အခန်း ၁၄၇၀
Vol. 98 Ch. 1470
အခန်း (၁၄၇၀) အပြန်အလှန်မှီခိုမှု
ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး၊ သူ့မျက်နှာပေါ်တွင် စိတ်ခံစားချက် ကင်းမဲ့နေသည့် အမူအရာဖြင့် မျက်နှာကျက်ကို ကြည့်နေသည်။
"ငါ လူဝင်စားခြင်းကို တွေ့ကြုံခံစားနေရပြီလား" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်ရင်း သူ့မျက်လုံးတွေက တစ်ခုခုကို သတိရသွားသည့်အလား ကြည်လင်ပြတ်သားသည့် အရိပ်အယောင်ကို တဖြည်းဖြည်း ပြန်ရလာသည်။
သူ့အား လူဝင်စားခြင်း ကျောက်စိမ်းတံဆိပ်ပြားမှ စုပ်ယူသွားပြီးနောက်၊ သူ၏ အသိစိတ် သည် ရှည်လျားစွာ ငိုက်မျဉ်းသွားပုံရသည်။
ယခုတော့ သူသည် ရုတ်တရက် နိုးလာခဲ့ပြီး သူကြုံတွေ့ခဲ့ရသည့်အရာများကို ဖြည်းညှင်းစွာ သတိရလာသည်။
ချင်ယွင်သည် ကောက်ရိုးပုံပေါ်မှ ဖြည်းညှင်းစွာ ထထိုင်လိုက်သည်။ ယခုအချိန်တွင် သူသည် အလွန်ပျက်စီးနေသော အခန်းတစ်ခုထဲတွင် ရှိနေသည်။
ဤတဲအိမ်သည် အလွန်ပင် ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ နံရံများကို အက်ကြောင်းများ နှင့်အတူ ပင့်ကူမျှင်များဖြင့် ဖုံးအုပ်ထားသည်။ နံရံတစ်ခုကလည်း ကျိုးပဲ့နေသေးသည်။ နံရံ၏ခြေရင်းမှာ အပေါက်တစ်ခုရှိပြီး အတွင်းထဲကို လေအေးတွေ တိုက်ခတ်နေသည်။ ချင်ယွင်သည် အေးစိမ့်တုန်ယင်မူကို မခံစားရဘဲ မနေနိုင်ခဲ့ပေ။
ချင်ယွင်သည် သူ့ခန္ဓာကိုယ်ကို မသိစိတ်က ကြည့်လိုက်ပြီး၊ သူ့အသွင်အပြင်က လုံးဝ ပြောင်းသွားပြီဆိုသည်ကိုပါ သိလိုက်ရသည်။
ထိုအချိန်တွင် သူသည် လူငယ်ဘ၀သို့ လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူ့ခြေလက်များ သည် ပိန်လှီပြီး ပါးလွှာသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူ့အဝတ်အစားတွေက ချုပ်ရာ ဖာထေးရာ အထပ်ထပ်နှင့်ပင်။ ၎င်းတို့အားလုံးကို စုတ်ပြတ်သတ်နေသော ပိတ်ချောဖြင့် ရက်လုပ်ထားသည်။
သို့သော် ထိုဖာထေးရာပေါ်ရှိ အပ်ချည်မျှင်များသည် သပ်သပ်ရပ်ရပ် ရှိနေခဲ့သည်။ အထည်ချုပ်သူသည် အရမ်းကို သတိထားမှန်း တွေ့မြင်နိုင်သည်။
"ငါ့ခန္ဓာကိုယ်မှာ နတ်ဘုရားတန်ခိုး မရှိဘူး၊ ကနဦးစကြာဝဠာရဲ့ တည်ရှိမူကိုတောင် ငါ မခံစားနိုင်ဘူး။ လျှိုဘိုင်ကိုတောင်မှ မခံစားနိုင်တော့ဘူး။ ရွှမ်ဟန်ရဲ့ မှတ်ဉာဏ်ကမ္ဘာထဲကို ငါ တကယ် ဝင်သွားပုံရတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သူသည် ရွမ်ဟန်၏မှတ်ဉာဏ်များအတိုင်း နှစ်ပေါင်း ၁၀၀၀၀ ဆက်လက် နေထိုင်သွားရ မည် ဖြစ်သည်။ ဤအနှစ် ၁၀၀၀၀ တွင် ဖြစ်ပျက်ခဲ့သမျှသည် ဖြစ်ပျက်ပြီးသွားပြီ ဖြစ်သည်။ သူ့ကို အာရုံခံစားမှုရှိသူဟုသာ ခေါ်ဆိုနိုင်ပြီး, သူသည် မည်သည့်အရာကိုမှ မပြောင်းလဲ နိုင်ပါဘူး။
သို့သော်လည်း သူသည် ဤလူဝင်စားပုဂ္ဂိုလ်၏ ခံစားချက်များနှင့် မှတ်ဉာဏ်များအားလုံး ကို သူ့ကိုယ်ပိုင်ဖြစ်သကဲ့သို့ တွေ့ကြုံခံစားရမှာဖြစ်ပြီး ထိုပုဂ္ဂိုလ်အတွက် လုံးဝ ကိုယ်ချင်း စာ မိပေလိမ့်မည်။
"အယ်.... အစ်ကို နိုးနေပြီလား"
ချင်ယွင်သည် မှိန်းနေစဉ်မှာ, အသက်ဆယ့်နှစ်နှစ်ခန့်သာရှိသေးသော ကလေးမလေး တစ်ယောက်သည် အိမ်အပြင်ဘက်မှ လမ်းလျှောက်ဝင်လာခဲ့သည်။
ထိုကလေးမလေးသည် စုတ်ပြဲနေသည့် အဝတ်အစားတွေကို ၀တ်စားထားပြီး၊ သူမ၏ ခန္ဓာကိုယ်သည်လည်း ဖာထေးရာအထပ်ထပ်နှင့်ပင်။ သူမကိုယ်ပေါ်ရှိ အပ်များချည်မျှင် များသည် ချင်ယွင်၏ ကိုယ်ပေါ်ရှိ အထည်အ၀တ်အထည်များနှင့် အတိအကျ တူညီသော ကြောင့် ၎င်းတို့ကို လူတစ်ဦးတည်းက ပြုလုပ်ထားကြောင်း ထင်ရှားသည်။
ကလေးမလေးက တော်တော်လှပြီး သူမမျက်နှာက အရမ်းကို သိမ်မွေ့ပါသည်။ သို့သော် သူမကိုယ်သူမ အတော်ကြာအောင် ဆေးကြောသန့်စင်ခြင်း မရှိသောကြောင့် သူမမျက်နှာ က အနည်းငယ် မီးခိုးရောင်သမ်းနေပါသည်။ ထို့အပြင် သူမသည် အာဟာရချို့တဲ့ပြီး အနည်းငယ် ပိန်လှီကာ အဝါရောင်အသားအရေ ရှိသည်။ ထိုသို့မဟုတ်လျှင်, သူမသည် ထိပ်တန်း အလှမယ်တစ်ဦး ဖြစ်မည်မှာ သေချာပါသည်။
ကလေးမလေး၏ လက်ထဲမှာ ကျိုးပဲ့နေသည့် ပန်းကန်လုံးတစ်လုံး ရှိနေသည်။ ထိုပန်းကန် ထဲမှာ ပေါင်းထားသော မုန့်ပေါင်းတစ်လုံး ရှိနေသည်။ ထိုမုန့်ပေါင်းသည် အနည်းငယ် ဝါသွားသည်။ ထင်ရှားသည်မှာ၊ မုန့်ပေါင်းသည် ကောင်းမွန်သော ဂျုံမှုန့်များဖြင့် ပြုလုပ် ထားခြင်း မဟုတ်သည်မှာ သိသာပါသည်။ စားဖို့အတွက် တော်တော်လေး အဆင်မပြေလှ ပေ။
သို့သော် ချင်ယွင်သည် မထိန်းနိုင်ဘဲ တံတွေးတစ်လုပ်ကို မသိစိတ်က မျိုချလိုက်မိသည်။
"အစ်ကို၊ အစ်ကို သတိမေ့နေတာ သုံးရက်ရှိပြီ။ အစ်ကို ဗိုက်ဆာနေလိမ့်မယ်။ ညီမလေး အခု မုန့်ပေါင်းတစ်ခု ယူလာခဲ့တယ်။ ပူနေသေးတယ်။ ပူနေတဲ့အချိန်မှာ မြန်မြန်စားလိုက် ပါ" ချင်ယွင် တံတွေးမျိုးချသည်ကို မြင်တော့ ကလေးမလေးက ချင်ယွင်၏ အနားကို အပြုံးဖြင့် အမြန် ပြေးလာခဲ့သည်။
ချင်ယွင်သည် ကလေးမလေး၏ ပြုံးနေသော မျက်နှာကို ကြည့်ပြီး ဖော်ရွေသော အပြုံးကို ဖော်ပြလိုက်သည်။ ထိုကလေးမလေးနှင့် ပတ်သက်သည့် မှတ်ဉာဏ်တစ်ခုက သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။
သူ့ရှေ့မှာ ကောင်မလေးသည် သူ့ညီမ၊ ဤခန္ဓာကိုယ်ပိုင်ရှင် ရွှမ်ဟန်၏ ညီမအရင်း ဖြစ်သည်။ သူမ၏အမည်မှာ ရွှမ်ယာ ဖြစ်ပြီး သူမသည် အလွန်နာခံတတ်ပြီး၊ ဉာဏ်ရည် ထက်မြက်ကာ ကြင်နာတတ်သည့် ကလေးမလေး ဖြစ်သည်။
သူ့ခန္ဓာကိုယ်ကို ဖာထေးရာများဖြင့် ပြုပြင်ပေးခြင်းသည် ဤကလေးမလေးထံမှ လာခြင်းဖြစ်သည်။
"ကောင်းမလေး, တောင်းဖို့ အပြင်ထွက်သွားပြန်ပြီလား" ရွှမ်ဟန်က လှိုက်လှိုက် လှဲလှဲပြောလိုက်သည်။
ချင်ယွင်သည် ဤကလေးမလေးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ကြောင်း ရှင်းရှင်း လင်းလင်း သိထားသော်လည်း, သူသည် အကြောင်းတစ်ခုခုကြောင့် ထိုကောင်မလေးကို အရမ်း ချစ်မြတ်နိုးမိသည်။ အထူးသဖြင့် ထိုကလေးမလေး၏ ပိန်ပိန်ပါးပါး မျက်နှာလေးကို မြင်လိုက်ရသောအခါတွင် သူ့ရင်တွင်း၌ နာကျင်ခြင်းကို မခံစားရဘဲ မနေနိုင်ခဲ့ပေ။ ထို့အပြင်, ယခုအချိန်သည် ဆောင်းရာသီ ဖြစ်သောကြောင့် ကလေးမလေး၏ လက်ခြေ များတွင် အအေးဒဏ်ကြောင့် နီရဲနေပြီး ယောင်ယမ်းနေသည်။ ဤမြင်ကွင်းက ချင်ယွင်ကို ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းကို နက်ရှိုင်းစွာ ခံစားမိစေသည်။
ချင်ယွင်သည် ဤအရာက ရွမ်ဟန်၏ခံစားချက်များ ဖြစ်သည်ကို သိနေပါသည်။ အစ်ကိုကြီးတစ်ယောက်အနေဖြင့်, သူ့ရှေ့မှ ဤညီမလေးကို သူ အရမ်းချစ်ပါသည်။ ရွှမ်ယာ က သူနှင့် လျူရန်ယွင်တို့ သေမျိုးကမ္ဘာတွင် အတူရှိနေခဲ့သည့်ချိန်ကို အလွယ်တကူ အမှတ်ရစေသည်ကိုတော့ ချင်ယွင်သည် ငြင်းဆို၍ မရပေ။
"အစ်ကို၊ ညီမက အဆင်ပြေပါတယ်။ ဒီမုန့်ပေါင်းကို မြန်မြန်စားလိုက်ပါ။ နောက်ကျမှ စားရင် အရသာရှိမှာ မဟုတ်ဘူး။" ရွှမ်ယာသည် မုန့်ပေါင်းကို ကောက်ကိုင်လိုက်ပြီး ချင်ယွင်ကို ပေးလိုက်သည်။
ကလေးမလေးသည် အလွန်မင်း ဗိုက်ဆာနေပုံမရသော်လည်း ချင်ယွင်သည် ကလေးမလေး၏ လည်ချောင်းက အနည်းငယ် လှုပ်ခါသွားသည်ကို မြင်တွေ့နေရဆဲ ဖြစ်သည်။ သိသာပါသည်။ သူမအတွက် ဤမုန့်ပေါင်း၏သွေးဆောင်မှုသည် ကြီးမားလှ သော်လည်း သူမ၏နေမကောင်းဖြစ်နေသော အစ်ကိုအတွက်, သူမသည် ဤဆာလောင်မှု ကို ခံနိုင်ရည်ရှိနေခဲ့သည်။
"ဘယ်လောက်တောင် သိတတ်လိုက်တဲ့ ကလေးမလေးလဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။ ရွမ်ယာက ဤကဲ့သို့ ပြုမူလေလေ၊ သူ စိတ်ဆင်းရဲရလေလေ ဖြစ်သည်။
ချင်ယွင်သည် ဤအရာက ရွှမ်ဟန်၏ခံစားချက်လား သို့မဟုတ်, သူ့ကိုယ်ပိုင် ခံစားချက်လား ဆိုတာတောင် မပြောနိုင်တော့ပါဘူး။
"ညီမလေး၊ ညီမလေး စားလို့ရတယ်။ အစ်ကိုကြီးက ဗိုက်မဆာဘူး။" ချင်ယွင်က မုန့်ပေါင်း ကို ပြန်တွန်းလိုက်သည်။ ချင်ယွင်၏လက်သည် ရွှမ်ယာ၏လက်ကို ထိလိုက်သောအခါ၊ သူသည် ရေခဲတုံးတစ်တုံးကို ထိလိုက်ရသလိုပင်။ ဤအရာက အချိန်အတော်ကြာအောင် လေအေးတွေ မိထားသောကြောင့် ဖြစ်ပါသည်။
"အစ်ကို၊ အစ်ကိုက နေမကောင်းဘူး။ အစ်ကိုစားလိုက်တာ ပိုကောင်းပါတယ်။ ယာယာက ဗိုက်မဆာဘူး" ရွှမ်ယာက တောက်ပသော မျက်လုံးကြီးဖြင့် ပြောလိုက်သည်။ သူမသည် တင်းမာသော အမူအရာဖြင့် တံတွေးမျိုချခြင်း၏ သဘာဝတုံ့ပြန်မှုကိုပင် ပြင်းပြင်းထန်ထန် မျိုသိပ်ထားခဲ့သည်။
"ဘယ်လိုလဲ အစ်ကိုနဲ့ ညီမလေးက တစ်ယောက်တစ်ဝက် စားမယ်လေ" ချင်ယွင်က ရွှမ်ယာ၏လက်ထဲက မုန့်ပေါင်းကို ယူလိုက်ပြီး အရွယ်အစားတူ နှစ်ခြမ်းခွဲလိုက်သည်။ သူသည် မုန့်ပေါင်းတစ်ဝက်ကို ရွှမ်ယာအား ပေးလိုက်သည်။
ရွမ်ယာသည် ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်။ သူမသည် ရွှမ်ဟန်၏ လက်ထဲရှိ မုန့်ပေါင်းတစ်ဝက်ကိုယူကာ ပါးစပ်အကျယ်ကြီးဖြင့် မျိုချလိုက်သည်။ သူမသည် အတော်လေး ဆာလောင်နေခဲ့သည်။
သို့သော် သူမစားလိုက်သောအခါတွင် သူမ၏မျက်နှာသည် အရသာရှိသော အစားစာများ ကို စားလိုက်ရသကဲ့သို့ တောက်ပသောအပြုံးဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ရင်ထဲ ထိသွားခဲ့ပြီး စိတ်ခံစားချက်တွေက ရောထွေးနေခဲ့သည်။
သူသည် သူမအစ်ကိုကြီးဖြစ်ပြီး ရွှမ်ယာသည် သူ့ညီမလေး ဖြစ်သည်။ သို့သော်, သူသည် ရွှမ်ယာကို သူနှင့်အတူ ဒုက္ခများစွာ ခံစားစေခဲ့သည်။
ရွှမ်ဟန်နှင့်သက်ဆိုင်သော အတွေးတစ်ခုသည် ချင်ယွင်၏နှလုံးသားထဲတွင် ပေါ်လာပြီး ချင်ယွင်နှင့် ရွှမ်ဟန်တို့၏ခံစားချက်များကို တစ်သားတည်း ဖြစ်စေခဲ့သည်။
ချင်ယွင်သည် မုန့်ပေါင်း တဝက်ကို အမြန်စားပြီးသည်နှင့် ရွှမ်ယာ၏လက်ကို ဆွဲယူကာ သူ့ရင်ခွင်ထဲသို့ ထည့်ထားပြီး သူမ၏လက်လေးကို နွေးထွေးစေသည်။
ရွှမ်ယာသည်လည်း အနှိုင်းမဲ့ ပျော်ရွှင်သော အပြုံးကို ထုတ်ဖော်နေသည်။ သူမသည် ချင်ယွင်ကို နာခံစွာ ကြည့်သည်။ သူတို့မောင်နှမနှစ်ယောက်သည် အတူတူ ဆော့ကစား ကြသည်။ သူတို့သွေးတွေက ရေထက်ပင် ပိုပျစ်သောကြောင့်, သူတို့ဘဝတစ်သက်တာလုံး တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးရန် ရည်မှန်းချက်ကိုယ်စီ ရှိနေကြသည်။
နောက်နှစ်နှစ်ကြာအောင် ချင်ယွင်နှင့် ရွှမ်ယာတို့သည် အတူတူ နေထိုင်ခဲ့ကြသည်။ သူတို့ နှစ်ဦးသည် တောင်းရမ်းစားသောက်ရင်း ဤမြို့ငယ်လေးတွင် နေထိုင်ခဲ့ကြသည်။
ချင်ယွင်သည် ရွှမ်ဟန်၏ခံစားချက်များမှ မဟုတ်ဘဲ ရွှမ်ယာကို သူ့ညီမလေးအဖြစ် နှလုံးသားအောက်ခြေမှ လုံးဝ လက်ခံခဲ့သည်။
အကယ်၍, ဤအတိုင်းသာဆိုလျှင်, ရွှမ်ဟန်၏ဘဝသည် အလွန်သာမန်ဆန်နေပေလိမ့် မည်။ သူသည် ရွှမ်ယာနှင့်အတူ ဆယ်စုနှစ်များစွာ နေထိုင်ပြီးနောက် အသက်ကြီးလာကာ တဖြည်းဖြည်း သေဆုံးသွားနိုင်သည်။
သို့သော် ချင်ယွင် မမျှော်လင့်ထားသည့်အရာမှာ အရာအားလုံးက အခုမှ စတင်ခဲ့ခြင်း ဖြစ်သည်။ မကြာမီတွင်၊ ချင်ယွင်သည် ရွှမ်ဟန်၏ဘဝတွင် ကြီးမားသော အလှည့်အပြောင်း တစ်ခုကို တွေ့ကြုံရမည် ဖြစ်ပြီး၊ ထိုအလှည့်အပြောင်းသည် ရွှမ်ဟန်၏ဘဝကို လုံးဝ ပြောင်းလဲသွားစေခဲ့ပြီး နတ်ဘုရားကမ္ဘာတွင် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးကို ဖန်တီးပေးမည် ဖြစ်သည်။
ထို့အတူ ရွှမ်ဟန်၏ အချိုးအကွေ့သည် ချင်ယွင်အတွက် ကြီးမားသော စမ်းသပ်မှု တစ်ခု လည်း ဖြစ်ခဲ့ပါသည်။ ထိုကိစ္စကြောင့် ချင်ယွင်သည် ဤလူဝင်စားလောကမှ ရုန်းမထွက်နိုင်လုနီးပါးပင် ဖြစ်ခဲ့ရပါသည်။
စာစဉ် (၉၈) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။