အခန်း ၁၉
Vol. 2 Ch. 19
အပိုင်း (၁၉)
ကောင်းကင်ကလာတဲ့ အသံကို ကြားလိုက်အပြီးမှာ အဆင့်လေး အကြီးအကဲဆီက ဖိအားတွေက ရုတ်တရက် ဆိုသလို ဗြောင်းဆန်သွားခဲ့တယ်။
ပိုင်ကျစ်ယွင်က အပြင်လောကလာတဲ့ အသံကို မကြားနိုင်မှန်း သူ သိပေမဲ့ သူ့မျက်နှာက နီရဲသွားပြီး သူ့မျက်လုံးထဲမှာ ဒေါသတွေ ဖျတ်ခနဲ လက်လာတော့တယ်။
သူ မလုပ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။
သူ... သူက သူ့ကျင့်ကြံရေးကို ထိခိုက်မှာစိုးလို့ ဖြူဖြူစင်စင်နဲ့ အဲဒီအရာကို စွဲစွဲလမ်းလမ်း မလုပ်ချင်ခဲ့တာ။
အပြင်ကလာတဲ့ ဒီအသံက နာမည်ဖျက်နေတာပဲ။
သူစိတ်ထဲမှာ အပြင်ကလာတဲ့အသံကို ကပျာကယာနဲ့ ငြင်းဆိုဖို့ ပြင်လိုက်ပေမဲ့ ထူဆန်းတဲ့အသံရဲ့ နောက်စကားတစ်ခွန်းက သူ့ကို နေရာမှာတင် အေးခဲသွားစေတော့တယ်။
သူ့မျက်လုံးထဲမှာလည်း ဒေါသနဲ့ ဇဝေဇဝါဖြစ်သွားတဲ့ အရိပ်တစ်ခု ဖြစ်သွားပြီး သူ့ပုံက တုံးအသွားသလို ဖြစ်နေတော့တယ်။
[အဆင့်လေး အကြီးအကဲရဲ့ မိန်းမက တကယ်တော့ မိန်းမတွေကို ကြိုက်နေတာတဲ့]
[ဘုရားရေ သူက အဆင့်လေးအကြီးအကဲရဲ့ မောင်းမတိုင်းနဲ့ ချစ်မှုရေးရာ ကိစ္စတွေ ရှိသတဲ့]
ကောင်းကင်က လာတဲ့ အသံက ဘာပြောလိုက်တယ်။ သူ့မိန်းမနဲ့ သူ့မောင်းမတွေက ချစ်မှုရေးရာကိစ္စတွေ ရှိတယ် ဟုတ်လား။
ဘယ်လိုဖြစ်နိုင်မှာလဲ...
ပုဝမ်က သူ့ကို အရမ်းချစ်လွန်းလို့မှ သူနဲ့ ကျင့်ကြံရေးအဆင့် တူတာတောင် တောင်ထွတ်အတွင်းပိုင်းရဲ့ အနောက်ဖက်ခြံထဲမှာ သူ့ကို ပြုစုစောင့်ရှောက် ကူပြီးတော့ ချန်းကျွမ်တောင်ထွတ်ကိုလည်း သေချာစောင့်ရှောက် ပေးလာတာလေ။
သူမရဲ့ စောင့်ရှောက်မှုအောက်မှာ မောင်းမတွေက ထူးထူးခြားခြား လိုက်လျောညီထွေစွာ နေတတ်ပြီးတော့ မနာလိုဖြစ်တဲ့အမှုကြောင့် အချင်းချင်း နာမည်ဖျက်ကြတဲ့ကိစ္စတွေလည်း လုံးဝ မရှိခဲ့ဘူး။
ပုဝမ် ရှိနေလို့ပေါ့။ သူ့မှာ စိတ်အေးအေးနဲ့ ဒီလိုအချိန် အကြာကြီး ကျင့်ကြံနေနိုင်ခဲ့တာ။
ဒါပေမဲ့ အဆင့်လေး အကြီးအကဲက သူကိုယ့်သူ ဘယ်လိုပဲ နှစ်သိမ့် နေပါစေ။ ပုဝမ်အပေါ် သူရဲ့သံသယတွေက ဖြည်းဖြည်းချင်း ကြီးမားလာတော့တယ်။
သူက အချိန်အကြာကြီး သီးသန့်ကျင့်ကြံလာခဲ့ပေမဲ့လည်း အပြင်လောကရဲ့အသံ ရှိနေတာကိုတော့ သတိထားမိခဲ့ပြီး အပြင်လောကလာတဲ့အသံက ကောင်းကင်တာအိုနဲ့ ပတ်သက်နေတယ်ဆိုတာ သူသိထားတယ်။ သူပေါ်လာပြီဆိုရင် သူပြောလိုက်သမျှက ဘယ်တော့မှ မှားယွင်းတယ် ဆိုတာ မရှိဘူး။
နောက်ပြီးတော့... အခု ပြန်စဥ်းစားကြည့်လိုက်တော့ သူ့ရဲ့ မောင်းမတွေ အားလုံးက ပုဝမ်နဲ့ တော်တော် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိတာပဲ။
ဥပမာ သူရဲ့ ချစ်လှစွာသော နံပါတ်သုံး မောင်းမက ပုဝမ်အကြောင်းကို မကြာခဏ ဆိုသလို ထုတ်ပြောတတ်တယ်။
အဆင့်လေး အကြီးအကဲက ပြန်ပြီး စဥ်းစားမိလေလေ သူ့ရဲ့မျက်နှာက ပိုပြီးတော့ မည်းမှောင်လာလေလေ ဖြစ်နေတော့တယ်။
[အခု သူ့မိန်းမက သူရဲ့ နံပါတ်သုံးမောင်းမနဲ့ ပွတ်သပ်ကျီစယ်နေတာတဲ့~ ~]
[ကြေးမုံပြင်ကြီးကို အရောင်တင်ရတာ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတာပဲ]
အပြင်လောကက လာတဲ့အသံက ကုလားအုတ် ကျောကုန်းကို ကျိုးသွားစေမဲ့ နောက်ဆုံးကောက်ရိုးနဲ့ တူနေတော့တယ်။ သူက ဒါကို ဆက်ပြီး သည်းမခံနိုင်တော့ဘဲ ထရပ်လိုက်ကာ ချန်းကျွမ်တောင်ထိပ်ဆီကို ပျံသန်းသွားခဲ့တယ်။
စူးလီက ခန်းမရဲ့ဝင်ပေါက်ကို ရောက်သွားတာနဲ့ချက်ချင်း အဆင့်လေး အကြီးအကဲက အလျင်စလို ထွက်သွားတာကို မြင်လိုက်ရတယ်။
သူမက ကြောင်အန်းအန်းနဲ့ သူမရဲ့ သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ပိတ်လိုက်ပြီး သူမရဲ့ ဘေးက လူကို သိလိုစိတ်နဲ့ မေးလိုက်တယ်။
“အဆင့်လေး အကြီးအကဲက ဘာလို့ ဒီလောက် အလျင်စလိုနဲ့ ထွက်ပြေးသွားတာလဲ။ သူ့ အိမ်မှာ တစ်ခုခု ဖြစ်နေလို့လား”
ပိုင်ရှို့ တောင်သခင်က စူးလီရဲ့ ကျင့်ကြံခြင်းအဆင့်ကို တစ်ချက်ကြည့်လိုက်ပြီး နားလည်စွာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ သူ့ရဲ့ ချီကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အပြင်လောက အသံကို ဘယ်ကြားနိုင်ပါ့မလဲ။ ဒီတော့ ဘာတွေဖြစ်သွားလဲဆိုတာကို သူ မသိတာ သဘာဝကျပါတယ်။
သူမက ကိုယ်ကို ညွှတ်လိုက်ပြီး စူးလီကို တိုးတိုးလေး ပြောပြလိုက်တယ်။
“အဆင့်လေး အကြီးအကဲကလေ သူရဲ့ အိမ်နောက်ဖေးမှာ မီးလောင်နေပြီ။ ငါတို့တွေတော့ မယားခိုးတစ်ယောက်ကို ဖမ်းဖို့ မြန်မြန်သွားမှဖြစ်မယ်”
ဒီအဆင့်လေး အကြီးအကဲက အမျိုးသမီး ကျင့်ကြံသူတွေကို အမြဲတမ်း အထင်သေးတာလေ။ အခုတော့ သူ့အိမ်နောက်ဖေးမှာ မီးလောင်နေပြီတဲ့။ တကယ်ကို ကျေနပ်စရာပါပဲ။
ပိုင်ရှို့ တောင်ထွတ်သခင်က မတ်တတ်ရပ်လိုက်ပြီး သူ့မျက်လုံးထဲမှာတော့ သိလိုစိတ်အပြည့် ဖြစ်နေတယ်။ ဒီလောက်ကြီးမားတဲ့ သတင်းကို သိတဲ့သူက ဘယ်လိုဖြစ်ပြီး သူတစ်ယောက်တည်း ဖြစ်နေတာလဲ။ နောက်ပြီး သူက လက်ကို ဖြန့်လိုက်ပြီး ဆက်သွယ်ရေးပစ္စည်း အခုနှစ်ဆယ်လောက်ကို ထုတ်လိုက်ကာ မိတ်ဆွေတိုင်းကို အသိပေးဖို့ ကြိုးစားလေတော့တယ်။
“နင်တို့တွေ ဖရဲသီး စားချင်ရင် ချန်းကျွမ်ဂိုဏ်းကို လာခဲ့ကြ”
ပိုင်ရှို့ တောင်ထွတ်သခင်ရဲ့ အဖြေကို ကြားလိုက်ရပြီးနောက်မှာ စူးလီက ရုတ်တရက်ဆိုသလို အလင်းပွင့်သွားပြီး ခေါင်းညိတ်လိုက်တယ်။ ကြည့်ရတာ အဆင့်လေး အကြီးအကဲက ထင်သလောက် တုံးအတဲ့သူ မဟုတ်ဘူးပဲ။ သူက သူ့မိန်းမနဲ့ မောင်းမတွေကြားမှာ တစ်ခုခု လွဲနေတယ်ဆိုတာ သိသွားပြီ။
သူမက လက်တစ်ဖက်နဲ့ မေးထောက်ထားလိုက်ပြီး သူမရဲ့မျက်လုံးတွေ ထဲမှာလည်း စိတ်ဝင်စားမှုအပြည့် ဖြစ်နေတော့တယ်။ ဒါပေါ့... ဒီလို သတင်းကြီးမျိုးဆိုတာ တိုက်ရိုက်ကြည့်ရှုဖို့ စိတ်ဝင်စားစရာ အကောင်းဆုံးပဲ။
စူးလီက ပွဲကြည့်ဖို့ အခွင့်အရေး မလွတ်စေရ ဆိုတဲ့ စည်းမျဥ်းကို လိုက်နာလိုက်ပြီး ဖျတ်ခနဲ ချန်းကျွမ်တောင်ထွတ်မှာ ပေါ်လာတော့တယ်။ ဒီအချိန်မှာတော့ အဆင့်လေး အကြီးအကဲက တံခါးရှေ့မှာ ရပ်နေပြီး သူ့မျက်လုံးထဲမှာလည်း သစ္စာဖောက်ခံရလို့ ထိတ်လန့်မှု အပြည့် ဖြစ်နေတယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကလည်း ဒေါသကြောင့် တုန်ယင်နေတော့တယ်။
အိမ်ထဲမှာတော့ ပုဝမ်က သူမရဲ့ရှည်လျားတဲ့ ဆံနွယ်တွေကို ချည်နှောင်ထားပြီး အနီရင့်ရောင် ညဝတ်အင်္ကျီကို ဝတ်ဆင်ထားတယ်။ သူမရဲ့ သူရဲကောင်းဆန်တဲ့ မျက်လုံးတွေက မဆုံးနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေတဲ့ပုံပဲ။
သူမက အဆင့်လေး အကြီးအကဲ ပြုလုပ်လိုက်တဲ့ ဆူညံသံတွေကို လုံးဝ ဂရုမစိုက်ဘူး။ သူမက ညာဘက်လက်ကို အသုံးပြုလိုက်ပြီးတော့ သူမရဲ့ ရင်ခွင်ထဲကလူရဲ့ မျက်ခုံးမွှေးကို အသာအယာ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီးဆွဲပေး နေလိုက်တယ်။
မျက်ခုံးမွှေး ဆွဲပြီးသွားတော့ သူမက သူမရင်ခွင်ထဲကလူရဲ့ ဖြူဖျော့နေတဲ့ မျက်နှာလေးကို ကြည့်လိုက်ပြီး သူမရဲ့ နဖူးကို အသာအယာ အနမ်းပေးလိုက်ကာ သူမကို ညင်ညင်သာသာ နှစ်သိမ့်ပေးလိုက်တယ်။
“မကြောက်နဲ့ နော်”
သူမရဲ့လှုပ်ရှားမှု ဆက်တိုက်ကို ကြည့်လိုက်ပြီး အဆင့်လေး အကြီးအကဲက တံခါးမှာ ရပ်နေရင်းက ဒေါသထွက်လွန်းလို့ သူ့ရင်ဘတ်ကို အုပ်ထားကာ စကားမပြောနိုင်အောင် ဖြစ်သွားတယ်။
“မင်း...”
ပုဝမ်က သူ့မရဲ့ လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ ရင်ခွင်ထဲက လူအပေါ်မှာ ကာကွယ်ရေးကြိုးထုံးကို ထည့်ထားပေးလိုက်တယ်။ အဲဒီနောက်တော့ ကိုယ်ကိုလှည့်ပြီး အေးတိအေးစက် ရှုတ်ချတဲ့အကြည့်နဲ့ အဆင့်လေးအကြီးအကဲကို ကြည့်လိုက်တယ်။
“ လွီကျွမ်းကျိ ရှင်ရဲ့ဖိအားတွေကို ပြန်သိမ်း လိုက်စမ်း။ ရှင် လင်းအာကို ကြောက်လန့်အောင် လုပ်နေမိပြီ ဆိုတာ မသိဘူးလား”
“မင်း တကယ်.. တကယ်ပဲ သူ့ကို အဲ့လိုကောင်းကောင်းမွန်မွန် ဆက်ဆံတာလား”
အဆင့်လေး အကြီးအကဲက ဒေါသထွက်သွားတယ်။ ဒါပေမဲ့ တစ်ချိန်ထဲမှာပဲ သူ မသိလိုက်တဲ့ ဝမ်းနည်းခြင်းတစ်ခုကို ခံစားလိုက် ရတယ်။
ပုဝမ်က အမြဲတမ်း သီးသန့်နေတတ်ပြီး ရယ်မောတာကို မကြိုက်ဘူးလို့ သူက ထင်ထားခဲ့တာ။ ဒီတော့ သူက သူမကို အရမ်းချစ်ရတာတောင် သူမကို ကျေနပ်ဝမ်းသာစေရအောင် ဘယ်လိုလုပ်ပေးရမယ် ဆိုတာ မသိနိုင်သေးဘူး။
သူက သူမရဲ့ စိတ်ကူးယဥ်မဆန်တတ်တဲ့ ခံစားချက်ကိုတောင် တိတ်တိတ်လေး မုန်းတီးနေမိသေးတယ်။
မျှော်လင့်မထားဘဲနဲ့ သူ အခုမှ နားလည်လိုက်တယ်။ သူမ ကျေနပ်ပျော်ရွှင်စေချင်တဲ့သူက သူမှ မဟုတ်တာ။
“ရှင် ပြသာနာ ရှာလို့ ပြီးပြီလား”
ပုဝမ်က သူ့မေးခွန်းကို ကြားလိုက်ရတဲ့အချိန်မှာ မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး သူမရဲ့လက်ကို အထင်သေးတဲ့ဟန်နဲ့ ဝေ့ယမ်း လိုက်တယ်။
“ရှင် ပြသာနာ ရှာလို့ ဝသွားရင် ထွက်သွားတော့”
လွီကျွမ်းကျိက သူမ လှုပ်ရှားလိုက်တဲ့အတွက် လည်ပင်းပေါ်မှာ ပေါ်လာတဲ့ အမှတ်အသားတွေကို ကြည့်လိုက်မိတယ်။ သူ့မျက်လုံးတွေက ရုတ်ခြည်းဆိုသလို နီရဲသွားပြီး ဘာအသံကိုမှ မကြားနိုင်အောင် ဖြစ်သွားတော့တယ်။
သူ့ခန္ဓာကိုယ်ထဲက ဝိညာဥ်စွမ်းအင်တွေက ရုတ်တရက် ပေါက်ထွက်လာပြီး ပတ်ဝန်းကျင်မှာလည်း ရုတ်တရက် ဆိုသလို ပြင်းထန်တဲ့ ဝိညာဥ်စွမ်းအားတွေ ပြည့်နှက်သွားခဲ့တယ်။
စူးလီက စောင့်ကြည့် နေလိုက်တယ်။ လွီကျွမ်းကျိက သူရဲ့ ဝိညာဥ်စွမ်းအင်တွေကို အချိန်အကြာကြီး အသုံးပြုလာခဲ့တာတောင် ပုဝမ်ကို လုံးဝ အနာတရ မဖြစ်စေတဲ့အပြင် ပုဝမ်ကတော့ မောင်းမကို စိတ်အေးသွားအောင် အချော့တောင်မပျက်ဘူး။ သူမက အထင်သေးတဲ့ဟန်နဲ့ ခေါင်းခါလိုက်တယ်။
“အဆင့်လေး အကြီးအကဲက ဘာတစ်ခုမှ မလုပ်နိုင်တဲ့ပုံစံမျိုး ဘာလို့ ဖြစ်နေတာလဲ”
သူမ စကားဆုံးသွားတာနဲ့ချက်ချင်း ကျင့်ကြံရေးလောထဲက ကွာစေ့တွေ အပြည့်ဖြစ်နေတဲ့ လက်တစ်ဖက်က ဆန့်တန်းလာတယ်။ ဒီလက်ပိုင်ရှင်က ခေါင်းညိတ် ထောက်ခံလိုက်တယ်။
“တာအိုရောင်းရင်းက သေသေချာချာ ကို သုံးသပ်ထားတာပဲ”
စူးလီက ခေါင်းကို လှည့်ကြည့်လိုက်တော့ အခုလေးတင်မှရောက်လာတဲ့ ပိုင်ရှို့တောင်ထွတ် သခင်ကို တွေ့လိုက်ရတယ်။ သူက ပွဲကြည့်နေသလို အဝေးကနေ ကြည့်နေရင်းက သူရဲ့ လက်တစ်ဖက်ကလည်း ကွာစေ့တွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ခွာနေလိုက်တယ်။
သူက ပိုင်ရှို့တောင်ထွတ်သခင်ရဲ့ လက်ထဲက ကွာစေ့တွေကို ကောက်ယူလိုက်တဲ့အချိန်မှာပဲ ရုတ်တရက် သိလိုက်ရတယ်။ ပတ်ဝန်းကျင်မှာ လူတွေအများကြီး ရှိနေတဲ့ပုံပါလား။
အားလုံးကလည်း စိတ်လှုပ်ရှားနေကြတဲ့ပုံပဲ။ သူတို့ရဲ့ မျက်လုံးတွေထဲမှာ ဖရဲသီးစားရင်းနဲ့ စိတ်လှုပ်ရှားတဲ့ပုံ အပြည့်ဖြစ်နေတယ်။
ထင်ထားတဲ့အတိုင်းပဲ။ ကျင့်ကြံရေး လောကရဲ့ နေရာတိုင်းမှာ တူညီတဲ့စိတ်ဝင်စားတဲ့အရာတွေ ရှိနေကြတဲ့လူတွေ ရှိကြတာပဲ။
လွီကျွမ်းကျိကလည်း ဒီလူတွေ ရှိနေတာကို သတိထား မိလိုက်တယ်။ သူက သူ့ရဲ့မဖြစ်စလောက် ဆင်ခြေတုံတရားကို ပြန်ထိန်းသိမ်းထားလိုက်ပြီး အားလုံးကို မြန်မြန် ထွက်သွားဖို့ ပြောတော့မဲ့အချိန်မှာပဲ သူ့ရဲ့ နံပါတ်ငါးမြောက် မောင်းမ ဟွားချင်က မျက်နှာပေါ်မှာ စိုးရိမ်တကြီး အကြည့်တွေနဲ့ သူရှိရာဘက်ကို ပြေးလာတာ တွေ့လိုက်ရတယ်။
သူ့ အမူအရာက အနည်းငယ် ပြေလျော့သွားပြီး သူရဲ့ အရှိန်အဝါတွေကို သိမ်းထားလိုက်တယ်။ သူရဲ့ မြင့်မြတ်တဲ့ သဘောထားတစ်ခုကို ဆောင်ထားလိုက်ပြီး ဟွားချင် သူ့ရင်ခွင်ထဲ ပြေးဝင်အလာကို စောင့်နေလိုက်တယ်။
အဲ့ဒီနောက်မှာတော့____ ဟွားချင်က သူ့ကိုတောင် လှည့်မကြည့်ဘဲ ဖြတ်လျှောက်သွားပြီး ပုဝမ်ဆီကို တည့်တည့် ဦးတည်သွားလေတယ်။
ဟွားချင်က သူမရဲ့လက်တွေနဲ့ ပုဝမ်ရဲ့မျက်နှာကို ထိကိုင် ထားလိုက်တယ်။ သူမရဲ့ မျက်ရည်လည်နေတဲ့မျက်ဝန်းတွေထဲမှာ စိုးရိမ်စိတ်တွေ ဖုံးလွှမ်းနေတယ်။
“သခင်မ ရှင် အဆင်ပြေရဲ့လား”
ပုဝမ်က လက်ကို ဆန့်ထုတ်လိုက်ပြီး ဆံပင်ကို သူ့မရဲ့ နားနောက်မှာ ညှပ်ပေးလိုက်တယ်။ အဲ့ဒီနောက်တော့ သိုလှောင်အိတ်ထဲက ဝတ်ရုံတစ်ခုကို ဆွဲထုတ်လိုက်ပြီး သူမရဲ့ကိုယ်ပေါ်မှာ ဂရုတစိုက်နဲ့ ခြုံပေးလိုက်တယ်။ သူမရဲ့ အသံကလည်း အပြစ်တင်ဟန်မပါဘဲ သက်ပြင်း ချလိုက်တယ်။
“နေကောင်းသေးတာလဲ မဟုတ်ဘဲနဲ့၊ အဲ့လောက် အမြန်ကြီး မပြေးပါနဲ့”
ဟွားချင်က မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး လက်တစ်ဖက်နဲ့ သူမရဲ့ဝတ်ရုံကို ကိုင်ထားလိုက်တယ်။ ပုဝမ် ဒဏ်ရာမရတာကို မြင်လိုက်ရပြီး နောက်မှာတော့ သူမရဲ့နှုတ်ခမ်းထောင့်လေးတွေက ကွေးတက်သွားနိုင်တော့တယ်။
“သခင်မ အဆင်ပြေလို့ ကျွန်မ ဝမ်းသာရပါတယ်”
[ဘုရားရေ ပုဝမ်နဲ့ ဒီမောင်းမတွေက တကယ့်ကို ဆက်ဆံရေး ကောင်းတာပဲ]
ဒီအချိန်မှာပဲ ဖရဲသီး စားဖို့ အားတက်သရောဖြစ်နေတဲ့ စူးလီက မစောင့်နိုင်ဘဲ ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တော့တယ်။
[ကြည့်ပါအုံးမယ် ဒီဆက်ဆံရေးက ဘာဖြစ်လို့ ဒီလို ဖြစ်သွား___]
[ဟင်__ ပုဝမ်က တစ်ခါတုန်းက ဟွားချင်ကို ကယ်ခဲ့ဖူးတာကိုး၊ ပုဝမ်နဲ့ ပိုပြီးတော့ နီးကပ်ချင်တဲ့အတွက် ဟွားချင်က လွီကျွမ်းကျိရဲ့မောင်းမ လိုလိုလားလား လုပ်ခဲ့တာကိုး]
[အဟက်___ လွီကျွမ်းကျိက ဟွားချင်ကို တစ်ကြိမ်လေးတောင် မထိလိုက်ရတဲ့အပြင် သူက ချစ်သူလုဖက် တစ်ယောက်ကို ဆယ်နှစ်ကျော်ကြာအောင် အလကား သက်သက် ကျွေးမွေး ထားခဲ့တာပဲ]
[ဒီလို ကြည့်လိုက်တော့လည်း လွီကျွမ်းကျိက ချစ်သူတွေကို နောက်ဆုံး လက်ထပ်ခွင့်ရအောင် ကူညီပေးခဲ့တဲ့ လူကောင်းတစ်ယောက်ပဲ]
ဒီအချိန်မှာတော့ လွီကျွမ်းကျိရဲ့လက်ထဲက တံခါးရွက်က ရုတ်တရက် ဆိုသလို ပြာတွေ ဖြစ်သွားပြီး သူ့မျက်လုံးထဲမှာလည်း ကျီစယ်ခံရတဲ့အတွက် ဒေါသအပြည့် ဖြစ်သွားတော့တယ်။
ဘယ်ကလာမှန်းမသိတဲ အသံကို ကြားလိုက်ရတဲ့ ပုဝမ်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်နေဆဲပဲ။ သူမက ဟွားချင်ကို မတက်သာဘဲ ချစ်ရပါတဲ့ အကြည့်နဲ့ ကြည့်နေလိုက်တယ်။ ဒါကိုမြင်ရတော့ လွီကျွမ်းကျိက ပိုပြီးတော့ မွှန်ထူဖြစ်သွားခဲ့တယ်။
“ပုဝမ်၊ ဟွားချင်၊ မင်းတို့တွေ တကယ်ပဲ...”
သူ့စကား မဆုံးခင်မှာပဲ ကောင်းကင်ကအသံ ဖြတ်ပြောတာ ခံလိုက်ရတယ်။
[ဘုရားရေ ဒီမောင်းမတွေ အားလုံးထဲမှာ ဘယ်သူကမှ လွီကျွမ်းကျိကို တကယ်ချစ်တဲ့သူ မပါဘူးပဲ။ သူတို့တွေက သူနဲ့ လိုလိုလားလား နေလာခဲ့တယ် ဆိုတာကလည်း အားလုံးက ပုဝမ်ကြောင့်ပဲ]
[ဟုတ်တာပေါ့... လွီကျွမ်းကျိရဲ့လှုပ်ရှားမှု အကြိမ် နည်းနည်းလောက်လေးနဲ့တော့ လူတွေက သူကို သဘောကျဖို့ ခက်ခဲပါတယ်လေ... ဟုတ်ယ်မလား]
လွီကျွမ်းကျိက ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ သူရဲ့ ဝိညာဥ်စွမ်းအင်တွေကို အသုံးချပြီးတော့ ပုဝမ်ကို တိုက်ခိုက်လေတော့တယ်။
ပုဝမ်က သူမရဲ့လက်ကို အသာအယာ ဝေ့ယမ်းလိုက်ပြီး ဝိညာဥ်စွမ်းအင်းတွေ အားလုံးကို သူ့ဆီ ပြန်ပို့လိုက်တယ်။
စူးလီ အစက ထင်ထားခဲ့တာတော့ ဒီလူနှစ်ယောက်က စိတ်လှုပ်ရှားစရာ ကောင်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်တော့မယ်ပေါ့။ ဒါပေမဲ့ မထင်ထားပဲနဲ့ ပုဝမ်က တိုက်ခိုက်နေရင်းနဲ့ ဟွားချင်နဲ့ လင်းအာတို့ကို ကာကွယ် ပေးနိုင်ခဲ့တယ်။ လက်ဖက်ရည် ပန်းကန်တစ်ဝက် သောက်ပြီးတဲ့ အချိန်လောက်မှာပဲ သူမက လွီကျွမ်းကျိကို ဆိုးဆိုးရွားရွား ရိုက်နှက်ပြစ်လိုက်ပြီး သူ့မှာ ပြန်တိုက်ခိုက်ဖို့ ဘာအစွမ်းမှ မရှိတော့အောင် ဖြစ်သွားခဲ့တယ်။
သူမက အသေအလဲ အရိုက်ခံထားရတဲ့ လွီကျွမ်းကျိကို ကြည့်လိုက်ပြီး စိတ်ထဲမှာ တိတ်တိတ်ကလေး သက်ပြင်းချလိုက်တယ်။
[ဒီလွီကျွမ်းကျိ က အဲ့လောက်တော့ အားမနည်းသင့်ဘူး မဟုတ်လား]
ချန်းကျွမ်တောင်ထွတ်မှာ ပွဲကြည့်နေတဲ့ အကြီးအကဲတွေနဲ့ တောင်ထွတ် သခင်တွေက တစ်ပြိုက်နက်တည်း ခေါင်းညိတ်လိုက်ကြတယ်။
အဆင့်လေးအကြီးအကဲက သူ့မိသားစုရဲ့ အထောက်အပံ့ကိုယူပြီး ဒီအဆင့်ထိ ရောက်အောင် ဆေးလုံးတွေအများကြီး သုံးခဲ့တယ် ဆိုတာကိုပဲ သူတို့က သိထားခဲ့ကြတာ။
ငါ့အထင်တော့ ငါ့ရဲ့ ကျင့်ကြံရေးအဆင့်က အဲ့လောက်မခိုင်မာဘူး ဆိုရင်တောင်မှ ဒီလောက်တော့ အားနည်းလိမ့်မယ်လို့ မထင်ဘူး။
ဒါပေမဲ့ ပုဝမ်ရဲ့ အရည်အချင်းတွေနဲ့ ဆိုရင်တော့ သူမအတွက် အကြီးအကဲ တစ်ယောက် ဖြစ်လာဖို့ လုံလောက်တယ်။ ဒါနဲ့များ သူမက ဘာဖြစ်လို့ အဆင့်လေး အကြီးအကဲရဲ့ မိန်းမလုပ်ဖို့ ဆန္ဒ ရှိခဲ့တာလဲ။
အားလုံးက စိတ်ထဲမှာ တိတ်တိတ်ကလေး စဥ်းစားနေတဲ့ အချိန်မှာပဲ လွီကျွမ်းကျိက မြေကြီးပေါ်ကို ကန်ထုတ်ခံလိုက်ရတော့တယ်။
သူက လက်တစ်ဖက်နဲ့ ဒဏ်ရာကို ကိုင်ထားပြီး ပုဝမ်က သူ့ကို ဒီလိုရိုက်နှက်ခဲ့တာကို မယုံကြည် နိုင်အောင် ဖြစ်နေတော့တယ်။ တုန်ယင်နေတဲ့ နှုတ်ခမ်းတွေနဲ့ သူက ပြောလိုက်တယ်။
“ပုဝမ် မင်းက အတင့်ရဲလို့ ငါကို နာကျင်အောင် လုပ်ရဲတယ်ပေါ့”
“ငါ မင်းနဲ့ ကွာရှင်းမယ်”
သူက သွေးတွေကို အန်ထုတ်လိုက်ပြီး ဆက်သွယ်ရေး ကိရိယာကို ထုတ်လိုက်ပြီးတော့ ပုဝမ် ရှေ့မှာ ခြိမ်းခြောက်နေတော့တယ်။
“ငါ့ရဲ့ လွီမိသားစုကို အသိပေးတာကို စောင့်နေလိုက်၊ ငါ့အဖေက ငါ့အတွက် ဆုံးဖြတ်ချက် ချပေးလိမ့်မယ်၊ ဒီလိုဆိုရင်တော့ မင်းက လွီမိသားစုရဲ့ အမဲလိုက်ခံရတာကို စောင့်နေယုံပဲ ရှိတော့မှာပေါ့”
ပုဝမ် ကတော့ ကြောက်လန့်တကြားဖြစ်သွားတဲ့ ဟွားချင်ကို ချော့မော့နေရင်းက သူ့ကိုတောင် မကြည့်ဘဲနဲ့ သူ့စကားတွေကို နားထောင်နေတယ်။
ဒီလိုမြင်လိုက်ရတော့ လွီကျွမ်းကျိက ဆက်သွယ်ရေးကိရိယာကို ခပ်ကြမ်းကြမ်း ဖိချေလိုက်ပြီး တစ်ဖက်ကလူကို အော်ပြောလိုက်တယ်။
“အဖေရေ ပုဝမ်က ကျွန်တော်ကို ရိုက်တယ်ဗျ”
တစ်ဖက်က အသံက ကျက်သရေရှိဟန် ပေါ်ပေမဲ့ စိတ်မရှည်နဲ့ အရိပ်အယောင်တစ်ခု ပါနေတယ်။
“လင်မယားတွေ ကြားမှာ ဒီလို ပွတ်တိုက်မှု ဖြစ်တာ ပုံမှန်ပဲ၊ စိတ်ရှည်လိုက်ပေါ့”
လွီကျွမ်းကျိခမျာ သူ့အဖေက ဒီလိုပြန်ဖြေလာမယ်လို့ ထင်မထားခဲ့ဘူး။ သူက နေရာမှာတင် ကြောင်အန်းအန်းနဲ့ ရပ်နေမိတော့တယ်။
သူ့အဖေက သူ့ကို အချစ်ဆုံး မဟုတ်ဘူးလား။
သတိပြန်ဝင်လာတဲ့ အခါမှာတော့ သူက ချက်ချင်းပဲ ညည်းညူပြောဆိုတော့တယ်။
“ အဖေ ပုဝမ်ကလေ ကျွန်တော့်အပေါ် သစ္စာမရှိဘူးဗျ။ သူက ကျွန်တော်ရဲ့မောင်းမတွေနဲ့တောင် ချစ်မှုရေးရာကိစ္စတွေ ရှိနေသေးတယ်”
လွီကျွမ်းကျိရဲ့အဖေက အနောက်ဆောင်က ဒီလိုအသေးအဖွဲ့ကိစ္စကြောင့် သူ့ကို ရှာတာ ဖြစ်နေတာကို ကြားလိုက်ရတဲ့အချိန်မှာ သူက စိတ်မရှည်တဲ့အသံကို ဆက်ပြီး ဖုံးကွယ်မထားတော့ဘူး။
“ မင်းတို့က တစ်မိသားစုတည်း သားချင်းတွေပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မရှင်းမလင်းစရာ ဘာရှိလို့လဲ”
သူသာ အရင်တုန်းက ပုဝမ်ကို မကူညီခဲ့ဘူးဆိုရင် လွီကျွမ်းကျိရဲ့ အရည်အချင်းနဲ့ ဉာဏ်ရည်နဲ့တော့ ပုဝမ်က သူ့ကို ဘယ်လိုလုပ်ပြီး စိတ်ဝင်စားမှာလဲ။
နှစ်ရှည်လများ ချမ်းသာကြွယ်ဝလာပြီးတဲ့နောက်မှာ လွီမိသားစုက အခြေအနေ ကျဆင်းလာခဲ့တယ်။ ဘာနောက်ခံမှ မရှိတဲ့ပုဝမ်လို သာမန်ကျင့်ကြံသူ တစ်ယောက်ကို ရရှိဖို့တောင်မှ ခပ်ရှားရှားရယ်ပါ။ လွီကျွမ်းကျိက ဘာလို့များ အခုအထိ အဲ့လောက် ချေးများ နေသေးတာလဲ။
ဒါက လင်မယားကြားက အသေးအဖွဲ့ကိစ္စပဲ မဟုတ်ဘူးလား။ ဒါက နည်းနည်းပါးပါး ထူးခြားတဲ့ အကြိုက်ကလေးပဲ မဟုတ်ဘူးလား။ သူက ဒါတွေကိုတောင် သည်းမခံနိုင်ဘူးတဲ့လား။
ဒီကလေးကတော့ တကယ်ကို အလိုလိုက်ခံထားရလို့ ဘာမှမသိတာပဲ။
...