← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အပိုင်း(၆)

“အ ဟင့် ဟင့် ဘာလို့ ဒီလိုတွေ ဖြစ်သွားတာလဲ၊ ဂိုဏ်းတူအစ်ကိုချီက ကျွန်မတစ်ယောက်ထဲကို ချစ်တာပါလို့ သေချာပြောထားရက်နဲ့”

“သူပဲ ဆရာ့ကို အလေးစားဆုံးသူ ဖြစ်ခဲ့တာမဟုတ်ဘူးလား၊ ဘာလို့ သူ့ဆရာရဲ့မိန်းမနဲ့မှ အဲလောက် သွားပတ်သက်နေရတာလဲ”

“ဝူး..ဝူး...ဝူး...”

စူးလီက ပိုင်ကျစ်ယွင်ငိုသံနဲ့ စွပ်စွဲနေတဲ့အသံတွေကို နားထောင်ပြီး စိတ်ရော ကိုယ်ပါ လန်းဆန်းသွားတော့တယ်။

သူမက နှုတ်ခမ်းထောင့်လေးကို အသာပင့်ထားလိုက်ပြီး ခန်းမထဲက လူနှစ်ယောက်ကို စိတ်ဝင်တစားနဲ့ ကြည့်နေလိုက်တယ်။ - တေးသံ (ငိုသံ)လေးနဲ့ ဖရဲသီးစားရတာ ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတာပဲ။

အတားအဆီးထဲမှာတော့ သူတို့ရဲ့အသံကို အလုံပိတ်ထားပြီး ဘယ်သူမှ မကြားနိုင်လေဘူး။

ခန်းမထဲမှာတော့ လျန်ချန်းကျုံ့က အမြင့်ဆုံးနေရာမှာ ထိုင်နေပြီး ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေတဲ့ ချီယွီကို မှုန်တေတေမျက်နှာနဲ့ ကြည့်နေလေရဲ့။

သူ ချီယွီရဲ့ ကျင့်ကြံရေးကို ဖိနှိပ်ထားပြီး သူ့လက်ကျန်ဘဝမှာ ဘာတိုးတက်မှုမှ မရှိအောင် တားဆီးထားပေမဲ့ ချီယွီလုပ်ခဲ့တဲ့ ကိစ္စတွေကို ပြန်စဉ်းစားကြည့်လိုက်ရင် ‌ဒေါသခြောင်းခြောင်း ထွက်နေတုန်းပဲ။

နောက်ပြီး အပြင်လောကရဲ့အသံ ပြောထားတဲ့ စကားတွေကလည်း ရှိသေးတယ်မလား။

သူ့တပည့်က တကယ်တော့... တကယ်တော့...’အဲဒါကို’ သုံးပြီး သူ့မိန်းမကို မြှူဆွယ်ခဲ့တာတဲ့လေ။

တကယ့်ကို မသင့်တော်လိုက်တာ။

ဒီအကြောင်းကို စဉ်းစားမိလိုက်တယ်ဆိုရင်ပဲ သူ့ဝိညာဉ်စွမ်းအင်တွေကို လက်ဖဝါးမှာ စုစည်းလိုက်ပြီး ချီယွီကို ခပ်ကြမ်းကြမ်း ပါးရိုက်ပစ်လိုက်တော့တယ်။

ဒါကို မြင်တော့ ပိုင်ကျစ်ယွင်က အလိုလို အငိုတိတ်သွားပြီး စိုးရိမ်တကြီးနဲ့ ရှေ့ကို နှစ်လှမ်းတိုးသွားလိုက်တယ်။

နောက်တော့ သူမက ဇဝေဇဝါနဲ့ စူးလီဘက်ကို လှည့်ကြည့်လိုက်ပြီး “ဂိုဏ်းတူအစ်ကိုချီ..သူ... တကယ် ဆန္ဒအလျောက်လား”

“လျန်ကတော်ရဲ့ ကျင့်ကြံရေးအဆင့်က အရမ်းမြင့်တာ၊ သူသာ ဂိုဏ်းတူအစ်ကို ဖိအားပေးရင် သူ ဘယ်လိုမှ ခုခံနိုင်မှာမဟုတ်ဘူး”

ခန်းမထဲမှာတော့ ချီယွီက သူ့စွမ်းအင်ဗဟိုချက်ရဲ့ အုတ်မြစ်က ယိုင်နဲ့သွားတာကို ခံစားလိုက်ရတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘယ်လိုပဲ နာကျင်နေပါစေ သူက ထိုင်ခုံရဲ့ လှေကားရင်းဆီကို အပူတပြင်း တွားသွားလိုက်ပြီး လျန်ချန်းကျုံ့ရှေ့က သိုလှောင်အိတ်ကို ကောက်ကိုင်လိုက်တယ်။

“ဆရာ ဒီတစ်ခါတော့ ကျွန်တော့်ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ ကျွန်တော်က အသုံးဝင်ပါသေးတယ်”

သူက ပြောရင်းဆိုရင် သူ့သိုလှောင်အိတ်ထဲက ဝိညာဉ်ကျောက်တုံးတွေနဲ့ မှော်လက်နက်တွေကို ဖြန့်ကျဲပြီး လောင်းချလိုက်တယ်။

အဆင့်အမျိုးမျိုးရှိတဲ့ ဝိညာဉ်ဆေးပင်တွေ၊ ဝိညာဉ်အဆောင်စာရွက်တွေ၊ မှော်ပစ္စည်းတွေလဲ အမျိုးအစားအများကြီးပဲ။

စူးလီက ချီယွီရဲ့ဘေးပတ်လည်မှာ ပြန့်ကျဲနေတဲ့ မှော်လက်နက်တွေကို ကြည့်လိုက်ပြီး ဝတ်ကျေတမ်းကျေ ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ နင် မှန်တယ်”

“လျန်ကတော်က ဒါတွေကို သူ့ကို အတင်းလက်ခံခိုင်းခဲ့တာလေ”

“မဟုတ်သေးဘူး၊ တခြား ‘လှေ’တွေက ပေးထားတဲ့ ဝိညာဉ်ရတနာတွေလဲ အများကြီးရှိသေးတယ်”

ပိုင်ကျစ်ယွင်ကတော့ ဒီအချိန်မှာ သူ့ဘေးက ဘာအသံကိုမှ မကြားနိုင်တော့ဘူး။ သူမက တစ်နေရာထဲကိုပဲ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့တယ်။

ဟိုမှာ...ချီယွီရဲ့သိုလှောင်အိတ်ထဲက အခုလေးတင်ကျလာတဲ့ အဆင့်-၃ဆေးပင်- ကြာရွက်သုံးခု မြင့်မြတ်ကြာပန်း။

တခြားဝိညာဉ်ရတနာပစ္စည်းတွေနဲ့ ယှဉ်ကြည့်ရင် ဒီဝိညာဉ်ဆေးပင်ကို အပေါစားလို့တောင် ခေါ်လို့ရတယ်။

ပိုင်ကျစ်ယွင်က ကြာရွက်သုံးခု မြင့်မြတ်ကြာပန်းရဲ့ ကြာရွက်ပေါ်က ရင်းနှီးနေတဲ့ ပိုးကိုက်ရာကို ကြည့်လိုက်ပြီး သူမရဲ့လက်တွေက ထိန်းမရအောင် တုန်ယင်သွားခဲ့တယ်။

ဒါက ကြာရွက် တစ်ခုကနေ သုံးခုဖြစ်လာအောင် သူမ အချိန်၁၇နှစ်ပေးပြီး အားထုတ်ခဲ့ရတာ၊ အချိန်များကြီး သုံးပြီး အရမ်းကို ပင်ပင်ပန်းပန်း စိုက်ထားခဲ့ရတဲ့ မြင့်မြတ်ကြာပန်းပဲ။

ကြာရွက် နှစ်ခုထွက်လာတဲ့အချိန်မှာ မတော်တဆ ပိုးကိုက်ခံလိုက်ရတာ။ သူမမှာ ရင်နာရလွန်းလို့ ရက်ပေါင်းများစွာ ကောင်းကောင်းမအိပ်နိုင် ဖြစ်ခဲ့ရတာ။ ဒါပေမဲ့ အခုတော့ အေးစက်တဲ့ ကြမ်းပြင်ပေါ်မှာ ဖြစ်သလို ပစ်ချခံထားရသတဲ့။

ပိုင်ကျစ်ယွင်က ရင်ကွဲနာကျရတဲ့ ခံစားချက်တစ်ခုနဲ့ သိပ်မဝေးလှတဲ့နေရာက ကြာရွက်သုံးခု မြင့်မြတ်ကြာပန်းကို ကြည့်ရင်း မျက်ရည်တွေ တစက်စက် ကျလာခဲ့တယ်။

လက်တစ်လှမ်းစာ အကွာအဝေးမှာပဲ ရှိရဲ့သားနဲ့ သူမ လုံးဝ လက်လှမ်းမမီတဲ့ အကွာအဝေးတစ်ခုမှ ရှိနေသလိုမျိုး။

နောက်တစ်စက္ကန့်မှာတော့...

သူမ တောင့်တနေတဲ့ ကြာရွက်သုံးခု မြင့်မြတ်ကြာပန်းက ရုတ်တရက် သူမရှေ့မှာပေါ်လာခဲ့တယ်။

“နင် ဒါကို ကြည့်နေတာလား”

စူးလီက သူမဘေးက လှုပ်လှုပ်ရှားရှား ဖြစ်သွားတာကို သတိထားမိလိုက်ပြီး ပိုင်ကျစ်ယွင် ကြည့်နေတဲ့ဘက်ကို လိုက်ကြည့်လိုက်တယ်။ သူမရဲ့ဘယ်ဖက်လက်ကို မြောက်လိုက်တော့ ကြမ်းပြင်ပေါ်က ကြာရွက်သုံးခု မြင့်မြတ်ကြာပန်းက ဘယ်သူမှ သတိမထားမိဘဲ သူရဲ့လက်ပေါ်ကို ငြိမ်ငြိမ်သက်သက်လေး ရောက်လာခဲ့တယ်။

ပိုင်ကျစ်ယွင်က ကြာရွက်သုံးခု မြင့်မြတ်ကြာပန်းကို အူကြောင်ကြောင်နဲ့ ကြည့်နေလိုက်ပြီး သူမရဲ့မျက်လုံးထဲက မျက်ရည်တွေကို ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး။

သူမက ပွင့်လွှာသုံးချပ် မြင့်မြတ်ကြာပန်း ရှိနေတဲ့ဘက်ကို ငေးကြောင်ကြောင်နဲ့ လှည့်ကြည့်လိုက်ပြီး အခြေအနေကို သတိမိကြတဲ့ ခန်းမထဲက လူနှစ်ယောက်ကို ကြည့်လိုက်တယ်။

ပိုင်ကျစ်ယွင်က ကြောင်အမ်းအမ်း ဖြစ်သွားပြီး “ရှင် ဒါကို ဘယ်လို ယူလိုက်တာလဲ”

စူးလီ: “အင်း... နင့်လက်တွေနဲ့များလား”

သူမက မျက်လွှာနည်းနည်းချထားလိုက်ပြီး သိချင်စိတ်နည်းနည်းနဲ့ လက်ထဲက ကြာရွက်သုံးခု မြင့်မြတ်ကြာပန်းကို ကစားနေလိုက်တယ်။ ဒီဆေးပင်ပြ။ နောက်ပြီး ဝိညာဉ်စွမ်းအင်တွေ ပိုပြီးများနေတယ်။ ငါ မသိသေားတဲ့ တခြားအကျိုးသက်ရောက်မှုတွေ ရှိနေနိုင်မလား။

ဒီအချိန်မှာပဲ လက်တစ်ဖက်က တုန်တုန်ယင်ယင် အသာအယာနဲ့ လှမ်းလာပြီး လုံးဝကို တလေးတစား သတိရှိရှိနဲ့ ကြာရွက်သုံးမြင့်မြတ်ကြာပန်းကို ပွတ်သပ်နေလိုက်တယ်။

စူးလီက ခေါင်းမော့ပြီး မျက်ရည်တွေနဲ့ ဝမ်းသာနေတဲ့ ပိုင်ကျစ်ယွင်ကို ကြည့်လိုက်ပြီး သူမရဲ့အသံက သံသယစိတ်အပြည့်ဖြစ်သွားခဲ့တယ်။

“ဒါက အဆင့်-၃ ဆေးပင်လေးတစ်ခုပဲ မဟုတ်ဘူးလား၊ နင် ဘာလို့ အဲလောက်ဝမ်းသာနေတာလဲ”

“ဒါက...” ပိုင်ကျစ်ယွင်ရဲ့မျက်လုံးတွေက ပွင့်လွှာသုံးချပ် မြင့်မြတ်ကြာပန်းပေါ်မှာပဲ မခွာတမ်းရှိနေတယ်။ သူမက ငိုရှိုက်လိုက်ပြီး ပြန်ဖြေလိုက်တယ်။

“ဒါက ကျွန်မရဲ့ ရှိသမျှအားနဲ့ စိုက်ပျိုးခဲ့ရတဲ့ ပွင့်လွှာသုံးချပ် မြင့်မြတ်ကြာပန်းလေ”

ချီလေ့ကျင့်ခြင်းအဆင့်-၄ပဲ ရှိသေးတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ ပိုင်ကျစ်ယွင်က အဆင့်-၃ရှိတဲ့ ဝိညာဉ်ဆေးပင်ကို စိုက်ခဲ့တာမှန်း တခြားသူတွေသာ သိသွားရင် သူတို့ရဲ့ပထမဆုံး တုံ့ပြန်မှုက သေချာပေါက် အံ့ဩတာတွေ၊ အံ့အားသင့်တာတွေ ဒါမှမဟုတ် မသင်္ကာသလိုတောင် ဖြစ်သွားမှာ သေချာတယ်။ ဒါပေမဲ့ စူးလီကတော့ ဖရဲသီးနံ့ကိုပဲ လိုက်ခံနေတာလေ။

သူမက ဘာခြေရာလက်ရာမှ မကျန်ဘဲ ပိုင်ကျစ်ယွင်ရှေ့ကို နှစ်လှမ်းလောက် လျှောက်သွားလိုက်ပြီး သူမကို ကြည့်လိုက်တဲ့အချိန်မှာ မျက်လုံးတွေက နည်းနည်လေး တောက်ပသွားခဲ့တယ်။

“နင့်ဆေးပင်က ဘာလို့ ချီယွီရဲ့သိုလှောင်အိတ်ထဲ ရောက်နေတာလဲ”

“နင် သူ့ကို ပေးထားတာလား”

“မပေးထားပါဘူး” ပိုင်ကျစ်ယွင်က အံ့ကြိတ်လိုက်ပြီး သူမရဲ့အသံက ဝမ်းနည်းဒေါသသံ ဖြစ်နေတယ်။

“ကျွန်မက တစ်ဆယ့်ခုနှစ်နှစ်လောက် စိုက်ပျိုးခဲ့ရတဲ့ ပွင့်လွှာသုံးချပ် မြင့်မြတ်ကြာပန်းကို ဘယ်လိုလုပ်ပြီး ပေးပစ်ရက်မှာလဲ”

“ချီယွီက ခိုးသွားတာ”

စူးလီက မျက်တောင်လေးကို ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ပြီး ပိုင်ကျစ်ယွင်ကို သပ်‌ပေးလိုက်ပြီး သူမရဲ့အသံထဲမှာ စိတ်လှုပ်ရှားနေတဲ့အရိပ်တစ်ခုနဲ့ ပြည့်သွားခဲ့တယ်။

“ငါ့ကို အသေးစိတ်ပြောပြပါလား”

ဒီစကားကို ကြားလိုက်တော့ ပိုင်ကျစ်ယွင်က ပွင့်လွှာသုံးချပ် မြင့်မြတ်ကြာပန်းကို ငုံ့ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ လေးနက်တဲ့ လွမ်းဆွတ်မှုချစ်ခြင်းတွေ ပြည့်သွားခဲ့တယ်။

“အဲဒီတုန်းက ကျွန်မက ရွှင့်ချန်ဂိုဏ်းရဲ့ အပြင်စည်းတပည့်အဖြစ် ဝင်ခါစပဲ ရှိသေးတယ်၊ အားလုံးက ဝိညာဉ်ဆေးပင်တစ်ပင်စီ ရကြတယ်လေ၊ ကျွန်မ အဲဒီကို ရောက်သွားတော့ ဒီပွင့်လွှာတစ်ချပ် မြင့်မြတ်ကြာပန်းပဲ ကျန်တော့တာ”

အပြင်စည်းမှာနေတဲ့ ခုနှစ်နှစ်တာအတွင်းမှာ သူမက ဒီပစ္စည်းလေးကိုပဲ အားကိုးနေခဲ့ရတာ။

သူမရဲ့လစဉ်မုန့်ဖိုးအများစုကိုလည်း ဒီမြင့်မြတ်ကြာပန်းကို ထိန်းသိမ်းဖို့ပဲ သုံးခဲ့တာ။ နောက်ဆုံးတော့ ခုနှစ်နှစ်အတွင်းမှာ သူမက ကြာရွက်နှစ်ရွက် ဖြစ်အောင် စိုက်နိုင်ခဲ့ပြီး တစ်ဆယ့်ခုနှစ်နှစ်အတွင်းမှာ ကြာရွက်သုံးခု ဖြစ်လာတာပဲ။

“နောက်တော့ အခိုးခံလိုက်ရတယ်” ပိုင်ကျစ်ယွင်ရဲ့အသံက နာနာကျင်ကျင်နဲ့ တိမ်ဝင်သွားခဲ့တယ်။

“အဲဒီတုန်းက ကျွန်မမှာ စိတ်နဲ့ကိုယ် မကပ်ဘဲ ပျာယာခတ်နေခဲ့တာ၊ အနာဂတ်အတွက် မျှော်လင့်ချက် မရှိတော့ဘူးလို့ ခံစားခဲ့ရတယ်”

“အဲဒီအချိန်မှာပဲ ချီယွီက ကျွန်မဘေးမှာ ပေါ်လာခဲ့တယ်၊ တတ်နိုင်သမျှ နည်းလမ်းနဲ့ ကျွန်မကို သတင်းမေးပေးပြီး နှစ်သိမ့်ပေးခဲ့တာ” သူမက လက်သီးကို ဆုပ်ထားလိုက်ပြီး သူမရဲ့အသံထဲမှာ အမုန်းတရားတွေ ပြည့်နက်သွားခဲ့တယ်။

“ဒီလိုနဲ့ ကျွန်မ သူနဲ့ချစ်မိသွားခဲ့ပြီး သူ့ကို ကျွန်မရဲ့ကယ်တင်ရှင်လို့ သတ်မှတ်ထားခဲ့တာ”

“ပစ္စည်းခိုးခံလိုက်ရတဲ့လူက သူခိုးနဲ့ ချစ်မိသွားတာကိုး” စူးလီက တိတိကျကျ သုံးသပ်ပေးလိုက်တော့တယ်။

ပိုင်ကျစ်ယွင်ရဲ့ နောက်စကားလုံးတွေက တစ်ဆို့သွားပြီး သူမရဲ့မျက်နှာပေါ်က ဒေါသတွေက အခိုက်တန့် အေးခဲသွားခဲ့တယ်။

နောက်တော့ သူမက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ပြောလိုက်တယ်။

“ဟုတ်ပါတယ်”

“နောက်ပိုင်းကျတော့ ကျွန်မ ပွင့်လွှာသုံးချပ် မြတ်ကြာပန်းကြောင့် ဝမ်းနည်းနေရတာကို ချီယွီက သိနေတာနဲ့ ကျွန်မအတွက် ပွင့်လွှာတစ်ချပ် မြင့်မြတ်ကြာပန်းရှာပေးဖို့ သူ လုပ်နိုင်တာ အားလုံးလုပ်ခဲ့တယ်” သူမက အံကြိတ်လိုက်ပြီး သူမရဲ့အသံကတော့ ဝမ်းနည်း မကျေနပ်မှုအပြည့်ပဲ။

“သူ ပြောခဲ့တယ်လေ ကျွန်မက ပထမတစ်ခုကိုတောင် ပွင့်လွှာသုံးချပ် မြင့်မြတ်ကြာပန်းဖြစ်အောင် စိုက်နိုင်ခဲ့ရင် ဒုတိယ၊ တတိယ ဟာတွေကိုလဲ သေချာပေါက် စိုက်နိုင်မှာပဲ”

“အခုတော့ ကြည့်ရတာ တစ်ကြိမ်ခိုးသွားတာတောင် သူ့အတွက် မလုံလောက်သေးဘူးထင်တယ်၊ နောက်ပြီး သူက ထပ်မခိုးခင် ကျွန်မ ပြန်ကောင်းလာတာကို စောင့်ချင်နေတာပဲ”

စူးလီက ပိုင်ကျစ်ယွင်ရဲ့အသံကို နားထောင်လိုက်ပြီး သူမရဲ့စိတ်ထဲမှာ အတွေးတစ်ခု နောက်ကျမှ ဖျတ်ခနဲ ပေါ်လာခဲ့တယ်။

ငါ မှတ်မိနေပါသေးတယ်။ မြင့်မြတ်ကြာပန်းရဲ့ ပွင့်လွှာတွေနဲ့ အဆင့်တွေက စ‌ပေါက်လာကတည်း သတ်မှတ်ထားခဲ့ပြီးသားပဲ။ ဟုတ်တယ်မလား။ ပိုင်ကျစ်ယွင်က မြင့်မြတ်ကြာပန်းရွက်ကို အရမ်းလွယ်လွယ်ကူကူနဲ့ အဆင့်မြင့်အောင် ဘာလို့ လုပ်နိုင်သွားတာလဲ။

ဒါပေမဲ့လည်း သူမက မြန်မြန်ပဲ အာရုံပြန်စိုက်ထားလိုက်တယ်။

ပိုင်ကျစ်ယွင်က ချီယွီကို ဘယ်လောက်တောင် စွဲလမ်းနေတဲ့အကြောင်း စဉ်းစားလိုက်ပြီး စိတ်ထဲက ရှာဖွေနေတဲ့ မေးခွန်းကို မေးလိုက်တယ်။

“သူက ထပ်ခိုးစရာလိုသေးလို့လား”

ဒါက အပြောသက်သက်ပဲ မဟုတ်ဘူးလား။

ပိုင်ကျစ်ယွင်: “....”

လေထုက ရင်တထိတ်ထိတ်နဲ့ ငြိမ်သက်သွားခဲ့တယ်။

ခန်းမကြီးထဲမှာတော့ လျန်ချန်းကျုံ့က ပွင့်လွှာသုံးချပ် မြင့်မြတ်ကြာပန်း ရုတ်တရက် ပျောက်သွားတာကိုတောင် သတိမထားဘူး။

သူက ချီယွီ သူ့ကို ပေးလိုက်တဲ့ သိုလှောင်အိတ်ကို လက်တစ်ဖက်မှာ ကိုင်ထားပြီး သူ့ဒေါသက နည်းနည်း လျော့သွားခဲ့တယ်။

ဒီချီယွီက အသုံးဝင်သေးတာပဲ...

နောက်ဆုံး အခုမှ အခြေတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတာပဲလေ။ သူ သ-တ်ချင်ရင် အချိန်မရွေး သ-တ်လိုက်လို့ရတယ်။

လျန်ချန်းကျုံးက ရွံ့ရှာတဲ့အကြည့်နဲ့ လက်ဝေ့ယမ်းပြီး ချီယွီကို ထွက်သွားဖို့ အချက်ပြလိုက်တော့တယ်။

သူ့အမူအရာကို တွေ့လိုက်တော့ ချီယွီက စိတ်အေးသွားပြီး “ကျေးဇူးတင်ပါတယ် ဆရာ”

သူက မြန်မြန် ခေါင်းငုံ့ ဒူးထောက်ချလိုက်ပြီး နောက်ဆုတ်ရင်း တံခါးကို တ‌ရွေ့ရွေ့ သွားလိုက်တော့တယ်။

ချီယွီက ရှေ့ကို တစ်စတစ်စ ရွေ့နေတယ်လို့ ထင်ရသယောင်ဖြစ်နေတဲ့ မြေကြီးပေါ်က အကွက်တွေကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲက အကြည့်က အင်မတန်မှ ညို့မှိုင်းသွားတော့တယ်။

ဒီကိစ္စပြီးသွားတော့ သူ့ကျင့်ကြံရေးအဆင့်က ပြင်းပြင်းထန်ထန် ပျက်စီးသွားတဲ့အပြင် သူ့စုဆောင်းထားတာတွေလဲ ပြောင်သွားပြီလေ။

ချီယွီက ဒီနေရာမှာ တခြားလူတွေ ရှိနေတာ မသိဘူး။ ပိုင်ကျစ်ယွင်က သူ့လျှို့ဝှက်ချက်ကို သိသွားပြီး သူ့ကို မုန်းတီးသွားတာကိုလဲ မသိခဲ့လေဘူး။

ဒီအချိန်မှာ သူကတော့ သူ့မျှော်လင့်ချက် အားလုံးကို ပိုင်ကျစ်ယွင်အပေါ်မှာပဲ ပုံအောထားလိုက်တယ်။

တော်ပါသေးရဲ့ သူ့မှာ ပိုင်ကျစ်ယွင် ရှိနေသေးလို့ပဲ။

သူမက သူ့ကို အချစ်ဆုံးလူလဲ ဖြစ်သလို လှည့်စားဖို့ အလွယ်ကူဆုံးလူလဲ ဟုတ်တယ်။

သူစိုက်တဲ့ဝိညာဉ်ဆေးပင်တွေအားလုံးက အရမ်းအသုံးဝင်တယ်။ ပွင့်လွှာတစ်ချပ် မြင့်မြတ်ကြာပန်းနှစ်ပွင့်ကိုဆိုရင် သူ စိုက်လိုက်တာ ပွင့်လွှာနှစ်ရွက်တောင် ထွက်နေပြီ။ သူ နည်းနည်းလောက် ထပ်စောင့်လိုက်ရင် ပွင့်လွှာသုံး၊ လေးရွက် ဒါမှမဟုတ် ငါးရွက်လောက်အထိ သေချာပေါက် ကြီးလာလိမ့်မယ်။

အဲဒီအချိန်ကျရင် လျန်ချန်းကျုံ့က သူ့အပေါ် မာမာထန်ထန် ဆက်ဆံချင်ရင်တောင် သူ နှစ်ခါ ပြန်စဉ်းစားရလိမ့်မယ်။

ဟုတ်တယ်။ ပိုင်ကျစ်ယွင် အနားမှာ ရှိနေသရွေ့ သူ အမြဲတမ်း ပြန်နာလန်ထူလို့ရလိမ့်မယ်။

“ချွီယွီ သူခိုး”

ဒီအချိန်မှာ ဆေးစိုက်ခင်းထဲ စူးလီပြန်ခေါ်လာပေးခဲ့တဲ့ ပိုင်ကျစ်ယွင်က မျက်ရည်တွေကို သုတ်ပြီး လေသံတိုးတိုးနဲ့ ချီယွီကို ကျိန်ဆဲလိုက်တယ်။

“သူခိုး၊ လူယုတ်မာ၊ ဆန်ကုန်မြေလေး၊ လူသားယောင်ဆောင်ထားတဲ့တိရစ္ဆာန်...”

သူမက အင်မတန်ကို ဒေါသထွက်နေတာတောင် သူမရဲ့အသံက အရမ်းကြီး ရန်လိုနေတဲ့ပုံ မပေါ်ဘူး။

သူမရဲ့အသံက တဖြည်းဖြည်း တိမ်ဝင်သွားပြီး နောက်ဆုံးကျတော့ ခေါင်း ငိုက်စိုက်ထားလိုက်တော့တယ်။ “ဟုတ်ပါတယ် ချီယွီလည်း ကျွန်မအပေါ် ဟန်ဆောင်နေခဲ့တာ”

“ဒီလောကမှာ ကျွန်မအပေါ် စိတ်ရင်းနဲ့ဆက်ဆံပေးတဲ့သူ မရှိဘူး”

ပိုင်ကျစ်ယွင်က ခေါင်းငုံ့ထားပြီး မျက်ရည်တွေက ပွင့်လွှာသုံးချပ် မြင့်မြတ်ကြာပန်းပေါ်သို့ တစ်စက်စက် ကျသွားခဲ့တယ်။

“ဟုတ်ပါတယ်၊ ကျွန်မက အရမ်းကို အားနည်းတယ်၊ မကောင်းတဲ့အကျင့်စရိုက်တစ်ခုလည်း ရှိတယ်၊ တစ်ယောက်ယောက်က ကျွန်မကို ဂရုစိုက်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ”

အရမ်းလင်းထိန်နေလို့ အခုလေးတင် ကောင်းကင်စာအုပ်ကို ပိတ်ချလိုက်တဲ့ စူးလီက အမှတ်တမဲ့ ပြောလိုက်တယ်။

“ဘယ်ဟုတ်မှာလဲ၊ ချီယွီက ရှင့်ကို အရမ်းဂရုစိုက်ပါတယ်”

“သူက ဝိညာဉ်ကျောက်တုံး အခု၅၀၀တန် ဝိညာဉ်ချည်နှောင်သံချောင်းကို မျက်တောင်တစ်ချက်မခတ်ဘဲ နင့်ကို ပေးခဲ့တယ်လေ”

ပိုင်ကျစ်ယွင်ရဲ့ ဝမ်းနည်းနေတဲ့ စိတ်အခြေအနေက ရုတ်တရက် ကြားဝင်ခံလိုက်ရပြီး သူမရဲ့မျက်နှာပေါ်မှာ တဒင်္ဂ ကြောင်အမ်းအမ်း အမူအရာတစ်ခု ဖြစ်သွားခဲ့တယ်။

သူမက ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ အခိုက်တန့်တစ်ခုအထိတော့ ဘယ်လို ပြန်ငြင်းရမယ်မှန်း မသိတော့ဘူး။

ပိုင်ကျစ်ယွင်က ခေါင်းလေးကို နည်းနည်းစောင်းထားလိုက်ပြီး စူးလီရဲ့ ထူးထူးခြားခြား ရိုးသားပြီး ကြည်လင်နေတဲ့ မျက်လုံးတွေကို ကြည့်လိုက်တယ်။ သူမရဲ့စိတ်ထဲမှာ ကိုယ့်ဟာကို သနားစိတ်အပြည့်နဲ့ ရုတ်တရက် ဆက်မပြောနိုင်တော့ဘူး။

“တာအိုရောင်းရင်း ရှင် အချိန်အကြာကြီး အလုပ်များနေခဲ့တာဆိုတာ ပင်ပန်းနေမှာပဲ” သူမက သိပ်မဝေးလှတဲ့ သက်ကယ်တဲလေးကို ကြည့်လိုက်ပြီး ပုံမှန်မဟုတ်ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်တော့တယ်။

“ရှင် စိတ်မရှိဘူးဆိုရင် ကျွန်မရဲ့အိမ်မှာ နားလို့ရပါတယ်”

“ဝိညာဉ်လက်ဖက်ရည်လေးသောက်၊ မုန့်နည်းနည်းပါးပါး စားပြီး ခဏလောက် အနားယူလိုက်ပါ”

စူးလီက ဖရဲသီးကို အရမ်းကျေနပ်နေပြီဆိုတော့ သူမရဲ့ကမ္ဘာငယ်လေးကို ပြန်ပြီး နှစ်ရက်လောက် လဲလျောင်းချင်နေတာနဲ့ စဉ်းစားမနေဘဲ ငြင်းလိုက်တော့တယ်။

“တော်ပြီ...”

“ကျွန်မက ဝိညာဉ်စွမ်းအင်မုန့်တွေ လုပ်တဲ့နေရာမှာ မတော်ပါဘူး၊ အဖိုးတန်ကျောက်စိမ်းမုန့်၊ လက်ရာမြောက်မုန့်နဲ့ အချိူပွဲမုန့်တွေပဲ ရှိပါတယ်...” ပိုင်ကျစ်ယွင်က လေသံပျော့ပျော့လေးနဲ့ ထပ်ပြောလိုက်တယ်။

“တာအိုရောင်းရင်းက သဘောမကျမှာ ကျွန်မ သိပါတယ်”

စူးလီ: “....”

“ဒါဆိုရင်လဲ နင့်ကို အားနာနာနဲ့ နှောင့်ယှက်လိုက်အုံးမယ်နော်”

ခြေလှမ်းအနည်းငယ်အတွင်းမှာပဲ ပိုင်ကျစ်ယွင်က ရှေ့ကို မြန်မြန်လျှောက်သွားလိုက်ပြီး နည်းနည်း ယိုယွင်းနေတဲ့တံခါးကို တွန်းဖွင့်လိုက်တယ်။

ခြံဝင်းလေးက ရိုးရှင်းပြီးသပ်ရပ်လို့နေတယ်။ ကျောက်စိမ်းမေပယ်ပင်ရဲ့အောက်မှာတော မီးခိုးရောင်ကျောက်စားပွဲတစ်လုံးကို ချထားပြီး ‌ဘေးမှာ ထိုင်လို့ရအောင် ကျောက်တိုင်ပုနှစ်ခုကို ချထားတယ်။

သက်ကယ်တဲက ရိုးရှင်းထည်ဝါးတဲ့ပုံရှိပြီး ခြံဝင်းနဲ့ လိုက်ဖက်ညီလွန်းလှတယ်။

စူးလီက ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှာ ကျိတ်ပြီး သက်ပြင်းချလိုက်တော့တယ်။ - ဒါက အမိုးတွေ တစ်ဝက်လောက် မရှိတော့တဲ့ ငါ့ရဲ့စုတ်ပြတ်နေတဲ့အိမ်ထက် အများကြီး ပိုကောင်းတာပဲ။

ပိုင်ကျစ်ယွင်က စူးလီရဲ့ပုံစံကို သေသေချာချာ လေ့လာလိုက်ပြီး စဉ်းစားနေလိုက်တယ်။ စူးလီက သူမကို အထင်မသေးသလို ရွံရှာတာမျိုး မရှိတာ မြင်လိုက်ရတော့ စိတ်အေးသွားသလို ခံစားလိုက်ရတယ်။

“တာအိုရောင်းရင်း ကျေးဇူးပြုပြီး ခဏထိုင်ပါအုံးနော်” သူမက စူးလီကို ‌ကျောက်ထိုင်ခုံပေါ် ဂရုတစိုက်တွဲပြီး ထိုင်ခိုင်းလိုက်တယ်။

နောက်တော့ သူမက ပန်းအိုးတစ်လုံးဆီ ခပ်သွက်သွက်လျှောက်သွားလိုက်ပြီး သူမရဲ့လက်ထဲက ပွင့်လွှာသုံးချပ် မြင့်မြတ်ကြာပန်းကို တရိုတသေနဲ့ ထည့်လိုက်ပြီး ပန်းပွင့်ကို ပြန်အားဖြည့်ပေးဖို့ သူမရဲ့စုဆောင်းထာတဲ့ ဝိညာဉ်စွမ်းအင်တွေကို သုံးလိုက်တော့တယ်။

စူးလီက ပိုင်ကျစ်ယွင် မန္တန်သုံးနေတာကို စောင့်ကြည့်နေရင်းက ပွင့်လွှာသုံးချပ် မြင့်မြတ်ကြာပန်းက သိသိသာသာ လန်းဆန်းလာတာကို တွေ့လိုက်ရတယ်။ သူမက ဇဝေဇဝါနဲ့ ခေါင်းကို စောင်းထားလိုက်မိတော့တယ်။

ငါ မှတ်ထားပဲ မှားနေတာလား။ ကျင့်ကြံရေးလောကထဲမှာ ဝိညာဉ်ပင်တွေကို ပြန်ရှင်အောင် လုပ်ရတာ အဲလောက်လွယ်တာလား။

ပိုင်ကျစ်ယွင်က လက်ဖက်ရည် ပြင်ဆင်ပေးနေတဲ့အချိန်မှာပဲ တံခါးနားကို အလောတကြီး ပြေးလာနေတဲ့ ရုတ်တရက်အသံတစ်ခု ကြားလိုက်ရတယ်။

နောက်တော့ ထွားထွားကြိုင်းကြိုင်းကိုယ်ထည်တစ်ခုက စူးလီ‌ရှေ့မှာ ရုတ်တရက် ပေါ်လာခဲ့တယ်။

တံခါးရှေ့ကလူက သူမကို ရက်စက်တော့မဲ့အကြည့်တစ်ခုနဲ့ ကြည့်လိုက်ပြီး ပိုင်ကျစ်ယွင် မဟုတ်မှန်း သိလိုက်ရတော့ သူက အိမ်ထဲကို ဒေါသတကြီးနဲ့ အော်ဟစ်လိုက်တော့တယ်။

“ပိုင်ကျစ်ယွင်... တကတည်းက မင်း ငါ့ဆေးစိုက်ခင်းကို ဘာလုပ်ခဲ့တာလဲ”

ပိုင်ကျစ်ယွင်က လက်ဖက်နဲ့မုန်းတွေကိုသယ်ရင်း အိမ်ထဲက ထွက်လာပြီး တံခါးနားမှာ ရပ်နေတဲ့ လူကို အူကြောင်‌ကြောင်နဲ့ ကြည့်လိုက်တယ်။

“ဂိုဏ်းတူအစ်ကိုစုန့် ရှင် ဘာတွေ ပြောနေတာလဲ”

သူမ ဘာလို့ ဘာမှနားမလည်တာလဲ။

“နင်က ဒီမှာ လာဟန်‌ဆောင်နေသေးတယ်” စုန့်ယုံဖျင်က မျက်လုံးနီနီကြီးတွေနဲ့ သူမကို ကြည့်နေပြီး သူ့အသံကလည်း ဒေါသကြောင့် တုန်ယင်လို့နေတယ်။

“ငါ့ဆေးစိုက်ခင်းကို ဖျက်ဆီးရလောက်အောင် နင်က အတင့်ရဲလှချည်လား”

ရုတ်တရက် သူ့ညာဖက်လက်ထဲမှာ ပေါက်ပြားတစ်လက် ပေါ်လာခဲ့တယ်။ သူက ပေါက်ပြားကို အမြင့်ကြီးမြောက်ထားလိုက်ပြီး နောက်တစ်စက္ကန့်မှာ လှုပ်ရှားဖို့ အသင့်ဖြစ်နေတဲ့ပုံပဲ။

ဒီအခိုက်မှာပဲ ပုံရိပ်တစ်ခုက သူတို့နှစ်ယောက်ကြားမှာ အေးအေးလူလူ ပေါ်လာခဲ့တယ်။

စုန့်ယုံဖျင်က ဒီလူကို ပိုင်ကျစ်ယွင်ရဲ့ကြံရာပါလို့ ထင်လိုက်ပြီး ပေါက်ပြားကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး သူမကို နေရာက မြန်မြန် မောင်းထုတ်ပစ်ချင်တော့တယ်။ မဟုတ်ရင် သူ သူမကိုလဲ ရိုက်မိတော့မယ်လေ။

ဒါပေမဲ့ သူမကို သတိပေးဖို့ သူ့ပါးစပ်ကို မဖွင့်ရသေးခင်မှာပဲ အဲဒီလူက ပိုင်ကျစ်ယွင်ဆီက ပန်းကန်ပြားကို လှမ်းယူပြီး ထွက်သွားလိုက်တာ သူမအတွက် ရပ်တည်ပေးမဲ့စိတ်ကူး ရှိပုံမရတော့ကို တွေ့လိုက်ရတယ်။

သူမက ခြေလှမ်းအနည်းငယ်လောက် လျှောက်ထွက်လာလိုက်ပြီးတော့ သူတို့တိတ်ဆိတ်သွားတာကို နည်းနည်း ဇဝေဇဝါ ဖြစ်သွားတဲ့ပုံနဲ့ ပြန်လှည့်လိုက်ပြီး

“ဆက်ပြောကြလေ”

စုန့်ယုံဖျင်: “....”

ပိုင်ကျစ်ယွင်: “.....”

စုန့်ယုံဖျင်ရဲ့ခံစားချက်တွေက သူမရဲ့လှုပ်ရှားမှုကြောင့်တွေ ‌နှောင့်ယှက်ခံလိုက်ရပြီး နောက်ဆုံးတော့ သူ နည်းနည်း တည်ငြိမ်လာခဲ့တယ်။ သူက သူ့ဒေါသကို ဖိနှိပ်ထားလိုက်ပြီး ပိုင်ကျစ်ယွင်ကို တစ်လုံးချင်းစီ ပြောလိုက်တော့တယ်။

“နင် မနက်ခင်းတုန်းက ဆေးပင်တွေ ခူးခဲ့ပြီးကတည်းက ငါ့ဆေးစိုက်ခင်းထဲက ဆေးပင်တွေရဲ့ ဝိညာဉ်စွမ်းအင်တွေ သိသိသာသာ ကျဆင်းသွားခဲ့တယ်”

ဒီအချိန်မှာတော့ သူက ဘယ်ဖက်လက်နဲ့ သူ့မျက်နှာပေါ်က မျက်ရည်တွေကို သုတ်လိုက်တော့ နီရဲနေတဲ့ မျက်လုံးတစ်စုံပဲ ကျန်ရစ်ခဲ့တယ်။

“တကတည်း နင် ဘာတွေလျှောက်လုပ်လိုက်တာလဲ”

ဆေးစိုက်ခင်းထဲမှာ အထူးတားမြစ်ချက်တွေ ရှိတယ်လေ။ သူကလွဲရင် ဒီမနက်ခင်းတုန်းက အမိန့်ရလို့ ဆေးပင်လာခူးတဲ့ ပိုင်ကျစ်ယွင်ပဲ ဝင်လို့ရတာ။

“အခုတော့ ဆေးပင်တွေရဲ့ အာနိသင်က သိသိသာသာကျသွားပြီ၊ နင်ကတော့ ကိုယ့်ဟာကို အရမ်း ဂုဏ်ယူနေမှာပေါ့”

“ကျွန်မ မဟုတ်ဘူး...” ပိုင်ကျစ်ယွင်က ကပျာကယာ ရှင်းပြလိုက်ပေမဲ့ ဘာပြောရမယ်မှန်းမသိ ဖြစ်သွားခဲ့တယ်။

သူမက ဆေးပင်ခူးတာကလွဲရင်ဘာမှ မလုပ်ခဲ့ပါဘူး။

ဧကန္တ သူမရဲ့ဝိညာဉ်စွမ်းအင်က အရမ်းနည်းနေလို့များ ဆေးပင်တွေရဲ့အာနိသင်ကို ထိခိုက်သွားတာလား။

ပိုင်ကျစ်ယွင်က ကမန်းကတန်း နောက်နှစ်လှမ်းဆုတ်လိုက်ပြီး သူမရဲ့မျက်လုံးတွေက သူမဘေးက စူးလီကို အမှတ်တမဲ့ ကြည့်လိုက်မိတော့တယ်။

စူးလီက သူမရဲ့လက်ထဲက လက်ဖက်မုန့်မွှေးမွှေးလေးကို တတိတိနဲ့ ကိုက်စားနေလေတယ်။

သူတို့ အချင်းများနေကြတာကို ကြားတစ်ဝက် မကြားတစ်ဝက် နားထောင်ရင်း နည်းနည်းပျင်းလာတာနဲ့ သိစိတ်ပင်လယ်ထဲမှာ ကောင်းကင်စာအုပ်ကို လှန်လှောနေလိုက်တယ်။ သူမက ဘာတွေ့မိလိုက်လဲတော့ မသိပေမဲ့ သူမရဲ့မျက်လုံးတွေက ရုတ်တရက် လင်းလက်သွားခဲ့တယ်။

[အလို....စုန့်ယုံဖျင်ရဲ့ ဆေးစိုက်ခင်းက တကယ်တော့ သူ့ညီ ဖျက်ဆီးသွားတာပဲ]

[မီးရယ် သူခိုးရယ် ညီအစ်ကိုတွေရယ်ကို သတိထားမှပဲ]

[ဝိုး... သူက အခုတောင် စုန့်ယုံဖျင်ရဲ့နောက်ဆုံးကျန်တဲ့ စိုက်ခင်းကို ဖျက်ဆီးနေတာဟဲ့... သူ စိုက်ခင်းတစ်ဝက်ကျော်ကိုတောင် ဖျက်ဆီးပြီးသွားပြီပဲ]

[ကျွတ်.... နေ့ခင်းကြောင်တောင်ကြီးမှာ သူ့အစ်ကို လာရိုက်မှာ မကြောက်ဘူးလား မသိဘူး]

[ဒါပေမဲ့...]

[အခုနေ စုန့်ယုံဖျင် ပြန်သွားရင်တော့ ပွဲကတော့ အရမ်းကြည့်လို့ ကောင်းနေတော့မှာပဲဟဲ့]

...

All Chapters