အခန်း ၁၃
Vol. 1 Ch. 13
အပိုင်း (၁၃)
အဖေကို...ချစ်တယ် ဟုတ်လား။
နေရာမှာ ရှိနေကြတဲ့ လူအားလုံးက အပြင်က ထူးဆန်းတဲ့ အသံကို ကြားလိုက်ရတဲ့ အချိန်မှာ သူတို့တွေက နားကြားများ မှားသွား လေသလား လို့ သံသယ ဖြစ်သွားကြတယ်။
ကျင့်ကြံရေး လောကထဲက ကျင့်ကြံသူတွေက ဒီလိုမျိုး ဝါသနာ ရှိတဲ့လူမျိုး ရှိလို့လား။
ဒါထက် ဆိုးတာက ဒီလူက တရားမျှတပြီး စည်းကမ်းကြီးတယ်လို့ နာမည်ကြီး နေတဲ့ မဟာအကြီးအကဲရဲ့ သား ဖြစ်နေတယ်လေ။
အားလုံးကလည်း သိကြပါတယ်။ အပြင်လောကက အသံက ဘယ်တော့မှ မလိမ်ညာခဲ့ဖူးဘူး။
ဒါဆိုရင်တော့....
လူအများစုက မဟာအကြီးအကဲကို အဓိပ္ပာယ်ပါတဲ့ အကြည့်တွေနဲ့ ကြည့်လိုက် ကြတယ်။
မဟာအကြီးအကဲရဲ့ မျက်နှာက နီရဲနေရာက ဖြူဆွတ်သွားပြီး ဖြူဆွတ်နေရာက ပြာနှမ်း သွားလေတယ်။ စိတ်ရှုပ်သွားတဲ့ အရောင်အသွေးတွေ ဖြစ်လို့နေတယ်။
ဘယ်လိုဖြစ်တာလဲ။
သူရဲ့သား ကျန်းရှူးဟွာက လိမ်မာပြီးတော့ တက်ကြွတယ်။ ပြီးတော့ သူက သူ့ကိုလည်း အရမ်းကို တလေးတစား ရှိပါတယ်။ ဟုတ်တယ် သူ့သားက သူ့ကို လေးစားပြီး ချစ်မြတ်နိုးတာပဲ နေမှာပါ။ သူက အပြင်လောကက ပြောတဲ့အသံလို ဘယ်တော့မှ ညစ်ညမ်းတာမျိုး မရှိပါဘူး။
ဒီလို တွေးလိုက်ပြီးတော့ အကြီးအကဲရဲ့ အသက်ရှုနှုန်းက တဖြည်းဖြည်းနဲ့ တည်ငြိမ်လာခဲ့တယ်။ သူက ချောင်းဟန့်လိုက်ပြီး သူ တစ်ယောက်တည်း ရေရွတ်နေတဲ့ စကားသံက အားလုံးကို ကြားနိုင်လောက်တဲ့ အနေအထား ဖြစ်နေတယ်။
''ကျုပ်ရဲ့သားက သူ ငယ်ငယ်လေးကတည်းက ကျုပ်ရဲ့ဘေးမှာ ကြီးပြင်းလာတာ။ သူက အရမ်းကို လိမ္မာသိတတ်ပြီး ကျုပ် အတွက်လည်း အရမ်းကို အားကိုးအားထား ရှိတယ်''
သူ့စကား မဆုံးခင်မှာပဲ ဘယ်ကမှန်းမသိတဲ့ ရယ်သံတစ်ခုရဲ့ ကြားဖြတ် ခံလိုက်ရတယ်။
[ဟားဟားဟားဟား.. အရမ်းကို လိမ္မာသိတတ်တာပဲ]
စူးလီက ကောင်းကင်စာအုပ်ထဲက စကားလုံးတွေကို ကြည့်လိုက်ပြီးတော့ သူ့မရဲ့ အသံကလည်း လှိုင်းခတ်သံ ထွက်လာခဲ့တယ်။
[အဖေ့ရဲ့အတွင်းခံကို တိတ်တိတ်လေး ဝှက်ထားပြီး သူ့လိမ္မာသိတတ်မှုကို ပြသဖို့ ညတိုင်း အဲဒါကို ပွတ်သပ်နေတာပေါ့ ဟုတ်လား]
[ဝိုး.... အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ]
ဒါက တကယ့်ကို ထူးခြားတဲ့ ရာဂစိတ်တစ်မျိုးပဲ။
ဘယ်သူကမှ သူတို့ရဲ့ထိတ်လန့်မှုကို ဆက်ပြီး ထိန်းမထားနိုင်တော့ဘဲ ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ မဟာအကြီးအကဲကို ကြည့်လိုက်ကြတယ်။
အမြဲတမ်းလိုလို ပထမအကြီးအကဲနဲ့ မတည့်တဲ့ဒုတိယအကြီးအကဲက ရိုးသားတဲ့ လေသံတစ်ခုနဲ့ သူ့ကို တိုက်ရိုက် ချီးမွှမ်းပြောဆိုလိုက်တယ်။
''ပထမအကြီးအကဲ သင်ပေးလိုက်တဲ့တပည့်တွေက အရမ်းကို လိမ္မာသိတတ်ပြီး လေးစားဖို့ ကောင်းတာပဲဗျ''
အကြီးအကဲရဲ့ မျက်နှာက မှောင်မည်းသွားပြီး ကြောက်စရာ ကောင်းလာတော့တယ်။ ဒေါသကြောင့် သူ့လက်တွေက တုန်ယင်လာပြီး အံ့ကြိတ်ထားတဲ့ကြားက စကားတစ်ခွန်းကို ဆက်ပြောလိုက်တယ်။
''ကျုပ် အရေးတကြီး လုပ်စရာ ကိစ္စရှိသေးလို့ ခင်ဗျားတို့နဲ့ ဆက်ပြီး အဖော် မလုပ်ပေးနိုင်တော့ဘူး''
ကြည့်ရတာ သူက ကျန်းရှူးဟွာကို တော်တော်လေး အလိုလိုက်ခဲ့မိပုံပဲ။ ဒါက သူ့ကို ဒီလို မလေးမစား မဖွယ်မရာအတွေးတွေ ဖြစ်လာစေတာ နေမယ်။
လျှပ်တပြက်အတွင်းမှာပဲ သူက ကျန်းရှူးဟွာကို သူ့အမှားတွေအတွက် နောင်တရသွားပြီး ပြောင်းလဲသွားစေမဲ့ နည်းလမ်းမျိုးစုံ မရေမတွက်နိုင်အောင် စဥ်းစားထားလိုက်တော့တယ်။
သူက ခြေထောက်ကို ကြွလိုက်ပြီး ထွက်သွားတော့မယ် ပြင်လိုက်တဲ့ အချိန်မှာပဲ ကောင်းကင်က လာတဲ့အသံက ထပ်ပြီး ပြောလိုက်တော့တယ်။
[ဟင်... ကျန်းရှူးဟွာက မဟာအကြီးအကဲရဲ့ သားအရင်း မဟုတ်ဘူးတဲ့]
မဟာအကြီးအကဲ က တအံ့တသြနဲ့ နေရာမှာတင် ရပ်တန့်သွာခဲ့တယ်။
ဘာရယ်...
ကျန်းရှုးဟွာက သူ့သားအရင်း.... မဟုတ်ဘူး တဲ့လား။
တခြားသူတွေကလည်း အလန့်တကြား ဖြစ်သွားပြီးတော့ တစ်ချိန်ထဲမှာ နားစွင့် ထားလိုက်တယ်။ ဘယ်ကလာမှန်း မသိတဲ့ အသံရဲ့ စကားလုံးတိုင်းကို နားထောင်ဖို့ ကြိုးစားနေလိုက်ကြတယ်။
နဂိုကမှ ဒီလို တားမြစ်ထားတဲ့ ချစ်ခြင်း မေတ္တာတွေအကြောင်းကို စိတ်ဝင်စားတဲ့ စူးလီက ဒီအကြောင်းကို မြင်လိုက်ရတဲ့အချိန်မှာ ရုတ်ခြည်းဆိုသလို စိတ်ဝင်စားမှုတွေ ပျောက်ဆုံးသွားခဲ့တယ်။ အဖေနဲ့ သားအတုတို့ရဲ့ ဆက်ဆံရေးက တကယ့် သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးလောက် စိတ်ဝင်စားစရာ မကောင်းဘူးလေ။
သူမက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို ကြည့်လိုက်ပြီး အတိုချုပ် ပြောလိုက်တော့တယ်။
[ရန်သူဟောင်းတစ်ယောက်က မဟာအကြီးအကဲ တာဝန်နဲ့ အပြင်သွားနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဒီလိုဖရိုဖရဲ ကာလထဲမှာ အခုမှမွေးကင်းစ သူ့သားလေးကို အစားထိုး လိုက်ပြီးတော့ သူ့သားအရင်းရဲ့ သွေးနဲ့ ဝိညာဥ်သွေးကြောတွေပါတဲ့ သားအတု တစ်ယောက်ကို ချန်ထားခဲ့လိုက်တာတဲ့]
[မဟာအကြီးအကဲက ဒီလောက်အကြာကြီး ပြသာနာကို သတိမထားမိတာလဲ မဆန်းတော့ပါဘူး]
အကြီးအကဲက ရုတ်တရက်ဆိုသလို ကျန်းရှူးဟွာကို မွေးတဲ့အချိန်ကို ပြန်သတိရသွားတယ်။ အဲဒီတုန်းက သူက သူ့တာဝန် ပြီးမြောက်လို့ ပြန်လာခါစပဲ ရှိသေးတယ်။ သူ့ဇနီးက လမစေ့ဘဲ ကလေးမွေးသွားတယ်ဆိုတဲ့ သတင်းကြားလိုက်ရတယ်။
အခု ပြန်စဥ်းစားကြည့်လိုက်တော့ တကယ်ပဲ သံသယဖြစ်စရာက နေရာတိုင်းမှာ ရှိနေတာပဲ။
သူ့မိန်းမက အခြေတည်စ ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ အမြဲတမ်းလဲ ကျန်းမာရေး ကောင်းနေခဲ့တာ။ ဘာဖြစ်လို့ သူမက လမစေ့ဘဲ မွေးလာခဲ့တာလဲ။ နောက်ပြီး အဲဒီအချိန်တုန်းက ရွှင့်ချန်ဂိုဏ်းက နံပါတ်ခြောက် အကြီးအကဲဆက်ခံပွဲအတွက် အလုပ်များနေပြီး ဟွားလန်တောင်ထွတ်က တပည့်အများစုကလည်း တာဝန်တွေ အပြည့်ဖြစ်နေတယ်။ တောင်ထွတ်မှာ မရှိခဲ့ကြဘူး။
မဟာအကြီးအကဲက ဒီအကြောင်းကို စဥ်းစားမိလေလေ သူ့မျက်နှာက ပိုပြီးတော့ ဖြူဆုတ်လာလေလေ ဖြစ်သွားတယ်။
တကယ်လို့များ ကျန်းရှူးဟွာသာ သူ့သားအရင်း မဟုတ်ဘူးဆိုရင် သူ့သားအရင်းက အခု ဘယ်ရောက်နေတာလဲ။
မမျှော်လင့်ထားတဲ့ တစ်ခုခုများ ဖြစ်သွားလေသလား။
သူ့စိတ်က ရုတ်တရက်ဆိုသလို စိုးရိမ်ပူပန်သွားပြီး သူရဲ့ သိစိတ်ပင်လယ်ကလည်းပဲ ဗြောင်းဆန်သွားကာ သူ့မျက်လုံးထဲမှာလည်း နီရဲနေတဲ့သွေးကြောတွေ ထောင်တက်လာခဲ့တယ်။
ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်က ပိုပြီးတော့ မြင့်မားလေလေ သားသမီးရနိူင်ဖို့ ခက်ခဲလေလေ ဖြစ်တာကြောင့် သူက ကျန်းရှူးဟွာကို အလွန်မှ ချစ်မြတ််နိုးခဲ့တယ်။
တကယ်လို့များ... သူ့သားအရင်းကသာ....
[ဟာ မဟာအကြီးအကဲရဲ့ သားအရင်းကလည်း အခု ရွှင့်ချန်ဂိုဏ်းထဲမှာ ရှိနေတာလား]
မဟာအကြီးအကဲက စိတ်အေးသွားပြီး သူရဲ့ ဆုပ်ထားတဲ့လက်သီးကို ဖြေလျော့လိုက်တယ်။ သူ အန္တရာယ်ကင်းတယ်ဆိုရင်တော့ ဟုတ်ပါပြီလေ။
[သူကလည်းပဲ သူ့ဟာသူ ကြိုးစားပြီးတော့ အုတ်မြစ်ဖွဲ့တည်အဆင့်ကို အောင်မြင်ခဲ့ပြီး ယောက်တန်းတောင်ထွတ်ရဲ့ အတွင်းစည်းတပည့် ဖြစ်လာခဲ့ပြီးတော့ ရွှင့်ချန်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်လည်း ဖြစ်လာခဲ့တယ်]
သူ့ရဲ့ ဝိညာဥ်သွေးကြောက အစားထိုးခံလိုက်ရပြီးတော့ သူ့အကူအညီ မပါတာတောင်မှ သားဖြစ်သူက ကိုယ်ပိုင်အရည်အချင်းနဲ့ အသက်တစ်ရာမှာ သူရဲ့အုတ်မြစ်ဖွဲ့တည်အဆင့်ကို တည်ဆောက်နိုင်ခဲ့သေးတယ်။
ဒါကမှ သူ့ရဲ့သားအရင်းကိုး။
မဟာအကြီးအကဲက ခေါင်းထောင်လိုက်ပြီး သူ့မျက်လုံးထဲမှာ ဝင့်ကြွားမှုအပြည့် ဖြစ်သွားတော့တယ်။
အသက်ကို အောင့်ထားလိုက်ပြီး သူ့သားအရင်းရဲ့သတင်းကို ပြောပြမဲ့ အပြင်လောကရဲ့အသံကို စောင့်စားနေတုန်းမှာပဲ အပြင်လောကရဲ့အသံက တစ်ဖန် ထွက်လာခဲ့တယ်။
[တိုက်ဆိုင်လိုက်တာ သူ့သားအရင်းကလည်း မျိုးနွယ်က ကျန်းတဲ့။ နာမည်က ကျန်းရှန်း။ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း ဟွားလန်တောင်ထွတ်မှာ နေတာတဲ့]
[အခု သူက___]
စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို ဖတ်လိုက်ပြီး ထူးဆန်းတဲ့အသံနဲ့ ဆက်ပြောလိုက်တယ်။
[သူက မဟာအကြီးအကဲနဲ့ ရုပ်ချင်းနည်းနည်း တူတာမလို့ ကျန်းရှူးဟွာက သူရဲ့ဝိညာဥ်အရင်းအမြစ်ကို ဖျက်ဆီးလိုက်ပြီး သူရဲ့မျက်နှာကိုလည်း ဖျက်ဆီးလိုက်တယ်။ နောက်ပြီးတော့ သူ့ကိုလည်း မဟာအကြီးအကဲရဲ့ အစားထိုးတစ်ယောက်အနေနဲ့ သူ့ဘေးနားမှာ ချုပ်နှောင်ထားသေးသတဲ့လား]
[အိုက်ယိုး... သားအတုက အဖေဖြစ်သူရဲ့ အစားထိုးခံအနေနဲ့ သားအရင်းကို အသုံးချနေတာလား]
!!!
အရမ်းကို ယုတ္တိတန်လွန်းတာကြောင့် အားလုံးက အခိုက်တန့် သတိလက်လွတ် ဖြစ်သွားကြပြီး သူတို့ရဲ့မျက်နှာမှာလည်း ကြက်သေသေသွားကြပြီး သူတို့ရဲ့ဦးနှောက်ကလည်း မနိုင်ဝန်ထမ်းနေရသလို ဖြစ်သွားကြတော့တယ်။
[ကြည့်ရတာ မဟာအကြီးအကဲက သားအတုက သားအရင်းကို အနိုင်ကျင့်နေတာကို ကြိမ်ဖန်များစွာတွေ့ခဲ့ဖူးတာပဲ]
[ဒါကို ကိုယ့်အပြစ်ကို ပြန်ခံရတယ်လို့ ပြောလို့ရမလား]
မဟာအကြီးအကဲက ဒါနေရာပဲ ငူငူငိုင်ငိုင်နဲ့ ရပ်နေပြီး သူက ဘာကိုစဥ်းစားလိုက်မှန်းတော့ မသိပါဘူး။ သူ့မျက်နှာက ထိန်းမရအောင် နောင်တရသွားတဲ့ အမူအရာတစ်ခု ဖြစ်သွားတော့တယ်။
သူ့သားအရင်းက သူ့နှာခေါင်းအောက်မှာပဲ နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံလာခဲ့ရတယ်တဲ့။ နောက်ပြီးတော့ သူက....
[ကြည့်ပါအုံးမယ်... အခုလည်းပဲ ကျန်းရှန်းက ကျန်းရှူးဟွာရဲ့ နှိပ်စက်တာ ခံနေရတာပဲ]
မဟာအကြီးအကဲက ဒါကို ဆက်ပြီး သည်းမခံနိုင်တော့ပဲ နီရဲပြီး ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ ဟွားလန်တောင်ထွတ်ဆီကို ပျံထွက်သွားတော့တယ်။
စူးလီက ကောင်းကင်စာအုပ်ကို ဖတ်နေရင်းက ခေါင်းမော့လိုက်တော့ ထွက်ပြေးသွားတဲ့သူ့ပုံရိပ်ကို ဇဝေဇဝါနဲ့ လှမ်းကြည့်နေမိတယ်။
[သူ ဘာလို့ အဲလောက်အမြန်ကြီး လမ်းလျှောက်သွားတာလဲ... သူ့အိမ်က မီးလောင် နေလို့လား။]
အားလုံးက သူမရဲ့ စကားကိုကြားလိုက်ရတော့ သက်ပြင်းချလိုက်ကြပြီး နောက်ဆုံးတော့ သတိ ပြန်ဝင်လာကြတယ်။
တတိယအကြီးအကဲက သူ့မျက်နှာပေါ်က အထိတ်တလန့်ဖြစ်နေတဲ့ရုပ်ကို နောက်ဆုံးတော့ ဖယ်ဖျောက်ထားလိုက်ပြီး ပထမအကြီးအကဲ ထွက်သွားတဲ့ လားရာဘက်ကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်လိုက်တော့တယ်။ ဒါက သူ့အိမ် မီးလောင်တာထက် ပိုပြီးတော့တောင် ဆိုးနေတယ်လေ။
-
ဟွားလန်တောင်ထွတ် ပေါ်မှာ...
ကျန်းရှူးဟွာက သူ့အဖေကို မလေးမစား လုပ်နေမိတာမှန်း နားလည်သွားတဲ့အချိန်မှာ သူက ဒီအကြောင်းကို ဘယ်သူ့မှမသိအောင် သေသေချာချာ ဖုံးကွယ်ထားလိုက်တယ်။
သူ့အတွေးအခေါ်တွေ မှားယွင်းနေမှန်းလည်း သူ သိပါတယ်။ ဒါပေမဲ့ သူ့မှာလည်း တခြား ရွေးစရာ မရှိလေဘူး။
သူက အရမ်းကို ငယ်ရွယ်တဲ့အချိန်မှာပဲ အမေဖြစ်သူက ကျင့်ကြံရေးအတွက် သီးခြားခွဲနေပြီး အဖေဖြစ်သူကပဲ သူ့ကို အမြဲတမ်း စောင့်ရှောက်ပေးခဲ့တာ။
အဖေက ချောမော ခံ့ညားပြီး အရမ်းလည်းတော်သလို အရမ်းလည်း အစွမ်းထက်တယ်။ သူ့အပေါ်ကိုလည်း အထူးတလည် ကောင်းမွန်ပေးတယ်။ အဖေက သူလိုချင်တာ မှန်သမျှပေးတယ်။ သူဘာပဲလုပ်လုပ် သူ့အတွက် အတားအဆီးမှန်သမျှကို ဖယ်ရှားပေးတယ်။
ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလဲ သူက ဒီအတိုင်းပဲ ထုတ်ပြောလိုက်တာပါ။ သူ့အဖေက ဘာမှမတွေးဘဲနဲ့ သူ့ကို အဆင့်ခြောက်ဆေးရည် ထုတ်ပေးလိုက်တယ်လေ။
ဒီလိုလူမျိုးတစ်ယောက်ကြောင့် သူမှာ စိတ်မလှုပ်ရှားဘဲနဲ့ ဘယ်လိုလုပ်ပြီး နေနိုင်မှာလဲ။
ကျန်းရှူးဟွာက မနာလိုဖြစ်ရပေမဲ့လည်း စွဲမက်နေတဲ့အကြည့်တစ်ခုနဲ့ ကျန်းရှန်းရဲ့မျက်နှာကို ကြည့်လိုက်တယ်။
သူက ကျန်းရှန်းကို ပထမဦးဆုံးမြင်လိုက်တဲ့ အချိန်ကတည်းက သူနဲ့ ရင်နှီးတယ်လို့ ခံစားနေမိတာ။
သူတို့တွေက သုံးလေးချက်လောက်ပဲ တူကြတယ်ဆိုပေမဲ့ သူရဲ့စိတ်နေသဘောထားနဲ့ အမူအပြုတွေက အမြဲဆိုသလို သူ့အဖေကိုပဲ သတိရအောင် လုပ်နေတယ်။
ဒါကြောင့်လည်း နှစ်ခါ တွေးမနေတော့ဘဲ သူက ဟွားလန်တောင်ထွတ်ကို ဝင်လာတဲ့ ကျန်းရှန်းကို လှောင်ပိတ်ထားလိုက်ပြီး သူ့အနားမှာပဲ ထားလိုက်တော့တာပေါ့။
သူက သူ့ရဲ့ဒီမျက်နှာကို သဘောကျတယ်။ နောက်ပြီးသူ့ရဲ့ဒီမျက်နှာကိုပဲ မုန်းတယ်။
သူက သာမန်တပည့်တစ်ယောက်ပဲလေ။ ကျန်းရှန်းက ဘယ်လိုလုပ်ပြီး သူ့အဖေနဲ့ အရမ်းကို ရုပ်ချင်းဆင်နေတာလဲ။
မနာလို စိတ်ကြောင့်ပဲဖြစ်ဖြစ် ကျန်းရှန်းနဲ့ မဟာအကြီးအကဲကြားက တူညီတဲ့အချက်တွေကို တခြားသူ သိသွားမှာ မလိုလားတာကြောင့်ပဲဖြစ်ဖြစ် သူက သူ့ရဲ့မျက်နှာကို ဖျက်ဆီးလိုက်ပြီး သူ့ရဲ့ကျင့်ကြံရေးအဆင့်ကိုလည်း ပိတ်ဆို့ထားလိုက်ကာ သူ့ကို သူ့အနားမှာပဲ ထားဖို့ တွေဝေမနေခဲ့ဘူး။
''ကျန်းရှန်း မင်းက ငါ့ဘေးက ခွေးတစ်ကောင်ပဲ''
ကျန်းရှူးဟွာက ပျက်စီးနေပြီးသားဖြစ်ပေမဲ့လည်း သူ့အဖေနဲ့ တစ်နည်းနည်းနဲ့ ရုပ်ချင်းဆင်တူနေတဲ့ ဒီမျက်နှာကို ကြည့်လိုက်တယ်။ သူ့ရဲ့ စွဲလမ်းနေတဲ့စိတ်ထဲမှာ ကြည်နူးတဲ့စိတ်တစ်ခု ဖြစ်လာခဲ့တယ်။ သူက ဒီလူကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ခံစားချက်က ပျော်စရာကောင်းတာကို သိလာတယ်။
ကျန်းရှန်းက ဒီလူရဲ့ အစားထိုးခံတစ်ယောက် ဖြစ်နေတာတောင်မှပေါ့။
“မင်းရဲ့ မွေးစားအမေကို ကယ်ဖို့ အဆင့်လေး ဟွားရှောင်ဆေးလုံးကို မလိုချင်ဘူးလား”
သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပြုံးလိုက်ကာ သူရဲ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ရဲ့ အမာရွတ်တွေ ရှိနေတဲ့ မျက်နှာပေါ်မှာ နောက်ထပ် ဒဏ်ရာတစ်ခုကို ထပ်ဖြည့်လိုက်တယ်။
“မင်းအနေနဲ့ ရွှင့်ချန်ဂိုဏ်းရဲ့တပည့်အဖြစ်ကနေ လက်လျှော့လိုက်မယ်ဆိုရင် ငါက မင်းကို ဆုချဖို့ စဥ်းစား....”
သူ့စကားမဆုံးခင်မှာပဲ ဝိညာဥ်စွမ်းအင်ပါတဲ့ လေပွေလှိုင်းတစ်ခုက ရုတ်တရက်ဆိုသလို တံခါးကို ဆောင့်ဖွင့်လိုက်တယ်။ ကျန်းရှူးဟွာက မော့ကြည့်လိုက်တဲ့အချိန်မှာ ကျန်းကျွင်းမင်ရဲ့ ဒေါသထွက်နေတဲ့ရုပ်ကို တွေ့လိုက်ရတယ်။
''အဖေ''
သူက တအံ့တသြနဲ့ ထရပ်လိုက်တယ်။ ဒါပေမဲ့ သူဘာမှ မပြောရသေးခင်မှာပဲ အလွန်မှ ကြောက်စရာကောင်းတဲ့ အရောင်အဝါတစ်ခုက သူ့ဆီကို တည့်တည့် ပြေးဝင်လာတာ တွေ့လိုက်ရတယ်။
ကျန်းရှူးဟွာက နောက်ကို လွင့်ထွက်သွားပြီး မလှုပ်ယှက်နိုင်ဖြစ်သွားတယ်။
သူက သွေးတွေအန်ထွက်လာပြီး တအံ့တသြနဲ့ ကျန်းကျွင်းမင်ကို ကြည့်လိုက်တယ်။
လျှပ်တပြက် ဒီကာလအတွင်းမှာ သူလုပ်ခဲ့တဲ့အရာတွေကို ပြန်စဥ်စားကြည့်လိုက်ပေမဲ့ မှားယွင်းနေတာ ဘာမှမတွေ့ရဘူး။
ကျန်းကျွင်းမင်က သူ့အပေါ်ကို စိတ်သဘောထား ပျော့ပြောင်းတယ်ဆိုတာကို သူ သိထားတယ်။ ဒါကြောင့် သူက ပျာယာခတ်နေတဲ့ သူ့စိတ်ကို မျိုသိပ်ထားလိုက်ပြီး ချိနဲ့တဲ့အသက်ရှူသံနဲ့ မေးလိုက်တော့တယ်။
''အဖေ ကျွန်တော် တစ်ခုခု အမှား လုပ်မိလို့လား''
ကျန်းကျွင်းမင်က ဒဏ်ရာအပြင်းအထန်ရနေတဲ့ သူ့ကို လှည့်တောင်မကြည့်ဘူး။ သူ့မျက်လုံးတွေက မြေကြီးပေါ်မှာ ဒူးထောက်နေတဲ့ ကျန်းရှန်းဆီကိုပဲ တည့်တည့်ရောက်သွားတယ်။
သူရဲ့ဝိညာဥ်ရင်းမြစ် ပျက်စီးသွားပြီး သူ့ခန္ဓာကိုယ်ပေါ်မှာလည်း မရေမတွက်နိုင်တဲ့ ဒဏ်ရာတွေ ဖုံးလွှမ်းနေတာကို တွေ့လိုက်ရတော့ ကျန်းကျွင်းမင်က တုန်တုန်ယင်ယင်နဲ့ ရှေ့ကို လျှောက်သွားလိုက်ပြီး ဒူးတစ်ဝက်ထောက်လိုက်ကာ တိမ်ဝင်နေတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
''ငါ့သား''
...