← Chapters

အခန်း ၁၅

Vol. 1 Ch. 15

အခန်း ၁၅

Vol. 1 Ch. 15

အပိုင်း (၁၅)

လုကျင်းဟွိုင်က လက်မလျှော့ဘဲ ပိုင်ကျစ်ယွင်ရဲ့ သဘောကျတဲ့အရာတွေကို ဆက်တိုက် မေးခွန်းထုတ်လာခဲ့တယ်။ ထင်ထားတဲ့အတိုင်းပဲ ပိုင်ကျစ်ယွင်ကလည်း အကြိမ်တိုင်း ဘေးမှာရှိတဲ့ ကျင့်ကြံသူကိုပဲ လှည့်ကြည့်နေတယ်။

အခုတော့ သူက သူ့မရဲ့ အကြိုက်တွေ၊ နေ့စဥ်လိုအပ်ချက်တွေ၊ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ လိုအပ်ချက်တွေကို သိလိုက်ရတယ်။

ဒါပေမဲ့ သာမန် ချီအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ ဝါသနာတွေကိုတော့ ဘယ်သူက သိချင်မှာလဲ။

သူ မျက်နှာလုပ်ချင်တဲ့သူက ပိုင်ကျစ်ယွင်ဆိုတာ သိသာနေတာပဲလေ။

သူက ကြိတ်ပြီးတော့ သက်ပြင်းချလိုက်တယ်။ မျှော်လင့်ချက် မရှိတော့ဘဲ နောက်ဆုံး မေးခွန်းကို မေးလိုက်တယ်။

''ဝိညာဥ်သစ်ပင်နဲ့ ဆေးလုံးဖော်တာတွေအပြင် အကြီးအကဲပိုင်မှာ တခြားဘာဝါသနာတွေများ ရှိသေးသလဲ''

သူ့မေးခွန်းကို ကြားလိုက်ရပြီးတဲ့နောက်မှာ ပိုင်ကျစ်ယွင်က နောက်ဆုံးတော့ စူးလီကို မကြည့်တော့ဘဲ ရှက်ရှက်နဲ့ မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်တယ်။

''ကျွန်မက ပုံမှန်ဆိုရင် ဝိညာဥ်စွမ်းအင်တွေပါတဲ့ မုန်ပဲသရေစာ တချို့ကို လုပ်ရတာ ကြိုက်တယ်''

လုကျင်းဟွိုင်က သူမက စူးလီကို ဆက်ပြီးတော့ မမေးတော့တာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့လည်း သူ့ကို သူမရဲ့ဝါသနာအကြောင်း ပြောပြနေတာမလို့ သူက ရုတ်ခြည်းဆိုသလို စိတ်လှုပ်ရှားသွားခဲ့တယ်။

“ဝိညာဥ်စွမ်းအင် အစားအသောက်တွေကိုလုပ်တာ ကောင်းတဲ့ကိစ္စပဲ”

“ဝိညာဥ်စွမ်းအင် အစားအသောက်တွေကို လုပ်တဲ့နေရာမှာ လိုအပ်တဲ့ ပါဝင်ပစ္စည်းနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပြင်ဆင်ပေးဖို့ ကျုပ်ရဲ့ တပည့်ကို ခိုင်းလိုက်မယ်”

ဆက်သွယ်ရေးပစ္စည်းကို ထုတ်နေတဲ့အချိန်မှာ သူက ပိုင်ကျစ်ယွင်ကို အားတက်သရော ပြောလိုက်တယ်။

''ကျုပ် အထင်တော့ အဆင့်လေး ဝိညာဥ်စွမ်းအင်ပါတဲ့ပစ္စည်းတွေက အဆင်မပြေလောက်ဘူး။ မင်းအတွက် အဆင့်ငါး အသုံးအဆောင် ပစ္စည်းတွေကို လုပ်ပေးဖို့ ငါ နဉ်ကျင့် တောင်ထွတ်ကို လုပ်ခိုင်းလိုက်မယ်။ မင်း ဝိညာဥ်စွမ်းအင် အစားအသောက်တွေ ပြုလုပ်တဲ့နေရာမှာ တကယ် ပျော်ရွှင်ရလိမ့်မယ်လို့ ကျုပ် အာမခံတယ်”

သူက သူ့တပည့်ကို အကြောင်းကြားပြီးတော့ လှည့်လိုက်တဲ့ အချိန်မှာပဲ ပိုင်ကျစ်ယွင်က စူးလီကို တောက်ပတဲ့မျက်လုံးတွေနဲ့ ကြည့်နေတာကို မြင်လိုက်ရတယ်။

''ဂိုဏ်းတူအစ်မ ရှင် မုန့်ပဲသရေစာတွေ စားရတာ အရမ်းကြိုက်တာကို ကျွန်မ မှတ်မိနေတယ်။ ကျွန်မတို့ လော့ရှူးတောင်ထွတ်ကို ရောက်တဲ့ အခါကျရင် ကျွန်မ ရှင့်အတွက် မုန့်တွေကို ဆက်လုပ်ပေးမယ်နော်''

''အစ်မမှာ တခြားစားချင်တဲ့ မု့န်ပဲသရေစာများ ရှိသေးလား။ ကျွန်မ မလုပ်နိုင်လဲ ကိစ္စမရှိပါဘူး ကျွန်မက မုန့်တွေလုပ်တဲ့နေရာမှာ သင်ယူတက်မြောက်တာ အရမ်းကို မြန်ပါတယ်''

စူးလီက စဥ်းစဥ်းစားစားနဲ့ မော့ကြည့်လိုက်တယ်။ငါ လော့ရှူးတောင်ထိပ်မှာ နေချင်တယ်လို့ မပြောခဲ့ဖူးဘူး ထင်တယ်။

ငါ့မှာ ဖရဲသီးတွေ အားလုံးလည်း စားပြီးသွားပြီလေ။ ပိုင်ကျစ်ယွင်ရဲ့ အနာဂတ်ကလည်း တောက်ပနေပြီ။ ဒီတော့ ဒီနေရာမှာ ဆက်နေလို့ ဘာအဓိပ္ပာယ် ရှိမှာလဲ။

တခြားတစ်နေရာရာကို သွားပြီး ဖရဲသီး စားတာက ပိုကောင်းတာပေါ့။ ဟင်း... မဖြစ်သေးဘူး ယိုပေါက်တွေကို ဖာပေးရအုံးမယ်။

''ဂိုဏ်းတူအစ်မ ပဲလိပ်မုန့်ကြိုက်လား၊ နို့ကျောက်စိမ်းမုန့် ကြိုက်လား ဒါမဟုတ် ပုစွန်လုံးနဲ့ သီဟိုဠ်စေ့လိပ်မုန့် စားရတာကို ကြိုက်လား"

စူးလီက တွန့်ဆုတ်မနေဘဲ ပြောလိုက်တယ်။

''အားလုံးကို ကြိုက်ပါတယ်''

သူမက သတိပြန်ဝင်လာပြီး မလုံမလဲနဲ့ မျက်တောင်လေးကို ခတ်လိုက်တယ်။ ဒီလိုလုပ်ရင်ကော... အရင်ဆုံး စားပြီးမှ ပြန်ကြတာပေါ့။

အခြေအနေ တစ်ခုလုံးကို စောင့်ကြည့်လာခဲ့တဲ့ လုကျင်းဟွိုင်က မျက်နှာပေါ်မှာ လေးလံတဲ့အမူအရာတစ်ခုနဲ့ ဆက်သွယ်ရေးပစ္စည်း ကိုင်ထားတဲ့လက်ကို လွှတ်ချလိုက်တယ်။

ပိုင်ကျစ်ယွင်က ရွှင့်ချန်ဂိုဏ်းချုပ်ဖြစ်တဲ့ သူ့ထက် စူးလီကို ဘာလို့ အဲ့လောက် ယုံကြည်နေရသလဲ ဆိုတာကို တကယ်ပဲ သိချင်နေတယ်။

စူးလီက ပိုင်ကျစ်ယွင် အပေါ်မှာ ကြီးကြီးမားမား လွှမ်းမိုးမှု ရှိနေတာပဲ။

လုကျင်းဟွိုင်က စူးလီကို မသိမသာ အကဲခတ်လိုက်တယ်။ သူ့ကျင့်ကြံရေး အဆင့်က ချီလေ့ကျင့်ရေးအဆင့်(၃)ပဲ ရှိတာ။ သူ့ရုပ်ပိုင်းဆိုင်ရာကလည်း သေချာ မမြင်ရဘူး။ ဒါပေမဲ့ သူရဲ့ ကျင့်ကြံရေးအဆင့်ကို အကဲခတ်ကြည့်ရင် သူရဲ့ဝိညာဥ် အရင်းမြစ်ကလည်း ပိုကောင်းမှာတော့ မဟုတ်ဘူး။ သူ့ရဲ့ အဝတ်အစားတွေကလည်း သာမန်ပါပဲ။ အလွန်ဆုံး သူ့ရဲ့ဟန်ပန်အမူအရာက နည်းနည်းလေးတော့ ထူးခြားနေတယ်....

သူက မျက်လွှာချလိုက်ပြီး သူ့ဟာသူ ပြန်စဥ်းစားလိုက်တယ်။ ပိုင်ကျစ်ယွင်ရဲ့ အရည်အချင်းနဲ့ ပါရမီတွေက အရမ်းကို ထူးခြား နေပြီးတော့ လောကမှာ ရှားပါးတယ်လို့တောင် ပြောလို့ရတယ်။

ဒီသာမန် ကျင့်ကြံသူလေးက အရင်ကတည်းက ပိုင်ကျစ်ယွင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုရှိတယ်။ ပိုင်ကျစ်ယွင်ကို သူ့ရဲ့စကားနားထောင်အောင် သေချာလုပ်ထားနိုင်တယ်။ ဒီတော့ သူ့မှာသေချာပေါက် နောက်ကွယ်က ရည်ရွယ်ချက်တွေ ရှိလိမ့်မယ်။

ဒီလို စဥ်းစားလိုက်ပြီးတော့ သူက ခေါင်းမော့လိုက်ပြီး သူ့လေသံကတော့ သဘောကောင်းတဲ့လေသံ ဖြစ်နေပေမဲ့ သူ့ရဲ့ စကားလုံးကတော့ အဓိပ္ပာယ် တချို့ ပါဝင်နေတယ်။

''အကြီးအကဲပိုင်၊ အကြီးအကဲက တကယ့်ကို ပါရမီ ရှိတဲ့သူပါ။ ဒီတော့ တခြားလူတွေက မင်းကို တမင်သက်သက် ချည်းကပ်ပြီး မင်းဆီက အခွင့်ကောင်း ယူမဲ့သူတွေကို သတိထားနော်”

''တချို့ လူတွေက အပြစ်ကင်းပြီး အန္တရာယ် ကင်းတယ်လို့ ထင်ကောင်းထင်ရပေမဲ့ သူတို့တွေ ဘာစဥ်းစားနေလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူးလေ။ သူတို့တွေက မင်းကို အချိန်မရွေး အန္တရာယ် ပြုနိုင်တယ်''

ပိုင်ကျစ်ယွင်က ဒီစကားကို ကြားလိုက်တော့ တွေးတွေးဆဆနဲ့ ခေါင်းညိတ် ပြလိုက်တယ်။

လုကျင်းဟွိုင်က သူမက သူ့စကားကို နားထောင်တာ မြင်လိုက်ရတော့ ကျေနပ်သွားတယ်။ သူက တစ်ခုခု ပြောတော့မယ် ပြင်လိုက်စဥ်မှာပဲ ပိုင်ကျစ်ယွင်က သူနဲ့ နည်းနည်းလေး ခွာရပ်လိုက်ပြီး စူးလီရဲ့ရှေ့မှာ ဂရုတစိုက် သွားရပ်လိုက်တာကို တွေ့လိုက်ရတော့တယ်။

လုကျင်းဟွိုင်: “....”

အခြေအနေက ချောက်ချားစရာတိတ်ဆိတ် သွားတော့တယ်။

ဒီအခိုက်မှာပဲ ရုတ်တရက် ဆိုသလို မဟာအကြီးအကဲရဲ့ ပုံရိပ်က သူတို့သုံးယောက်ရှေ့မှာ ပေါ်လာခဲ့တယ်။

သူ့ဘေးမှာတော့ တိတ်ဆိတ် ငြိမ်သက်ပြီး ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်က ရပ်နေတယ်။

လူငယ်လေးက အသစ်လျှော်ဖွပ်ထားတဲ့ အဝတ်အစားတစ်စုံကို ဝတ်ဆင်ထားပြီး တောက်ပတဲ့ အဝတ်အစားရဲ့အောက်မှာတော့ လှပပေမဲ့ ခံစားချက်မဲ့တဲ့ မျက်လုံးတစ်စုံ ရှိနေတယ်။

လူသုံးယောက်ကို မြင်လိုက်ပြီးတဲ့အခါမှာ မဟာအကြီးအကဲက ရွှင့်ချန်ဂိုဏ်းချုပ်ကို လျစ်လျူရှု ထားလိုက်ပြီး ပိုင်ကျစ်ယွင်ဆီ လှမ်းသွားလိုက်တယ်။

သူက ပိုင်ကျစ်ယွင် ရှေ့မှာရပ်လိုက်ပြီး သူရဲ့ လေသံကတော့ တလေးတစား မျှော်လင့်တကြီး ဖြစ်နေတယ်။

''အကြီးအကဲပိုင်''

အရင်ကတော့ သူက ပိုင်ကျစ်ယွင်ကို ဟွားချန်တောင်ထိပ်မှာ နေစေချင်တယ်။ ဒါပေမဲ့ သူ့သဘောထားကတော့ မတူမတန်သလို နှိမ့်ချထားပြီး ပိုင်ကျစ်ယွင်ကို သူနဲ့ တစ်တန်းတည်း ထားဖို့ ဆန္ဒ မရှိလေဘူး။

ဒါပေမဲ့ အခုကျတော့ သူက ခေါင်းကို ငုံ့ထားပြီး သူ့ရဲ့ အစောပိုင်း ထောင်လွှားတဲ့အမူအရာတွေက အရိပ်အယောင် တစ်ခုတောင် မကျန်ခဲ့လေဘူး။

''ကျုပ်ရဲ့သားနဲ့ ကျုပ်က မကောင်းတဲ့ လူဆိုးတစ်ယောက်ကြောင့် နှစ်ပေါင်းတစ်ရာကျော်အောင် ဝေးကွာခဲ့ရတယ်''

မဟာအကြီးအကဲက မျက်လုံးထဲမှာ မျက်ရည်တွေ ကျလို့ ငိုနေတယ်။

''ကျုပ် သူ့ကို တွေ့တဲ့ အချိန်မှာတော့ သူရဲ့ ဝိညာဥ်သွေးကြောတွေနဲ့ အရင်းအမြစ်တွေက ပျက်စီးနေပြီ။ အဆင့်ရှစ် ဟွားရှောင်ပန်းကပဲ သူကို ကယ်တင်နိုင်မှာ”

''အခုအခါကျတော့ ကျင့်ကြံရေးလောက တစ်ခုလုံးမှာ အဆင့်အမြင့်ဆုံး ဟွားရှောင်ပန်းက အဆင့်ခြောက် အထိပဲ ရှိတယ် အဆင့်ရှစ် အထိရောက်နိုင်တဲ့ ဟွားရှောင်ပန်းက တစ်ပွင့်လေးတောင်မှ မရှိဘူး''

သူအသံက တိမ်ဝင်နေပြီး ခေါင်းကိုလည်း ငုံ့ထားတယ်။

''အကြီးအကဲကသာ ဝိညာဥ်ဆေးပင်တွေရဲ့အဆင့်ကို မြှင့်တင်နိုင်စွမ်းရှိတဲ့ အရည်အချင်းရှိတာ”

''အကြီးအကဲက ကျွန်တော်ရဲ့ သားကို ကူညီပေးဖို့ တောင်းပန်ပါတယ်''

အကြီးအကဲက နီရဲနေတဲ့မျက်လုံးတွေနဲ့ ပိုင်ကျစ်ယွင်ကို ကြည့်လိုက်ပြီး သူရဲ့ အသံကတော့ ချစ်ခြင်းတရားတွေ ပြည့်နေပြီး ဝမ်းနည်းနေတယ်။

''အကြီးအကဲက လုပ်ပေးမယ်လို့ ကတိပေးသရွေ့ ကျုပ် ကျန်းကျွင်းမင်က အကြီးအကဲရဲ့ နောက်လိုက်အဖြစ် လုပ်ပေးဖို့ဆန္ဒ ရှိပါတယ်''

ကျန်းရှန်းက ဘေးမှာ ရပ်နေပြီး သူ့ရဲ့မျက်လုံးတွေက တည်ငြိမ်နေပေမဲ့လည်း လေးနက်တဲ့မျှော်လင့်ချက်တစ်ခုရဲ့ အရိပ်အယောင်တွေ ပါနေတယ်။

ပိုင်ကျစ်ယွင်က ဘာဖြစ်နေမှန်းတော့ မသိပါဘူး။ သူမက မဟာအကြီးအကဲရဲ့ မျှော်လင့်တကြီး အမူအရာကို ကြည့်လိုက်ပြီး ကူကယ်ရာမဲ့သလို ခေါင်းခါပြလိုက်တယ်။

'' မဟာအကြီးအကဲ တကယ်လို့ ရှင်က အဆင့်ခြောက် ဝိညာဥ်ဆေးပင်ကို လိုချင်တယ် ဆိုလို့ ရှိရင်တော့ ကျွန်မက ကျွန်မရဲ့ အင်အားကို အကုန်သုံးပြီး အောင်မြင်အောင် လုပ်ပေးနိုင်မယ် ထင်ပါတယ်''

''ဒါပေမဲ့ အဆင့်ခြောက်နဲ့အထက်ဆိုရင်တော့ အဆင့်တစ်ဝက်လောက်ပဲ ခြားတယ်ဆိုရင်တောင် ဒါက သဘာဝအလျောက် ကြီးမားတဲ့ ကွာဟချက်ကြီးတစ်ခု ဖြစ်နေပြီ''

သူမက မျက်လုံးထဲမှာ ကိုယ့်ဟာကို အပြစ်တင်တဲ့ အရိပ်အယောင်တစ်ခုနဲ့ ကျန်းရှန်းရဲ့ ပိန်ပါးတဲ့ ကိုယ်လုံးကိုယ်ထည်ကို လှမ်းကြည့်လိုက်တယ်။

''ဒါပေမဲ့ အဆင့်ရှစ် ဝိညာဥ်ဆေးပင်ကို ကျွန်မက ကျင်းတန်းအဆင့် ကျင့်ကြံရေး ရောက်မှသာလျှင် အောင်မြင်ပါလိမ့်မယ်''

မဟာအကြီးအကဲကလည်း ဒီအချိန်မှာ အဆင့်ရှစ် ဝိညာဥ်ဆေးပင်က ပိုင်ကျစ်ယွင်အတွက် အလွန်မှ ခက်ခဲမှန်း သိနေပေမဲ့လည်း သူ့မှာ တခြား ရွေးချယ်စရာမရှိတော့ သူ့ရဲ့ မျှော်လင့်ချက်တွေကို သူမ အပေါ်မှာပဲ ပုံချထားရတယ်။

''ကျုပ်အနေနဲ့ မရေမတွက်နိုင်တဲ့ အဆင့်မြင့် ဝိညာဥ်ဆေးပင်တွေနဲ့ ရတနာတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ကျုပ်က အဆင့်ရှစ် မင်ယွင်ပန်းပွင့်ကိုလည်း ပေးနိုင်တယ်။ အကြီးအကဲပိုင်က ခေါင်းညိတ်သရွေ့ ကျုပ်က....''

''မဟာအကြီးအကဲ အဆင့်ရှစ်ဝိညာဥ်ဆေးပင်က ဘယ်လောက်တောင် ရှားပါးတယ်ဆိုတာ ခင်ဗျားရော ကျုပ်ရော သိပါတယ်''

လုကျင်းဟွိုင်က စည်းကျော်စေမဲ့ စကားတစ်ခွန်းကို မပြောစေဖို့ရန် မဟာအကြီးအကဲကို တားမြစ်လိုက်တယ်။ သူက မဟာအကြီးအကဲအတွက် စိတ်မကောင်း ဖြစ်ရပေမဲ့လည်း မဟာအကြီးအကဲက ပိုင်ကျစ်ယွင်ကို ထိခိုက်စေမဲ့ ဖြစ်နိုင်ခြေတစ်ခု ကိုမှ ခွင့်မပြုပေးနိုင်ပါဘူး။

သူက မဟာအကြီးအကဲကို နှစ်သိမ့်ပေးလိုက်တယ်။

''မဟာအကြီးအကဲ ဂိုဏ်းထဲမှာ ထူးချွန်တဲ့ ဆေးလုံးဖော်စပ်သူတွေ အများကြီး ရှိပါတယ်။ သူတို့တွေက ကျုပ်တို့ရဲ့ တူတော်လေးကို ကယ်တင်ပေးဖို့ နည်းလမ်းတစ်ခုတော့ သေချာပေါက် ရှာတွေ့ပါလိမ့်မယ်”

မဟာအကြီးအကဲက ခြေနှစ်လှမ်းလောက် ယိမ်းယိုင်သွားပြီး သူ့မျက်လုံးထဲက မျှော်လင့်ချက်တွေကလည်း တဖြည်းဖြည်းနဲ့ ကွယ်ပျောက်သွားခဲ့တယ်။

ထိပ်တန်း ဆေးဖော်စပ်သူတစ်ယောက် အနေနဲ့ သူက ရှန်းအာရဲ့ လက်ရှိအခြေအနေကို မသိဘဲ ဘယ်နေပါ့မလဲ။ ပိုင်ကျစ်ယွင်မှာ ထူးခြားတဲ့ပါရမီ ရှိတယ်ဆိုရင်တောင်မှ ချီကျင့်ကြံရေးအဆင့်ကနေ ကျင်းတန်းကျင့်ကြံရေးအဆင့် ရောက်ဖို့ သူ့အတွက် နှစ် ၁၀၀ လောက် အနည်းဆုံး အချိန်ယူရလိမ့်မယ်။

ဒါပေမဲ့ ရှန်းအာရဲ့ လက်ရှိကျန်းမာရေး အခြေအနေကိုကြည့်ရင် သူက ဆေးတွေအားလုံးကို သုံးလိုက်တယ်ဆိုရင်တောင် နှစ် ၅၀ ထက်ပိုပြီး နေနိုင်မှာ မဟုတ်ဘူး။

သူက အခုမှ ရှန်းအာနဲ့ တွေ့တာလေ။

သူ့မှာ သူ့ကို စောင့်ရှောက်ပေးဖို့ အချိန်တောင် မရှိလိုက်ဘူး။ သူကြီးပြင်းလာတာကို ကြည့်ဖို့လဲ အချိန်မရတော့ဘူး။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေ ဖြည်းဖြည်းချင်းတိုးတက် လာတာကိုလည်း မကြည့်ပေးနိုင်တော့ဘူး။

သူ့ ဘေးမှာ ရှိနေတဲ့ ကျန်းရှန်းကတော့ ဘာမှမပြောဘဲ ခေါင်းငုံ့ ထားတယ်။ သူ့ရဲ့ မဲနက်နေတဲ့ မျက်လုံးအိမ်တွေက ဒီအခိုက်မှာတော့ ထူးထူးခြားခြား ကြောက်ရွံ့လို့ နေတယ်။

ကျန်းရှန်းကတော့ လုံးဝ မအံ့သြပါဘူး။ သူဆီမှာ ဘာလျှို့ဝှက်ဆန်းကြယ်မှုမှ ဖြစ်မလာနိုင်ဘူးဆိုတာ အစောကြီးထဲက သိထားပြီးသားပါ။

သူ့ဘဝက အမှောင်ထုနဲ့ နာကျင်မှုကလွဲရင် ဘာမှမရှိဘူး။

အလင်းရောင် ပေါ်လာတယ် ဆိုရင်တောင်မှ သူ့ကို ပိုပြီးနက်တဲ့ ချောက်နက်တစ်ခုထဲ ပြုတ်ကျသွားအောင် လုပ်လိုက်တာပဲ ရှိလိမ့်မယ်။

အတိတ်မှာတုန်းက သူက နာကျင်ခံစား ခဲ့ရတယ် ဆိုရင်တောင် သူ့အသက်အတွက် မျှော်လင့်ချက် နည်းနည်းပါးပါးလေး ရှိသေးတယ်။ ဒါပေမဲ့ အခုတော့ ....

သူက နေရောင်အောက်မှာ ရပ်နေသည့်တိုင် မဟာအကြီးအကဲရဲ့သားဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို ပိုင်ဆိုင် ထားရသည့်တိုင် သူ့မှာ တစ်ချိန်လုံး အေးခဲနေတယ်လို့ ခံစားနေရဆဲပဲ။

ဟုတ်ပါတယ်။ အမှောင်ထုကပဲ သူနဲ့ ပိုပြီးတော့ သင့်တော်တာပါ။

အနက်ရောင်မြူခိုးတစ်ခုက သူ့ရဲ့ ခြောက်သွေ့ပြီသား သိစိတ်ပင်လယ်ထဲမှာ ပေါ်ပေါက်လာတာကို ဘယ်သူကမှ သတိမထားမိခဲ့ဘူး။

ဒီအချိန်မှာပဲ ကြည်လင်ပြီးတော့ အသက်ဝင်လှတဲ့ အသံတစ်ခုက အားလုံးရဲ့ နားထဲမှာ ထွက်ပေါ် လာခဲ့တယ်။

''အဆင့်ရှစ် ဟွားရှောင်ပန်း ဟုတ်လား''

စူးလီက သူမရဲ့ ကြီးမားလှတဲ့ သိုလှောင်အိတ်ထဲမှာ ဟိုရှာ ဒီရှာ လုပ်နေရင်းက ဝိညာဥ်ဆေးပင်တစ်ခုကို ဒီအတိုင်း ထုတ်လာခဲ့တယ်။

''ဒါကို ပြောတာလား''

သူမရဲ့ သိုလှောင်အိတ်ထဲက ဝိညာဥ်ဆေးပင်တွေနဲ့ အသီးတွေ အားလုံးထဲမှာမှ ဒီတစ်ခုကတော့ လုံးဝသဘောမကျမိတဲ့ ပစ္စည်းတစ်ခုပဲ။

...

All Chapters