← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အပိုင်း (၁၀)

" ဂိုဏ်းတူ‌မောင်နှမတွေအချင်းချင်း အကူညီပေးတယ်ဆိုတာက ပုံမှန်ပဲ မဟုတ်ဘူးလား"

ပိုင်ကျစ်ယွင်က တအံတဩနဲ့ မော့ကြည့်လိုက်ပြီး သူ့ကို အူကြောင်ကြောင်နဲ့ ကြည့်နေလိုက်တယ်။ ဒါက ချီယွီကို ပြန်ဆုတ်သွားဖို့ ဟန်ဆောင်ပြီး ပြောလိုက်တဲ့စကားမဟုတ်ဘူးလား။

အကြီးအကဲဝူဆိုတာ ယောက်တန်းတောင်ထွတ်ရဲ့ သင်ကြားရေး အကြီးအကဲတစ်ယောက်လေ။ ပြီးတော့ သူက သူမလို သာမန်အပြင်စည်းတပည့်တစ်ယောက်ကို တပည့်အဖြစ်နဲ့ ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ။ ယွီလင်က သူမရဲ့အမူအရာကို သတိမထားမိခဲ့ဘူး။ သူက သူမဆီကို ဝမ်းသာအားရနဲ့ ပိုပြီးတော့ကပ်သွားလိုက်တယ်။ သူ ဘာမှမပြောရသေးခင်မှာပဲ လေထဲကနေပြီးတော့ ဖျတ်ကနဲ အလင်းတစ်ခု ပေါ်လာပြီး ထည်ဝါတဲ့ပုံရိပ်တစ်ခုက ပေါ်ထွက်လာတာကို မြင်လိုက်ရတယ်။

ယွီလင်က သူ့မျက်နှာပေါ်က ကျီစယ်တတ်တဲ့အပြုံးတစ်ခုကို ပြန်သိမ်းထားလိုက်ပြီး လေထဲကလူကို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။

“ ဆရာ”

ဝူဝမ်းယွမ်က ခေါင်းကို အနည်းငယ်ညိတ်ပြလိုက်ပြီး သူ့အာရုံတစ်ခုလုံးကို ဆေးစိုက်ခင်းထဲက ဆေးပင်တွေကို အာရုံစိုက်ပြီးကြည့်လိုက်တယ်။

သူက သူရဲ့ဝိညာဉ်အာရုံခံကို အသုံးပြုလိုက်ပြီး ဝိညာဉ်ဆေးပင် နှစ်ခုရဲ့အမြစ်ကို သေသေချာချာ လေ့လာကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ သဘောကျတဲ့ အရိပ်အရောင်တစ်ခုဖြစ်သွားပြီး သူက ပိုင်ကျစ်ယွင်ကို လှမ်းကြည်လိုက်တယ်။

ဒီတပည့်လေးက ဝိညာဉ်ဆေးပင်တွေကို ပြန်ပြင်တဲ့နေရာမှာ တကယ်ပါရမီ ပါတဲ့သူပဲ။

သူ့ရဲ့ကျင့်ကြံရေး အဆင့်နိမ့်နေတာကတော့ နှမြောစရာကောင်းလိုက်တာ။

သူက အဲလိုတွေးလိုက်တယ်။ ဒါပေမဲ့လည်း ပိုင်ကျစ်ယွင်ကို ခေါင်းညိတ်ပြလိုက်ပြီး သူ့အသံက ညင်ညင်သာသာ ထွက်လာခဲ့တယ်။

“မင်း ငါရဲ့တပည့်အရင်း လုပ်လိုတဲ့ဆန္ဒ ရှိသလား....”

သူ့စကာမဆုံးခင်မှာပဲ လှောင်ပြောင်သရော်တဲ့ အသံတစ်ခုက သူ့ကို ဖြတ်ပြောလိုက်တယ်။

“မင်းရဲ့တပည့် ဖြစ်လာပြီးရင် မင်းရဲ့ဝိညာဉ်ဆေးပင်တွေကို အထောက်အပံ့ပေးဖို့ လစာဖြတ်ဖို့ စောင့်နေတာမလား”

လျန်ချန်းကျုံ့က ချီယွီရဲ့ဆက်သွယ်ရေး ‌သင်္ကေတကို လက်ခံရရှိပြီးတဲ့နောက်မှာ သူက ဆေးစိုက်ဆီကို အလျင်အမြန်ရောက်လာပြီး ဝူဝမ်းယွမ်ကို အညှာအတာကင်းမဲ့စွာ သရော်လိုက်တယ်။ အဲဒီနောက်မှ သူက ချီယွီနဲ့ စာရင်းရှင်းမယ်လို့ ဆုံးဖြတ်ထားလိုက်တယ်။

“မင်းရဲ့တပည့်တွေက မင်းကို ဆရာကောင်းတစ်ယောက်လို့ ထင်ခဲ့ကြပေမဲ့ မင်းကတော့ သူတို့ကို အစားအသောက် လုံလုံလောက်လောက် ပေးဖို့တောင်ခက်ခဲနေတာပဲ။

ယွီလင် : “...”

သူတို့ရဲ့ လစဉ်ထောက်ပံ့ကြေးက ဒီအတိုင်း နည်းနည်းလေးပဲ ရတာမဟုတ်ဘူးလား။

သူက ဝူဝမ်းယွမ်ကို မယုံမကြည်နဲ့ လှည့်ကြည့်လိုက်တယ်။ ဝူဝမ်းယွမ်က အဖြစ်မှန်ကို ဖော်ထုတ်ခံလိုက်ရတော့ လျန်ချန်းကျုံ့ကို ဒေါသတကြီးနဲ့ ကြည့်လိုက်ပြီး အညှာအတာကင်းမဲ့စွာ ပြန်ချေပလိုက်တယ်။

“မင်းထက်တော့ သာပါသေးတယ်။ မင်းက အရှက်မရှိ မင်းရဲ့တပည့်တွေဆီကနေပြီး အကျိုးအမြတ်တွေ တောင်းခံနေတာမလား”

" မင်းက မင်းရဲ့တပည့်အရင်းတွေနဲ့ အဲဒီအမည်ခံတပည့်တွေဆီကနေ လုယူထားတာလေ"

အချင်းချင်း ရန်ငြိုးအဟောင်းတွေရှိကြတဲ့ လူနှစ်ယောက်က တပည့်တစ်ယောက် လက်ခံထားဖို့အရေးနဲ့ ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ ပြဿနာက ကြီးမားလာခဲ့တယ်။ ဒီတော့ စကားနည်းနည်းပဲ ပြောရသေးတဲ့အချိန်မှာပဲ လူနှစ်ယောက်က ဒေါသတကြီး စတင်တိုက်ခိုက်လာတော့တယ်။

ပိုင်ကျစ်ယွင်က လက်သီးတွေကို ကျစ်နေအောင်ဆုတ်ထားလိုက်တယ်။ အကြီးအကဲဝူက သူမကို သူ့တပည့်အရင်းလို လက်ခံတယ်လို့ ပြောတာကြားလိုက်ရတော့ သူမက တကယ်ကို ဝမ်းသာသွားပြီး အသိအမှတ်ပြုခံလိုက်ရတယ်လို့ ခံစားလိုက်ရတယ်။

ဒါပေမဲ့ တကယ်တမ်းကျတော့ သူမရဲ့စိတ်ကူးယဉ်အိပ်မက်တွေက ကွဲကြေသွားခဲ့တယ်။

ဟုတ်ပါတယ်။ သူမက ကျင့်ကြံရေးအဆင့်နိမ့်တဲ့ သာမန်အပြင်စည်း တပည့်တစ်ယောက်ပဲကို။ ရွှေသက်စောင့်အဆင့်အကြီးအကဲတစ်ယောက်က သူမကို တပည့်အဖြစ် ဘယ်လိုလုပ်ပြီး လက်ခံချင်မှာလဲ။

သူတို့ရဲ့ မျက်လုံးထဲမှာတော့ သူမက သူတို့ရဲအနိုင်ရလိုစိတ်ကို နှိုးဆွပေးခဲ့တဲ့ ပစ္စည်းတစ်ခုသာသာပါပဲ။

သူမက သူမအယုံကြည်ရဆုံးသူဖြစ်တဲ့ စူးလီဆီကို အမှတ်တမဲ့ ရောက်သွားလိုက်ပြီး သူမကိုယ်တိုင်တောင် သတိမထားမိပဲ ကူကယ်ရာမဲ့နေတဲ့အကြည့်တစ်ခုနဲ့ စူးလီကို ကြည့်လိုက်တယ်။

ပွဲကို ပျော်ပျော်ကြီး ကြည့်နေတဲ့စူးလီက သူမရဲ့အကြည့်ကို သတိထားမိသွားပြီး သူမရဲ့ခေါင်းကို အသာအယာလှည့်လိုက်ကာ ပိုင်ကျစ်ယွင်ရဲ့ ရီဝေနေတဲ့မျက်လုံး‌တွေကို ကြည့်လိုက်တယ်။ သူမက ဇဝေဇဝါနဲ့ ပြောလိုက်တယ်။

“ နင် ဘာဖြစ်လို့လဲ”

ပိုင်ကျစ်ယွင်က မျက်နှာပေါ်က မျက်ရည်တွေကို အလျင်စလို သုတ်ထားလိုက်ပြီး စိတ်အေးသွားတဲ့အပြုံးတစ်ခုနဲ့ ကိုယ့်ဟာကို အားပေးလိုက်တယ်။

" ဂိုဏ်းတူအစ်မ... ကျွန်မ အဆင်ပြေပါတယ်"

သူမက ပင့်သက်တချက်ရှိုက်လိုက်ပြီး သူမရဲ့အသံကို ပိုပြီးတော့‌ အေးအေးဆေးဆေးဖြစ်‌အောင် ကြိုးစားပြောလိုက်တယ်။

" ကျွန်မလို လူတစ်ယောက်က တပည့်အရင်းတစ်ယောက်ဖြစ်လာတာ တကယ့်ကို ဂုဏ်ယူစရာပါ"

“နင်က တကယ်ပဲ ဆရာတစ်ယောက်လိုချင်တာလား” စူးလီက လက်တစ်ဖက်နဲ့ မေးကို ထောက်ထားလိုက်ပြီး လေထဲမှာ တိုက်ခိုက်နေကြတဲ့ လူနှစ်ယောက်ကို အထင်သေးတဲ့ အကြည့်တစ်ခုနဲ့ ကြည့်လိုက်တယ်။

" အဲလိုဟာမျိုးကိုလား"

သူ့ကျင့်ကြံရေးအဆင့်ကလည်း မမြင့်ဘူး။ ဒေါသကလဲကြီးလိုက်တာ သူ့အကျင့်တွေကလဲ တော်တော့်လေးကို မေးခွန်းထုတ်စရာဖြစ်နေတာပဲ...

" အပြင်စည်းဂိုဏ်းက ဘယ်တပည့်ကမှ အတွင်းစည်းဂိုဏ်တပည့် မဖြစ်ချင်တဲ့သူ မရှိပါဘူး”

ပိုင်ကျစ်ယွင်က ခါးခါးသီးသီးနဲ့ပြောလိုက်ပြီး “ဖြစ်နိုင်တာကတော့.... ကျွန်မက မထိုက်တန်တာပဲနေမှာပေါ့"

" အမှန်ပဲ "

သူမစကားမဆုံးခင်မှာပဲ စူးလီရဲ့ ထောက်ခံအပြည့်နဲ့ အသံက ဖြတ်ပြောလိုက်တယ်။

စူးလီက ထောက်ခံတဲ့အနေနဲ့ သူမရဲ့ပခုံးကို အသာအယာ ပုတ်လိုက်တယ်။

" ဒီလူနှစ်ယောက်က တကယ်ပဲ မကောင်းဘူး... နင့်အတွက်လဲ မတန်ပါဘူး"

သူမက ပိုင်ကျစ်ယွင်ရဲ့ သူမအပေါ်ထားတဲ့ အဆုံးမရှိကျေးဇူးတရားနဲ့ ယုံကြည်မှုတွေကို ပြန်စဉ်းစားမိသွားတယ်။ သူမက အတင်းအဖျင်းတွေကြည့်ရတာကိုပဲ စိတ်ဝင်စားခဲ့တာပါ။ ပထမဆုံးအကြိမ်အဖြစ် ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စကို ဝင်ပြောလိုက်မိတယ်။

" နင်က ဘယ်လိုဆရာမျိုးကို လိုချင်တာလဲ"

ပိုင်ကျစ်ယွင်က ပြန်မဖြေရသေးခင်မှာပဲ စူးလီက စိတ်ဝင်တစားနဲ့ အခြေခံလိုအပ်ချက်တွေကို စာရင်းလုပ်ယူတော့တယ်။

"အခြေခံကျင့်ကြံရေးအဆင့်က အရမ်းနိမ့်နေလို့မရဘူး... အနည်းဆုံးတော့ အခြေတည်စ ဝိညာဉ်အဆင့်တော့ရှိမှ ဖြစ်မယ် "

“စိတ်သဘောထားကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့လည်း လိုတယ်၊ နင့်ကို မေးခွန်းတစ်ခုကို ဆယ်ခါလောက် ပြန်ရှင်းပြနိုင်ပြီးတော့ ပြုံးပြုံးလေးနဲ့ စိတ်ရှည်နိုင်တဲ့လူဖြစ်ရင်တော့ အကောင်း‌ဆုံးပဲ”

" နင့်က အထူးပညာရပ်တစ်ခုလဲ လိုသေးတယ်... "

“ကိုယ့်ရဲ့အားနည်းချက်တွေကို ကာကွယ်ပေးနိုင်တဲ့သူပေါ့...”

ပိုင်ကျစ်ယွင်က စူးလီရဲ့စကားလုံးတွေကို နားထောင်ရင်း သူမရဲ့မျက်နှာ‌ပေါ်မှာ ထိတ်လန့်မှုနဲ့ ဇဝေဇဝါဖြစ်တဲ့ ခံစားမှုတွေ ဖြစ်လာတော့တယ်။ ဒီလို.... လိုအပ်ချက်တွေနဲ့ပြည့်စုံပြီး ဆရာတစ်ယောက်က ဒီလောကမှာ ရှိလို့လား။

ဒါက ဆရာတစ်ယောက်ရှာနေတာနဲ့ မတူတော့ဘူးလေ.. နို့ထိန်းတစ်ယောက် ရှာနေတာလိုဖြစ်နေပြီ...

ဂိုဏ်းတူအစ်မကတော့ သူမကို နှစ်သိမ့်ပေးဖို့ ဒီနည်းလမ်းကို သုံးနေတာပဲ ဖြစိရမယ် ဟုတ်တယ်မလား။

သူမရဲ့နှုတ်ခမ်းထောင့်မှာ ရင်ထဲထိသွားတဲ့အပြုံးတစ်ခု ပေါ်လာခဲ့တယ်။ တပည့်အရင်းတစ်‌ယောက် ဖြစ်မလာရခြင်းရဲ့ စိတ်ပျက်မှုတွေကလည်း အများကြီး သက်သာသွားခဲ့တယ်။ စူးလီက လိုအပ်ချက်တွေကို စာရင်းပြုပြီး ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တယ်။ ပြီးတော့ ပိုင်ကျစ်ယွင်ကို သင့်တော်တဲ့ ဆရာတစ်ယောက်ကို ရှာပေးဖို့ ပြင်ဆင်လိုက်တယ်။

သူမရဲ့ ဝိညာဉ်သိစိတ်က ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တဲ့အချိန်မှာပဲ စာအုပ်ထဲမှာ ရွှေရောင်အလင်းတစ်ခုက ရုတ်တရက် ပေါ်လာပြီးတော့ ဗလာဖြစ်နေတဲ့ စာမျက်နှာပေါ်မှာ မရေမတွက်နိုင်တဲ့ ရွှေရောင်စာလုံးတွေ ခြည်းခြည်းချင်း ပေါ်ထွက်လာတော့တယ်။

စူးလီက စာလုံးတွေကို ငေးကြောင်ကြောင်နဲ့ စိုက်ကြည့်နေမိတယ်။

ဒီလက်ရေးစာတွေက... ပိုင်ကျစ်ယွင် နဲ့များ ပတ်သက်နေသလား။

သူမက အူကြောင်ကြောင်ဖြစ်နေတဲ့အချိန်မှာပဲ ဝူဝမ်းယွမ်နဲ့ လျန်ချန်းကျုံ့တို့ကြားက တိုက်ပွဲက ပိုပြီးတော့ ပြင်းထန်လာခဲ့တယ်။ အခြေအနေက သေရေးရှင်ရေးရုန်းကန်ရတဲ့အ‌ခြေအနေတစ်ခု ဖြစ်နေသလိုပဲ။

အဲထိ ဆူညံသံကြောင့် ဆွဲဆောင်ခံလိုက်ရတဲ့အကြီးအကဲများစွာနဲ့ တောင်ထွတ်သခင်တွေက ဆေးစိုက်ခင်းဆီကို ရောက်လာခဲ့ကြတယ်။

အခုလေးတင်မှ ဒီနေရာကို ရောက်လာတဲ့ ရွှင့်ချန်ဂိုဏ်းချုပ် လုကျင်းဟွိုင်က တိုက်ခိုက်နေကြတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်ပြီး တင်းမာတဲ့ မျက်နှာထားတစ်ခုနဲ့ ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်တစ်ခုကို လွှတ်ထုတ်လိုက်ပြီး လူနှစ်ယောက်ကို ချက်ချင်းခွဲထုတ်လိုက်တယ်။

လျန်ချန်းကျုံ့နဲ့ ဝူဝမ်းယွမ်တို့က ကပျာကယာနဲ့ မြေကြီးပေါ် ဆင်းလာကြပြီး ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ သူတို့က လူတစ်ယောက်လာနေတာကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူတို့ရဲ့ မျက်နှာက ဖြူဆွတ်သွားပြီး မြန်မြန်တလေးတစားနဲ့ နှုတ်ဆက်လိုက်ကြတယ်။

"ဂိုဏ်းချုပ်ကြီး "

လုကျင်ဟွိုင်က သူ့အင်္ကျီလက်ကို ဝှေ့ရမ်းလိုက်ပြီး လေးနက်တဲ့အသံတစ်ခုနဲ့ မေးလိုက်တယ်။

"မင်းတို့နှစ်ယောက် ဂိုဏ်းထဲမှာ ဘာဖြစ်လို့တိုက်ခိုက်နေကြတာလဲ "

လျန်ချန်းကျုံ့နဲ့ ဝူဝမ်းယွမ်တို့က ခဏလောက်နှုတ်ဆိတ်သွားပြီး တစ်ပြိုင်နက် ပြောလိုက်တယ်။

“သူက ကျူပ်ရဲ့တပည့်ကို ခိုးသွားတာလေ”

" ဘာ မင်းရဲ့တပည့်လဲ သူက ငါ့ဆီအရင်ဆုံးရောက်နေတာ သိသိရက်နဲ့” ဝူဝမ်းယွမ်က ဒေါသတကြီး မတ်တပ်ရပ်လိုက်တယ်။

"အဓိပ္ပာယ်မရှိတာ ပိုင်ကျစ်ယွင်က ငါ့ရဲ့တပည့်ဆိုတာ သိသာနေရဲ့သားနဲ့” လျန်ချန်းကျုံ့က အကြောမခံပါဘူး။

လုကျင်းဟွိုင်က ဖြစ်ပျက်တဲ့ အကြောင်းအရာကို သိရှိသွားပြီးတဲ့နောက်မှာ ညိုမည်းနေတဲ့မျက်နှာတစ်ခုနဲ့ ပြောလိုက်တယ်။

"တော်တော့”

ချီယွီက သူ့လေသံထဲက ဒေါသသံကို ကြားလိုက်ရတဲ့အခါမှာ ပီတိတဖွားဖွားဖြစ်သွားတဲ့ ရုပ်နဲ့ ခေါင်းကို ငုံ့ထားလိုက်တယ်။ ကိုင်း အခုတော့ ပိုင်ကျစ်ယွင် တပည့်အရင်းတစ်ယောက် ဖြစ်လာဖို့ကို မေ့ထားလို့ရပြီ။ ဂိုဏ်းချုပ်ကြီးက သူ့ကို အပြစ်မယူရင်တောင် ကံကောင်းပဲ။

လုကျင်းဟွိုင်းက ဒေါသထွက်ထွက်နဲ့ ဆူဆဲတော့တယ်။

"သူက ချီလေ့ကျင့်ရေး ကျင့်ကြံ့ခြင်းအဆင့်-၄ရှိတဲ့ အပြင်စည်းတပည့်တစ်ယောက်ပဲလေ မင်းတို့နှစ်ယောက်အတွက် တိုက်ခိုက်ဖို့ တန်ရဲ့လား...”

သူ့စကားမဆုံးခင်မှာပဲ ကောင်းကင်ထဲကနေပြီးတော့ ရင်းနှီးပြီးသားအသံတစ်ခုကို ကြားလိုက်ရတယ်။

[ ပိုင်ကျစ်ယွင် ကံကြမ္မာသတ်မှတ်ချက်နဲ့ မင်းမွေးဖွားလာတဲ့သူ၊ ထူးချွန်တဲ့ပါရမီတစ်ခု ပိုင်ဆိုင်ထားပြီးတော့ အဆင့်ကိုး ကျင့်ကြံရေးဆေးပင်ကို စိုက်ပျိုးနိုင်စွမ်းရှိတဲ့သူ]

ဂိုဏ်းချုပ်ကြီးက မှင်တက်အံဩသွားတယ်။ “.....”

အဆင့်ကိုး ကျင့်ကြံရေးဆေးပင် ဟုတ်လား။ ရွှင့်ချန်ဂိုဏ်းတစ်ခုလုံးမှာမှ တစ်ပင်ပဲ ရှိတဲ့အရာလေ။

သူက ဆေးစိုက်ခင်းအစွန်းဘက်ကို မယုံမကြည်နဲ့ လှမ်းကြည့်ပြီး ပိုင်ကျစ်ယွင်က ခြိမ်းခြောက်ခံထားရသလိုဖြစ်နေတော့

သူ့အမူအရာက ငေးကြောင်ကြောင် ဖြစ်သွားတယ်။

အပြင်စည်းတပည့်ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားပြီးတော့ ကျင့်ကြံရေးက အဆင့်လေးပဲရှိတာ... သူက တကယ်ပဲ ဒီလိုပါရမီရှင်လား။

တတိယအကြီးအကဲကလည်း ကောင်းကင်တာအိုရဲ့အသံကို ကြားလိုက်ရတယ်။ သူက အရမ်း စိတ်လှုပ်ရှားသွားပြီး သူ့လက်တွေကို လှုပ်ရမ်းလိုက်တော့တယ်။ သူက လျန်ချန်းကျုံ့နဲ့ ဝူဝမ်းယွင်ကို ဘေးကို တွန်းထုတ်လိုက်ပြီး လုကျင်းဟွိုင်ဆီကို အလောတကြီး လျှောက်သွားလိုက်တယ်။

" ဂိုဏ်းချုပ် ဒီလိုပါရမီရှိတဲ့သူကို ကျွန်တော့်တပည့်အဖြစ် လက်ခံချင်ပါတယ်”

ချီယွီနဲ့ တခြားသူတွေက နေရာမှာတင် အထိတ်တလန့်ဖြစ်သွားခဲ့ကြတယ်။

သူက ဂိုဏ်းရဲ့အကြီးအကဲခန်းမထဲက တတိယအကြီးအကဲလေ။ သူ့အစွမ်းက ဂိုဏ်းချုပ်ပြီးရင် သူက ဒုတိယလူပဲ။

သူရဲ့တပည့်အရင်း ဖြစ်လာတယ်ဆိုတာ ကောင်းကင်ဘုံနဲ့ တဆင့်နီးလာတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

ချီယွီမပြောနဲ့ ယွီလင်တောင်မှ ပိုင်ကျစ်ယွင်ကို အားကျတဲ့အကြည့်နဲ့ ကြည့်မိသွားတော့တယ်။

တကယ်တော့ လုကျင်းဟွိုင်ကလည်း အပြင်လောကရဲ့အသံကို ကြားမိတဲ့အခါမှာ နည်းနည်းတော့ စိတ်လှုပ်ရှားသွားမိတော့တယ်။ ဒါပေမဲ့ အဆင့်ကိုးဝိညာဉ်ဆေးပင်တွေကို စိုက်ပျိုးနိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုရင် သူမက ပါရမီရှိတယ်ဆိုတာ သက်သေပြနေတာပဲ။ အဲဒီလိုဆိုရင်တောင်မှ ကျင့်ကြံရေးလောကထဲမှာ ပါရမီရှိတဲ့သူတွေက အများကြီးပဲလေ။

မသေမျိုးအကျင့် ကျင့်ကြံတယ်ဆိုတာ ကောင်းကင်ဘုံရဲ့အလိုကို ဆန့်ကျင်တာပဲ။ ပါရမီရှိရုံတစ်ခုနဲ့ မလုံလောက်ဘူး။ သူတို့တွေရဲ့ အစောပိုင်းရက်တွေတုန်းက အင်မတန်မှ ပါရမီရှိလှတဲ့ ပါရမီရှင်တွေ အများကြီးရှိခဲ့ပေမဲ့ နောက်ပိုင်းကျတော့ နည်းပါးသွားခဲ့တယ်။

ဒီလူကို မျက်နှာရဖို့အတွက် တတိယအကြီးအကဲကို အလဲအလှယ်အနေနဲ့ ပေးလိုက်တာက ဆိုးတဲ့စိတ်ကူးတစ်ခုတော့ မဟုတ်သေးဘူး။

သူက အသာအယာ ချောင်းဟန့်လိုက်ပြီး တခြားသူတွေရဲ့ စိုးရိမ်နေတဲ့အကြည့်ကို လျစ်လျူရှုလိုက်ကာ ခြည်းခြည်းချင်း ပြောလိုက်တော့တယ်။

" ဒီလိုဆိုရင်တော့..."

ဒီအချိန်မှာပဲ ကောင်းကင်ထဲကအသံက ထပ်ပြီးပြောလိုက်တယ်။

[ ကံတရားက တကယ်ကို ကောင်းမွန်တာပဲ ကံဆိုးတဲ့အချက်ကို ကံကောင်းသွားအောင် ပြောင်းလဲပေးနိုင်တယ်တဲ့၊ အခုချိန်ကစပြီးတော့ ချောမွေ့တဲ့ ခရီးလမ်းကို လျှောက်လို့ရသွားပြီ၊ ရွှင့်ချန်ဂိုဏ်းချုပ်ကိုလည်း ဘေးဒုက္ခကနေ ကယ်တင်သွားနိုင်ပြီ...]

!!!

ဆီပူအိုးထဲကို ရေလောင်းထည့်ထားလိုက်တဲ့အတိုင်း ဆေးစိုက်ခင်းတစ်ခုလုံးက ပွက်ပွက်ညံအောင် ဆူညံသွားတော့တယ်။

အားလုံးက ပိုင်ကျစ်ယွင်ကို လှည့်ကြည့်လိုက်ကြတယ်။

ပထမဦးဆုံး သတိပြန်ဝင်လာတဲ့ လုကျင်းဟွိုင်က ပိုင်ကျစ်ယွင်အနားကို တစ်လှမ်းချင်း အရောက် သွားလိုက်ပြီး မျက်လုံးထဲမှာမျက်ရည်တွေ အပြည့်နဲ့ ရတနာတစ်ခုကို ကြည့်နေသလိုမျိုး ပိုင်ကျစ်ယွင်ကို ကြည့်ရင်း တုန်ရင်တဲ့လေသံနဲ့ပြောလိုက်တယ်။

"ငါ အစောကြီးကတည်းက ရှာနေတဲ့တပည့်တစ်ယောက် ဖြစ်နေတာကိုး"

...

All Chapters