အခန်း ၁၃၅၁
Vol. 91 Ch. 1351
အဓိပတိအင်မော်တယ်သခင် စာစဉ် (၉၁)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၃၅၁) လိပ်တစ်ကောင်ကို ရိုက်နှက်ခြင်း။
လူတိုင်း ထိုမြင်ကွင်းကို မြင်သောအခါ ပါးစပ်အပြည့် တံတွေးတစ်လုတ်ကို မျိုးချလိုက်ကြ သည်။
လက်သီးတစ်ချက်က နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် နတ်ဘုရားသားရဲ လိပ်နက်၏ ခြေသည်းများကို မည်သို့ ပေါက်ကွဲစေနိုင်မည်နည်း။
"အောင်း”။
လိပ်နက်သည်လည်း ဟိန်းဟောက်လိုက်သည်။ ကြီးမားသော ခြေသည်းကြီးများ ကွဲကြေ သွားခြင်းက အလွန်ထိမှန်လွန်းပြီး နာကျင်စေခဲ့သည်မှာ ထင်ရှားပါသည်။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် အမှန်တကယ်ပင် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားကာ ချင်ယွင်အားကြည့်နေသည့် ၎င်း၏မျက်လုံးများမှာလည်း နီမြန်းသွားခဲ့ သည်။
ချင်ယွင်သည် ကောင်းကင်တွင် မားမားမတ်မတ် ရပ်နေဆဲဖြစ်ပြီး အနက်ရောင် ဆံပင်များ က သူ့နောက်တွင် ရိုင်းစိုင်းစွာ ကခုန်နေကာ၊ သူ၏ ၀တ်ရုံများက တဖျပ်ဖျပ် ခတ်နေသည်။ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အငွေ့အသက်သည် တုနှိုင်းမရလောက်အောင် ကြောက်စရာကောင်းသည့် အဆင့်သို့ ရောက်ရှိသွားပြီး၊ သူသည် ထိုနေရာတွင် ပြိုင်ဘက်ကင်း နတ်ဆိုးနတ်ဘုရားတစ်ပါးအလား ရပ်နေခဲ့သည်။
"လိပ်ငယ်လေး, ဘယ်လိုလဲ အဆင်ပြေရဲ့လား၊ ချင်ယွင်က ပြုံးပြီး မေးသော်လည်း သူ့လေသံက လွှမ်းမိုးလွန်းနေသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ဇောချွေးများ ထွက်လာကြသည်။ သူတစ်ယောက်သာ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားလိပ်နက်ကြီးကို လိပ်ငယ်လေးဟု ခေါ်ဆိုဝံ့သူ ဖြစ်ကောင်း ဖြစ်နိုင်သည်။
အဝေးမှ လိပ်နက်ကြီးသည် "လိပ်ငယ်လေး" ဟူသော အမည်ကို ကြားလိုက်သောအခါ ၎င်း၏ မူလက ဒေါသမျက်လုံးများသည် အကန့်အသတ်မရှိ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"လူသား၊ ငါ မင်းကို သတ်မယ်" လိပ်နက်သည် ၎င်းပတ်လည်ရှိ နတ်တောင်များ ပေါက်ကွဲ သွားသည်အထိ ဟိန်းဟောက်လိုက်သည်။ ခြေဖဝါးအောက်ရှိ မြေပြင်သည် အဆုံးမရှိသော အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ချင်ယွင်၏ ထိုးနှက်မူကြောင့် ပျက်ဆီးသွား သည့် ခြေသည်းကြီးများသည် မြင်သာသည့် အရှိန်ဟုန်ဖြင့် ပြန်ထွက်လာခဲ့သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သော အငွေ့အသက်များက ကြောက်မက်ဖွယ် ကောင်းပြီး၊ စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။
သို့သော် ချင်ယွင်သည် ဤမြင်ကွင်းကို ကြည့်ရင်း ပြုံးနေခဲ့သည်။ ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများက နားမလည်နိုင်သည့် စိတ်လှုပ်ရှားမှုကို ခံစားရစေ သည်။ ဤအစွမ်းထက်သော ခံစားမှုမျိုးသည် သူ့အတွက် မကြုံစဖူးပေ။ နတ်နဂါးအရိုးမှ ထုတ်လွှတ်သည့် ခွန်အားထက်ပင် ပြင်းထန်လှသည်။
"ကောင်စုတ်လေ၊ ဒီတိုက်ပွဲကို မြန်မြန် အဆုံးသတ်လိုက်ရအောင်။ ငါပေးခဲ့တဲ့ ခွန်အားက အားကောင်းပေမယ့် မင်းခန္ဓာကိုယ်က ကြာရှည် မခံနိုင်ဘူး။ တကယ်လို့, မင်းသာ ဒီလိပ်လေးကို အမွှေးတိုင်တစ်တိုင် ထွန်းညှိချိန်အတွင်း အနိုင်မယူနိုင်ဘူးဆိုရင်, မင်းမှာ ထွက်ပြေးဖို့တောင် ခွန်အားရှိမှာ မဟုတ်တော့ဘူး။ ပြီးတော့, ငါက တစ်ကြိမ်ပဲ ချေးငှားပေးနိုင်တယ်။ တကယ်လို့, မင်းသာ ဒီစွမ်းအားကို အလွန်အကျွံ အသုံးပြုမိရင်, မင်းအနေနဲ့ ဒီစွမ်းအားရဲ့သက်ရောက်မူကို ဖျောက်ဖျက်လို့ မရနိုင်တော့ဘူး။” လျှိုဘို၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်လုံးများက လေးနက်လာသည်။
လျှိုဘိုပြောသည့် စကားသည် လိမ်ညာခြင်း မဟုတ်ကြောင်း သူသိသည်။ သူ့ခန္ဓာကိုယ်ကို သူ သိပါသည်။
လျှိုဘိုသည် သူ့အား ထိုစွမ်းအားကို ပေးခဲ့သည်။ ၎င်းသည် ကြေးနီအပိုင်းအစမှ ရရှိသော စွမ်းအင်နှင့် အလွန်ဆင်တူသော်လည်း ကွဲပြားပါသည်။ ၎င်းသည် နတ်ဘုရားတန်ခိုးနှင့် နတ်ဆိုးနတ်ဘုရားတန်ခိုးကြားက ခြားနားချက်နှင့် ဆင်တူသည်။ သို့သော်၊ ဤတန်ခိုး သည် သာမန်နတ်ဆိုးနတ်ဘုရားတန်ခိုးနှင့် ကွဲပြားသည်။ ယင်းအစား၊ ၎င်းသည် နတ်ဆိုး နတ်ဘုရားတန်ခိုးကို အဆင့်မြှင့်ထားသော မူကွဲတစ်ခုနှင့် ပိုတူသည်။
ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် ဤစွမ်းအားကို အနည်းငယ်မျှ ခံနိုင်ရည် မရှိပေ။ ယခုလောလောဆယ်တွင် သူ့ခန္ဓာကိုယ်မှာ အက်ကွဲကြောင်းတွေ အများကြီး ထွက်ပေါ်လာ သည်။ အကယ်၍, ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင်, သူ့ခန္ဓာကိုယ်သည် အမွှေးတိုင်တစ်တိုင် ထွန်းညှိချိန်အတွင်းမှာ ပြိုလဲကျသွားနိုင်ပါသည်။ ထိုအချိန်တွင်၊ သူသည် နတ်ဆိုးနတ်ဘုရားတန်ခိုးနှင့် အသက်တန်ခိုးကို ပိုင်ဆိုင်ထားလျှင်ပင်, သူ့ခန္ဓာကိုယ်ကို အချိန်တိုအတွင်း ပြန်လည်ပြုပြင်နိုင်မည် မဟုတ်ပေ။ အဆုံးတွင်, အချို့ဒဏ်ရာများသည် ဖျောက်ဖျက်၍ မရပေ။
"ဒါဆိုလည်း, ဒီဟာကို မြန်မြန် အဆုံးသတ်လိုက်ရအောင်" ချင်ယွင်သည် ချက်ချင်းပင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ့လက်ပေါ်၌ အနီရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး သူ၏အငွေ့အသက်သည် ကောင်းကင်သို့ ပျံတက်သွားပြီး ကောင်းကင်ကို လှုပ်ခါသွားစေခဲ့သည်။
အဝေးမှ လူတိုင်းသည် ချင်ယွင်၏ ရုပ်အသွင်ကို မြင်သောအခါ သူတို့စိတ်နှလုံးများ တုန်လှုပ်သွားကြသည်။
ဤအခိုက်အတန့်တွင် စကားလုံးလေးလုံးသည် သူတို့၏နှလုံးသားထဲတွင် မတတ်နိုင်ဘဲ ထွက်ပေါ်လာသည် “တစ်ကမ္ဘာလုံးတွင် ပြိုင်ဘက်ကင်း”
"အောင်း…၊ လူသား.. သေလိုက်တော့…"
လိပ်နက်နတ်ဘုရားသားရဲသည်လည်း ကြောက်မက်ဖွယ် ဟိန်းဟောက်သံကို ထုတ်လွှတ် လိုက်ပြီး ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ကောင်းကင်ကို တုန်လှုပ်စေသည့် ပြင်းထန်သော အငွေ့အသက်ဖြင့် ချင်ယွင်ဆီသို့ တစ်ဖန် ပြေးထွက်သွားသည်။
သူ၏အငွေ့အသက်သည် တုနှိုင်းမရလောက်အောင် ပြင်းထန်ခဲ့ပြီး သူသည် အဆုံးမဲ့ ရှေ့သို့ ဆက်သွားခဲ့သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် အနည်းငယ်မျှ ကြောက်လန့်မှု မရှိဘဲ ရှေ့သို့ ရူးသွပ်စွာ ပြေးထွက်သွားခဲ့သည်။
သူ့ပုံရိပ်သည် လေထဲတွင် ထောင်ပေါင်းများစွာသော ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ဖန်းယီနှင့် အဝေးမှ တခြားသူတွေတောင် ချင်ယွင်၏ ရုပ်အသွင်ကို ရှင်းရှင်းလင်းလင်း မဖမ်းနိုင်ကြပါဘူး။ သူတို့သည် နောက်ဆက်တွဲ ပုံရိပ်ယောင်များကိုသာ မြင်တွေ့ခဲ့ရသည်။
"ဘယ်လောက်တောင် မြန်ဆန်လိုက်လဲ" ကျိုးဟုန်ရွှဲ့ အနားတွင် ရပ်နေသော ဆံပင်ဖြူ အဘိုးကြီးသည် မထိန်းနိုင်ဘဲ အော်ပြောလိုက်သည်။
ထိုအမြန်နှုန်းက သူ့စိတ်ကူးကို ကျော်လွန်နေပြီ။ အကယ်၍, ဤလူငယ်သာ သူ့ကို သတ်ပစ်ချင်သည်ဆိုလျှင်, သူသည် လုံးဝ တုံ့ပြန်နိုင်စွမ်း မရှိဘူးဆိုသည်မှာ သေချာပါ သည်။
ဖန်းယီ၏ မျက်ခုံးများသည် တွန့်သွားခဲ့ကာ သူမ၏ မျက်လုံးများတွင် ပြင်းထန်သော မနာလိုစိတ်များ တိုးမြင့်လာခဲ့ပါသည်။
ဘန်း..။
ချင်ယွင်၏ အမြန်နှုန်းကြောင့် လူတိုင်း ထိတ်လန့်နေကြစဉ်မှဦ, ချင်ယွင်သည် လိပ်နက် နတ်ဘုရား သားရဲ၏ နဂါးခေါင်းထက်တွင် ထွက်ပေါ်နေပြီ ဖြစ်သည်။
လိပ်နက်နတ်ဘုရားသားရဲလည်း ထိတ်လန့်သွားသော်လည်း ၎င်း၏တုံ့ပြန်မှုက မြန်ဆန်ပါ သည်။ ၎င်းနောက်မှ ကင်းမြီးကောက်အမြီးသည် ချင်ယွင်ဆီသို့ ချက်ချင်း ပျံသန်းသွား သည်။
ကင်းမြီးကောက်အမြီး၏ လွင့်ပျံသွားစဉ် လိပ်နက်၏ မျက်လုံးများသည် မထီမဲ့မြင်ပြုသော အပြုံးဖြင့် လင်းလက်သွားသည်ကို ချင်ယွင်က မြင်လိုက်ရသည်။ သူသည် မရှောင်တိမ်းဘဲ လိပ်နက်နတ်ဘုရား သားရဲ၏ နဂါးခေါင်းကို လက်သီးချက်ဖြင့် တိုက်ရိုက် ပစ်လိုက်သည်။
လိပ်နက်နတ်ဘုရားသားရဲသည် ချင်ယွင်က သူ့ကင်းမြီးကောက်အမြီး၏ တိုက်ခိုက်မှုကို လျစ်လျူရှုပြီး သူ့နဂါးခေါင်းဆီသို့ လက်သီးဖြင့် ထိုးလိုက်သည်ကို မြင်လိုက်ရစဉ်, သူ၏ နဂါးဦးခေါင်းထက်တွင် မမြင်နိုင်သော အဝါရောင်လှိုင်းလုံးကြီး ပေါ်လာပြီး အေးစက်သော အပြုံးတစ်ခု လင်းလက်လာသည်။
သူသည် လိပ်နက်ဖြစ်သောကြောင့်၊ သူသည် အစွမ်းထက်သော မြေစွမ်းရည် နတ်ဘုရား တန်ခိုးကို သဘာဝအတိုင်း ဆုပ်ကိုင်ထားသည်။ ဤနတ်ဘုရားတန်ခိုးသည် တွန်းလှန်၍ မရ၊ မည်သူမျှ မလှုပ်ခါနိုင်ပေ။ ထို့ကြောင့်၊ သူ့ရှေ့ကလူသားသည် ကာကွယ်မူကို စွန့်လွှတ်ပြီး သူ့နဂါးဦးခေါင်းကို တိုက်ခိုက်ခြင်းသည် အမှန်တကယ် သူ့ကိုယ်တိုင် ပျက်စီးခြင်းကို တောင်းခံနေသည်ဟု သူ ယုံကြည်ခဲ့သည်။
"ဘုန်း”။
သို့သော် နောက်အခိုက်အတန့်တွင် သူသည် လုံးဝ အံ့ဩသွားခဲ့သည်။
ချင်ယွင်၏လက်သီးသည် မြေစွမ်းရည် အဝါရောင်နတ်ဘုရားတန်ခိုး ကာကွယ်မှုပေါ်သို့ ကျရောက်သောအခါ၊ မြေစွမ်းရည် နတ်ဘုရားတန်ခိုးဖြင့် ဖွဲ့စည်းထားသော အကာကွယ် ဒိုင်းသည် ကွဲအက်သွားခဲ့သည်။ ထို့နောက် သူ၏ အတားအဆီးမဲ့ လက်သီးချက်သည် လိပ်နက်နတ်ဘုရားသားရဲ၏ နဂါးခေါင်းပေါ်သို့ ထိုးကျသွားသည်။
"ဘုန်း”။
မြေပြင်ပြိုကျပြီး ကီလိုမီတာတစ်ရာအကွာအဝေးရှိ နတ်တောင်များအားလုံး ကွဲအက်သွား စဉ်မှ, ကောင်းကင်ဘုံ တုန်လှုပ်လောက်သည့် ပေါက်ကွဲသံတစ်ခုလည်း ထွက်ပေါ်လာခဲ့ သည်။
ချင်ယွင်၏ လက်သီးက လိပ်နက်၏ နဂါးခေါင်းကို မြေပြင်သို့ တိုက်ရိုက် ထိုးချခဲ့သည်။ လိပ်နက်၏ ကြီးမားလှသော ခန္ဓာကိုယ်သည် ချက်ချင်းပင် စောင်းသွားကာ ဦးခေါင်း တစ်ခုလုံး မြေပြင်သို့ နစ်မြုပ်သွားခဲ့သည်။
အဝေးကလူတွေ အားလုံးသည် လေထဲမှာ လွင့်မျောနေပြီ။ သူတို့ခြေထောက်အောက်က ချောက်ကမ်းပါးတွေလည်း ကွဲအက်သွားပြီး ပြင်းထန်လွန်းသည့် လှိုင်းလုံးကြီးကြောင့် သူတို့လည်း နောက်ဆုတ်သွားခဲ့ရသည်။
သို့သော်လည်း အဝေးမှ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းက သူတို့၏ စိတ်ထဲတွင် အခိုင်အမာ အေးခဲသွားစေခဲ့သည်။
“ဒါ…”
အားလုံး အံ့သြလွန်း၍ စကားတောင် မပြောနိုင်ကြတော့ပေ။ သူတို့အားလုံးသည် ပါးစပ်များကို ကျယ်ကျယ်ဖွင့်ကာ စစ်နတ်ဘုရားတစ်ပါးလို လေထဲမှာ ရပ်နေသည့် ချင်ယွင်ကို စိုက်ကြည့်နေကြပါသည်။
အစောပိုင်းက ဟိန်းဟောက်သံကြောင့် လွင့်ပျံသွားခဲ့သော မိုဟဲသည် သူ့ ဒဏ်ရာ ဒဏ်ချက်များကနေ ပြန်လည် သက်သာလာပြီ ဖြစ်ပါသည်။ သူသည် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်, သူ့မျက်လုံးတွေက ပြူးထွက်လုမတတ်ပင်။
သူမသည် ကျိုးဟုန်ရွှဲ့လည်း ထိတ်လန့်သွားသည်။ ချင်ယွင်ပေးခဲ့သော ကျောက်စိမ်းဆွဲသီး ကို ကိုင်ဆောင်ထားဆဲ ဖြစ်သည်။ သူမသည် ချင်ယွင်၏ ကိုယ်ရေးအချက်လက်ကို ပို၍ပင် သိချင်လာသည်။ သူမသည် သူမကိုယ်တိုင် သို့မဟုတ် လွင့်မျောနှင်းမြို့တော်နှင့် ပတ်သက်သည့် ကျွမ်းကျင်သူများကို စိတ်ထဲတွင် ရှာဖွေနေခဲ့မိသည်။ သို့သော်လည်း အချိန်အတော်ကြာ စဉ်းစားပြီးနောက်၊ ချင်ယွင်နှင့် ကိုက်ညီမည့် မည်သည့် ကျွမ်းကျင် ပညာရှင်ကို သူမ ရှာမတွေ့သေးပေ။
နတ်ဘုရားသားရဲ၏ နဂါးဦးခေါင်းကြီး၏ တစ်ဝက်ခန့်သည် ချင်ယွင်ကြောင့် စောင်းနေပြီ ဖြစ်သည်။ တစ်ဝက်လောက်က မြေကြီးထဲတောင် နစ်မြုပ်ကျသွားခဲ့သည်။ မကြုံစဖူး ဒေါသလှိုင်းကြီးက သူ့စိတ်နှလုံးထဲမှ ထွက်ပေါ်လာသည်။
"တကယ်လို့, မင်း လက်မခံနိုင်သေးဘူးဆိုရင်, ငါ့ဆီက နောက်ထပ် လက်သီးတစ်ချက်ကို ခံယူလိုက်ပါဦး။" ချင်ယွင်က ရယ်မောလိုက်ပြီး သူ့လက်သီးမှ ပြင်းထန်တဲ့ အလင်းတန်း တစ်ခု ထွက်ပေါ် လာပြန်သည်။ ထို့နောက် လိပ်နက်နတ်ဘုရားသားရဲ၏ ဦးခေါင်းဆီသို့ ပစ်လွှတ်လိုက်သည် ။
သို့သော် ဤတစ်ကြိမ်တွင် ချင်ယွင်၏ လက်သီးချက်သည် လေဟာနယ်ထဲသို့ ထိုးလိုက်ခြင်းဖြစ်သည်။ နတ်ဆိုးနတ်ဘုရား၏ အဆုံးမရှိသော စွမ်းအားသည် လေဟာနယ်ကို အပြင်းအထန် တိုက်ခိုက်လိုက်ရာ ဧရာမ နဂါးဦးခေါင်းသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။
"ဟုတ်လား။ သူက တကယ်ပဲ လိပ်ခွံထဲမှာ ပုန်းလိုက်တာလား။" ချင်ယွင်လည်း အံ့သြသည့် အမူအရာကို ထုတ်ပြလာသည်။
လိပ်နက်သည် ခြေလက်တွေ ကျုံ့ပြီး၊ ဦးခေါင်းပါ လိပ်ခွံထဲကို ဝင်နေသည်ကို သူ သိလိုက် ရပါသည်။