အခန်း ၁
Vol. 1 Ch. 1
ကောင်းကင်တာအိုရဲ့ အသံကို ကြားရပြီးနောက် ကျင့်ကြံခြင်းလောက ပျက်စီးလေပြီ
မိတ်ဆက်
စူးလီတစ်ယောက် အချိန်ခရီး သွားပြီးတဲ့နောက် ကျင့်ကြံခြင်းလောကရဲ့ ကောင်းကင်တာအို ဖြစ်လာခဲ့တယ်။
စူးလီ စဉ်းစားထားတာက ကောင်ကင်းတာအိုဆိုတာ လူတိုင်းရဲ့အထက်မှာရှိပြီး သူ လုပ်ချင်တာ လုပ်နိုင်တဲ့သူပေါ့လေ။
တကယ်တမ်းကျတော့ ကောင်းကင်တာအို က အပေါက်အပြဲအပြည့်နဲ့ သူ့ရုံးခန်းကို စူးလီဆီ လွှဲပေးခဲ့ပြီး ထွက်ပြေးသွားပါလေရော။
စူးလီတစ်ယောက် ပြင်ဆင်စရာအပြည့်ဖြစ်နေတဲ့ ကျင့်ကြံခြင်းလောကကြီးရဲ့များပြားလှတဲ့ ယိုပေါက်တွေကို ကြည့်ပြီး ဆွံ့မိတော့တယ်။
ဘာပဲဖြစ်ဖြစ်ပါလေ။ ကျင့်ကြံခြင်းလောကကြီး ပျက်စီးဖို့ကလဲ နှစ်တစ်ထောင်ကျော်လောက် လိုသေးတာပဲ။
အရင်ဆုံး ဖရဲသီးလေးနည်းနည်းလောက် ထိုင်စားကြတာပေါ့။
တစ်နေ့မှာတော့ ကျင့်ကြံခြင်းလောကကလူတိုင်းက ရုတ်တရက်ကြီး ကောင်းကင်တာအိုရဲ့ အသံကို ကြားလိုက်ကြတယ်။
[ကျွတ် ကျွတ်... ကျင့်ကြံသူမိသားစုက ကိုးကွယ်ကြတဲ့ ကြမ္မာသမီးတော်က အတုကြီးဖြစ်နေတာကိုး၊ နောက်ဆုံးမှာ မိသားစုတွေ သုတ်သင်ခံလိုက်ရတာလဲ မထူးဆန်းဘူး]
မိသားစုဝင်အားလုံး : !!!
စုံစမ်းစစ်ဆေးတာတွေ လုပ်ခဲ့ပြီးတဲ့နောက်မှာ ဘက်လိုက်တတ်တဲ့ မိဘတွေက ညီအစ်မနှစ်ယောက်ရဲ့ ကံကြမ္မာကို လဲပြီး သူတို့ကို လှည့်စားခဲ့တာ ဖြစ်နေမှန်း သိလိုက်ကြရတယ်။ သူတို့ကို ဥပဒေအတိုင်း အပြစ်ပေးလိုက်ပြီးတော့ ကြမ္မာသမီးတော်အစစ်ကို ကြိုဆိုလိုက်ကြတယ်။ တစ်ဖက်လူကလည်း မျိုးနွယ်ရဲ့အထွတ်အမြတ်ထားတဲ့ပစ္စည်းတွေကို နိုးထစေပြီး မျိုးနွယ်ကို ကြွယ်ဝချမ်းသာအောင် လုပ်ပေးလိုက်တယ်။
မိသားစုဝင်အားလုံး : ကောင်းကင်တာအိုက ငါတို့ကို တကယ်ပဲ မျက်နှာသာပေးတာပဲ။
-
[အမလေး... ဓားသိုင်းကျင့်ကြံသူက သူ့ရဲ့ မွေးရာပါဓားကို သုံးပြီး မဖွယ်မရာ လုပ်သတဲ့၊ နောက်တော့ အဲဒီကနေ မွေးဖွားလာခါစ ဓားဝိညာဥ်က အရမ်းကို စိတ်ဆိုးလို့ ‘အဲဒီဟာ’ကို ချက်ချင်း ဖြတ်ပစ်လိုက်တာတဲ့လား]
အားလုံး : !!
ဓားသိုင်းကျင့်ကြံသူ : ဓားဝိညာဉ်ကို ဒီလိုလုပ်ယူရတာကိုး၊ ကောင်းကင်တာအိုရဲ့ သင်ကြားပြသပေးခြင်းအတွက် ကျေးဇူးတင်ပါတယ်
အဲဒီအချိန်ကစပြီး ဓားသိုင်းကျင့်ကြံသူတွေအကြောင်း ဟာသတစ်ပုဒ်က အမတကျင့်စဉ်လောက်မှာ ပျံ့နှံ့သွားခဲ့တယ်။ တစ်ခါတုန်းက ဓားသိုင်းကျင့်ကြံသူတစ်ယောက်ရှိသတဲ့.... နောက်တော့ ဘာဖြစ်သွားလဲ... ဒါပဲလေ။
နောက်ပိုင်းကျတော့-
လူယုတ်မာတစ်ယောက်ရဲ့ အသုံးချတာ ခံရပြီး သေတော့မဲ့ အပြင်စည်းတပည့်က ရုတ်တရက်ကြီး ဂိုဏ်းခေါင်းဆောင် ဖြစ်လာပြီးတော့ စူးလီကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်တော့တယ်။
မိဘတွေရဲ့ ဘက်လိုက်မှုကြောင့် အရာအားလုံး ဆုံးရှုံးခဲ့ရတဲ့ သမီးကြီးက ကံကြမ္မာပြောင်းလဲသွားပြီး ကောင်းကင်တာအိုဆီက လက်ဆောင်တစ်ခု ရခဲ့ပြီးတော့ ဓားဝိညာဉ်ကို နိုးထအောင် လုပ်နိုင်ခဲ့ပြီး ကောင်းကင်တာအိုရဲ့ သစ္စာအရှိဆုံး နောက်လိုက်တစ်ယောက် ဖြစ်လာခဲ့တယ်။
လူဆိုးတစ်ယောက်ရဲ့ ချောက်ချခံရပြီး ဂိုဏ်းထဲက ထုတ်ပယ်ခံလိုက်ရတဲ့ အကြီးဆုံးအစ်ကိုကလည်း သူ့ရန်ငြိုးကို ရှင်းလင်းပြီးတဲ့နောက်မှာ သမာသမတ်လမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ်။ ဒါပေမဲ့ သူလဲ စူးလီရဲ့ဦးဆောင်မှုနောက်ကို လိုက်ခဲ့တာပဲတဲ့။
....
စူးလီက ဖရဲသီးစားပြီးလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့-
ဝိုး... ထူးထူးဆန်းဆန်း ယိုပေါက်တွေကို ပြင်ပြီးသားဖြစ်နေပါလား။
ဝိုး..အဓိကဂိုဏ်းကြီးတွေနဲ့ မိသားစုကြီးတွေက တကယ်တော့ ကောင်းကင်တာအိုရဲ့ မျက်နှာသာအပေးခံရဆုံးလူနေရာတွက် ရန်ဖြစ်နေကြတာလား။
ဝိုး... ဘာကြောင့်များ အမတကျင့်ကြံသူတိုင်းမှာ လရောင်ဖြူတစ်ယောက်တော့ ရှိနေပုံ ပေါ်ရတာလဲ။
ဝိုး... အဲဒီလရောင်ဖြူက တကယ်တော့ ငါ ဖြစ်နေတာပဲ။
စာကြွင်း : နောက်ပိုင်းကျတော့ အမျိုးသားဇာတ်လိုက် ပေါ်လာပါတယ်၊ သူက အမျိုးသမီးဇာတ်လိုက် ကယ်တင်ပေးခဲ့တဲ့ ကျင့်ကြံသူတွေထဲက တစ်ယောက်ပါ။
တစ်ခွန်းတည်း မိတ်ဆက်ခြင်း။ ။ လောကကြီးက ပြိုကွဲနေပြီ၊ ကောင်းကင်ဘုံရဲ့ နည်းလမ်းကတော့ အဲဒါကို ပြုပြင်ဖို့ပဲ။
ရည်ရွယ်ချက်။ ။ ဘဝကို အပြုသဘောဆောင်တဲ့ အမြင်တစ်ခုတော့ ရှိပါစေတဲ့။
...
အပိုင်း (၁)
“ချန်ထျန်းဂိုဏ်း ဆိုတဲ့အတိုင်းပဲ၊ ဂိုဏ်းချုပ်သစ်ဆက်ခံပွဲက ငါတို့ဝမ့်ကျန့်ဂိုဏ်းရဲ့ တစ်နှစ်စာ အသုံးစရိတ်နဲ့ ညီမျှတာပဲ”
ဝမ့်ကျန့်ဂိုဏ်းသားတစ်ယောက်က အခုလေးတင်မှ ပြီးသွားတဲ့အခမ်းအနားကို အားကျတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီးတော့ သူ့ရဲ့အိတ်အလွတ်ကြီးကို ဝမ်းပမ်းတနည်းနဲ့ ကြည့်လိုက်မိတယ်။
“အဲဒါတင် ဘယ်ကမလဲ” သူ့ဘေးမှာ ရပ်နေတဲ့ ဓားသိုင်းကျင့်ကြံသူက နှုတ်ခမ်းတွေကို ကွေးထားပြီး ရေရွတ်လိုက်သေးတယ်။
“ဒီနေရာကို တက်ရောက်လာကြတဲ့ လူတိုင်းက ဘယ်ဂိုဏ်းက လာတဲ့သူပဲဖြစ်ဖြစ် ငါတို့ ဝမ့်ကျန့်ဂိုဏ်းထက်တော့ ပိုချမ်းသာကြတယ်လေ”
ကျင့်ကြံရေးလောက တစ်ခုလုံးကို ကြည့်လိုက်စမ်းပါ... ဆင်းရဲတဲ့နေရာချင်း ပြိုင်ရကြေးဆိုရင် ဘယ်သူက ဓားသိုင်းကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်ပြိုင်ရဲမှာလဲ။
အရင်ဆုံး ပြောလိုက်တဲ့လူက ချောင်းဆိုးသွားပြီး ဘာမှမဖြစ်ခဲ့သလို စကားလမ်းကြောင်း လွှဲလိုက်တော့တယ်။
“အကြီးဆုံးအစ်ကိုက ဘာလို့အခုချိန်ထိ ရောက်မလာသေးတာလဲ၊ သူက စည်ကားသိုက်မျိုက်နေတာကို အကြိုက်ဆုံး မဟုတ်လား”
“ပြောကြတာတော့ အကြီးဆုံးအစ်ကိုက အစက လာမလို့ပဲတဲ့၊ ဒါပေမဲ့ ကြည့်ရတာ သူ အရေးကြီးကိစ္စ ဆောင်ရွက်နေရတဲ့ပုံပဲ....”
“ဘာအရေးကြီး ကိစ္စလဲ...”
“ငါက ဘယ်လိုလုပ်ပြီး သိမှာလဲဟ” ဓားသိုင်းကျင့်ကြံသူက မျက်စောင်း ထိုးလိုက်ပြီးနောက်မှာပဲ ရုတ်တရက် တက်ကြွတဲ့လေသံတစ်ခုကို ကြားလိုက်ရတယ်။
“အစ်ကိုကြီးက ဂိုဏ်းချုပ်ကြီးရဲ့ အရည်အချင်းအရှိဆုံး တပည့်လေ၊ ငါတို့လို အခုမှဝင်တဲ့ တပည့်တွေက သူ့ကိစ္စကို ဘယ်လိုလုပ်ပြီး သိမှာလဲ”
“ဟုတ်ပါ့၊ နောက်ဆုံး ငါတို့တွေက ထိုက်အန်းခန်းမထဲတောင် ဝင်နိုင်တာမဟုတ်ဘူး”
-
ထိုက်အန်းခန်းမ။
ချန်ထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်သစ်က ရှေ့က ထိပ်ဆုံးနေရာမှာ ထိုင်နေပြီး တစ်ဖက်တစ်ချက်မှာတော့ ဂိုဏ်းကြီးအသီးသီးက ကိုယ်စားလှယ်တွေက ထိုင်နေလေရဲ့။ ကိုယ်စားလှယ်တစ်ယောက်ချင်းစီရဲ့ နောက်မှာတော့ ဂိုဏ်းရဲ့လေ့ကျင့်ရေးမှာပဲ စိတ်နှစ်ထားကြတဲ့ အရည်အချင်းပြည့်ဝတဲ့ လူငယ်လေးတွေ ၁၂ယောက်ကျော်လောက်က ရပ်နေကြတယ်။
အားလုံးက အချင်းချင်း ကြည့်နေကြပြီး အနေအထားက တိတ်ဆိတ်ပြီး ရင်တထိတ်ထိတ်နဲ့ပါပဲ။
နောက်ဆုံးတော့ ထိပ်မှာထိုင်နေတဲ့ ချန်ထျန်းဂိုဏ်းချုပ်က သွေးတိုးစမ်းပြီး မေးလိုက်တယ်။
“ဧကန္တ ခင်ဗျားလဲပဲ.....”
သူ့အသံက ဆီပူဒယ်အိုးထဲကို ကျသွားတဲ့ ရေစက်လိုပဲ။ ခန်းမထဲက အနေအထားက ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တယ်။
“ကြည့်ရတာ ဂိုဏ်ချုပ်ကျန်းကလဲ...”
“ကျုပ်ထင်ထားတာက ကျုပ်တို့ ရွှင့်ချန်ဂိုဏ်းပဲ ဒီလိုဖြစ်နေတာပေါ့၊ ဒါပေမဲ့ မထင်ထားခဲ့မိဘူး...”
“ထျန်းကျီးဂိုဏ်းကလဲ အဲလိုပဲ”
အားလုံးက စကားကို တစ်ဝက်ပဲ ပြောနေကြတော့ စိတ်ရှုပ်စရာပါပဲ။ ဒါပေမဲ့ ခန်းမထဲက လူတိုင်းကတော့ အချင်းချင်း ပြောနေကြတဲ့စကားအဓိပ္ပာယ်ကို ကောင်းကောင်း နားလည်ကြတယ်။
ပြီးခဲ့တဲ့လဝက်လောက်တုန်းက စဖြစ်ခဲ့တာပဲ။ ရွှေသက်စောင့်အဆင့်နဲ့အထက် ကျင့်ကြံသူအားလုံးက ကောင်းကင်ကလာတဲ့ အသံတစ်ခုကို ရုတ်တရက် ကြားနိုင်လာခဲ့တယ်။
ဒီအသံ ဘယ်ကလာတယ်ဆိုတာကို ဘယ်သူမှ မသိကြသလို ဒီအသံ ဘယ်တော့ ထွက်လာမယ်ဆိုတာကိုလဲ ဘယ်သူမှ သေချာမသိကြဘူး။ ဒီအသံက လုံးဝမသိရတဲ့ လျှို့ဝှက်ချက်တွေအများကြီးကို ပြောပြတယ်ဆိုတာကိုပဲ သိကြတယ်။ ကြောက်စရာအကောင်းအဆုံးအချက်က ဒီလျှို့ဝှက်ချက်တွေကို အတည်ပြုကြည့်လိုက်ရင် မှန်နေတာချည်းပဲ။
ပိုဆိုးတာက လူတစ်ယောက်ရဲ့ ကျင့်ကြံရေးအဆင့်က ဘယ်လောက်ပဲ မြင့်နေပါစေ ဒီအပိုင်ရှင်ကို ရှာတွေ့ဖို့ မပြောနဲ့ ဒီတခြားအရပ်က လာတဲ့အသံအကြောင်းကို တခြားသူတွေကို မပြောပြနိုင်ကြဘူး။
ဒါနဲ့ပတ်သက်ပြီး တစ်ခုသော ကျေးဇူးတင်စရာရှိတာက ဒီအသံပေါ်ထွက်လာရင် သတ်မှတ်ထားတဲ့ အကွာအဝေးတစ်ခု ရှိနေတာပဲ။ သတ်မှတ်ထားတဲ့ အကွာအဝေးပြင်ပက လူတွေဆိုရင် ဒီအသံကို မကြားရဘူး။ မဟုတ်လို့ကတော့ ဂိုဏ်းကြီးတွေရဲ့လျှို့ဝှက်ချက်တွေဟာဆိုရင်ဖြင့်....
ချန်ထျန်းဂိုဏ်းချုပ်က လောကကြီးမှာ အရာအာလုံးကို တွက်ချက်နိုင်တဲ့ ထျန်းကျီးဂိုဏ်းချုပ်ကို လေးနက်တဲ့မျက်နှာ၊ တည်ငြိမ်တဲ့အကြည့်တစ်ခုနဲ့ ကြည့်နေလေရဲ့။
“ခင်ဗျားတောင်မှ အဲဒီလူရဲ့သရုပ်မှန်းကို အတည်မပြုနိုင်ဘူးလား
ထျန်းကျီးဂိုဏ်းချုပ်က သူ့ရဲ့မှုတ်ဆိတ်ဖြူကို ပွဲသပ်ပြီး လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး လေးနက်တဲ့အမူအရာနဲ့ ကောင်းကင်ကို ညွှန်ပြလိုက်တယ်။
အားလုံးက မှင်တက်သွားကြတော့တယ်။ - ဧကန္တ အပြင်လောကကလာတဲ့အသံက ကောင်းကင်ကို တက်လှမ်းမဲ့ နည်းလမ်းနဲ့များ ဆိုင်နေတာလား။
ဒီအခိုက်မှာပဲ လူတွေကို ငိုချင်သွားအောင် လုပ်နေတဲ့ အရမ်းရင်းနှီးလွန်းတဲ့အသံတစ်ခုက ခပ်တိုးတိုးလေး ထွက်လာခဲ့တယ်။
[လူတွေများလှချည်လား]
ဒီအသံ ထွက်လာပြီးတဲ့နောက်မှာပဲ ကိုယ်စီအတွေးတွေနဲ့ အားလုံးက ချက်ချင်းဆိုသလို သူတို့ရဲ့ အမူအရာကို ထိန်းညှိလိုက်ကြတယ်။
ကျင့်ကြံရေးဆရာကြီးတစ်စုက သူတို့ရဲ့ထိုင်ခုံမှာ အစဉ်လိုက်ထိုင်နေကြတယ်။ လေးနက်တဲ့အမူအရာ၊ တည်ကြည်တဲ့မျက်လုံးနဲ့ ဖြောင့်မတ်တဲ့ခန္ဓာကိုယ်တွေနဲ့ပါပဲ။ သူတို့သာ တစ်ခုခု အမှားလုပ်ခဲ့မိရင် အပြင်လောကကလာတဲ့အသံရဲ့ ပစ်မှတ်ထားခံရမှာ စိုးရိမ်နေကြတာ။
[နောက်ဆုံးတစ်ခါ ငါ ဖရဲသီးစားတုန်းက... ထျန်းကျီးဂိုဏ်းမှာ စားခဲ့တာပဲ]
[ဒီတစ်ခါလဲ ဆက်ကြည့်လိုက်ရအောင်]
ထိုက်အန်းခန်းမက လူအားလုံးက စိတ်အေးသွားပြီး သက်ပြင်းချလိုက်ကြတော့တယ်။ တချို့ဆိုရင် မသိမသာနဲ့ သူတို့ရင်ဘတ်ကိုတောင် ပုတ်လိုက်ကြတယ်။
ဒီလိုလှုံ့ဆော်မှုမျိုးက ဒီကျင့်ကြံသူတွေအတွက် တကယ်ပဲ အရမ်းကို လွန်လွန်းပါတယ်။
လိုက်လျောညီထွေ မဖြစ်တဲ့ တစ်ယောက်သောသူကတော့ အပြုံးက ငိုနေတာထက်ကို ပိုပြီးရုပ်ဆိုးလှတဲ့ ထျန်းကျီးဂိုဏ်းချုပ်ပါပဲ။
ထျန်းကျီးဂိုဏ်းချုပ်က ခေါင်းကို နည်းနည်းမော့လိုက်ပြီး အားလုံးရဲ့အမူအရာကို အကဲခတ်ကြည့်လိုက်တယ်။ နောက်ဆုံးတော့ သူ့အကြည့်က ထိပ်ဆုံးနေရာမှာ ရပ်သွားခဲ့တယ်။
ထိပ်မှာ ထိုင်နေတဲ့ ချန်ထျန်းဂိုဏ်းချုပ်က အရက်ခွက်ကို သူ့နှုတ်ခမ်းဆီ မြောက်ထားလိုက်တာ သူက သူ့လျှို့ဝှက်ချက်တွေကို သောက်နေတဲ့အတိုင်းပဲ။
ထျန်းကျီးဂိုဏ်းချူပ်က အေးတိအေးစက်ပဲ နှာခေါင်းရှုံ့လိုက်တယ်။ သူက ချန်ထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်သစ်တင်ပွဲကို မတက်ခဲ့ရင် သူကရော ဒီနေရာမှာ ရှိနေမှာမလို့လား။
‘တာအိုရောင်းရင်းတွေ မရှိတာထက်စာရင် သေသွားတာမှ ပိုကောင်းအုံးမယ်’ဆိုတဲ့ စကားနဲ့အညီပဲ သူကလည်း သူ့ခွက်ကို မြောက်လိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်နဲ့ ခွက်ချင်းတိုက်လိုက်ပြီးမှ ကောင်းကင်က လာတဲ့အသံက စကားမပြောခင် သူက အရင်ပြောလိုက်တယ်။
“ဂိုဏ်းချုပ်ကြီးကျန်းက တကယ်လို့ ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ သူတစ်ယောက်ပဲ၊ အသက် ၆၀၀မှာပဲ သူက ဒီတိုက်ကြီးရဲ့ နံပါတ်တစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာခဲ့တယ်၊ ကျုပ် ဂုဏ်ပြုပါတယ်”
ဒီလိုပြောလိုက်ပြီး သူက အကြံပြုတဲ့ပုံနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ဒါက အခွင့်ရေးကောင်းတစ်ခုပဲလေ။
ချန်ထျန်းဂိုဏ်းချုပ်ဟောင်းက ရုတ်တရက် အနားယူသွားတဲ့အကြောင်းကို သူတို့တွေ မသိချင်ကြဘူးလား။ ပုံမှန်ဆိုရင် အလေးထားမခံရဆုံး၊ ကျင့်ကြံရေးအဆင့်ကလဲ တခြားဂိုဏ်းချုပ်တွေရဲ့ တပည့်တွေလောက် မကောင်းတဲ့ ကျန်းမုန့်လင်က ဘာဖြစ်လို့ နောက်ဆုံးအနိုင်ရသူ ဖြစ်လာခဲ့တာတဲ့လဲ။
ဒါက အဘိုးကြီးတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်မလား။
သူက လမ်းဖောက်ထားပြီးပြီဆိုတော့ ကျန်တာကို ကျန်တဲ့တခြားဂိုဏ်းတွေအတွက် ချန်ထားပေးလိုက်မယ်။
အပြင်လောကကအသံက ဘယ်အချိန် ဘယ်နေရာမှာ ပေါ်လာရမယ်ဆိုတာကို ဘယ်သူမှ မထိန်းချုပ်နိုင်ဘူးလေ။ ဒီအခွင့်အရေးက တစ်သက်မှာ တစ်ခါပဲ ရတဲ့အခွင့်အရေးလေ။
ဘေးဘီက ဂိုဏ်းကြီးတွေရဲ့ ကိုယ်စားလှယ်အားလုံးရဲ့ မျက်လုံးတွေကလည်း လင်းလက်သွားခဲ့တယ်။
ဘယ်သူက ဒီအကြောင်းကို မသိချင်ဘဲ နေပါ့မလဲ။
ရွှင့်ချန်ဂိုဏ်းချုပ်က သူ့ခွက်ကို မြှောက်လိုက်ပြီး သဘောထားကြီးတဲ့ ပုံစံနဲ့ ပြုံးလိုက်တယ်။
“ဟုတ်တယ်၊ ဂိုဏ်းချုပ်ကျန်းက အရမ်းကို လုပ်နိုင်စွမ်းရှိပြီး ချန်ထျန်းဂိုဏ်းကို နောက်တစ်ဆင့် မြင့်တဲ့အထိ သေချာပေါက် ဦးဆောင်နိုင်မှာပဲ”
တခြားကိုယ်စားလှယ်တွေကလဲ သံယောင်လိုက် ပြောလိုက်ကြတယ်။
“ဟုတ်တယ်၊ ဂိုဏ်းချုပ်ကျန်းက ဉာဏ်ပညာရှီပြီး ရဲရင့်တယ်၊ ခင်ဗျားက ချန်ထျန်းဂိုဏ်းချုပ်ရာထူးနဲ့ ထိုက်တန်ပါပေတယ်”
“ကျုပ် အစောကြီးကတည်း မြင်နေပါတယ်၊ ဂိုဏ်းချုပ်ကျန်းက ထူးခြားတဲ့ ကံတရားနဲ့ အရည်အချင်းရှိတဲ့သူ၊ ခင်ဗျားရဲ့ ဦးဆောင်မှုနောက်ကို လိုက်ခွင့်ရတာ ချန်ထျန်းဂိုဏ်းအတွက်တော့ ကံကောင်းခြင်းပါပဲ”
“ဟုတ်တယ် ဟုတ်တယ်၊ ကျုပ်လည်း ဂိုဏ်းချုပ်ကျန်းကို ဂုဏ်ပြုပါတယ်”
ကျန်းမုန့်လင်က သူတို့ရဲ့ “ဂုဏ်ပြုပါတယ်”ဆိုတဲ့ စကားလုံးကို နားထောင်ရင်း သူ့မျက်နှာပေါ်မှာ တည်ငြိမ်တဲ့အမူအရာတစ်ခုကို ထိန်းထားလိုက်တယ်။ သူက အံကိုကြိတ်ရင်း ပြောရတော့တယ်။
“တာအိုရောင်းရင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျုပ်ရဲ့စိတ်ထဲမှာ မှတ်သားထားပါ့မယ်”
[ဒီလူတစ်စုက တစ်ဖက်လူရဲ့မျက်နှာကို ဘယ်လိုဖြစ်များ မဖတ်တတ်ရတာဲ၊ ဂိုဏ်းချုပ်အသစ်ရဲ့ မျက်နှာက ညိုမည်းနေပြီလေ နင်တို့တွေ မမြင်ကြဘူးလား]
[သူ ဂိုဏ်းချုပ်ဖြစ်လာတဲ့အကြောင်းအရင်းလား... ဒါပေါ့... အရည်အချင်းနဲ့ ဘာမှမဆိုင်တာ___]
အားလုံးက အကြောင်းအရာ တစ်ခုခု လွတ်သွားမှာစိုးတာကြောင့် နားစွင့်ထားကြလေရဲ့။ ချန်ထန်းဂိုဏ်းက ကျန်းမုန့်လင်ကို ဂိုဏ်းချုပ်သစ် တင်မြှောက်တဲ့ နောက်ကွယ်ကအကြောင်းအရင်းက တကယ်ရှိနေတဲ့ပုံပဲ။
[အလို... ချန်ထန်းဂိုဏ်းမှာ ဂိုဏ်းချုပ်ဖြစ်ချင်တဲ့သူ တစ်ယောက်မှ မရှိတာပဲ၊ ဂိုဏ်းချုပ်ဟောင်းက သူ ဂိုဏ်းချုပ်သစ် ရွေးချင်တယ်လို့ ပြောလိုက်တာနဲ့ အားလုံးက မျက်စိတစ်မှိတ်အတွင်း ထွက်ပြေးသွားလိုက်ကြတာ]
[ဟားဟား ဟားဟားဟား တကယ့်ကို အရည်အချင်းနဲ့ဆိုင်တာဟ၊ တကယ်လို့များ သူသာ ပြေးတဲ့နေရာမှာ အနှေးဆုံး၊ သိုင်းပညာမှာလဲ အားအနည်းဆုံး မဟုတ်ခဲ့ရင် ဘယ်လိုဖြစ်ပြီး နောက်ဆုံးကျန်ခဲ့မှာလဲ၊ သူ့ဆရာကလည်း ဘယ်လိုလုပ်ပြီး ဂိုဏ်းချုပ်တံဆိပ်ပြားကို သူ့လက်ထဲ ချက်ချင်း ထိုးထည့်နိုင်ခဲ့မှာလဲ ]
ဂိုဏ်းအသီးသီးက ကိုယ်စားလှယ်တွေရဲ့မျက်နှာအမူအရာက အမျိုးမျိုးဖြစ်သွားပြီး အထူးတလည် စိတ်ဝင်စားသွားကြတော့တယ်။ အနောက်တန်းမှာ ရပ်နေကြတဲ့ တချို့တပည့်တွေကတော့ ရယ်ချင်စိတ်ကို ခက်ခက်ခဲခဲ ထိန်းထားရလို့ သူတို့မျက်နှာတွေတောင် ရှုံ့တွကုန်တယ်။
ချန်းထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်သစ်ရွေးတဲ့နည်းလမ်းက အဲလောက် ရယ်စရာကောင်းလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
ဒါက ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်နေရာလေ။ ဒီအတိုင်း ပေးလိုက်လို့ရတဲ့သလား။
ကောင်းကင်ပေါ်က အသံကတော့ သူတို့ရဲ့အတွေးတွေကို လုံးဝ ဂရုမစိုက်ပါဘူး။ တစ်ယောက်ထဲ ဆက်ပြောနေလိုက်တယ်။
[ချန်ထျန်းဂိုဏ်းရဲ့ ခေါင်းဆောင်နေရာကို ဘာလို့များ အဲလောက်မလိုချင်ကြတာတုံးတဲ့____ အာ... တွေ့ပြီ]
“ကျုပ်တို့ချန်ထျန်းဂိုဏ်းက တကယ်တော့.....”
အားလုံးရဲ့အာရုံကို ဆွဲဆောင်ထားဖို့ ကြိုးစားနေတဲ့ ချန်ထျန်းဂိုဏ်းချုပ်ရဲ့အသံက အပြင်လောကက လာတဲ့အသံအောက်မှာ ချက်ချင်း ဖုံးကွယ်ခံလိုက်ရတော့တယ်။
[ဝိုး... ချန်ထျန်းဂိုဏ်းက အရမ်းကို ဆင်းရဲသွားတာလားဟ]
[တကယ်တော့ ဂိုဏ်းချုပ်က ဂိုဏ်းရဲ့ယိုပေါက်တွေကို ဖြည့်ဖို့ အိတ်စိုက်နေရတာပဲ၊ ဂိုဏ်းချုပ် တင်မြှောက်ပွဲအတွက်တောင် ဝိညာဉ်ကျောက်တုံးတွေကို သူ့ဟာသူ ထုတ်ပေးခဲ့ရတာဟ၊ ဒါပေမဲ့ ဂိုဏ်းအသီးသီးက ပို့လာတဲ့ လက်ဆောင်တွေကိုကျတော့ ဂိုဏ်းရဲ့ငွေစာရင်းထဲမှာ ထည့်ရတာတဲ့လား ]
[ဒါကြီးကို ဘယ်သူက သည်းခံနိုင်မှာလဲ၊ ဂိုဏ်းချုပ်ဟောင်း ဆင်းချိန်တန်တော့ ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးသွားတာလဲ မဆန်းတော့ပါဘူး]
ထိုက်အန်းခန်းမထဲမှာ စိတ်ဓာတ်ကျပြီး ငြီးငွေ့နေတဲ့ပုံဖြစ်နေတဲ့ ချန်ထျန်းဂိုဏ်းချုပ်ကလွဲရင် အားလုံးက စိတ်ဝင်တစားနဲ့ နားထောင်နေလိုက်ကြတယ်။
[ဒါကတော့ မဟုတ်သေးပါဘူး... ချန်ထျန်းဂိုဏ်းက အဲလောက်ဆင်းရဲနေပြီးသားကို... သူတို့တွေက အခုချိန်ထိ ဘယ်လိုများ ရှင်သန်နေနိုင်ရတာလဲ]
[နောက်ပြီး ဘာသတင်းမှလဲ မထွက်ခဲ့ဘူး]
ဒီစကားကို ကြားလိုက်တဲ့အချိန်မှာ စောစောက ကြိတ်ပြီးရယ်မောနေခဲ့ကြတဲ့ ထိုက်အန်းခန်းမထဲက လူတွေက သူတို့ရဲ့မျက်လုံးထဲမှာ ရုတ်တရက် စိုးရိမ်စိတ်တွေ ပေါ်လာခဲ့တော့တယ်။ သူတို့တွေက တစ်ခုခုကို စဉ်းစားမိသွားသလိုပဲ။
သူတို့ အမှတ်မမှားခဲ့ရင်....
[ချန်ထျန်းဂိုဏ်းက ငွေချေးပြီး အသက်ဆက်နေတာကိုးဟ]
[အခုအချိန်ထိ ရွှင့်ချန်ဂိုဏ်းမှာ ဝိညာဉ်ကျောက်တုံး ၄၇သန်း၊ ထျန်းကျီးဂိုဏ်းမှာ ဝိညာဉ်ကျောက်တုံး ၂၃သန်း...]
[ဝိုး... တကယ်တော့ သူ ဝမ့်ကျန့်ဂိုဏ်းကနေ ဝိညာဉ်ကျောက်တုံး ၆.၂သန်းတောင် ချေးထားတာပဲ]
နဂိုက စိတ်ပျက်နေကြတဲ့ လူအုပ်ကြီးက ခေါင်းမော့ကြည့်လိုက်ပြီး ဝမ့်ကျန့်ဂိုဏ်းချုပ်ကို တအံ့တဩ ကြည့်လိုက်ကြတော့တယ်။
ချန်ထျန်းဂိုဏ်းက တကယ်တိရိစ္ဆာန်ပဲဟ။ သူတို့တွေက ဓားသိုင်းကျင့်ကြံတဲ့သူဆီကတောင် ငွေချေးထားတယ်။
ဝမ့်ကျန့်ဂိုဏ်းနဲ့ ယှဉ်လိုက်ရင်တော့ သူတို့ချေးလိုက်တဲ့ ငွေတွေက စိတ်မချမ်းသာစရာကောင်းလိုက်တာ။ အနည်းဆုံးတော့ ဂိုဏ်းရဲ့မတည်ငွေက အဲဒီနားမှာ ရှိနေသေးတယ်လေ...
ဝမ့်ကျန့်ဂိုဏ်းချုပ်က ဒီအကြည့်တွေကို သတိထားမိဟန်မတူဘူး။ အရက်ခွက်ကို ကိုင်ထားတဲ့ သူ့လက်တွေက ဆက်တိုက်ကို တုန်ယင်နေတော့တယ်။ သူတို့ဝမ့်ကျန့်ဂိုဏ်းက ကျင့်ကြံရေးလောကမှ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆင်းရဲသားအိမ်ထောင်တစ်ခုဆို သိသင့်ပါတယ်လေ။ ဓားသိုင်းကျင့်တဲ့သူတိုင်းက ငွေသုံးဖို့အရေး ဝိညာဉ်ကျောက်တုံးကို နှစ်ခြမ်းခွဲပစ်ချင်နေကြတာ၊ သူတို့တွေက ပုံမှန်ဆိုရင် ဘာကိုမှမစားချင် မဝတ်ချက်ကြဘူး။ သူတို့ငွေအားလုံးကို သူတို့ရဲ့ မွေးရာပါဓားအတွက်ပဲ သုံးကြတာ။
ချန်ထျန်းဂိုဏ်းချုပ်ဟောင်းက သူ့ဆီ ငွေလာချေးတုန်းက အတိုးနှုန်း အမြင့်ကြီးပေးမယ်လို့ ကတိပေးခဲ့တာလေ။ သူလည်း ဆွဲဆောင်ခံလိုက်ရပြီး ဂိုဏ်းရဲ့ မတည်ငွေအားလုံးကို သူ့ကို ချေးပေးလိုက်တာပေါ့။
နောက်ဆုံး ချန်ထျန်းဂိုဏ်းက ကျင့်ကြံရေးလောကမှာ ဂိုဏ်းကြီးခြောက်ခုထဲက တစ်ခုမလား။ သူတို့တွေ ဒီလောက်များတဲ့ ဝိညာဉ်ကျောက်တုံးကို ချေးရဲတယ်ဆိုမှတော့ သေချာပေါက် ပြန်ပေးနိုင်မှာပေါ့... ဟုတ်တယ်မလား။
သူကတော့ စိတ်ထဲမှာ ကိုယ့်ဟာကို နှစ်သိမ့်နေလိုက်တယ်။
[ချန်ထျန်းဂိုဏ်းရဲ့လက်ရှိအခြေအနေကို ကြည့်ရတာ ပြန်ဆပ်နိုင်မယ်မထင်ဘူး၊ ဆက်မချေးတာနဲ့တင် အသိတရားရှိတယ်လို့ ပြောလို့ရနေပြီ]
နောက်ဆုံးမျှော်လင့်ချက်ကို ကိုင်စွဲထားတဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ရဲ့ သတိစိတ်မှာ ရုတ်တရက် ကျိုးပျက်သွားတော့တယ်။
သူက စားပွဲကို ဘုန်းခနဲ ထုလိုက်ပြီး ဒေါသတကြီး ထရပ်လိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ဆီကို ဖြေရှင်းချက်တစ်ခု တောင်းလိုက်ချင်တော့တယ်။
“ချန်ထျန်းဂိုဏ်းက အနိုင်ကျင့်....”
[ဟာ... ဝမ့်ကျန့်ဂိုဏ်းချုပ်က ဘာလို့ ရုတ်တရက် ထရပ်လိုက်တာလဲ]
ကောင်းကင်ပေါ်က အသံက ဝမ့်ကျန့်ဂိုဏ်းချုပ်ရဲ့သတိကို ပြန်ဆွဲခေါ်ပေးလိုက်တယ်။
သူက လက်ကို ဆန့်ထုတ်လိုက်ပြီး တုန်တုန်ယင်ယင်နဲ့ အရက်ခွက်ကို ကောက်ကိုင်ရင်း အံ့ကြိတ်ပြီး ပြောလိုက်တယ်။
“ချန်ထျန်းဂိုဏ်းက... ဝမ့်ကျန့်ဂိုဏ်းနဲ့ တကယ်ပဲ အရမ်းကို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်၊ ဂိုဏ်းချုပ်ကျန်းက နောက်ပိုင်းကျရင်လဲ ဝမ့်ကျန့်ဂိုဏ်းကို သတိတရနဲ့ အလည်လာပါအုံး”
[ဒါပေါ့၊ ကျင့်ကြံရေးလောကရဲ့ အဆင်းရဲဆုံး ဂိုဏ်းနှစ်ခုက ပြောစရာ မကုန်နိုင်အောင်ရှိမှာပဲ]
ဝမ့်ကျန့်ဂိုဏ်းချုပ်ရဲ့ နဖူးပေါ်က သွေးကြောတွေ ထောင်တက်လာတော့တယ်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ့ခံစားချက်အားလုံးကို မြို့သိပ်ရင်းက သုန်မှုန်နေတဲ့မျက်နှာနဲ့ ပြန်ထိုင်ချလိုက်တယ်။
ကိစ္စမရှိပါဘူး။ ဒီထူးဆန်းတဲ့အသံကြီး ပျောက်သွားတဲ့အခါကျမှ သူ ချန်ထျန်းဂိုဏ်းချုပ်နဲ့ စကားကောင်းကောင်း ပြောလို့ရတာပဲ။
ခုနက သူ့ရဲ့ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကြောင့် ဖြစ်မယ်။ အပြင်ဘက်က အသံက ရုတ်တရက်ကြီး ဝမ့်ကျန့်ဂိုဏ်းအကြောင်းကို ထုတ်ပြောလိုက်တော့တယ်။
[ငါတို့တွေက ဝမ့်ကျန့်ဂိုဏ်းအကြောင်း ပြောနေပြီဆိုမှတော့....]
[အမလေး.... ဝမ့်ကျန့်ဂိုဏ်းချုပ်ရဲ့ အကြီးဆုံးတပည့်က တကယ်တော့ သူ့မွေးရာပါဓားကို ကိုယ်တိုင် မဖွယ်မရာ ပြန်လုပ်ခဲ့တာတဲ့၊ နောက်ပြီး အခုလေးတင်မှ မွေးဖွားလာတဲ့ ဓားဝိညာဉ်က အရမ်းကို ဒေါသထွက်ပြီး အဓိကဟာကြီးကို ချက်ချင်းဖြတ်ပစ်လိုက်တယ်...တဲ့လား]
[ဓားသိုင်းကျင့်ကြံသူတစ်ယောက်က သူ့ဓားကို ဇနီးမယားလို သဘောထားတာကလဲ တင်စားပြီး ပြောရုံသက်သက် မဟုတ်ဘဲ ထွက်ဆိုချက်တစ်ခု ဖြစ်နေတာပဲ]
“အဟမ်း__”
“အဟွတ်--“
“ဒီဓားသိုင်းကျင့်ကြံတဲ့သူတွေက အပေါ်ယံမှာတော့ ဖြောင့်မတ်သလိုနဲ့ တကယ်ကျတော့ ကွယ်ရာမှာ တိတ်တိတ်လေး နည်းပရိယာယ်အမျိုးအမျိုး သုံးနေကြတာလား”
ဝမ့်ကျန့်ဂိုဏ်းချုပ်မှာ ငေးကြောင်ကြောင်နဲ့ ထိုင်နေပြီး အခုလေးတင် ကောင်းကင်ကလာတဲ့အသံ ပြောတဲ့စကားကို နားလည်ဖို့ ကြိုးစားနေရတော့တယ်။
သူ့အကြီးဆုံးတပည့်လေးက ကျင့်ကြံရေးလောက နာမည်ကြီးပြီး လေးစားခံရတဲ့ ကလေးတစ်ယောက်ပဲ။ အသက်၁၀၀မှာပဲ သူက ရွှေအမြုတေအဆင့် ကိုရောက်နေပြီ။၊ သူက ဖြောင့်မတ်တဲ့သူ။ ဝမ့်ကျန့်ဂိုဏ်းရဲ့ ထောင်သောင်းချီတဲ့ တပည့်တွေရဲ့ စံပြတစ်ယောက်ပဲ။
သူက ဘယ်လိုလုပ်ပြီး... သူ့မွေးချင်းဓားကို သုံးပြီး ဒီလို ကိစ္စမျိုး လုပ်မှာလဲ။
မဟုတ်သေးဘူး။ အခုလေးတင် အပြင်ဘက်ကအသံ ပြောလိုက်တာ ဘာတဲ့ ___ ဓားဝိညာဉ်တဲ့လား။
သူ့အကြီးဆုံးတပည့်မှာ ဓားဝိညာဉ်ရှိတယ်ပေါ့လေ။
ဓားဝိညာဉ်တဲ့လေ။
သူ့နောက်က ဝမ့်ကျန့်ဂိုဏ်းသားတွေက နည်းနည်း စိတ်လှုပ်ရှားသွားပြီး အချင်းချင်း မျက်ရိပ်ပြလိုက်ကြတယ်။
“အခုလေးတင် အသံပြောလိုက်တာကို မင်းကြားလိုက်လား၊ ငါတို့ရဲ့ ဉာဏ်ပညာနဲ့ပြည့်စုံပြီး အစွမ်းကြီးတဲ့ ဂိုဏ်းတူအစ်ကိုက တကယ်တော့....”
“အဲဒါကြီး ဖြတ်ခံထားရတာ ဟုတ်လား”
“ဂိုဏ်းတူအစ်ကို ဒီတစ်ခါ ချန်ထျန်းဂိုဏ်းကို မလာတော့ဘူးလို့ ရုတ်တရက် ပြောလိုက်တုန်းက ဘာလို့ပါလိမ့်လို့ ငါ စဉ်းစားနေတာ”
“အခုမှပဲ သိတော့တယ်၊ ဓားဝိညာဉ်ကြောင့် ဖြစ်နေတာကိုး၊ ဝမ့်ကျန့်ဂိုဏ်းမှာ ဓားဝိညာဉ်ရှိတာက နှစ်ယောက်ပဲ ရှိတာပဲ”
ကောင်းကင်အပြင်ဘက်က အသံက ဒီကိစ္စကို အရမ်းစိတ်ဝင်စားသွားတာ သိသာတယ်။
[တပည့်အရင်းတွေပဲ ချန်ထျန်းဂိုဏ်းကို လာကြပြီး ဒီအကြီးဆုံးအစ်ကိုကို ယာယီသီးခြားကျင့်ကြံရေးမှာ ထားခဲ့တာ မဆန်းတော့ပါဘူး]
[ဟင်း... ငါ့အဓိကကြီးသာ ဖြတ်ခံလိုက်ရရင် ဘယ်လောက်တောင် နာကျင်ဖို့ကောင်းလိုက်မလဲ]
ဝမ့်ကျန့်ဂိုဏ်းရဲ့ ယောက်ျားလေးတပည့်အားလုံးက ကျောချမ်းသွားကြတော့တယ်။
ဒါပေမဲ့.... ဒီနောက်ဆုံး ဓားဝိညာဉ်အကြောင်း ပါနေတော့... ကျင့်ကြံရေးလောကမှ ဓားဝိညာဉ်သုံးခုပဲ ရှိပြီး မွေးချင်းဓားကနေ ဓားဝိညာဉ် မွေးထုတ်နည်းကို ဘယ်သူကမှ မပြောခဲ့ကြဖူးဘူးလေ။
ဒါက သူတို့ မပြောချင်လို့ မဟုတ်ဘဲ.... လုပ်ရမဲ့ဟာက အရမ်းကို ကို့ယို့ကားယားနိုင်လွန်းလို့ မပြောရဲကြတာလား။
ရုတ်တရက်ပဲ ထိုက်အန်းခန်းမထဲက အားလုံးက ဓားဝိညာဉ်ပိုင်ဆိုင်ထားတဲ့ ဝမ့်ကျန့်ဂိုဏ်းသား နှစ်ယောက်ကို သတိရသွားတော့တယ်..
တစ်ယောက်က လက်ရှိဝမ့်ကျန့်ဂိုဏ်းချုပ်နဲ့ နောက်တစ်ယောက်က ဝမ့်ကျန့်းဂိုဏ်းရဲ့ တစ်ဦးတည်းသောအကြီးအကဲ...
ဧကန္တ... သူတို့ရဲ့ဓားဝိညာဉ်တွေကလည်း....
လူတော်တော်များက ဝမ့်ကျန့်ဂိုဏ်းချုပ်ကို တိတ်တိတ်လေး ခိုးပြီး ငုံ့ကြည့်လိုက်ကြတော့တယ်။
ဝမ့်ကျန့်းဂိုဏ်းချုပ်မှာ သူတို့ရဲ့စူးရှတဲ့အကြည့်ကို ခံစားမိလိုက်ပြီး လက်သီးဆုပ်၊ အံကြိတ်လို့ ကြိုးစားပြီ ငြင်းချင်ပေမဲ့ စကားလုံးတွေက ထွက်မလာခဲ့ဘူး။
သူက သူ့မွေးချင်းဓား ရိုက်တာ မခံရဖူးဘူးလို့ အားလုံးရှေ့မှာ အော်ဟစ်ပစ်ရမှာလား။
သူက အဲလိုပြောရင်တောင် ရယ်စရာတွေပဲ ကြည့်ချင်ပြီး ပြဿနာပဲ ရှာချင်ကြတဲ့ ဒီလူတွေက သူက စကားကပ်ပြောနေတယ်လို့ပဲ ထင်ကြမှာလေ။
ဒါပေမဲ့ သူမှ တကယ်မလုပ်ခဲ့တာဟ။
သူ့မှာ အမှတ်တမဲ့ ခေါင်းကို လှည့်ပြီး ဘေးကို ကြည့်လိုက်မိတော့တယ်။ သူလဲ အဲလို စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်။
သူ့မြင်ကွင်းအဆုံးမှာတော့ မှင်တက်အံ့ဩရလောက်တဲ့ အနီရောင်လေး။
ဟယ်ဟွမ်းဂိုဏ်းချုပ်က ကျက်သရေရှိပြီးတင့်တယ်လှတဲ့ အနီရောင်ဝတ်ရုံကို ဝတ်ထားပြီး သူ့ရဲ့လှုပ်ရှားမှုတိုင်းက ဆွဲဆောင်မှုအပြည့်ပဲ။ ဒါပေမဲ့ သူ့မှာ မတော်မလျော် လုပ်လို့မရနိုင်တဲ့ မြင့်မြတ်တဲ့စိတ်နေသဘောထားတစ်ခု ပိုင်ဆိုင်ထားလေရဲ့။
သူမက ခေါင်းလေးကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး ပဟေဠိဆန်ဆန်ဆွဲဆောင်မှုတစ်ခုရှိတဲ့ မျက်လုံးတွေကို လှစ်ပြလိုက်တယ်။ သူမရဲ့စူးရှတဲ့အကြည့်က လူပေါင်းများစွာရဲ့နှလုံးသားကို လှုပ်ခတ်သွားစေတော့တယ်။
ကျင့်ကြံရေးလောကတစ်ခုလုံးမှာ ‘ပြိုင်ဘက်ကင်းအလှ’ဆိုတဲ့ စကားလုံးတဲ့ အမှန်တကယ် ထိုက်တန်တဲ့ တစ်ဦးတည်းသောသူက ဟယ်ဟွမ်းဂိုဏ်းချုပ်ပဲ။
သူမက ဝမ့်ကျန့်ဂိုဏ်းချုပ်ရဲ့ အကြည့်ကို ခံစားလိုက်သလိုနဲ့ မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး သူမကို အာရုံစိုက်နေကြတဲ့သူတွေကို စိုးထိတ်စွားအောင် လုပ်လိုက်တော့တယ်။
ကောင်းကင်က အသံကလည်း ဝမ့်ကျန့်ဂိုဏ်းချုပ်ရဲ့အကြည့်ကို သေချာ သတိထားမိလိုက်တယ်။
[ဝမ့်ကျန့်ဂိုဏ်းချုပ်က ဟယ်ဟွမ်းဂိုဏ်းရဲ့ အမျိုးသမီးငယ်လေးကို ဘာလို့ စိုက်ကြည့်နေတာလဲ]
အပြင်ဘက်က လာတဲ့အသံကို ကြားလိုက်တယ်ဆိုရင်ပဲ စိတ်အာရုံတွေအားလုံးက သူမဆီကို ရောက်သွားတော့တယ်။ ဟယ်ဟွမ်းဂိုဏ်းချုပ်က အင်္ကျီလက်အောက် သူ့လက်တွေကို ရုတ်တရက် ဆုပ်ထားလိုက်ပြီးနောက်မှ မသိမသာ ပြန်ဖြေလျှော့လိုက်ပြီး သူ့ဘေးမှာ ဖြစ်နေတာတွေကို ဂရုမစိုက်သလိုနဲ့ လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို ပွတ်သပ်နေလိုက်တယ်။
[အယ်... ကြည့်ရတာ သူတစ်ယောက်ထဲ မဟုတ်ဘူးဟ.. တခြားသူကလည်း...]
[ဘယ်လို... ချန်ထျန်းဂိုဏ်းရဲ့အကြီးအကဲ၊ ချန်ဖူဂိုဏ်းရဲ့ တပည့်နဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်တို့အားလုံးက ဟယ်ဟွမ်းဂိုဏ်းချုပ်နဲ့ အတူနေခဲ့ကြဖူးတယ်တဲ့လား]
....