← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

🌱 Chapter 27

ချန်ကွမ်းလျန် ရုတ်တရက် ပြုံးလိုက်ရာ ဖြူဖွေးသော သွားများကိုပေါ်လွင်သွားစေသည်။

ချန်ကွမ်းလျန် "ခန့်မှန်းကြည့်လေ၊ ပဲငံပြာရည်နဲ့ ချက်ရင် ပိုအရသာရှိမလား၊ ဒါမှမဟုတ် ပေါင်းရင် ပိုအရသာရှိမလား"

အဖြေမှာ သိသာထင်ရှားနေပြီဖြစ်သည်။ ဝံပုလွေပေါက်စလေးအား သခင်ဖြစ်သူထံ ယူသွားခြင်းသည် သခင်ဖြစ်သူက သူ့ထက်ပင် ၎င်းကို ပန်းကန်ပြားပေါ်မှ အစားအစာတစ်ခုဖြစ်လာစေရန် ပိုအလိုရှိလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

ပိုင်ချောင်ရှီသည် ဝံပုလွေပေါက်စလေးကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ ဖူပေါင်သည် သံယောဇဉ်ကြီးမားစွာဖြင့် သူမ၏ ရင်ခွင်ထဲတွင် ပွတ်သီးပွတ်သပ် လုပ်နေသည်။

ဝံပုလွေပေါက်စလေး၏နားနားကပ်၍ တိုးတိုးလေးဆိုရင်း ပိုင်ချောင်ရှီ "လိမ္မာတယ်နော် ရှောင်ဖူပေါင်၊ အဘိုးကျန်းကို မင်းဘာသာ သွားရှာပြီး ဖေဖေနဲ့ ဖွားဖွားကို မေမေ အဆင်ပြေပါတယ်၊ မကြာခင် အိမ်ပြန်လာခဲ့မယ်လို့ ပြောလိုက်နော်"

ဖုန်းကျန်းယဲ့ "သွားကြရအောင် မိန်းကလေး"

ဈေးထဲတွင် လူအနည်းငယ် စုဝေးနေကြပြီး အဘိုးကျန်းသည် လူအုပ်ကြားထဲတွင် ပုန်းကွယ်နေသည်။ ကြောက်ရွံ့မှုကြောင့် သူ၏ လက်များ တုန်ယင်နေသော်လည်း သူ ဘာလုပ်နိုင်မည်နည်း။

သူသည် နွားလှည်းကို ပြန်ယူရန် သွားခဲ့ပြီး ယခု သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ရွာသို့ အမြန်ပြန်ကာ ကျစ်ရှုအား သတင်းပေး၍ သူ့ကို နည်းလမ်းရှာခိုင်းရန်သာ ဖြစ်ကြောင်း နားလည်ထားသည်။

ချန်ကွမ်းလျန်ကမူ တာဝန်ကို အကျဉ်းချုံး ရှင်းပြလိုက်ရာ ပိုင်ချောင်ရှီ၏ခန့်မှန်းချက်ကို အတည်ပြုလိုက်သကဲ့သို့ ဖြစ်သွားသည်။

ထို့နောက် ပိုင်ချောင်ရှီသည် မြင်းလှည်းတစ်စီးပေါ်သို့တက်လိုက်သည်။ မြင်းလှည်းကို ဇိမ်ခံပစ္စည်းများဖြင့် အလှဆင်ထားပြီး အတွင်းဘက်တွင် ကျယ်ဝန်းကာ လိုက်ကာများပေါ်တွင် ငှက်တစ်ကောင်၏ပုံစံကို ပန်းထိုးထားသည်။ ၎င်း၏အတောင်ပံများမှာ ကြီးမားပြီး နှုတ်သီးမှာ ထက်မြက်ကာ အသက်ဝင်နေပုံရသည်။

တာ့ယန်တိုင်းပြည်သည် ငှက်ကို ၎င်းတို့၏အထိမ်းအမှတ်အဖြစ် အသုံးပြုသော မင်းဆက်တစ်ခုဖြစ်သည်။

ပိုင်ချောင်ရှီသည် ၎င်းကို မခွဲခြားနိုင်ဘဲ ဒဏ္ဍာရီလာ ကျူးချွဲ့ငှက်များ ဖြစ်နေမည်လားဟု တွေးတောနေမိသည်။ ခေတ်သစ်ကာလတုန်းက တောင်နှင့်ပင်လယ်များစာအုပ်ကို သေချာမဖတ်ခဲ့ရသည့်အတွက် သူမ နောင်တရမိသည်။

( Zhuque - ကျူးချွဲ့ငှက်မှာ အရပ်မျက်နှာ စောင့်နတ်ဘုရားဖြစ်သည်။ တရုတ်ဒဏ္ဍာရီလာ အရပ်လေးမျက်နှာစောင့် သတ္တဝါကြီး ၄ ကောင် (နဂါးပြာ၊ ကျားဖြူ၊ လိပ်နက်၊ ကျူးချွဲ့) စတဲ့ထဲက တောင်အရပ်စောင့် အထွဋ်အမြတ်ငှက်ကြီးဖြစ်သည်။ မီးဓာတ်စစ်စစ်ဖြစ်ပြီး နွေရာသီကိုကိုယ်စားပြုသည်။

ရုပ်သွင်မှာ ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်မီးလျှံတွေလို ရဲရဲနီနေပြီး စစ်ပွဲနှင့်စွမ်းအားကို အသွင်ဆောင်သည်။)

ချန်ကွမ်းလျန်ကိုယ်တိုင် မြင်းလှည်းကို မောင်းနှင်ခဲ့သည်။

နောက်ကွယ်တွင် မြင်းစီးကာ လိုက်ပါလာသော လူအချို့လည်းရှိနေပြီး သနားစရာကောင်းသော ဆိုင်ရှင်ဖုန်းမှာမူ လမ်းတစ်လျှောက်လုံး ခြေလျင် ပြေးလိုက်လာရသည်။

ထိုအဖွဲ့သည် ချန်ဂိုးမြို့မှ ထွက်ခွာလာခဲ့ကြသည်။

ပိုင်ချောင်ရှီသည် လမ်းကြောင်းကိုမှတ်သားထားရန် လိုက်ကာကို မလိုက်သည်။ ဤဒေသတွင် လယ်ယာမြေများစွာရှိပြီး အဝေးတွင် စိမ်းလန်းစိုပြည်နေ သော တောင်တန်းများရှိသည်။

နေပါဦး..

သူမသည် ဝံပုလွေပေါက်စလေးအား ယာဉ်တန်း၏အနောက်ဘက်တွင် တွေ့လိုက်ရပြီး သူတို့နောက်သို့ လမ်းတစ်လျှောက်လုံး လိုက်ပါလာခြင်းဖြစ်သည်။ ၎င်းသည် အနီးသို့လည်း မကပ်သလို နောက်လည်း မကျကျန်ရစ်ခဲ့ပေ။

သူမ ရင်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခုဖြစ်ပေါ်လာသည်။ လမ်းတစ်ဝက်တွင် ကောက်ရလာပြီး ရက်အနည်းငယ်မျှသာ မွေးမြူထားရသေးသော ဤဝံပုလွေပေါက်စလေးသည် ထိုမျှပင် သစ္စာရှိနေပြီဖြစ်သည်။ သူမသည် ၎င်းအား ခရီးတစ်ခုသို့ခေါ်ဆောင်သွားသကဲ့သို့ သဘောထားကာ လိုက်ပါခွင့်ပြု ရန်ဆုံးဖြတ်လိုက်ပြီး နောက်ပိုင်းတွင် ၎င်းအား သတင်းပို့ခိုင်းရန် နည်းလမ်းရှာမည်ဟု တွေးလိုက်သည်။

မြင်းလှည်း နာရီဝက်ခန့် သွားပြီးနောက် အရှေ့ဘက်လိုက်ကာကို မတင်လိုက်ရင်း ပိုင်ချောင်ရှီ "တပ်မှူးချန်၊ ဒီမှာရှိတဲ့ လူတိုင်းက ဂုဏ်သရေရှိတဲ့သူကို အလုပ်အကျွေးပြုနေကြတာပါ၊ ရှင့်လူတွေက မြင်းတွေ စီးနေကြပေမဲ့ ဆိုင်ရှင်ဖုန်းကတော့ သူ့ရဲ့ခြေထောက်နှစ်ချောင်းကိုပဲ လုံးလုံးအားကိုးနေရတယ်၊ သူ ပင်ပန်းလွန်းလို့ သေချာပေါက်ဖျားရတော့မှာပဲ၊ နောက်ပိုင်း ကျွန်မကို ကူညီဖို့ ဆိုင်ရှင်ဖုန်းကို လိုအပ်သေးတယ်နော်"

ဂုဏ်သရေရှိပုဂ္ဂိုလ်အား အကြောင်းပြခြင်းမှာ ထိရောက်မှုရှိခဲ့သည်။ ချန်ကွမ်းလျန်သည် ဖုန်းကျန်းယဲ့အား သူ့ လက်အောက်ငယ်သား တစ်ဦးနှင့်အတူ မြင်းတစ်စီးကို မျှစီးစေခဲ့သည်။

ဖုန်းကျန်းယဲ့သည် ပိုင်ချောင်ရှီအား ကျေးဇူးတင်စွာဖြင့် လက်သီးဆုပ်ချီကာ အရိုအသေပေးလိုက်သည်။

နောက်ထပ် နာရီဝက်ခန့်အကြာတွင် ထိုအဖွဲ့သည် တောင်ပေါ်စံအိမ်တစ်ခုသို့ ရောက်ရှိသွားကြသည်။

တောင်ပေါ်စံအိမ်အား တောင်ခါးပန်းတွင် တည်ဆောက်ထားသည်။ အဝေးမှကြည့်လျှင် မဏ္ဍပ်များနှင့် မျှော်စင်များကို သိမ်မွေ့စွာဖန်တီးထားပုံရပြီး အနက်ရောင် အမိုးကြွပ်များ၊ မီးခိုးရောင် အုတ်များနှင့် မြင်းခေါင်းပုံစံ နံရံများဖြင့် ကျန်းနန်ဒေသအား သတိရစေသည့် လှပသော မြင်ကွင်းတစ်ခုကို ဖန်တီးထားသည်။

အိမ်တော်တံခါးရှေ့တွင် ရွှေရောင်စာလုံးများဖြင့် တုန်းလီဟု ရေးသားထားသော မဲနယ်ရောင် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားသည်။

အမည်မှာ အတော်လေး သပ်ရပ်လှပသည်။

အိမ်တော်အပြင်ဘက်တွင် အစောင့်များ ရပ်နေကြသော်လည်း ၎င်းတို့သည် အိမ်စေများကဲ့သို့ ဝတ်ဆင်ထားကြပြီး ချန်ကွမ်းလျန်နှင့် သူ့ လူများပါဝင်သော အဖွဲ့နှင့် ရှင်းလင်းစွာ ကွဲပြားခြားနားနေသည်။

ချန်ကွမ်းလျန်နှင့် အခြားသူများသည် မြင်းပေါ်မှ ဆင်းကာ ပိုင်ချောင်ရှီအား တောင်ပေါ်စံအိမ်၏အတွင်းပိုင်းသို့ ခေါ်ဆောင်သွားကြသည်။

ပိုင်ချောင်ရှီသည် အဝေးတွင် ပုန်းအောင်းနေသော ဝံပုလွေပေါက်စလေးအား လှမ်းကြည့်လိုက်သည်။

ချန်ကွမ်းလျန် အပြုံးတစ်ခုဖြင့် နောက်ပြောင်လာသည်။

"မင်းရဲ့ အချစ်တော်လေးက တော်တော်လေး အသိဉာဏ်ရှိပုံရတယ်"

ပိုင်ချောင်ရှီ "လောကမှာရှိတဲ့ အရာအားလုံးက အသိဉာဏ်ရှိကြပါတယ်၊ မြက်တွေ၊ သစ်ပင်တွေ၊ တောင်တွေနဲ့ ကျောက်တုံးတွေတောင်မှပါပဲ..."

ပိုင်ချောင်ရှီသည် စကားလမ်းကြောင်းလွှဲလိုက်ပြီး ကွေ့ကောက်စီးဆင်းနေသော စမ်းချောင်းငယ်များ၊ အမိုးပါသော စင်္ကြန်လျှောက်လမ်းများနှင့် ပြန့်ကျဲနေသော ကျောက်တုံးများရှိနေကာ လောကပြင်ပတွင် ပုန်းကွယ်နေသော နိဗ္ဗာန်နတ်နန်းတစ်ခုသဖွယ် ခံစားရသည့် ထိုကိုယ်ပိုင်အနားယူရာ နေရာကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ၎င်းသည် ထိုခြံဝန်းတစ်ခုတည်းတင် ရပ်ကွက်တစ်ခုလုံးစာနှင့် ညီမျှနေသည်မှလွဲ၍ ခေတ်သစ်လူသားတစ်ဦး၏ အားလပ်ရက် အပန်းဖြေအိမ်ရာတစ်ခုနှင့် ဆင်တူနေသည်။

ပိုင်ချောင်ရှီ "ဒီနေရာက တကယ် အံ့ဩဖို့ကောင်းတာပဲ၊ ရှင့်ရဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်က အရမ်းကောင်းမွန်တဲ့ အကြိုက်ရှိတဲ့သူ ဖြစ်ရမယ်"

နောက်ထပ် ခြေလှမ်းများကို ပိုမိုချောမွေ့စေရန်အတွက် ပိုင်ချောင်ရှီသည် ချီးမွမ်းစကား အနည်းငယ်ပြောဆိုရခြင်းကို ဂရုမစိုက်ပေ။

ချန်ကွမ်းလျန် "ဒီတစ်ခါတော့ မိန်းကလေး မှားသွားပြီ၊ ကျွန်တော့် သခင်က ဒီမှာ ခေတ္တတည်းခိုတာပါ၊ ကျွန်တော့် နောက်ကိုလိုက်ခဲ့ပါ"

ပိုင်ချောင်ရှီသည် တောင်ပေါ်စံအိမ်၏ပိုင်ရှင်နှင့် ပတ်သက်၍ ပိုမိုသိချင်စိတ် ပြင်းပြလာသည်။

တောင်ပေါ်စံအိမ်သည် ခြံဝင်းသုံးခုပါဝင်သော အဆောက်အအုံတစ်ခုဖြစ်ပြီး ၎င်းတို့သည် အတွင်းဆုံးရှိ ခြံဝင်းငယ်လေးတွင် ရပ်တန့်လိုက်ကြသည်။

အသက် နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးသည် ထိုနေရာတွင် စောင့်ဆိုင်းနေသည်။ သူမသည် သပ်ရပ်လှပသော ဂန္ဓမာပန်းများ ပန်းထိုးထားသည့် နီလွန်းသောစကတ်အား ဝတ်ဆင်ထားပြီး လွင့်ပျံနေသောပုဝါစအား လက်မောင်းပေါ်တွင် ကျက်သရေရှိစွာ လွှမ်းခြုံထားရာ သူမအား ဂုဏ်သိက္ခာရှိသော အသွင်အပြင်ကိုရရှိစေသည်။

ဟွမ်ယမ်အား အထင်ကြီးလေးစားဟန်ဖြင့် ချန်ကွမ်းလျန် "မိန်းကလေးဟွမ်ယမ်၊ လူကို ခင်ဗျားဆီ အပ်လိုက်ပြီနော်"

ပိုင်ချောင်ရှီ ခေါင်းညိတ်လိုက်သည်။ သူမသည် လှပပြီး သူမ အမည်နာမမှာလည်း နားထောင်လို့ကောင်းသည်။

ပိုင်ချောင်ရှီအား ပြုံးပြရင်း ဟွမ်ယမ် "သက်တော်စောင့်ချန် စိတ်ချပါ၊ မိန်းကလေး ရှင့်ကို ဘယ်လိုခေါ်ရမလဲ"

ပိုင်ချောင်ရှီသည် သူမ နာမည်အရင်းအား ပြောသင့်၊ မပြောသင့် တွေးတောကာ တုံ့ဆိုင်းနေမိသည်။ အကယ်၍ သူမသည် နာမည်အရင်းကို ပြောလိုက်ပြီး ဂုဏ်သရေရှိပုဂ္ဂိုလ်အား ဒေါသထွက်စေပါက သူမ မိသားစုပါ ပါဝင်ပတ်သက်သွားနိုင်သည်။ သို့သော် သူမသည် မည်သူမည်ဝါဖြစ်ကြောင်း လိမ်လည် ဖန်တီးပါက ဂုဏ်သရေရှိပုဂ္ဂိုလ်၏စွမ်းဆောင်ရည်များအရ ၎င်းတို့ ချက်ချင်းသိရှိသွားနိုင်ပြီး သူမသည် ပြစ်ဒဏ်မှလွတ်ကင်းနိုင်မည် မဟုတ်ပေဟု စဉ်းစားရင်း ပိုင်ချောင်ရှီ "ကျွန်မ... ကျွန်မရဲ့ မျိုးရိုးနာမည်က ပိုင်ပါ၊ မိသားစုအမည်များ စာအုပ်ထဲက 'ရာ' ဆိုတဲ့ စာလုံးပါ"

ဟွမ်ယမ်သည် ထိုကိစ္စကို ဆက်လက် ဖိအားမပေးတော့ပေ။ သူမသည် ရေနွေးငွေ့များပြည့်နှက်နေပြီး ဧရာမရေချိုးကန်ကြီး တစ်ခုရှိသော အခန်းတစ်ခုထဲသို့ သူမကို ခေါ်ဆောင်သွားခဲ့သည်။

ဒီလုပ်ငန်းစဉ်ကတော့!

ပိုင်ချောင်ရှီ မျက်နှာအနည်းငယ် နီမြန်းသွားကာ လက်မောင်းများကို ချက်ချင်းယှက်ထားရင်း

"မမဟွမ်ယမ်၊ ကျွန်မက ဒီမှာ ထမင်းချက်လုပ်ဖို့ ရောက်လာတာပါ၊ အိပ်ရာ... အတူဝင်ဖို့ မဟုတ်ပါဘူး"

All Chapters