← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အပိုင်း (၁၆)

အားလုံးက စူးလီကို အလန့်တကြား ကြည့်လိုက်ကြတယ်။

စူးလီက ဝိညာဥ်သစ်ပင်ကို လက်ထဲမှာ ဘာမှမဟုတ်သလို ကိုင်ထားတယ်။ လေပြည်လေးတစ်ခုက တိုက်ခတ်လာပြီး သူ့မရဲ့ လက်ထဲက ဝိညာဥ်သစ်ပင်လေးက ယိမ်းနွဲ့ လို့နေတယ်။

အဆင့်ရှစ် ဝိညာဥ်သစ်ပင်တစ်ပင်က သူ့မရဲ့ လက်ထဲမှာ လမ်းဘေးက မြက်လေးတစ်ပင်အဖြစ် ပြောင်းလဲသွားတော့တယ်။

''ဒါက တကယ်ပဲ အဆင့်ရှစ် ဟွားရှောင်ပန်းလား''

လုကျင်းဟွိုင်က ပထမဦးဆုံး တုံ့ပြန်လိုက်ပြီး စူးလီကို မယုံကြည်နိုင်သလို ကြည့်လိုက်တယ်။

အဆင့်ရှစ် ဟွားရှောင်ပန်းက မျိုးတုန်းသွားတာ နှစ်ပေါင်းရာချီ နေပြီ မဟုတ်လား။

ဒီငနဲက သာမန်ကျင့်ကြံသူတစ်ယောက် လုံးဝ မဟုတ်ဘူး။ သူက သူ့ချမ်းသာသမျှကို ပေးချင်သလို ပေးပစ်မဲ့... တော်ဝင်မိသားစုတချို့က သခင်လေးတစ်ယောက်ပဲ ဖြစ်လိမ့်မယ်။

သူက လွန်ခဲ့တဲ့ အမွှေးတိုင် တစ်တိုင်စာတုန်းက စူးလီကို နောက်ကွယ်က ရည်ရွယ်ချက်တွေရှိတဲ့ လူဆိုးတစ်ယောက်လို့ သတ်မှတ်ခဲ့မိတဲ့ အကြောင်းကို လုံးဝ မေ့သွားခဲ့တယ်။

ဒါပေမဲ့ အခုတော့ ပိုင်ကျစ်ယွင်မှာ ကံကြမ္မာမျက်နှာသာပေးတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး သူ့မှာ တကယ့်ကို ချမ်းသာလွန်းတဲ့ မိတ်ဆွေတစ်ယောက် ရှိနေတာပဲလို့ အော်ပြောချင် လိုက်မိတော့တယ်။

သိပ်မဝေးလှတဲ့ နေရာမှာ ရပ်နေတဲ့ မဟာအကြီးအကဲက စူးလီရဲ့လက်ထဲက အဆင့်ရှစ် ဟွားရှောင်ပန်းကို ငေးကြည့်နေတယ်။ ဒါက သူ့ရဲ့ အလွန်အကျွံ မျှော်လင့်ချက်ကြောင့် ထင်ယောင်ထင်မှား ဖြစ်နေမိတာလားလို့ စိုးရိမ်မိပြီး မျက်တောင်တောင် မခတ်ရဲရှာဘူး။

ခုနတုန်းကတော့ သူက ကြံရာမရဖြစ်ပြီး ဘာလုပ်ရမယ်မှန်း မသိပေမဲ့ နောက်တစ်စက္ကန့်မှာတော့ သူက တကယ်ကို ကံကောင်းတဲ့ လူတစ်ယောက် ဖြစ်လာတော့တယ်။

ဒါက တကယ့်ကို ကောင်းကင်ဘုံက ကောင်းချီး ပေးလိုက်တာပဲ။

စူးလီကို ကြည့်နေတဲ့ သူရဲ့အကြည့်က သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်တစ်ယောက်ကို ကြည့်နေသလို ဖြစ်နေပြီး သူ့ရဲ့ မျက်လုံးထဲမှာလည်း လေးစားမှုနဲ့ ပိတိဖြာနေတော့တယ်။

စူးလီက သူတို့ မျက်နှာပေါ်က အမူအရာတွေကို ဂရုမစိုက်လေဘူး။ သူမက သူမရဲ့ သိုလှောင်အိတ်ကို ရှင်းလင်းပစ်ဖို့ အစီအစဥ် ရှိနေပြီး သူမလက်ထဲက ဝိညာဥ်သစ်ပင်ကို ဂရုမစိုက်သလိုနဲ့ လှုပ်ခါ ပြနေတော့တယ်။

'' ရှင်လိုချင်တာ ဒါလား''

'' ဟုတ်တယ် ဟုတ်တယ် ဟုတ်ပါတယ်''

မဟာအကြီးအကဲက သူမရဲ့ လှုပ်ရှားမှုကို မြင်လိုက်ရတဲ့ အချိန်မှာ ဝိညာဥ်သစ်ပင်က ကျိုးပဲ့ သွားမှာစိုးလို့ သူ့မှာ ခြေနှစ်လှမ်း အလျင်စလို တိုးလာမိတော့တယ်။

ဒါက အဆင့်ရှစ် ဝိညာဥ်သစ်ပင်လေ။ ကျင့်ကြံရေးလောကမှာလည်း မျိုးသုဉ်းသွားပြီ ဖြစ်တယ်။

ဒါကိုသာရခဲ့ရင် သာမန်လူတစ်ယောက်က ဒီပစ္စည်းကို အထူးတလည် ပြုလုပ်ထားတဲ့ ကျောက်စိမ်းသေတ္တာထဲမှာ တလေးတစားနဲ့ သိမ်းထားပြီး ကိုးကွယ်နေသင့်တာ မဟုတ်လား။

စူးလီရဲ့ လက်ထဲ ရောက်သွားမှပဲ ဘာဖြစ်လို့များ အလကားပေးတဲ့ ဂေါ်ဖီထုပ်ကြီးတစ်ခုလို့ ထင်ရနေတာလဲ။

စူးလီကတော့ သူ စဥ်းစားနေတဲ့အရာကို မသိလေဘူး။ သူ့အဖြေကို ကြားလိုက်ပြီးတဲ့နောက်မှာ သူမက စဥ်းစားမနေဘဲ လက်ထဲက ဝိညာဥ်သစ်ပင် ကို ပစ်ပေးလိုက်တယ်။

''ရှင့်အတွက်''

မဟာအကြီးအကဲရဲ့ ပုံရိပ်က ရုတ်ခြည်း ဆိုသလိုနေရာမှာ ပျောက်ကွယ် သွားတယ်။ သူက လေထဲက ဝိညာဥ်သစ်ပင်ကို မြန်မြန် ဖမ်းဆုတ်လိုက်ပြီး ဝိညာဥ်ဆေးပင်တွေအတွက် အထူးတလည် လုပ်ထားတဲ့ ကျောက်စိမ်းသေတ္တာထဲမှာ သတိနဲ့ သေသေချာချာလေး သိမ်းထားလိုက်တယ်။

အားလုံးပြီးသွားတော့ သူက ခေါင်းမော့လိုက်ပြီး စိတ်လှုပ်ရှားကာ ကျေးဇူးတင်နေတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။

''ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း ခင်ဗျာ''

''ကျုပ်ဆီမှာ အဆင့်ခုနှစ် ဝိညာဥ်သစ်ပင်တွေနဲ့ အဆင့်ရှစ် မသေမျိုး မြက်ပင်တစ်ပင်၊ အဆင့်မြင့်မားတဲ့ ဆေးလုံးတွေ အများကြီး ရှိပါတယ်။ မင်းက....''

သူ့ စကား မဆုံးခင်မှာပဲ စူးလီက စိတ်မဝင်စားတဲ့ လေသံနဲ့ သူ့စကားကို ဖြတ်ပြောလိုက်တယ်။

''ကျွန်မမှာ အကုန်လုံးရှိပါတယ်''

ဒီအခိုက်မှာပဲ ကျန်းရှန်းက နောက်ဆုံးတော့ ခေါင်းမော့လာခဲ့တယ်။

သူက စူးလီကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေရင်း သူ့မျက်လုံးထဲက မည်းမှောင်နေတဲ့ စွမ်းအင်ထုကြီးက ပျောက်ကွယ်သွားခဲ့တယ်။

သူက လိုချင်တပ်မက်မှုဆန္ဒ တစ်စွန်းတစ်စမှ မရှိဘဲ အလွန်မှ ကြည်လင်နေတဲ့ စူးလီရဲ့မျက်လုံးကို ကြည့်လိုက်ပြီး ရုတ်တရက် ဆိုသလို နေရာမှာတင် အေးခဲသွားတော့တယ်။ အဲဒီ မျက်လုံးတွေက အရမ်းကို ဖြူစင်သန့်ရှင်းတာမလို့ သူ့မှာ နည်းနည်းလောက် သိမ်ငယ်မှုကို ခံစားလိုက်ရတယ်။

ကျန်းရှန်းက အဆင့်ရှစ် ဝိညာဥ်သစ်ပင်တစ်ပင်က ဘယ်လောက်ရှားပါးတယ် ဆိုတာကို သိတယ်။ ဒါကြောင့် သူက တွေဝေခြင်းမရှိဘဲ ဝိညာဥ်သစ်ပင်ကို ထုတ်ပေးလာတဲ့ စူးလီကို ပိုပြီးတော့တောင် ကျေးဇူးတင်မိတော့တယ်။

သူမကြောင့်သာ မဟုတ်ရင် သူ့ရဲ့ တစ်ဘဝလုံးကတော့ အသုံးမဝင်တဲ့ ခန္ဓာကိုယ်နဲ့ ဆက်ပြီး အသက်ရှင်နေရလောက်တယ်။ ဒါမှမဟုတ်ရင်လည်း ဒီထက် ပိုနက်တဲ့ ချောက်နက်ကြီး တစ်ခုထဲကို ပြုတ်ကျသွားလောက်တယ်။

သူက ဒီလို ကံကောင်းခြင်းမျိုးနဲ့ တစ်ခါမှ မကြုံခဲ့ရဖူးဘူး။ ဒါကြောင့် သူက ဘယ်လို တုံ့ပြန်ရမှန်း မသိအောင် ဖြစ်သွားတော့တယ်။

သူက နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားလိုက်ပြီး စကားကို တစ်လုံးချင်းစီ ကျိန်ကာ ပြောလိုက်တော့တယ်။

''အခုအချိန်ကစပြီး မင်း လိုချင်တာ မှန်သမျှကို ကျွန်တော်က အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ်''

စူးလီက သူရဲ့ ပြတ်သားပြီးတော့ ခေါင်းမာလွန်းတဲ့ အမူအရာကို ကြည့်လိုက်ပြီး ကျင့်ကြံရေးလောကထဲမှာ များပြားလှတဲ့ ယိုပေါက်တွေအကြောင်းကို စဥ်းစားလိုက်မိတော့ ဒီအတိုင်းပဲ ပြောလိုက်တော့တယ်။

''ငါက လောကကြီးကို ငြိမ်းချမ်းစေချင်တာ''

လုကျင်းဟွိုင်က အခိုက်တန့် မှင်တက် အံ့သြသွားပြီး နောက်တော့ ရုတ်တရက်ဆိုသလို တစ်ခုခုကို သဘောပေါက်သွားပြီး သူမျက်လုံးတွေက လေးစားသမှု အပြည့် ဖြစ်သွားတော့တယ်။

''တာအိုရောင်ရင်းက တကယ့်ကို မြင့်မြတ်တဲ့ အကျင့်စရိုက်ရှိတဲ့ လူတစ်ယောက်ပါပဲ''

ပြီးမြောက်ဖို့ရန် မဖြစ်နိုင်တဲ့ ဒီလိုတာဝန်မျိုးက စူးလီနဲ့ ကျန်းရှန်းတို့အတွက်တော့ ရယ်စရာတစ်ခု လိုပါပဲ။

ဘာတစ်ခုမှ ပြန်တောင်းဆိုခြင်း မရှိဘဲနဲ့ အဆင့်ရှစ် ဝိညာဥ်သစ်ပင် တစ်ခုကို ထုတ်ပေး လိုက်တယ်ဆိုတာက ရှားပါးတဲ့ အခြေနေတစ်ခုပါပဲ။

လုကျင်းဟွိုင်က ချီးကျူးစကား ပြောလို့ မဆုံးခင်မှာပဲ ကျန်းရှန်းက ပြတ်သားတဲ့ အမူအရာနဲ့ ပြန်ဖြေ လိုက်တော့တယ်။

''ကောင်းပါပြီ''

ဒီအချိန်မှာတော့ ဒုစရိုက်နွံထဲ ပြုတ်ကျလုနီးနီး ဖြစ်ခဲ့တဲ့ ကျန်းရှန်းက တရားမျှတမှုအတွက် မျိုးစေ့တစ်ခုကို စိုက်ပျိုးလိုက်ပြီး သူ့ ရင်ထဲမှာ ငြိမ်းချမ်းခြင်းကို မျှော်လင့်နေတော့တယ်။

စူးလီက သူ့ မျက်နှာပေါ်က အမူအရာကို ကြည့်လိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့တယ်။ ဒါပေမဲ့ သူမက ကျင့်ကြံရေးလောကထဲက မရေမတွက်နိုင်တဲ့ ယိုပေါက်တွေကို စဥ်းစားမိလိုက်တဲ့အချိန်မှာ သူမက လက်တွေ့နဲ့ ရင်ဆိုင်နေရသေးတယ်။

သူမက ဝတ်ကျေတန်းကျေပဲ အားပေးလိုက်တယ်။

''ဒါဆိုရင်လည်း ရှင် အကောင်းဆုံး ကြိုးစားပေးပါ''

ပိုင်ကျစ်ယွင်က စူးလီအပေါ်ထားတဲ့ ကျန်းရှန်းရဲ့ ရိုးသားဖြူစင်ပြီး အာရုံစူးစိုက်တဲ့အကြည့်ကို တွေ့လိုက်ရတယ်။ ရုတ်တရက် ဆိုသလို သူမရဲ့ စိတ်ထဲမှာ ခြိမ်းခြောက်ခံရသလို ဖြစ်သွားတော့တယ်။

ဧကန္တ ကျန်းရှန်းက သူမနဲ့ ယှဥ်ပြီး အကြီးနေရာကို ပြိုင်ချင်နေတာလား။

ဒီလို စဥ်းစားမိလိုက်တော့ သူမက ရှေ့ကို နှစ်လှမ်းတိုးလိုက်ပြီး အချိန်မှီ ကျန်းရှန်ရဲ့ ခန္ဒာကိုယ်ကို ကွယ်ထားလိုက်ပြီးတော့ ပိုပြီး မျက်နှာရလိုတဲ့ အရိပ်အယောင်နဲ့ ပြောလိုက်တယ်။

''ဂိုဏ်းတူအစ်မ ဒီနေ့ အချိန်အကြာကြီး အလုပ်များခဲ့တာ ဆိုတော့ ပင်ပန်းနေမှာ သေချာတယ်။ ကျွန်မတို့တွေ လော့ရှူးတောင်ထွတ်ကို ရောက်တဲ့ အချိန်ကျရင် ရှင့်အတွက် အစားအသောက်ကို ပြင်ဆင်ပေးမယ်နော်”

''နေ့တိုင်း စားနေကြ အစားအသောက်အတွက် အရသာပေါ့တာကို ကြိုက်သလား။ အရသာ လေးတာကို ကြိုက်သလား”

ဒီအချိန်မှာ သူမက ယှဥ်ပြိုင်လိုတဲ့ အမူအကျင့်တစ်ခုနဲ့ ကျန်းရှန်းကို လှမ်းကြည့်လိုက်ပြီး စူးလီရဲ့ အဖြေကို စောင့်မနေတော့ဘဲ သူမက ဆက်ပြောလိုက်တယ်။

''တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မက နှစ်မျိုးစလုံးကို လုပ်တတ်တယ်။ ဘယ်တစ်ခု ပိုကောင်းလဲဆိုတာကို အစ်မ ကြည့်လို့ရပါတယ်''

ကျန်းရှန်းက သူ့မရဲ့ ရန်လိုနေတဲ့ အပြုအမူကို လျစ်လျူရှုထားလိုက်ပြီး သူ့မရဲ့ စကားလုံးတွေထဲက စူးလီရဲ့ အကြိုက်တွေကို ဂရုတစိုက် လိုက်မှတ်ထားလိုက်တော့တယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ရဲ့ ဝိညာဥ်ရင်းမြစ်တွေကို ပြန်မပြင်ရသေးခင်မှာ အချိန်တချို့ ရသေးတယ်။

ဒီအချိန်ကို အသုံးချပြီး ဂိုဏ်းတူအစ်မဆီ သွားပြီး ချက်ပြုတ်နည်းတွေကို သင်လိုက်ရင် ကောင်းမယ်။

မဟာအကြီးအကဲကတော့ နောက်ဆုံးမှ ရှာတွေ့လိုက်ရတဲ့ သားဖြစ်သူက ဆေးပင်ကို စွန့်လွှတ်ပြီး စားဖိုမှူးတစ်ယောက်ဖြစ်ချင်တဲ့ဆန္ဒ ရှိနေမှန်း မသိလေဘူး။ သူ့ခမျာမှာတော့ စူးလီကို တလေးတစားနဲ့ ကြည့်နေမိလေတယ်။

လူတော်တော်များများက ဒီနေရာမှာ ရပ်နေပြီး ဝမ်းသာ ပျော်ရွှင်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို ဖန်တီးလို့နေတော့တယ်။

လော့ရှူးတောင်ထွတ်ရဲ့ လူအများစုက ဆရာ မရှိ တန်ဖိုးထားမခံရတဲ့ အတွင်းစည်းတပည့်တွေ ဖြစ်ကြတယ်။

တောင်ထွတ်ကို တာဝန်ယူပေးမဲ့ အစွမ်းထက်တဲ့ပုဂ္ဂိုလ် မရှိတာကြောင့် လော့ရှူးတောင်ထွတ်က တပည့်တွေက ဘယ်နေရာကိုပဲ သွားသွား ရွှင့်ချန်ဂိုဏ်းရဲ့ အောက်ဆုံးမှာပဲ ရှိနေခဲ့တယ်။ တစ်ကြိမ်မှာတော့ လော့ရှူး တောင်ထွတ်ကို တာဝန်ယူပေးမဲ့အကြီးအကဲ နောက်ဆုံး ပေါ်ထွက်လာတာကို သိလိုက်ရတော့ တောင်ထွတ်မှာ နေထိုင်ကြ တပည့်တွေအားလုံးက ဝမ်းသာ ပျော်ရွှင်နေကြပြီး လော့ရှူးတောင်ထွတ်တစ်ခုလုံးကို နေရာလပ်မကျန် အားသွန် ခွန်စိုက် သန့်ရှင်းရေးလုပ်နေ ကြတော့တယ်။

ဝိညာဥ်သစ်ပင်တွေကို ရေလောင်းပေးနေတဲ့ မင်ဖုန်းက သူ့ဘေးက လူကို သိုသိုသိပ်သိပ်နဲ့ စကားပြောလိုက်တယ်။

''ရှောင်းယွီ ငါတို့ လော့ရှူးတောင်ထွတ်ကို ရောက်လာတဲ့ အကြီးအကဲပိုင်က ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတာ မင်းသိလား''

''မင်းသိလားလို့''

ရှောင်းယွီက ဒီစကားကို ကြားလိုက်ရတဲ့ အချိန်မှာ ရုတ်ခြည်းဆိုသလို သတိဝင်သွားပြီး သူမဆီကို ကပ်သွားလိုက်တယ်။

''ငါကြားထားတာတော့ ဒီအကြီးအကဲပိုင်က အပြင်စည်းက သာမန်တပည့်တစ်ယောက် ထင်တာပဲ....''

''ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ''

မင်ဖုန်းက မစဥ်းစားတော့ဘဲ ပြန်ချေပလိုက်တယ်။

'' နင် မသိလို့နော်... အဲ့ဒီတုန်းက အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေ အားလုံးက အကြီးအကဲပိုင်ကို သူတို့ရဲ့နေရာမှာ လာနေဖို့ တောင်းပန်နေကြတာ''

''နောက်ပြီးတော့ အဲ့ဒီနေရာမှာ ရှိခဲ့ကြတဲ့ဂိုဏ်းတူအစ်ကိုတွေ ပြောတာကို ကြားလာရတာ.... အကြီးအကဲပိုင်ရဲ့ ပါရမီနဲ့ အရည်အချင်းက ကျင့်ကြံရေးတစ်လောကလုံးမှာ ဒုတိယလူ ဆိုတာ မရှိဘူးတဲ့''

သူက ဝံ့ဝံ့ကြွားကြွားနဲ့ ကြွားဝါပြီး ပြောဆိုလိုက်တယ်။

''အကြီးအကဲပိုင်က လော့ရှူးတောင်ထွတ်ရဲ့ တပည့်တစ်ယောက်ချင်းစီတိုင်းကို အဆင့်လေး ဝိညာဥ်သစ်ပင်တစ်ပင် လက်ဆောင် ပေးခဲ့သေးတယ်လို့လဲ ကြားထားတယ်''

'' လူတိုင်းက အဆင့်လေး ဝိညာဥ်သစ်ပင် ရလိုက်တယ် ဟုတ်လား''

ရှောင်းယွီက အားကျစိတ်နဲ့ မျက်လုံး အဝိုင်းသား ဖြစ်သွားတော့တယ်။ အတွင်းစည်းဂိုဏ်းရဲ့ အရေးမပါတဲ့တပည့်တွေဖြစ်တဲ့ သူတို့အတွက်ကတော့ အဆင့်သုံး ဝိညာဥ်သစ်ပင်ကတောင် တော်တော်လေး တန်ဖိုးကြီးနေပြီလေ။ အဆင့်လေး ဝိညာဥ်သစ်ပင် ဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး။

''အဲ့လိုမှန်း သိခဲ့ရင် ငါလည်း သွားလိုက်ပါတယ်''

''အကြီးအကဲပိုင် ရောက်လာတဲ့ အခါ ငါတို့က အလိုက်တသိနဲ့ တောင်ထွတ်အတွင်းက တာဝန်တွေကို ပြီးမြောက်အောင် လုပ်ပြီး ကောင်းကောင်း ကျင့်ကြံရင်တော့ ငါတို့တွေလည်း သေချာပေါက် ဆုလာဘ် ရမှာပါ”

မင်ဖုန်းက လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဝိညာဥ် သစ်ပင်တွေကို ရေလောင်းပေးနေတဲ့ သူရဲ့ ဝိညာဥ်စွမ်းအင်တွေကို ပိုပြီးတော့ အားထည့်ထားလိုက်တယ်။

သူက စိတ်လှုပ်ရှားစွာနဲ့ စကားပြောလိုက်တယ်။ ဒါပေမဲ့ သိပ်မဝေးလှတဲ့ နေရာက ဝိညာဥ်သစ်ပင်တွေကို ခူးဖို့ ပြင်နေတဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရတဲ့ အချိန်မှာ သူမျက်နှာက ရုတ်ခြည်းဆိုသလို အေးစက်သွားပြီး သူ့အသံကလည်း ရွံ့ရှာ အထင်သေးတဲ့ပုံ ဖြစ်သွားတော့တယ်။

'' လော့ရှူးတောင်ထွတ်က နှစ်ပေါင်းများစွာ အခုလို့ အောက်ဆုံးမှာ ရောက်နေတယ် ဆိုတာကလည်း သူရဲ့ ဂိုဏ်းတူတပည့်တွေကို ဒုက္ခပေးတတ်တဲ့ ဆန်ကုန်မြေလေးတစ်ယောက် ရှိနေလို့လေ''

ရှောင်းယွီကလည်း သူမရဲ့ တည်ရှိမှုကို သတိထားမိသွားပြီး အထင်သေးရွံ့ရှာတဲ့ပုံနဲ့ မျက်မှောင်ကြုတ် လိုက်တယ်။

''ငါလည်း သူက ကိုယ့်ဟာကို ထိန်းထိန်းသိမ်းသိမ်းနေပြီး အကြီးအကဲပိုင်က လော့ရှူးတောင်ထွတ်ကို အဆိုးမြင်သွားအောင် လုပ်လိုက်တာမျိုး မဖြစ်ဖို့ မျှော်လင့်မိတယ်''

''ငါသာ သူ့နေရာမှာသာဆိုရင် ဂိုဏ်းထဲမှာ ဆက်နေဖို့ မျက်နှာတောင် ရှိတော့မှာ မဟုတ်ဘူး''

''သူက ဒီလိုအရာမျိုး လုပ်နိုင်ခဲ့မယ်ဆိုရင် မျက်နှာပြောင်မယ်လို့ နင် ထင်လား''

သိပ်မဝေးလှတဲ့နေရာက ကျောက်လင်းယွမ်က သူတို့ ပြောတဲ့စကားအားလုံးကို သေသေချာချာ ကြားလိုက်ရပေမဲ့ သူ့ရဲ့မျက်နှာ ပေါ်မှာတော့ ဘာအမူအရာမှ မရှိနေဘူး။ သူမက လက်ထဲက အလုပ်ကိုပဲ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပြီးအောင် ဆက်လုပ်နေလိုက်တယ်။

သူမက ခုနှစ်နှစ်လောက် အဖယ်ကျဥ်ခံရပြီး မုန်းတီးခံရတဲ့ ဒီလိုဘဝမျိုးမှာ နေလာခဲ့တာဆိုတော့ နေသားကျနေပါပြီ။

ဒါပေမဲ့ လူအများကြီးဆီက စွပ်စွဲသံတွေ ပြစ်တင်သံတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အခိုက်တန့်တော့ စိတ်ဓာတ်ကျမိ နေသေးတယ်။

သူမရဲ့ ဂိုဏ်းတူအစ်မကို သတ်ခဲ့တာ တကယ်ပဲ သူမ မလို့လား။

ဒါပေမဲ့ နောက်တစ်စက္ကန့် မှာတော့ သူမက သတိပြန်ဝင် လာခဲ့တယ်။

သူမက သူမရဲ့ ဂိုဏ်းတူတပည့်တွေကို အနာတရ ဖြစ်အောင် တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။

''ကြည့်စမ်း... အဲ့ဒါက ဂိုဏ်းချုပ်ရဲ့ လော့ကျင်းလှေပဲ ''

တပည့်တစ်ယောက်က မျိုသိပ်ထားတဲ့ ဝမ်းသာမှု တစ်ခုနဲ့ အော်ပြော လိုက်တယ်။

''အကြီးအကဲပိုင်လည်း ဒီပေါ်မှာ ပါလာတယ်''

ကျောက်လင်းယွမ်က ခေါင်းကိုမော့လိုက်ပြီး တောင်ထိပ်ဆီကို ပျံသန်းသွားတဲ့ လော့ကျင်းလှေကို တိတ်တိတ်လေး ငေးကြည့်နေမိတယ်။

အကြီးအကဲတစ်ယောက်က လော့ရှူး တောင်ထွတ်ကို ရောက်လာတယ် ဆိုရင်တောင် သူမကို မုန်းမဲ့ နောက်ထပ်အစွမ်းရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရောက်လာတာပဲ ဖြစ်လိမ့်မယ်။

သူမမှာ.... ဒီလို အနာဂတ်မျိုးပဲ ရှိတော့တာလား။

လော့ရှူးတောင်ထွတ်ရဲ့ ပင်မ ခန်းမထဲမှာ _

အဓိကထိုင်ခုံမှာ ထိုင်နေတဲ့ ပိုင်ကျစ်ယွင်က သူမက ရွှင့်ချန်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် တကယ်ဖြစ်လာပြီး တောင်ထွတ် တစ်ခုရဲ့ သခင် ဖြစ်လာတယ်ဆိုတဲ့ အကြောင်းကို ရုတ်တရက် သဘောပေါက် သွားတော့တယ်။

ဒါပေမဲ့ သူမက တကယ်ပဲ ထိုက်တန်ရဲ့လား။

သူမက ဝိညာဥ်သစ်ပင်တွေနဲ့ ပတ်သတ်ပြီး ဗဟုသုတ နည်းနည်းပါးပါးပဲ ရှိခဲ့တာ။ ဒါပေမဲ့ သူမ လုပ်နိုင်တာက....

ဒါပေမဲ့ သူမ ဘေးမှာ အေးအေးဆေးဆေး ထိုင်နေတဲ့စူးလီကို မြင်လိုက်ရတဲ့အခါမှာ သူမရဲ့ နှလုံးသားကလည်း ရုတ်တရက် အေးချမ်း သွားခဲ့တယ်။

ဂိုဏ်းတူအစ်မက သူမ လုပ်နိုင်တယ်လို့ ထင်တယ်ဆိုရင် ဒါက သူမ သေချာပေါက် လုပ်နိုင်လို့ပဲ ဖြစ်ရမယ်။

ဒီအပြင် သူမမှာ လုံလောက်တဲ့ မြင့်မားတဲ့ရာထူးတစ်ခု ရှိမှသာလျှင် ဂိုဏ်းတူအစ်မကို လော့ရှူးတောင်ထွတ်မှာ အေးအေးဆေးဆေးနဲ့ နေနိုင်အောင် လုပ်ပေးနိုင်ပြီး ဂိုဏ်းတူအစ်မ စားဖို့အတွက် အစားအသောက်တွေကိုလည်း လုံလုံလောက်လောက် ပြင်ဆင်ပေးနိုင်လိမ့်မယ်။

ဒီလို တွေးကြည့်လိုက်တော့ သူမရဲ့ မျက်လုံးတွေက ပိုပြီးတော့ ပြတ်သား လာခဲ့တယ်။ ဒီနေ့ သူမ ပြန်သွားရင် လေ့ကျင့်ရလိမ့်မယ်။ သူမကို အကြီးအကဲ ရာထူးကနေ ဘယ်သူ့ကို ဆွဲချဖို့အခွင့်အရေး မပေးနိုင်ဘူး။

လုကျင်းဟွိုင်က ဘေးမှာ ထိုင်နေရင်းက ခန်းမထဲက အဆင့်မြင့်မြင့် အပြင်အဆင်တွေကို ကြည့်ပြီး စိတ်ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။

သူကနေပြီးတော့ သူ့တပည့်တွေကို ကြိုတင်ပြင်ဆင် ခိုင်းထားခဲ့တာ တန်သွားပြီ။ ဒီအချိန်မှာပဲ ရွှင့်ချန်ဂိုဏ်းရဲ့ အဆင့်မြင့်ကျင့်ကြံသူတွေက ပိုင်ကျစ်ယွင်ဟာ လော့ရှူးတောင်ထွတ်ကို ပြောင်းသွားပြီဆိုတဲ့ သတင်းကို လက်ခံ ရရှိခဲ့တယ်။ သူတို့ အားလုံးကလည်း မိသားစုတွေနဲ့ အတူ သူမကို ဂုဏ်ပြုပေးဖို့ ရောက်လာကြတော့တယ်။

တချို့က သူတို့ရဲ့ တပည့်အရင်းကို ခေါ်လာခဲ့ကြပြီး တချို့က သားအရင်း မြေးအရင်း တူအရင်း စတာတွေကို ခေါ်လာပြီး ပိုင်ကျစ်ယွင်က သူတို့ အပေါ် အကောင်းမြင်လာအောင် အကောင်းဆုံး ကြိုးစား နေကြတော့တယ်။

လျန်ချန်းကျုံ့ ခေါ်လာတဲ့ လူတွေကပဲ ထူးထူးခြားခြား ကွဲပြားနေတယ်။

လျန်ချန်းကျုံ့က သူ့လက်ထဲမှာ တပည့်တစ်ယောက်ကို ဆွဲထားတယ်။ တပည့်ဖြစ်သူက ဖယိုဖရဲဆံပင်တွေနဲ့ မျက်နှာကလည်း ဖြူဆုတ်နေတယ်။ သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာ သိသာတယ်။

လူအများစုက ဇဝေဇဝါနဲ့ သူ့ကို ကြည့်လိုက်ကြပြီး သူ ဘာဖြစ်ချင်နေတာလဲလို့ စဥ်းစားနေကြတော့တယ်။

လျန်ချန်းကျုံ့ က ချီယွီကို လှမ်းကြည့်လိုက်ပြီး သူ့စိတ်ထဲမှာတော့ သူ့ကို အကြိမ်တစ်ရာ တစ်ထောင်မက ကျိန်ဆဲပြီး ဖြစ်နေတယ်။

ချီယွီကသာ သူ့ကို ပိုင်ကျစ်ယွင်ရဲ့ အရည်အချင်းတွေအကြောင်း စောစောစီးစီး ပြောပြခဲ့ရင် သူမက အစောကြီးကတည်းက သူ့တပည့် ဖြစ်နေပြီး လောက်ပြီ။ အခုချိန်မှာ ပိုင်ကျစ်ယွင်မှာ ရှိသမျှ အရာအားလုံးကိုလည်း သူက ပိုပြီးတော့ ပိုင်ဆိုင် ရနေလောက်ပြီ။

ချီယွီက သူ့ကို မပြောပြတဲ့အပြင် ပိုင်ကျစ်ယွင်ကို ဆက်ပြီးတော့ အပြစ်မပြုလုပ်နိုင်တဲ့ အခြေအနေအထိ ရောက်အောင် အမျိုးမျိုး လုပ်ခဲ့တယ်။

ဒါတောင်မှ ချီယွီက သူ့ကို ချမ်းသာပေးဖို့ တောင်းပန်ရဲသေးတယ်တဲ့လေ။ သူက ပိုင်ကျစ်ယွင်ကို ဆက်ပြီး ထိန်ချုပ်ထားနိုင်တယ် ဆိုပြီးတော့လေ။

သူက ပိုင်ကျစ်ယွင်ရဲ့ လက်ရှိ အဆင့်အတန်းကိုတောင်မှ မကြည့်နိုင်တော့ဘူး။ ချီယွီကသာ ပိုင်ကျစ်ယွင်ကို ထိန်းချုပ်နိုင်တဲ့အကြောင်း တစ်ခွန်းလောက် ပြောရဲလိုက်တာနဲ့ ဂိုဏ်းချုပ်ကြီးက သူတို့ရဲ့ ပြာတွေကို အတူတူ ကြဲပေးလိမ့်မယ်။

ဒီအကြောင်းကို စဥ်းစားမိလိုက်တော့ သူက မျက်နှာပေါ်က အမူအရာကို ဂရုတစိုက် ပြုပြင်လိုက်ပြီး မြှောက်ပင့်တဲ့ စကားတစ်ခွန်းကို ပြောလိုက်တော့တယ်။

''အကြီးအကဲပိုင် ဒီဆိုးယုတ်တဲ့သတ္တဝါကြောင့် ကျုပ်က မင်းကို ဒီမှာ လာပြီးတော့ တောင်းပန်ရတာပါ''

''ကျုပ်က ကျုပ်ရဲ့ တပည့်ကို ကောင်းကောင်း မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ သူက အကြီးအကဲကို ကွယ်ရာမှာ မတရားမှုတွေ အများအပြား လုပ်ခဲ့တယ် ဆိုတာကို ကျုပ် မသိခဲ့ရဘူး''

သူက ချီယွီကို အတင်းဖိချထားလိုက်ပြီး မြေကြီးပေါ်မှာ ဒူးထောက်ခိုင်းလိုက်တော့တယ်။

“ကျုပ်သူ့ကို ဒီနေရာကို ခေါ်လာပြီးတော့ အကြီးအကဲရဲ့ ဆန္ဒအတိုင်း ဖြေရှင်းခွင့် ပြုပါတယ်”

ပိုင်ကျစ်ယွင်က အဓိကထိုင်ခုံမှာ ထိုင်နေရင်းက အောက်မှာရှိတဲ့ သနားစရာ အခြေအနေဖြစ်နေတဲ့ ချီယွီကို ကြည့်လိုက်ပြီး သူမရဲ့ ရင်ထဲမှာ ထင်မှတ်မထားလောက်အောင် တည်ငြိမ်နေတာကို ခံစားလိုက်ရတယ်။ တစ်ချိန်တုန်းကတော့ ချီယွီက သူမရှေ့က ကျော်လွှားလို့မရတဲ့ တောင်တစ်လုံးလို ဖြစ်နေပြီး သူမကို သူ့ကိုပဲ ကြည့်နေဖို့ ဖိအားပေးနေခဲ့တယ်။

ဒါပေမဲ့ အခုတော့ သူက အဲဒီနေရာမှာ ဒူးထောက်နေလိုက်တာ ဖုန်မှုန့်တစ်မှုန့်လေး လိုပါပဲ။ သေးငယ်လွန်းလို့မှ သူမမှာ ကြောက်ရွံ့စိတ်နည်းနည်းလေးကိုမှ မခံစားရတော့ဘူး။

သူမက ချီယွီကို ဆက်မကြည့်တော့ပဲ စူးလီကို လေးနက်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပြီး သူမရဲ့ ကျေးဇူးတရားကို ဘယ်လိုဖော်ပြ ရမယ်မှန်း မသိအောင် ဖြစ်သွားတော့တယ်။

ဂိုဏ်းတူအစ်မသာ မရှိခဲ့ရင် သူမဟာ ချီယီရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေလောက် ပြီးတော့ သူမရဲ့ ဘဝကိုလည်း ကိုယ်ပိုင်ဘဝတစ်ခုလို ကုန်ဆုံးရမှာ မဟုတ်ဘဲ သူ့မရဲ့ လက်ရှိအခြေအနေကိုတောင် ရောက်နိုင်မှာ မဟုတ်ဘူး။

ပိုင်ကျစ်ယွင်က မျက်တောင်ခတ်လိုက်ပြီး အနည်းငယ် ချီတုံချတုံ ဖြစ်သွားတယ်။ ဂိုဏ်းတူအစ်မအတွက် ဟင်းပွဲ ဆယ်ပွဲ လောက်ဆိုရင် လုံလောက်မလား။ ဒါမှမဟုတ် မုန့်နဲ့ လက်ဖက်ရည်ကော ထပ်လုပ်ပေးလိုက်ရမလား။

လျန်ချန်းကျုံ့က ပိုင်ကျစ်ယွင်ရဲ့ အဖြေကို မကြားလိုက်ရတာကြောင့် အလွန်မှ ကြောက်လန့်သွားပြီး သူ့ရဲ့ ကျောပြင်မှာ ချွေးအေးတွေနဲ့ ရွဲစိုလို့ သွားခဲ့တယ်။

သူက ပိုင်ကျစ်ယွင်ရဲ့ ခွင့်လွှတ်မှုကို ရရှိအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ စဥ်းစားနေတုန်းမှာပဲ စိုးရိမ်မှုအပြည့်နဲ့ အသံတစ်ခုက သူ့နောက်ကနေပြီး ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။

''အစ်ကိုချီယွီ ဘယ်လိုဖြစ်ပြီး ဒီလောက် ဆိုးဆိုးရွားရွား ဒဏ်ရာ ရခဲ့တာလဲ''

ဖူထျန်းကျွင်းက ခန်းမထဲကို ဝင်လာတာနဲ့ ချက်ချင်း မြေကြီးမှာ ဒူးထောက်နေတဲ့ ချီယွီကို တွေ့လိုက်တယ်။ သူမက အဖေဖြစ်သူရဲ့ မှာကြားချက်ကို လျစ်လျူရှု ထားလိုက်ပြီး သူ့ဘေးကို မြန်မြန် လျှောက်သွားလိူက်တယ်။

သူမက ချီယွီကို ဖိချထားတဲ့ လျန်ချန်းကျုံ့ ကို ကြည့်လိုက်ပြီး နောက်မှာတော့ ချီယွီ ဒူးထောက်နေတဲ့ နေရာကို ကြည့်လိုက်ပြီး ပိုင်ကျစ်ယွင်ကို ဒေါသတကြီး မေးလိုက်တယ်။

''ရှင် ဘာလုပ်တာလဲ။ ဘာဖြစ်လို့ အစ်ကိုချီယွီကို ဒီလို ထိခိုက်ဒဏ်ရာ ရအောင် လုပ်လိုက်တာလဲ''

''ကျွင်းအာ အဲလောက်ထိ မထောင်လွှားနဲ့စမ်း ''

ဖူထျန်းကျွင်းရဲ့ စကားကို ကြားလိုက်ရပြီးတဲ့ နောက်မှာ ဟွားဖူတောင်ထွတ်သခင်က ရှေ့ကို မြန်မြန် တက်လာပြီး ဆူပူလိုက်တယ်။

''အကြီးအကဲပိုင်ကို မြန်မြန် တောင်းပန်လိုက်စမ်း''

ဖူထျန်းကျွင်းက ဒဏ်ရာရနေတဲ့ ချီယွီကို ကြည့်လိုက်ပြီး စိတ်မကောင်း ဖြစ်သွားတော့တယ်။ သူ့စကားကို ကြားလိုက်ရပြီတဲ့ နောက်မှာတော့ သူမက ဒေါသတကြီး ပြန်မေးလိုက်တယ်။

''အဖေ အစ်ကိုချီယွီက ဒီလိုဒဏ်ရာ ရနေတာလေ။ အဖေက သူ့ကို ထိခိုက်အောင်လုပ်တဲ့လူကို သမီးကို တောင်းပန်ခိုင်းချင်တာလား''

ဒီအခိုက်မှာပဲ ခန်းမထဲက ပွဲကြီးတစ်ခုကို စောင့်ကြည့်နေပြီး နဂိုက ပျင်းရိငြီးငွေ့ လွန်းလို့ အိပ်ပျော်တော့မတတ်ဖြစ်နေတဲ့ စူးလီက ရုတ်တရက် ဆိုသလို တက်ကြွလာခဲ့တယ်။

[ဖူထျန်းကျွင်း ဒီနာမည်ကို အရမ်း ရင်းနှီးတယ်]

သူမက ဝမ်းသာအားရနဲ့ ကောင်းကင် စာအုပ်ထဲက စာတွေကို ဖတ်လိုက်တယ်။

[ဟုတ်တာပေါ့၊ ချီယွီရဲ့ လှေရှစ်ခုထဲက တစ်ခုလေ]

[အဟမ်း___ လူအများကြီးနဲ့ တွဲချိတ်ဖို့ရာအတွက် ချီယွီ သုံးနေတဲ့ ဝိညာဥ်ကျောက်တုံးတွေက သူမဆီက လာတာကိုး]

[တကယ့်ကို ထိပ်တန်း သွေးစုပ်ဖုတ်ကောင် တစ်ကောင်ပဲဟဲ့]

ဖူးထျန်းကျွင်းရဲ့ မျက်နှာပေါ်က နာကျင်မှုတွေက ရုတ်ခြည်း ဆိုသလို အေးခဲ သွားလေတော့တယ်။

...

All Chapters