အခန်း ၃၀
Vol. 3 Ch. 30
🌱 Chapter 30
ပိုင်ချောင်ချီသည် သူမ၏ အသိစိတ်အာရုံထဲမှ စနစ် ချယ်ချန်းဇီကိုခေါ်လိုက်သည်။
"ဒင် ဒင် ဒင်" ဟူသော အသံမှာ မရပ်မနား ပေါ်ထွက်နေသည်။
ချယ်ချန်းဇီ "သြော်... ကျွန်တော့်ရဲ့ ချစ်လှစွာသော Host၊ ခင်ဗျား တကယ် အရည်အချင်းရှိတာပဲ၊ ဒါ... ဒါ... ဒါတွေက... အများကြီးပဲ၊ ခင်ဗျား ဒါတွေ ဘယ်လိုရလာတာလဲ၊ ဒါတွေအားလုံး ပြုပြင်ပြီးသား ဆေးဖက်ဝင်အပင်တွေပဲ၊ ဒါတွေက ပွိုင့်ပိုရတယ်၊ ခင်ဗျား တကယ်ချမ်းသာတော့မှာပဲ"
အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ချယ်ချန်းဇီ၏စက်ရုပ်အသံမှာ အနည်းငယ် ချွန်မြနေသည်။
ပိုင်ချောင်ချီသည် သူမ လက်ကို ခန့်ညားစွာ ဝှေယမ်းလိုက်ပြီး အလွန်ရက်ရောစွာဖြင့်
"တွက်ပေးစမ်းပါ၊ ဘယ်လောက်တန်လဲ"
ချယ်ချန်းဇီ မဆိုင်းမတွပင် ဂဏန်းတစ်ခုကို ပြောလိုက်သည်။
"နှစ်ထောင့်ရှစ်ဆယ့်ငါးပွိုင့်"
'ပွိုင့်ရဖို့က ဒီလောက်တောင် လွယ်တာပဲ၊ ဆေးဘုရင်တောင်ကြားကို တစ်ခါလောက် ဓားပြတိုက်လိုက်ရင် ဆင်းရဲတွင်းကနေ လုံးဝလွတ်မြောက်သွားမှာပဲ'
ပိုင်ချောင်ချီသည် သူမ လည်ချောင်းကို ရှင်းလိုက်ပြီး အပြုံးကိုမထိန်းနိုင်စွာဖြင့်
"အာ... အခုလောလောဆယ်တော့ မမှတ်ထားပါနဲ့ဦး၊ ပွိုင့်ကုန်တိုက်ကနေ ဆေးဖက်ဝင်အစားအစာ စာအုပ်တစ်အုပ်လောက် ဝယ်ချင်လို့၊ တစ်အုပ်လောက် ညွှန်းပေးပါလား"
"ဘာလို့ မမှတ်ရမှာလဲ၊ စျေးကျသွားလိမ့်မယ်"
ချယ်ချန်းဇီ၏ စိတ်အားထက်သန်မှုမှာ လေမုန်တိုင်းကဲ့သို့ မြန်ဆန်စွာပျောက်ကွယ်သွားသော်လည်း သူသည် ဝမ်းနည်းမှုကိုအောင့်အီးကာ ပိုင်ချောင်ချီ၏ မေးခွန်းကိုဖြေကြားလိုက်သည်။
"မိသားစု ဟင်းချိုချက်နည်း တစ်ရာ၊ တန်ဖိုးက ပွိုင့်သုံးဆယ်၊ ဘယ်ဘက်မှာ အစားအစာချက်နည်း ညာဘက်မှာ ဆေးဖက်ဝင်အစားအစာ၊ တန်ဖိုးက ပွိုင့်ငါးဆယ်နှစ်၊ တရုတ်ဆေးဖက်ဝင်အစားအစာကျမ်း၊ တန်ဖိုးက ပွိုင့်တစ်ရာ၊ ကျန်းမာရေးအတွက် ဆေးဖက်ဝင်အစားအစာ အမျိုးအစားတစ်ထောင်..."
"ရပ်၊ ရပ်၊ ရပ်၊ ရပ်၊ ရပ်"
ပိုင်ချောင်ချီ စိတ်မရှည်စွာဖြင့် ချယ်ချန်းဇီကို ကြားဖြတ်ပြောလိုက်သည်။
'ငါ့ရဲ့ နည်းပါးလှတဲ့ ရန်ပုံငွေကိုပြန်တွေးကြည့်ဦး၊ နောက်ဆုံးအကြိမ် ပိုးစာပင်ကိုင်းနှင့် ပိုးစာသီးတွေကို မှတ်တမ်းတင်တုန်းက ပွိုင့်ခုနစ်ဆယ့်ငါးပွိုင့် ရခဲ့တယ်၊ တောင်ပေါ်ကို ပထမဆုံးအကြိမ်တက်ပြီးနောက်မှာတော့ ဆယ်ပွိုင့်ပဲကျန်တော့တယ်'
"ငါ 'တရုတ်ဆေးဖက်ဝင်အစားအစာကျမ်း' ကိုပဲ ယူမယ်၊ 20% လျှော့ပေး"
"မလျှော့ပေးဘူး"
ချယ်ချန်းဇီ ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
"မလုံလောက်တဲ့ ပွိုင့်အတွက်ဆိုရင် ဒီအသင့်သုံး ဆေးဝါးတွေကို မှတ်တမ်းတင်နိုင်တယ်၊ ဘယ်ဆေးပဲဖြစ်ဖြစ် ရတယ်"
'ဒီ စိတ်ယုတ်မာတဲ့ စနစ်၊ တကယ့်ကို ယုတ်မာတဲ့ စနစ်စုတ်ပဲ'
ပိုင်ချောင်ချီသည် ဆင်းရဲမွဲတေမှုနှင့် အာဏာအား ဦးမညွတ်ဘဲ သူမ၏ခေါင်းကို မာနထောင်လွှားစွာ မော့ထားလိုက်သည်။
"မလျှော့ပေးရင် မဝယ်ဘူး၊ ငါ 'ဘယ်ဘက်မှာ အစားအစာချက်နည်း ညာဘက်မှာ ဆေးဖက်ဝင်အစားအစာ' ပဲ လိုချင်တာ၊ ယုံ မယုံတော့မသိဘူး၊ ငါသာ ဒီဆေးဖက်ဝင်အပင်တွေကို မှားယွင်းသုံးစွဲမိလို့ သေသွားရင်၊ နောက် နင့်ဆီကို ဘယ်သူကမှ ဆေးဖက်ဝင်အပင်တွေကို လာမှတ်ပေးတော့မှာ မဟုတ်ဘူး"
ချယ်ချန်းဇီမှာ အခြေအနေ၏ အရေးတကြီးဖြစ်မှုကို သဘောပေါက်သွားဟန်ဖြင့် စကားထစ်ငေါ့ကာ ပြောလိုက်သည်။
"ဒါဆိုလည်း... အဲ့ဒီကျမ်းအတွက် 20% လျှော့ပေးလိုက်မယ်၊ ကျွန်တော့်ရဲ့ ချစ်လှစွာသော Host၊ ခင်ဗျား ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်"
ပိုင်ချောင်ချီ စာအုပ်ကိုရပြီးနောက် လျင်မြန်စွာလှန်လှောကြည့်လိုက်သည်။
'ကောင်းပြီ၊ ဒီညတော့ မန်ချူး-ဟန် ဆေးဖက်ဝင်အစားအစာပွဲတော်ကို စတင်နိုင်ပြီ'
---
ညနေဆည်းဆာ ဖြစ်နေသည်။
နွားလှည်းမှာ နှေးကွေးပြီး အိုမင်းနေသော နွားမှာ တစ်နေ့လုံး ပင်ပန်းနွမ်းနယ်နေသဖြင့် အသွားအပြန် ဒါဇင်ပေါင်းများစွာ ခရီးနှင်လာရ၍ ဟိုက်လျက်ရှိ သည်။
ကျစ်ရှုသည် လှည်းပေါ်တွင် မတ်မတ်ထိုင်နေပြီး နေဝင်ချိန်အလင်းရောင်က သူ့ကိုယ်ပေါ်သို့ နွေးထွေးသော အရောင်အသွေးကို သွန်းလောင်းပေးထားရာ သူ့ မျက်ခုံးနှစ်ခုကြားရှိ အေးစက်မှုကိုဖုံးကွယ်ထားလိုက်သည်။ သူသည် လက်တစ်ဖက်တွင် စုတ်တံကိုကိုင်ထားပြီး သူ့ ပေါင်ကို စားပွဲခုံအဖြစ် အသုံးပြုကာ ပုံတူရေးဆွဲနေသည်။
သူ့ဘေးရှိ ပိုင်ရှောင်ရှုတစ်ယောက် မရပ်မနား သက်ပြင်းချနေသည်မှာ အကြိမ်တစ်ထောင်ခန့် ရှိနေလောက်သည်။
"အစ်မ... ယောက်ဖ၊ ကျွန်တော်တို့ အစ်မကို ဘယ်လိုရှာကြမလဲ"
"ယောက်ဖ၊ ကျွန်တော့်အစ်မ အန္တရာယ်ဖြစ်နေမလား၊ ကျွန်တော့် အစ်မက အရမ်းလှတာလေ"
"ယောက်ဖ..."
သူ့ ပါးစပ်မှာ သစ်တော်သီးတစ်လုံး ထည့်ဝင်နိုင်လောက်အောင် ဟောင်းလောင်းဖြစ်နေသည်။
"ယောက်ဖ ရေးထားတဲ့ ဒီပုံက တကယ် အသက်ဝင်တာပဲ၊ အစ်မ အတိုင်းပဲ"
ဟုတ်ပေသည်။ ကျစ်ရှု ပိုင်ချောင်ချီ၏ပုံတူအား ရေးဆွဲထားခြင်း ဖြစ်သည်။
သူသည် တည်ငြိမ်အေးဆေးဟန်ရှိပြီး စိတ်အေးလက်အေး ရှိနေသယောင်ဖြစ်သော်လည်း အမှန်တကယ်တွင် သူလည်း အလွန်စိုးရိမ်ပူပန်နေပြီး ရေတစ်ငုံမျှပင် မသောက်ရသေးပေ။ ပုံတူရေးဆွဲပြီးစီးသွားသောအခါ သူ ပုံကို ခေါက်၍ ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။
"ငါတို့ ရောက်တဲ့အချိန်ဆိုရင် ဈေး သိမ်းလောက်ပြီ၊ အဲဒီကျရင် ဒီပုံကိုင်ပြီး အိမ်တိုင်းစေ့ လိုက်မေးကြတာပေါ့"
၎င်းမှာကြီးမားသည့် တာဝန်တစ်ခု ဖြစ်သော်လည်း ကျစ်ရှုမှာမူ ယုံမှားသံသယ ဝင်စရာမလိုအောင် ပြတ်သားစွာပြောလိုက်သည်။
ပိုင်ရှောင်ရှုလည်း စိတ်ဓာတ်တက်ကြွသွားသည်။ သူ့လို ဖျားနာနေတဲ့ ယောက်ဖတောင် ဒီလောက်လုပ်နိုင်သေးတာပဲ၊ သူ့အနေနဲ့ အစ်မရဲ့ မောင်တစ်ယောက်အနေနှင့် တာဝန်ယူရမှာပေါ့။
---
အချိန်မှာ ချန်ရှီအချိန် (ည ၇ နာရီမှ ၉ နာရီ) ကို ကျော်လွန်သွားပြီဖြစ်သည်။
တုန်းလီတောင်ပေါ်စံအိမ်၏ ရေကန်ဘေးစံအိမ်တွင် အရာအားလုံး စီစဉ်ပြီးစီးသွားပြီဖြစ်သည်။
ယန်မြို့တော်မှ ဧည့်သည်တော်ကြီးနှင့် စံအိမ်တော်သခင်တို့သည် ဟွမ်ယမ်၏ ဦးဆောင်မှုဖြင့် စံအိမ်ရှေ့သို့ရောက်ရှိလာကြသည်။
"ဒီစမုံနက်နံ့သာတိုင်က လောင်နေတာလား"
တောင်ပေါ်စံအိမ်သခင်က မေးလိုက်သည်။
သူသည် အသက်နှစ်ဆယ့်ခုနစ်နှစ် သို့မဟုတ် နှစ်ဆယ့်ရှစ်နှစ် အရွယ်ရှိပြီး ပေါ့ပါးသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။
အင်္ကျီလက်ဝ အကျယ်ကြီးများနှင့် ဝတ်ရုံအား ဝတ်ဆင်ထားပြီး ဝတ်ရုံ၏အစွန်းမှာ ရေပြင်လှိုင်းထသကဲ့သို့ ယိမ်းနွဲ့နေသည်။ သူ လမ်းလျှောက်သည့် အခါတိုင်း စန္ဒကူးနံ့သင်းပျံ့လာပြီး ဝေနှင့်ကျင်းခေတ်က ကျော်ကြားသော ပညာရှိတစ်ဦးကဲ့သို့ သဘာဝအတိုင်း ယဉ်ကျေးသိမ်မွေ့နေလေသည်။ သူ၏ မျက်ခုံးတန်းမှာ ဝေးကွာနေသော တောင်တန်းများကဲ့သို့ မည်းနက်သော်လည်း မိန်းမဆန်ခြင်းမရှိပေ။ မျက်ခုံးအောက်တွင် ထင်ရှားသော နှာတံနှင့် ပါးလွှာသော နှုတ်ခမ်းတို့ကို ပိုင်ဆိုင်ထားသည်။ သူသည် စမုံနက်နံ့သာတိုင်အား မီးရှို့နေသူကိုကြည့်လိုက်ရာ သူ့ အကြည့်မှာ သဘာဝအလျောက် ဆွဲဆောင်မှုရှိနေသည်။