အခန်း ၁၈
Vol. 2 Ch. 18
အပိုင်း (၁၈)
လော့ရှူး တောင်ထွတ် ခန်းမ ထဲတွင်
ပိုင်ကျစ်ယွင်က အပြာဖျော့ရောင် ဂါဝန်ရှည် တစ်ထည်ကို ဝတ်ထားပြီး ဧည့်အကြီးအကဲတွေအတွက် သီးသန် ချုပ်ထားပေးတဲ့ ပန်းထိုးထားတဲ့ အပေါ်ဝတ်ရုံ တစ်ခုကို ဝတ်ဆင်ထားတယ်။ သူမရဲ့ ရှည်လျားတဲ့ ဆံပင်တွေကို စုချည်ထားပြီး သူမရဲ့ မူလက သိမ်မွေ့တဲ့အသွင်ပြင်က ခုတော့ ပိုပြီး ခံ့ညားထည်ဝါလာကာ လူထုကို အနည်းငယ် ကြောက်ရွံ့အောင် ဖြစ်နေစေတော့တယ်။
လော့ရှူးတောင်ထွတ်ရဲ့ အရေးကိစ္စတွေကို သတင်းလာပို့တဲ့ မင်ဖုန်းက သူမရဲ့ အရောင်အဝါနဲ့ သူမရဲ့မျက်နှာပေါ်ကအမူအရာကို ခံစားမိလိူက်ပြီး ပိုပြီး တလေးတစား ဖြစ်လာတော့တယ်။
တကယ်လို့များ သူသာ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ပိုင်ကျစ်ယွင်နဲ့ တွေ့ခဲ့မယ်ဆိုရင်သူမကို အထင်သေးခဲ့မိမှာ သေချာတယ်။ သူမက ဘယ်လောက်ပဲ အရည်အချင်းရှိတယ် ပြောပြော သူမရဲ့ ကျင့်ကြံခြင်းအဆင့်က ချီလေ့ကျင့်ရေး အဆင့်ပဲရှိတာ။ ဒီတော့ လိုအပ်ချက်က အမြဲတမ်း တစ်ခုခု ရှိနေမှာပဲ။
ဒါပေမဲ့ ပိုင်ကျစ်ယွင်က မနေ့က လော့ရှူးတောင်ကို ရောက်လာတဲ့ အချိန်မှာ မရေမတွက်နိုင်တဲ့ အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေက သူမကို လာရောက် ဂုဏ်ပြုကြတာကို တွေ့လိုက်ရတယ်။
သူ့ ဘဝတစ်လျှောက်လုံးမှာ ဘယ်တော့မှ တွေ့နိုင်မှာ မဟုတ်တဲ့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တချို့လည်း ရောက်လာခဲ့တယ်။
ဒီအစွမ်းရှိတဲ့ပုဂ္ဂိုလ်တွေက ချီကျင့်ကြံခြင်းအဆင့်သာရှိသေးတဲ့ ပိုင်ကျစ်ယွင်ကို တရင်းတနှီး တလေးတစားနဲ့တောင် ဆက်ဆံလိုက်ကြသေးတယ်။ လော့ရှူးတောင်ထွတ်ရဲ့ သာမန် တပည့်တစ်ယောက်ဖြစ်တဲ့ သူက ပိုင်ကျစ်ယွင်ကို ဘယ်လိုလုပ်ပြီး မလေးစားတဲ့အတွေးမျိုး ရှိရဲပါ့မလဲ။
ပိုင်ကျစ်ယွင်က အဓိကထိုင်ခုံပေါ်မှာ ထိုင်နေပြီး မင်ဖုန်းရဲ့ အတွေးတွေကို လုံးဝ ဂရုမစိုက်လေဘူး။
သူမက လက်ဆောင်စာရင်းထဲက အဆင့်အမြင့်ဆုံး ဝိညာဉ်ဆေးပင်တွေကို ကြည့်လိုက်ပြီး ခပ်တိုးတိုး သက်ပြင်းချလိုက်တယ်။
ဒီပစ္စည်းတွေထဲက ဘယ်တစ်ခုကမှ ချန်ပေ့ကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။
အကြီးအကဲပိုင်က တခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ တည်ကြည်လေးနက်တဲ့ပုံ ဖြစ်နေပေမဲ့ သူမ တကယ်တမ်း တွေးနေတဲ့ အရာက -
ချန်ပေ့ ဘာကြိုက်တတ်လဲ မသိဘူး။ (စူးလီကို ခေါ်တာပါပဲ၊ လေးစားသမှုနဲ့ ခေါ်တာမျိုး)
အခုလောလောဆယ် ချန်ပေ့က သူမလုပ်ပေးတဲ့ ဝိညာဥ်စွမ်းအင် အစားအသောက်တွေကို အရမ်းသဘောကျတယ် ဆိုပေမဲ့ ချန်ပေ့ရဲ့ ကျင်ကြံခြင်း အရည်အချင်းနဲ့ဆိုရင် သူမ မစားနိုင်တာ တစ်ခုခုများ ရှိနေမလား။
ပိုဆိုးတာက သူမလုပ်ပေးခဲ့တဲ့ ဝိညာဥ်စွမ်းအင် အစားအစာတွေက သာမန်လောက်ပဲ ဖြစ်နေတာ။ ထိပ်တန်းအဆင့် အစားအသောက်ပြုလုပ်တဲ့ ကျင့်ကြံသူတွေနဲ့ လုံးဝယှဥ်လို့ မရဘူး။ ချန်ပေ့က ဒီအစားအသောက်တွေအပေါ် တကယ် သဘောကျတယ် ဆိုတဲ့အကြောင်း ပြသတာကလည်း သူမကို စိတ်အေးရစေချင်လို့ပဲ ဖြစ်ရမယ်။
ဒီလိုစဥ်းစားလိုက်တော့ ပိုင်ကျစ်ယွင်ရဲ့ မျက်လုံးတွေက အထူးတလည် ပိုပြီးတော့ ပြတ်သားလာခဲ့တယ်။
ဖြစ်နိုင်တာကတော့ အခုအချိန်မှာ သူမရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းကို အားနည်းနေသေးလို့ပဲ ဖြစ်မယ်။ သူမရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာရင်တော့ ချန်ပေ့ လိုချင်တဲ့ဟာ မှန်သမျှကို သူ ပေးနိုင်လိမ့်မှာပဲ။
ချန်ပေ့ရယ်... သူမရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ပတ်သက်ပြီး စိတ်ပူနေစရာ မလိုပါဘူး။ အလွယ်တကူ လုပ်လို့ရတဲ့ ဝိညာဉ်စွမ်းအင် အစားအစာတွေက ကောင်းတယ်လို့ ပြောပေးရင် ရပါပြီ။
တစ်ဖက်မှာတော့ ပိုင်ကျစ်ယွင်ရဲ့ စိတ်ထဲမှာ ကျော်ကြားမှုနဲ့ ချမ်းသာမှုကို ဂရုမစိုက်တတ်တဲ့ သူတောင်စင်တစ်ယောက်လို့ မှတ်ယူထားတဲ့ စူးလီကတော့ သလွန်ပေါ်မှာ ပျင်းရိ ပျင်းတွဲစွာနဲ့ လှဲလျောင်းနေပြီး နေပူစာ လှုံနေလေရဲ့။
“အေ့~”
စူးလီက သူမရဲ့ လက်ထဲက ကျွဲလင်းသစ်သီးကို ကြည့်လိုက်ပြီး နှမြောတသတဲ့ ပုံစံနဲ့ သူမဘေးက ကျောက်စိမ်းစားပွဲပေါ်မှာ ပြန်တင်ထားလိုက်တယ်။
စားပွဲပေါ်မှာ ပန်းကန် အလွတ် ခုနှစ်ချပ် ရှစ်ချပ်လောက် ရှိနေပြီး သူ့ဘေးမှာတော့ ဝိညာဥ်စွမ်းအင် ယမကာ တစ်လွှာသာကျန်တဲ့ ကျောက်စိမ်း ပုလင်းက လှဲလျောင်း လို့နေတယ်။
''ဒါက ဘဝပဲ''
စူးလီက တစ်ချိန်က သူမ လဝက်လောက် နေခဲ့တဲ့ ကမ္ဘာငယ်လေး ထဲက ယိုင်နဲ့စုတ်ပြတ်နေတဲ့ အိမ်လေး အကြောင်းကို စဥ်းစားမိလိုက်ပြီး သူမ ကိုယ်တိုင် အတွက် ဝမ်းနည်းမျက်ရည်လေး တစ်စက် နှစ်စက်ကို မနေနိုင်ဘဲ သုတ်မိတော့တယ်။
ကောင်းကင်တာအို တစ်ယောက်က ဒီလောက် သနားစရာကောင်းတဲ့ဘဝမျိုးမှာ နေနေရမယ်လို့ ဘယ်သူက စဥ်းစားမိမှာလဲ။
သူမက သိပ်မဝေးလှတဲ့ဆီက ခန်းဆောင်တွေနဲ့ မျှော်စင်တွေကို ကြည့်လိုက်ပြီး သူမရဲ့ ဘေးက စိမ်းစိုနေတဲ့ ဝိညာဥ်သစ်ပင် တွေကို ကြည့်လိုက်ပြီးတဲ့ နောက်မှာ ပျော်ရွှင်ကြည်နူးစိတ်နဲ့ မျက်လုံးတွေကို ပိတ်ထားလိုက်တယ်။
လူသားလောကရဲ့ ဘဝက ဒီလိုမှန်းသာ စောစောသိခဲ့မယ်ဆိုရင် သူမက အဲဒီကမ္ဘာငယ်လေးထဲမှာ ဘာဖြစ်လို့ လဝက်လောက် နေအုံးမှာလဲ။
ဒါပေမဲ့ ငါ တစ်ခုခု မေ့နေတာများ ရှိနေလား။
စူးလီက တစ်ခုခုကို စဥ်းစားမိသွားပုံပေါ်တယ်။ရုတ်တရက် သူမရဲ့မျက်လုံးထဲမှာ မလုံမလဲ ခံစားချက်တစ်ခု ဖြစ်သွားပြီးတော့ ရုတ်တရက်ဆိုသလို သူမရဲ့မျက်လုံးတွေကို ဖွင့်လိုက်တော့တယ်။
အဲဒီကျင့်ကြံရေးလောကထဲက ယိုပေါက်တွေကို အလျင်စလိုနဲ့တော့ ဖြေရှင်းလို့ မရနိုင်လောက်ဘူး။ ဟုတ်တယ်မလား။
သူမက သိစိတ်ပင်လယ်ထဲကနေ ကျင့်ကြံရေးလောကရဲ့ လက်ရှိအခြေအနေကို သာမန်ကာလျှံကာ လှမ်းကြည့်လိုက်တယ်။
အလို...
ယိုပေါက်တွေ ဘယ်ရောက်သွားတာလဲ။
ရွှင့်ချန်ဂိုဏ်းမှာ ပြည့်နှက်နေတဲ့ ယိုပေါက်ကြီးတွေက ဘယ်ရောက်သွားတာလဲ။
စူးလီက တစ်ဝက်လောက် ပျောက်ကွယ်သွားတဲ့ ယိုပေါက်တွေရှိနေတဲ့ ရွှင့်ချန်ဂိုဏ်းကို ကြည့်လိုက်ပြီး အူကြောင်ကြောင်နဲ့ မျက်တောင်ခတ်မိသွားတော့တယ်။
ပြီးခဲ့တဲ့ရက်တွေတုန်းက ဖရဲသီး စားတာကလွဲရင် ငါ မသိလိုက်တဲ့ တစ်ခုခုကို လုပ်ခဲ့တာမျိုး ရှိလို့လား။
ပိုင်ကျစ်ယွင်ကြောင့်လား။
ဒါပေမဲ့ လူတစ်ယောက်က ဂိုဏ်းရဲ့ တစ်ဝက်လောက်ရှိတဲ့ အပေါက်ကြီးတစ်ခုကို ပြုလုပ်ဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူးလေ။ ဟုတ်တယ်မလား။
ဂရုစိုက်မနေတော့ပါ့ဘူး။ ယိုပေါက်တွေ ပြင်ဆင်ပြီးသွားပြီ ဆိုတော့လည်း ထားလိုက်တော့ပေါ့။
စူးလီက အသက် သုံးခါလောက် ရှူလိုက်ပြီး လေးလေးနက်နက်နဲ့ စဥ်းစားလိုက်တယ်။ အဲဒီနောက်တော့ အေးအေးချမ်းချမ်းနဲ့ပဲ မျက်လုံးတွေကို ပြန်မှိတ်ထားလိုက်တော့တယ်။
ကိုယ့်ဟာကိုအတွက် အားလပ်ရက်ရှည်ကြီးတစ်ခုတော့ ပေးရမယ်လေ။
ဒီအချိန်မှာပဲ ဂိုဏ်းက တပည့်တွေရဲ့ ခပ်တိုးတိုး ပြောဆိုနေကြတဲ့ စကားသံတွေက သိပ်မဝေးလှတဲ့ နေရာကနေ ရုတ်တရက်ထွက်ပေါ် လာခဲ့တယ်။
“အဆင့်လေး အကြီးအကဲကလည်း လော့ရှူးတောင်ထွတ်ကို လာခဲ့တယ်တဲ့”
'' အဆင့်လေး အကြီးအကဲက တံခါးပိတ် ကျင့်ကြံနေတာ ကြာနေပြီ မဟုတ်လား''
''ပြောကြတာတော့ သူက ကျင့်ကြံရေးပြီးလို့ ထွက်လာတာနဲ့ချက်ချင်း ငါ့တို့ရဲ့ အကြီးအကဲပိုင်ကို လာတွေ့တာတဲ့''
''ငါ မှတ်မိတာကတော့ အဆင့်လေးအကြီးအကဲရဲ့ အကျင့်စရိုက်က နည်းနည်းတော့... ''
စူးလီက မျက်လုံးထဲမှာ စိတ်ဝင်စားသွားတဲ့ အရိပ်အယောင်တစ်ခုနဲ့ မျက်လုံးတွေကို ဖွင့်လိုက်တယ်။ အဆင့်လေး အကြီးအကဲတဲ့ ကြားရတာ ရင်းနှီးနေသလိုပဲ။
ငါ အမှတ်မမှားဘူးဆိုရင်တော့ ဒီကောင့်ဆီမှာ ဖရဲသီးတွေ တော်တော်လေး ရှိနေလောက်တယ်။
သူမက စားလို့ ကုန်သလောက်ရှိနေပြီဖြစ်တဲ့ ပန်းကန်ပြားကို လှမ်းကြည့်လိုက်ပြီး ခပ်သွက်သွက် ထရပ်လိုက်ကာ ပင်မခန်းမဆီကို လျှောက်သွားလိုက်တော့တယ်။
ခန်းမထဲမှာတော့ အဆင့်လေးအကြီးအကဲက ဘေးကထိုင်ခုံတစ်လုံးမှာ ထိုင်နေပြီး သူ့မျက်လုံးထဲမှာတော့ မောက်မာတင်စီးနေတဲ့ အကြည့်တစ်ခု ဖြစ်နေလေတယ်။
သူက ပိုင်ကျစ်ယွင်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို လှမ်းကြည့်လိုက်ပြီး အထင်သေးခြင်းအပြည့် ဖြစ်သွားတော့တယ်။ သူမက အထူးအရည်အချင်း နည်းနည်းပါးပါးရှိတဲ့ အဆင့်နိမ့် အမျိုးသမီးကျင့်ကြံသူ တစ်ယောက်ပဲ။ ဒီလောက်လူ အများကြီးကို စည်းရုံးနိုင်ဖို့ ဘာတန်ဖိုးရှိလို့လဲ။
ဂိုဏ်းချုပ်ကြီးက အသက်ကြီးနေပြီဆိုတော့ တကတည်း သေချာလည်း မစဥ်းစားတတ်တော့ဘူး။ သူက ပိုင်ကျစ်ယွင်ကို ဧည့်အကြီးအကဲ ရာထူးတောင်မှ ပေးလိုက်သေးတယ်။
သီးသန့်ကျင့်ကြံရေးက ထွက်လာတာနဲ့ချက်ချင်း သူရဲ့တပည့်တွေ ပြောနေတဲ့စကားကို ပြန်သတိရလိုက်မိတဲ့အခါမှာ မသိသာလှတဲ့ ဒေါသရိပ်တစ်ခုက သူ့မျက်လုံးထဲမှာ ဖျတ်ခနဲ ဖြစ်သွားတော့တယ်။ ဒီပိုင်ကျစ်ယွင်က သူနဲ့ ယှဥ်ရလောက်အောင် တန်လို့လား။
ဒီလိုစဥ်းစားကြည့်လိုက်ပြီး သူက လက်ထဲက ဝိညာဥ်စွမ်းအင် လက်ဖက်ရည် ပန်းကန်ကို ချထားလိုက်ပြီး သရော်စကား ပြောတော့တယ်။
''အကြီးအကဲပိုင်က အခြေခံလိုအပ်ချက်တွေ ရှိနေသေးတာပဲ၊ သူက ဧည့်သည်တွေကို ဧည့်ခံတဲ့နေရာမှာ ဒီလောက်အဆင့်နိမ့်တဲ့ လက်ဖက်ခြောက်ကို သုံးသတဲ့''
သူ့စကားကို ကြားလိုက်ရတဲ့အခါ ပိုင်ကျစ်ယွင်က သူဟာ သူမကို တိုက်ခိုက်နေတယ်ဆိုတာ လုံးဝ သတိမထားမိဘူး။ အဲဒီအစား သူမက ရုတ်တရက် သတိဝင်လာပြီး လေးနက်တဲ့ဟန်နဲ့ မေးလိုက်သေးတယ်။
'' အဆင့်လေး အကြီးအကဲက ပုံမှန်ဆိုရင် ဘယ်လိုဝိညာဥ်စွမ်းအင် လက်ဖက်ခြောက်ကို သုံးပါသလဲ''
ချန်ပေ့ကတော့ သူမလုပ်ပေးတဲ့ သစ်သီးလက်ဖက်ခြောက်ကို အရမ်းကြိုက်တဲ့ ပုံပါပဲ။
သူမ နှပ်ပေးလိုက်တဲ့ ဝိညာဥ်စွမ်းအင် လက်ဖက်ခြောက်က သူမရဲ့ ချန်ပေ့ အတွက် မတန်ဘူးဆိုတာကိုလည်း ခံစားမိပါတယ်။ ဒါကြောင့် သူမက ဒီအခွင့်အရေးကို အသုံးချပြီး အဆင့်လေး အကြီးအကဲကို မေးရမယ်။ သူ့ကြည့်ရတာ ဝိညာဥ်စွမ်းအင် လက်ဖက်ခြောက်နဲ့ ပတ်သက်ပြီး တစ်ခုခုကို သိထားတဲ့ပုံပဲ။
သူမရဲ့ စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ အဆင့်လေး အကြီးအကဲရဲ့ မျက်လုံးတွေက ဝင့်ကြွားဟန် ဖျတ်ခနဲ လက်သွားတော့တယ်။
'' ဧည့်တွေကို ဧည်ခံဖို့အတွက် ကျုပ် ပုံမှန်သုံးနေကျ ဝိညာဥ်စွမ်းအင် လက်ဖက်ခြောက်က ကျင့်ကြံရေး လောကထဲက ရှားပါးတဲ့ သက်ရှည်လက်ဖက်ခြောက်လို့ ခေါ်တယ်။ ဒီလက်ဖက်ခြောက်ရဲ့ မွှေးရနံ့က ပြည့်လျှံ ထွက်လာပြီး လူရဲ့စိတ်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်တဲ့အပြင် သူတို့ရဲ့ စွမ်းအင်တွေကိုလည်း တိုးတက်အောင် လုပ်ပေးနိုင်တယ်''
'ရွှင့်ချန်တစ်ဂိုဏ်းလုံးက နှစ်တိုင်း ငွေလေး နည်းနည်းပါးပါးပဲ ရှာနိုင်တာဆိုတော့...''
သူ့စကား မဆုံးခင်မှာပဲ ပိုင်ကျစ်ယွင်က ဆက်သွယ်ရေးပစ္စည်းကို ထုတ်လိုက်ပြီး တစ်ဖက်လူကို ပွင့်လင်းတဲ့ အမူအရာတစ်ခုနဲ့ ပြောလိုက်တယ်။
''ဂိုဏ်းချုပ်ကြီး ကျွန်မ သက်ရှည်လက်ဖက်ခြောက် လိုချင်လို့ပါ''
လုကျင်းဟွိုင်က ပိုင်ကျစ်ယွင်က အရင်ဦးဆုံး သူ့ဆီကို တောင်းဆိုမှုတစ်ခုလုပ်တာ ကြားလိုက်ရတဲ့အချိန်မှာ အရမ်းကျေနပ်သွားပြီး ချက်ချင်း သဘောတူလိုက်တော့တယ်။
''ကျုပ်ရဲ့တပည့်တွေကို အခုချက်ချင်းပဲ လာပို့ ခိုင်းလိုက်ပါမယ်''
ပိုင်ကျစ်ယွင်ရဲ့မျက်ခုံးတွေက သူ့ရဲ့အဖြေကို ကြားလိုက်ရတဲ့အချိန်မှာ အနည်းငယ် ပြေလျော့သွားခဲ့တယ်။ သူမက မနေ့ညက အဆင့်ငါး ဝိညာဥ်သစ်ပင်နှစ်ခုကို စဥ်းစားမိလိုက်ပြီး တွေဝေမနေဘဲ ပြောလိုက်တော့တယ်။
''ဂိုဏ်းချုပ်ကြီး ကျွန်မမှာ အသစ်လုပ်ထားတဲ့ အဆင့်ငါး ရေခဲမြက်တစ်ပင်ရှိတယ်။ ကျွန်မ ရှင့်ကို လူလွှတ်ပြီးတော့ ပို့ပေးလိုက်ပါ့မယ်”
သူမက စားလို့ရတဲ့ ဝိညာဥ်သစ်ပင်နှစ်ပင်ကို ရွေးချယ်ခဲ့ပေမဲ့ မထင်ထားတာက အရသာ အရမ်းဆိုးဝါးနေတာပဲ။ ချန်ပေ့က လုံးဝ မကြိုက်ဘူးလေ။
ဒါကို ဂိုဏ်းချုပ်ကို ပေးလိုက်လို့ ရတာပဲ။ ဘာပဲဖြစ်ဖြစ် သူက စိတ်ပျက်မှာ မဟုတ်ဘူးလေ။
''အကြီးအကဲပိုင် မင်းက အားနာတတ်ရန်ကော''
လုကျင်းဟွိုင်ရဲ့အသံက ပိုပြီးတော့ ရွှင်လန်း ဝမ်းသာလာခဲ့တယ်။ သူက ဖော်ဖော်ရွေရွေနဲ့ ပြောလိုက်တယ်။
''ကျုပ် အထင်တော့ ဝိညာဥ်လက်ဖက်ခြောက် တစ်ပိဿာက မင်းအတွက် မလုံလောက်ဘူးလို့ ထင်တယ်။ ကျုပ်ရဲ့တပည့်ကို မင်းအတွက် ငါးပိဿာလောက် ပို့ခိုင်းလိုက်မယ်။ တကယ်လို့ မလောက်ဘူးဆိုရင် မင်း ကျုပ်ဆီက ထပ်ပြီးတော့ တောင်းလို့ရပါတယ်''
အဆင့်လေး အကြီးအကဲက နေရာမှာထိုင်ရင်းနဲ့ ဒေါသကြောင့် အံကြိတ် ထားမိတော့တယ်။ ငါးပိဿာတဲ့လေ။ ဂိုဏ်းတစ်ခုလုံးရဲ့ စုဆောင်းထားတဲ့ ဟာတွေက ဒီနေရာထဲ ရောက်သွားပြီပေါ့။
ဂိုဏ်းချုပ်ကြီးက အရင်တုန်းကတော့ ဘာလို့ ဒီလောက် မရက်ရောတာလဲ။
သူ့စိတ်ထဲမှာ လုကျင်းဟွိုင်ကို ကြိတ်ပြီးတော့ ရှုတ်ချနေလိုက်တယ်။ အဆင့်ငါး ရေခဲမြက်တဲ့။ ဒီလိုအဆင့် ရေခဲမြက်တွေက ရှားပါးပါရဲ့။ ဒါပေမဲ့ ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ဆီက ဒီလို မြှောက်ပင့်နေတာလောက်တော့ ဘယ်တန်ပါ့မလဲ။
ဒါပေမဲ့ အဲ့ဒီလိုပြောလို့ ပိုင်ကျစ်ယွင်ရဲ့ အရည်အချင်းတွေက တကယ်ပဲ တော်တော် ကောင်းမွန်တာပဲ။ သူက သူတို့ရဲ့ လုမိသားစုဝင် ဖြစ်ထိုက်တယ်။
ဒီလို စဥ်းစားလိုက်ပြီးတော့ သူက လည်ချောင်း ရှင်းလိုက်ပြီး ပိုင်ကျစ်ယွင်ကို စေ့စေ့စပ်စပ်နဲ့ ကြည့်လိုက်တယ်။
''အကြီးအကဲပိုင်က အခုဆိုရင် အသက်ငါးဆယ်နီးပါး ရှိပြီနော်၊ တစ်ယောက်တည်း ကျင့်ကြံရတာ တကယ့်ကို အထီးကျန်ပါတယ်''
ပိုင်ကျစ်ယွင်ရဲ့ သာမန်ထက် နည်းနည်းလေးပိုတဲ့ ရုပ်ရည်နဲ့ ကျက်သရေရှိတဲ့ပုံရိပ်ကို ကြည့်လိုက်ပြီး သူက ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်ကာ ဆက်ပြော လိုက်တယ်။
''ကျင့်ကြံရေးလောကဟာဆိုရင် အန္တရာယ်နဲ့ ပြည့်နှက်နေတယ်။ အကြီးအကဲပိုင်က ကျင့်ကြံရေး အဆင့်နိမ့်တဲ့ အမျိုးသမီး တစ်ယောက်ပဲ။ အန္တရာယ်နဲ့ တွေ့ကြုံခဲ့ရင် ဘယ်လိုလုပ်မလဲ”
“တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်မှာလည်း အကြီးအကဲပိုင်နဲ့ ရွယ်တူ တူလေး တစ်ယောက်ရှိတယ်''
ပိုင်ကျစ်ယွင်က သူ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ သူမရဲ့ မျက်လုံးတွေက တဖြည်းဖြည်း အေးစက်လာခဲ့တယ်။
ဒီစကားလုံးတွေက အရမ်းကို ရင်းနှီးပြီးတော့ သူမကို ချီယွီ ထိန်းချုပ်ထားတဲ့အချိန်ကို ပြန်ပြီးတော့ အမှတ်ရလာစေတယ်။ ဒီအချိန်မှာပဲ သူမ တွေးမိသမျှက သူ့ရဲ့ သေးသိမ်တဲ့စိတ်ထားနဲ့ ဖိနှိပ်ချင်တဲ့သဘောထားကိုပဲ...
အဆင့်လေး အကြီးအကဲက သူမရဲ့မျက်နှာပေါ်က အမူအရာကို ဂရုမစိုက်လေဘူး။
ပိုင်ကျစ်ယွင်က အရည်အချင်း ပိုမိုကောင်းမွန်ပြီး ပါရမီရှိတဲ့ အမျိုးသမီးကျင့်ကြံသူ တစ်ယောက်ပဲ။ သူ့မှာ ကျင့်ကြံရေးလောကထဲက နောက်ခံဆိုတာ မရှိဘူး။ သူတို့ရဲ့ လုမိသားစုကတော့ ကျင့်ကြံရေးလောကထဲမှာ နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိတဲ့ မိသားစုတစ်ခုပဲ။ သူမအနေနဲ့ သူတို့လုမိသားစုဝင် တစ်ယောက်ကို လက်ထပ်နိုင်တယ်ဆိုတာ သူမအတွက် ကံကောင်းခြင်းတစ်ခုပဲ။
သူ့ရဲ့ မိန်းမလိုပေါ့။ သူမက ကျင့်ကြံရေးလောကထဲမှာ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်တယ် ဆိုပေမဲ့ သူမက သူ့ကို လိမ်လိမ်မာမာနဲ့ လက်ထပ်ခဲ့ရပြီး အနောက်ဆောင်ကို ငြိမ်းချမ်းအောင် စောင့်ရှောက် ကူပေးရတယ် မဟုတ်လား။
''ကျုပ်ရဲ့ တူတော်က အင်မတန်မှ အရည်အချင်း ရှိလှပါတယ်။ သူက အုတ်မြစ်ဖွဲ့တည် တည်ဆောက်ခြင်းအဆင့်တောင် ရောက်သွားပြီလေ။ သူက ငယ်ငယ်ကတည်းက သိတက် လိမ္မာတဲ့သူပါ”
''အဆင့်လေး အကြီးအကဲ အခု ကျွန်မမှာ ရှိထားတဲ့ အကာအကွယ် မှော်ရတနာက မဟာအကြီးအကဲတွေနဲ့ ယှဥ်နိုင်ပါတယ်''
ပြီးခဲ့တဲ့ ရက်တွေထဲမှာ ဖြစ်ပျက်သွားတဲ့ အကြောင်းအရာတွေ ပြီးသွားတဲ့နောက်တော့ ပိုင်ကျစ်ယွင်က တခြားလူ အပေါ် မှီခို အားထားရပြီး တခြားသူတွေ ဒေါသဖြစ်မှာကြောက်လို့ မငြင်းဆန်ရဲတဲ့ အပြင်စည်းတပည့် တစ်ယောက် မဟုတ်တော့ဘူး။
စူးလီရဲ့ တည်ရှိမှုက သူမကို အဆုံးမရှိတဲ့ သတ္တိတွေ ပေးစွမ်းနိုင်တယ်။ ဘာပဲဖြစ်နေနေ သူမကတော့ သူမရဲ့ ချန်ပေ့ ကို စိတ်ပျက်ရအောင် မလုပ်နိုင်ဘူး။
သူမက တခြားသူတွေ သူမအပေါ် အခွင့်အရေးယူတာမျိုးကိုလည်း အဖြစ်မခံတော့ဘူး။
ပိုင်ကျစ်ယွင်က ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူမထက် ကျင့်ကြံရေးအဆင့် အများကြီးပိုမြင့်တဲ့ အဆင့်လေး အကြီးအကဲကို ပြတ်ပြတ်သားသား ပြောလိုက်တယ်။
''ရှင့်မှာ တခြားကိစ္စ မရှိတော့ဘူး ဆိုရင် ကျေးဇူးပြုပြီးတော့ လော့ရှူးတောင်ထွတ်ကနေ ပြန်သွားပါတော့''
''အတင့်ရဲလှချည်လား''
အဆင့်လေး အကြီးအကဲက သူမက သူ့ကို ငြင်းဆန်ရဲတယ် ဆိုတာကို ကြားလိုက်ရတဲ့အချိန်မှာ စားပွဲကို ဒေါသတကြီးနဲ့ ဝုန်းခနဲ ထုရိုက်လိုက်ပြီး မြင့်မြတ်ခြင်း အသွင်ပြောင်း ကျင့်ကြံသူတစ်ယောက်ရဲ့ ဖိအားက ရုတ်တရက် ပျံ့နှံ့သွားတော့တယ်။
ပိုင်ကျစ်ယွင်ရဲ့ ကိုယ်ပေါ်က အကာအကွယ် မှော်လက်နက်က ခြိမ်းခြောက်ခံလိုက်ရသလို ခံစားလိုက်ရပြီး မျက်စိကျိန်းလောက်တဲ့ အလင်းတန်းတစ်ခု ဖြာထွက်သွားတော့တယ်။
ဒီအချိန်မှာပဲ သူ သီးခြားကျင့်ကြံခြင်း လုပ်နေစဥ်ကာလက ကြားခဲ့တဲ့အသံတစ်ခုကို ခပ်ရေးရေး ကြားလိုက်ရတယ်။
[ဒီအဆင့်လေး အကြီးအကဲကို ရင်းနှီးနေပါတယ်လို့ ပြောသားပဲ]
[သူက မောင်းမခုနှစ်ယောက်တောင်ရှိတဲ့ အင်မတန်ဆိုးရွားတဲ့ လွီကျွမ်းကျိ ဖြစ်နေတာကိုး]
စူးလီက ခန်းမရဲ့ဝင်ပေါက်ကို လျှောက်သွားလိုက်ပြီး သူမရဲ့ သိစိတ်ပင်လယ်ထဲမှာ ကောင်းကင်စာအုပ်ကို လှန်လှော ကြည့်လိုက်တယ်။
[ဟားဟားဟားဟား ဒီလောက်အကြာကြီး သီးသန့် လေ့ကျင့်ရေး လုပ်ခဲ့တာ ကျွမ့်ယွမ် ဆေးလုံးထဲကနေ အဆိပ်တွေကို ဖယ်ထုတ်ဖို့ ဖြစ်နေတာပဲ]
[ရွှင့်ချန်ဂိုဏ်းထဲမှာ အမြဲတမ်း သီးသန့်လေ့ကျင့်ဖို့ လိုနေတဲ့ တစ်ဦးတည်းသောသူက သူဖြစ်နေတာလဲ မဆန်းတော့ပါဘူး၊ ဟားဟားဟား]
ပိုင်ကျစ်ယွင်ဆီကို အလည်လာတဲ့ ပိုင်ရှို့တောင်ထွတ်သခင်နဲ့ ပိုင်ကျစ်ယွင်ကို ကျန်းမာပါစေကြောင်း လာဆုတောင်းပေးတဲ့တပည့်တွေက အဆင့်လေး အကြီးအကဲရဲ့ လျှို့ဝှက်ချက်ကို လော့ရှူးတောင်ထွတ် ရောက်ရောက်ချင်းမှာပဲ ကြားလိုက်ရတယ်။
မရေမတွက်နိုင်တဲ့ လှပချောမောတဲ့ မောင်းမတွေကို ပိုင်ဆိုင်ထားတဲ့ အဆင့်လေး အကြီးအကဲမှာ ဒီလို လျှို့ဝှက်တဲ့ ရောဂါတစ်ခု ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။
သူတို့အားလုံးက မျက်လုံးထဲမှာ လင်းဖြာနေတဲ့ အကြည့်တစ်ခုနဲ့ အတင်းစကားကို နားစွင့် ထားလိုက်ကြတယ်။
[အဲ့လိုပြောလို့ ဒီလောက်များပြားတဲ့ မောင်းမတွေက ဒီလို အသက်ရှူသံ သုံးလေးချက်လောက်ကို____ ဘယ်လိုများ သည်းခံနိုင်တာလဲ]
[နေအုံး___ ငါဘာတွေ့လိုက်တာ]
[အဆင့်လေး အကြီးအကဲရဲ့ မိန်းမက တကယ်တော့ မိန်းမတွေကို ကြိုက်နေတာပဲ]
[ဘုရားရေ.. သူက အဆင့်လေး အကြီးအကဲရဲ့ မောင်းမတိုင်းနဲ့ ချစ်မှုရေးရာကိစ္စတွေ ရှိသတဲ့]
[အဟက်_ _ အခုတောင်မှ သူတို့တွေက အချင်းချင်း ပတ်သက်နေကြလေရဲ့ ~ ~ စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ]
…