အခန်း ၉
Vol. 1 Ch. 9
အပိုင်း(၉)
" ကျေးဇူးတင်ပါတယ် ဂိုဏ်းတူညီမလေး"
စုန့်ယုံဖျင်က မျက်နှာပေါ်က မျက်ရည်တွေကို သုတ်လိုက်ပီး ခေါင်းမော့ကာ ပိုင်ကျစ်ယွင်ကို တလေးတစားနနဲ့ ဦးညွှတ်လိုက်တယ်။ "အခုချိန်ကစပြီး ဂိုဏ်းတူညီမလေးက တစ်ခုခုလိုအပ်တာရှိရင် ကျွန်တော်က အကောင်းဆုံးကြိုးစားပေးပါ့မယ်”
စုန့်ယုံဖျင်ရဲ့စကားသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ယွီလင်က မျက်လုံးကိုဖွင့်လိုက်ပေမဲ့ သူ့မျက်လုံးတွေကတော့ ထိုင်းမှိုင်းနေဆဲပါပဲ။ ဒါက အိပ်မက်တစ်ခု မဟုတ်ပေဘူးကို။
သူက လက်မလျှော့ဘဲ သူရဲ့ဝိညာဉ်စွမ်းအင်ကိုသုံးပီးတော့ ဝိညာဉ်ဆေးပင်တစ်ပင်ချင်းကို သေသေချာချာ စစ်ဆေးလိုက်တဲ့အခါမှတော့ သူ့မျက်လုံးထဲမှာ အထိတ်တလန့် ဖြစ်သွားခဲ့တယ်။
ဒီဝိညာဉ်ဆေးပင်တွေရဲ့အမြစ်က ပြန်ကောင်းသွားတဲ့အပြင် ဝိညာဉ်စွမ်းအင်တွေကလည်း သူရဲ့နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားတာပဲ။
နည်းနည်းလေးမှ အံဩပုံမပြဘဲနဲ့ ဒီလိုပဲဖြစ်ရမှာပေါ့ဆိုတဲ့ရုပ်ဖြစ်နေတဲ့ စူးလီကို သူက လှည့်ကြည့်လိုက်ပြီး အဲဒီနောက်မှာတော့ ခေါင်းငုံ့ထားကာ စိတ်နဲ့ကိုယ် မကပ်ပုံရတဲ့ ပိုင်ကျစ်ယွင်ကို လှမ်းကြည့်လိုက်တယ်။
နောက်တစ်က္ကန်မှာပဲ သူက ပိုင်ကျစ်ယွင်ဆီကို အပြေးအလွှား ရောက်သွားတော့တယ်။
"ဂိုဏ်းတူညီမလေး မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ "
သူ့နောက်မှာရှိနေကြတဲ့ စည်းကမ်းထိန်းသိမ်းရေးဌာနက တပည့်တွေကလဲ သတိပြန်ဝင်လာကြပီး တပြိုင်တည်း နားစွင့်ထားလိုက်ကြတယ်။
ပိုင်ကျစ်ယွင်က သူကြောင့် အလန့်တကြားဖြစ်သွားပြီး နောက်ကိုခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့တယ်။ သူမက သူရဲ့မေးခွန်းကို မဖြေလိုက်ဘဲ ကပျာကယာ ခေါင်းမော့လိုက်ပြီး ယွီလင်ကို လေးနက်တဲ့အကြည့်တစ်ခုနဲ့ ကြည့်နေလိုက်တယ်။
" အခု ကျွန်မနဲ့ ဂိုဏ်းတူအစ်မက မလိမ်ခဲ့ပါဘူး"
ယွီလင်က သူတို့ကို လှောင်ပြောင်သရော်ခဲ့တဲ့စကားကို ပြန်သတိရသွားပြီးတော့ သူ့မျက်နှာက နီရဲသွားခဲ့တယ်။ သူက သူမနဲ့စူးလီကို မြန်မြန်ဦးညွှတ်လိုက်ပြီး စိတ်ရင်းအတိုင်း တောင်းပန်လိုက်တယ်။
" ကျွန်တော်က မသိနားမလည်ပဲ မိုက်မှားခဲ့မိပါတယ်။ ကျွန်တော်က ဂိုဏ်းတူညီမလေးနှစ်ယောက်ကို အထင်လွဲခဲ့မိပါတယ်"
"ပြန်လည်ရှင်သန်ခြင်းနည်းလမ်းက ဒီလိုအာနိသင်မျိုး ရှိနေလိမ့်မယ်လို့ ကျွန်တော် တကယ်မသိခဲ့တာပါ” ဒီအချိန်မှာပဲ သူက ညစ်ကျယ်ကျယ်မျက်လုံးတွေနဲ့ ရှေ့ကိုတိုးလာပြီး သူ့အသံကို နိမ့်ထားလိုက်တယ်။
"ဂိုဏ်းတူညီမလေး မင်းမှာ ဘာလှည့်ကွက်တွေများ ရှိနေတာလဲ"
ချီယွီက လျန်ချန်းကျုံ့ကြောင့် ရလာတဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ကုသပြီးတဲ့နောက်မှာ အပြင်စည်းတံခါးကို ထွက်လာပီး ပိုင်ကျစ်ယွင်ကို လာရှာတယ်။
သူက အချိန်အကြာကြီး ရှာလိုက်ပြီးတော့ နောက်ဆုံးမှာ ဆေးစိုက်ခင်းကို ရောက်လာခဲ့တယ်။ ချီယွီရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူ့ရင်က တဖြည်းဖြည်း လေးလံလာခဲ့တယ်။
သူတို့တွေ ပိုင်ကျစ်ယွင်ဆီက ထူးခြားတဲ့အရည်အချင်းကို သိသွားကြပြီးလား။
ဒါပေမဲ့ မကြာခင်မှာပဲ သူက သူ့စိတ်အခြေအနေကို ထိန်းညှိထားလိုက်တယ်။ ပိုင်ကျစ်ယွင်က သူ့ကို အရမ်းချစ်တာလေ။ ဒီတော့ သူမက တခြားသူရဲ့စကားကို ဘယ်တော့မှ နားထောင်မှာ မဟုတ်ဘူး။
ဒီလူတွေက သိသွားခဲ့တယ်ဆိုရင်တောင် သူတို့က ဘာတတ်နိုင်မှာလဲ။
ဒီလိုတွေးလိုက်တော့ သူက ခန့်ညားတဲ့အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ညင်သာတဲ့လေသံနဲ့ ပြောလိုက်တယ်။
" ယွင်အာ ကိုယ်မင်းကိုရှာနေတာ အရမ်းကြာနေပီး မင်းက ဒီရောက်နေတာကို "
သူက ဆေးစိုက်ခင်းဆီကို ခြေလှမ်းအနည်းငယ်နဲ့လျှောက်လာပြီး စည်းကမ်းထိန်းသိမ်းရေးဌာနက တပည့်တွေကို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။
" ဂိုဏ်းတူအစ်ကိုတို့လည်း ဒီနေရာကိုရောက်နေကြတာကို "
ဒီမှာ တစ်ခုခုဖြစ်နေကြတာလား။
ယွီလင်ရဲ့ပြုံးနေတဲ့မျက်နှာက သူ့ကို မြင်လိုက်ရတဲ့အချိန်မှာ ပျောက်ကွယ်သွားတော့တယ်။ သူက ကိုယ်ကို မတ်လိုက်ပြီး ပျင်းရိလေးတွဲပုံနဲ့ ပြောလိုက်တယ်။
" ဒါက စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ နေ့စဉ်ဝတ္တရားပဲ "
" ဂိုဏ်တူညီလေးချီက အချိန်တော်တော်အားပုံရတယ်နော်။ သူက အပြင်စည်းထိ ထွက်လာပြီး ဒီကိုလာခဲ့တယ်ဆိုတော့"
ချီယွီက သူ့စကားသံကို ကြားလိုက်တဲ့အချိန်မှာ အနည်းငယ်ပြုံးပြလိုက်ပြီး ခေါင်းဆက်ငုံ့ထားတဲ့ ပိုင်ကျစ်ယွင်ဘက်ကို လှည့်ကြည့်လိုက်တယ်။
" ကျွန်တော် ဒီမှာ ယွင်အာကို လာရှာတာပါ"
သူက ခေါင်းကိုပြန်လှည့်လိုက်ပြီး ပိုင်ကျစ်ယွင်ကို အေးတိအေးစက်နဲ့ကြည့်လိုက်တယ်။
“ယွင်အာ မင်း ဒီမှာ ဘာလို့ရောက်နေတာလဲ"
ပိုင်ကျစ်ယွင်က နေရာမှာတင် ရပ်နေပေမဲ့ သူမရဲ့ခန္ဓကိုယ်ကတော့ မသိမသာအနည်းငယ် တုန့်လှုပ်သွားခဲ့တယ်။
ချီယွီရဲ့အသံက အဲဒီနာကျင်စရာအမှတ်တရတွေကို ပြန်သယ်ဆောင်လာပေးခဲ့တယ်။
သူမရဲ့မိဘတွေက သူမငယ်ရွယ်စဉ်မှာပဲ သေဆုံးသွားခဲ့ပြီး သူမကိုယ်တိုင်မှာလည်း ဘာအရည်အချင်းမှ မရှိခဲ့ဘူး။ ရွှင့်ချန်ဂိုဏ်းကို ဝင်လာပြီးတဲ့နောက်မှာ သူမက ကျင့်ကြံရေးအဆင့်နိမ့်ပြီး စကားပြောစွမ်းရည် ညံ့ဖျင်းတဲ့အတွက်ကြောင့် အပြင်စည်းဂိုဏ်းရဲ့တပည့်တွေ အနိုင်ကျင့်တာခံခဲ့ရတယ်။ အဲဒီနောက်မှာမှ သူမက ချီယွီနဲ့ တွေ့ဆုံခဲ့ခြင်း ဖြစ်တယ်။
အစပိုင်းတုန်းကတော့ ချီယွီက သူမအပေါ် တကယ်ကို ကောင်းခဲ့ပါတယ်။ သူမက အရင်တုန်းက ဒီလိုနွေးထွေးမှုမျိုးကို တခါမှမခံစားခဲ့ရဘူး။ ဒါကြောင့်မလို့လည်း သူမရဲ့နှလုံးသားတစ်ခုလုံးကို သူ့အတွက် ပေးလိုက်လုနီးပါးဖြစ်ခဲ့ရတယ်။
ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ချီယွီက သူမအပေါ် အေးစက်လာခဲ့တယ်။ အထူးသဖြင့် သူလိုအပ်နေတဲ့ ဝိညာဉ်ဆေးပင်တွေကို သူမက မပေးနိုင်တဲ့အချိန်မှာပေါ့။ သူက သူမကို အေးတိအေးစက်နဲ့ ပြောတတ်တယ်။ သူမက အသုံးမကျဘူးတဲ့။ သူမက ‘အမှိုက်တစ်စပါ’ဆိုတဲ့စကားကို ပါးစပ်ကနေ ဝန်ခံရတဲ့အထိ ဖြစ်အောင်လုပ်ခဲ့တယ်။
သူမက မဟုတ်ပါဘူးလို့ တကယ်တမ်းငြင်းချင်လိုက်ပေမဲ့ ချီယွီက သူမကို ပေးတဲ့နွေးထွေးမှုကိုတော့ လက်လွှတ်မခံနိုင်ခဲ့ဘူး။
အထူးသဖြင့် ချီယွီလိုအပ်တဲ့ ဝိညာဉ်ဆေးပင်တွေကို စိုက်ပျိုးပေးပြီးတဲ့နောက်မှာတော့ သူမကို ပွေ့ဖက်ပြီး ကိုယ်က မင်းကိုပဲ ချစ်တာပါလို့ နူးနူးညံညံနဲ့ပြောခဲ့တယ်။ နောက်ပြီး သူက သူမရှိရင် မနေနိုင်ပါဘူးလို့တောင် ပြောခဲ့သေးတယ်။
တကယ်တော့ ဒါက မှားယွင်းနေတယ်ဆိုတဲ့အကြောင်းကို သူမက ရေးရေးလေးတော့ သိနေပါတယ်။ ဒါပေမဲ့ သူမက ရွှံ့ညွှန်တောထဲမှာ အချိန်အကြာကြီး လှုပ်လေမြုပ်လေ ဖြစ်နေတဲ့အတွက် ထွက်မလာနိုင်ခဲ့ဘူး။
ပိုင်ကျစ်ယွင်က ခါတိုင်းလိုပဲ နာနာခံခံနဲ့ သူ့ဆီရောက်မလာတာကို တွေ့လိုက်ရတဲ့အခါ ချီယွီရဲ့မျက်နှာက ရုတ်တရက် မည်းမှောင်သွားခဲ့တယ်။
" မင်း ကိုယ့်စကားကိုတောင် နားမထောင်တော့ဘူးလား"
" ကိုယ့်ကြောင့်သာ မဟုတ်ဘူးဆိုရင် ဘယ်သူကမှ မင်းကိုလှည့်ကြည့်မှာတောင် မဟုတ်ဘူး။ မင်းလို ကျင့်ကြံရေးအဆင့်နိမ့်ပြီး အကျင့်စရိုက်နည်းပါးတဲ့ တစုံတစ်ယောက်ကို သတိထားခဲ့မိတာ ငါတစ်ယောက်ပဲ ရှိခဲ့တာ။ အရင်တုန်းက မင်း ငါ့ဆီက ထွက်ပြေးဖို့ကြိုးစားလို့ အပြင်စည်းတပည့်တွေရဲ့ လှည့်စားတာခံရပြီး သေလုနီးပါးခဲ့ရတဲ့အချိန်ကို မှတ်မိသေးရဲ့လား”
“ငါတစ်ယောက်တည်းကပဲ မင်းကို သည်းခံပြီးကာကွယ်ပေးလာတာ အပြင်ကလူတွေက မင်းအပေါ် အခွင့်အရေးယူတာပဲရှိမှာ...”
သူ့စကားလုံးတွေက ပင့်ကူအိမ်လို ပိုင်ကျစ်ယွင်ကို တရစ်ပြီးတရစ် ရစ်ပတ်နေပြီးတော့ သူမကို ရွှံ့ညွှန်တောထဲကို ပိုပြီးနက်အောင် ဆွဲချနေတော့တယ်။ ဒီအချိန်မှာပဲ သူမက အဟက်ဆိုတဲ့ ရယ်သံကို ကြာလိုက်ရတယ်။
ပိုင်ကျစ်ယွင်က ချီယွီရဲ့စကားလုံးတွေကနေ သတိပြန်ဝင်လာပြီး ရယ်မောနေတဲ့ စူးလီးကို လှမ်းကြည့်လိုက်တယ်။
ချီယွီကလည်း ဒေါသထွက်ထွက်နဲ့ ကြည့်လာတယ်။
သူ ဖြစ်နေပြန်ပြီ။
ပိုင်ကျစ်ယွင်ကို လှည့်စားပြီး သူ့ရဲ့ချမ်းသာမှုကို ပျက်စီးအောင်လုပ်ခဲ့တဲ့ ဆိုးယုတ်တဲ့မိန်းမပဲ။
စူးလီက လက်တစ်ဖက်နဲ့ မေးကိုထောက်ထားလိုက်ပြီး သူမရဲ့အသံကတော့ လေးစားတဲ့အသံအပြည့် ဖြစ်နေတယ်။
" ကျွတ်ကျွတ် ဒါက တကယ့်လေးစားထိုက်တဲ့ ကပ်ပါးကောင်ပဲ”
" ဒီလောက်မျက်နှာ အရေထူနေတာ ဒီလောက်များပြားတဲ့ အကျိုးအမြတ်တွေ ရခဲ့တာလဲ မဆန်းဘူး "
ချီယွီက ရုတ်တရက်ပျာယာခတ်သွားပြီး မဝံ့မရဲလေသံနဲ့ ပြောလိုက်တယ်။ " မင်း ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ"
အဲဒီနောက်တော့ သူက ပိုင်ကျစ်ယွင်ကို ကြည့်လိုက်တယ်။
" ယွင်အာ ဘယ်ကလာမှန်းမသိတဲ့လူရဲ့ သွေးထိုးစကားကို နားမထောင်နဲ့။ ကိုယ်တစ်ယောက်တည်းကသာ..."
ဒါပေမဲ့ သူ့စကားကို အမြဲတမ်းနားထောင်ပြီး ညင်သာတတ်တဲ့ ပိုင်ကျစ်ယွင်က သူ့ကို ခြင်္သေ့မလေးတကောင်လို ဒေါသထွက်ထွက်နဲ့ စိုက်ကြည့်နေတယ်။
" ဂိုဏ်းတူအစ်မကို ရှင် အဲလိုပြောနေတာ ကျွန်မ ခွင့်မပြုဘူးနော်"
ချီယွီ : " ပိုင်ကျစ်ယွင် မင်း ရူးသွားပြီး"
ပိုင်ကျစ်ယွင်က သူမရဲ့နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်တယ်။
သူမက သာမန်လူတစ်ယောက်ဖြစ်ပြီး သတ္တိနည်းတဲ့လူမှန်း သိပါတယ်။ ချီယွီက သူမကို ဘယ်လောက်ပဲအရှက်ခွဲခွဲ သူမ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ သူမရဲ့ဂိုဏ်းတူအစ်မကို အရှက်ခွဲနေတာတော့ လက်မခံနိုင်ဘူးလေ။
သူမက ပိုင်ကျစ်ယွင်ကို လုံးဝမတူတဲ့လောကတစ်ခုကို ပြသပေးခဲ့တာမလား။ သူမက ချီယွီနဲ့ အခြေအတင် ငြင်းခုန်ပေးခဲ့ပြီး ချီယွီက အမြီးလေးတလှုပ်လှုပ်နဲ့ အသနားခံတဲ့ပုံကို သူမကို ပြသပေးခဲ့တယ်။ သူမက အားစိုက်ထုတ်မှုအများအပြားလုပ်ပြီး စိုက်ပျိုးခဲ့ရတဲ့ ဆေးပင်ကို ပြန်ယူပေးခဲ့တယ်။ သူမက ဂိုဏ်းတူအစ်ကိုစုန့်ရဲ့အထင်လွဲခံရချိန်မှာလည်း ဂိုဏ်းတူအစ်ကိုစုန့်ကို အမှန်တရားကို သိမြင်လာအောင် ကူညီပေးခဲ့တယ်။
သူတို့တွေက သိတာသိပ်မကြာသေးဘူးဆိုပေမဲ့လည်း ပိုင်ကျစ်ယွင်ကတော့ သူမကို မိတ်ဆွေတစ်ယောက်လို ဆရာတစ်ယောက်လို စိတ်ထဲကနေ သတ်မှတ်ပြီးသား ဖြစ်နေခဲ့တယ်။
သူမက အံကြိတ်တစ်လုံးချင်း ပြောလိုက်တယ်။ " ဂိုဏ်းတူအစ်မက ကျင့်ကြံရေးလောကတစ်ခုလုံးမှာ ကျွန်မအပေါ် အကောင်းဆုံးလူပဲ။ သူက ကျွန်မဆီက ဘာမှပြန်တောင်းဆိုတာမျိုးမရှိပဲနဲ့ ကျွန်မကို အကြိမ်ကြိမ် ကူညီပေးခဲ့တယ်"
"သူက ကျွန်မရဲ့ကျင့်ကြံရေးအဆင့်နိမ့်တာကိုလည်း စိတ်ထဲမထားသလို ကျွန်မရဲ့မပြတ်သားတဲ့စိတ်ထားကိုလည်း စိတ်ထဲမထားဘူး၊ သူက ကျွန်မကိုလည်း အထင်မသေးဘူးလေ"
" သူက ရှင်နဲ့တခြားစီပဲ"
စူးလီက အဲဒီစကားကိုကြားလိုက်ရတော့ ဇဝေဇဝါနဲ့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားတယ်။ ငါက ဖရဲသီးပဲစားနေတာ မဟုတ်ဘူးလား။
ပိုင်ကျစ်ယွင်က သူမရဲ့အမူအရာကိုကြည့်လိုက်ပြီး ရင်ထဲမှာ စိတ်လှုပ်ရှားသွားခဲ့တယ်။
ဂိုဏ်းတူအစ်မဆိုတာ အဲလိုပဲ။ သူတို့က တခြားသူတွေကို ဘာမှမပြောဘဲ ကူညီတတ်ကြတယ်။
သူမကိုဖြစ်ဖြစ် ဂိုဏ်းတူအစ်ကိုစုန့်ကိုပဲဖြစ်ဖြစ်ပေါ့။
သူမက ချီယွီ သူမကိုလှည့်စားနေတာကို သည်းမခံနိုင်ခဲ့သလို သူ့လိုလည်း ဆွယ်တရားတွေမဟောခဲ့ဘူး။ သူက ချီယွီရဲ့မျက်နှာအစစ်ကိုပဲ မြင်ရဖို့ သူမကို ခေါ်သွားခဲ့တယ်။ သူမက ချီယွီ သူမကိုပေးထားတဲ့ အနှောင်အဖွဲ့တွေကနေ လွတ်ထွက်လာပြီး သူမကိုယ်တိုင် ရွှံ့တောထဲကထွက်လာနိုင်ဖို့ မျှော်လင့်ပေးခဲ့တယ်။
ဒီလောက်နူးညံသိမ့်မွေ့ပြီး ကြင်နာတတ်တဲ့ ဂိုဏ်းတူအစ်မနဲ့ တွေ့ခွင့်ရတာက သူမ အရမ်းကို ကံကောင်းခဲ့တာပဲ။
ဒီအကြောင်းတွေကို စဉ်းစားလိုက်ပြီးတော့ သူမက သတ္တိကို စုစည်းလိုက်ပြီး စူးလီကို ကြည့်လိုက်တယ်။
" ဂိုဏ်းတူအစ်မ စိတ်မပူပါနဲ့၊ ကျွန်မက ဂိုဏ်းတူအစ်မရဲ့ သင်ကြားပေးတဲ့အရာတွေကို မှတ်သားထားပြီး ချီယွီ နောက်တခါအရူးလုပ်တာ ဘယ်တော့မှ ခံတော့မှာမဟုတ်ပါဘူး"
သူမရဲ့မျက်လုံးတွေထဲမှာ ပြတ်သားတဲ့အလင်းရောင်တစ်ခု ပေါ်လာခဲ့တယ်။ သူမရဲ့ မူလက ကြောက်ရွံ့တတ်တဲ့အမူအရာကလည်း တဖြည်းဖြည်းနဲ့ မှိန်းဖျော့သွားခဲ့တယ်။
ဖုန်မှုန်တွေကို ဖြည်းဖြည်းချင်း သုတ်လိုက်တဲ့အခါမှာ ပေါ်လာတဲ့ စိန်တုံးတစ်ခုလိုပါပဲ။
စူးလီက သူမရဲ့ ရိုးသားပြီး အာရုံစိုက်ထားတဲ့ အကြည့်လိုက် ကြည့်လိုက်မိပြီး သူမရဲ့နှလုံးသားထောင့်တစ်နေရာမှာ လှုပ်ရှားသွားခဲ့တယ်။
ဘေးမှာရပ်နေတဲ့ ချီယွီက ပိုင်ကျစ်ယွင် ပြောလိုက်တဲ့စကားကို ကြားလိုက်ရတဲ့အခါမှာတော့ မယုံကြည်နိုင်အောင်ဖြစ်သွားခဲ့တယ်။
သူက ဒီလိုစဉ်းစားလိုက်တယ်။ ပိုင်ကျစ်ယွင်က လျန်ချန်းကျုံ့ မနက်တုန်းက သူ့ကို ခေါ်သွားတာကို မြင်လိုက်ရပြီးတဲ့နောက်ပိုင်းမှာ စူးလီက သူမဘေးမှာ လုပ်ဇာတ်တွေခင်းပြီး သူမကို လိမ်ညာနေခဲ့တာ။ ဒါကြောင့်လည်း သူက သူ့ဒေါသကို မျိုသိပ်ထားလိုက်ပြီး ရှင်းပြလိုက်တယ်။
" ယွမ်အာ နင်က ဒီလိုထင်နေတာပဲ ဆရာရဲ့ ကိုယ်အပေါ်ထားတဲ့ သဘောထားက တကယ်တော့လေ ကိုယ်က တချို့ကိစ္စ သေးသေးလေးတွေကို ကောင်းကောင်း မလုပ်ပေးခဲ့လို့ဖြစ်ခဲ့တာပါ"
" ဆရာက တစ်ခါတလေကျရင် ကိုယ့်အပေါ် နည်းနည်းလေး စည်းကမ်းတင်းကျပ်တတ်တယ်၊ ဒါပေမဲ့ ဒါကလဲ သူ ကို့ကိုတန်ဖိုးထားတယ်ဆိုတာ ပြသတဲ့နည်းလမ်းတစ်ခုပါပဲ"
ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာ ပိုင်ကျစ်ယွင်က ကိုယ်ကိုလှည့်လိုက်ပြီး သရော်တဲ့ဟန်ပန်နဲ့ ချီယွီကို ကြည့်လိုက်တယ်။
အရင်တုန်းကသာဆိုရင်တော့ သူမက သူရဲ့စကားကိုယုံလိမ့်ပါအုံးမယ်။ ဒီအကြောင်းတွေအပေါ်လည်း ရှင်းလင်းချက်တွေကို သူက နားထောင်ပေးလိမ့်ပါအုံးမယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ သူမရဲ့မျက်လုံးတွေက ထူထပ်နေတဲ့မြူထုကြီးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမက သူရဲ့အောက်တန်းကျတဲ့ အပြုအမူတွေကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပြီးဖြစ်တယ်။
သူမက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး သရော်စကားပြောလိုက်တယ်။
“ဒါကြောင့်လည်း ရှင်က ဆရာကြီးလျန်ရဲ့ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့ ဆရာ့မိန်းမကို မြှူဆွယ်ခဲ့တာပေါ့လေ”
!!!
အခုလေးတင်မှ ဆရာဖြစ်သူရဲ့ ဆက်သွယ်လာတာကို ခံရပြီး တပည့်အဖြစ် လက်ခံကြောင်း သိလိုက်ရတဲ့ ယွီလင်က ဆက်သွယ်ရေးအဆောင်စာရွက်ကို မသိမ်းရသေးခင်မှာပဲ ဒီလောက်ကြီးမားတဲ့သတင်းကို ကြားလိုက်ရတော့တယ်။
သူက နားစွင့်ထားလိုက်ပြီး သူ့မျက်နှာပေါ်မှာလည်း ဖရဲသီးစားရတော့မှာမလို့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဖြစ်သွားတယ်။
“မင်း ဘာတွေ....”
ချီယွီရဲ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပြီး သူရဲ့အသံကလည်း ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ ပျာယာခတ်နေတဲ့ အရိပ်အယောင်တစ်ခုနဲ့ ပြည့်နှက်သွားခဲ့တယ်။
သူ ဒီမနက်တုန်းက ဘာတစ်ခုမှ ထုတ်မပြခဲ့တာ သေချာပါတယ်။ ပိုင်ကျစ်ယွင်က ဘယ်လိုလုပ်ပြီးတော့ သိသွားတာလဲ။
ဟုတ်နေပါပြီ။ သူက အကောင်းဆုံး ဖြစ်အောင် ခန့်မှန်းလိုက်တာပဲနေမှာ။ ဧကန္တ သူ့မျက်လုံးတွေနဲ့ ကိုယ်တိုင်မြင်ခဲ့ရလို့လား။
ချီယွီက ကိုယ်ဟာကို တည်ငြိမ်အောင် အားထုတ်လိုက်ပြီး ဒေါသထွက်ချင်ဟန်ဆောင်လိုက်တယ်။
"မင်းကများ အတင့်ရဲလို့ ငါ့နဲ ငါဆရာရဲ့ဇနီးကိုများ ဒီလိုနာမည် ဖျက်ရသလား "
သူက နောက်ပြန်ဆုတ်မဲ့ပုံမပေါ်တဲ့ ပိုင်ကျစ်ယွင်ကို ကြည့်လိုက်ပြီး ဝိညာဉ်စွမ်းအင်ကို စုဆောင်းလိုက်ကာ ရက်စက်တဲ့လေသံနဲ့ ခြိမ်းခြောက်လိုက်တယ်။
"အတွင်းစည်းတပည့်တစ်ယောက်နဲ့ ရွှေသက်စောင့်အဆင့်အကြီးအကဲတစ်ယောက်ကို နာမည်ဖျက်တာဟာ ဘာပြစ်မှုမြောက်တယ်ဆိုတာ မင်းသိရဲ့လား”
"ကျွတ်ကျွတ်...” ယွီလင်က သူ့ကိုကြည့်လိုက်ပြီး တိုက်ခိုက်ချင်သွားတော့တယ်။ သူက မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့ ရှေ့ကိုလျှောက်သွားလိုက်ပြီး ပိုင်ကျစ်ယွင်ရဲ့ရှေ့မှာ ဝင်ကာထားလိုက်တယ်။
" ဂိုဏ်တူညီလေးရေ မင်းက ဘာလို့တိုက်ခိုက်မှာလဲ"
" ဂိုဏ်းတူအစ်ကိုယွီ"
ချီယွီက အံကြိတ်လိုက်ပြီး သူ့ကိုတွေ့သွားတဲ့နောက်မှာတော့ ဆက်ပြောလိုက်တယ်။
"ဒီကိစ္စက ဂိုဏ်းတူအစ်ကိုနဲ့ ဘာမှမပက်သက်ပါဘူး ထင်ပါတယ် ဟုတ်တယ်မလား"
ယွီလင်က သူ့ပခုံးကို အသာအယာပုတ်ပြီး သူ ပြောလိုက်တဲ့စကားကြောင့် ချီယွီရဲ့မျက်နှာက ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားခဲ့တယ်။
"ဒီကိစ္စက ဘယ်လိုဖြစ်ပြီး ငါနဲ့မဆိုင်ရမှာလဲ” ယွီလင်က ပိုင်ကျစ်ယွင် မန္တန်ကို သုံးပြီး ဆေးပင်တွေကို အသက်ပြန်ရှင်လာအောင်လုပ်ခဲ့တဲ့ မြင်ကွင်းကို ပြန်စဉ်းစားလိုက်မိပြီးတော့ သူ့မျက်နှာပေါ်မှာ ဝင့်ကြွားတဲ့အကြည့်တစ်ခု ဖြစ်သွားခဲ့တယ်။
"ဂိုဏ်းတူညီမလေးပိုင်က ငါ့ဆရာ ရွေးချယ်ထားတဲ့တပည့်ပဲ၊ သူက ငါ့ရဲ့ဂိုဏ်းတူညီမလေးလေ” ချီယွီက သူ့လက်ကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး သူ့မျက်နှာကလည်း ဖြူဆွတ်သွားခဲ့တယ်။
"ဂိုဏ်းတူအစ်ကို ရယ်စရာတွေမပြောပါနဲ့တော့"
"အကြီးအကဲဝူက ဘယ်လိုလုပ်ပြီးတော့ ကျင့်ကြံရေး အဆင့်နိမ့်ပြီး ပါရမီနည်းတဲ့ တပည့်တစ်ယောက်ကို သူ့ရဲတပည့်အရင်းအဖြစ် လက်ခံနိုင်မှာလဲ"
အကြီးအကဲဝူဆိုတာ ယောက်တန်းတောင်ထွတ်ရဲ့ နာမည်ကြီး အကာအကွယ် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ တကယ်လို့များ ပိုင်ကျစ်ယွင်ကို တပည့်အရင်းအဖြစ် လက်ခံလိုက်မယ်ဆို သူက သူမကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်လို့ရမှာတော့လဲ။
နောက်ပြီးတော့ ပိုင်ကျစ်ယွင်ရဲ့အရည်အချင်းကရော... တကယ်လို့များ လျန်ချန်းကျုံ့သာ ဒီဆေးနည်းတွေကို ပိုင်ကျစ်ယွင် လုပ်ခဲ့တာသိသွားခဲ့ရင်... ပိုင်ကျစ်ယွင်ကို သူ့ရဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့ ဝူဝမ်းယွမ်ရဲ့တပည့်အဖြစ် လက်ခံလိုက်တာကို သိသွားခဲ့မယ်ဆိုရင်...
အဲဒီအချိန်ကျရင် အဖြစ်မှန်ကို သိထားရက်နဲ့ သတင်းမပို့တဲ့သူ့ကို လျန်ချန်းကျုံ့က အသုံးဝင်တော့မှာ မဟုတ်ဘူးလို့ ထင်သွားတော့မှာပဲ။ သူ့မှာ အသက်ပေါင်းဘယ်လောက်ရှိရှိ လျန်ချန်းကျုံ့ရဲ့ဒေါသကို ဖြေသိမ့်ပေးဖို့ လုံလောက်မှာ မဟုတ်တော့ဘူး။
" မင်းက လာနောက်နေတာလား"
ယွီလင်က ချီယွီရဲ့ပျာယာခတ်နေတဲ့စိတ်ကူးကို မသိလေဘူး။ သူက အထင်အမြင်သေးတဲ့ဟန်နဲ့ သူ့ပခုံးပေါ်ကလက်ကို ဖယ်ချလိုက်ပြီးတော့ သရော်လှောင်ပြောင်လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
" တကယ်လို့များ ဂိုဏ်းတူညီမလေးပိုင်ကို ဆိုးဝါးတဲ့အရည်အချင်းရှိတယ်လို့ ပြောရင်တော့ မင်းကို အမှိုက်ထုတ်လို့ပဲ ခေါ်ရလိမ့်မယ် "
ချီယွီက မျက်မှောင်ကြုတ်ထားလိုက်ပြီး ယွီလင်ရဲ့စကားလုံးတွကို ငြင်းဆန်ဖို့ စိတ်ကူးမရှိလေဘူး။
လျန်ချန်းကျုံ့သာ ပိုင်ကျစ်ယွင်ကို ဝူဝမ်းယွမ်ထက်အရင် တပည့်အဖြစ် လက်ခံလိုက်မယ်ဆိုရင်တော့....
ဒါက အရှုံးကို လျှော့ချနိုင်ပြီး အမြတ်ကိုတိုးမြှင့်နိုင်တဲ့ အခွင့်အရေးတစ်ခုပဲ ဖြစ်လိမ့်မယ်။
ဒီလိုစဉ်းစားလိုက်တော့ ချီယွီရဲ့မျက်ခုံးတွေက တဖြည်းဖြည်း ပြေလျော့သွားခဲ့တယ်။ သူက သူရဲ့အင်္ကျီလက်ကို ဝှေ့ရမ်းလိုက်ပြီး အလျင်စလိုနဲ့ပြောလိုက်တယ်။
"ဂိုဏ်းတူအစ်ကိုတို့ ကျွန်တော့်မှာ တခြားလုပ်စရာရှိသေးလို့ အရင်သွားခွင့်ပြုပါအုံး "
ယွီလင်က ချီယွီပြန်ထွက်သွားတာကို တအံ့တဩ ကြည့်နေမိလိုက်တယ်။ အဲဒီနောက်မှာတော့ ကိုယ်ကိုလှည့်ပြီး ဂိုဏ်းတူအစ်ကိုတစ်ယောက်ရဲ့ အပြုံးမျိုးနဲ့ ပြန်လှည့်ကြည့်လိုက်တယ်။
"ဂိုဏ်းတူညီမလေးပိုင် "
ပိုင်ကျစ်ယွင်က သူ့အကြည့်ကို ခံစားမိလိုက်တဲ့အခါ သူမရဲ့ခေါင်းကို ပိုပြီးနိမ့်အောင် ငုံ့ထားလိုက်တယ်။ သူမက ခပ်ခပ်တိုးတိုးနဲ့ ပြောလိုက်တယ်။
" ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို... ကျွန်မကို ကူညီပေးခဲ့တဲ့အတွက်ပါ "
" ဂိုဏ်းတူညီမလေး ဘာဖြစ်လို့ အဲလောက်ထိ အားနာနေတာလဲ "
ယွီလင်က သူ့ရင်ဘတ်ကို ပုတ်လိုက််ပြီးပြုံးကာ သွားတွေပေါ်တဲ့အထိ ပြုံးပြလိုက်တယ်။
...