အခန်း ၁၇
Vol. 2 Ch. 17
အပိုင်း (၁၇)
ဖူးထျန်းကျွင်းရဲ့ အသံကို ကြားလိုက်ရပြီးနောက်မှာတော့ မျှော်လင့်ချက်ကို လက်လျှော့ထားတဲ့ ချီယွီက ရုတ်တရက် ခေါင်းထောင်လာခဲ့တယ်။ အခုတော့ သူ ချမ်းသာရာရပြီ။
ဖူးထျန်းကျွင်းက ဟွာဖူတောင်ထွတ်သခင်ရဲ့ တစ်ဦးတည်းသောသမီးလေ။ ဒီတော့ ပိုင်ကျစ်ယွင်က ဧည့်အကြီးအကဲတစ်ယောက် ဖြစ်နေလဲ ဘာအရေးလဲ။ သူက ဟွာဖူတောင်ထွတ်နဲ့ ရန်သူလုပ်ရဲလို့လား။
ဒီလိုစဥ်းစားလိုက်တော့ သူက ပိုပြီးတက်ကြွလာခဲ့တယ်။
သူက လျန်ချန်းကျုံ့ရဲ့ ထိန်းချုပ်ခံထားရပြီး အသံမထွက်နိုင်ပေမဲ့ သူရဲ့ချစ်မြတ်နိုးဖို့ကောင်းတဲ့ မျက်လုံးတွေကိုတော့ တားဆီးမထားနိုင်ခဲ့ဘူး။
ဘယ်ကလာမှန်းမသိတဲ့ အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဖူးထျန်းကျွင်းက သူမရဲ့ခေါင်းကို အမှတ်တမဲ့လှည့်အကြည့်မှာ ချီယွီကို တွေ့လိုက်ရတယ်။ မှတ်တောင်မမှတ်မိနိုင်တော့လောက်အောင် နီရဲပြီးယောင်ရမ်းနေတဲ့ ချီယွီရဲ့မျက်နှာနဲ့ သူရဲ့အနည်းငယ် စိုစွတ်နေတဲ့မျက်ဝန်းတွေကို ကြည့်လိုက်မိချိန်မှာတော့ သူမက အသက်ရှုရပ်သွားသလို ခံစားလိုက်ရတော့တယ်။
ဒါပေမဲ့ သူမက ချက်ချင်းသတိပြန်ထားလိုက်ပြီး သူမရဲ့စိတ်ထဲက မသက်မသာခံစားချက်ကို မျိုသိပ်ထားလိုက်ပြီး ကိုယ့်ဟာကို ပြန်နားချလိုက်တယ်။ ချီယွီက ဘယ်လိုလုပ်ပြီး သူမကို သစ္စာဖောက်ရက်မှာလဲ။
သူက သူမကိုချစ်လွန်းလို့မှ သူမကိုအကာအကွယ်ပေးဖို့ အဆင့်ငါးမြွေ ကိုက်ခံခဲ့တာလေ။ သူ့ရဲ့ကျင်ကြံရေးအဆင့်တောင်မှ ဆုတ်ယုတ်သွားခဲ့တာ သူမရဲ့အမှတ်တမဲ့ စကားကြောင့်ပဲ သူက သူမကြိုက်နှစ်သက်တဲ့ မြင့်မြတ်ကြာပန်းပုံကို ကိုယ်တိုင်ထွင်းထုပြီးတော့ သူ့ရဲ့လက်ပေါ်မှာတောင် အမာရွတ် ချန်ထားခဲ့သေးတာပဲ...
ဟုတ်တယ်။ ချီယွီက အဲ့ဒီလိုလူ လုံးဝ မဖြစ်နိုင်ဘူး။
ဒီလိုစဥ်းစားလိုက်ပြီးတော့ ဖူးထျန်းကျွင်းက ခေါင်းမော့လိုက်ပြီး အထက်စီးဆန်ဆန် အမူအရာတစ်ခုနဲ့ လျန်ချန်းကျုံ့ကို ပြောလိုက်တယ်။
''ရှင် အစ်ကိုချီယွီကို လွှတ်ပေးလိုက်တော့''
''ကျွန်မ သူ့ကိုယုံတယ် သူ အဲလိုလုပ်မှာ မဟုတ်...''
သူမ စကားမဆုံးခင်မှာပဲ ကောင်းကင်ကလာတဲ့အသံတစ်ခုက ဖြတ်ပြောလိုက်တယ်။
[ဖူးထျန်းကျွင်းက ဘာဖြစ်လို့များ ဒီလောက်စွဲလမ်းနေတဲ့ ပုံစံဖြစ်နေတာလဲလို့ စဥ်းစားနေတာ ချီယွီရဲ့ ကိုယ့်ဟာကိုဒုက္ခခံပြီး သူရဲကောင်းလုပ်ပြီး မိန်းမလှလေးကို ကယ်တင်ပေးတဲ့ အပြုအမူကြောင့် သူမက ရင်ထဲထိသွားတာကိုး]
[အဲ့ဒီအဆင့်ငါးမြွေက ချီယွီ ဂရုတစိုက်ပြင်ဆင်ထားတဲ့မြွေဆိုတာ ဖူးထျန်းကျွင်းတစ်ယောက်များ သိလို့ကတော့ သူ့ရဲ့မျက်နှာက ဘယ်လိုဖြစ်နေမလဲ မသိဘူး ]
ဖူးထျန်းကျွင်းက ရုတ်တရက်ဆိုသလို နေရာမှာတင် အေးခဲသွားတယ်။ သူမရဲ့မျက်နှာပေါ်က ခံစားချက်နဲ့ ယုံကြည်ထားတဲ့ အမူအရာတစ်ခုကိုတော့ သူမက အချိန်မှီမဖုံးကွယ်နိုင်ခဲ့ဘူး။
အပြင်လောကရဲ့တိုက်ခိုက်မှုက ဆက်ပြီးတော့ ဖြစ်နေတုန်းပဲ။
[အဟဲ... ကြည့်အုံးမယ် ချီယွီက သူ့သူငယ်ချင်း ကျောက်လျန်နဲ့လည်းပဲ တကယ်တော့ ပွေရှုပ်နေသေးတာ မရှင်းမရှင်းနဲ့တဲ့]
[သူတို့နှစ်ယောက်တွေ့လိုက်ရင် သူတို့အများဆုံးပြောတဲ့စကားက တကယ်ကျတော့ ဖူးထျန်းကျွင်းရဲ့ မကောင်းကြောင်းတွေ ဖြစ်နေတာတဲ့လား]
ဖူးထျန်းကျွင်းက သူမရဲ့လက်ကို တင်းနေအောင်ဆုတ်ထားလိုက်ပြီး အံကြိတ်ထားလိုက်ကာ ချီယွီကို ကြည့်နေတဲ့ အကြည့်ကလည်း အရင်လို ချစ်ခင်ဖွယ်အကြည့် မဟုတ်တော့ဘဲ အဲ့ဒီအစား သူ့ကို အသေရိုက်ပုတ်ချင်တဲ့ ဒေါသတွေအပြည့် ဖြစ်နေတော့တယ်။
မြွေနဲ့တိုက်ခိုက်ခံရအောင် အစီအစဥ်ချခဲ့တဲ့သူက သူ ဖြစ်နေတာကိုး။
ကျောက်လျန်က ဟွာဖူတောင်ထွတ်မှာ သူမရဲ့တစ်ဦးတည်းသော သူငယ်ချင်းကောင်းလေ။ သူမက အဖေဆီကရတဲ့ ဝိညာဥ်အဆောင်ဆေးလုံးကို ရလာတဲ့အချိန်တိုင်း သူမကို အမြဲတမ်း တစ်ပုံတော့ ပေးတတ်တယ်။ သူမလုံးဝ မထင်ထားခဲ့တာက...
သူမက ချီယွီအကြောင်း သူမကို ပြောလိုက်တဲ့အချိန်တိုင်း အကြည့်လွှဲသွားသလို ခံစားနေရတာ ထူးဆန်းတယ်လို့ထင်နေတာ။ နောက်ပြီး သူမက ချီယွီကိုလည်းဆက်ပြီး ချစ်ခင်ပေးဖို့တောင် ပြောနေတာ မဆန်းတော့ဘူး။
သူမက ဒီလူနှစ်ယောက်ကို အကောင်းဆုံးသူငယ်ချင်း၊ ဘဝမှာအကောင်းဆုံးချစ်သူလို့ သတ်မှတ်ထားခဲ့တာ သူမက တကယ့်ကို မျက်ကန်းတစ်ယောက်ဖြစ်ခဲ့တာပဲ။
ဖူးထျန်းကျွင်းက ချီယွီကို အေးတိအေးစက်မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး သူ့အနေနဲ့သူမကို ပြန်ပေးဆပ်သင့်တဲ့ တန်ဖိုးကို တွက်ချက်လိုက်ပြီးမှ သူမက တည်ငြိမ်သွားခဲ့တယ်။
သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ပိုင်ရှို့တောင်ထွတ်သခင်ကလည်း သက်ပြင်းချကာ ခေါင်းခါလိုက်တယ်။ သမီးတစ်ယောက်ကို သင်ကြားရတဲ့အချိန်မှာ သူ့ကိုလိုအပ်တဲ့ပစ္စည်းတွေ ရတနာတွေ ပေးရုံ၊ သူမရဲ့ကျင့်ကြံရေးအဆင့်မြင့်ရုံနဲ့ လွှတ်ထားလို့ဘယ်ဖြစ်မလဲ။
ဟုတ်တာပေါ့ ငါတို့တွေ သူ့ကို ကောင်းကောင်းသင်ကြားပေးရမယ်။ သူ့ကိုဘဝရဲ့ အခြေခံစည်းမျဥ်းတွေအကြောင်း သင်ကြားပေးပြီး တခြားသူအပေါ် နှိမ့်နှိမ့်ချချ ယဥ်ယဥ်ကျေးကျေးနဲ့ သနားတတ်အောင်လည်း သင်ကြားပေးရမယ်။ သူက သူရဲ့ မိဘအနေနဲ့ စောင့်ရှောက်တဲ့နည်းလမ်းကို ဂုဏ်ယူဝင့်ကြွားနေတုန်းရှိသေး ကောင်းကင်ကအသံက တဖန်မြည်လာတော့တယ်။
[ဟဲ့.... ချီယွီက အဲ့မြွေနဲ့ မြွေနိုင်ဆေးကို တခြားလူဆီက ရခဲ့တာပဲ။ သူက ဝိညာဥ်ကျောက်တုံး တစ်တုံးလေးတောင် မသုံးလိုက်ရဘူး]
[ကြည့်လိုက်ပါအုံးမယ် တကယ့်လူဆိုးက... ပိုင်ရှို့ထောင်ထွတ်သခင်ရဲ့သမီး ယွင်ရှောင်လန်တဲ့]
ပိုင်ရှို့တောင်ထွတ်သခင်: ဘာရယ်
သူ့သမီးကလည်းပဲ ဒီလူဆိုးကောင်ရဲ့ လှည့်စားတာ ခံလိုက်ရတယ် ဟုတ်လား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက လျန်အာကို ကောင်းကောင်းမွန်မွန် ပျိုးထောင်ခဲ့တာပဲ။
စူးလီက ကောင်းကင်စာအုပ်ကို အထင်သေးတဲ့ပုံစံနဲ့ ကြည့်လိုက်ပြီး သူမရဲ့အသံထဲမှာလည်း အထင်သေးတဲ့အရိပ်အယောင်အပြည့် ဖြစ်နေတော့တယ်။
[ကျင့်ကြံရေးလောကထဲမှာ သူ့တိုရဲ့ ကလေးတွေကို သင်ကြားပေးတဲ့နေရာမှာ ဖိအားပေးပြီးသုံးတဲ့နည်းကို သုံးတဲ့ မိဘတွေ တကယ်ရှိနေတာပဲ။ ကလေးတွေက ဘာပဲလုပ်လုပ် သူတို့ရဲ့ ပထမဦးဆုံး တုံ့ပြန်တဲ့အရာက ကလေးတွေကို ပြသာနာရှာဖို့ပဲ]
[ယွင်ရှောင်လန်က ဘာပဲလုပ်လုပ်၊ သူမက ဘယ်လိုပဲ ကောင်းအောင်လုပ်လုပ် ဘယ်တော့မှ အသိမှတ်ပြုခံရတာ ချီးမွမ်းခံရတာမျိုး မရှိခဲ့ဘူး]
[ချီယွီက သူမရဲ့နှလုံးသားကို ချီးမွမ်းစကား တစ်ခွန်းနှစ်ခွန်းလောက်နဲ့ ရရှိသွားတာလည်း မဆန်းဘူးလေ]
[ယွင်ရှောင်လန်က ဒီလိုမိဘမျိုးရှိတာ တကယ်ကံဆိုးတာပဲ]
ပိုင်ရှို့တောင်ထွတ်သခင်က အပြင်ကလာတဲ့ ပြစ်တင်ပြောဆိုသံကို နားထောင်ရပြီးတဲ့အချိန်မှာ သူ့မျက်နှာက ဖြူဆုတ်သွားတော့တယ်။
သူက အမှတ်တမဲ့ဆိုသလို သမီးဖြစ်သူနဲ့ ကုန်ဆုံးခဲ့တဲ့အချိန်ကို ပြန်စဥ်းစားမိလိုက်ပြီး သူရဲ့ပြတ်သားလှတဲ့ နှလုံးသားက ရုတ်တရက်ဆိုသလို လှိုင်းထန်သွားတော့တယ်။
သူတကယ်ပဲ အမှားလုပ်ခဲ့မိတာလား။
...
နောက်ဆုံးမှာတော့ ကောင်းကင်အပြင်ဘက်က အတင်းစကားတွေရဲ့ မဆုံးနိုင်တဲ့စကားအလယ်မှာ လော့ရှူးတောင်ထွတ်ကို အလည်လာကြတဲ့ လူအုပ်ရဲ့ ပထမဦးဆုံးအသုတ်က ပျော်ပျော်ရွှင်ရွှင်နဲ့ အဆုံးသတ်သွားကြတော့တယ်။
ပိုင်ကျစ်ယွင်ရဲ့ အလိုလို ပြောစရာမလိုတဲ့ ခွင့်ပြုမိန့်ကြောင့် ချီယွီကို ပိုင်ရှို့တောင်သခင်နဲ့ ဖူးထျန်းကျွင်းတို့က သူ့လက်တစ်ဖက်တစ်ချက်ကို ကိုင်ပြီးတော့ သယ်ထုတ်သွားတော့တယ်။
သိပ်မကြာခင်မှာပဲ ချီယွီက ဝိညာဥ်ကျောက်ရိုင်းတွေ တူးဖို့အတွက် မြေရိုင်းတောင်တစ်ခုကို သွားခဲ့ရတယ်ဆိုတဲ့သတင်း ရောက်လာခဲ့တယ်။
အဲ့ဒီနောက်မှာတော့ ဖူးထျန်းကျွင်းကြောင့် ဟွာဖူတောင်သခင်ရဲ့ တပည့် ဖြစ်ခဲ့သူက အကြောင်းအရင်းမရှိဘဲ တောင်ထွတ်သခင်မောင်းထုတ်တာ ခံလိုက်ရပြီး တောင်ထွတ်ရဲ့သာမန် တပည့်တစ်ယောက် ဖြစ်လာခဲ့တယ်။
ပြောကြတာကတော့ သူမက အတွင်းစည်းတပည့်တွေကို ပြစ်မှားကျူးလွန်တဲ့အတွက် ဟွာဖူတောင်မှာ ခက်ခဲတဲ့အချိန်တစ်ခု ရှိခဲ့တယ်လို့ဆိုတယ်။
ပိုင်ရှို့တောင်ထွတ်-
ယွင်ရှောင်လန်က ယွင်ကျောက်မင်ကို တွေ့လိုက်တဲ့အချိန်မှာ အမှတ်တမဲ့ ခေါင်းငုံ့ထားလိုက်မိပြီး သူမရဲ့ရင်ထဲမှာ စိုးရိမ်ထိတ်လန့်တဲ့ အရိပ်အယောင်တစ်ခုက ထိန်းချုပ်မရအောင် မြင့်တက်လာပြီး သူမကတော့တစ်ခုခုကို ကောင်းမွန်အောင် မလုပ်နိုင်တော့ဘူးလို့ ကြောက်ရွံ့မိလာတော့တယ်။
သူမက ခေါင်းကို ငုံထားပြီး တိုးတိုးလေးပြောလိုက်တယ်။
''အဖေ''
ယွင်ကျောက်မင်က ခေါင်းငုံထားပြီး ကြောက်ရွံ့နေတဲ့ သူမရဲ့အသွင်အပြင်ကို ကြည့်လိုက်ပြီး သူမနဲ့ လူယုတ်မာကောင် ချီယွီတို့ရဲ့ ဆက်ဆံရေးကို စဥ်းစားမိလိုက်တော့ အမှတ်တမဲ့ သူမကို ဆူပူချင်စိတ် ဖြစ်သွားတော့တယ်။
ဒါပေမဲ့ သူက ပါးစပ်မဖွင့်ရေသေးခင်မှာပဲ အပြင်လောကက ပြောတဲ့စကားကို စဥ်းစားမိသွားတယ်။
သူ့ပါးစပ်က ထွက်တော့မဲ့ဆဲဆဲ စွပ်စွဲမဲ့စကားတွေကို မျိုချလိုက်ပြီး သူ့ရဲ့ချဉ်းကပ်နည်းကို ပြောင်းလဲလိုက်တယ်။ သူက ပတ်ဝန်းကျင်ကိုကြည့်ပြီး ချောင်းဟန့်လိုက်တယ်။
''လန်အာ သမီးမွေးထားတဲ့ ဝိညာဥ်သားကောင်တွေက တကယ့်ကို အားအင်ပြည့်နေတာပဲ။ မဆိုးဘူး မဆိုးဘူး''
ယွင်ရှောင်လန်က တအံ့တသြ မော့ကြည့်လိုက်ပြီး သူမက နားကြားများ မှားလေသလားဟု စဥ်းစားမိသွားတယ်။
အဖေက သူမကို ဘယ်လိုလုပ်ပြီး ချီးမွမ်းလိုက်တာ...
ယွင်ကျောက်မင်က ယွင်ရှောင်လန်ရဲ့ မျက်လုံးထဲက ဖုံးကွယ်လို့ မရတဲ့အံ့သြပြီး ပျော်ရွှင်တဲ့အရိပ်အယောင်ကို ကြည့်လိုက်ပြီး သူ့နှလုံးသားထဲက ထောင့်တစ်နေရာမှာ ရုတ်တရက် ခံစားချက်များ တိုးထွက်လာတယ်။
သူက သူရဲ့ဖခင်ဆန်တဲ့ အငွေ့အသက်ကို ဘေးချိတ်ထားလိုက်ပြီး သူမကို ညင်ညင်သာသာ ပြုံးပြလိုက်တယ်။
''လန်အာ သမီးက ပိုင်ရှို့တောင်ကနေပြီး မင်ဟွာဖုန့်ကို ကြည့်ချင်နေတာ မဟုတ်လား''
''တိုက်တိုက်ဆိုင်ဆိုင် အဖေလည်း ဒီနေ့အချိန်ရတယ်။ ဒီတော့ အဖေကသမီးကို ခေါ်သွားပြီးတော့ ပြပေးမယ်''
ယွင်ရှောင်လန်က စိတ်လှုပ်ရှားပြီး မျက်လုံးအဝိုင်းသား ဖြစ်သွားပေမဲ့ ချက်ချင်းဆိုသလို သူမက စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး လေသံနဲ့ပြောလိုက်တယ်။
''ဒါပေမဲ့ အဖေ သမီးက မင်ဟွာဖုန့်ရဲ့ဖိအားကို ခံနိုင်ရည်ရှိမှာ မဟုတ်လို့ သမီးကို ကောင်းကောင်းလေ့ကျင့်ဖို့ အဖေပဲပြောထားတယ် မဟုတ်လား၊ သမီးက ရွှေသက်စောင့်အဆင့်ရောက်မှ မင်ဟွာဖုန့်ကို ခေါ်သွားမယ်လို့ ပြောထားတာမဟုတ်လား''
''သမီးရဲ့အဖေက သမီးဘေးမှာရှိနေသရွေ့ သူက မင်းကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး''
ယွင်ကျောက်မင်က သူမရဲ့ဆံပင်ကို အသာအယာ သပ်ပေးလိုက်တယ်။
''ဒါပေမဲ့ သမီးအနေနဲ့ မင်ဟွာဖုန့်ကို တစ်ယောက်တည်းတော့ သွားကြည့်လို့မရဘူးနော် နားလည်လား''
''ဟုတ်ကဲ့''
ယွင်ရှောင်လန်က စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး သူမရဲ့အသံကလည်း ရွှင်လန်းလာခဲ့တယ်။
''သမီး အခုပဲချက်ချင်း သွားပြင်ဆင်ထားလိုက်မယ်''
ယွင်ကျောက်မင်က သူမရဲ့အေးချမ်းပြီးရွှင်လန်းတဲ့ ပုံရိပ်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ ကိုယ့်ဟာကိုအပြစ်တင်တဲ့ အရိပ်အရောင်တစ်ခု ဖြစ်သွားခဲ့တယ်။
ကြည့်ရတာ သူတကယ်ပဲ မှားသွားခဲ့တယ်ထင်တယ်။
တော်ပါသေးရဲ့။ ဒါကိုပြောင်းလဲဖို့ အချိန် အရမ်း နောက်မကျသွားသေးပေလို့လဲ။
-
ရွှင့်ယောင်တောင်ထွတ်-
''ရွှင့်ချန်ဂိုဏ်းထဲက တစ်ယောက်ယောက်က ကောင်းကင်နဲ့မြေကြီးကြားမှာ ထူးဆန်းတဲ့သဘာဝဖြစ်စဉ်တွေ ပေါ်ပေါက်နေတယ်လို့ ကျုပ်ကြားထားတယ်”
လုကျင်းဟွိုင်က ခန်းမထဲကို ပြန်လာခါစရှိသေး ထျန်းကျီဂိုဏ်းချုပ်ဆီက ဆက်သွယ်လာခဲ့တယ်။
ထျန်းကျီ ဂိုဏ်းချုပ်ဆီက မက်လုံးကို နားထောင်လိုက်တဲ့အခါမှာ သူက တောက်တောက်ပပ ပြုံးလိုက်ပြီး သတင်းနှိုက်ခံရတာကိုလည်း စိတ်မပျက်နေလေဘူး။
''ထျန်းကျီဂိုဏ်းချုပ်က တကယ့်ကိုသတင်းစုံတာပဲ ''
သူ့အသံကို ကြားလိုက်ရုံနဲ့ ရွှင့်ချန်ဂိုဏ်းက ဒီတစ်ကြိမ် အမြတ်အများကြီး ရလိုက်ပြီဆိုတာကို ထျန်းကျော် သိလိုက်တယ်။ သူက သူ့မုတ်ဆိတ်မွှေးကို သပ်လိုက်ပြီး အပြုံးတစ်ခုနဲ့ ချီးမွမ်းစကား ပြောလိုက်တယ်။
''လောကကြီးမှာ ဒီလောက်ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်သွားတာကို ကျုပ် မသိဖို့ရာက တော်တော်လေးကို ခက်ခဲတယ်လေ''
''ဒီလိုဆိုရင်တော့ ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်ကြီးလု''
လုကျင်းဟွိုင်ရဲ့ မျက်လုံးနဲ့မျက်ခုံးတွေက ပျော်ရွှင်မှုအပြည့် ဖြစ်နေတော့တယ်။
''ဂုဏ်ယူပါတယ်ဗျာ... ကျုပ်လည်းဝမ်းသာပါတယ်''
ပိုင်ကျစ်ယွင်က ကောင်းကင်တာအို အသိအမှတ်ပြုခံထားရတဲ့ ကံကောင်းခြင်းနဲ့ ပြည့်စုံတဲ့လူတစ်ယောက်လေ။ သူက ဂိုဏ်း အန္တရာယ်ကျရောက်မှာကိုလည်း ကယ်တင်ပေးနိုင်တယ်။ သူ့မှာ ထိပ်တန်းအရည်အချင်းတစ်ခုလည်း ရှိတယ်။ ဒီလို ထိပ်တန်းအရည်အချင်းရှိတဲ့ သူတစ်ယောက်က ရွှင့်ချန်ဂိုဏ်းမှာ နေနိုင်တယ်ဆိုရင် ဂိုဏ်ကလည်းအနာဂတ်မှာ သေချာပေါက် ပေါများကြွယ်ဝလာလိမ့်မယ်။
ဒီအကြောင်းကို စဥ်းစားမိလိုက်တိုင်း သူ့မှာ တည်ငြိမ်တဲ့မျက်နှာထားကိုတောင် ဆက်ပြီးမထိန်းထားနိုင်ပဲ အသံထွက်ကာ အော်ရယ်ချင်မိတော့တယ်။
သက်ပြင်းချသံတစ်ခုပါတဲ့ ထျန်းကျော်ရဲ့ အသံက ဆက်သွယ်ရေးပစ္စည်းထဲကနေ တဖန်ထွက်လာခဲ့တယ်။
''ရွှင့်ချန်ဂိုဏ်းရဲ့အခုတလော ကံကောင်းခြင်းတွေက တကယ့်ကို အားကျစရာ ကောင်းလှပါပေတယ်''
လုကျင်းဟွိုင်က သူ့အသံထဲကအားကျရိပ်ကို နားထောင်လိုက်ပြီး သူ့မျက်လုံးတွေက ကျဥ်းမြောင်းသွားတဲ့အထိ ပြုံးနေလိုက်တယ်။
ဟုတ်တာပေါ့။
သူက ဒီနေ့ ပိုင်ကျစ်ယွင်ရဲ့ အရည်အချင်းတွေကို အကြောင်းမရှိဘဲ ရှာတွေ့ခဲ့တာ မဟုတ်ဘူးလေ။ သူက ပိုင်ကျစ်ယွင်ရဲ့ အရည်အချင်းတွေကို ကောင်းကင်တာအို လမ်းညွှန်မှုအောက်ကနေတဆင့် ရှာတွေခဲ့တာ။ ကောင်းကင်တာအိုနဲ့ ပတ်သက်နေတဲ့ ထူးဆန်းတဲ့အသံတစ်ခုရဲ့ စကားတွေကနေတဆင့်ပေါ့။
ကောင်းကင်ကလာတဲ့အသံက တခြားဂိုဏ်းတွေကိုရော ဒီလိုပဲကူညီခဲ့သလား။
ဟင့်အင်း။ မကူညီဘူးလေ။
ရွှင့်ချန်ဂိုဏ်းတစ်ခုတည်းကိုပဲ ကူညီခဲ့တာ။
ဒါက ဘာကိုသက်သေပြနေတာလဲ။ ကောင်းကင်ဘုံက ရွှင့်ချန်ဂိုဏ်းကို အထူးတလည် မျက်နှာသာပေးတယ်ဆိုတာ သက်သေပြနေတာပေါ့။
ဒီတော့ သူတို့ ထျန်းကျီဂိုဏ်းက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို စုံစမ်းနိုင်ခဲ့တယ်ဆိုရင်ပေါ့။ သူတို့တွေက ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးတာကို ခံရမှာမို့လို့လား။ မဟုတ်ဘူးလေ။
ဒီလိုစဥ်းစားကြည့်လိုက်တော့ လုကျင်းဟွိုင်က သူရဲ့ကျောပြင်ကို မတ်မတ်လေးထားလိုက်တယ်။
ဒီအချိန်မှာပဲ အပြုံးသံတစ်ခုနဲ့ ထျန်းကျော်ရဲ့ အသံက ခပ်တိုးတိုးပေါ်လာခဲ့တယ်။
''ဒါဆိုရင်တော့ လုဂိုဏ်းချုပ်ကြီးက လိုချင်တဲ့အရာရပါစေလို့ ကျုပ်က ဆုတောင်းပေးလိုက်ပါတယ်။ အတိုက်အခိုက်တွေ ကင်းပြီး.... ဂိုဏ်းကို အေးအေးချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ် ဖြစ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်”
''အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့ဗျာ''
လုကျင်းဟွိုင်ရဲ့ မျက်နှာပေါ်ကအပြုံးက ပျောက်ကွယ်သွားပြီး သူ့အမူအရာက သူရဲ့ ဘိုးဘေးတွေနဲ့ ရင်ဆိုင်လိုက်ရသလို တည်ကြည်သွားတော့တယ်။
''ဘာအတိုက်အခိုက် အနှောင့်အယှက်လဲဗျ။ ခင်ဗျားက ဘယ်လိုဖြစ်ပြီး အဲ့လိုပြောရက်တာလဲ။ ဒါကကောင်းကင်ဘုံကလာတဲ့ အသံဆိုတာ ရှင်းလင်းနေရဲ့သားနဲ့ဗျာ''
''ခင်ဗျားက ကျုပ်ကို ဘာရစေချင်နေတာလဲ''
သူက ရင်ဘတ်ကို မြှင့်ထားလိုက်ပြီး ပြတ်ပြတ်သားသားပြောလိုက်တယ်။
''ကျုပ်ရဲ့ဆန္ဒကတော့ ကောင်းကင်ဘုံရဲ့အသံကို နားထောင်နိုင်ဖို့ပဲဗျ''
ထျန်းကျော်က အခိုက်တန့်နှုတ်ဆိတ်သွားပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်က လုကျင်းဟွိုင်ပြောခဲ့တဲ့ စကားကို စဥ်းစားမိသွားတယ်။ သူက အပြင်လောကက လာတဲ့အသံကို မုန်းတီးပြီးတော့ ဒီအသံနဲ့ ဝေးဝေးနေလိုတယ်လို့ ပြောခဲ့တယ်လေ။
''ခင်ဗျားပျော်တယ်ဆိုတော့လည်း ပြီးတာပါပဲ''
လုကျင်းဟွိုင်က ပြတ်တောက်သွားတဲ့ ဆက်သွယ်ရေးပစ္စည်းကို ကြည့်လိုက်ပြီး ဝံ့ဝံ့ကြွားကြွားနဲ့ ခေါင်းမော့နေလိုက်တယ်။ မနာလိုဖြစ်နေတာ... သူက မနာလိုဖြစ်နေတာ။
ဒီအချိန်မှာပဲ သူက တစ်ခုခုကို မြင်သွားတဲ့ပုံပဲ။ သူက ခန်မရဲ့တံခါးဆီကို ဖျတ်ခနဲ ရောက်သွားပြီး ပြီးခဲ့တဲ့လဝက်လောက်ကတည်းက ကပ်ထားတဲ့စာရွက်အပိုင်းအစတစ်ခုကို ဆွဲဖြဲလိုက်တော့တယ်။
အပြင်ဘက်ကလာတဲ့အသံရဲ့ မျက်လုံးထဲမှာ အမြင်မတော်စေမဲ့ ဒီလိုအပေါစားအကြောင်းအရာတွေကို ထားခွင့်ပြုလို့ ဘယ်ဖြစ်မလဲ။
စုတ်ဖြဲခံလိုက်ရတဲ့ စာရွက်ပေါ်မှာတော့ ဂိုဏ်းဝင်ခွင့်အတွက် တားမြစ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို ချရေးထားတာဖြစ်တယ်။
တခြားလူများရဲ့ လျှို့ဝှက်ချက်ကို စူးစမ်းဖော်ထုတ်မည့်သူ့အား ဝင်ခွင့်မပြု။
လျှို့ဝှက်ချက်တွေကို ရှာဖွေဖော်ထုတ်မည့် သူအားလည်း ဝင်ခွင့်မပြု။
စားသောက်ပျော်ပါးဖို့ပဲသိသည့် လူများကိုလည်းပဲ ဝင်ခွင့်မပြု။
ပျော်ရွှင်မှုကသာ....
...