အခန်း ၁၁
Vol. 1 Ch. 11
အပိုင်း (၁၁)
ကောင်းကင်ဘုံရဲ့ အလိုကျ မွေးဖွား လာခဲ့တာတဲ့။ အဆင့်ကိုး ဆေးပင်တွေကို စိုက်ပျိုးနိုင်သတဲ့။ ရွှင့်ချန်ဂိုဏ်းရဲ့အန္တရာယ် ကျရောက်မဲ့ ဘေးကိုလဲ ကယ်တင်ပေးနိုင်သတဲ့။
အပြင်လောက ကလာတဲ့ အသံပြောတာ မှန်တယ်ဆိုရင် သူသာ ပိုင်ကျစ်ယွင်ရဲ့ ဆရာတစ်ယောက် ဖြစ်လာခဲ့ရင် သူဆီမှာ အဆင့်မြင့် ဆေးလုံးတွေ အများအပြား ရှိလာတော့မှာ မဟုတ်လား။
အဲဒီအပြင် သူမရဲ့ ဆရာတစ်ယောက် အနေနဲ့ ကောင်းကင်တာအိုရဲ့ ကံကောင်းခြင်းတွေကို နည်းနည်းလေး ရခဲ့မယ် ဆိုရင်တောင် သူက သူတို့တွေကို ပိုပြီး အဆင့်မြင့်တဲ့ ကျင့်ကြံရေး ရအောင် ကူညီပေးမှာပဲ။
ပိုင်ကျစ်ယွင်က သာမန် အပြင်စည်းတပည့် တစ်ယောက် မဟုတ်ဘူး။ သူမက မရေမတွက်နိုင်အောင် များပြားတဲ့ အကျိုးကျေးဇူးတွေကို သယ်ဆောင်လာပေးတဲ့ ရတနာတစ်ပါးဆိုတာ ရှင်းနေတာပဲ။
တစ်ချိန်ထဲမှာပဲ ဆေးစိုက်ခင်းပတ်ဝန်းကျင်မှာရှိတဲ့ အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေကလည်း ရောက်လာကြပြီး ပိုင်ကျစ်ယွင်ဆီ အပြေးအလွှား ရောက်လာကြတယ်။
ကောင်းကင်ဘုံရဲ့ ကံကောင်းခြင်းတွေ ပါလာတဲ့ ဒီကလေးကို ခြောက်လှန့်မိမှာစိုးတဲ့အတွက် သူတို့တွေက စိတ်လှုပ်ရှား ဝမ်းသာနေကြပေမဲ့ သူတို့ရဲ့ ဖိအားကို ထိန်းချုပ်ထားလိုက်ပြီး သူမနဲ့ အကွာအဝေး တစ်ခုဖြစ်အောင် နေလိုက်တယ်။
“ကျစ်ယွင် ငါက ယောင်တန်း တောင်ထွတ်ရဲ့ သခင်လေ။ မင်း ငါ့ကို မှတ်မိသေးတယ် မဟုတ်လား”
ယောင်တန်း တောင်ထွတ် သခင်က အစွမ်းကြီးလှတဲ့ လူတွေကြားကနေ ရှေ့သို့တိုးထွက်လာပြီး အရှက်မဲ့တဲ့ မျက်နှာနဲ့ ပိုင်ကျစ်ယွင် အနားကို ကပ်သွားဖို့ ကြိုးစားလိုက်တယ်။ “မင်းဂိုဏ်းထဲကို ပထမဦးဆုံး ဝင်လာတုန်းက ငါမင်းကို တွေ့လိုက်တယ်”
မဟာအကြီးအကဲက သူ့ကို နောက်ကို ရိုက်ထုတ်လိုက်ပြီး သူရဲ့ နဂိုက လေးနက်နေတဲ့ မျက်နှာက အခုတော့ ရင်းနှီးဖော်ရွေ့တဲ့ အပြုံးတစ်ခုနဲ့ ပြည့်နှက်နေတယ်။ ”တပည့်တွေကို သင်ကြားရေးနဲ့ ပတ်သက်လာရင်တော့ ငါက ဒုတိယနေရာမှာ မရှိဘူး။ မင်းက ငါ့ကို ဆရာအဖြစ် သတ်မှတ် နေသရွေ့ ငါက မင်းကို ကျင့်ကြံရေးလောကရဲ့ နာမည်ကြီး တစ်ယောက် ဖြစ်လာအောင် လုပ်ပေးဖို့ ကတိပေး နိုင်တယ်”
လူအုပ်ကြီးရဲ့ နောက်ကို တွန်းပို့ ခံလိုက်ရတဲ့ တတိယအကြီးအကဲက သူရဲ့ သိက္ခာကိုတောင်မှ စွန့်ပစ်လိုက်ပြီး အဝေးကနေ အော်ပြောလိုက်တယ်။
”ငါလည်း ဝိညာဥ်ဆေးပင် စိုက်တဲ့နေရာမှာ တော်ပါတယ်၊ မင်းက ငါ့ကို ဆရာအဖြစ် သတ်မှတ်မယ် ဆိုရင် ငါက မင်းကို ငါသိသမျှ အရာအားလုံး သင်ကြားပေးမှာ”
ပြတ်သားပြီး ရက်စက်လှတဲ့ ဒုတိယအကြီးအကဲ ကဘေးမှာ ရပ်နေလိုက်တယ်။ သူရဲ့အသံက သိမ်မွေ့နေပေမဲ့လည်းပဲ အထက်စီးဆန်ဆန် ခြိမ်းခြောက်တဲ့ အရိပ်ယောင်တစ်ခုက ပါရှိနေသေးတယ်။
”ပိုင်ကျစ်ယွင်... မင်းငါ့နာမည်ကို ကြားဖူးမှာပါ။ ဒီတော့ မင်း ငါ့ကို အဖြေမပေးခင် သေသေချာချာလေး စဥ်းစားသင့်တယ်”
ရွှင့်ချန်ဂိုဏ်းချုပ် လုကျင်းဟွိုင်ရဲ့ မျက်နှာက မဲမှောင်သွားတယ်။ သူက တခြားသူတွေ သူ့တပည့်ကို လုယူနေတာကို ရပ်ကြည့် နေရတာလေ။ ဒါပေမဲ့လည်း သူတို့ အများစုက ဂိုဏ်းရဲ့ အကြီးအကဲတွေ ဖြစ်နေကြတယ်။ သူ့မှာ သူတို့ကို ရှင်းထုတ် ပစ်ဖို့ နည်းလမ်းက ရှိမနေဘူး။
သူက အံ့ကြိတ်ထားလိုက်ပြီး ဖြန်ဖြေပေးဖို့ ကြိုးစားလိုက်တယ်။
”အကြီးအကဲတို့... ကျစ်ယွင်က တပည့်တစ်ယောက် အနေနဲ့ သူ့ကိုယ်ပိုင် ရွေးချယ်မှု ပြုလုပ်သင့်ပါတယ်”
အဲဒီလို ပြောလိုက်ပြီးတော့ သူက ခေါင်းကိုလှည့်လိုက်ပြီး ရှေ့ကို နှစ်လှမ်းလျှောက်သွားလိုက်ကာ အလယ်နေရာကို ယူထားလိုက်တယ်။ သူက ကြင်နာတတ်တဲ့ မျက်နှာ တစ်ခုနဲ့ ပိုင်ကျစ်ယွင် ကို ကြည့်လိုက်တယ်။
“ကျစ်ယွင် မင်းက ဘယ်သူ့ကို မင်းဆရာ အဖြစ် ရွေးချယ်ချင်သလဲ”
ပိုင်ကျစ်ယွင်က နေရာမှာပဲ ရပ်နေပြီး အဖြေ မပေးနိူင်ခဲ့ဘူး။ သူမကသာ မနေ့က ဒီလို အခြေအနေမျိုးကို ရင်ဆိုင်ခဲ့ ရမယ်ဆိုရင် ဝမ်းသာပီတိ ဖြစ်နေပြီးတော့ တွေဝေခြင်းမရှိဘဲနဲ့ ဆရာတစ်ယောက်ကို ရွေးချယ်လိုက်မှာပဲ။ တပည့်အရင်း တစ်ယောက်ဖြစ်လာပြီး သူရဲ့ အကာအကွယ်အောက်မှာ နေလိုက်ရုံပဲပေါ့။
ဒီနေ့မှာတော့ သူမက အဖြစ်အပျက်တွေ အများကြီးကို ရင်ဆိုင်ခဲ့ရတဲ့အတွက် ဒီအဖြစ်အပျက်တွေက ကောင်းကင်ပေါ်က ပိုင်မုန့်ကျလာတဲ့ အခွင့်အရေးနဲ့ ရင်ဆိုင်လိုက်ရတဲ့ အချိန်မှာ သူမကို တည်တည်ငြိမ်ငြိမ်ပဲ ဖြစ်နေစေခဲ့တယ်။
သူမက သူမကို ကြည့်နေတဲ့ မျက်လုံးတွေကို ကြည့်လိုက်ပြီး သူတို့အားလုံးရဲ့ မျက်လုံးတွေမှာ လေးနက်တဲ့ အတွေးအခေါ်တွေနဲ့ လောဘတွေ ပါနေတာကို တွေ့လိုက်ရတယ်။
ဒီလို အစွမ်းကြီးလှတဲ့လူတွေက သူမကို သူတို့ရဲ့ တပည့်အဖြစ် ဘာဖြစ်လို့ လက်ခံချင်တဲ့ အကြောင်းအရင်းကို မသိရပေမဲ့ သူတို့တွေနဲ့ ချီယွီ ကြားက ဆင်တူတဲ့ အချက်တွေကိုတော့ သူမ မြင်နေရတယ်။
ငါ ရွေးမှ ဖြစ်မှာလား။
ပိုင်ကျစ်ယွင်က သူမရဲ့ လက်ကို တင်းနေအောင် ဆုတ်ထားလိုက်ပြီး သူမရဲ့ကျောပြင်ကလည်း ချွေးအေးတွေနဲ့ ဖုံးလွှမ်းနေ ခဲ့တယ်။
သူမက ဒီအချက် တွေကို လျစ်လျူရှု ထားပြီး စိတ်အေးအေးနဲ့ ဆရာတစ်ယောက်ကို ရွေးချယ်လိုက်ရင် အစွမ်းကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တပည့်အရင်း တစ်ယောက် ဖြစ်လာမယ်ဆိုတာ သိတဲ့အပြင် အဆင့်အတန်း မြင့်ပြီး မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေလဲ ရမယ်ဆိုတာ သိနေတယ်။
သူမက ချီလေ့ကျင့်ရေးအဆင့်-၄ပဲရှိတဲ့ တပည့် တစ်ယောက်လေ။ ဒီ အစွမ်းရှိတဲ့လူတွေက သူမဆီက ဘာရနိုင်မှာ မလို့လဲ။ သူမ စိတ်ပူနေတဲ့ ပြသာနာတွေကလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ သူမက အပြင်စည်းဂိုဏ်းကို ဝင်လာပြီးတဲ့နောက်ပိုင်းမှာ ချီယွီ အပေါ် မှီခို အားကိုးခဲ့ရပြီး သူ့ရဲ့ ထိန်းချုပ်တာကို ခံခဲ့ရတယ်။ တကယ်လို့များ သူမက အကြီးအကဲတစ်ယောက်ရဲ့ တပည့်အရင်း ဖြစ်လာခဲ့မယ်ဆိုရင် လက်ရှိသူမနဲ့ အရင်ကသူမကြားမှာ ဘာကွာခြားချက်တွေ ရှိနေမှာလဲ။
ဂိုဏ်းတူအစ်မက ဒုက္ခခံပြီး ချီယွီရဲ့ မျက်နှာ အစစ်အမှန်ကို သူမကို ပြသပေးဖို့ ကူညီခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက သူမ လှည့်စားခံရမှာ... ချီယွီရဲ့ ရုပ်သေးရုပ် ဖြစ်နေမှာကိုလည်း မလိုချင်တဲ့အတွက်ကြောင့်ပဲ။
ဒီအကြောင်းကို စဥ်းစားမိလိုက်တော့ ပိုင်ကျစ်ယွင်က သူမ ဘေးမှာ ရှိနေတဲ့ စူးလီ ကိုအမှတ်တမဲ့ ကြည့်လိုက်မိတယ်။
စူးလီက စိတ်ဝင်စားမှု အပြည့်နဲ့ အခြေအနေကို စောင့်ကြည့်နေခဲ့တယ်။ ပိုင်ကျစ်ယွင်ရဲ့ အကြည့်ကို ခံစားမိလိုက်ပြီးနောက်မှာ သူမက ပိုင်ကျစ်ယွင်ကို မျက်တောင်ခတ် ပြလိုက်ပြီး ပိုင်ကျစ်ယွင်ရဲ့ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး သိချင်စိတ်တွေ ဖြစ်လာခဲ့တယ်။
ပိုင်ကျစ်ယွင်က လိုချင်တပ်မက်မှုကင်းတဲ့ စူးလီရဲ့ မျက်လုံးတွေကို ကြည့်လိုက်ပြီးတော့ သူမရဲ့ မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်ထားလိုက်တယ်။
ဂိုဏ်းတူအစ်မက တခြားသူတွေနဲ့ မတူဘူး။ အစကနေ အဆုံးအထိ သူမက ငါ့ဆီက ဘာတစ်ခုမှ မတောင်းဆိုဘဲနဲ့ ခဏခဏ ကူညီပေးခဲ့တယ်။
ဂိုဏ်းတူအစ်မ က ငါ့ကို အရင်လိုပဲဆက်နေပြီး ဘာမှမသိ နားမလည်ဘဲ ဒီအတိုင်း ရေစုန်မြောနေတဲ့ငါ့ကို မြင်ချင်မှာ မဟုတ်ဘူး။
သူမက မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပြီး မျက်လုံးထဲက ချီတုံချတုံ ဖြစ်နေတဲ့ ခံစားချက်က တဖြည်းဖြည်း မှိန်ပျောက် သွားခဲ့တယ်။ သူမရဲ့ အသံက အနည်းငယ် တုန်ယင်နေပေမဲ့ သူမရဲ့ မျက်လုံးတွေက အလွန်မှ ပြတ်သားနေခဲ့တယ်။
“ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲတို့... အကြီးအကဲတို့က ကျွန်မကို တပည့်အဖြစ် လက်ခံချင်တဲ့ အကြောင်းအရင်းကို သိလို့ရမလား”
ဒီမေးခွန်းကို မေးဖို့ အတွက် သတ္တိတွေကို စုစည်း လိုက်ပြီးတဲ့နောက်မှာ ပိုင်ကျစ်ယွင်က သူမဘေးမှာ ရှိနေတဲ့ မြူခိုးတွေက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားသယောင် ခံစားရပြီး သူမရဲ့ သိစိတ်ပင်လယ်ကလည်း တဖြည်းဖြည်းနဲ့ ရှင်းလင်းလာတာကိုလည်း သိလိုက်ရတယ်။
သူမက စကားကို တစ်ခွန်းချင်းစီ ပြောလိုက်တယ်။
”ကျွန်မ ဘယ်သူကိုမှ မရွေးချယ်လို့ ရမလား”
ဒီတစ်ခါတော့ သူမက သူမရဲ့ အတွင်းထဲက အသံကို နားထောင်ချင်တယ်။
ပိုင်ကျစ်ယွင်ရဲ့ စကားဆုံးသွားတာနဲ့ ချက်ချင်း သူမရဲ့ သိစိတ်ပင်လယ်ထဲက အတွင်းနက်တစ်ခုထဲက ထွက်လာတဲ့ တိုးညင်းတဲ့အသံတစ်ခုကို ကြားလိုက်ရတယ်။ အစိမ်းရောင် ဖျော့ဖျော့လေးဖြစ်နေတဲ့ အပင်လေးက တဖြည်းဖြည်းနဲ့ အညှောင့်ပေါက်လာပြီး သိစိတ်ပင်လယ်တစ်ခုလုံးကို လင်းရှင်းတဲ့ အစိမ်းရောင်တစ်ခုက ရုတ်ခြည်းဆိုသလို လွှမ်းခြုံ သွားခဲ့တယ်။
ဒီအခိုက်အတန့်မှာပဲ သူမကို အကျဥ်းချထားခဲ့တဲ့ အနှောင်အဖွဲ့တွေ အားလုံးက ပျောက်ကွယ်သွားသလို ခံစားလိုက်ရတယ်။ မရေမတွက်နိုင်တဲ့ အစိမ်းရောင် အလင်းတန်းတွေက သူမရဲ့ ခန္ဓာကိုယ် ထဲကနေ ပြည့်လျှံ ထွက်လာပြီး ဆေးစိုက်ခင်းထဲက ပြန်မကောင်းလာသေးတဲ့ ဝိညာဥ်ဆေးပင်တွေ အပေါ်မှာ ဝေ့ဝိုက်ပြီး ပျံသန်း နေခဲ့တယ်။ ဝိညာဥ်ဆေးပင်တွေက ရုတ်တရက် ဆိုသလို သူတို့ရဲ့ မူလအခြေအနေ ပြန်ရောက်သွားပြီး အရင်ကထက် အဆင့်တစ်ဝက် မြင့်တဲ့ အနေအထားကို ရောက်သွားခဲ့တယ်။
အားလုံးက နေရာမှာတင် အေးခဲသွားပြီး ဖြစ်ပျက်သွားတဲ့ မြင်ကွင်းကို အထိတ်တလန့်နဲ့ ငေးကြည့်နေမိကြတယ်။
ပိုပြီးတော့ အထိတ်တလန့် ဖြစ်စေတဲ့အရာက နောက်မှာ စောင့်ကြိုလို့နေတယ်။ ပိုင်ကျစ်ယွင်က သူမရဲ့ မျက်လုံးကို ဖွင့်လိုက်တဲ့အချိန်မှာ အသက်ဝိညာဥ် အပြည့်ပါတဲ့ မျက်လုံးတစ်စုံကို လှစ်ပြလိုက်တယ်။
သူမရဲ့လက်တွေကို ဆန့်ထုတ်လိုက်တဲ့ အချိန်မှာပဲ အဆင့်နှစ် ရှိတဲ့ ရေခဲမြက်ပင် တွေက သူမရဲ့ လက်ထဲမှာ ပြန်ကောင်းမွန်လာပြီး အစိမ်းရောင်ဖျော့ဖျော့ အရောင်အဝါက ရေခဲမြက်အပေါ်မှာ လွင့်မျောနေခဲ့တယ်။
နဂိုက အစိမ်းရောင် ဖျော့ဖျော့လေး ဖြစ်နေတဲ့ အရွက်တွေက အစိမ်းရင့်ရောင်ဖြစ်လာပြီး အဖြူရောင် ရေခဲပွင့် ပုံသဏ္ဌာန် တဖြည်းဖြည်း ပေါ်လာခဲ့တယ်။
လုကျင်းဟွိုင်ရဲ့ မျက်လုံးတွေက အဝိုင်းသား ဖြစ်သွားခဲ့တယ်။
ဒါက...
မဟာအကြီးအကဲကလည်း မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ ရေခဲပွင့်ပုံသဏ္ဍန် သစ်ရွက်ကို ကြည့်နေလိုက်တယ်။
”တတိယအဆင့် ..... စတုတ္ထအဆင့် .... မဟုတ်သေးဘူး... သူ ဆက်ပြီးတော့တက်နေသေးတယ်”
အဆင့်ငါး...
အဆင့်ခြောက်...
အားလုံးရဲ့ စောင့်ကြည့်နေကြတဲ့ မျက်လုံးတွေ အောက်မှာ အဖြူရောင်ရေခဲပုံစံက ဆက်ပြီး ကြီးထွားနေကာ ရေခဲမြက်ပင်တစ်ခုလုံးကို ဖုံးလွှမ်းလု နီးပါးဖြစ်သွားခဲ့တယ်။ အဆင့်ခုနှစ်ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်။
အဆင့်ရှစ် ရေခဲမြက်ဆိုရင် သာမန်မြက်တစ်ခု မဟုတ်တော့ဘူး။ ဒါပေမဲ့ အဲဒီရေခဲမြက်ကို မသေမျိုး ကျင့်ကြံရေးမြက်လို့ သိကြတယ်။
အခိုက်တန့် တွင်းမှာပဲ ပတ်ဝန်းကျင်က အဆင့်ခြောက်ရေခဲပန်းပင်ရဲ့ စူးရှတဲ့အနံ့တစ်ခုနဲ့ ဖုံးလွှမ်းသွားခဲ့တယ်။
ဝိညာဥ်စွမ်းအင်တွေ ကိန်းအောင်းနေတဲ့ ရေခဲမြက်ပင်က ပတ်ဝန်းကျင် တစ်ခုလုံး မှာပေါ်လာခဲ့တယ်။ ကျင့်ကြံရေး အဆင့်နိမ့်ကျတဲ့ တပည့်အများစုကလည်း သူတို့ရဲ့ ကျင့်ကြံရေးအဆင့်ဟာ ရေခဲပန်းကို ထိမိသွားတဲ့ အချိန်မှာ အများကြီး တိုးတက်သွားသလို ခံစားလိုက် ရတယ်။
ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ ကောင်းချီးတစ်ပါးပဲ။
နောက်ဆုံးတော့ မဟာအကြီးအကဲက သတိ ပြန်ဝင်လာခဲ့တယ်။ သူက မယုံမကြည်နဲ့ သူမျက်လုံးတွေကို ပွတ်လိုက်တယ်။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ကျင့်ကြံရေးလောကထဲမှာရှိတဲ့ ဆေးပညာအကြောင်းသိတဲ့ ဘယ်ကျင့်ကြံသူမဆို ဝိညာဥ်ဆေးပင်ရဲ့ အရည်အသွေးက ကောင်းကင်ဘုံကပေးတဲ့ လက်ဆောင်တစ်ခု ဆိုတာကို သိထားကြတယ်။ တကယ်လို့များ လူတစ်ယောက်က ဒါကို အဆင့်မြှင့်တင်ခဲ့မယ်ဆိုရင် အသေးအဖွဲ့ အမှားအယွင်းတွေ အများကြီးကို ဖြတ်ကျော်လာခဲ့ ပြီးမှ အဆင့်တစ်ခု နှစ်ခုကို တိုးတက်ဖို့ အခွင့်အရေး တစ်ခု ရလာနိုင်တာ။ ဒါပေမဲ့ ပိုင်ကျစ်ယွင်ကတော့ လက်လေး တစ်ချက်လှုပ်လိုက်တာနဲ့ အဆင့်နှစ်ဆေးပင်ကို အဆင့်ခြောက်ဆေးပင် ဖြစ်အောင် ပြုလုပ် နိုင်သတဲ့။
ဒါက အဆင့်ခြောက် ဝိညာဥ်ဆေးပင်ပဲ။ သာမန် ကျင့်ကြံသူတစ်ယောက် ဆိုရင် သူရဲ့ ဘဝမှာ ဒီလိုအပင်မျိုး တွေ့ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
တခြားလူတွေရဲ့ တုံ့ပြန်ပုံကလည်း အံ့သြစရာကောင်းလောက်အောင် သူရဲ့ တုံ့ပြန်ပုံနဲ့ တူနေခဲ့တယ်။ အားလုံးက မျက်နှာပေါ်မှာ ဇဝေဇဝါနဲ့ ထိတ်လန့်တဲ့အမူအရာ တစ်ခု ဖြစ်နေကြပြီ။ သူတို့တွေက လောကကို အရင်က တစ်ခါမှ မမြင်ဖူးတဲ့ပုံစံမျိုး ဖြစ်နေသလိုပဲ။
အထူးသဖြင့် ရွှင့်ချန်ဂိုဏ်းချုပ် လုကျင်းဟွိုင်က သူ့မျက်နှာပေါ်မှာ အိပ်မက်မက်နေတဲ့ပုံစံနဲ့ မယုံမကြည်ဖြစ်နေကာ ဖုံးကွယ်လို့မရတဲ့ ပြီတိတစ်ခု ဖြာနေလေတော့တယ်။
ဒီလို ပါရမီနဲ့ အရည်အချင်း ရှိလှတဲ့တပည့်တစ်ယောက်က ရွှင့်ချန်ဂိုဏ်းမှာ ပေါ်မလာတာ နှစ်ထောင်ချီတောင် ရှိနေပြီပဲ။
ပါရမီရှင်ပဲ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ။
ဘိုးဘေး ဂိုဏ်းချုပ်ကြီး .... ခင်ဗျာ.. အခုတော့ တွေ့ပါပြီလား။ ရွှင့်ချန် ဂိုဏ်းမှာ ဆက်ခံသူ တစ်ယောက် ရှိလာပြီ။
ရွှင့်ချန်ဂိုဏ်းချုပ်ဖြစ်တဲ့ လုကျင်းဟွိုင်က သတိပြန်ဝင်လာပြီး ဂိုဏ်းအတွက် စဥ်းစားပေးဖို့ မြန်မြန် စတင်လိုက်တယ်။
ပိုင်ကျစ်ယွင်ရဲ့ အရည်အချင်းနဲ့ ဆိုရင် ဂိုဏ်းကြီးခြောက်ခုနဲ့ အလယ်အလတ် ဂိုဏ်ပေါင်း တစ်ရာက သူမကို ဂုဏ်သရေရှိ ဧည့်သည်တော် အဖြစ် ဖိတ်ကြား ထားကြလိမ့်မယ်။
ဒီတော့ အခုအချိန်မှာ အရေးကြီးဆုံးကိစ္စက ဖြစ်နိုင်တဲ့နည်းလမ်းကို အကုန်သုံးပြီး ပိုင်ကျစ်ယွင်ကို ခေါ်ထားဖို့ပဲ။ ဒီအဖိုးမဖြတ်နိုင်တဲ့ ပါရမီရှင်ကို တခြားဂိုဏ်းဆီ ထွက်သွားအောင် ခွင့်ပြုထားလို့ မဖြစ်ဘူး။ ပိုင်ကျစ်ယွင်ကို သူ့တပည့်အဖြစ် လက်ခံ ထားဖို့ကတော့... အင်းးး...သူက မထိုက်တန်ပါဘူး။ ဒီမှာရှိတဲ့ ဘယ်သူမှလည်း မထိုက်တန်ဘူး။
ပိုင်ကျစ်ယွင်က အာလုံးရဲ့ မျက်နှာပေါ်က အထိတ်တလန့် ဖြစ်နေတဲ့ မျက်နှာ အမူအရာကို သတိမထား မိလိုက်ဘူး။ သူမရဲ့ အာရုံက လက်ထဲမှာ ရှိတဲ့ အဆင့်ခြောက်ရေခဲမြက်ဆီကိုပဲ ရောက်နေခဲ့တယ်။
အခုလေးတင်ပဲ သူမမှာ ထူးဆန်းတဲ့ အရည်အချင်းတစ်ခု ရုတ်တရက် ပိုင်ဆိုင် လိုက်ရသလိုပဲ။ သူမက ဝိညာဥ်သစ်ပင်တွေကို တွေ့လိုက်တာနဲ့ ဝိညာဥ် သစ်ပင်ရဲ့အကြောင်းအရာအားလုံးကို နားလည်နိုင် ပြီးတော့ ဒါက ဝိညာဥ်စွမ်းအင်လား ဆေးအာနိသင်လား ဒါမှမဟုတ် နောက်ပိုင်းမှ အစွမ်းရှိလာမဲ့အပင်လား ဆိုတာကို သိနိုင်တယ်။
ပိုင်ကျစ်ယွင်ရဲ့ ရှည်လျားတဲ့မျက်တောင်က မသိမသာ လှုပ်ခတ်သွားပြီ သူမက သက်ပြင်း ချရင်း ပြောလိုက်တယ်။
”ကျွန်မရဲ့ ဝိညာဥ်စွမ်းအင်က အရမ်းနည်းပါး တော့ ရေခဲပန်းကို ဒီအထိ အမြင့်ဆုံးပဲ လုပ်နိုင်ခဲ့တယ်”
”ဘယ်လိုလုပ်ပြီးတော့...”
လုကျင်းဟွိုင်ရဲ့ အသံက အင်မတန်စိတ်လှုပ်ရှားနေတဲ့ အတွက်ကြောင့် ရုတ်တရက် ထွက်လာခဲ့တယ်။ သူ့လက်တွေက မသိမသာ တုန်ယင်နေပြီး သူ့အသံက ပိုပြီးတော့ ပြတ်သားကာ ပဲ့တင် ထပ်နေခဲ့တယ်။
”မင်းက ပါရမီရှင်တစ်ယောက်ပဲ... ဂိုဏ်းရဲ့အဖိုးမဖြတ်နိုင်တဲ့ ပါရမီရှင်ပဲ”
“ဟုတ်တယ်” တခြားသူတွေကလည်း သတိပြန်ဝင်လာပြီး ခေါင်းငြိမ့် သဘော တူလိုက် ကြတယ်။
ဂိုဏ်းမှာ ဒီလိုပါရမီရှင်ကို ဆက်ပြီးထားဖို့ရန်အတွက် အဆင့်မြင့်ရာထူးရှိပြီး တခြားသူတွေရဲ့ မြှောက်ပင့်တာကို အမြဲတမ်းခံနေရတဲ့ အကြီးအကဲနဲ့ တောင်ထွတ် သခင်က ပိုင်ကျစ်ယွင်ကို ချီးမွှမ်း စကားပြောဖို့ ဦးနှောက်ကို အလုပ်ပေးနေကြတော့တယ်။
ဒီလို မသေမျိုးအသွင်နဲ့ အလားအလာရှိတဲ့အနာဂတ်တွေရှိတဲ့ ဂိုဏ်းရဲ့အနာဂတ် ကျောရိုးကြီးပဲ။
ကောင်းကင်က မည်းမှောင်သွားပြီး နေမင်းနဲ့ လမင်းကလည်း သူတို့ရဲ့ အရောင်အဝါတွေ ဆုံးရှုံးသွားခဲ့တယ်။
ဒီမြင်ကွင်းကို မြင်လိုက်တဲ့အချိန်မှာ ဘာဖြစ်နေမှန်း မသိကြတဲ့သူတွေကတော့ ကျင့်ကြံရေးလောကထဲမှာ တစ်ခုခု ကြံစည်နေပြီလို့ ထင်နေကြမှာပဲ။
ဟုတ်ပါတယ်။ သာမန် ချီးမွှမ်းစကားလောက်နဲ့တော့ မလုံလောက်ဘူး။ လုကျင်းဟွိုင်က ဂိုဏ်းအတွက် အရည်အချင်းရှိတဲ့သူတွေကို ထိန်းသိမ်းထားဖို့ နည်းလမ်းကိုကောင်းကောင်း သတိထားမိပြီး မရေမတွက်နိုင်တဲ့ အကျိုးအမြတ်တွေနဲ့ ရက်ရက်ရောရော ကတိပေးလိုက်တယ်။
“ကျစ်ယွင် မင်းရဲ့ အရည်အချင်း နဲ့ဆိုရင် မင်းက ရွှင့်ချန် ဂိုဏ်းရဲ့ ဧည့်အကြီးအကဲ တစ်ယောက် သေချာပေါက် ဖြစ်လာနိုင်တယ်”
“စိတ်မပူပါနဲ့... မင်း ဧည့်အကြီးအကဲတစ်ယောက် ဖြစ်လာပြီး နောက်ပိုင်းမှာ ဂိုဏ်းက မင်းကို ဘာတာဝန်မှ ပေးမှာ မဟုတ်ပါဘူး၊ မင်းက မင်းနေချင်သလို နေလို့ရပါတယ်”
သူက ပြောလိုက်ပြီး သူရဲ့သေးငယ်လှတဲ့ ဘဏ္ဍတိုက်လေးကို တစ်ချက်ကြည့်လိုက်တယ်။
”ကျစ်ယွင် မင်းက ဝိညာဉ်ဆေးပင်တွေကို သဘောကျတယ် မဟုတ်လား။ ငါ့မှာ အဆင့်ခြောက်နဲ့ အဆင့်ခုနှစ်ရှိတဲ့ ဝိညာဉ်ဆေးပင် နည်းနည်းပါးပါး ရှိတယ်”
“ဒါတွေကို တစ်ချက်လောက် ကြည့်ပါအူံး။ မင်းကြိုက်ရဲ့လား “
သူက သူရဲ့သိုလှောင်အိတ်ထဲက ဝိညာဉ်ဆေးပင်နဲ့ ရတနာတွေကို ထုတ်ပြလိုက်တယ်။ ”ဒီမှာ အဆင့်ခုနှစ် အဆောင်လက်ဖွဲ့။ ဒါကအဆင့်ခြောက်”
မဟာအကြီးအကဲက နောက်ကနေ ကပ်လိုက်လာပြီး မြှောက်ပင့်တဲ့ လေသံနဲ့ မြန်မြန် ပြောလိုက်တယ်။
”တကယ်တော့ ငါ့မှာလည်း ဝိညာဥ်စွမ်းအင် ရတနာတွေ နည်းနည်းပါးပါး ရှိသေးတယ်”
ဒါက အဆင့်နှစ်ဆေးပင်ကို အဆင့်ခြောက်ဆေးပင်ဖြစ်အောင် အလွယ်တကူ ပြောင်းလဲပေးနိုင်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်လေ။ နောက်ဆိုရင် အဆင့်ကိုး ဆေးပင်ကို တောင်မှ စိုက်နိုင်လိမ့်မှာပဲ။
သူသာ ဂိုဏ်းထဲမှာ ဆက်နေပြီး သူ့လက်ချောင်း ကြားထဲက ထွက်လာတဲ့ဆေးပင် သေးသေးလေးတောင်မှ အခြေတည်ဆောက်ခြင်းဝိညာဥ်အဆင့် ကျင့်ကြံသူတွေကို မနာလိုဖြစ်အောင် လုပ်နိုင်တယ်။
ဒီအဖြစ်အပျက်ကို မြင်လိုက်ကတော့ တခြားသူတွေကလည်းပဲ ဝင်လာကြတယ်။
အခိုက်တန့် အတွင်းမှာ များပြားလှတဲ့ ဝိညာဥ် စွမ်းအင် ရတနာတွေက နေရာတိုင်းမှာ မြင်နိုင်လောက်အောင် အလုံးလိုက် အထည်လိုက် ဖြစ်လာပြီး လူများကို မျက်စိ ကျိန်းသွားအောင် လုပ်လိုက်တော့တယ်။
ဝိညာဥ်စွမ်းအင် ရတနာတွေကို ကိုင်ထားပြီး မရေမတွက်နိုင်တဲ့ အစွမ်းထက်လှတဲ့ ပုဂ္ဂိုလ်တွေတောင် ရှိနေသေးတယ်။
သူမက လိုချင်ရင် ဘယ်ချောမောတဲ့တပည့်ကိုမဆို ရွေးချယ်နိုင်တယ်။ သူက ကျင့်ကြံရေးမှာ ရှိသမျှ ပြသာနာအားလုံးကို ဖြေရှင်းပေးလိမ့်မယ်။ နောက်ပြီးတော့ သူက ရွှင့်ချန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာ လိုချင်တယ်ဆိုရင်တောင်မှ ပေးလိုက်အုံးမယ်။
အားလုံးက အသက်အောင့်ပြီး ပိုင်ကျစ်ယွင်ကို မျှော်လင့်တကြီး ကြည့်နေကြတဲ့ အချိန်မှာ သူမက ရွှင့်ချန်ဂိုဏ်းမှာ ဆက်နေဖို့ ကိုလည်း မျှော်လင့်နေကြတယ်။ ပိုင်ကျစ်ယွင်က တွေဝေမနေဘဲ သူမရဲ့ ဘေးဘက်ကို ကြည့်လိုက်တယ်။
သူမက စူးလီကို နတ်ဘုရားတစ်ပါးကို ကြည့်နေသလို ကြည့်နေလိုက်ပြီး သူမရဲ့အသံထဲမှာလဲ ယုံကြည်မှုအပြည့်နဲ့ ဖြစ်နေတော့တယ်။
“ဂိုဏ်းတူ အစ်မ ရှင် ကျွန်မကို ဘယ်လို ရွေးချယ်မှုမျိုး ပြုလုပ်စေချင်သလဲ”
ဒီအချိန်မှာပဲ စူးလီက သူမကို ရွှင့်ချန်ဂိုဏ်းကနေ ထွက်သွားခိုင်းရင်တောင် သူမက တွေဝေမနေဘဲ လုပ်လိုက်မယ် ဆိုတာကို ဘယ်သူကမှ သံသယ မဖြစ်ကြတော့လေဘူး။
...