← Chapters

အခန်း ၁၃၆၂

Vol. 91 Ch. 1362

အခန်း ၁၃၆၂

Vol. 91 Ch. 1362

အခန်း (၁၃၆၂) အေးစက်စက်လူ။

ဆံပင်ဖြူ အဘိုးအို၏ စကားကိုကြားတော့ ချင်ယွင်သည် ဆံပင်ဖြူ အဘိုးအိုကို လှည့်ကြည့်လိုက်သည်။

ချင်ယွင်သည် ထိုဆံပင်ဖြူ အဘိုးအို၏အမည်ကို သိသည်။ သူ့နာမည်က ယွမ်လင်း ဖြစ်ပြီး၊ သူက လွင့်မျောနှင်းမြို့တော်၏ အကြီးအကဲတစ်ဦး ဖြစ်ပါသည်။ သူသည် မိုဟဲနှင့် ဖန်းယီ တို့ကို တားဆီးရာတွင် ဦးဆောင်သူဖြစ်သောကြောင့် ချင်ယွင်သည် ထိုအဖိုးအိုအား လေးစားမှု အပြည့်ရှိခဲ့သည်။

"ဒါပေမယ့်" ချင်ယွင် ပြောခါနီးတွင် လင်းယွမ်က သူ့ကို ကြားဖြတ်ပြောလိုက်သည်။

"ညီအစ်ကိုလင်း၊ အနှေးနဲ့အမြန် ငါတို့လည်း ဒီနတ်ဘုရားတံခါးကို ဖြတ်ကျော်ရမှာပဲလေ။ စောစောပဲဖြတ်ကျော်ဖြတ်ကျော်, နောက်ကျမှဖြတ်ကျော်ဖြတ်ကျော်, ဒီကွာဟချက်က ငါ့အတွက် သိပ်မကြီးမားပါဘူး။ ဒါကြောင့် အရင်ဖြတ်ကျော်ပါရစေ။ မင်း ဘယ်လိုထင်လဲ" ယွမ်လင်းက ပြုံးပြီး ကြင်နာသည့်အမူအရာဖြင့် ပြောလိုက်သည်။

ချင်ယွင်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီး ကျိုးဟုန်ရွှဲ့ကို လှည့်ကြည့်လိုက်သည်။

ကျိုးဟုန်ရွှဲ့က ခေါင်းညိတ်ပြလိုက်သည်။

ကျိုးဟုန်ရွှဲ့က ခေါင်းညိတ်ပြသည်ကို မြင်လျှင်, ချင်ယွင်လည်း သဘောတူလိုက်သည် "ကောင်းပါပြီ အကြီးအကဲယွမ်, အကြီးအကဲက အရင်ဆုံး ဖြတ်ကျော်လိုက်ပါ။ အန္တရာယ် တစ်ခုခုဖြစ်လာခဲ့ရင်, အချိန်မီ ပြန်ဆုတ်သင့်တယ်"

"ကောင်းပါပြီ" ယွမ်လင်းက ပြုံးကာ ပြောပြီးနောက် နတ်ဘုရားတံခါးဆီသို့ လျှောက်သွား လိုက်သည်။

ချင်ယွင်သည် ယွမ်လင်း၏ ပုံရိပ်ကို သူ့မျက်လုံးထဲတွင် စိုးရိမ်သော အရိပ်အမြွက်ဖြင့် ကြည့်နေသည်။

ရိုးရိုးသားသားပြောရလျှင်, ချင်ယွင်သည် ယွမ်လင်းအနေဖြင့် ဤနတ်ဘုရားတံခါးကို အမှန်တကယ် ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟု မထင်ပေ။ သို့သော်, ယွမ်လင်းပြောခဲ့သည့် စကားအတိုင်းပင်, သူတို့သည် အနှေးနှင့်အမြန်ဆိုသလို စမ်းသပ်ကြည့်ရမည် ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် ထိုနတ်ဘုရားတံခါးကို ယခုအချိန် ဖြတ်ကျော်ခြင်းကလည်း ကွာခြားချက် မကြီးမားလှပေ။

အဝေးတွင် လင်းထန်ဘသည် ယွမ်လင်း ထွက်သွားသည်ကို မြင်သောအခါ မထီမဲ့မြင် ပြုံးလိုက်သည်။

အေးစက်စက်လူအတွက်မူ သူ့အကြည့်များက ပို၍ပင် အေးစက်လာကာ ယွမ်လင်းကို လျစ်လျူရှုထားသည်။

ကျိုးဟုန်ရွှဲ့သည် စိုးရိမ်တကြီး မျက်မှောင်ကြုတ်လိုက်သည်။

ဘန်း ။…

ယွမ်လင်းသည် နတ်ဘုရားတံခါး၏ လွှမ်းမိုးနိုင်စွမ်းရှိသည့် အကွာအဝေးသို့ ဝင်ရောက် လာခဲ့သည်။ သေချာသည်မှာ၊ နတ်ဘုရားတံခါးကြီးသည် တစ်ဖန် ထွန်းတောက်လာကာ သားရဲတစ်ကောင်၏ ဟိန်းဟောက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ယွမ်လင်းသည် ချက်ချင်းပင် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရပြီး၊ သူ့အငွေ့အသက်က စိတ်ပျက်အားငယ်ဖွယ်ရာ ကျဆင်းသွားခဲ့သော်လည်း သူသည် လွင့်ပျံသွားခြင်း မရှိခဲ့ပေ။

"အဘိုးယွမ်" ကျိုးဟုန်ရွှဲ့က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

"အကြီးအကဲ, နောက်ဆုတ်လိုက်" ချင်ယွင်က မတတ်နိုင်စွာ ပြောလိုက်သည်။

သို့သော် ယွမ်လင်းက သူ့စကားကို မကြားသလိုပင်။ သူသည် နတ်ဘုရားတံခါးဆီသို့ ဆက်လျှောက်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ် မလှမ်းမီတွင်, သူသည် နောက်ထပ် သွေးချောင်းဆိုးပြီး အန်ထုတ်လိုက်ရပြန်သည်။

ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်၏မျက်ခုံးတွေက တွန့်သွားခဲ့သည်။

ထိုအချိန်တွင် ယွမ်လင်း၏ ခန္ဓာကိုယ်သည် ပြိုကျလုနီးပါးဖြစ်နေပြီ ဖြစ်သည်။ ကြာကြာ မထိန်းနိုင်တော့ဘူးဆိုသည်မှာ သိသာပါသည်။ သို့သော်လည်း ယွမ်လင်းသည် စွန့်လွှတ်ရန် ရည်ရွယ်ချက် မရှိပေ။ သူသည် နောက်တဖန် ခြေလှမ်းသစ်အတွက် ပြင်ဆင်နေခဲ့သည်။

အကယ်၍, သူသာ ထိုခြေလှမ်းကို လှမ်းလိုက်မည်ဆိုလျှင်, တိုက်ရိုက် ပစ်ထုတ်ခံရဖို့ အလားအလာ အရမ်းများပါသည်။ ထိုအချိန်ရောက်လျှင်, သူ၏စိတ်ဝိညာဉ်သည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားမည် ဖြစ်ပြီး၊ လင်းဖန်းထက် ပိုကောင်းနေမည် မဟုတ်ပေ။

"ယုံကြည်မှု လွန်ကဲနေတယ်။" လင်းထန်ဘ၏နောက်တွင် ရပ်နေသော အေးစက်စက် လူက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

လင်းထန်ဘ၏ နှုတ်ခမ်းများသည် ယွမ်လင်း၏ ကြေကွဲဖွယ်သေခြင်း၏ ကံကြမ္မာကို ကြိုမြင်ထားဟန်ဖြင့် အေးစက်စက် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

ထိုအချိန်တွင် ချင်ယွင်၏ အမူအရာမှာလည်း လေးနက်နေပါသည်။ ဤအကြီးအကဲသည် ဤမျှအထိ ခံနိုင်ရည်ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူသည် ထိုအဆင့်ထိ ရှင်းရှင်း လင်းလင်း ရောက်ရှိနေသော်လည်း လက်မလျှော့သေးပါဘူး။

သို့သော် ချင်ယွင်သည် ဤကဲ့သို့ အကြီးအကဲတစ်ယောက် သေဆုံးရမည်ကို မကြည့်ရက် ပေ။ ထို့ကြောင့် သူက ချက်ချင်း လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်ဖဝါးမှ စုပ်ယူခြင်းစွမ်းအားတစ်ခု ထွက်ပေါ်လာကာ ထိုအကြီးကဲကို ချက်ခြင်း ပြန်စုပ်ယူသည်။

တစ်ဖက်မှာ ကြောက်ရွံ့ထိတ်လန့်နေသော ကျိုးဟုန်ရွှဲ့သည် သူမ၏မျက်နှာက ဖြူဖျော့ လာကာ၊ ယွမ်းလင်း စုပ်ယူခံရသည်ကို မြင်လိုက်ရပြီးနောက်, သူမသည် ချက်ချင်းပင် စိတ်နှလုံး သက်သာရာရသွားသည်။ သူမသည် ချင်ယွင်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

ချင်ယွင်က ဘာမှမထူးခြားဟန်ဖြင့် ပြုံးပြီး သူ့ရင်ခွင်ထဲက အကြီးကဲကို ကြည့်လိုက်သည်။

ထိုအချိန်တွင် အကြီးကဲသည် ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ်သွားခဲ့သည်။ ကံကောင်းထောက်မစွာ၊ သူ့စိတ်ဝိညာဉ် ထိခိုက်ပျက်စီးမှုက သိပ်မပြင်းထန်ပါဘူး။ အချိန်အတော်ကြာ အနားယူပြီးနောက် ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။

လင်းထန်ဘနှင့် အခြားသူများသည် ယွမ်လင်းက ကျဉ်းမြောင်းစွာ လွတ်မြောက်သွားသည် ကို မြင်သောအခါတွင် စိတ်ပျက်နေသော အကြည့်များ ချက်ချင်း ပေါ်လာသည်။

"မြို့သခင်လင်း၊ ခင်ဗျား အလှည့်ရောက်ပြီ" ချင်ယွင်သည် သူ့လက်ထဲမှ အကြီးအကဲကို ကျိုးဟုန်ရွှဲ့၏နောက်မှ အခြားအကြီးအကဲတစ်ဦးထံသို့ အပ်လိုက်ပြီး လင်းထန်ဘကို လှည့်ကြည့်လိုက်သည်။

"ဟမ့်၊ ဒီလူကြီးကလည်း အဲဒီနတ်ဘုရားတံခါးအကြောင်း သိပ်မကြာခင်ကတည်းက သိချင်နေတာ” လင်းထန်ဘသည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး နတ်ဘုရားတံခါးဆီ သို့ လျှောက်သွားလိုက်သည်။

ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် ချက်ချင်း အံ့ဩသွားသည်။

ဤလင်းထန်ဘသည် အမှန်တကယ်ပင် သူ့နောက်မှ အေးစက်စက်လူကို အရင် ဖြတ်ကျော်ရန် ခွင့်မပြုဘဲ သူကိုယ်တိုင် အရင်ဆုံး ဖြတ်ကျော်ခဲ့သည်။ ဤအရာက ယုတ္တိမတန်ဘူးဆိုသည်မှာ သိသာပါသည်။

အေးစက်စက်လူကို ကြည့်လိုက်တော့လည်း သူသည် လက်နှစ်ဖက် နောက်ကျောပစ်ပြီး ရပ်နေသည်။ သူ့ပုံစံက သူ အရင်ဆုံးဖြတ်ကျော်ရန် အနည်းငယ်မျှပင် ရည်ရွယ်ထားခြင်း မရှိသည့်အလား တည်ငြိမ်နေသည်။ ယင်းကြောင့် ချင်ယွင်သည် ထိုအေးစက်စက် လူ၏ ကိုယ်ရေးအချက်လက်ကို ရုတ်တရက် သိချင်လာသည်။

"ဒီလူက အတိအကျ ဘယ်သူလဲ၊ မင်း သူ့ကို မြင်ဖူးလား။" ချင်ယွင်က ကျိုးဟုန်ရွှဲ့ကို အသံပို့လွှတ်ပြီး မေးလိုက်သည်။

"ကျွန်မ သူ့ကို မသိဘူး။ လွင့်မျောနှင်းမြို့တော်မှာ စုဆောင်းထားတဲ့ အချက်အလက် တွေထဲမှာ သူ့အကြောင်း မှတ်တမ်းမရှိဘူး။ သူက လင်းထန်ဘရဲ့ လျှို့ဝှက်ထားတဲ့ လက်အောက်ငယ်သားတွေထဲက တစ်ယောက်ဖြစ်သင့်တယ်။" ကျိုးဟုန်ရွှဲ့က အသံထုတ် လွှင့်မှုမှ တစ်ဆင့် ပြန်ကြားခဲ့သည်။

ထိုစကားကိုကြားတော့ ချင်ယွင်က ငြိမ်သွားပြီး ထပ်မမေးတော့ပါ။

ကျိုးဟုန်ရွှဲ့သည် အများကြီး သိမထားပေ။ ထို့ကြောင့် သူသည် ဘာမှမေးလို့ရမည် မဟုတ်တော့ပေ။ ကျိုးဟုန်ရွှဲ့၏ ခန့်မှန်းချက်အတိုင်းဆိုပါက၊ ထိုအေးစက်စက် လူသည် သူ့အား ပုံမှန်မဟုတ်သော ခံစားချက်ကို ပေးနေကြောင့် ချင်ယွင် ခံစားခဲ့ရသည်။ သူ လင်းထန်ဘကို သူကြည့်သည့် ပုံစံဘဲဖြစ်ဖြစ်, လင်းထန်ဘ သူ့ကိုကြည့်သည့် ပုံစံဘဲ ဖြစ်ဖြစ်၊ သူတို့နှစ်ယောက်လုံးသည် ဤမျှလောက် မရိုးရှင်းပါဘူး။

ချင်ယွင်က သူ့ကို စူးစမ်းအကဲခတ်နေသည်ကို သတိပြုမိသွားဟန်ဖြင့် အေးစက်ပြီး မျက်နှာထားတင်းမာသည့် ထိုလူက ချင်ယွင်ထံသို့ ခေါင်းလှည့်ကြည့်လာကာ၊ သူ့မျက်လုံး များတွင် ဖုံးကွယ်မထားသည့် သတ်ဖြတ်ချင်စိတ်များနှင့်အတူ ချင်ယွင်ကို လှောင်ပြောင် ကြည့်လိုက်သည်။

ချင်ယွင်သည် ထိုလူ၏မျက်လုံးထဲမှ သတ်ဖြတ်လိုသည့်အကြည့်ကို မြင်လိုက်သောအခါ မျက်မှောင် ကြုတ်သွားသည်။

အေးစက်စက် လူက သူ့ကိုကြည့်လိုက်ချိန်မှာ, ချင်ယွင်သည် သူ့ပတ်ဝန်းကျင်မှ ကောင်းကင်ကြီးသည် ရုတ်တရက် မှောင်မိုက်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထုကြီး ရှိနေသည်။

"ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ သတ်ဖြတ်လိုတဲ့ဆန္ဒလဲ။ အကြည့်တစ်ချက်နဲ့ တင် ဒီလောက်ကြီးမားတဲ့ သတ်ဖြတ်လိုတဲ့ဆန္ဒကို ထုတ်လွှတ်နိုင်တယ်။ ဒါက လူပေါင်း ဘယ်လောက်များများ သတ်ဖြတ်ပြီးပြီလဲ" ချင်ယွင်က ထိတ်လန့်စွာ ပြောသည်။

"အောင်း..”

သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်၏ အတွေးများသည် သားရဲ၏ဟိန်းဟောက်သံ ကြောင့် ရပ်တန့်သွားသည်။ လင်းထန်ဘသည် နတ်ဘုရားတံခါးကြီး၏ လွှမ်းမိုးမှုနယ်မြေ ထဲသို့ ဝင်ရောက်နေပြီ ဖြစ်သည်။

လင်းထန်ဘ၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး အနက်ရောင် ဆံပင်များက သူ့နောက်ကျောတွင် ရိုင်းစိုင်းစွာ ကခုန်နေတော့သည်။ သူ့တစ်ကိုယ်လုံး ပြင်းထန်သော ဖိအားအောက်တွင် ရှိနေပုံရပြီး၊ သူ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေသည့် အမူအရာ ပေါ်လာသည်။ သို့သော် သူ့ကန့်သတ်ချက်သို့ မရောက်သေးကြောင်း ထင်ရှားသည်။

တံခါးအထက်တွင်၊ နတ်ဘုရားသားရဲပုံစံတစ်ခုသည် လျင်မြန်စွာ ရွေ့လျားလာသည်နှင့် အမျှ ပို၍ပင် ကြမ်းတမ်းလာပုံရသည်။

"ဟမ့်၊ ငါ့ကို ဒဏ်ရာရအောင် လုပ်ချင်တာလား။ ဒီလောက် မလွယ်ဘူး" လင်းထန်ဘက လွှမ်းမိုးနိုင်စွမ်းရှိသည့် အသံဖြင့် ကြွေးကျော်လိုက်ပြီး နတ်ဘုရားတံခါးဆီသို့ ဆက်လျှောက်သွားခဲ့သည်။

သူ၏ခြေလှမ်းများသည် လေးလံသော်လည်း၊ နတ်ဘုရားတံခါး၏ ဘိုးဘေးနတ်ဘုရား အလိုဆန္ဒအတိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းနေဆဲ ဖြစ်သည်။

ချင်ယွင်သည် ဤမြင်ကွင်းကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

လင်းထန်ဘ၏ စိတ်စွမ်းအားသည် သူထင်သည်ထက်ပင် ပိုမိုအားကောင်းနေခဲ့သည်။ သူသည် ဒဏ်ရာအနည်းငယ်မျှ မရရှိဘဲ ထိုနတ်ဘုရားတံခါးကို အမှန်တကယ် လျှောက်လှမ်းသွားခဲ့သည်။

"ဟား...၊ ဟား၊ ငါ ရောက်သွားပြီ။ အခု မင်းအလှည့်ရောက်ပြီ မဟုတ်လား" လင်းထန်ဘ၏ အသံသည် နတ်ဘုရားတံခါးအတွင်းမှ ထွက်ပေါ်လာသည်။

ချင်ယွင်က ပြုံးပြီး ထွက်သွားတော့မည် ဖြစ်သော်လည်း ကျိုးဟုန်ရွှဲ့က သူ့ကို တားလိုက်သည်။

"ကျွန်မကို အရင်သွားခွင့်ပြုပါ။ တကယ်လို့ မမျှော်လင့်တာ တစ်ခုခုဖြစ်သွားရင် ကျွန်မကို ပြန်ဆွဲထုတ်လို့ ရတာပေါ့။ အဘိုးဟောင်က နတ်ဘုရားတံခါးကို မဖြတ်နဲ့တော့၊ ဒီမှာ နေပြီးတော့ အဘိုးယွမ်ကို ဂရုစိုက်လိုက်ပါ။" ကျိုးဟုန်ရွှဲ့က ချင်ယွင်နှင့် အခြားအဘိုးအို အား ပြောလိုက်သည်။

"ကောင်းပြီ" ချင်ယွင်က ချက်ချင်း ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

ချင်ယွင်က သဘောတူသည်ကို မြင်တော့ ကျိုးဟုန်ရွှဲ့က ချက်ချင်း ပြုံးလိုက်သည်။

"သခင်မလေး, သတိထား။" ကျိုးဟုန်ရွှဲ့၏ နောက်ကွယ်မှ ဆံပင်ဖြူ အဘိုးကြီးက စိုးရိမ်စွာဖြင့် ပြောသည်။

ကျိုးဟုန်ရွှဲ့က ခေါင်းညိတ်လိုက်ပြီး သူမမျက်လုံးတွေက ရုတ်တရက် ကြည်လင်လာသည်။ ထို့နောက် နတ်ဘုရားတံခါးဆီသို့ ဆက်လျှောက်သွားခဲ့သည်။

All Chapters