အခန်း ၂၄
Vol. 3 Ch. 24
🌱 Chapter 24
ပိုင်ချောင်ရှီ တက်ကြွသော အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး "ရှင့်စကား နားထောင်ပါ့မယ်"
ရုပ်ရည်ချောမောခြင်းသည် အကြောင်းပြချက်ကောင်းဖြစ်သည်။
ခရီးစဉ်တစ်လျှောက်လုံးတွင် ပိုင်ချောင်ရှီသည် လှည်းပေါ်တွင် သက်တောင့်သက်သာ မှီလျက် စာဖတ်ရင်း အချိန်ကုန်လွန်ခဲ့သော်လည်း ထိုအတွေ့အကြုံမှာ ဖယောင်းကိုဝါးနေရသကဲ့သို့ ခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် ဤစိတ်ကူးယဉ်ကမ္ဘာတွင် ခိုးကူးစာအုပ်များ ရှိနေသောကြောင့်ဖြစ်သည်။ စာသားများကို ရက်အနည်းငယ်ကြာ ပြင်းပြင်းထန်ထန် လေ့လာပြီးနောက် ပိုင်ချောင်ရှီသည် စာလုံးပေါင်းအမှားများစွာကို တွေ့ရှိခဲ့ပြီးဖြစ်သည်။
၎င်းသည် တကယ့်ကို စိတ်ပျက်စရာကောင်းလှသည်။
လမ်းတစ်လျှောက်တွင် သူမသည် တစ်စုံတစ်ယောက်ကို ရှာဖွေနေပုံရသော ရဲမက်များကဲ့သို့ ဝတ်ဆင်ထားသူ အများအပြားကို မြင်တွေ့ခဲ့ရသည်။
ချန်ကောင်းမြို့ရှိ ဈေးသို့ရောက်သောအခါ ပိုင်ချောင်ရှီသည် သူမ၏ဝါးကျည်တောက်များနှင့် ပန်းထိုးအထည်များကို ခင်းကျင်းကာ စတင်ရောင်းချတော့ သည်။ ဝံပုလွေပေါက်စလေးမှာ သူမ ခြေရင်းတွင် ဝပ်နေသည်။
သူမသည် ဤနေရာတွင် ပိုးကောင်အရည်ခွံများကို မရောင်းချပေ။ သူမသည် ကျင်းရှန်ဆေးခန်းအား ခေါင်းပုံဖြတ်ရန် စီစဉ်ထားသည်။ အို နေပါဦး၊ သူမ ဆိုလိုသည်မှာ ဆေးခန်းသို့ ရောင်းချရန်ဖြစ်သည်။
ဖောက်သည် "မိန်းကလေး၊ ပန်းထိုးအထည်က ဘယ်လောက်လဲ"
စန်းယာ၏ပန်းထိုးလက်ရာမှာ အလွန်ကောင်းမွန်လှသဖြင့် လူများစွာ လာရောက်မေးမြန်းကြသည်။
ပိုင်ချောင်ရှီ "ကြေးပြား တစ်ရာပါ"
ပိုင်ချောင်ရှီ တောက်ပသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်၊ ၎င်းမှာ စန်းယာ မျှော်မှန်းထားသော ဈေးထက် ဆယ်ဆပိုများနေသည်။
သူမသည် ပွဲစားလုပ်ရခြင်းကို ဘယ်သောအခါမှ မငြီးငွေ့ပေ။
အဘိုးကျန်း သက်ပြင်းချလိုက်သည်။ ဤပါးနပ်ပြီး ထူးဆန်းသော မုဆိုးမလေးသည် စီးပွားရေးလုပ်ရာတွင် မည်သို့များ ဤမျှလောက် ရက်စက်နိုင်ရသနည်း။
လူများစွာမှာ ဈေးနှုန်းကိုကြားပြီး မျက်လုံးပြူးသွားကာ ထွက်သွားကြသည်။
သို့သော် ငွေမရှားသော ချမ်းသာသည့် သခင်မလေးများတော့ မရှားပါချေ။
သခင်မလေး "ငါ့ကိုကြည့်ရတာ လိမ်စားလို့ရမယ့် အရူးနဲ့ တူနေလို့လား"
ပိုင်ချောင်ရှီ လက်များကို အထပ်ထပ်ယမ်းပြကာ အပြစ်ကင်းစင်စွာပြုံးလျက် သူမ လက်ဖဝါးထဲရှိ လက်ကိုင်ပဝါကိုပြသလိုက်သည်။
ပိုင်ချောင်ရှီ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ သခင်မလေးက အကဲဖြတ်တတ်တဲ့သူလို့ထင်လို့ပါ၊ ဒီပန်းထိုးလေးကို ကြည့်လိုက်ပါဦး၊ အပ်တွေက သေးငယ်ပြီး စိပ်တယ်၊ ဒီဇိုင်းကလည်း သပ်ရပ်တယ်၊ ပြီးတော့ ကြာပန်းအမြွှာပုံလေးမို့လို့ အကောင်းဆုံးလက်ရာပါပဲ၊ ဒီပန်းထိုးအထည်ကို သခင်မလေး ကိုယ်တိုင်သုံးရင် သခင်မလေးရဲ့ အဆင့်အတန်းကိုပြသရာရောက်တယ်၊ လက်ဆောင်ပေးရင်လည်း သင့်တော်တယ်၊ သခင်မလေးရဲ့ ချစ်သူကို ပေးမယ်ဆိုရင်လည်း သူက သခင်မလေးရဲ့ ဉာဏ်ပညာနဲ့ ကျက်သရေကို သေချာပေါက် ချီးကျူးမှာပဲ၊ ကြေးပြားတစ်ရာတည်းနဲ့တော့ တန်လွန်းပါတယ် ရှင်"
ချစ်သူအကြောင်းကို ကြားလိုက်ရသောအခါ သခင်မလေး၏မျက်လုံးများမှာ ချက်ချင်းဆိုသလိုနူးညံ့သွားပြီး ရှက်သွေးဖြာလျက်
"တစ်ထည် ဝယ်မယ်"
ပိုင်ချောင်ရှီ "အရမ်းကောင်းတာပေါ့"
ပိုင်ချောင်ရှီ လက်ကိုင်ပဝါကို သပ်ရပ်စွာ ခေါက်ပြီး ဝယ်သူထံ ကမ်းပေးလိုက်သည်။
ပိုင်ချောင်ရှီ "သခင်မလေး၊ အကယ်၍ သခင်မလေးမှာ ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ ညီမတွေရှိရင် သူတို့ကို လာဝယ်ဖို့အကြံပြုပေးပါလား၊ သခင်မလေးကို ကြေးပြားဆယ်ပြား ပြန်ပေးမယ်လေ၊ လူပိုများများ အကြံပြုနိုင်လေ၊ ငွေပြန်ရလေပဲ"
ထိုကမ်းလှမ်းမှုကြောင့် သခင်မလေးမှာ စိတ်လှုပ်ရှားသွားရသည်။
သခင်မလေး "ဒါဆိုရင် ငါ့ဘာသာ ငါ နောက်ထပ် တစ်ထည်ဝယ်ရင် ကြေးပြားကိုးဆယ်နဲ့ ရမလား"
ပိုင်ချောင်ရှီ "..."
ထက်မြက်သော တွေးခေါ်မှုပင်။
ပိုင်ချောင်ရှီ "သေချာပေါက် ရတာပေါ့"
သခင်မလေး "နင့် အိမ်မွေးတိရစ္ဆာန်ကိုရော ရောင်းမလား"
သခင်မလေးက ၎င်းကို ထိရန်လက်လှမ်းလိုက်သည်။
ဝံပုလွေပေါက်စလေး ဖူပေါင် ဟိန်းဟောက်လိုက်ရာ ၎င်း၏ဝံပုလွေမျက်လုံးများက ဓားမြှောင်များကဲ့သို့ ထက်မြက်နေသဖြင့် သခင်မလေးမှာ ကြောက်လန့်တကြား ထွက်ပြေးသွားတော့သည်။
ပိုင်ချောင်ရှီ အားရပါးရ ရယ်မောလိုက်သည်။
ပိုင်ချောင်ရှီ "ဖူပေါင်၊ ငါ့ရဲ့ အချစ်တော်လေး၊ ငါ့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေကို လန့်အောင်မလုပ်ရဘူးလေ"
သူမ၏စကားပြောကောင်းသော ပါးစပ်လေးကို အားကိုးလျက် ပိုင်ချောင်ရှီသည် နံနက်ခင်းနှောင်းပိုင်းတွင် ပန်းထိုးအထည်များ အားလုံးကိုရောင်းချနိုင်ခဲ့ပြီး ငွေစတစ်ချောင်းနှင့် ကြေးပြားရှစ်ဆယ် ရရှိခဲ့သည်။
အဘိုးကျန်းသည် သူမအား လေးစားမှုတို့ဖြင့် ကြည့်လိုက်သည်။
သို့သော် ဝါးကျည်တောက်များမှာတော့ ထိုမျှကံမကောင်းခဲ့ပေ။ ဝယ်ယူသူ အလွန်နည်းပါးသည်။ နောက်မှ ၎င်းတို့အားလုံးကို ဆေးခန်းသို့ ရောင်းချရန်သာ ပိုင်ချောင်ရှီ စဉ်းစားလိုက်သည်။
သူမ ထွက်ခွာရန်ပြင်ဆင်နေစဉ် သူတောင်းစားလေးတစ်ယောက်က ခွက်တစ်လုံးကိုကိုင်ကာ ချဉ်းကပ်လာသည်။ သူသည် အလွန်ပိန်ချုံးပြီး ညစ်ပတ်နေကာ အသက်ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်ထက် မပိုပုံရသည်။
သူတောင်းစားလေး "အစ်မ၊ ကျေးဇူးပြုပြီး သနားပါဦး၊ ကျွန်တော် ထမင်းမစားရတာ ရက်ပေါင်းများစွာ ကြာနေပြီ"
စကားပြောနေစဉ် သူ ဒူးထောက်ရန် ပြင်လိုက်သော်လည်း သူမ ဘေးရှိ ဝံပုလွေပေါက်စလေးကို ရုတ်တရက် မြင်လိုက်ရသဖြင့် ကြောက်လန့်တကြား နောက်ဆုတ်သွားသည်။
'အဲ့ဒီခွေးက ကြမ်းလိုက်တာ'
ပိုင်ချောင်ရှီ "မကြောက်ပါနဲ့၊ ခွေးလေးက မကိုက်ပါဘူး"
ပိုင်ချောင်ရှီ ဗြောင်လိမ်လိုက်သည်။
ဖူပေါင်က ၎င်း၏မာနကြီးသော ခေါင်းကိုမော့လိုက်ကာ ဝံပုလွေဘုရင်တစ်ပါး၏အမူအရာကို သိမ်မွေ့စွာ ပြသလိုက်သည်။
အဆုံးတွင် ပိုင်ချောင်ရှီ ထိုမျှငယ်ရွယ်သော ကလေးလေးအတွက် သနားစိတ်ဝင်သွားရသည်။ သူမသည် ပေါက်စီဆိုင်တစ်ဆိုင်သို့ လျှောက်သွားကာ ပူနွေးပြီး ကြီးမားသော အသားပေါက်စီ နှစ်လုံးကို ကြေးပြားလေးပြားဖြင့် ဝယ်ယူလိုက်ပြီး သူတောင်းစားလေးအား နောက်ထပ် ကြေးပြားနှစ်ပြားပေးလိုက်သည်။
ပိုင်ချောင်ရှီ "ဒါတွေ ယူထားလိုက်"
သူတောင်းစားလေးမှ ပေါက်စီများကို သတိထား၍ ယူလိုက်ပြီး တစ်လုံးကို အားရပါးရ ကိုက်စားလိုက်သည်။
သူတောင်းစားလေး "ကျေးဇူးတင်ပါတယ် အစ်မ၊ ကျန်တာကို ကျွန်တော့် ညီမလေးအတွက် ချန်ထားလို့ရမလား"
ပိုင်ချောင်ရှီ "မင်းမှာ ညီမလေး ရှိတာလား"