အခန်း ၁၄၀၅
Vol. 94 Ch. 1405
အခန်း (၁၄၀၅) ဘိုးဘေးနတ်ဘုရားမ ချင်းယောင်၏ အမွေဆက်ခံမူ။
ချင်ယွင်သည် တက်ကြွမှု အနည်းငယ်မျှ မရှိတော့သည့် အမှောင်ညမန်တီ ဧကရာဇ်ကို ကြည့်ရှုလိုက်သည်။ ထို့နောက် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး အမှောင်ညမန်တီ ဧကရာဇ်ကို ကနဦးစကြာဝဠာထဲကို ထည့်လိုက်ပါသည်။
ဤစမ်းသပ်မူ မျှော်စင်သည် သက်ရှိသတ္တဝါများကိုသာ ကန့်သတ်ထားပါသည်။ ယခုအချိန် တွင် အမှောင်ညမန်တီ ဧကရာဇ်သည် သေဆုံးသွားပြီဖြစ်သဖြင့် ချင်ယွင်သည် သူ့ကို ကနဦး စကြဝဠာထဲသို့ သဘာဝအတိုင်း ပို့ဆောင်နိုင်ခဲ့သည်။
ဘန်း…။
ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးအကြေးခွံများသည် တဖြည်းဖြည်း လျော့ပါးလာပြီး သူ၏ အသွင်အပြင်သည် တဖြည်းဖြည်း လူသားအသွင်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
သို့သော် သူသည် လူသားအသွင်သဏ္ဍာန်သို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူသည် အမှောင်ညမန်တီ ဧကရာဇ်ကို အနိုင်ယူနိုင်ခဲ့သော်လည်း သူပေးဆပ်ခဲ့ရသည့် တန်ဖိုးကလည်း မနည်းလှပေ။ ယခင်က သူ၏ မွေးရာပါ နတ်ဘုရား စွမ်းရည်ကို အသုံးပြု၍ စွမ်းအင်များစွာ ဆုံးရှုံးခဲ့ရပြီး၊ သူ၏ ဒဏ်ရာများကို ပြန်လည်ကုစားရန် အကြိမ်အနည်းငယ် အသုံးပြုခဲ့သည်။ အဆုံးတွင်၊ သူ၏နဂါးတစ်ဝက် အသွင်ပြောင်းခြင်းသည် သူခန္ဓာကိုယ် အတွင်းရှိ နတ်ဘုရားတန်ခိုးစွမ်းအား အားလုံးကို ဆုတ်ယုတ်သွားစေခဲ့သည်။
အခုချိန်တွင် သူ့မှာ တိုက်ပွဲဝင်ရန် ခွန်အား မရှိတော့ပါဘူး။ ယခုအခါ၊ အစောပိုင်း ကြယ်နတ်ဘုရား ကျွမ်းကျင်သူများကပင် သူ့ကို သတ်ပစ်နိုင်သည်။
"ဦးလေး, အဆင်ပြေရဲ့လား" ချင်ယွင်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်ကိုမြင်တော့ ကျိုးဟုန်ရွှဲ့သည် အလျင်အမြန် ပြေးလာသည်။
ချင်ယွင်က အတင်းပြုံးပြပြီး ပြောသည် "အဆင်ပြေပါတယ်"
ကျိုးဟုန်ရွှဲ့၏ မျက်လုံးများက စိတ်ရှုပ်ထွေးနေခဲ့သည်။ နဝမထပ်သို့ ရောက်ရှိရန်အတွက် သူမသည် ချင်ယွင်၏အကူအညီကို အားကိုးခဲ့ရသည်။ ချင်ယွင်၏ အကူအညီကြောင့်သာ မဟုတ်ပါက, သူမသည် နဝမထပ်ကိုရောက်ဖို့ မဆိုထားနှင့်၊ တတိယထပ်မှာပင် သေဆုံးသွားလိမ့်မည်။
ချင်ယွင်သည် ကြိမ်ဖန်များစွာ အရူးအမူး တိုက်ခိုက်ခဲ့ပြီး၊ ၎င်းတို့အားလုံးကို မြင်လိုက်ရ သောအခါတွင် သူမသည် နက်နက်ရှိုင်းရှိုင်း စိတ်လှုပ်ရှားသွားသည်။
သူမသည် တစ်စုံတစ်ယောက်က ဤသေကြောင်းကြံစည်၍ စမ်းသပ်မှုကို အမှန်တကယ် အောင်မြင်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထို့အပြင် ဤသူသည် သူမအဒေါ်၏ခင်ပွန်း ဖြစ်နေသည်။
သူမသည် နောင်အနာဂတ်တွင် သူမဦးလေးကဲ့သို့ ပြိုင်ဘက်ကင်း အမျိုးသားတစ်ဦးနှင့် ဆုံတွေ့နိုင်ရန် အမှန်တကယ် မျှော်လင့်ခဲ့သော်လည်း သူမ၏ ကျိုးကြောင်းဆင်ခြင်မူက သူမဘဝတွင် ထိုကဲ့သို့လူမျိုးနှင့် နောက်တစ်ကြိမ် ထပ်မဆုံနိုင်တော့ကြောင်း ပြောပြနေခဲ့ သည်။ ထိုခဏတွင်း, သူမသည် သူမအဒေါ်အပေါ် မနာလိုစိတ်တွေ ပြည့်နှက်လာခဲ့သည်။
ဘန်း…။
ကျိုးဟုန်ရွှဲ့၏ နှလုံးသားသည် စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေစဉ်မှာ ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်အတွက် သန့်ရှင်းသော ၀တ်ရုံတစ်စုံကို ဝတ်ဆင်လိုက်သကဲ့သို့ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်မှာ အစိမ်းရောင် အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။
အစိမ်းရောင် အလင်းတန်း လင်းလက်လာစဉ်မှာ ချင်ယွင်သည် သူ့ခန္ဓာကိုယ်ထဲသို့ ထူးခြားသော စွမ်းအားတစ်ခု ထိုးဖောက်ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ နဂိုမူလက ခြောက်သွေ့နေသော ဒန်တန်ကို ပြည့်နှက်သွားကာ သူ့ဒဏ်ရာများလည်း ချက်ချင်း သက်သာသွားသည်။
"အယ်၊ ဘာဖြစ်နေတာလဲ?" ချင်ယွင်သည် မြေပြင်မှ မတ်တပ်ထရပ်ပြီး သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုကို ကြည့်လိုက်ရင်း အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်မိသည်။
ကျိုးဟုန်ရွှဲ့လည်း အံ့သြသွားသည်။ သူမသည် ထိုအစိမ်းရောင် အလင်းတန်းကို ကြည့်လိုက်ရင်း, သူမမျက်လုံးများတွင် အံ့သြမှုအပြည့် ရှိနေခဲ့သည်။
ကြိုးတစ်စ၏အဆုံးတွင် ရှိနေပြီဖြစ်သော ချင်ယွင်ကို သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိစေနိုင်ခြင်း၊ ထိုကဲ့သို့ နည်းလမ်းမျိုးကို ဘိုးဘေးနတ်ဘုရားအဆင့်ရှိ ကျွမ်းကျင်သူများကသာ လုပ်ဆောင်နိုင်ပါလိမ့်မည်။
ဘန်း…။
ဟုတ်ပါသည်၊ ထိုအချိန်မှာပင်, သန့်စင်သော အစိမ်းရောင်အလင်းများထဲမှ အစိမ်းရောင် ပုံရိပ်တစ်ခု လွင့်မျောလာခဲ့သည်။ ဤပုံရိပ်သည် အလွန်မင်း လှပပြီး လှုပ်ရှားသက်ဝင် နေသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် စိမ်းရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူမခန္ဓာကိုယ်သည် အနှိုင်းမဲ့ သန့်ရှင်းသော စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။
သူမသည် ပြိုင်ဘက်ကင်း သက်ဝင်လှပသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ ရုပ်သည် အသွင်အပြင်က ချင်ယွင်နှင့် အခြားလူများ စင်မြင့်ရှေ့တွင် တွေ့ဖူးသော ကျောက်စိမ်းရုပ်တုနှင့် အတူတူပင်။
"ဘိုးဘေးနတ်ဘုရားမ ချင်းယောင်လား?" ကျိုးဟုန်ရွှဲ့သည် အစိမ်းရောင်ဝတ် အမျိုးသမီး၏ ချောမောလှပသော မျက်နှာကို မြင်လိုက်ရသောအခါတွင် အလွန်အံ့သြပြီး ကြည်ညိုလေးစားသည့် အမူအရာတစ်ခုကို ဖော်ပြလိုက်သည်။
ချင်ယွင်လည်း စူးစမ်းလိုသည့် အမူအရာဖြင့် အလင်းရောင်မှ ဖြည်းညှင်းစွာ လွင့်မျောလာ သော အမျိုးသမီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် ပြင်းထန်သော စူးစမ်းလို စိတ်များရှိနေသည်။
"ဒါက ဘိုးဘေးနတ်ဘုရားမလား?" ချင်ယွင်သည် သူ့ရှေ့မှ အစိမ်းရောင်ဝတ် အမျိုးသမီး ကို ဂရုတစိုက် ကြည့်ရူလိုက်ရင်း, သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်သည်။
ဤသည်မှာ ချင်ယွင်အနေဖြင့် ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။ ဘိုးဘေးနတ်ဘုရားများကို မဆိုထားနှင့်, ကောင်းကင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကိုပင် ချင်ယွင်သည် ယောင်ဖုန်းတစ်ယောက်သာ တွေ့ဖူးသေးသည်။
သို့သော် သူ့ရှေ့မှ အစိမ်းရောင်ဝတ်ထားသော အမျိုးသမီးသည် ဘိုးဘေးနတ်ဘုရား၏ အစစ်အမှန် ခန္ဓာကိုယ်ဟု မထင်ရပေ။ သူမ၏ ခန္ဓာကိုယ်သည် တကယ့် အစစ်အမှန် ခန္ဓာကိုယ်နှင့် ထူးမခြားနားဖြစ်သော်လည်း၊ ချင်ယွင်သည် သူ့ရှေ့ရှိ ဤအမျိုးသမီးသည် သူမ၏စိတ်ဝိညာဉ်အမျှင်တန်း မဟုတ်ကြောင်းကို သူမစိတ်ဝိညာဉ်မှတဆင့် ခံစားနိုင်သေး သည်။
ထိုအခိုက်အတန့်တွင် အစိမ်းရောင်ဝတ် အမျိုးသမီးသည် ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့တို့ကို ကြည့်နေသည်။ သူမမျက်နှာပေါ်ရှိ အမူအရာသည် ရေကဲ့သို့ ငြိမ်သက်နေပြီး သူမထံမှ မည်သည့် ခံစားချက်ကိုမျှ မမြင်နိုင်ပေ။
"ဘိုးဘေးနတ်ဘုရားမကို နှုတ်ဆက်ပါတယ်။" ကျိုးဟုန်ရွှဲ့သည် သူတို့ရှေ့မှာ အစိမ်းရောင် ၀တ်စုံနှင့် လွင့်မျောနေသော အမျိုးသမီးကို တွေ့လိုက်ရသည့်အခါ အလျင်စလို ဂါရဝပြုပြီး နှုတ်ဆက်လိုက်ပါသည်။
"နှုတ်ဆက်ပါတယ် ဘိုးဘေးနတ်ဘုရားမ" ချင်ယွင်လည်း ဦးညွှတ်သည်။
ချင်ယွင်သည် ဤဘိုးဘေးနတ်ဘုရားမ ချင်းယောင်ကို မသိသော်လည်း၊ သူမသည် ဘိုးဘေးနတ်ဘုရားအဆင့်တွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သောကြောင့် အနည်းငယ် လေးစားမှု ပြခြင်းက သဘာဝကျပါသည်။
အစိမ်းရောင်ဝတ် အမျိုးသမီးသည် ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့၏ စကားများကို ကြားသော အခါ, သူမက အနည်းငယ် ခေါင်းညိတ်ပြသည်။ သူမက ချင်ယွင်ဘက်ကို လှည့်ကြည့် လိုက်ပြီး ပြောသည် " စမ်းသပ်မူမျှော်စင်မှာ မင်းရဲ့ လှုပ်ရှားမှု အားလုံးကို ငါ မြင်ဖူးတယ်။ စမ်းသပ်မူမျှော်စင်က လူတစ်ယောက်ပဲ ဝင်ခွင့်ပြုတယ်။ ဒီတစ်ခါက သူမရဲ့ စမ်းသပ်မှု ဖြစ်သင့်တယ်။ မင်း ဘယ်လိုဝင်ခဲ့တာလဲဆိုတာ ငါ အရမ်းကို သိချင်မိတယ်။”
ထိုစကားကိုကြားတော့ ချင်ယွင်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။ ထင်ရှားသည်မှာ၊ ဘိုးဘေးနတ်ဘုရားမက ဤကိစ္စကို ထုတ်ဖော်ပြောဆိုမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
တစ်ဖက်တွင်မူ ကျိုးဟုန်ရွှဲ့၏ လှပသော မျက်နှာသည် အလွန်ဖြူဖျော့သည့် အမူအရာ ပေါ်လွင်နေသည်။
ဤစမ်းသပ်မှုသည် မူလကတည်းက သူမတစ်ယောက်တည်းအတွက် ဖြစ်သည်။ အကယ်၍, ဘိုးဘေးနတ်ဘုရားမသာ ချင်ယွင်ကို အပြစ်ပုံချခဲ့လျှင်, သူတို့သည် သေချာပေါက် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"စိတ်မပူပါနဲ့၊ ငါက မင်းကိုအပြစ်တင်ဖို့ သဲလွန်စရှာနေတာ မဟုတ်ပါဘူး။ သူက ငါချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ချိုးဖြတ်ဖို့အတွက် သူ့ကိုယ်ပိုင် စွမ်းရည်ကို အားကိုးခဲ့ပြီး၊ စမ်းသပ်မူမျှော်စင်ထဲ ဝင်ရောက်ကာ၊ အထပ်ကိုးထပ်ကို ဖြတ်ကျော်ဖို့ သူ့ခွန်အားကို အသုံးချခဲ့တယ်ဆိုကတည်းက, ငါက သဘာဝအတိုင်း မင်းတို့အတွက် ခက်ခဲအောင်လုပ်မှာ မဟုတ်ပါဘူး။ ငါက ငါ့ရဲ့ကန့်သတ်ချက်တွေကို သူ ဘယ်လို ဖြတ်ကျော်ခဲ့လဲဆိုတာ သိချင်ရုံပါ။” အစိမ်းရောင်ဝတ် အမျိုးသမီးက ထူးမခြားဟန်ဖြင့် ပြောသည်။
သူမသည် သူမ၏ ဖိအားကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်မထားသော်လည်း, သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သော ဖိအားတစ်ခု ရှိနေခဲ့သည်။
ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့တို့ကို ပေးနေခဲ့သည့် ထိုကြောက်မက်ဖွယ် ကောင်းသော ဖိအားသည် အတိအကျ ထိုဖိအားပင် ဖြစ်သည်။
ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့နှစ်ဦးစလုံးသည် ဘိုးဘေးနတ်ဘုရားမချင်းယောင်၏ ပြောစကားကို ကြားလိုက်ရသောအခါ, သူတို့သည် သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။
သူ့ရှေ့မှာ အစိမ်းရောင်ဝတ် အမျိုးသမီးသည် ဘိုးဘေးနတ်ဘုရားတစ်ပါး၏ နတ်ဘုရား စိတ်ဝိညာဉ်အမှတ်အသား အမျှင်တစ်ခုမျှသာ ဖြစ်သော်လည်း၊ ချင်ယွင်သည် အစိမ်းရောင် ဝတ် အမျိုးသမီး၏လက်မှ လွတ်မြောက်နိုင်သည်ဟု မပြောဝံ့ပေ။ ထို့ကြောင့် ချင်ယွင်သည် ဘယ်လိုလုပ် မစိုးရိမ်ဘဲ နေနိုင်မည်နည်း?။
"ဘိုးဘေးနတ်ဘုရားထံ အစီရင်ခံပါတယ်။ ကျွန်တော့်လက်ထဲမှာ လေဟာနယ်ကို ဖြတ်သွားနိုင်တဲ့ လျှို့ဝှက်ရတနာတစ်ခု ရှိပါတယ်။ ကျွန်တော်က ဟုန်ရွှဲ့ရဲ့ကိုယ်ပေါ်မှာ အမှတ်အသားတစ်ခု ထားခဲ့ပြီးတော့, အဲဒီကိုဖြတ်သန်းဖို့ လမ်းကြောင်းတစ်ခု တွေ့ခဲ့တာပါ။" ချင်ယွင်က လိမ်ညာဖြေလိုက်သည်။
ဘိုးဘေးနတ်ဘုရားမ ချင်းယောင်သည် ချင်ယွင်၏စကားကို ကြားသောအခါ၊ ချင်ယွင်၏ စကားကို သံသယဝင်နေသကဲ့သို့ ချင်ယွင်ကို အပြုံးမပျက် ကြည့်လိုက်သည်။
ချင်ယွင်သည် ချက်ချင်း ရှက်ရွှံ့သွားသည်။ သူ့စကားက ဘိုးဘေးနတ်ဘုရားမကို သံသယ ဖြစ်စေသည်ကို သူ သိသည်။ သို့သော် သူသည် အမှန်အတိုင်း ထုတ်ပြောရန် ရည်ရွယ်ချက် မရှိပေ။ တကယ်တော့ ကနဦးစကြဝဠာကြီး တည်ရှိမှုကို ပြင်ပလူများ မသိခြင်းက ပိုကောင်းပါသည်။
ဘိုးဘေးနတ်ဘုရားမ ချင်းယောင်သည် ဒီကိစ္စကို လိုက်ပါစုံစမ်းရန် ရည်ရွယ်ချက်ရှိပုံ မရပါချေ။ သူမက ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့ကို ကြည့်ကာ ပြောသည် "မင်းတို့က စမ်းသပ်မူ မျှော်စင်ရဲ့ စမ်းသပ်မှုတွေကို အောင်မြင်သွားပြီဆိုတော့, ငါ ဒီမှာထားခဲ့တဲ့ အစစ်အမှန် အမွေအနှစ်ကို လက်ခံရရှိဖို့ အရည်အချင်း ပြည့်မီနေပြီ။ ဒါပေမယ့် ငါ့မှာ အစစ်အမှန် အမွေအနှစ်တစ်ခုပဲ ရှိတယ်။ ဒီတော့ မေးပါရစေဦး။ ဒီအစစ်အမှန် အမွေအနှစ်ကို မင်တို့ထဲက အဘယ်သူ လက်ခံမလဲ။"
ထိုစကားကိုကြားတော့ ကျိုးဟုန်ရွှဲ့သည် မထိန်းနိုင်ဘဲ မျက်လုံးပြူးကျယ်စွာဖြင့် စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် စိတ်ခံစားမှု အရိပ်အယောင်များ ပေါ်လာ သော်လည်း, သူမသည် ၎င်းကို လျင်မြန်စွာ ဖုံးကွယ်ထားလိုက်သည်။ သူမက ဘိုးဘေး နတ်ဘုရားမ ချင်းယောင်အား "ကျွန်မ ဦးလေးကို ပေးလိုက်ပါ…" ဟု ပြောရန် ပြင်ဆင်လိုက်သည်။
သို့သော်, ကျိုးဟုန်ရွှဲ့သည် သူမစကား မဆုံးခင် ချင်ယွင်က ကြားဖြတ် ပြောလိုက်သည် "ဟုန်ရွှဲ့ကို ပေးလိုက်ပါ။ သူမက ဘိုးဘေးနတ်ဘုရားမရဲ့ အမွေအတွက် အရမ်းကို သင့်တော်ပါတယ်"
ချင်ယွင်သည် ကျိုးဟုန်ရွှဲ့၏ ပူလောင်သော အကြည့်ကို သဘာဝအတိုင်း မြင်လိုက်သော် လည်း သူပြောသည်မှာလည်း အမှန်တရားပင်။ ဘိုးဘေးနတ်ဘုရားမ ချင်းယောင် နားလည်သဘောပေါက်ထားသည့် စစ်မှန်သော အဓိပ္ပါယ်သည် ကျိုးဟုန်ရွှဲ့နှင့် အမှန်တကယ်ပင် ပိုပြီး သင့်လျော်ပါသည်။
ချင်ယွင်သည် ထိုစကားများကို ပြောလိုက်သည်နှင့် တပြိုင်နက် ကျိုးဟုန်ရွှဲ့နှင့် ဘိုးဘေး နတ်ဘုရားမ ချင်းယောင်တို့သည် ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်လာကြသည်။