← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အပိုင်း (၈)

စုန့်ယုံဖျင်က နောက်ကိုခြေနှစ်လှမ်းယိုင်သွားပြီး သူစိတ်ထဲမှာ မျှော်လင့်ချက်အလင်းတန်းလေးတစ်ခုကို ကိုင်စွဲထားကာ သူ့အသံက တုန်ယင်နေတယ်။

“စုန့်ယုံလဲ့ မင်းတကယ်ပဲ...”

စုန့်ယုံလဲ့က သူနဲ့အတူကြီးပြင်းလာတာဆိုတော့ သူ ဘာကို ဂရုအစိုက်ဆုံးလဲဆိုတာကို သိနေတယ်။ သူက အစ်ကိုဖြစ်သူရဲ့ ဖြောင့်မှတ်မှန်ကန်မှုနဲ့ ရှေးရိုးစွဲတဲ့အကျင့်တစ်ခုရှိတာကိုလဲပဲ သတိထားမိတယ်။

သူက အံ့ကြိတ်ထားလိုက်ပြီး ဝန်ခံဖို့ ရန်ငြင်းဆန်လိုက်တယ်။

“လုံးဝမဟုတ်ဘူး”

“ကျွတ်...ကျွတ် နစ်နာသူတွေကမှအများကြီးပဲ”စူးလီ က သူ့ကို မော့ကြည့်လိုက်ပြီး နာမည်တွေကို ဖြည်းဖြည်းချင်း ရွတ်ပြလိုက်တယ်။ ”ယွီရှောင်ချိုး၊ ဖုန်အန်းစုန်း၊....” စုန့်ယုံလဲ့ရဲ့မျက်နှာက ရုတ်တရက်ဆိုသလို ဖြူဆုတ်သွားခဲ့တယ်။ အဲ့ဒီမိန်းမက ဘာဖြစ်လို့ အဲ့လောက်အများကြီး သိနေတာလဲ။

စုန့်ယုံဖျင်ခမျာမှာတော့ မုန်ကြိုးပစ်ချလိုက်သလို ခံစားလိုက်ရပြီး သူက နေရာမှာပဲအေးခဲသွားကာ မလှုပ်မယှက်နိုင်အောင် ဖြစ်သွားတော့တယ်။

စူးလီ ဖတ်ပြလိုက်တဲ့ နာမည်တိုင်းက တစ်နေရာရာမှာတော့ ပြင်းထန်တဲ့ဒဏ်ရာတစ်ခု ရရှိထားကြတဲ့သူတွေပဲဖြစ်တယ်။ တချို့လူတွေရဲ့ကျင့်ကြံရေးအဆင့်က ပိတ်ဆို့နေပြီး တချို့လူတွေရဲ့ ဆေးစိုက်ခင်းကတော့ ပျက်စီးခဲ့ရတယ်။

ဒါတွေအာလုံးက သူ့ညီလေးနဲ့ ပတ်သက်နေတာတဲ့။

ဒီအကြောင်းကို စဥ်းစားကြည့်လိုက်တော့ သူ့မှာဆက်ပြီးတော့ သည်းမခံနိုင်တော့ပဲ စုန့်ယုံလဲ့ကို ခပ်ပြင်းပြင်း ပါးချလိုက်မိတယ်။

”မင်းဘယ်လိုလုပ် အတင့်ရဲပြီးတော့ ဒီလောက်ယုတ်မာတဲ့ကိစ္စကို လုပ်လိုက်ရတာလဲ”

စူးလီက ဆူညံသံကို ကြားလိုက်ရပြီး ပျော်ရွှင်သွားတဲ့အရိပ်အယောင်နဲ့ ကောင်းကင်စာအုပ်ကို ကြည့်နေရာကနေ ခေါင်းမော့ကြည့်လိုက်တယ်။

”ဝိုးးး..လူဆိုးညီလေးက သူ့အစ်ကိုကို တကယ်ပဲ တစ်ခုခုလုပ်ခဲ့တာပဲ”

“အစ်ကိုက တရားမျှတမှုအတွက် ကိုယ့်ဆွေမျိုးအရင်းကိုတောင် သတ်တော့မလို့လား”

ဒီအချိန်မှာတော့ စုန့်ယုံလဲ့ဟာ ဘာအသံမှ မကြားနိုင်တော့ဘူး။ သူ့ခမျာ တစ်ခါမှမခံစားရဘူးတဲ့ နာကျင်မှုကို ခန္ဓာကိုယ်ထဲကနေ ခံစားလိုက်ရပြီး မယုံမကြည်နဲ့ ခေါင်းမော့ကြည့်လိုက်တယ်။

”အစ်ကို ကျွန်တော်ကို တကယ်ရိုက်လိုက်တယ်”

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ သူ ဘာကိုပဲ အမှားလုပ်ခဲ့လုပ်ခဲ့၊ သူ ဘာပြသာနာပဲ ရှာခဲ့ရှာခဲ့ စုန့်ယုံဖျင်က သူ့ကိုစကားလေးတစ်ခွန်းတောင်မှ ပြောခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ ဒီတစ်ချိန်မှာတော့ သူက သူ့ကိုတကယ်ပဲဒီလို ရက်ရက်စက်စက် ဆက်ဆံခဲ့သတဲ့။

“ကျွန်တော်က အစ်ကိုရဲ့ညီလေးပါဗျ”

သူက အံ့ကြိတ်လိုက်ပြီး ဘာမှမစဥ်းစားတော့ဘဲ ပြောလိုက်တော့တယ်။

“အစ်ကိုက ကျွန်တော့်ကို တကယ်ပဲ အဲ့ဒီအပြင်စည်းဂိုဏ်းက အမှိုက်ထုပ်တွေကြောင့် ရိုက်ရက်တယ်ပေါ့”

“စုန့်ယုံလဲ့ ငါ မင်းကို တကယ်ပဲ ကောင်းကောင်းမသင်ကြားပေးမိခဲ့တာပဲ” စုန့်ယုံဖျင်က စုန့်ယုံလဲ့ရဲ့ယုတ်မာပြီး အပြစ်မဲ့ဟန်ဖြစ်နေတဲ့အပြုအမူကို ကြည့်လိုက်ပြီး တစ်ခါမှမခံစားရဘူးတဲ့ မောပန်းစိတ်နဲ့အတူ ပြောလိုက်တော့တယ်။

”ငါ့ဆွေမျိုးရင်းချာက ဂိုဏ်းတူတပည့်တွေကို အန္တရာယ်ဖြစ်အောင် လုပ်ခွင့်ပေးထားမိတဲ့အတွက် စည်းကမ်းရေးရာဌာနကို သွားပြီးတော့ ငါ အပြစ်ခံယူမှဖြစ်တော့မယ်”

“မင်းလဲ ဒီအရွယ်ရောက်နေပြီ မင်းရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူသင့်တယ်” သူကညာဖက်လက်ကို လှုပ်ရှားလိုက်ပြီးတော့ စည်းကမ်းရေးရာဌာနကို အသိပေးမဲ့အဆောင်လက်ဖွဲ့ကို ချေပစ်လိုက်တယ်။

သူရဲ့လှုပ်ရှားမှုတွေကို ကြည့်နေတဲ့စုန့်ယုံလဲ့က ရုတ်တရက် မျက်လုံးအဝိုင်းသား ဖြစ်သွားပြီး ”စုန့်ယုံဖျင် မင်းရူးနေသလား”

”အဲဒါက စည်းကမ်းရေးရာဌာနနော် မင်း အသတ်ခံချင်လို့လား” သူက စုန့်ယုံဖျင်ရဲ့ ဒူးနားအထိ ရောက်သွားအောင် ခြေနှစ်လှမ်းလောက် လေးဘက်ထောက်လာခဲ့ပြီး သူ့ရဲ့အဝတ်စအနားကို ကိုင်ထားလိုက်တယ်။ စုန့်ယုံဖျင်က စကားကို ပျော့ပျော့ပြောင်းပြောင်းနဲ့ပဲ ပြန်ပြောမယ်ဆိုတာကို သိနေတာမလို့ သူက သူရဲ့သဘောထားတွေကို ချက်ချင်း ပျော့ပြောင်းအောင်လုပ်လိုက်ပြီး အသနားခံ တောင်းပန်လိုက်တယ်။

”ကျွန်တော် မှားသွားတယ်ဆိုတာ ကျွန်တော် တကယ်သိပါပြီ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ပြန်လျော်ပေးနိုင်ပါတယ်၊ စည်းကမ်းရေးရာဌာနကလူတွေကိုတော့ အသိမပေးလိုက်ပါနဲ့”

“အစ်ကို ကျွန်တော်တောင်းပန်ပါတယ်”

စူးလီကတော့ ဖရဲသီးစားရင်းနဲ့ကို ပိုပျော်လာခဲ့တယ်။ သူမက သူ့ရဲ့တောင်းပန်တိုးလျှို့တဲ့အသံကို ကြားလိုက်ရတဲ့အချိန်မှာ ခေါင်းခါလိုက်ပြီး နားကွဲမတတ် ကျယ်လောင်တဲ့အသံနဲ့ ပြောလိုက်တယ်။

”တောင်းပန်တယ်ဆိုတဲ့ကိစ္စသာ အသုံးဝင်မယ်ဆိုရင် စည်းကမ်းရေးရာဌာနကို ဘာလို့ ထားနေတော့မလဲ”

စုန့်ယုံဖျင်ရဲ့ အတိုင်းအတာတစ်ခုအထိ ပျော့ပြောင်းသွားတဲ့ အမူအရာက ရုတ်ခြည်းဆိုသလို အေးခဲသွားတော့တယ်။

စုန့်ယုံလဲ့ကတော့ လဲကျတော့မလိုဖြစ်သွားခဲ့တော့တယ်။ သူမရဲ့အသံကို ကြားလိုက်ရတဲ့နောက်မှာ သူက ဆက်ပြီးသည်းမခံနိုင်တော့ပဲ ဖောက်ခွဲရေးအဆောင်တစ်ခုကို ထုတ်လိုက်ပြီး သူမဆီကို ပစ်ခွဲလိုက်တယ်။

”ဒါတွေအားလုံးက မင်းကြောင့်”

သူပြောခဲ့တဲ့စကားကြောင့်သာ မဟုတ်ရင် ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စတွေ တစ်ခုမှဖြစ်လာမှာ မဟုတ်ဘူး။

သူက ယုတ်မာတဲ့အကြည့်တစ်ခုနဲ့ ပြောလိုက်တယ်။

”ငရဲကို သွားပေတော့”

စုန့်ယုံဖျင်က ဒီအသံကို ကြားလိုက်ရတဲ့အချိန်မှာ ကပြာကယာနဲ့ လှည့်ကြည့်လိုက်ပြီး သူ့ကို တားဖို့ လက်လှမ်းလိုက်တယ်။

သူလှမ်းလိုက်တဲ့လက်က လမ်းတစ်ဝက် ရောက်တဲ့အချိန်မှာပဲ လေပြည်လေးတစ်ခု တိုက်သွားတာကို ခံစားလိုက်ရတယ်။

စူးလီဆီကို တည့်တည့်ပြေးဝင်သွားပြီးတော့ ပေါက်ကွဲမလိုဖြစ်နေတဲ့အဆောင်က ညင်ညင်သာသာလေးနဲ့ ပြန်ရောက်လာပြီး စုန်ယုံလဲ့အနားမှာပဲ ဝုန်းခနဲအသံနဲ့အတူ ပေါက်ကွဲသွားခဲ့တယ်။

စုန့်ယုံလဲ့ရဲ့ခန္ဓာကိုယ်က အဆောင်ကြောင့် ဖရို့ဖရဲဖြစ်သွားတော့တယ်။ သူက စုန့်ယုံဖျင်ရဲ့ ဆန့်တန်းထားတဲ့လက်ကို ကြည့်လိုက်ပြီး သူ့အစ်ကိုက လှည့်ကွက်တစ်ခု သုံးလိုက်တယ်လို့ ထင်လိုက်တယ်။ ဒီတော့ သူက ပိုပိုပြီးတော့ ဒေါသထွက်လာတယ်။

“စုန့်ယုံဖျင် မင်း ငါ့ကို ဒီလိုလုပ်ရက်ရသလား”

“မင်းက နာမည်ကောင်းတစ်ခုရဖို့အတွက် ငါ့အပေါ် ဟန်ဆောင်ပြီး ကောင်းပေးခဲ့တာကို ငါ သိသားပဲ”

“ငါက အရည်အချင်းညံ့ဖျင်းပြီး အသုံးမကျတဲ့သူတွေကိုပဲ ရှင်းပစ်ခဲ့တာ မင်းကတော့ ဆက်ပြီးတော့တောင် ဟန်မဆောင်နိုင်တော့ဘူးလား”

စုန့်ယုံဖျင်ရဲ့လက်က သူရဲ့မုန်းတီးစရာကောင်းတဲ့စကားကို ကြားလိုက်ရတော့ ဒေါသနဲ့ တုန်လှုပ်သွားခဲ့တယ်။ သူက စုန့်ယုံလဲ့ကို ခပ်ကြမ်းကြမ်းပါးချလိုက်ပြီး ပြောလိုက်တယ်။

”သူတို့တွေက မင်းနဲ့ ဂိုဏ်းတူတပည့်တွေပဲ ၊ မင်းက လုံးဝကို နောင်တမရနိုင်တာပဲ”

“ငါ ဘာအမှားမှ မလုပ်ထားခဲ့ဘူး၊ ငါကဘာလို့နောင်တရ ရမှာလဲ” စုန့်ယုံလဲ့ရဲ့ မျက်လုံးတွေက သွေးချင်းချင်းနီသွားတော့တယ်။ ”သူတို့တွေကသာ ငါ့ကို အရင်ဆုံး အထင်သေးကြတဲ့သူတွေ”

”သူတို့တွေက ငါ့ကိုမြင်ရင် လျစ်လျူရှုထားကြတယ်လေ၊ သူတို့တွေက ငါလိုချင်တဲ့ပစ္စည်းတွေဆိုရင်လဲ ဝှက်ထားတတ်ကြသေးတယ်...”

“မင်းကို အထင်သေးတဲ့သူတွေကို လျစ်လျူရှုထားလိုက်ပေါ့၊ မင်းမှာ ဒီလောက်ပဲအဖြစ်ရှိတာလား”

စူးလီက သူ့စကားတွေကို နားထောင်ရင်း အင်မတန်မှ ရိုးသားလွန်းတဲ့အသံတစ်ခုနဲ့ သူမရဲ့သံသယတွေကို မေးခွန်းထုတ်လိုက်တယ်။

သူမက လက်တစ်ဖက်နဲ့ မေးကိုထောက်ထားလိုက်ပြီး ပြောလိုက်တယ်။ ”ဂိုဏ်းတစ်ခုလုံးမှာ နင့်ကို အလေးထားတဲ့သူက အများကြီးမရှိဘူးလို့ ဘာလို့ ခံစားနေမိတာလဲ”

“ခစ် ခစ်___”

အခုလေးတင်မှ ရောက်လာတဲ့ အဖွဲ့ဝင်သုံးယောက်က သည်းမခံနိုင်တော့ပဲ အသံထွက် အော်ရယ်နေကြတော့တယ်။

အမှန်ပဲလေ စုန်ယုံလဲ့က အားနည်းတဲ့သူတွေကို အနိုင်ကျင့်ပြီး အားကြီးတဲ့သူတွေကို ကြောက်တဲ့သူကိုး။ သူပြောတဲ့ စကားတွေကလည်း တခြားတပည့်တွေကို အနိုင်ကျင့်ဖို့ သုံးနေတဲ့ဆင်ခြေတွေပဲ။

စည်းကမ်းရေးရာဌာနရဲ့ခေါင်းဆောင်ဖြစ်တဲ့ ယွီလင်။ သူက အလယ်အလတ်အဆင့် အုတ်မြစ်ဖွဲ့တည် ကျင့်သူတစ်ယောက်ဖြစ်တယ်။ သူက ကြောက်ရွံ့ပြီး တုန်ယင်နေတဲ့စုန့်ယုံလဲ့ဆီ ရောက်လာပြီး ပေါ့ပါးတဲ့ အထိအတွေ့တစ်ခုနဲ့ သူ့ရဲ့ဝိညာဥ်သွေးကြောကို ချိပ်ပိတ်ထားလိုက်တယ်။

သူက ဖြူဖပ်ဖြူရော် မျက်နှာတစ်ခုနဲ့ ကြောင်ပြီးရပ်နေတဲ့ စုန့်ယုံဖျင်ဘက်ကို လှည့်လိုက်ပြီး သူ့ဆီ လျှောက်သွားလိုက်ပြီးတော့ သူ့ပခုံးကို ပုတ်ပေးရင်း နှစ်သိမ့်လိုက်တယ်။

သူဒီကိုလာတုန်းက အခုလေးတင်ပဲ အကြောင်းအရာရဲ့ တစ်စိတ်တစ်ပိုင်းကို ကြားလိုက်ရတယ်လေ။ ဒီလိုညီလေးတစ်ယောက်နဲ့ တွေ့ဆုံရတာလဲ စုန့်ယုံဖျင်ရဲ့ကံကြမ္မာပဲပေါ့။

နောက်ဆုံးတော့ စုန့်ယုံဖျင်က သတိပြန်ဝင်လာခဲ့တယ်။ သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့အသံက အပြစ်ရှိပုံ အပြည့်ဖြစ်နေတယ်။

“ဂိုဏ်းတူအစ်ကို ကျွန်တော် စုန့်ယုံလဲ့ လုပ်ခဲ့တဲ့အပြစ်တွေအတွက် အကျိုးဆက်တွေကို အပြည့်အဝ တာဝန်ယူမှာပါ”

“ကျွန်တော် သူ့ကို သေချာမဆုံးမနိုင်ခဲ့တာပါ”

“စည်းကမ်းထိန်းသိမ်းရေးဌာနက တရားမျှတတဲ့ဆုံးဖြတ်ချက်ကို ပေးမှာပါ” ယွီလင်က သူ့ကို

သူက လက်ဝှေ့ယမ်းလိုက်ပြီး သူနဲ့အတူရောက်လာတဲ့လူနှစ်ယောက်ကို စုန့်ယုံလဲ့ကို ထိန်းသိမ်းဖို့ ပြောလိုက်တယ်။ နောက်တော့ သူ့ကို စည်းကမ်းထိန်းသိမ်းရေးဌာနကို ခေါ်သွားဖို့ ပြောလိုက်တယ်။

စုန့်ယုံလဲ့က ကြောက်ကြောက်ရွံ့ရွံ့ တုန်ယင်နေပေမဲ့ သူ့ရဲ့ဝိညာဥ်သွေးကြောမကြီးကို ထိန်းချုပ်ခံထားရတဲ့အတွက် သူ့မှာ ဘာမှမတတ်နိုင်ခဲ့ဘူး။

သူက စုန့်ယုံဖျင်ကို တောင်းပန်တိုးလျှို့တဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး ”အစ်ကို ကျွန်တော်မှား မှန်းသိပါပြီ၊ ကျေးဇူးပြုပြီးတော့ စည်းကမ်းရေးရာဌာနက လူတွေကို ကျွန်တော်ကို လွှတ်ပေးဖို့ပြောပေးပါ”

”ကျွန်တော် တကယ် မှားမှန်းသိပါပြီ”

သူ့အသံက ပိုပိုပြီးတော့ကြံရာမရဖြစ်လာခဲ့တယ်။

”အမေ မသေခင်တုန်းက ပြောခဲ့တဲ့စကားကို အစ်ကို မေ့သွားပြီလား ကျွန်တော့်ကို စောင့်ရှောက်ပေးဖို့ အမေက အစ်ကို့ကို မှာခဲ့တယ်လေ”

စုန့်ယုံလဲ့က စုန့်ယုံဖျင်ကို ကြည့်လိုက်ပြီးတော့ မျက်လုံးကို ပိတ်ထားလိုက်တယ်။ သူ့မျက်နှာပေါ်မှာတော့ ပြတ်သားတဲ့အသွင်တစ်ခု ဖြစ်နေခဲ့တယ်။ အခြေအနေက ပြောင်းပြန်လှန်လို့မရမှန်း သူ သိလိုက်တယ်။ သူ ဒေါသထွက်လာပြန်တယ်။

“စုန့်ယုံဖျင် မင်းက အကြင်နာမဲ့ပြီးတော့ ကျေးဇူးကန်းတဲ့ ကြောင်သူတော်တစ်ယောက်ပဲ”

“မင်း ငါ့ကို စည်းကမ်းထိန်းသိမ်းရေးဌာနကို ပို့လိုက်ရင်စိတ်အေးရမယ်လို့များ ထင်နေသလား၊ မင်းအိပ်မက်မက်နေတာပဲ”

“အဆင့် ၂ ဆေးစိုက်ခင်းတစ်ခုလုံး ပျက်စီးသွားပြီ၊ မင်းဒါကို ဖယ်ရှားပြီးတော့ ငါ့အပေါ် အပြစ်ပုံချနိုင်မယ်လို့ ထင်နေသလား”

သူက ဟိုဆွဲဒီဆွဲနဲ့ ဆွဲထုတ်သွားခံလိုက်ရပြီး သူ့မျက်နှာပေါ်မှာ စူးရှတဲ့အမုန်းတရားတစ်ခု ထွက်လာခဲ့တယ်။ သူက ဝိညာဥ်စွမ်းအင် သိသိသာသာကျဆင်းနေတဲ့ ဆေးစိုက်ခင်းကို ကြည့်လိုက်ပြီး အရူးတစ်ယောက်လို အော်ရယ်လိုက်တယ်။

“ဟားဟားဟားဟား စုန့်ယုံဖျင် ငါ မင်းကို စည်းကမ်းထိန်းသိမ်းရေးဌာနကနေ စောင့်နေမယ်”

သူ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ ယွီလင်က နောက်ဆုံးတော့ ကိုယ့်ဟာကိုစိတ် ပြန်စုစည်းလိုက်ပြီး ဘေးပတ်ဝန်းကျင်က ဆေးစိုက်ခင်းကို ကြည့်လိုက်ပြီး အရွက်တွေ ဝါကျင့်ပြီးတော့ ညှိုးနွမ်းနေတဲ့ဝိညာဥ်ဆေးပင်တွေကို ကြည့်လိုက်မိတယ်။

ပြင်းပြင်းထန်ထန် ပျက်စီးသွားတဲ့ဝိညာဥ်ဆေးပင်တွေက ရွှေသက်စောင့်အဆင့်အကြီးအကဲ တစ်ယောက် ရောက်လာရင်တောင် အရမ်းကိုအဆင့်မြင့်တဲ့ဝိညာဥ်ဆေး အကူအညီလိုအပ်တယ်။ ဒါမှပဲ ဆေးစိုက်ခင်းတွေကို ကယ်ဆယ်နိုင်လိမ့်မယ်။

ဒီလိုစဥ်းစားလိုက်ပြီးတော့ သူက နှုတ်ခမ်းကိုတင်းနေအောင် စေ့ထားတဲ့စုန့်ယုံဖျင်ကို လှမ်းကြည့်လိုက်ပြီး အသာအယာ သက်ပြင်းချမိလိုက်တော့တယ်။

ဒါကအဆင့် ၂ ဆေးပင်တွေလေ။ ဒီအပျက်စီးတွေကလဲ စုန့်ယုံဖျင်ရဲ့ညီလေး လုပ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်နေပုံရတယ်။ ဒီကိစ္စကို ဂရုမစိုက်ခဲ့မိတဲ့သူကလည်းပဲ အတွင်းစည်းဂိုဏ်းနဲ့ အပြင်စည်းဂိုဏ်း ခေါင်းဆောင်တို့ရဲ့ အပြစ်ပေးခြင်းကို ခံရလိမ့်မယ်။

ပြင်းထန်တဲ့ အပြစ်ပေးခြင်းတွေမှာဆိုရင် သူ့အဆင့်က အပြင်စည်းတပည့်အဆင့်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်။

သူက စုန့်ယုံဖျင်ရဲ့ပခုံးကို ပုတ်ပေးလိုက်ပြီး နှစ်သိမ့်စကားပြောပေးလိုက်တယ်။

”ငါ ဘဏ္ဍာထိန်းလျန့်ကို မင်းအတွက် ရှင်းပြပြီးတော့သက်ညှာဖို့ တောင်းဆိုပေးလိုက်ပါ့မယ်”

စုန့်ယုံဖျင်က သူ့နှုတ်ခမ်းထောင့်ကို မဖွင့်ချင်ဖွင့်ချင်ဟလိုက်ပြီး သူ့အသံက ပင်ပန်းနေတဲ့ပုံ ဖြစ်နေတော့တယ်။ ”ကျွန်တော့်ညီလေးကို ကောင်းကောင်း မဆုံးမမိဘူး၊ ကျွန်တော်က အပြစ်ပေးခံရဖို့ ထိုက်တန်ပါတယ်”

သူကရှေ့ကို အနည်းငယ်ငုံ့လိုက်ပြီး ညိုးခြောက်နေတဲ့သစ်ရွက်ကို တုန်ယင်နေတဲ့လက်နဲ့ ပွတ်သပ်လိုက်တယ်။နောက်ဆူံးတော့ သူက ဆက်ပြီးထိန်းမထားနိုင်တော့တဲ့ပုံစံနဲ့ ဝုန်းခနဲ ဒူးထောက်ချလိုက်ပြီးတော့ မျက်ရည်တွေက ဝိညာဥ်ဆေးပင်အပေါ်ကို တစ်စက်ပြီးတစ်စက် ကျဆင်းသွားခဲ့တယ်။

“ကျွန်တော် ဒီဆေးပင်တွေကို သေချာဂရုမစိုက်ခဲ့မိဘူး”

သူက ခေါင်းငိုက်စိုက်ချထားပြီး ဆေးပင်အကြောင်းပဲ ပြောရမလား။ သူ့ညီလေးအကြောင်းပဲ ပြောရမလား ဒါမှမဟုတ် နှစ်ခုလုံးအကြောင်းပြောရမလားဆိုပြီး ဘာပြောရမယ်မှန်းမသိအောင် ဖြစ်သွားတော့တယ်။

ဒီအချိန်မှာပဲ ရင်းနှီးတဲ့အသံတစ်ခုက သူ့နားထဲကို ရုတ်တရက်ဝင်လာခဲ့တယ်။

”ရှင်က ဘာလို့ငိုနေတာလဲ”

“ဒါကို ပြန်လည်ရှင်သန်ခြင်းနည်းလမ်းနဲ့ ဖြေရှင်းလို့ရတယ် မဟုတ်လား”

စူးလီရဲ့စကား ဆုံးသွားတာနဲ့ချက်ချင်း ပတ်ဝန်းကျင်က ကသိကအောက်နိုင်တဲ့ တိတ်ဆိတ်မှုတစ်ခုထဲကို ကျရောက်သွားတယ်၊၊ အရမ်းကို တိတ်ဆိတ်နေတဲ့အတွက် အပ်ကျသံကိုတောင်မှ ကြားနိုင်တယ်။

အသက်ရှူသံ တစ်ချက်နှစ်ချက်ကြားပြီးတဲ့နောက်မှာ ယွီလင်က ပထမဦးဆုံး သတိပြန်ဝင်လာတဲ့သူ ဖြစ်ပြီး သူ့မျက်ခုံးတွေကို တင်းနေအောင် ကျုံ့ထားလိုက်တယ်။ ပြန်လည်ရှင်သန်ခြင်းနည်းပညာက ဝိညာဥ်ဆေးပင်တွေရဲ့ အပေါ်ယံပြသာနာတချို့လောက်ကိုပဲ ဖြေရှင်းပေးနိုင်တာ။

အမြစ်ပါပျက်စီးနေတဲ့ ဒီဆေးပင်တွေကို အဆင့်နိမ့် ပြန်လည်ရှင်သန်ခြင်းနည်းပညာက ဘယ်လိုလုပ် ဖြေရှင်းပေးနိုင်မှာလဲ။

အပြင်စည်းဂိုဏ်းမှာ ဒီလောက်အားနည်းတဲ့ အုတ်မြစ်ဖွဲ့တည် ကျင့်ကြံရေးတပည့်တစ်ယောက် ဘယ်လိုလုပ်ရှိနေတာလဲ။

သူက ပါးစပ်ဖွင့်ပြီး အပြင်စည်းတပည့်တစ်ယောက်ရဲ့ မသိနားမလည်မှုကို ပြုပြင်ပေးဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ သူ့ဘေးမှာ ဒူးထောက်နေတဲ့စုန့်ယုံဖျင်က ခေါင်းမော့ကြည့်လိုက်တယ်။

စူးလီက အရောင်အဝါအပြည့်နဲ့ ဆေးပုလင်းကို နဂိုအခြေအနေ ပြန်ဖြစ်အောင် လက်တစ်ဖက်ထဲနဲ့ ဝှေ့ယမ်းလိုက်ပြီးတော့ ပြန်ထည့်လိုက်တာကို ရုတ်တရက် သတိရသွားပြီး သူ့အသံက မျှော်လင့်တကြီးနဲ့ တုန်ယင်လို့နေတယ်။

“ဆရာကြီး ဒီဆေးပင်စိုက်ခင်းကို ပြန်လည်ရှင်သန်ခြင်းနည်းလမ်းနဲ့ ကုသပေးလို့ရသလား”

စည်းကမ်းထိန်းသိမ်းရေးဌာနက ယွီလင်နဲ့တခြားတပည့်တွေက သူ့မေးခွန်းကို ကြားတဲ့အချိန်မှာ အထိတ်တလန့် ဖြစ်သွားပြီး နားကြားများမှားသွားသလားလို့ သံသယဖြစ်သွားကြတယ်။

ဒီနေ့စုန့်ယုံဖျင်က လန့်စရာကိစ္စတွေကြီးပဲ တွေ့နေရတော့ ရူးများသွားပြီလား။

မဟုတ်လို့ရှိရင် သူက ဘာဖြစ်လို့ချီ ကျင့်ကြံရေးအဆင့် တတိယအဆင့်ပဲ ရှိတဲ့ အပြင်စည်းတစ်ယောက်ဆီမှာ သူ့မျှော်လင့်ချက်တွေကို ပုံအပ်ထားမှာလဲ။

စုန့်ယုံဖျင်ကတော့ သူတို့စဥ်းစားနေတာကို မသိပါဘူး။ သူက စူးလီကိုပဲ မျှော်လင့်တကြီး ကြည့်နေတော့တယ်။

“ငါ မလုပ်တတ်ဘူး “စူးလီက စဥ်းစားမနေဘဲ ပြန်ဖြေလိုက်တယ်။

ဒီအရာတွေကို ပြန်ပြင်ဖို့ ပြန်လည်ရှင်သန်ရေးလျှို့ဝှက်ချက်တွေ သူံးစရာမှမလိုပဲ။ သူမ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံနဲ့ ဖြစ်တဲ့ကိစ္စလေ။

စုန့်ယုံဖျင်က သူမရဲ့အဖြေကို ကြားလိုက်ရတဲ့အချိန်မှာ သူ့မျက်လုံးထဲက အလင်းရောင်က ရုတ်တရက်ဆိုသလို မှေးမှိန်သွားပြီး သူ့ရဲ့နဂိုက ဖြောင့်တန်းနေတဲ့ကျောပြင်က လျောကျသွားတော့တယ်။

သူက ညီဖြစ်သူအတွက် ရှင်းပြပေးနေတဲ့စကားလုံးတွေကို စူးလီက သရော်ခဲ့တာကို ရုတ်တရက် မှတ်မိသွားခဲ့တယ်။ သူက သူ့ကို လုံးဝမကူညီချင်တာပဲ။ သူက သူ့ကို ဒီအတိုင်းပဲ ဟားတိုက်ချင်နေတာ။

သူ့မျက်လုံးတွေ နီရဲသွားခဲ့တယ်။ သူ ပြောလိုက်တဲ့စကားလုံးတိုင်းကလဲ မျက်ရည်အပြည့်နဲ့ ဖြစ်နေတော့တယ်။

”တာအိုရောင်ရင်း မင်းက ဒီဆေးစိုက်ခင်းတွေကို အသုံးချပြီး ငါ့ကို ဘာဖြစ်လို့ ရယ်စရာဖြစ်အောင် လုပ်နေတာလဲ”

“ရှင့်ကို ရယ်စရာဖြစ်အောင် လုပ်နေတယ်ဟုတ်လား”စူးလီက အဲဒီစကားကို ကြားလိုက်တော့ မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်တယ်။ သူမရဲ့အသံက သံသယအပြည့်ဖြစ်နေပေ မဲ့ရိုးသားတဲ့ပုံလည်းပေါ်နေတယ်။

”ဧကန္တ နင့်ရဲ့ ပြန်လည်ရှင်သန်ခြင်းနည်းလမ်းက ဒီကိစ္စမှာ ဘာမှမတတ်နိုင်ဘူးလား”

ဒီအချိန်မှာတော့ စူးလီက သူမဘေးမှာရပ်နေတဲ့ ပိုင်ကျစ်ယွင်ကို ဇဝေဇဝါနဲ့ လှည့်ကြည့်လိုက်တယ်။

”ဒါပေမဲ့ သူကတော့ လုပ်နိုင်တယ်လေ”

စူးလီရဲ့ ဇဝေဇဝါစကားသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ယွီလင်က ချီကျင့်ကြံရေးအဆင့်လေးသာ ရှိတဲ့ ပိုင်ကျစ်ယွင်ကို လှမ်းကြည့်လိုက်တော့ ပိုင်ကျစ်ယွင်က ရို့ရို့ကလေး မော့ကြည့်နေတာ တွေ့လိုက်ရတယ်။ သူ တော်တော်လေး စိတ်ပျက်သွားခဲ့တယ်။

“နင့်ရဲ့ ကျင့်ကြံရေးအဆင့်က နိမ့်တယ်ဆိုပေမဲ့ အမြစ်တွေက သိသိသာသာ ပျက်စီးသွားတာကို မမြင်ဘူးလား၊ စိတ်ဝိညာဥ်ပင် သင်ကြားရေး သင်ခန်းစာတုန်းက မင်းရဲ့အချိန်တွေကို အလကား ဖြုန်းခဲ့တာပဲ”

“ပြန်လည်ရှင်သန်ခြင်းနည်းပညာက ဒီဆေးပင်တွေကို ဘယ်လိုလုပ်ပြီးတော့ ကယ်တင်နိုင်မှာလဲ”

“မကယ်တင်နိုင်ဘူးလား” စူးလီက သူမဘေးက ပိုင်ကျစ်ယွင်ကို ဇဝေဇဝါနဲ့ ကြည့်လိုက်တယ်။

သူမက ပွင့်လွှာသုံးချပ် မြင့်မြတ်ကြာပန်းကို ကုသပေးနိုင်ခဲ့တာ ငါ မှတ်မိသားပဲ။ သူ့အမြစ်တွေက အဲဒီဝိညာဉ်ဆေးပင်တွေထက်တောင် အများကြီး ဆိုးဆိုးရွားရွား ပျက်စီးနေသေးတာပဲ။

ပိုင်ကျစ်ယွင်က ရို့ရို့ကလေးနဲ့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားပြီး သူမရဲ့မျက်လုံးထဲမှာလဲ ဇဝေဇဝါသံသယတွေ ဖြစ်သွားခဲ့တယ်။ ”ဒါကိုလုပ်နိုင်တယ်... ဟုတ်လား”

သူ့မရဲ့အရင်တုန်းက ဆေးတွေအားလုံးကို ပြန်လည်ရှင်သန်ခြင်းနည်းလမ်းသုံးပြီးတော့ ပြန်ယူထားခဲ့တာလေ။

စူးလီက သူမရဲ့ ပြန်ဖြေတဲ့စကားကို ကြားလိုက်ရပြီး မျှော်လင့်တကြီးနဲ့ ခေါင်းညိတ်လိုက်တယ်။ သူမက ရှေ့ကဆေးစိုက်ခင်းကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်တယ်။ “ဒါဆိုရင် သွားပြီးတော့ စမ်းကြည့်လိုက်လေ”

ပိုင်ကျစ်ယွင်က ကပြာကယာနဲ့ လက်ခါပြလိုက်ပြီး သူမရဲ့အသံက အားငယ်ချည့်နဲ့လို့နေတယ်။

“ကျွန်မရဲ့ဂိုဏ်းတူအကိုတွေရဲ့ ကျင့်ကြံရေးအဆင့်က အရမ်းကိုမြင့်မားတယ်၊ သူတို့တောင်မှ ဒါကို မလုပ်နိုင်ဘူးဆိုရင် ကျွန်မက....”

ဒါပေမဲ့ သူမက စူးလီရဲ့ကြည်လင်ပြီးရိုးရှင်းတဲ့အကြည့်နဲ့ ဆုံသွားတဲ့အချိန်မှာ သူမရဲ့ငြင်းဆန်နေတဲ့စကားက ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။

ယွီလင်က ဒီအဓိပ္ပာယ်မရှိတဲ့ကိစ္စတွေကို မြင်ပြီးသွားတဲ့အချိန်မှာတော့ စုန့်ယုံလဲ့ကို ထိန်းချုပ်ထားတဲ့ နောက်ကတပည့်ကို လက်ယမ်းပြလိုက်ပြီး ထွက်သွားဖို့ပြင်လိုက်တယ်။ ထွက်မသွားခင်မှာ သူက အထင်မြင်သေးတဲ့ လေသံတစ်ခုနဲ့ သတိပေးလိုက်သေးတယ်။

“ရွှင့်ချန်ဂိုဏ်းက သူ့တပည့်တွေကို စည်းကမ်းတင်းကျပ်တဲ့နေရာမှာ အရမ်းကို မြင့်မားတဲ့စံနှုန်းတွေ ရှိတယ်၊ ဂိုဏ်းတူညီမလေး နှစ်ယောက်က သူတို့ရဲ့လိမ်ညာတတ်တဲ့အကျင့်တွေကို ပြုပြင်လိုက်ရင် ပိုပြီးတော့ကောင်းလိမ့်မယ်”

အစပိုင်းက လက်လျှော့ဖို့ ပြင်နေတဲ့ ပိုင်ကျစ်ယွင်က သူရဲ့သရော်တဲ့စကားကို ကြားလိုက်တဲ့အချိန်မှာ စဥ်းစားမနေတော့ဘဲ ထရပ်လိုက်တယ်။

သူမရဲ့အသံက တုန်ယင်နေပေမဲ့လည်း နောက်ပြန်ဆုတ်ဖို့တော့ မစဥ်းစားနေတော့ဘူး။

“ကျွန်မ စမ်းကြည့်ချင်တယ်”

အဲဒီလိုပြောလိုက်ပြီးတော့ သူမက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ဆေးစိုက်ခင်းရှိရာဖက်ကို လျှောက်သွားလိုက်ကာ ပြတ်သားတဲ့အကြည့်တစ်ခုနဲ့ လက်ဟန်များကို စပြီးတော့ပြုလုပ်လိုက်တယ်။

အသံကို ကြားလိုက်တော့ ယွီလင်က လမ်းလျှောက်နေတာကို ရပ်လိုက်ပြီး ကိုယ်တခြမ်းပြန်လှည့်ပြီး လက်ပိုက်ထားလိုက်ပြီး ပိုင်ကျစ်ယွင်ရဲ့လှုပ်ရှားမှုကို အေးအေးဆေးဆေး စောင့်ကြည့်လိုက်တယ်။

ရယ်စရာ ကောင်းလိုက်တာ။ ဒါက အခြေခံအကျဆုံး ပြန်လည်ရှင်သန်ခြင်းနည်းလမ်းပဲ မဟုတ်ဘူးလား။

ဒီလျှို့ဝှက်နည်းလမ်းကသာ ဆေးစိုက်ခင်းကို ပြန်လည်ရှင်သန်လာအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် သူကတော့ ဒီမြေပေါ်မှာရှိတဲ့ဝိညာဥ်မြေဆွေးတွေကို အကုန်တောင် စားပလိုက်အုံးမယ်။

အသက်သုံးချက်လောက်ရှူလိုက်ပြီးမှာ-

ပိုင်ကျစ်ယွင်ရဲ့ဘေးက ပြန်ရှင်လာတဲ့ဆေးပင်တွေကို အူကြောင်ကြောင်နဲ့ ငေးကြည့်နေမိတော့တယ်။

သူက မျက်လုံးလေးကို ဖြည်းဖြည်းလေးမှိတ်ထားလိုက်ပြီး- ဒီနေ့ဖြစ်သွားတဲ့အကြောင်းအရာတွေက အရမ်းကို ထူးဆန်းတယ်လို့ စဉ်းစားမိလိုက်တယ်။ ဒါက အိပ်မက်တစ်ခုပဲ ဖြစ်မှာပါ။

သူ့ဘေးမှာ ဒူးထောက်နေတဲ့စုန့်ယုံဖျင်က ဝမ်းသာအားရနဲ့ ဆေးစိုက်ခင်းဆီကို တဟုန်ထိုး ပြေးသွားလိုက်ပြီး ပြန်လည်ရှင်သန်လာတဲ့ဆေးစိုက်ခင်းကို မျက်ရည်ဝဲဝဲနဲ့ ကြည့်နေလိုက်တယ်။

ပိုင်ကျစ်ယွင်က သူမရဲ့လက်ကိုပြန်ချထားလိုက်ပြီး သူမရဲ့ပတ်ဝန်းကျင်က လူတွေရဲအမူအရာကို မကြည့်ရဲဖြစ်နေခဲ့တယ်။သူမက ကိုယ့်ဟာကို အရှက်ခွဲမိနေတဲ့ခံစားချက်နဲ့ ခေါင်းကိုငုံထားလိုက်တယ်။

“ကျွန်မရဲ့ဝိညာဥ်စွမ်းအင်က အရမ်းကိုနည်းပါးပါတယ်၊ ကျွန်မလေ ပြန်လုပ်ပေးနိုင်တာ ဝိညာဥ်ဆေးပင်တွေရဲ့ တစ်ဝက်တောင် မပြည့်ဘူး”

“ခွင့်လွှတ်ပါနော် ဂိုဏ်းတူအစ်ကိုတို့”

...

All Chapters