အခန်း ၂
Vol. 1 Ch. 2
အပိုင်း (၂)
[ဝိုး...ဟယ်ဟွမ်းဂိုဏ်းချုပ်က ဒီလူသုံးယောက်နဲ့ အခုထိ အဆက်အဆံရှိသေးတယ်ဟ]
စူးလီက သလွန်ပေါ်မှာ မှီပြီး တိမ်ကြေးမုံပြင်ပေါ်က မြင်ကွင်းကို ရုပ်ရှင်ကြည့်သလို ပျင်းပျင်းရိရိနဲ့ ကြည့်နေတာပေါ့။
သူမဘေးမှာတော့ အရောင်ဖျော့ဖျော့ စာအုပ်တစ်အုပ်။ အဖုံးပေါ်မှာရေးထားတာက ‘ကောင်းကင်ဘုံသို့ သွားရာလမ်း’။ ဒီစာအုပ်ထဲမှာ ကျင့်ကြံရေးလောကထဲ ဖြစ်ထားသမျှ ကိစ္စကြီးငယ်အားလုံးကို မှတ်တမ်းပြုထားပြီး ဖရဲသီးစားဖို့ ‘မှော်ဝင်လက်နက်’တစ်ခုပဲ။
‘ကောင်းကင်ဘုံစာအုပ်’ထဲမှာ ရေးထားတဲ့ ဟယ်ဟွမ်းဂိုဏ်းချုပ်ရဲ့ အချစ်၊ အမုန်း၊ လက်တုံ့ပြန်တဲ့အကြောင်းကို ဖတ်လိုက်ပြီးတော့ သူ့မျက်လုံးတွေ လင်းလက်သွားတယ်။ သူက မတ်မတ်ထိုင်လိုက်ပြီး စိတ်လှုပ်ရှားတဲ့ပုံနဲ့ စာစဖတ်လိုက်တော့တယ်။
[ဟယ်ဟွမ်းဂိုဏ်းချုပ်လို့ မပြောရဘူး... သူက လှေတွေအများကြီးပေါ်ကို ပြုတ်မကျဘဲ တက်ခဲ့တာပဲ၊ သူက ငါတို့မျိုးဆက်ရဲ့ စံပြတစ်ယောက်ပဲဟ]
[ကြည့်ပါအုံးမယ်... ချန်ထျန်းဂိုဏ်းရဲ့ မဟာအကြီးအကဲ.. ဝေါင်း... သူက နှစ်၈၀၀ လူပျိုစင်သန့်သန့်လေးတဲ့...]
[ချန်ထျန်းဂိုဏ်းက ဂိုဏ်းအားလုံးဆီကတော့ ဝိညာဉ်ကျောက်တွေအများကြီး ချေးငှားပြီး ဟယ်ဟွမ်းဂိုဏ်းဆီက ပဲ မချေးတာ မဆန်းတော့ပါဘူး~ ~]
ထိုက်အန်းခန်းမထဲက လေထုက ထူးထူးခြားခြား အနေကျုံ့သွားကြတော့တယ်။
နာမည်ခေါ်ခံလိုက်ရတဲ့ ချန်ထျန်းဂိုဏ်းချုပ်က သူ့မျက်နှာပေါ်မှာ ဒေါသနဲ့ အရှက်တရားကို မျိုသိပ်ထားရတဲ့ ရုပ်တစ်ခု ဖြစ်သွားတော့တယ်။ သူ့ရဲ့ငွေရောင်ဆံပင်တွေက လေထဲမှာ တလွင့်လွင့်နဲ့ သူ့အရောင်အဝါကို အထိတ်တလန့် ဖြစ်နေပုံပဲ။
[ရုပ်တည်ကြီးတဲ့ မကြင်နာတတ်တဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်လဲ ရှိသေးတယ်.. သူရဲကောင်းတစ်ယောက်က မိန်းမလှတစ်ယောက်ရဲ့ ဆွဲဆောင်ခံလိုက်ရမယ်လို့ ငါ ထင်မထားခဲ့ဘူး~ ~]
[အိုး~ သူက ဟယ်ဟွမ်းဂိုဏ်းချုပ်နဲ့ နှစ်ယောက်ထဲ ရှိတဲ့အချိန်ကျတော့ လွယ်လွယ်လေးနဲ့ ရှက်တတ်တဲ့ ကြောင်သူတော်တစ်ယောက် ဖြစ်နေတာပဲ~]
ဝမ့်ကျန့်ဂိုဏ်းသားတွေက ဟယ်ဟွမ်းဂိုဏ်းချုပ်ကို မယုံမကြည်နဲ့ ကြည့်လိုက်ကြတော့တယ်။ သူတို့ခမျာ အပြင်လောက အသံ ပြောလိုက်တဲ့စကားကိုတောင် ဂရုမစိုက်နိုင်ကြတော့ဘူး။ သူတို့ကိုယ်ပေါ်ကို ခွက်ထဲက အရက်တွေ ဖိတ်ကျကုန်တာကိုလဲ မသိလိုက်ကြတော့ဘူး။
[နှစ်ပေါင်းထောင်ချီ စောင့်ဆိုင်းလာခဲ့ကြတဲ့ ချန်ဖူဂိုဏ်းသားတွေကလည်း တကယ်တော့ ဟယ်ဟွမ်းဂိုဏ်းချုပ်ရဲ့ ခြေတော်ရင်းကို ဆင်းသက်ခဲ့ကြရတာပဲ]
ပွဲအစက ပွဲအဆုံးထိ မျက်လုံးများကို အသာမှိတ်ထားပြီး လက်ထဲမှာ ပုတီးကိုင်ထားကြတဲ့ ချန်ဖူဂိုဏ်းသားကတော့ သူတို့ကို လုံးဝ မထိခိုက်တဲ့အတိုင်းပဲ။ သူ့လက်ထဲက ပုတီးကို အရင်ကထပ် ပိုပြီး တင်းနေအောင်ကိုင်ထားတာကိုတော့ သူနဲ့ရင်းနှီးတဲ့သူလူတွေကပဲ သိလိမ့်မယ်။
[ဝိုး... ဟယ်ယွမ်ဂိုဏ်းချုပ်ကို ကျိတ်ပြီးသဘောကျနေတဲ့သူတွေမှ အများကြီးပဲဟ.. ချန်းထျန်းဂိုဏ်း မဟာအကြီးအကဲ၊ ချန်ကျီးဂိုဏ်းရဲ့ တပည့်ကြီး...]
[ကျွတ်...ကျွတ်... ကျင့်ကြံရေး လောကတစ်ခုလုံးမှာ မိန်းမလှလေးရဲ့ဆွဲဆောင်မှုကို တွန်းလှန်နိုင်တဲ့ ဘယ်သူရှိအုံးမှာလဲ]
တခြားသူတွေက အလန့်တကြားနဲ့ လှမ်းခိုးကြည့်လိုက်ကြပြီး သိချင်စိတ်တွေ ဖြစ်သွားကြတော့တယ်။
ဒီလူသုံးယောက်က ကျင့်ကြံရေးလောကမှာ ကြီးမားတဲ့ပုံရိပ် ရှိတဲ့သူတွေပဲ။ တောင်ထိပ်က ပန်းတွေလိုပဲ အမြဲတမ်း ကြည်ညိုဖို့ကောင်းတဲ့သူတွေ။ သူတို့နဲ့ပတ်သက်ပြီး ဒီလို ပြင်းထန်ပြီး သွေးထွက်အောင်မှန်တဲ့ အတင်းအဖျင်းတွေ ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
ယောက်ျားသုံးယောက်က မိန်းမတစ်ယောက်နဲ့ အတူတူနေတာတဲ့လေ။
ဂိုဏ်းကိစ္စတွေမှာ ဝင်ပါတတ်လေ့ မရှိတဲ့ ချန်ထျန်းဂိုဏ်း မဟာအကြီးအကဲက ခန်းမထဲမှာ ပေါ်လာတာလဲ မဆန်းတော့ပါဘူး။
လျှောက်သွားပြီး နေရာအတည်တကျ မသိတဲ့ ချန်ဖူဂိုဏ်းရဲ့ တပည့်ကလည်း ချန်ထျန်းဂိုဏ်းချုပ် ဆက်ခံတဲ့ပွဲကို တိတ်တိတ်လေး လာတက်တာလဲမဆန်းတော့ဘူး။
တကယ့်ရည်ရွယ်ချက်က သောက်ဖို့မှ မဟုတ်တာ။
ဒါပေါ့။ မျက်စိထဲမှာ ဆွဲဆောင်မှုအရှိဆုံးက အားလုံးရဲ့အာရုံကို ဖမ်းစားထားတဲ့ ဟယ်ဟွမ်းဂိုဏ်းချုပ် ရန်ဖေးကိုး။
သူမကတော့ လက်တစ်ဖက်မှာ အရက်ခွက်ကို ကိုင်ထားလေရဲ့။ အရက်ခွက်က သူမရဲ့လက်ချောင်းတွေကို ပိုပြီးသွယ်လျရှင်းလင်းနေစေတယ်။ သူမရဲ့လက်သည်းပေါ်က ခပ်ဖျော့ဖျော့ အနီရောင်က အားလုံးရဲ့နှလုံးသားထဲကို ပျံ့နှံ့ဝင်ရောက်သွားတဲ့အတိုင်းပဲ။
သူမက အရမ်းကို တည်ငြိမ်နေလိုက်တာ အပြင်ဘက်လာတဲ့အသံ ပြောနေတဲ့ ဇာတ်လိုက်က သူမဟုတ်တဲ့အတိုင်း။ အရက်ခွက်ကို ယူပြီး ဣန္ဒြေအပြည့်နဲ့ တစ်ငုံလောက် သောက်လိုက်သေးတယ်။
အံ့ဩစရာအကောင်းဆုံးတော့ မှင်ရည်လို မည်းနက်နေတဲ့ သူ့မျက်ဝန်းအစုံက အမြဲတမ်း စွဲမက်ဖွယ်ကောင်းနေတာပဲ။ အများကြီး ငေးကြည့်တာ ခံနေရပေမဲ့ သူကတော့ လုံးဝ ဂရုမစိုက်လေဘူး။ သူ့မျက်ခုံးတွေကို နည်းနည်းလောက် ပင့်ထားလိုက်ပြီး မပွင့်တပွင့်အပြုံးက လူတွေကို ရှက်သွေးဖြာသွားအောင် လုပ်နေတာ သူ့ကို ထပ်မကြည့်မရဲအောင်ပဲ။
ထိုက်အန်းခန်းမတစ်ခုလုံးက ရင်တထိတ်ထိတ်နဲ့ ငြိမ်သက်သွားခဲ့တယ်။
ငြိမ်သက်နေတဲ့ အခိုက်တန့်အတွင်းမှာ စကားတစ်ခွန်း ထွက်မလာခင်အထိပဲ။
[တော်ပါသေးရဲ့၊ အချင်းချင်း သိမနေကြလို့ပဲ၊ မဟုတ်လို့ကတော့ တကယ့်ပွဲဖြစ်မဲ့မြင်ကွင်း]
ဒီစကားကို ကြားလိုက်တော့ ချန်ထျန်းဂိုဏ်း မဟာအကြီးအကဲက သူ့ဒေါသကို ဆက်ပြီး ထိန်းမထားနိုင်တော့ဘဲ စားပွဲကို ဘုန်းခနဲ ရိုက်လိုက်ပြီး ထရပ်လိုက်တယ်။
“ရန်ဖေး မင်းပြောတော့ ငါနဲ့နေရတာ အကြိုက်ဆုံးဆို၊ ဘာလို့ တခြားသူတွေနဲ့ရော ပတ်သက်နေတာလဲ”
“မင်း ပြောခဲ့တဲ့ ဒီစကားလုံးချိုချိုတွေအားလုံးက အလိမ်အညာသက်သက်ပဲလား”
ရန်ဖေးက ခပ်ညင်ညင် သက်ပြင်းချလိုက်ပြီး မဟာအကြီးအကဲဆီ လျှောက်သွားလိုက်ပြီးတော့ မျက်ဝန်းလှလှလေးတွေနဲ့ သူ့ကို စိုက်ကြည့်ရင်း သက်ပြင်းတစ်ချက်နဲ့ ပြောလိုက်တော့တယ်။
“ကျွန်မက ရှင့်ကို ဘယ်လိုလုပ်ပြီး လိမ်ညာနိုင်ရက်မှာလဲ၊ ကျွန်မ ပြောတဲ့စကားလုံးတိုင်းက ကျွန်မရင်ထဲက လာတာပါ”
မဟာအကြီးအကဲရဲ့မျက်နှာထားက ပိုပြီးကောင်းလာခဲ့တယ်။
ရန်ဖေးက ဆက်ပြောတယ်။ “တစ်ခုပဲ ရှင် ကျွန်မကို နားလည်တယ်လို့ ထင်ထားခဲ့တာမိတာ ဒါပေမဲ့ ရှင် အဲလောက် သဘောထားသေးလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
“ဟယ်ဟွမ်းဂိုဏ်းချုပ်အနေနဲ့ ကျွန်မမှာ ချစ်တတ်တဲ့နှလုံးသားတစ်ခု ရှိပါတယ်၊ ဒီလောကမှာ ချစ်ရတဲ့သူတွေမှ အများကြီးပဲ၊ ကျွန်မက တစ်ယောက်ထဲကို ချစ်ပြီး ကျန်တဲ့လူတွေရဲ့ခံစားချက်ကို ဘယ်လို ပစ်ပယ်ထားရက်မှာလဲ”
ချန်ထျန်းဂိုဏ်း မဟာအကြီးအကဲ : “....”
တခြားလူများ : “....”
တော်လိုက်တဲ့အရည်အချင်းပဲ။
ကြာကူလီနေတာကိုတောင် ဒီလို လှပညက်ညောတဲ့စကားမျိုးနဲ့ ဖွင့်ဆိုနိုင်သတဲ့။
ရန်ဖေးက မဟာအကြီးအကဲရဲ့ ဒေါသထွက်နေတဲ့အမူအရာကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်က အပြုံးလှလှကို ပြန်သိမ်းထားလိုက်ပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်တယ်။
“ကြည့်ရတာ ရှင် တကယ် လက်မခံနိုင်တဲ့ပုံပဲ”
“ရှင်က ဘယ်လို လက်စားပြန်ချေချင်တာလဲ”
သူက ရှေ့တစ်လှမ်းတိုးလိုက်ပြီး သူ့သွယ်လျလျ လည်တိုင်ကို လှစ်ပြလိုက်တယ်။
“ကျွန်မကို သ-တ်မလို့လား”
မဟာအကြီးအကဲရဲ့လက်ထဲမှာ လျှပ်စီးတစ်ချက် လက်သွားပြီး သူက အံကြိတ်ပြီး ပြောလိုက်တယ်။
“ငါ မင်းကို မခွဲရက်နိုင်ဘူးလို့များ မင်းက ထင်နေတာလား”
“မလုပ်နဲ့__”
“ခဏ..”
ဒီအခိုက်မှာပဲ မရေမတွက်နိုင်တဲ့ လက်နက်တွေနဲ့ အကာအကွယ်တွေက ရန်ဖေးရဲ့ရှေ့မှာ ပေါ်လာပြီး သူ့အတွက် မားမားမတ်မတ် ကာကွယ်ပေးထားလို့နေတယ်။
မဟာအကြီးအကဲကလည်း ဟန်ပြသက်သက်ပါလေ။ ရန်ဖေးကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ လူအုပ်ကြီးတဲ့ တုံ့ပြန်မှုက သူကပဲ ရန်ဖေးကို သ-တ်တော့မဲ့ဖြစ်သွားအောင် ချက်ချင်း အတည်ပြုလိုက်သလို ဖြစ်သွားခဲ့တယ်။
သူလည်း လုပ်နေတာကို ကပျာကယာနဲ့ ရပ်ထားလိုက်တော့တယ်။
ရန်ဖေးက စိတ်ပျက်လက်ပျက်နဲ့ မဟာအကြီးအကဲကို ကြည့်လိုက်ပြီးတော့ “ရှင်က စိတ်ထဲထားမှတော့ ကျွန်မတို့နှစ်ယောက် အခုချိန်ကပြီး အဆက်အသွယ်ဖြတ်လိုက်ကြ....”
မဟာအကြီးအကဲက သူ့ရဲ့အေးစက်စက် မျက်နှာထားကို ကြည့်လိုက်ပြီး ကပျာကယာနဲ့ လွှတ်ခနဲ ပြောထွက်သွားတော့တယ်။
“ငါ စိတ်ထဲမထားပါဘူး”
အားလုံး: “…”
အမြဲတမ်း ဖြောင့်မတ်တဲ့ မဟာအကြီးအကဲကလည်း တကယ်တော့ လိုက်လျောပေးခဲ့ရတာတွေ ရှိသတဲ့လား။
ဒါပေမဲ့....
လူတစ်ယောက်ကတော့ ဟယ်ဟွမ်းဂိုဏ်းချုပ် ရှိနေတဲ့ဖက်ကို တိတ်တိတ်လေး လှမ်းကြည့်လိုက်တယ်။
ရန်ဖေးက မဟာအကြီးအကဲရဲ့အဖြေကို အံ့ဩတဲ့ပုံမပေါ်လေဘူး။ သူက နည်းနည်းလောက် မျက်လွှာချထားလိုက်တာ သူ့ပုံစံလေးက အရမ်းကို လှပလွန်းလို့ လူတွေအားလုံးက အသက်ရှူရပ်သွားတော့တယ်။
အားလုံးက အခိုက်တန့် ငေးမောသွားကြပြီး ဒီလိုမှင်တက်အံ့ဩစရာကောင်းတဲ့ နတ်သမီးလေးတစ်ယောက်က လူတချို့လိုပဲ နားလည်ရခက်ပါလားလို့ ရုတ်တရက် ခံစားလိုက်ရတော့တယ်။
အငြင်းပွားရမဲ့ကိစ္စကို ရှောင်လွဲနိုင်ခဲ့တယ်။
အဖြစ်အပျက် တစ်ခုလုံးကို စောင့်ကြည့်နေတဲ့ စူးလီက လေးစားတဲ့ဟန်နဲ့ ခေါင်းညိတ်လိုက်ပြီးတော့ ကောင်းကင်စာအုပ်ကို ကြည့်လိုက်တယ်။
[ဒါ အရမ်းကောင်းတာပဲ၊ အရမ်းတန်.... နေအုံး... ဘုရားရေ... ဟယ်ဟွမ်းဂိုဏ်းချုပ်က တကယ်က မိန်းမတစ်ယောက်လို ဝတ်စားထားတဲ့ ယောက်ျားကြီးတဲ့ဟ]
[မိုက်ချက်ပဲ... ယောက်ျားတွေကပဲ ယောကျ်ားတွေကို အနားလည်ဆုံး ဖြစ်နေတာကိုး]
[စိတ်ဝင်စားဖို့ကောင်းသားဟ]
....အယ် ဘာတဲ့။
ထိုက်အန်းခန်းမမှာ ပြန်ပြီး တရုံးရုံးဖြစ်သွားခဲ့တယ်။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
အားလုံးက ငေးကြောင်ကြောင်နဲ့ ဟယ်ဟွမ်းဂိုဏ်းချုပ်ရှိတဲ့ဘက်ကို ကြည့်လိုက်ကြတယ်။ သူတို့တွေ သူ့ကို အကြိမ်ကြိမ် တွေ့ခဲ့ကြပေမဲ့ သူ့အလှကြောင့် အထိတ်တလန့်ဖြစ်နေမိကြတုန်းပဲ။
လှုပ်ရှားချက်တိုင်းမှာ အရမ်းကို စွဲမက်စရာကောင်းတဲ့ လူတစ်ယောက်က ဘယ်လိုဖြစ်ပြီး ယောက်ျားတစ်ယောက် ဖြစ်နေတာတုံး။
ဝမ့်ကျန့်ဂိုဏ်းချုပ်ရဲ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူ့နှုတ်ခမ်းတွေကလည်း မသိမသာ တုန်ယင်နေလိုက်တာ မသိရင် အပြင်းအထန် အရိုက်ခံထားရတဲ့ပုံပဲ။
“ရန်ဖေး မင်းက တကယ်...”
သူ့စကားမဆုံးခင်မှာပဲ ထျန်းကျီးဂိုဏ်းချုပ်က ဖြတ်ပြောလိုက်တယ်။
ထျန်းကျီးဂိုဏ်းချုပ်က သိနေတယ်လေ။ သူသာ ဒီအတိုင်း ဆက်သွားရင် အပြင်လောကရဲ့ သံသယစိတ်တွေက သေချာပေါက် မြင့်တက်လာတော့မယ်။ သူက သူ့မုတ်ဆိတ်မွှေးဖြူပြီးကို သပ်လိုက်ပြီး ဒီကို မျှော်လင့်ထားခဲ့သလို ဟန်လုပ်ရင်း “ကျုပ်ကြားဖူးတာရှိတယ်၊ ဟယ်ဟွမ်းဂိုဏ်းရဲ့ ချစ်စိတ်တစ်ထောင်ဆံထိုးက အဆင့်ကူးပြောင်းခြင်းအခြေအနေကို တိုတောင်းအောင် လုပ်ပေးပြီး ကျင့်ကြံရေးကို တိုးတက်စေတဲ့အပြင် လိင်ဖြစ်တည်မှုကိုလည်း မကွဲပြားအောင် လုပ်လို့ရတယ်တဲ့...”
ရန်ဖေးက တဟင်းဟင်း ရယ်မောလိုက်ပြီး “ဂိုဏ်းချုပ်က အသိပညာ ကြွယ်ဝလှပါပေတယ်”
ထျန်းကျီးဂိုဏ်းချုပ်မှာ သူ့အပြုံးကြောင့် တဒင်္ဂ မှင်တက်သွားပြီး မြန်မြန် အကြည့်လွှဲလိုက်တော့တယ်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး... စကားအရမ်း များခဲ့မိတာ ကျုပ်အမှားပါ၊ မင်းက တခြားတစ်ယောက်ကိုပဲ ကြည့်သင့်ပါတယ်”
သူတို့စကားကို ကြားလိုက်တော့ ဝမ့်ကျန့်ဂိုဏ်းချုပ်ရဲ့မျက်နှာက ပိုပြီးရှုံ့မဲ့သွားခဲ့တယ်။ သူက တုန်တုန်ယင်ယင်နဲ့ ပြောပါရော။
“ရန်ဖေး မင်းက တကယ်တော့ ယောက်ျားတစ်ယောက်ပဲ”
ရန်ဖေးက ပေါ့ပေါ့ပါးပါး ခြေလှမ်းတွေနဲ့ သူ့ရှေ့ကို ရောက်လာခဲ့တယ်။ သူက လက်မြှောက်ပြီး သူ့ဆံထိုးကို ဆွဲထုတ်လိုက်တော့ သူ့ရဲ့မှင်ရည်လို နက်မှောင်နေတဲ့ ဆံနွယ်တွေက ပြေလျော့သွားပြီး သူ့ရဲ့ယောက်ျားဆန်တဲ့ လက္ခဏာတချို့က တဖြည်းဖြည်း ပေါ်လာတော့တယ်။
တည်ငြိမ်တဲ့ခွန်အားနဲ့ ဆွဲဆောင်မှုတို့က ပြီးပြည့်စုံအောင် ရောယှက်သွားတယ်။ သူက မျက်လုံးကို နည်းနည်း ပင့်ကြည့်လိုက်တော့ သူ့မျက်ဝန်းတွေက စွဲမက်ဖွယ်အပြည့်ဖြစ်နေပေမဲ့ ပါးလျလျ စူးရှုမှုတစ်ခုက ရှိနေတုန်းပဲ။
ဒါက မိန်းမတစ်ယောက်လို ဟန်ဆောင်ထားတဲ့အချိန်တုန်းကထက် သူ့ကို ပိုပြီးထူးခြားသွားစေတယ်။
ခန်းမထဲက လူအားလုံးက ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အချိန်မှာတော့ ယောက်ျားရော မိန်းမရောက တစ်ပြိုင်ထဲ တံတွေးမျိုချလိုက်မိပါရော။
ရန်ဖေးက တခြားသူတွေရဲ့ အကြည့်ကို မေ့ထားတဲ့ပုံပဲ။ သူ့အသံလေးက အရင်ကထက် နည်းနည်းလေး ပိုဩနေပေမဲ့ ပိုပြီး ဆွဲဆောင်မှုရှိနေပြန်တယ်။
“ယောက်ျားလေး ဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အရေးကြီးလို့လား”
ဝမ့်ကျန့်ဂိုဏ်းချုပ်က မယုံမကြည်ဖြစ်နေသေးတာကို မြင်လိုက်ရတော့ သူက လက်ကို ဆန့်ထုတ်ပြီး သူ့မေးစေ့ကို အသာအယာ ပင့်လိုက်ပြီး သူ့အနား ပိုကပ်သွားလိုက်ပေမဲ့ လက်မအနည်းငယ်အရောက် သူ့နားနားကို တိုးတိုးလေး ပြောလိုက်တော့တယ်။
“နောက်ပြီး ရှင်လဲ ကောင်းခဲ့တယ်မလား”
ဝုန်း___
ဝမ့်ကျန့်ဂိုဏ်းချုပ်ရဲ့ခန္ဓာကိုယ်ထဲက သွေးအားလုံး သူ့မျက်နှာပေါ်ကို ဆောင့်တက်လာတဲ့အတိုင်းပဲ။ သူက ပါးစပ်ကို ဖွင့်လိုက် ပိတ်လိုက်လုပ်နေပေမဲ့ ဘာပြောရမယ်မှန်း မသိတော့ဘူး။
ရန်ဖေးရဲ့အသံက တိုးပေမဲ့ နေရာမှာရှိနေကြတဲ့သူအားလုံးက အဆင့်မြင့်ကျင့်ကြံသူတွေလေ။ ဒီတော့ သူတို့က သူ ပြောလိုက်တဲ့စကားကို ဘယ်လိုလုပ် မကြားဘဲနေမှာပဲ။
အားလုံးရဲ့အမူအရာက ရုတ်တရက် အရမ်းကို ရှုပ်ထွေးသွားခဲ့ကြတယ်။ ဓားသိုင်းကျင့်ကြံသူတွေက ဓားဝိညာဉ်ကို ထုတ်ယူနိုင်တဲ့နည်းလမ်းအကြောင်း အပြင်ကအသံပြောတဲ့ခဲ့စကားကို စဉ်းစားမိလိုက်တဲ့အချိန်မှာတော့ လူအများစုက ဝမ့်ကျန့်ဂိုဏ်းချုပ်ရဲ့ အောက်ဘက်က နေရာကို စဉ်းစဉ်းစားစားနဲ့ ကြည့်လိုက်ကြတော့တယ်။
ဝမ့်ကျန့်ဂိုဏ်းချုပ်က တကယ်ကြီးလား။
စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရဘူးပဲ။
ဝမ့်ကျန့်ဂိုဏ်းချုပ်မှာ အရမ်းကို ရှက်ရွံ့ ဒေါသဖြစ်သွားပြီး သေချင်စိတ်ပေါက်သွားတော့တယ်။ သူ အဲလိုကိစ္စတွေကို သူနဲ့ လုံးဝမလုပ်ခဲ့တာပါ။ ဒါပေမဲ့ သူ့မှာ ဒီစကားကို ပြောဖို့ကလည်း အဲလောက် အရည်မထူနေပြန်ဘူး။ သူ့ခမျာ သူ့နာမည် ဖျက်ဆီးခံနေရတာကိုပဲ ရပ်ကြည့်နေနိုင်တော့တယ်။
ရန်ဖေးက သူ့မေးကို ချီထားပြီးတော့ ခန်းမထဲကလူတွေကို လှမ်းကြည့်လိုက်တယ်။ ဒီအချိန်မှာတော့ ဘယ်သူမှ သူ့ကို မကြည့်ရဲရှာဘူး။
ဘယ်သူကမှ ဂိုဏ်းချုပ်ကြီးလို လူရှေ့မှာ ဖော်ထုတ်ခံရမှာ မလိုလားဘူးလေ။ နောက်ဆိုရင် သူ့မှာ လူသားတစ်ယောက်လို ဘယ်လို ဆက်ပြီးအသက်ရှင်နိုင်မှာလဲ။
ဘယ်သူကမှ ဟယ်ဟွမ်းဂိုဏ်းချုပ်ကို မေးခွန်းမထုတ်ရဲကြဘူး။
ရန်ဖေးကတော့ သူ့ထိုင်ခုံဆီကို အေးအေးဆေးဆေး ပြန်သွားလိုက်တော့တယ်။
စူးလီကတော့ သူမြင်လိုက်တာကို တအံ့တဩဖြစ်မိတုန်းပဲ။
[ဒီလို ပွဲဖြစ်တော့မဲ့အရေးကို တချက်လောက် မှောက်ချီလှန်ချီလုပ်လိုက်တာနဲ့ အဲလောက် လွယ်လွယ်လေး ဖြေရှင်းနိုင်သွားသတဲ့]
[ဟယ်ဟွမ်းဂိုဏ်းချုပ်ကတော့ ဟယ်ဟွမ်းဂိုဏ်းချုပ်ပါပဲ]
[ဒါကို ကြည့်လိုက်ရတော့ ဝမ့်ကျန့်ဂိုဏ်းချုပ်က တကယ် ကံဆိုးသူဖြစ်သွားတာပဲ]
[တပည့်ကလည်း ပြောပြလို့မရတဲ့ “ဝါသနာတွေနဲ့ စိတ်ဝင်စားမှုတွေ”ရှိတယ်]
[ကြိုက်မိတဲ့သူကလည်း သူ့ခြေထောက်အောက်မှာ လှေသုံးစီးနဲ့၊ လှေတစ်စီးစီကလည်း သူ့ကိုယ်ပိုင် ထူးခြားတဲ့လက္ခဏာတွေနဲ့၊ သူ့ထက်ဆိုးတဲ့သူတွေ မပါဘူး]
[သူ ကြိုက်တဲ့သူကလဲ မိန်းမလို ဟန်ဆောင်ထားပြီး နှစ်ရာချီအောင် သူ့နှလုံးသားကို လှည့်စားထားခဲ့တာ]
[ဒါက သူ့မှာ အချစ်အတွက်ကလွဲပြီး လုပ်ခဲ့တာ ဘာမှမရှိဘူးလို့ ပြလိုက်တာပဲ]
အဲဒီလိုပြောလိုက်ပြီးတော့ စူးလီမှာ သူ့အတွက် ကိုယ်ချင်းစာမိပြီး မျက်ရည်မကျဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။
[တော်ပါသေးရဲ့... ချန်ထျန်းဂိုဏ်းက သူဆီမှာတင်နေတဲ့ ဝိညာဉ်ကျောက်တုံးအကြွေးကို ပြန်မဆပ်နိုင်တာ မသိသေးပေလို့ပဲ မဟုတ်လို့ကတော့....]
သူမ ပြောလိုက်တဲ့ ညည်းညူတဲ့စကားတိုင်းက ဝမ့်ကျန့်ဂိုဏ်းချုပ်ကို ပိုပြီး ဖြူဆုတ်လာစေတော့တယ်။
နောက်ဆုံးတော့ သူ သတိပြန်ဝင်လာတဲ့ပုံပဲ။ ရုတ်တရက်ခေါင်းမော့လိုက်ပြီး ခန်းမရှေ့ကို ကြည့်လိုက်ပြီး လက်တစ်ဖက်က ဘေးမှာချထားတဲ့ ဖွားဖက်တော်ဓားပေါ်ကို တင်ထားလိုက်ပြီး ရိုက်တော့မဲ့ပုံနဲ့ ပြောလိုက်တော့တယ်။
“ကျန်းလူကြီးမင်း ချန်ထျန်းဂိုဏ်းက ဝမ့်ကျန့်ဂိုဏ်းပေါ်မှာ တင်နေတဲ့ အကြွေး ၆.၂သန်းကို ပြန်ပေးသင့်ပြီ”
အခုတော့ ဖြူဆုတ်သွားတဲ့မျက်နှာပိုင်ရှင်က အခုလေးတင်ပွဲကြည့်နေတဲ့ ချန်ထျန်းဂိုဏ်းချုပ် ဖြစ်သွားတော့တယ်။
သူက ငိုထာထက်ဆိုးတဲ့ အပြုံးတစ်ခုကို အတင်းထုတ်ပြလိုက်ပြီး “ဒီနေ့တော့ တကယ် အဆင်မပြေသေး....”
သူ့စကားမဆုံးခင်မှာပဲ ဝမ်းနည်းပြီး နစ်နာနေတဲ့လေသံတစ်ခုက ဖြတ်ပြောလိုက်တယ်။ သူ လှည့်ကြည့်လိုက်တော့ အရေတွန့်နေတဲ့မျက်နှာနဲ့ ထျန်းကျီးဂိုဏ်းချုပ် ဖြစ်နေတယ်။
“ကျုပ်တို့ထျန်းကျီးဂိုဏ်းအတွက်လဲ မလွယ်လှပါဘူး၊ ကျုပ်တို့တွေ ပိုင်ဆိုင်မှုအကြောင်း ပြောရတိုင်း အဖြစ်မှန်တွေ ပေါက်ကြားသွားမဲ့အရေးကို စွန့်စားရတယ်၊ ကျုပ်တို့လည်း ကျုပ်တို့ရဲ့ငွေတွေကို ခက်ခက်ခဲခဲ ရှာရတာပါ” ထျန်းကျီးဂိုဏ်းချုပ်က ခါးခါးသီးသီး ဖြစ်နေတဲ့ မျက်နှာနဲ့ နစ်နာသူတစ်ယောက်လို လုပ်ပြရင်း ခြိမ်းခြောက်နေပြန်တယ်။
“ချန်ထျန်းဂိုဏ်းက ဂိုဏ်းကြီးခြောက်ခုထဲက တစ်ခုပဲ၊ ဂိုဏ်းချုပ်ကျန်းက ငယ်ရွယ်ပြီး အလားအလာရှိပါတယ်၊ သူက ဝိညာဉ်ကျောက်တုံးတွေကို ပြန်မဆပ်ဘဲနဲ့တော့ နေမှာမဟုတ်ပါဘူး”
“ဒီတော့ ချန်ထျန်းဂိုဏ်းက ထျန်းကျီးဂိုဏ်းပေါ်တင်နေတဲ့ အကြွေး ဝိညာဉ်ကျောက်တုံး ၂၃သန်းကို ဒီနေ့ သေချာပေါက် ပြန်ဆပ်လိမ့်မယ်၊ ဟုတ်တယ်မလား”
ချန်းထျန်းဂိုဏ်း၏အကြီးဆုံး အကြွေးရှင်ဖြစ်တဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကလည်း အရမ်းများ နောက်ကျသွားရင် ချန်ထျန်းဂိုဏ်းမှာ ပေးစရာ မကျန်တော့မှာစိုးတာနဲ့ သူလည်း အလောတကြီး ပြောလိုက်တော့တယ်။
“ဆိုးရိုးစကားအတိုင်းပဲလေ၊ ချေးထားရင်တော့ သေချာပေါက် ပြန်ဆပ်ရမှာပေါ့၊ ချန်ထျန်းဂိုဏ်းက သန်း၄၀လုံး ပြန်မပေးနိုင်သေးဘူးဆိုရင်လဲ အရင်ဆုံး တစ်ဝက်ပေးထားလို့ရပါတယ်”
“ဒီလိုဆိုရင် ကျန်းဂိုဏ်းချုပ်က ဝိညာဉ်ကျောက်တုံး ထပ်လာချေးငှားတဲ့အခါ ကျုပ်လဲ ဂိုဏ်းကို ဖြေရှင်းချက်တစ်ခု ပေးလို့ရတာပေါ့။
“အော်မီတော်ဖော်” ချန်ဖူးဂိုဏ်းချုပ်ရဲ့ မျက်လုံးတွေက သနားကြင်နာမှုအပြည့်ဖြစ်နေပေမဲ့ သူ့လက်ထဲက ပုတီးတွေကတော့ မတိုက်ခိုက်မှာပဲ တွေ့ရတဲ့ ရွှေအလင်းတန်းတွေ ထုတ်လွှတ်လို့နေတယ်။
ချန်ထျန်းဂိုဏ်းချုပ်က အချိန်မရွေးတိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီး သူ့ကို ဝါးစားမတတ် ကြည့်နေကြတဲ့ လူအားလုံးကို ကြည့်လိုက်တယ်။ သူ့မှာတော့ သူ့မျက်နှာထက်တောင် ရှင်းလင်းနေတဲ့ ဂိုဒေါင်ကြီးကို စဉ်းစားလိုက်ပြီး သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတော့တယ်။ ငါ့ဘဝတော့ သွားပြီ....
သူ့ပြာအိုးကို ဘယ်မှာမြှုပ်ရပါ့လို့ ဆုံးဖြတ်ပြီးလိုက်တဲ့အချိန်မှာပဲ ကောင်းကင်ပေါ်ကက အသံက ထပ်ထွက်လာပြန်တယ်။
[သူ ဒုက္ခရောက်မှာ အကြောက်ဆုံးသူတွေက ကြွေးရှင်းတွေ ဖြစ်ရမှာမလား]
[သူ့မှာ အဲလောက်များတဲ့ ဝိညာဉ်ကျောက်တုံးတွေ အကြွေးတင်နေတာ၊ သူ့အတွက် ကျင့်ကြံရေးလောကထဲက လမ်းကြိုလမ်းကြားထဲ လျှောက်သွားနေဖို့တောင် လုံလောက်နေပြီ]
...