အခန်း ၁၄၃၇
Vol. 96 Ch. 1437
အခန်း (၁၄၃၇) ခွန်အား
ချင်ယွင်၏ စကားကိုကြားသောအခါ နဂါးနက်မြို့တော်သခင်၏ အမူအရာသည် ချက်ချင်း မည်းမှောင်သွားသည်။
"ဟား…၊ ဟား…၊ နဂါးနက်ကြီး၊ မင်းတော့ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရပြီ။ သူက မင်းရဲ့ လူတွေထဲက တစ်ယောက်လို့ မင်း ပြောဖူးတပါယ်။ အခု သူက မင်းကို မင်းရဲ့ လူတစ်ယောက်အဖြစ် မဆက်ဆံခဲ့ဘူး။ ဘယ်လိုလဲ။ မင်း မျက်နှာ ဖြတ်ရိုက်ခံလိုက်ရပြီ မဟုတ်လား" ရွှေနက်မြို့တော်သခင်က ရယ်မောပြီး လှောင်ပြောင်လိုက်သည်။ သူ့နောက် က အစေအပါး ခြောက်ယောက်တောင်မှ နဂါးနက်မြို့တော်သခင်ကို အဆုံးမဲ့ သရော် လှောင်ပြောင်မှုဖြင့် ကြည့်နေကြသည်။
နဂါးနက်မြို့တော်သခင်သည် ရွှေနက်မြို့တော်သခင်၏ သရော်လှောင်ပြောင်သံကို ကြားသောအခါတွင် သူ၏အမူအရာက အစိမ်းမှ အဖြူရောင်, ထို့နောက် အဖြူမှ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ အဆုံးတွင် သူ့မျက်နှာတစ်ခုလုံးသည် တုနှိုင်းမရအောင် ကြောက်စရာကောင်းနေသည်ဟု ဆိုနိုင်သည်။ သူက သူ့လက်သီးတွေကို ပို၍ပင် တင်းတင်း ကျပ်ကျပ် ဆုပ်ထားရင်း ချင်ယွင်ကိုကြည့်နေသည့် သူ အကြည့်တွေက အဆုံးမဲ့ သတ်ချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း ချင်ယွင်သည် နဂါးနက်မြို့တော်သခင်၏ ဒေါသအကြည့်ကို လျစ်လျူရှုထား ခဲ့သည်။ သူက အစမှအဆုံးအထိ တိတ်တဆိတ် ကြည့်နေခဲ့သော မီးလျှံနက်မြို့တော် သခင်ဆီကို လှည့်ကြည့်လိုက်ပြီး ပြောသည် "မီးလျှံနက်မြို့တော်သခင်၊ ခင်ဗျား ဒီအလင်းရောင်ခြည်ကို လက်ခံဝံ့သလား"
မီးလျှံနက်မြို့တော်သခင်သည် ချင်ယွင်က သူ့ကို မေးခွန်းတစ်ခု မေးမြန်းလာသည်ကို ကြားလိုက်ရသည့်အခါ, သူသည် ခဏလောက် မှင်သက်သွားခဲ့ပြီး သူ့နှုတ်ခမ်းမှာ အပြုံးတစ်ခု ပေါ်လာသည်။
"ဘာဖြစ်လို့ လက်မခံရဲရမှာလဲ။ ငါ့ရဲ့မီးလျှံနက်မြို့တော်က မြို့တော်သုံးခုထဲမှာ အားအနည်းဆုံး ဆိုပေမယ့်၊ တကယ်လို့ ညီအစ်ကိုချင်သာ, ငါ့ကို ယုံကြည်မယ်ဆို, ငါက ညီအစ်ကိုချင်နဲ့အတူ အဆုံးထိ တိုက်ခိုက်ပေးမှာပါ" မီးလျှံနက်မြို့တော်သခင် မိုချန်းက ပြောသည်။
သူ့ပုံစံက အေးစက်ပြီး တိတ်ဆိတ်နေတတ်သော်လည်း သူ့လက်အောက်ငယ်သားတွေ သူ့ကို မြို့တော်သခင်အဖြစ် လက်ခံနိုင်ခြင်းက သူ့ခွန်အားကြောင့်ပင် မဟုတ်ပါလား။ ဤအရာက သူ၏ ခိုင်မာသည့် ရဲဝံ့မူလည်း ဖြစ်ပါသည်။
ချင်ယွင်၏စကားများသည် သူ့အတွက် အမှန်တကယ် စမ်းသပ်မှုတစ်ခု ဖြစ်သည်။
အကယ်၍, သူ သဘောတူခဲ့လျှင်, ချင်ယွင်က သူနှင့်အတူ သူ့ဘက်က လုံးဝ ရပ်တည် လိမ့်မည်။ သို့သော်, သူ သဘောမတူခဲ့လျှင် သို့မဟုတ် တုံ့ဆိုင်းခြင်းနေခဲ့လျှင်, ချင်ယွင် သည် ပထမဆုံး ဖြစ်နိုင်ချေရှိသော အခိုက်အတန့်မှဦ သေချာပေါက် စွန့်လွှတ်မည် ဖြစ်သည်။
ထို့ကြောင့်, အကယ်၍, သူ သဘောတူချင်သည်ဆိုလျှင်, သူသည် အလွန်ပင် ဖြောင့်ဖြောင့် တန်းတန်း ပြောသင့်သည်။
ချင်ယွင်သည် မီးလျှံနက်မြို့တော်သခင်၏ စကားကို ကြားသောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
မှန်ပါသည်။ ယခုအချိန်တွင် သူ မီးလျှံနက်မြို့တော်သခင်ကို မေးမြန်းခြင်းသည် မီးလျှံနက် မြို့တော်သခင်အတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ အကယ်၍, မီးလျှံနက် မြို့တော်သခင် သည် ဖိအားဒဏ်ကို ခံနိုင်ရည်မရှိဘဲ သွေးကြောင်နေပါက, ချင်ယွင်သည် သူ့ကံကြမ္မာ တစ်ခုလုံးကို ထိုလူကြောက်အား သဘာဝအတိုင်း ပေးနိုင်မည် မဟုတ်ပေ။
"ကောင်းပြီလေ၊ ဒါဆိုလည်း ဒီရွှေနက်ကျောက်ဘုရင်က ကျုပ်ချင်ယွင်က မြို့တော်သခင် အတွက် လက်ဆောင်ပေးလိုက်မယ်။ ဒီရွှေနက်သတ္တုရိုင်းကြောနက်ကို သိမ်းပိုက်နိုင်ဖို့ ကျုပ် ကူညီပေးမယ်။ ဒါပေမယ့် ခင်ဗျားက ကျုပ်ကို ခင်ဗျားရဲ့ မီးလျှံနက် နတ်ဘုရား တံဆိပ်ကို ငှားပေးရမယ်။" ချင်ယွင်က ပြောသည်။
"ကိစ္စမရှိဘူး၊ ဒီတိုက်ပွဲမှာ မအောင်မြင်ခဲ့ရင်တောင်, ငါ မင်းကို နတ်ဘုရားအမိန့်တော်ကို ငှားပေးမယ်။ ငါမိုချန်းက ဒီနေ့ မင်းနဲ့ မိတ်ဆွေဖွဲ့မယ်" မြို့တော်သခင် မိုချန်းက သူရဲကောင်းဆန်စွာ ပြောသည်။
ချင်ယွင်လည်း ပြုံးပြသည်။ မီးလျှံနက်မြို့တော်သခင်သည် သူပြောသည့်အတိုင်း လုပ်မည်ဟု သူ ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏အမြင်သည် မှားယွမ်းမည် မဟုတ်ဟု သူ့ကိုယ်သူ ယုံကြည်သောကြောင့် ဖြစ်သည်။
"ချင်ယွင်၊ မင်းအတွက် ငါ အချိန်ဖြုန်းခဲ့ရတယ်။ မင်းက ငါ့ကို သစ္စာဖောက်ပြီး အပြင်လူနဲ့ ပေါင်းသင်းမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ငါ့ကို မယုံတဲ့ လူတစ်ယောက်ကို ငါ ယုံကြည်မိ လောက်အောင်ကို ငါ မျက်စိကန်းနေခဲ့တယ်။" ချင်ယွင်သည် အပြင်လူများနှင့် သဘော တူညီမှု ရရှိခဲ့သည်ကို မြင်လိုက်ရသည်နှင့် နဂါးနက်မြို့တော်သခင်၏ မျက်လုံးများသည် ပို၍ပင် ဆိုးရွားလာခဲ့သည်။
"ငါ့စကားကို ငါမတည်ဘူးလား" ချင်ယွင်သည် နဂါးနက်မြို့တော်သခင်အား အေးစက်ပြီး မာနကြီးသော အမူအရာဖြင့် ကြည့်နေစဉ် သူ့မျက်လုံးများတွင် မထင်မသေးဘဲ မနေနိုင်ခဲ့ ပါချေ။
'"မင်း လျှို့ဝှက်ကစားနေတဲ့ လှည့်ကွက်တွေကို ငါ မသိဘူးလို့ ထင်နေတာလား?။ မင်းက မင်းရဲ့လူတွေကို အားနည်းတဲ့အရာ ပြသဖို့အတွက် ငါနေတဲ့ခြံဝင်းထဲ တွန်းချပြီး တမင်တကာ စမ်းသပ်ခဲ့တယ်။ မင်းအပေါ်ထားတဲ့ ငါ့ရဲ့သတိကြီးမူတွေ လျှော့နည်းသွား အောင်ပေါ့။ ပြီးတော့ မင်းက ငါ့မိန်းမကို အသုံးချပြီး ငါနဲ့ ရွှေနက်မြို့တော်သခင်ကြားက ဆက်ဆံရေးကို လှုံ့ဆော်ကာ၊ ငါ့ကို မင်းရဲ့အမြောက်စာအဖြစ် လုပ်ခိုင်းချင်ခဲ့တယ်။ ဒီလှည့်ကွက်လေးတွေကိုတောင် ငါမမြင်နိုင်ဘူးလို့ မင်း ထင်နေလား။" ချင်ယွင်က နဂါးနက်မြို့တော်သခင်ကို ကြည့်ပြီး ပြောလိုက်သည်။
နဂါးနက်မြို့တော်သခင်၏အမူအရာသည် ပို၍ပင် ဆိုးရွားလာပြီး သူ့နှလုံးသားထဲမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
ရွှေနက်မြို့တော်သခင်၏ နှုတ်ခမ်းထောင့်က လှောင်ပြောင်ဟန်ဖြင့် တွန့်ကွေးသွားသည်။ သူ့မျက်လုံးများက ဆော့စားလိုသည့် အမူအရာများဖြင့် ပြည့်နှက်နေပြီး ချင်ယွင်ကို ကြည့်နေသည့် သူ့အကြည့်များကလည်း ပိုမိုလေးနက်လာခဲ့သည်။
နဂါးနက်မြို့တော်သခင်ကို လှည့်စားနိုင်သူသည် သူ၏ ခွန်အားက မည်သို့ပင် ဖြစ်စေကာမူ အရည်အချင်း တစ်စုံတစ်ရာ ရှိသူ ဖြစ်ပါသည်။
"မြို့သခင်၊ သူက ကျွန်တော်တို့ နဂါးနက်မြို့တော်ကို သစ္စာဖောက်သွားပြီဆိုမှတော့, ကျွန်တော် သူ့ကို သတ်ပါရစေ။ အရင်တုန်းက သူက ကျွန်တော့် ခန္ဓာကိုယ် အောက်ပိုင်းကို သုံးစားမရဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ အခု, သူ့အနေနဲ့ ကျွန်တော့်ရဲ့ စစ်မှန်တဲ့ ခွန်အား ကို ခံစားရမည့် အချိန်ရောက်ပြီ" မင်တိုင်အမည်ရှိ လူငယ်သည် မတ်တတ်ရပ်ကာ ပြောလိုက်သည်။
မင်တိုင်၏စကားကိုကြားတော့ နဂါးနက်မြို့တော်သခင်က ခေါင်းညိတ်ပြီး “ကောင်းပြီလေ၊ ဒါဆိုလည်း သူ့ကိုသတ်ပြီး ရွှေနက်ဘုရင်ကို လုယူလာခဲ့ပါ” သဘောတူလိုက်သည်။
"ဟုတ်ကဲ့ မြို့တော်သခင်" မင်တိုင်က ချက်ချင်း ပြန်ဖြေသည်။ သူပြောပြီးသည်နှင့် သူသည် ရှေ့ထွက်သွားကာ, သူ အောင်နိုင်ရမည်ဟု ယုံကြည်မှုအပြည့် ရှိနေသည့်အလား သူ့မျက်နှာပေါ်တွင် အေးစက်သော အပြုံးဖြင့် ချင်ယွင်ကို ကြည့်လိုက်ပါသည်။
"မင်းအသက်ကို ကယ်တင်ဖို့ နည်းလမ်းတစ်ခုတောင်မှ မရှိတော့ဘူး။ ဒါတောင် မင်းက သေချင်နေသေးတယ်ပေါ့" ချင်ယွင်သည် လူအုပ်ထဲမှ မင်တိုင်ထွက်လာသည်ကို မြင်သော အခါ သူ့မျက်လုံးများတွင် အံ့သြခြင်း မရှိပေ။
မင်တိုင်သည် အရင်ဆုံး ခုန်ထွက်လာပြီး သူ့ကို လက်စားချေရန်အတွက် လာရှာလိမ့်မည် ဟု သူ ခန့်မှန်းနေခဲ့သည်မှာ ကြာလှပြီဖြစ်သော်လည်း၊ ဤမန်တိုင်သည် သေရမည်ကို ဤမျှ စိုးရိမ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
"ဟမ့်၊ ကောင်စုတ်လေး, မောက်မာမနေစမ်းပါနဲ့။ ငါ မင်းကို အရင်က ရှုံးနိမ့်ခဲ့ရတုန်းက ခါးသီးတဲ့လှည့်ကွက်တွေနဲ့ ကစားခဲ့ရလို့ပါ။ တကယ်လို့, ငါသာ စစ်မှန်တဲ့ခွန်အားကို ထုတ်ဖော်လိုက်မယ်ဆို, မင်းက ငါ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး။" ချင်ယွင်က သူ့ကို မျက်စိထဲ ထည့်မထားသည်ကို မင်တိုင်မြင်သောအခါ, သူက ချက်ချင်းပင် အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြန်ပြောလိုက်သည်။
"ဒီလိုလား? ခါးသီးဖွယ် လျှို့ဝှက်အစီအစဥ်လား?" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက လှောင်ပြောင်မှုတစ်ခု ထပ်မံထွက်ပေါ်လာပြီး သူ့မျက်လုံးများက ခါတိုင်းလိုပင် အထင်သေး ရှုတ်ချမှုများနှင့် ပြည့်နှက်နေသည်။
မင်တိုင်သည် ချက်ခြင်းပင် ဒေါသထွက်သွားခဲ့ပြီး သူ့စိတ်နှလုံးထဲတွင် ပြင်းထန်သော အမျက်ဒေါသက လောင်ကျွမ်းသွားသည်။
"ကောင်စုတ်လေး, မင်းက မာနကြီးလွန်းတယ်။ ဒီနေ့၊ ငါတို့ ရှေးဟောင်းနတ်ဘုရားကမ္ဘာ က စစ်သည်တော်တွေရဲ့ စစ်မှန်တဲ့ ခွန်အားကို ငါ မင်းကို ခံစားခွင့်ပြုမယ်။" မင်တိုင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်မှ အနှိုင်းမဲ့ အစွမ်းထက်သော အငွေ့အသက်တစ်ခု ထွက်လာခဲ့သည်။
ဘန်း…။
ထို့နောက် မင်တိုင်၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားမှော်သင်္ကေတများသည် နက်မှောင်သော ရွှေရောင်အငွေ့အသက်နှင့်အတူ လင်းလက်လာခဲ့သည်။ နက်မှောင်သော ရွှေရောင် စွမ်းအင်စီးကြောင်းများက သူ့ခန္ဓာကိုယ်အနှံ့ ရစ်ပတ်နေပြီး သူ့အသားအရည်ကိုပင် ရွှေအိုရောင်အဖြစ် ပြောင်းလဲသွားကာ အနှိုင်းမဲ့ မာကျောသော ခံစားချက်ကို ပေးစွမ်းနေ သည်။
ချွင်…၊
မင်တိုင်၏ လက်သီးများသည် အချင်းချင်း အပြင်းထန် ထိုးလိုက်သည်နှင့် တစ်ပြိုင်နက် သန့်စင်သော သံမဏိအချင်းချင်း ထိတွေ့သံများ ထွက်လာခဲ့သည်။ ပြင်းထန်သော အငွေ့အသက်က သူနှင့်အတူ ရုတ်တရက် ပျံ့နှံ့သွားခဲ့သည်။
"ဒါက ကြံ့ခိုင်တဲ့ မဟူရာရွှေခန္ဓာကိုယ်ပဲ။ ဒါက သူတို့ရဲ့ တိုက်ပွဲဝင်ပုံစံ အခြေအနေပဲလား။" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
မင်တိုင်၏အငွေ့အသက်သည် ယခင်ကထက် ပိုမိုအားကောင်းလာသည်ကို သူ တွေ့ရှိခဲ့ရ သည်။ တန်ခိုးကြီးသော ရွှေနက်စွမ်းအင်မှ ဖန်တီးထားသော ဖိအားသည် သာမန် အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထက် အားမနည်းတော့ ပေ။ ထို့အပြင်၊ မင်တိုင်၏ရုပ်ခန္ဓာကိုယ်သည် အဆင့်မြင့် နတ်ဘုရားပစ္စည်းအဆင့်သို့ သိသာထင်ရှားစွာ ရောက်ရှိနေခဲ့ပြီ။ ထို့ကြောင့် သာမန် အထွက်အထိပ် မြေကမ္ဘာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသည် မင်တိုင်၏ ပြိုင်ဘက် မဟုတ်နိုင်တော့ပေ။
သေချာသည်မှာ, ဤအဆင့်သည် ချင်ယွင်ကို ကြောက်ရွံ့ထိတ်လန့်စေသည့် အဆင့်မျိုးထိ မရောက်ပါဘူး။ အခု လေဟာနယ်စွမ်းအားကို အားကိုးခြင်းဖြင့်, ချင်ယွင်သည် မြေကမ္ဘာ နတ်ဘုရားနယ်ပယ် အထွတ်အထိပ်မှာပင် ပြိုင်ဘက်ကင်းဖြစ်ကြောင်း ခံစားနိုင်သည်။
"ချာတိတ်လေး, မင်းရဲ့သေခြင်းတရားကို လက်ခံလိုက်တော့။ ငါ မင်းကို အသားပန်ကိတ် ဖြစ်တဲ့အထိ ထိုးနှက်တာကို စောင့်ကြည့်လိုက်ပါ။" မင်တိုင် ကျယ်လောင်စွာ အော်လိုက် သည်။ ထို့နောက်, သူသည် သူ့ဒူးကို အနည်းငယ်ကွေးလိုက်ကာ, သူ့ခြေထောက်များက ရုတ်တရက် ခွန်အားများ ထွက်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံးသည် ချက်ခြင်း ခုန်တက် သွားပြီး လေထဲတွင် အကွေ့အကောက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ လေထဲမှပင် ချင်ယွင်ဆီသို့ ဒေါသတကြီး ထုရိုက်လိုက်သည်။
လက်သီးချက်သည် ပြင်းထန်သော ရွှေနက်စွမ်းအားဖြင့် ရစ်ပတ်ထားသည်။ ထိုလက်သီး ချက်သည် ကောင်းကင်နှင့်မြေကြီး ပြိုလဲပြီး လှုပ်ခတ်သွားနိုင်အောင် အစွမ်းထက်ပါသည်။
လူတိုင်းသည်လည်း ထိုမြင်ကွင်းကို ကြည့်နေကြသည်။ ချင်ယွင်က ရှောင်တိမ်းဖို့ သေချာပေါက် ရွေးချယ်လိမ့်မည်ဟု သူတို့ ခံစားမိကြသည်။ အချင်းချင်း ထိပ်တိုက် ရင်ဆိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပါဘူး။ နောက်ဆုံးတွင်၊ ပြင်ပကမ္ဘာမှ လူများ၏ ခန္ဓာကိုယ် များသည် ၎င်းတို့၏ရှေးဟောင်းနတ်ဘုရားကမ္ဘာမှ လူများနှင့် လုံးဝ နှိုင်းယှဉ်၍ မရပေ။
သို့သော် သူတို့ မှားယွင်းခဲ့ကြသည်။ ချင်ယွင်သည် မင်တိုင်က သူ့ကို တဟုန်ထိုး တိုက်ခိုက် လာသည်ကို မလှုပ်မယှက် ရပ်ကာ ကြည့်နေခဲ့သည်။
"မင်းက သေချင်နေတာဘဲ!" ချင်ယွင်က လုံးဝ မရှောင်တိမ်းသည်ကို မြင်လိုက်ရသဖြင့် မင်တိုင်၏ မျက်လုံးများက မထီမဲ့မြင်ပြုသည့် အကြည့်များ ပေါ်လာသည်။
အဝေးက လူတိုင်းသည် ချင်ယွင်က သေခြင်းတရားကို တောင်းခံနေသည်ဟု ခံစားမိကြ သည်။ အကယ်၍ ပြင်ပကမ္ဘာမှ တစ်စုံတစ်ဦးသည် ၎င်းတို့၏ ရှေးဟောင်းနတ်ဘုရား ကမ္ဘာမှ တစ်စုံတစ်ဦးကို ထိပ်တိုက် ရင်ဆိုင်ဝံ့ပါက၊ ထိုသူသည် သေခြင်းတရားကို မရည်ရွယ်ဘဲ တောင်းခံနေခြင်း ဖြစ်ပါလိမ့်မည်။
သို့သော်၊ ချင်ယွင်သည် မင်တိုင်၏လက်သီးချက်ဖြင့် လွင့်ပျံသွားလိမ့်မည်ဟု လူတိုင်းက တွေးထင်နေကြစဉ်မှာ ချင်ယွင်သည် ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး မင်တိုင် ၏ လက်သီးကို ပိတ်ဆို့လိုက်သည်။
"ဘုန်း”။
မင်တိုင်၏လက်သီးသည် ချင်ယွင်၏ လက်ဖဝါးပေါ်သို့ ကျရောက်သွားပြီး တောင်ပြိုကျသ လို ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ သို့သော်၊ ချင်ယွင်၏ ရုပ်အသွင်သည် မလှုပ်မယှက် ဖြစ်နေခဲ့ပြီး လှုပ်ခါနိုင်စွမ်းမရှိသော နတ်တောင်ကြီးနှင့် တူနေသည်။
"ဘာလဲ?" ထိုမြင်ကွင်းကို လူတိုင်းမြင်လိုက်ရသောအခါ မယုံကြည်နိုင်လောက်သည့် အမူအရာကိုယ်စီ ဖြစ်ပေါ်လာကြပြီး၊ သူတို့မျက်လုံးတွေလည်း ပြူးကျယ်သွားကြသည်။