← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အပိုင်း(၃)

စူးလီက တိမ်လွှာကြးမုံပေါ်က ချန်းထျန်းဂိုဏ်းချုပ်ရဲ့ ဖြူဆုတ်နေတဲ့ မျက်နှာကို ကြည့်လိုက်တယ်။ သူ့ကြည့်ရတာ သူ့ကံကြမ္မာကို လက်ခံလိုက်တဲ့ပုံပဲ။ အကြွေးပြန်မဆပ်ကြတဲ့ ခေတ်သစ်က အကြွေးပေးရမဲ့သူတွေကို စဉ်းစားကြည့်မိလိုက်ပြီး ခေါင်းခါပြီး ပြောလိုက်တော့တယ်။

[ချန်ထျန်းဂိုဏ်းချုပ်ရဲ့မျက်နှာကို ကြည့်ရတာ သူ့အပြစ်ကြွေးကို ပေးဆပ်ဖို့ သေချင်နေတဲ့ပုံပဲ]

[ကျင့်ကြံရေးလောက လူတွေကလည်း အရမ်းကို လွယ်ကူပြီး ရိုးသားလိုက်ကြတာ]

ထိုက်အန်းခန်းမထဲမှာ အပြင်လောရဲ့ အသံကို ကြားလိုက်မိတော့ ချန်ထျန်းဂိုဏ်းချုပ်မှာ သူ့ပုံလျက်ကျနေတဲ့ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပြန်မတ်လာခဲ့ပြီး သူ့မျက်လုံးတွေကလဲ ပိုပိုပြီး တောက်ပလာခဲ့တယ်။

ဟုတ်တာပဲ။

ချန်ထျန်းဂိုဏ်းက အစကတည်းက ဆင်းရဲပြီးသား။ သူ အသက်ရှင်နေရင် အနည်းဆုံးတော့ ဝိညာဉ်ကျောက်တုံးနည်းနည်းဖြစ်ဖြစ် ပြန်ဆပ်နိုင်တာပေါ့။ သူ သေသွားရင်တော့ ချန်ထျန်းဂိုဏ်းက ဖရိုဖရဲ ဖြစ်သွားတော့မယ်။ သူသာ အဲဒီအချိန်အထိ ဝိညာဉ်ကျောက်တုံးတွေကို ဆက်မချေးခဲ့ရင် သူတို့လည်း ပျော်သွားကြမှာပဲ။

ဒီလိုစဉ်းစားလိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်က သူ့အပေါ်ဝတ်ရုံကို ဆွဲဆန့်လိုက်ပြီး ကွေးတက်ချင်နေတဲ့ သူ့နှုတ်ခမ်းကို ဖိနှိပ်ထားရင်း ‘ဖြောင့်မတ်မှန်ကန်တဲ့”မျက်နှာတစ်ခုနဲ့ အားလုံးကို ဦးညွှတ်လိုက်တယ်။

“လေးစားရပါတဲ့ တာအိုရောင်းရင်းတို့... ချန်ထျန်းဂိုဏ်းက အခုချိန်မှာ တကယ့်ကို ဆင်းရဲလှပါတယ်၊ ဂိုဏ်းကတပည့်တွေရဲ့ဝင်ငွေတောင် ကုန်သလောက်နီးပါး ဖြစ်နေပါပြီ”

“ကျုပ်က ဂိုဏ်းကြီးတွေဆီမှာ ဝိညာဉ်ကျောက်တုံးတွေ အကြွေးတင်နေပေမဲ့ ကျုပ်မှာလဲ ပြန်ဆပ်ပေးဖို့ရာက တကယ့်ကို အားအင်မရှိသေးတာပါ”

အပြင်လောကရဲ့အသံက ပထမဆုံးတစ်ခွန်း ပြောလိုက်တဲ့အချိန်ကတည်းက ဝမ့်ကျန့်ဂိုဏ်းချုပ်ရဲ့ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီးပြီ။

ချန်ထျန်းဂိုဏ်းရဲ့ အဖြေကို ကြားလိုက်ရတော့ သူက မွေးရာပါဓားကို တစ်လက်မချင်း ဆွဲထုတ်ရင်း

“ဒီတော့ ချန်ထျန်းဂိုဏ်းက ငွေပြန်မပေးတော့ဘူးလား”

ဒီမြင်ကွင်းကြောင့် ချန်ထျန်းဂိုဏ်းချုပ် မျက်လုံးကို မှိတ်လိုက်ပြီးတော့ ရှေ့ကို နှစ်လှမ်းလောက် လှမ်းလိုက်ပြီး ဝင့်ဝင့်ကြွားကြွားနဲ့ပဲ ပြောလိုက်တယ်။

“ခင်ဗျားတို့ လုပ်ရဲရင်တော့ လုပ်လိုက်ကြပါတော့”

ဝမ့်ကျန့်ဂိုဏ်းချုပ်က အလွန်ဒေါသထွက်သွာပြီး သူ့ရင်ဘတ်တွေက တုန်ခါနေပေမဲ့ ဓားကို ကိုင်ထားတဲ့လက်ကတော့ အရမ်းကို မြဲမြဲမြံမြံပဲ။ ဓားရောင်က စူးလက်နေပြီး ချန်ထျန်းဂိုဏ်းချုပ်ဆီကို ပြေးဝင်တော့မဲ့အတိုင်းပဲ။

“ချီဂိုဏ်းချုပ်ကြီး... ဒါတော့ မဖြစ်ဘူး” သူ့ဘေးမှာ ရပ်နေတဲ့ ထျန်းကျီးဂိုဏ်းချုပ်က မြန်မြန် လှုပ်ရှားလိုက်ပြီး သူ့လက်ကို ဖမ်းဆွဲထားလိုက်တယ်။

တခြားသူတွေကလဲ သတိဝင်လာပြီး အကြံပြုကြတော့တယ်။

“ချီဂိုဏ်းချုပ်ကြီး... ကျေးဇူးပြုပြီး စိတ်ရှည်ပေးပါ၊ ဒီနေရာမှာ ကျုပ်တို့လူတွေ အများကြီး ရှိတာပဲ၊ ကျန်းဂိုဏ်းချုပ်ကြီးက အကြွေးကို ပြန်မဆပ်တဲ့ လူညစ်ကြီးတစ်ယောက်လိုတော့ သေချာပေါက် လုပ်မှာ မဟုတ်ပါဘူး”

“ဟုတ်တယ်၊ ဂိုဏ်းအားလုံးက ချန်ထျန်းဂိုဏ်းနဲ့ ဖြေရှင်းစရာကိစ္စတွေရှိနေတာပဲ၊ ကျန်းဂိုဏ်းချုပ်ကြီး အမြင်ကျဉ်းပြီး အရင်းအနှီးအားလုံးကို ကုန်အောင်လုပ်မှာမဟုတ်ဘူးလို့ ကျုပ် ယုံတယ်”

“ဟုတ်တယ်...”

အခုတော့ ဆွေးနွေးဖို့ကလွဲ အားလုံးမှာလဲ ချန်ထျန်းဂိုဏ်းချုပ်နဲ့ ဖြေရှင်းစရာ နည်းလမ်းမရှိတော့ဘူး။ ခြေဗလာနဲ့လူကတော့ ဖိနပ်ပါတဲ့သူတွေကို ကြောက်နေတော့မှာ မဟုတ်ဘူးလေ။ ခိုက်ရန်ဖြစ်ပွားခဲ့ရင်လဲ နစ်နာမဲ့သူက ကြွေးရှင်တွေပဲ။

ချန်ထျန်းဂိုဏ်းချုပ်က ဒေါသတွေကို ထိန်းချုပ်ဖို့ အကောင်းဆုံးကြိုးစားရင်း သူ့အပေါ် ကောင်းချင်ဟန်ဆောင်နေကြတဲ့ ခန်းမထဲက လူအားလုံးကို ကြည့်လိုက်ပြီး နည်းနည်း စိတ်မလုံမလဲ ဖြစ်သွားခဲ့တယ်။ သူ့မှာလဲ ရွေးစရာမရှိလို့ပါလေ။

ဝိညာဉ်ကျောက်တုံး သန်း၁၀၀ကျော်ကို ချန်ထျန်းဂိုဏ်း အပေါက်ဖြစ်သွားခဲ့ရင်တောင် နည်းနည်းလေး ပြန်ဆပ်နိုင်ဖို့က လုံလောက်နိုင်စရာမရှိဘူး။

ဂိုဏ်းအတွက် သူ့မှာ ဒီကြွေးရှင်တွေကို တောင်းပန်ရုံပဲ တတ်နိုင်တော့တယ်။

သူက ကိုယ်ကို မတ်လိုက်ပြီး တည်ကြည်ဖြောင့်မတ်မှုအပြည့်နဲ့ သူ့မျက်နှာက အခုတော့ ဖောက်ပြန်ချင်တဲ့ရုပ်ဖြစ်နေတော့တယ်။

“တာအိုရောင်းရင်းတို့ စိတ်မပူကြပါနဲ့၊ ချန်ထျန်းဂိုဏ်း ဒီနေရာမှာ ရှိနေသရွေ့... ကျုပ် ကျန်းမုန့်လင် အသက်ရှင်နေသရွေ့... အလုပ်ကြိုးစားပြီး ဂိုဏ်းက တင်နေတဲ့အကြွေး ဝိညာဉ်ကျောက်တုံးတွေကို သေချာပေါက် ပြန်ဆပ်ပါ့မယ်”

ထျန်းကျီးဂိုဏ်းချုပ်က ဝမ့်ကျန့်ဂိုဏ်းချုပ်ဘေး ရပ်နေပြီး ဒီစကားကို ကြားလိုက်တော့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကို တားထားတဲ့ သူ့လက်တွေကို ဖြည်းဖြည်းချင်း ချထားလိုက်တော့တယ်။ သူ့ရင်ဘတ်က အပြင်းအထန်ကို နိမ့်လိုက် မြင့်လိုက်ဖြစ်နေတော့တယ်။ - ဒီတော့ သူတို့တွေက ဝိညာဉ်ကျောက်တုံးကို ပြန်မရတဲ့အပြင် ချန်ထျန်းဂိုဏ်းနဲ့ ကျန်းမုန့်လင်ကိုလဲ ကာကွယ်ပေးရမယ်ပေါ့လေ။

ဗျာများနေတဲ့ သူ့စိတ်ထဲမှာ သူ့ကိုယ်သူ နားချမိတော့တယ်။ - ဝိညာဉ်ကျောက်တုံး ၂၃သန်း၊ ဝိညာဉ်ကျောက်တုံး ၂၃သန်းဟ။ ငါ ကျန်းမုန့်လင်ကို သ-တ်လိုက်ရင် ဘာမှ ရတော့မှာ မဟုတ်ဘူး။ လုပ်လို့မဖြစ်ဘူး။

တခြားသူတွေကလဲ သူ့စိတ်ကူးနဲ့ တထပ်ထဲပဲ။ သူတို့တွေမှာ ဒေါသကြောင့် တုန်ယင်နေကြရင်တောင် သူတို့တွေက အပေါ်ယံမှာ တည်ငြိမ်အောင် ကြိုးစားနေကြတုန်းပဲ။

“တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး စိတ်ရှည်ကြပါ” ဝိညာဉ်ကျောက်တုံး အများဆုံး ချေးထားပေးရတဲ့ ရွှင့်ချန်ဂိုဏ်းချုပ်က ဖြန်ဖြေပေးဖို့ အံကြိတ်လိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ် ရှိတဲ့ဘက်ကို လှည့်လိုက်ပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြုံးလိုက်ပြီးတော့ “ကျန်းဂိုဏ်းချုပ်ကြီး... အခုဆိုရင် တာအိုရောင်းရင်းတို့အားလုံး ဒီနေရာကို ရောက်နေကြပြီ၊ ခင်ဗျားက ကျုပ်တို့ကို ဖြေရှင်းချက်တစ်ခုတော့ ပေးသင့်တယ်လို့ မထင်ဘူးလား”

“ခင်ဗျား ကျုပ်တို့ကို လက်ဗလာနဲ့တော့ ပြန်ခိုင်းမှာမဟုတ်ပါဘူး၊ ဟုတ်တယ်မလား”

“ထျန်းဂိုဏ်းချုပ်ကြီးပြောတာ မှန်ပါတယ်” ချန်ထျန်းဂိုဏ်းချုပ်က ခဏလောက် တွေးတွေးဆဆ စဉ်းစားလိုက်ပြီး သူ့စိတ်ကို မြန်မြန် အလုပ်ပေးလိုက်တယ်။

“အခုတော့ ချန်ထျန်းဂိုဏ်းမှာ တကယ်ပဲ ဝိညာဉ်ကျောက်တုံးတွေ မရှိပါဘူး, နောက်ပြီး နှစ်ပေါင်းထောင်ချီအောင် လက်ဆင့်ကန်းလာခဲ့တဲ့ ဝိညာဉ်ကျောက်တုံး ဘဏ္ဍာတိုက်ကိုလဲ ကြိုတင်သတ်မှတ်ထားပြီးသား ချန်ထျန်းဂိုဏ်းရဲ့တပည့်တွေကပဲ ရယူနိုင်ပါတယ်”

ဒီအချိန်မှာတော့ သူ့မျက်နှာက စိတ်ရင်းပိုပေါ်လာပြီး ပိုလေးနက်လာခဲ့တယ်။ သူ့ကို တွေ့ကြတဲ့သူတိုင်းကတော့ သူဟာ ပေးထားတဲ့ကတိကို သေချာပေါက်တည်မဲ့ ဖြောင့်မတ်မှန်ကန်တဲ့ဂိုဏ်းချုပ်တစ်ယောက်လို့ ထင်ကြလိမ့်မယ်။

“ဒီလိုဆိုရင်ကော... ချန်ထျန်းဂိုဏ်းချုပ်အနေနဲ့ ကျုပ် ကတိပေး....”

“အခုချိန်ကစပြီး ချန်ထျန်းဂိုဏ်းက ဂိုဏ်းရဲ့မသုံးမဖြစ် အသုံးစရိတ်ကလွဲရင် ရှာဖွေရသမျှ ဝိညာဉ်ကျောက်တုံးတွေအားလုံးကို အကြွေးပြန်ဆပ်တဲ့နေရာမှာ သုံးပါ့မယ်”

လေထုက မွှန်းကြပ်တဲ့တိတ်ဆိတ်မှုတစ်ခုနဲ့ ပြည့်နက်သွားခဲ့တယ်...

မနေ့ကဆိုရင်တော့ သူ့ကတိကို လူတချို့က ယုံချင်ယုံလိမ့်မယ်ဆိုပေမဲ့ ဒီနေ့ပြီးသွားရင်တော့...

ဟဟ...

ကျန်းမုန့်လင်က ဝင်မနှောင့်ယှက်ပါဘူးလို့ ဘယ်သူ သိမှာလဲ။ သူက အခုချိန်မှာ ကျိန်ပြောနေရင်တောင် ဒါက အသုံးဝင်မှာ မဟုတ်ဘူး။ ဂိုဏ်းအသုံးစရိတ်နဲ့တင် ဖြတ်ခုတ်စရာ ကြားပေါက်တွေကမှ အများကြီးပဲ။

ချန်ထျန်းဂိုဏ်းချုပ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ‘ရင်နာတဲ့’ရုပ်တွေနဲ့ နှုတ်ဆိတ်နေကြတဲ့ လူအုပ်ကြီးကို မြင်လိုက်ရတော့တယ်။

“ရောင်းရင်းတို့အားလုံးက ကျုပ်ကို မယုံကြဘူးလား”

သူ့စကားဆုံးသွားတာနဲ့ချက်ချင်းပဲ အားလုံးရဲ့မျက်လုံးတွေက ရုတ်တရက်ဆိုသလို ရှင်းမပြတတ်အောင် ဖြစ်လာခဲ့တယ်။ - သူတို့လဲ သူ့ကို ယုံချင်ပါတယ်။ ဒါပေမဲ့ သူက ဒီနေ့ သူလုပ်ခဲ့တာတွေကို ပြန်တောင်လှည့်မကြည့်ဘူးလေ။

သူတို့တွေက ဒါကို ယုံရဲပါအုံးမလား။

“ဒါပေါ့ ကျုပ် ကျန်းဂိုဏ်းချုပ်ကြီးကို ယုံပါတယ်” ရွှင့်ချန်ဂိုဏ်းချုပ်က ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်ပြီး တခြားအကြောင်းကို ကို စဉ်းစားလိုက်တယ်။

“အဲလိုပြောမှပဲ ကျုပ်တပည့်အရင်းက ချန်ထျန်းဂိုဏ်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာပဲ”

“ချန်ထျန်းဂိုဏ်း တပည့်က လမ်းပြပေးခဲ့တဲ့ ကျေးဇူးကြောင့် သူ အမှန်တရားကို သိနားလည်သွားပြီး မှန်ကန်တဲ့ ကျင့်ကြံရေးလမ်ကြောင်းပေါ်ကို တက်လှမ်းနိုင်ခဲ့တာ”

“ဒါက အရမ်းကို ရိုးရှင်းတဲ့ကိစ္စလေးပါ.. ဘယ်လိုဖြစ်ပြီး ကျေးဇူးတင်စရာပြော....”

ချန်ထျန်းဂိုဏ်းချုပ်မှာ သူ့စကားမဆုံးခင်မှာပဲ ရွှင့်ချန်ဂိုဏ်းချုပ် စကားဖြတ်ပြောတာ ခံလိုက်ရတယ်။

“ရှချင်က အမြဲတမ်း ကျေးဇူးတင်စိတ်နဲ့ ချန်ထျန်းဂိုဏ်းရဲ့စေတနာကို ကျေးဇူးပြန်ဆပ်ချင်နေတာပါ”

ရွှင့်ချန်ဂိုဏ်းချူပ်က အပြုံးလေးနဲ့ ပြောလိုက်တယ်။

“ကျန်းဂိုဏ်းချုပ်က စိတ်မရှိဘူးဆိုရင် ကျုပ် ရှချင်ကို ချန်ထျန်းဂိုဏ်းမှာ ထားခဲ့ပြီး သူ့ကို လည်ပတ်ခွင့်လေး ပေးစေချင်ပါတယ်”

“ကျွန်မက တပည့်တစ်ယောက်အနေနဲ့ အဆင့်-၄ ဆေးလုံးကိုပဲ သန့်စင်ပေးနိုင်ပေးနိုင်ပေမဲ့ ချန်ထျန်းဂိုဏ်းကို နည်းနည်းပါးပါးတော့ အကူအညီပေးနိုင်ပါသေးတယ်”

အဆင့်-၄ဆေးလုံးတဲ့ဟ။ နည်းနည်းလေး ပိုကောင်းတဲ့ အဆင့်-၄ဆေးလုံးကို ဝိညာဉ်ကျောက်တုံး အခု၁၀၀၀နဲ့တောင် ဝယ်လို့မရဘူး။ ဒါက အလကားရတာပဲ။

ချန်ထျန်းဂိုဏ်းချုပ်က ငြင်းပယ်တော့မဲ့ သူ့စကားလုံးတွေကို ပြန်မျိုချထားလိုက်ပြီး သူ့မျက်လုံးတွေက လင်းလက်သွားခဲ့တယ်။

“ဒါပေါ့ စိတ်မကွက်ပါဘူးဗျာ၊ ကြိုဆိုပါတယ်”

အကြောင်းအရာတစ်ခုလုံးကို နားထောင်ပြီးသွားတော့ ခန်းမထဲက တခြားဂိုဏ်းချုပ်တွေကလည်း သူတို့စိတ်ထဲတွင် ကျိတ်ပြီး ဝေဖန်ကြတော့တယ်။ - တကယ့်‌ မြေခွေးအိုကြီးပဲ။

တပည့်တွေကို ချန်ထျန်းဂိုဏ်းကို ပို့ထားပြီး အပေါ်ယံတော့ ကူညီပေးပေမဲ့ တကယ်တမ်းတော့ စောင့်ကြည့်ဖို့ပဲ။ ဒါပေမဲ့ ရွှင့်ချန်ဂိုဏ်းက ချန်ထျန်းဂိုဏ်း အလိုအပ်ဆုံးဖြစ်နေတဲ့အရာကို ပေးခဲ့တာပဲ။ ကျန်းမုန့်လင်က သေချာပေါက် ငြင်းမှာ မဟုတ်ဘူး။

ဒါပေမဲ့____ ဒီလှည့်ကွက်က တကယ် အသုံးဝင်တယ်။

ထျန်းကျီးဂိုဏ်းချုပ်က သူ့အင်္ကျီလက်ကို ဝေ့လိုက်ပြီး ရင်းနှီးဖော်ရွေတဲ့ အပြုအမူတစ်ခုနဲ့ ပြောလိုက်တော့တယ်။

“အခု ခင်ဗျား ပြောလိုက်မှပဲ၊ ကျုပ်တပည့်တွေကလဲ ချန်ထျန်းဂိုဏ်းအကြောင်း ဟိုးအရင်ကတည်းက လည်ပတ်ချင်နေတာဗျ....”

ဝမ့်ကျန့်ဂိုဏ်းချုပ်ကလည်း ထပြောတော့တယ်။

“တကယ်တော့ ဝမ့်ကျန့်ဂိုဏ်းက တပည့်တွေကလဲ....”

....

ဒီလိုနဲ့ အဓိကဂိုဏ်းကြီးတွေ ပြန်သွားတဲ့အချိန်မှာ သူတို့တွေက လက်ဗလာနဲ့ ပြန်သွားခဲ့ရတဲ့အပြင် သူတို့ရဲ့တပည့်အရင်းတွေကိုလဲ ကျေကျေနပ်နပ်နဲ့ ထားခဲ့လိုက်ရတော့တယ်။

ချန်ထျန်းဂိုဏ်းမှာ နေခဲ့ရမဲ့ ဂိုဏ်းအသီးသီးက တပည့်အားလုံးကို နေရာချထားပေးလိုက်ပြီးတော့ ချန်ထျန်းဂိုဏ်းချုပ်လည်း အရမ်းကို ပျော်ရွှင်တဲ့မျက်နှာနဲ့ ယွမ်ချင်းတောင်ကို ပြန်သွားခဲ့တော့တယ်။

ဒီတပည့်တွေက ချန်ထျန်းဂိုဏ်းရဲ့ ဝင်ငွေ ထွက်ငွေတွေကို စောင့်ကြည့်ဖို့ နေခဲ့ကြတာ သူ သိသားပဲ။

ဒါပေမဲ့ သူတို့တွေ ဒါကို မတွေးခဲ့ကြတာပဲ။ တကယ်လို့များ သူတို့တွေက ခါးပတ်ကြိုးကို တင်းအောင်ချည်ပြီး ဝိညာဉ်ကျောက်တုံးတွေကို စုဆောင်းနိုင်ခဲ့ရင် ချန်ထျန်းဂိုဏ်းက အပြင်မှာ အဲလောက် အကြွေးအများကြီး တင်ပါ့မလား။

ဒီတပည့်တွေကိုပဲ ကြိုးကြိုးစားစားနဲ့ ကြီးကြပ်ခိုင်းထားလိုက်တာပေါ့လေ။ ဂိုဏ်းက လတိုင်း ဝိညာဉ်ကျောက်တုံးတစ်တုံး ကျန်ရင်တော့ သူ ရှုံးတယ်လို့ သတ်မှတ်ပေးလိုက်မယ်။

အဲဒီအချိန်ကျမှ ချန်ထျန်းဂိုဏ်းက ဘယ်လောက်ခက်ခဲနေလဲဆိုတာကို သူတို့ရဲ့မျက်လုံးတွေနဲ့ မြင်သွားတဲ့အခါကျတော့လဲ နောက်ထပ်ဝိညာဉ်ကျောက်တုံး နည်းနည်းလောက် ထပ်ချေးလို့တာပေါ့။

ဒီအချိန်မှာပဲ ချန်ထျန်းဂိုဏ်းချုပ်က ရုတ်တရက် သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး လေထုက သူ့ခန္ဓာကိုယ်ပတ်လည်မှာ စုစည်းလာပြီး သူ အချိန်အကြာကြီး ရင်ဆိုင်နေရတဲ့ ပိတ်ဆို့နေတဲ့အဆင့်က အဲဒီအချိန်မှာပဲ ရုတ်တရက် ပွင့်သွားခဲ့တယ်။

ခဏလောက်နေပြီးတော့ သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပြီး ဖျတ်ခနဲအလင်းတစ်ခုက သူ့မျက်လုံးထဲမှာ လင်းလက်သွားခဲ့တယ်။

ဒီတစ်ခါတော့ သူ အပြင်လောကအသံကို တကယ်ပဲ ကျေးဇူးတင်ချင်သွားပြီ။ သူသာ သတိမပေးခဲ့ရင် ချန်ထျန်းဂိုဏ်းရဲ့အကြွေးနဲ့ ဒုက္ခရောက်နေအုံးမှာပဲ။ ပြဿနာတွေ ပြည့်နေတဲ့ သူ့စိတ်အခြေအနေနဲ့ဆိုရင် ဒီပိတ်ဆို့နေတဲ့အဆင့်ကို ချိုးဖျက်နိုင်မှာတောင် မဟုတ်ဘူး။

ဒါပေမဲ့ ဒီတစ်ခါ ရခဲ့တဲ့ အကျိုးအမြတ်က နောက်တစ်ခါကျရင်တော့ ရချင်မှ ရတော့မှာ။

သူက ကျောက်တုံးပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ့မျက်လုံးထဲမှာတော့ တွေးတွေးဆဆ အကြည့်တစ်ခု ရှိနေခဲ့တယ်။

လွန်ခဲ့တဲ့ လဝက်ကတည်းက သူ အပြင်လောကရဲ့ထူးဆန်းတဲ့အသံကို ရှာဖို့ နည်းလမ်းအမျိုးမျိုး သုံးခဲ့ပေမဲ့ သူ့အရိပ်အယောင်ကို နည်းနည်းလေးမှ ရှာမတွေ့ခဲ့ဘူး။

ဒီအသံ ဘယ်အချိန် ဘယ်နေရာမှာပေါ်လာမယ်ဆိုတာကို အတည်ပြုဖို့ ဘာနည်းလမ်းမှ မရှိဘူး။

တစ်ခါတလေ အပြင်လောကရဲ့အသံက ချန်ထျန်းဂိုဏ်းမှာ တစ်ခါ ပေါ်လာတတ်ပြီး ခဏနေကျရင် မိုင်ထောင်ချီဝေးနဲ့ မြို့တစ်ခုဆီ ရောက်ချင်ရောက်သွားတတ်တယ်။

ကြည့်ရတာ ကျင့်ကြံရေးတလောကလုံးမှာ သူ သွားလို့မရတဲ့နေရာမရှိတဲ့ ပုံပဲ။

သူ လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်လိုက်တိုင်း လူတွေကို လုံးဝ စိတ်ရှုပ်သွားအောင် လုပ်ပြီး ထားခဲ့တတ်တယ်။ တခါတလေကျတော့ ကျင့်ကြံသူတွေရဲ့ စိတ်ကူးယဉ်ဇာတ်လမ်း။ တစ်ခါတလေကျတော့ အပြင်စည်းတပည့်တွေရဲ့ အချစ်၊ အမုန်းတွေအကြောင်း။

ဧကန္တ အပြင်လောကရဲ့ဒီအသံက ထျန်းကျီးဂိုဏ်းချုပ်ပြောသလို ကောင်းကင်တာအိုနဲ့ တကယ်ပဲသက်ဆိုင်နေတာလား။

“ဒါက... ခင်ဗျားပြောတဲ့ပုံစံနဲ့ တကယ်ပဲ တူနေတာလား”

ရွှင့်ချန်ဂိုဏ်းချုပ်နဲ့ ထျန်းကျီးဂိုဏ်းချုပ်တို့က ဘေးချင်းယှဉ်ရပ်နေကြတယ်။ သူသည် လေးနက်တဲ့ အကြည့်တစ်ခုနဲ့ ရှေ့ကို မျှော်ကြည့်လိုက်ပြီး “ကျုပ်ကတော့ အဲလိုမထင်ဘူး”

“ကောင်းကင်တာအိုက အရာအားလုံးကို ကာကွယ်ပေးထားတာ၊ ကောင်းကင်ဘုံရဲ့ဂုဏ်သရေက ကြီးမြတ်လှတယ်၊ နောက်ပြီး ...”

“ဟိုအရင်ကတည်းက.... ကျင့်ကြံရေးလောကကလူတိုင်းမှာ အန္တရာယ်တွေဖြစ်လာပြီး ဖရိုဖရဲ ဖြစ်လာတာ၊ ခင်ဗျားပြောသလို ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ထျန်းကျီးဂိုဏ်းချုပ်က သူရဲ့ဖြူအမဲရောနေတဲ့ မှုတ်ဆိတ်မွှေးကို သပ်ရင်း ပြုံးပြီး ‌ခေါင်းခါလိုက်တယ်။

“လုဂိုဏ်းချုပ်က မကျေနပ်မှတော့ ဒါကို သမာသမတ်ကျကျ ရှုမြင်ဖို့ ခက်ခဲမှာ သဘာဝပါပဲ”

“ပြီးခဲ့တဲ့ လဝက်အတွင်းမှာ ပူးပေါင်းလုပ်ကြံမှုတွေ လျှို့ဝှက်ကြံစည်မှုတွေအများကြီး ဖော်ထုတ်ခံလိုက်ရတယ်၊ ကျင့်ကြံရေးလောကကြီးက အများကြီး အေးချမ်းလာပါပြီ၊ မဟုတ်ဘူးလား”

“အေးချမ်းတယ်ဟုတ်လား၊ ကျုပ်ကတော့ မမြင်မိပါဘူး”

ရွှင့်ချန်ဂိုဏ်းချုပ်က ဒေါသတကြီးနဲ့ သူ့အင်္ကျီလက် ဝေ့ယမ်းလိုက်ပြီး “ထျန်းကျီးဂိုဏ်းချုပ်က အဲလောက်သေချာနေမှတော့ ခင်ဗျားအလှည့် ရောက်လာရင်လည်း အခုလို အရမ်းတည်တည်ငြိမ်ငြိမ် ဖြစ်နေဖို့ မျှော်လင့်ပါတယ်”

“ကျုပ်ကတော့... ကျုပ်တို့ဂိုဏ်းနဲ့ ဝေးနိုင်သမျှ‌ဝေးဝေးမှနေဖို့ပဲ.... မျှော်လင့်တယ်” သူက ခြေလှမ်းကျဲကြီးတွေနဲ့ လှည့်ထွက်သွားခဲ့တယ်။

“ဘာပဲဖြစ်ဖြစ်ပါ ကျုပ်တို့က ရွှင့်ချန်ဂိုဏ်းမှာ ကောင်းကောင်းမွန်မွန် နေနေကြတာပဲ၊ တခြားသူတွေလက်ညှိုးထိုးစရာ...အကြောင်းမရှိပါဘူး”

အားလုံးက ပြဿနာရဲ့ ‘အာရုံစိုက်ရာ’ ဖြစ်လာမှာကို စိုးရိမ်နေကြတာပေါ့။ သူကတော့ သလွန်ပေါ်မှာ ပျင်းပျင်းနဲ့ လဲလျောင်းရင်း ယိုယွင်းနေတဲ့အမိုးကို အဓိပ္ပာယ်မဲ့ စိုက်ကြည့်နေမိတယ်။

စူးလီ ဒီလောကကို ရောက်လာတာ လဝက်လောက်ရှိပြီလေ။

လွန်ခဲ့တဲ့လဝက်လောက်တုန်းက သူမက ခေတ်သစ်လူ့အဖွဲ့အစည်းမှာ အလုပ်ကြိုးစား၊ ကြင်နာသနားတတ်ပြီး အတင်းအဖျင်းလေး ပြောတတ်တဲ့ သာမန်လူတစ်ယောက်ပါပဲ။

မတော်တဆမှုတစ်ခုအပြီးမှာ သူမက ဒီလောကငယ်လေးထဲကို ရောက်လာပြီး ဒီလောကရဲ့ ‘ကောင်းကင်တာအို’ ဖြစ်လာခဲ့တယ်။

ကောင်းကင်တာအို ဖြစ်တဲ့အလျောက် သူမက အရာရာကို သိမြင်နှံ့စပ်ပြီး အကြွင်းမဲ့တန်ခိုးရှိတယ်။ သူ လိုချင်တာ ရနိုင်သလို လုပ်ချင်တာလဲ လုပ်နိုင်တယ်။ ဒီလောကမှာ ဘယ်သူကမှ သူမကို ဘယ်လိုနည်းနဲ့မှ အန္တရာယ်ပြုလို့မရဘူး။ သူမ အရမ်းပျော်တာပေါ့။

နှမြောစရာကောင်းတာက....

ဒီအချိန်မှာပဲ ကောင်းကင်မှာ လျှပ်စီးတစ်ချက် လက်သွားပြီး မိုးခြိမ်းသံ ဟိန်းထွက်လာပြီး ယိုယွင်းနေတဲ့ခေါင်မိုးပေါ်ကနေ နောက်ထပ်အုပ်ကြွပ်တစ်ချပ် ပြုတ်ကျသွားခဲ့တယ်။

“ကဲ ထပ်ပြုတ်ကျသွားပြန်ပြီ”

ဒါကိုမြင်တော့ စူးလီက စိတ်ရှုပ်ရှုပ်နဲ့ သလွန်ပေါ်ကို တစ်ဖက်ကိုလှည့်ထားလိုက်ပြီး မမြင်ချင် စိတ်မရှုပ်ချင်တာနဲ့ သူမရဲ့ခေါင်းကို သလွန်ထဲမှာ တိုးဝေ့ထားလိုက်တယ်။

ဒီလောကမှာ ဘာကိစ္စတွေ ဖြစ်ပျက်နေမှန်းလဲ မသိဘူး။ ကောင်းကင်တာအို ပြင်ပေးရမဲ့ ယိုပေါက်တွေကလည်း နေရာတိုင်းပဲ။

ဒီလောကငယ်လေးက ____

မကြာခဏဆိုသလိုပဲ ကောင်းပေါ်ထဲမှာ လျှပ်စီးတွေလက် မိုးတွေခြိမ်း ဖြစ်တတ်ပြီး အိမ်ငယ်လေးရဲ့ ခေါင်မိုးကလည်း နည်းနည်းပို ပျက်စီးလာခဲ့တယ်။

ဒီလိုဆက်ဖြစ်နေရင် အိမ်ကတော့ အန္တရာယ်ရှိတဲ့အဆောက်အအုံတစ်ခု ဖြစ်လာတော့မှာပဲ။

ဒီလောကမှာ အလကားရတဲ့နေ့လယ်စာဆိုတာ မရှိဘူး။

“ငါလည်း အပျင်းတစ်နေတာ မဟုတ်ပါဘူး၊ ဒါကို နေ့တိုင်း လုပ်မှဖြစ်မှာလား” သူမက မျက်နှာထားတင်းတင်းနဲ့ မတ်မတ်ထိုင်လိုက်တယ်။

“နှစ်ပေါင်းတစ်ထောင်တောင် ကျန်သေးတာပဲ၊ ဘာလို့ အဲလောက် လောနေမှာလဲ”

“ဒီကြားထဲမှာ ပြင်‌ပေးနေတာပဲ၊ ရှင်က ဘာလို့လုံးဝကို စိတ်မရှည်နိုင်ဖြစ်နေရတာလဲ”

သူမ စကားပြောလို့ပြီးသွားတာနဲ့ အုတ်ကြွပ်တချပ်က ဟလာပြီး ပြုတ်ကျတော့မလို ဖြစ်သွားခဲ့တယ်။

“ထားပါ၊ ထားပါ၊ ငါ ဆင်းသွားလိုက်ရင် ဖြစ်တာပဲမလား” သူမက သက်ပြင်းချလိုက်တယ်။

“ဘာပဲဖြစ်ဖြစ် ငါလည်း ဒီမှာပဲနေရတာ ပျင်းလာပြီ၊ လက်တွေ့ဘဝမှာ ဖရဲသီးစားပြီး ရုပ်ရှင်ကြည့်ရတာလောက် ပျော်စရာကောင်းတာ ဘယ်မှာရှိနိုင်မှာလဲ”

ဒီယိုပေါက်တွေကို ပြင်ဖို့ ပြီးခဲ့တဲ့ လဝက်အတွင်းမှာ သူမ ‘ကောင်းကင်တာအို စာအုပ်’ကို သုံးခဲ့တာပဲ။ ဒီစာအုပ်က ကျင့်ကြံရေးလောကက ကိစ္စအားလုံးကို သိနိုင်ပြီးတော့ ‘တိမ်လွှာကြေးမုံ’က ကျင့်ကြံရေးလောကရဲ့ လက်ရှိအခြေအနေကို အကြမ်းဖျဉ်းနားလည်ဖို့ မြင်ကွင်းအားလုံးကို ပြပေးနိုင်တယ်။

အဟမ်း____ ဖရဲသီးစားတာ‌ကတော့ အရံအလုပ်တစ်ခု‌ပေါ့လေ။

လူ့လောကကို ဆင်းပြီး အပေါက်တွေ ဖာဖို့ အချိန်တန်ပြီ။

သူမလည်း ဘေးမှာချထားတဲ့ ကောင်းကင်တာအိုစာအုပ်ကို ကောက်ကိုင်လိုက်ပြီး ပိတ်တော့မဲ့ဆဲဆဲမှာ စာအုပ်ထဲက စာလုံးတွကို ရုတ်တရက် မြင်လိုက်ရတယ်။

“ဟမ်... အဓိကဟာကြီးကို ဖြတ်လိုက်တဲ့ ဓားသမားက ရွှင့်ချန်ဂိုဏ်းမှာ ဆေး လာတောင်းနေတယ်ဟုတ်လား”

“ဝိုး... ကျင့်ကြံရေးလောကလို့ မပြောရဘူး... သူတို့တွေက ‘ကျိုးသွားတဲ့ဟာကို’ နဂိုအခြေအနေအတိုင်း ဖြစ်အောင် တကယ်ပဲ ပြန်ပြင်လို့ရတာပဲဟဲ့”

ဆုံးဖြတ်လိုက်ပြီ။ လူ့လောကကို ဆင်းမဲ့ပထမဆုံးနေရာက စာအုပ်ထဲကအတိုင်း အင်အားကြီးတဲ့ ရွှင့်ချန်ဂိုဏ်းပဲ။

စူးလီက သလွန်ပေါ်က လျစ်ခနဲ ခုန်ဆင်းလိုက်တယ်။ ဒီလောကငယ်‌လေးထဲမှာပဲ အချိန်အကြာကြီး နေလာပြီးပြီဆိုတော့ ဖရဲသီးစားဖို့ လူ့လောကကို ဆင်းချိန်တန်ပြီ...အဲ..မှားလို့... အပေါက်တွေ ဖာဖို့ အချိန်တန်ပြီလို့။

...

All Chapters