းပေးတာလို့ ထင်နေလား ? မဟုတ်ဘူး၊ မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး၊ ချောမောခန့်ညားတဲ့ ယောကျ်ားက မှင်သွေးပေးနေပြီး ကိုယ့်ဘဝကို ကိုယ် သံသယဝင်လာတဲ့အထိ စာတွေ ထိုင်ရေးနေရတာမျိုးကမှ တကယ့် အချိုမြိန်ဆုံးပဲ'

ပိုင်ချောင်ရှီသည် စိတ်ထဲတွင် ကျိတ်၍ ပွစိပွစိပြောနေပြီး သူမ စိတ်ထဲတွင် ကျစ်ရှုအား ထပ်တလဲလဲ ကျိန်ဆဲနေမိသည်။

ရှန်လီချင်းဆိုသည်မှာ မည်သူဖြစ်ကြောင်းကိုမူ ပိုင်ချောင်ရှီသည် အဘိုးကျန်းထံမှကြားဖူးနားဝရှိထားခြင်းဖြစ်သည်။ သူမသည် ယန်မြို့တော်တွင် အတော်ဆုံးအမျိုးသမီးဟု နာမည်ကြီးပြီး လက်ရှိ ပဉ္စမမြောက်မင်းသားနှင့် စေ့စပ်ထားသူဖြစ်သည်။ သို့သော် ပဉ္စမမြောက်မင်းသားမှာ အပြင်းအထန် ဖျားနာပြီး ကွယ်လွန်သွားပြီးနောက် သူအား တတိယမင်းသားနှင့် ထပ်မံစေ့စပ်ပေးခဲ့သည်။ အဘိုးကျန်းသည် ဤအကြောင်းကို မြို့ထဲတွင် ကြားခဲ့ရခြင်း ဖြစ်သည်။

မည်မျှပင် ခက်ခဲစေကာမူ ပိုင်ချောင်ရှီသည် အလေးအနက်ထားဆဲပင်။ မည်သို့ပင်ဆိုစေကာမူ ဤသူစိမ်းကမ္ဘာတွင် ကောင်းမွန်စွာနေထိုင်လိုပါက သူမအနေဖြင့် ကျွမ်းကျင်မှုအချို့အား တတ်မြောက်ထားရန်လိုအပ်ပေသည်။

ကျေးဇူးဆပ်လိုသော စိတ်ဓာတ်ဖြင့် သူမသည် တိရစ္ဆာန်ငါးကောင် ကစားနည်း အပြည့်အစုံကိုရေးဆွဲပေးခဲ့သည်။ သူမ မမှတ်မိသော အပိုင်းများအတွက်မူ အတည်ပြုပေးရန် စနစ်အားမေးမြန်းခဲ့သော်လည်း ပွိုင့်များတော့ ပေးမလာချေ။ အခွင့်ကောင်းကို အသုံးမချလျှင် အရူးသာဖြစ်ပေလိမ့်မည်။

စန်းယာ ရောက်လာပြီး အမျိုးသမီးပိုင်လီ၏ အခန်းထဲတွင် အဝတ်အစများကို ဖြန့်ခင်းကာ အဝတ်အစားများ စတင်ချုပ်လုပ်လေသည်။ ထိုအခါမှသာ ပိုင်ချောင်ရှီလည်း နောက်ဆုံးတွင် လွတ်မြောက်သွားတော့သည်။

'အရည်အချင်းရှိသူများသည် သာမန်လူများကြားတွင် ရှိနေတတ်သည်' ဟူသော စကားသည် စန်းယာကဲ့သို့သော သူမျိုးကို ရည်ညွှန်းခြင်းဖြစ်သည်။ သူမ၏ လက်များသည် အလွန်ကျွမ်းကျင်လှသည်၊ သူမ ဖြတ်တောက်ချုပ်လုပ်သော အဝတ်အစားများသည် ကိုယ်နှင့် အံဝင်ခွင်ကျဖြစ်ပြီး သက်တောင့်သက်သာ ရှိကာ ဒီဇိုင်းများမှာလည်း ကောင်းမွန်လှသည်။

ပိုင်ချောင်ရှီသည် ကြည့်ရှုရင်းဖြင့် တိတ်တဆိတ်သင်ယူနေခဲ့သည်။ နဂါးလှေပွဲတော် နီးကပ်လာပြီဖြစ်ရာ သူမသည် တိုင်းရင်းဆေးပင်များ ထည့်ထားသော လက်လုပ် အမွှေးအိတ်လေးတစ်ခု လက်ဆောင်ပေးချင်နေမိသည်။

ပိုင်ရှောင်ရှုသည် ဝါးပင်များစွာကို ခုတ်ယူလာခဲ့သည်။ ပိုင်ချောင်ရှီသည် ဝါးရည်ကျိုရန်အလွန်ပျင်းရိနေသဖြင့် နောက်ဆုံးတွင် လူတိုင်းအတွက် ဝါးကျည်တောက်ထမင်းသာ လုပ်ပေးလိုက်သည်။

ထမင်းနံ့နှင့် ဝါးရနံ့တို့ရောယှက်နေသည်။ တောက်ပနေသော ဝါးကျည်တောက်စိမ်းစိမ်းလေးများထဲတွင် ဖောင်းကားနေသော ထမင်းစေ့လေးများ ပါရှိနေသဖြင့် လူတစ်ယောက်၏ ခံတွင်းမြိန်မှုကိုမြင့်တက်စေကာ အားရပါးရ စားသောက်ချင်စိတ်ကိုဖြစ်ပေါ်စေသည်။

ကျစ်ရှုသည် ကျည်တောက်တစ်ခုပိုစားခဲ့ပြီး ပိုင်ရှောင်ရှုမှာလည်း ဗိုက်အပြည့်စားခဲ့သည်၊ စန်းယာသည် မြည်းစမ်းကြည့်ပြီးနောက် ဝါးအနည်းငယ် ခုတ်ရန် စဉ်းစားလိုက်သည်။ ပိုင်ချောင်ရှီမှ သူမအား တိုက်ရိုက်ပင် အနည်းငယ် ဝေမျှပေးလိုက်သဖြင့် စန်းယာမှာ ပိုင်ချောင်ရှီနှင့် ပိုရင်းနှီးသွားသလို ခံစားလိုက်ရသည်။

ရက်အနည်းငယ်အတွင်းမှာပင် အဝတ်အစား လေးထည် ချုပ်ပြီးသွားပြီး ပိုးကောင်အရည်ခွံများကိုလည်း စုဆောင်းပြီးစီးခဲ့သည်။ ခြံဝန်းထဲတွင် ပိုင်ချောင်ရှီ စိုက်ပျိုးထားသော ချယ်ချန်ဇီများပင်လျှင် အလွန်ကောင်းမွန်စွာ ကြီးထွားလာခဲ့သည်။

ဤချယ်ချန်ဇီခင်းကို ကြည့်ရင်း ကျစ်ရှု တစ်ခုခုကို သတိရသွားကာ

"အဲဒီနှစ်တွေတုန်းက ထိုက်ကျူမင်းကြီးက မြောက်ပိုင်းရုန်နဲ့ နယ်စပ်စစ်ပွဲကို နှိမ်နင်းဖို့ ကိုယ်တိုင်ကိုယ်ကျစစ်ချီခဲ့တယ်၊ ဒါပေမယ့် စစ်ပွဲအစက အဆင်မပြေခဲ့ဘူး၊ ရာသီဥတု အလွန်ပူပြင်းပြီး စစ်သည်တော်တော်များများ ရေငတ်၊ အစာငတ်ပြီး သေဆုံးခဲ့ကြတယ်၊ တချို့စစ်သားတွေဆို ဗိုက်တွေက ဗုံတစ်လုံးလို ဖောင်းကားလာကြတယ်၊ ဒါပေမယ့် ထိုက်ကျူမင်းကြီးရဲ့မြင်းငယ်နှစ်ကောင်ကတော့ ဘာမှမဖြစ်ဘဲ တက်ကြွနေတာကို နန်းတွင်းသမား တော်က စစ်ဆေးတွေ့ရှိခဲ့တယ်၊ စစ်ဆေးကြည့်လိုက်တဲ့အခါ အဲ့ဒီမြင်းငယ်တွေက မြေပြင်ပေါ်က နွားနားရွက်ပုံစံ ပေါင်းပင်တစ်မျိုးကို စားထားမှန်း တွေ့ရှိခဲ့တယ်၊ အဲဒီဆေးပင်က စစ်ရထားတွေရှေ့မှာပေါက်နေတဲ့အတွက် ထိုက်ကျူမင်းကြီးက အဲဒါကို ချယ်ချန်ချောင်လို့ နာမည်ပေးခဲ့ပြီး အဲဒီအပင်ရဲ့ အစေ့တွေက ချယ်ချန်ဇီဖြစ်လာခဲ့တာပဲ"

ပိုင်ချောင်ရှီ မေးစေ့ကိုလက်ဖြင့်ထောက်ကာ စူးစိုက်နားထောင်နေရင်း

"ဒါ တာ့ယန်အတွက် ကောင်းကင်ဘုံကပေးတဲ့ ကောင်းချီးပဲ၊ ကျွန်မ စိုက်ထားတဲ့ ဆေးပင်က ဒီလိုအာနိသင်မျိုး ရှိမယ်လို့ တစ်ခါမှမတွေးဖူးဘူး၊ အို့ ရှင်က ဒီလိုလျှို့ဝှက်ချက်တွေကို ဘယ်လိုလုပ် သိနေရတာလဲ"

ကျစ်ရှုသည် ပိုင်ချောင်ရှီ ဖျော်စပ်ပေးထားသော အမြစ်မပါသည့်ရေဖြင့် ကျိုချက်ထားသည့် ဂန္ဓာမာပန်းနှင့် ဂိုဂျီဘယ်ရီ ကျန်းမာရေး လက်ဖက်ရည်ကို အေးအေးဆေးဆေး တစ်ကျိုက်သောက်လိုက်ပြီး

"အဲဒါတွေက တကယ့်လျှို့ဝှက်ချက်တွေ မဟုတ်ပါဘူး၊ လက်ဖက်ရည်သောက်ဖို့ လက်ဖက်ရည်ဆိုင်တွေနဲ့ အရက်ဆိုင်တွေကို ပိုပြီးသွားဖြစ်မယ်ဆိုရင် ပုံပြင်ပြောပြသူတွေဆီကနေ ကြားနိုင်ပါတယ်၊ ငါ မင်းကို ဒီအကြောင်းပြောပြရတာက ချယ်ချန်ဇီက မြင်းတွေအတွက် အကျိုးရှိတယ်ဆိုရင် ဘဲတွေ၊ ငန်းတွေလည်း စားလို့ရလောက်တယ်လို့ ထင်မိလို့ပဲ"

သူသည် သူ၏ဆိုလိုရင်းကို သိမ်မွေ့စွာ ဖော်ပြလိုက်သည်။

ပိုင်ချောင်ရှီ နားလည်သွားသည်။ သူမသည် ချယ်ချန်ဇီကို မည်သည့်နေရာတွင် အသုံးပြုရမည်နှင့် ပတ်သက်၍ အသုပ်များ၊ အချဉ်ရည်များနှင့် ဟင်းသီးဟင်း ရွက်သုပ်များ စသဖြင့် အပြင်းအထန်စဉ်းစားနေခဲ့သော်လည်း ကျစ်ရှု၏ဆိုလိုရင်းမှာ ကြက်ဘဲမွေးမြူခြင်းက ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဆေးပင်များကို အစာအဖြစ်ကျွေးမွေးထားသော ဘဲများသည် သဘာဝအတိုင်းဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်ကာ အာဟာရပြည့်ဝမည် ဖြစ်သည်။

ကျစ်ရှုသည် တကယ့်ကိုစစ်ဗျူဟာမှူးတစ်ဦး ဖြစ်လာခဲ့သည်။ ထိုလူမှာ အရမ်းအံ့သြစရာကောင်းလှသည်။

'အား အား အား'

ပိုင်ချောင်ရှီ စိတ်လှုပ်ရှားစွာဖြင့် အာမေဍိတ်သံ ပြုလိုက်သည်။

သူမ၏စီးပွားရေးလုပ်ငန်း ပုံစံကြမ်းတွင် နောက်ထပ် စီမံကိန်းကြီးတစ်ခု ထပ်တိုးလာခဲ့သည်။ ဤသည်မှာ ပိုးစာပင်စိုက်ပြီး ပိုးကောင်မွေးမြူသည်ထက် ပိုမြန်ဆန်ပြီး သူမ၏ပထမဆုံး ရွှေအိုးကြီးကို စုဆောင်းရန်အတွက် အလွန်သင့်လျော်လှသည်။

ကြီးမြတ်သော ပိုင်မိသားစု၏ စီးပွားရေးအင်ပါယာကြီးမှာ အစပျိုးနေပြီဖြစ်သည်။

ဒီတစ်ကြိမ်မြို့ထဲသွားသည့်အခါ သူမ ဘဲပေါက်လေး တစ်အုပ်ဝယ်ရပေမည်။

ဧပြီလလယ်တွင် ပိုင်ချောင်ရှီသည် ချန်ကောင်းမြို့သို့ သွားရာလမ်းသို့ နောက်တစ်ကြိမ် ထွက်ခွာလာခဲ့ပြန်သည်။

သို့သော် သူမအား အကျပ်အတည်းတစ်ခု စောင့်ကြိုနေလိမ့်မည်ဟုမူ သူမ မျှော်လင့်မထားခဲ့ပေ။

ပိုင်ချောင်ရှီသည် သူမ ခြင်းတောင်းငယ်လေးကို လွယ်ကာ ရွာထိပ်သို့ထွက်လာပြီး အဘိုးကျန်းမောင်းနှင်သော နွားလှည်းပေါ်သို့ တက်လိုက်သည်။

ဤခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ပိုးကောင်အရည်ခွံများကို ရောင်းချရန်ဖြစ်သည်။ စန်းယာမှ သူမ ကိုယ်စားရောင်းပေးရန် ပန်းထိုးအထည်အချို့ကို ပေးလိုက်သေးသည်။ ပိုင်ရှောင်ရှုကမူ ဝါးများကို လိုအပ်သည်ထက် ပိုခုတ်ထားခဲ့သောကြောင့် ပိုင်ချောင်ရှီ ၎င်းတို့ကိုလည်း ပိုက်ဆံရအောင် ရောင်းချရန် စဉ်းစားလိုက်သည်။

ပိုင်ရှောင်ရှုနှင့် အမျိုးသမီးပိုင်လီတို့ သူမကို လိုက်ပို့ကြသည်။ ကျစ်ရှုသည် မိုးမခပင်ကြီးအောက်တွင် ရပ်နေခဲ့သည်။ မြင်ကွင်းတစ်ခုလုံးမှာ သူမ ခရီးဝေးထွက်တော့မည့်အတိုင်း ဖြစ်နေသည်။

ပိုင်ရှောင်ရှု "အစ်မ၊ ကျွန်တော် အစ်မနဲ့ လိုက်ခဲ့မယ်လေ၊ ဝါးတွေက လေးတယ်၊ အစ်မအတွက် ကျွန်တော် သယ်ပေးလို့ရတယ်"

ပိုင်ရှောင်ရှုသည် အစ်မဖြစ်သူနှင့်အတူ အပြင်ထွက်ပြီး ဆော့ကစားချင်ရုံသက်သက် ဖြစ်ကြောင်းကိုတော့ ဘယ်တော့မှဝန်ခံမည်မဟုတ်ပေ။

ပိုင်ချောင်ရှီ "မလိုဘူး၊ နင့်တာဝန်က အိမ်မှာ ရွှံ့မီးဖိုကုတင် ဆောက်တာကို ပြီးအောင်လုပ်ဖို့ပဲ"

ပိုင်ချောင်ရှီ ရှောင်ရှုကို ငြင်းဆန်လိုက်သည်။ သူမတွင် တတ်နိုင်သမျှ ဖုံးကွယ်ထားရမည့် လျှို့ဝှက်ချက်များ ရှိနေသည်။

အမျိုးသမီးပိုင်လီ "ဒါဆို လမ်းမှာ ဂရုစိုက်သွားနော်"

သူမ မိသားစုမှာ ခွဲခွာရန်တွန့်ဆုတ်နေသော်လည်း ကျစ်ရှု တစ်ယောက်သာ အရာအားလုံးကို လျစ်လျူရှုကာ ကြည့်နေခဲ့သည်။ ရုတ်တရက် သူသည် သူ့ လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ကာ လေချွန်လိုက်သည်။ ဝံပုလွေပေါက်စလေး ဖူပေါင် ပြေးထွက်လာပြီး လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သောအဟုန်ဖြင့် နွားလှည်းပေါ်သို့ခုန်တက်ကာ ပိုင်ချောင်ရှီ၏ရင်ခွင်ထဲသို့ ခုန်ဝင်ပြီး သူမ လက်ကို လျက်လေတော့သည်။

ကျန်းမိသားစု၏နွားမှာ တုန်ယင်သွားသည်။

အဘိုးကျန်း "ဟို့ ဟိုးးး၊ ခွေးလေးတစ်ကောင်ပဲ ဥစ္စာကို ဘာလို့ ကြောက်နေရတာလဲ"

အဘိုးကျန်းသည် နွား၏အမွေးများကို ပွတ်သပ်ပေးလိုက်သည်။

ပိုင်ချောင်ရှီ ရင်ခွင်ထဲမှ တာ့ယန်ချန်းကျင်းဖန်စာအုပ်မှာ ပြုတ်ကျသွားခဲ့သည်။ သူမသည် ဤကမ္ဘာ၏အသိပညာများကို သင်ယူရန် အချိန်တိုင်းကို အသုံးချလျက် လမ်းတွင်ဖတ်ရန် ၎င်းအား သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။

ကျစ်ရှု "စစ်သူကြီးဖေးလုကို မင်းနဲ့ အတူလိုက်ခိုင်း လိုက်၊ မင်း အဖော်ရတာပေါ့"

သူ့ လေသံမှာ ငြင်းဆန်ခွင့်မပေးသော လေသံမျိုးဖြစ်သည်။

All Chapters