အခန်း ၂၂
Vol. 2 Ch. 22
အပိုင်း (၂၂)
လုကျင်းဟွိုင်ရဲ့ ကျန်ရစ်နေတဲ့ချီမွမ်းစကားက ဘယ်ကလာမှန်းမသိတဲ့အသံကြောင့် ပြန်ပြီးတော့ မျိုချခံလိုက်ရတယ်။
သူက အံ့သြနေတဲ့ဟန်ကို မျိုသိပ်ထားပြီး နဉ်ယိကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ မျက်ခုံးတစ်ချက်တွန့်ကာ အကြည့်လွှဲလိုက်တော့တယ်။
အပြင်လောကကလာတဲ့အသံက သူကအားနည်းတယ်ဆိုတဲ့ အကြောင်းဘယ်လိုလုပ် သိခဲ့တာလဲ။ သူက တော်တော်လေး အားကောင်းတယ် မဟုတ်လား။
ဒါပေမဲ့လည်း လူတစ်ယောက်ကို သူရဲ့အပေါ်ယံ ရုပ်ရည်ကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာကလည်း အမှန်ပဲ။ ဘယ်သူကထင်ထားမှာလဲ တကယ်တော့ နဉ်ယိက...
လုကျင်းဟွိုင်ဘေးက တောင်ထွတ်သခင်တွေနဲ့ အကြီးအကဲတွေက ယခင်က သူတို့ထားရှိခဲ့တဲ့ ကြင်နာတတ်တဲ့သဘောထားနဲ့ နဉ်ယိကို မကြည့်ကြတော့ပဲ အေးစက်စက်အရိပ်တစ်ခုနဲ့သာ ကြည့်နေကြတော့တယ်။
ကျင့်ကြံရေးလောကထဲမှာ ခွန်အားကသာ လေးစားခံရပြီး အချစ်ကတော့ တန်ဖိုးထားမခံရဘူးလေ။
တကယ်လို့များ နဉ်ယိက အချစ်ကို စွဲလမ်းမက်မောနေတဲ့ရုပ်ကို ပြသနေတာမဟုတ်ခဲ့ရင်၊ သူက ဟိုဒင်းဟိုဟာကိစ္စကို စွဲလမ်းနေမှန်း သိနေတာမျိုးမဟုတ်ခဲ့ရင် အလွန်ဆုံး သူတို့တွေကသူကို ရာဂစိတ်နဲ့ တပ်မက်မှုစိတ်တွေ ပြည့်နေတဲ့ သူတစ်ယောက်လို့ပဲမှတ်ယူပြီး သက်ပြင်းချရုံပဲရှိတာပေါ့။
ဒါပေမဲ့ သူကတော့ နာမည်ကောင်းကိုလိုချင်နေတာ မဖြစ်သင့်ဘူးလေ။ ဒီအပြင် အဲဒီနာမည်ကို အသုံးချပြီး မတော်မတရားကိစ္စတွေကို လုပ်နေတာလည်း မဖြစ်သင့်ဘူးပေါ့။
သူတို့နောက်ကတပည့်တွေရဲ့ မျက်နှာအမူအရာကလည်း အများကြီးပိုသိသာနေပြီး သူတို့အားလုံးက မှင်တက်အံ့သြနေတဲ့ရုပ်မျိုး ဖြစ်သွားကြတော့တယ်။
သိတယ်မဟုတ်လား။ သူတို့တွေကခြောက်နှစ် ခုနှစ်နှစ်လုံးလုံး ယွင်ရှောင်ရဲ့အချစ်ဇာတ်လမ်းအပေါ်မှာ နဉ်ယိရဲ့ ဦးနှောက်ဆေး ခံထားရတာလေ။
တပည့်အားလုံးက တောင်ထွတ်ကို ဝင်လာတဲ့အချိန်ကျရင် ပထမဦးဆုံးကြားရတဲ့အရာက တောင်ထွတ်ရဲ့စည်းကမ်း ဖြစ်ပြီး ဒုတိယကြားရတဲ့အရာက သူတို့ရဲ့အချစ်ဇာတ်လမ်းတွေအကြောင်းပဲ။ အခုဆိုရင် သူတို့ရဲ့ အချစ်ဇာတ်လမ်းကြောင့် စိတ်ထဲမှာစွဲထင်သွားပြီး သူတို့နှစ်ယောက်အကြောင်းကို သီးခြားဇာတ်လမ်းရေးကြတဲ့ တပည့်တွေတောင် ရှိနေကြပြီ။
နဉ်ယိရဲ့အကျင့်စရိုက်အမှန်ကို သိရှိလိုက်ရတာက သူတို့အတွက် မိုးကြိုးပစ်သလို ဖြစ်နေတော့တယ်။ အထူးသဖြင့် အမျိုးသမီးကျင့်ကြံသူတချို့အတွက်ပေါ့။
နဉ်ယိက ခေါင်းငုံထားပေမဲ့လည်း လူအုပ်ကြီးရဲ့ဆူးချွန်လိုဖြစ်နေတဲ့ အကြည့်တွေကို ခံစားနေရတုန်းပဲ။
သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူ့မျက်လုံးထဲမှာလည်း ပျာယာခတ်တဲ့အရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။ ပိုင်ကျစ်ယွင်ရောက်လာတာနဲ့ ကောင်းကင်ကအသံကလည်း နောက်ကချက်ချင်း လိုက်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့မိဘူး။
ဒီအပြင်ကလာတယ်ဆိုတဲ့အသံက သူ့မှာတခြားလုပ်စရာအလုပ်တွေ မရှိတော့ဘူးလား။
စူးလီက သူမဘေးကလူတွေရဲ့ မျက်နှာအမူအရာကိုလုံးဝ သတိမထားမိဘူး။ သူမက ကောင်းကင်စာအုပ်ထဲက စကားလုံးတွေကိုပဲ အာရုံစိုက်ပြီး ဖတ်နေလိုက်တယ်။
[ဒီတော့ ဒီဆန်ကုန်မြေလေးဆိုတဲ့အကောင်က တစ်စုံတစ်ယောက်နဲ့ ဟိုဒင်းဟိုဟာပြုပြီးတိုင်း သူ့ဘောင်းဘီကို ဆွဲတင်ပြီးရင် ပထမဦးဆုံး ပြောလိုက်တဲ့စကားက ကိုယ် မနေ့က အမှားလုပ်ခဲ့မိတယ်။ မင်းကို သူနဲ့မှားယွင်းခဲ့မိတာပါ တဲ့လား]
[သူက အဖြစ်အပျက်ကို ပြောင်းပြန်လှန်ပြီးတော့တောင် ပြောလိုက်သေးတယ်။ တစ်ဖက်လူက ယွင်ရှောင်ရဲ့ အဝတ်အစားကို တမင်တကာဝတ်ပြီး သူ့ကို မှားယွင်းအောင် လုပ်နေတာလို့ပေါ့။ သူတို့တွေက ယွင်ရှောင်အတွက် စိတ်မကောင်းဖြစ်သတဲ့လား]
[အမလေးနော်.. သူတို့အားလုံးက ဂိုဏ်းသားဝတ်စုံကို ဝတ်ထားရတာပဲ။ သူတို့တွေက တစ်ပုံစံတည်း မဝတ်ရင် ဘာဝတ်ရမှာလဲ]
အားလုံးက သူ့ကို ရွံ့ရှာသလိုနဲ့ ကြည့်လိုက်ကြတယ်။ ရွှင့်ချန်ဂိုဏ်းမှာ ဒီလိုတပည့်တစ်ယောက် ရှိတာကတော့ တော်တော်လေးကံဆိုးတာပဲ။
နဉ်ယိက သူ့ပတ်ဝန်းကျင်မှာ မာကျောအေးခဲတဲ့အကြည့်တွေကို ဆက်တိုက်ခံစားနေရပြီး သူရဲ့စိတ်ထဲမှာတော့ သူ့ဟာသူ ပြန်ပြီးနှစ်သိမ့်နေလိုက်တယ်။
နောက်ဆုံး ဒါက သူ့ရဲ့ကိုယ်ပိုင် ကိုယ်ကျင့်တရားပဲ။ သူတို့တွေက သိတော့ရော ဘာဖြစ်လဲ။
ဒါက မိန်းမတွေနဲ့ အိပ်ရုံသက်သက်ပဲလေ။ သူက ဘယ်တုန်းကမှ သူတို့ကိုဖိအားပေးခဲ့တာမျိုး မရှိခဲ့ဘူး။ ဒီတော့ သူ့မှာ ဘယ်သူ့ကိုမှ တာဝန်ယူစရာ မလိုဘူးပေါ့။
အပြင်လောကကအသံက ဆက်ပြီးတော့ပြောလိုက်တယ်။
[သူက ဘာလို့များ သရုပ်ဆောင်နေရတာကို အရမ်းကြိုက်နေလဲ မသိတော့ပါဘူး။ ကြည့်ရတာ ဟန်ဆောင်နေတာကနေ အကျိုးအမြတ်ကြီး ရခဲ့ပုံပေါ်တယ်]
[မသင်္ကာစရာရှိရင်လည်း ယွင်ရှောင် အကြောင်းပြောတယ်။ သူစိမ်းတစ်ယောက်နဲ့ တွေ့ရင်လည်း ယွင်ရှောင်အကြောင်းပဲ အရင်ဆုံး ပြောတယ်။ လင်းပေါင်နဲ့တွေ့ရင်လည်း ယွင်ရှောင်က ဒီလိုတဲ့...]
[အကြောင်းသိတဲ့လူတွေကတော့ ယွင်ရှောင်ကသူရဲ့ ရည်းစားဟောင်းပဲ သိကြတာပေါ့။ အကြောင်းမသိတဲ့လူတွေကတော့ ယွင်ရှောင်က သူရဲ့ဘိုးဘေးလို့တောင် ထင်သွားကြအုံးမယ်]
[ကြည့်လိုက်ပါအုံးမယ်... အစတုန်းက ယွင်ရှောင်ကို တပည့်အဖြစ် လက်ခံမဲ့ အဆင့်ငါးအကြီးအကဲဆိုတာလည်း ရှိသေးတယ်တဲ့... ကျွတ် ကျွတ်... သူက နဉ်ယိကို ပစ္စည်းကောင်းတွေ အများကြီး ပေးထားတာပဲ]
တပည့်တွေထဲကတစ်ယောက်က သတိပြန်ဝင်လာပြီး ရူတ်တရက် သဘောပေါက်သွားတဲ့ပုံစံနဲ့ နဉ်ယိကို ကြည့်လိုက်တယ်။
အစတုန်းကတော့ နဉ်ယိက ချစ်ခြင်းတရားအပေါ် သစ္စာရှိပါတယ်ဆိုတဲ့ နာမည်ကောင်းကို ယူချင်ခဲ့တာလို့ပဲ ထင်ထားကြတာ၊ ဒါပေမဲ့အခု ဒီအကြောင်းကို ပြန်စဥ်းစားကြည့်လိုက်တော့ သူရလိုက်တာက ဂုဏ်သတင်းဆိုတာထက် အများကြီး ပိုများနေတာပဲ။
တာဝန်တွေကို ဆောင်ရွက်ကြတဲ့အချိန်တိုင်း တချို့အမျိုးသမီးတပည့်တွေက နဉ်ယိအကြောင်းကို သိပြီး သူ့ကို မကြာခဏဆိုသလို ပစ္စည်းတွေပေးတက်တယ်။
ဂိုဏ်းထဲအဆောင်စာရွက်ကို လုပ်တဲ့နေရာမှာအတော်ဆုံးဖြစ်တဲ့ အဆင့်ငါးအကြီးအကဲကလည်း ရှိသေးတယ်။ သူ့ကျင့်ကြံခြင်းအဆင့်က အရမ်းကို မြင့်မားပြီး သူ ပုံမှန်ကိုင်ထားတတ်တဲ့ အဆောင်စာရွက်တစ်ခုက မရေမတွက်နိုင်တဲ့သူတွေကို သူ့နောက်လိုက်လာအောင် ဆွဲဆောင်နိုင်တယ်။
ဒါပေမဲ့ အဆင့်ငါးအကြီးအကဲက သဘာဝအားဖြင့် သီးသန့်နေတတ်ပြီး အလွန်မြင့်မားတဲ့ စံနှုန်းတစ်ခု ထားရှိတယ်။ ယွင်ရှောင်က လွဲရင် ဘယ်သူကမှ သူမရဲ့မျက်လုံးထဲကို မဝင်နိုင်ခဲ့ဘူး။
နဉ်ယိက သူရဲ့ ချစ်ခြင်းတရားအပေါ် သစ္စာရှိပါတယ်ဆိုတဲ့ နာမည်ကို အသုံးချပြီး အဆင့်ငါးအကြီးအကဲနဲ့ အဆက်အသွယ် ရအောင်လုပ်ခဲ့တယ်။
အားလုံးက နဉ်ယိကို ပြစ်တင်ရှုတ်ချနေတုန်းမှာပဲ အပြင်လောကအသံတစ်ခုက နဉ်ယိနဲ့ ယွင်ရှောင်တို့ကြားက ဆက်ဆံရေးကို ရုတ်တရက် စိတ်ဝင်စားလာတဲ့ပုံပေါ်တယ်။
[နဉ်ယိက ယွင်ရှောင်ကို တကယ်ပဲချစ်ခဲ့တာလား။ ငါတော့ အဲ့လို မထင်ဘူး]
[အဲဒီအကြောင်းကို ရှာကြည့်လိုက်___]
နဉ်ယိရဲ့မျက်နှာက ရုတ်ခြည်းဆိုသလို ဖြူဆုတ်သွားပြီး ကပျာကယာနဲ့ ခေါင်းမော့ကြည့်လိုက်တယ်။
''ဂိုဏ်းချုပ်ကြီး၊ အကြီးအကဲတို့ ကျွန်တော်ချန်းကျွမ်တောင်ထွတ်မှာ အရေးကြီးကိစ္စလေး ရုတ်တရက် သတိရလာလို့ပါ''
[ဟင် တကယ်ကျတော့ ယွင်ရှောင်က နဉ်ယိသတ်တာ ခံလိုက်ရတာပဲ]
အားလုံး : !!!
တောင်ထွတ်ရဲ့တပည့်တွေနောက်က အခုလေးတင်လိုက်ပါလာတဲ့ တပည့်ကို ဆုံးရှုံးလိုက်ရတဲ့ ဝမ်းနည်းစိတ်ကို ဆုပ်ကိုင်ထားသေးတဲ့ အဆင့်ငါးအကြီးအကဲက လော့ရှူးတောင်ထွတ်ကို အချိန်ကိုက် ရောက်လာခဲ့တယ်။
လွန်ခဲ့တဲ့ခုနှစ်နှစ်တုန်းက ယွင်ရှောင်နဲ့ ကျောက်လင်းယွမ်တို့က လျှို့ဝှက်နယ်မြေထဲကို တစ်ချိန်တည်း အတူတူဝင်သွားခဲ့တယ်။ သူတို့တွေက သီခြားလေ့လာနေကြတုန်းမှာ ယွင်ရှောင်က ဝိညာဥ်သားရဲကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရတယ်။ အခြေအနေက အရေးပေါ်ဖြစ်လာတဲ့အချိန်မှာ သူမက ကျောက်လင်းယွမ်ကို အကူအညီလှမ်းတောင်းခဲ့တယ်။
အဲ့အချိန်တုန်းက ဝိညာဥ်သားရဲကောင်ရဲ့ အရည်အသွေးကို ဆန်းစစ်ကြည့်ရင် ကျောက်လင်းယွမ်နဲ့ ယွင်ရှောင်တို့ ပူးပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင် သူတို့တွေက သူ့ကိုမနိုင်ခဲ့ရင်တောင် အနည်းဆုံးတော့ အထိအခိုက်မရှိဘဲ လွတ်မြောက်နိုင်ခဲ့သေးတယ်။
ဒါပေမဲ့ မနာလိုစိတ်ကြောင့်ကျောက်လင်းယွမ်က ယွင်ရှောင်ရဲ့အချက်ပေးသံကို လစ်လျူရှုထားပြီး သူမကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် ဖြစ်သွားစေခဲ့တယ်။ အဲ့ဒီနောက်မှာတော့ များပြားလှတဲ့ ဝိညာဥ်သားကောင်တွေရဲ့ ပိတ်ဆို့ခြင်းခံလိုက်ရပြီး စားသောက်ခြင်းခံလိုက်ရတော့တယ်။
နဉ်ယိက ဒီကိစ္စမှာ သူနဲ့ဘာမှမပတ်သက်ဘူးပေါ့။ သူက ဘယ်လိုလုပ်ပြီး ယွင်ရှောင်ကို သတ်နိုင်မှာလဲ။
အပြင်လောကကလာတဲ့အသံက သက်ပြင်းချသံတစ်ခုနဲ့အတူ အားလုံးရဲ့သံသယတွေကို အဖြေထုတ်ပေးလိုက်တယ်။
[ယွင်ရှောင်က ပထမဦးဆုံးဆက်သွယ်ခဲ့တဲ့သူက နဉ်ယိ ဖြစ်နေတာပဲ]
[နဉ်ယိက ယွင်ရှောင်ပို့လိုက်တဲ့ အဆောင်စာရွက်ကြောင့် ရောက်လာပေမဲ့ သူက ယွင်ရှောင်ကို ချက်ချင်း မကယ်ပေးခဲ့ဘူး။ အဲ့ဒီအစား ဝိညာဥ်သားရဲကောင် စောင့်ရှောက်ထားတဲ့ အဆင့်ခုနှစ် လင်ရွေ့ရှန်းလန်ကို အရင်ဆုံးခူးလိုက်တယ်]
[ဝိညာဥ်သားရဲကောင်က ဒါကိုသတိထားမိတဲ့နောက်မှာတော့ သောင်းကျန်းတာပေါ့။ နဉ်ယိက လင်ရွေ့ရှန်းလန်ကို သူတစ်ယောက်တည်း စားချင်တာမလို့ ယွင်ရှောင်နဲ့ ဝိညာဥ်သားရဲကောင်တို့ နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်တဲ့အထိ လွှတ်ထားခဲ့တယ်။ နောက်ဆုံးမှ အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး ယွင်ရှောင်ရဲ့ကိုယ်ပေါ်မှာ စိတ်ရိုင်းဝင်စေတဲ့အမှုန့်ကို ဖြန်းပေးလိုက်ပြီး သူမကို လာစားမဲ့ မရေမတွက်နိုင်တဲ့ ဝိညာဥ်သားရဲကောင်တွေကို ဆွဲဆောင်လိုက်တော့တယ်]
[ယွင်ရှောင်က ဝိညာဥ်သားရဲကောင်နဲ့ တိုက်ခိုက်နေတုန်း ကျောက်လင်းယွမ်ဆီကိုလည်း အဆောင်စာရွက် ပို့လိုက်သေးတယ် ဒါပေမဲ့ နဉ်ယိဖြတ်တားတာကို ခံလိုက်ရတယ်]
[အကူအညီခေါ်တာကို လက်မခံရရှိခဲ့တဲ့ ကျောက်လင်းယွမ်က သူရဲ့ကိုယ်စား အပြစ်ခံရတဲ့သူ ဖြစ်လာတော့တယ်]
စူးလီက သက်ပြင်းမချဘဲ မနေနိုင်တော့ဘူး။
[နဉ်ယိလို လူကျင့်ဝတ်စည်းမျဉ်းကို ချိုးဖောက်တဲ့ အယုတ်တမာကောင်နဲ့ ဆက်ဆံနေရတဲ့ ရွှင့်ချန်ဂိုဏ်းက အတော်ကို ကံဆိုးတာပဲ]
စူးလီက ဖရဲသီးအားလုံးကို စားလို့ပြီးခါနီးမှာတော့ နောက်ဆုံး ခေါင်းကို ထောင်ကြည့်လိုက်တယ်။ လုကျင်းဟွိုင်ရဲ့ သက်ပြင်းချနေပုံနဲ့ အားလုံးရဲ့ ထောက်ခံနေပုံကို စဉ်းစားကြည့်လိုက်တော့ သူမရဲ့ မျက်လုံးထဲမှာ ထူးထူးခြားခြား ရှုပ်ထွေးသွားတော့တယ်။
"သူ့ကို တကယ်ပဲ အချစ်နာကျနေတဲ့လူလို့ ထင်နေကြတာလား"
အားလုံးက တပြိုင်တည်း ခေါင်းခါလိုက်တယ်။ လုကျင်းဟွိုင်က ပြတ်ပြတ်သားသား ပြောလိုက်တော့တယ်။
"ဘယ်ဟုတ်ပါ့မလဲ"
သူ့မျက်လုံးထဲမှာ တည်ကြည်လေးနက်ပြီး ဒေါသရိပ်တွေက နှစ်ခုစလုံး ရောယှက်ပြီး ပြည်နှက်နေတော့တယ်။
"မျက်နှာကို ကြည့်လိုက်တာနဲ့ သူက အကြံအစည်များပြီး ဆိုးယုတ်တဲ့ လူတစ်ယောက်ပဲဆိုတာ ရှင်းနေတာပဲ"
ရွှင့်ချန်ဂိုဏ်းက တပည့်တွေကို အန္တရာယ်ပေးတတ်တဲ့ ဒီလိုလူယုတ်မာမျိုးကို ဘယ်တော့မှ လက်ခံလေ့မရှိဘူး။
ဒီစကားကိုကြားလိုက်ရတော့ စူးလီက မော့ပြီး သူ့ကို လှမ်းကြည့်လိုက်တယ်။ အဲဒီနောက်တော့ မသိမသာ ခေါင်းညိတ်လိုက်တယ်။ သူတို့တွေက ငါထင်ထားသလောက်တော့ တုံးအတဲ့ပုံ မပေါ်ဘူး။
ဒီအခိုက်အတန့်မှာပဲ လောကကြီးကို ပျက်စီးသွားစေနိုင်တဲ့ ဝိညာဉ်စွမ်းအင်က နဉ်ယိဆီကို တစ်ဟုန်ထိုး ပြေးဝင်သွားတော့တယ်။
နဉ်ယိလုပ်ထားခဲ့သမျှကို ပြောပြနေတဲ့ အပြင်လောကကအသံကို ကြားပြီးတဲ့နောက်မှာတော့ အဆင့်ငါးအကြီးအကဲက နဉ်ယိကို အဲဒီနေရာမှာ ချက်ချင်း ချိပ်ပိတ်ထားလိုက်ပြီး ဝိညာဉ်ထိန်းချုပ်တဲ့အဆောင်စာရွက်နဲ့ သူ့ကို ရက်ရက်စက်စက် တိုက်ခိုက်တော့တယ်။
ဒီတိုက်ကွက်ကို ခုခံပေးနိုင်မဲ့လူအများအပြား ရှိနေပေမဲ့လည်း ဘယ်သူကမှ တားမြစ်ဖို့စိတ်ကူး မရှိကြဘူး။
ယောက်တန်း တောင်ထွတ်သခင်က နဉ်ယိကို နှမြောတသစိတ်နဲ့ ကြည့်နေတုန်းမှာပဲ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အဆင့်မြင့်အဆောင် စာရွက်တစ်ခုကို ကပ်ထားခံလိုက်ရတာကို တွေ့လိုက်ရတော့တယ်။
အဆင့်ငါးအကြီးအကဲရဲ့ဒေါသက ပိုပြီးတော့တောင် ပြင်းထန်လာခဲ့တယ်။ ဒီတစ်ခါ သူမရဲ့ တိုက်ခိုက်မှုကို ခုခံတဲ့နေရာမှာ နဉ်ယိသုံးလိုက်တဲ့ အဆောင်စာရွက်က သူမ တစ်ခါကပေးခဲ့ဖူးတဲ့ အဆောင်စာရွက် ဖြစ်နေတယ်။
သူမက အံကြိတ်လိုက်ပြီး နဉ်ယိကို တစ်လုံးချင်းစီ ပြောလိုက်တော့တယ်။
"အဲဒီတုန်းက ယွင်ရှောင်ကို သတ်ခဲ့တာ မင်း ပေါ့လေ"
သူမရဲ့အချစ်ရဆုံးတပည့်ကို သတ်ခဲ့တာပဲ။
နဉ်ယိက ခေါင်းမော့ကြည့်လိုက်တယ်။ အပြင်လောကကအသံက သူ လုပ်ခဲ့သမျှအရာအားလုံးကို ထုတ်ပြောလိုက်တဲ့အတွက် သူ့မှာ ကြောက်စရာဆိုတာ မရှိတော့ဘူး။
သူတို့ သိသွားတယ်ဆိုရင်တောင် ဒါက လွန်ခဲ့တဲ့၇နှစ်တုန်းကပဲ။ သူကလည်း ဒီကိစ္စကို ရှင်းလင်းဖို့ သေသေချာချာ လုပ်ထားခဲ့တာ သူတို့တွေက သက်သေရှာနိုင်မယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။
ဒီလိုစဉ်းစားလိုက်ပြီး သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ဘာမှကိုမသိတဲ့ အပြစ်ကင်းတဲ့ အမူအရာတစ်ခုကို ထုတ်ပြဖို့ ကိုယ်ဟာကိုယ် ဖိအားပေးလိုက်တယ်။ အဲဒီနောက်တော့ တုန်ယင်နေတဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"အဆင့်ငါးအကြီးအကဲ အကြီးအကဲပြောနေတာတွေကို ကျနော် မသိပါဘူး"
"အကြီးအကဲက မြင့်မြတ်တဲ့အဆင့်အတန်းတစ်ခု ပိုင်ဆိုင်ထားတဲ့သူဆိုပေမဲ့ သက်သေမရှိဘဲနဲ့ တပည့်တစ်ယောက်ကိုတော့ မှားယွင်းစွပ်စွဲလို့ မရဘူးလေ။ ဟုတ်တယ်မလား"
နဉ်ယိက မားမားမတ်မတ် ရပ်နေလိုက်တယ်။ နဉ်မိသားစုဆိုတာ ကျင့်ကြံရေးလောကထဲမှာ အခုမှတက်လာတဲ့ အသစ်စက်စက် မိသားစုတွေထဲက တစ်ခုပါ။ သူတို့တွေက လုမိသားစုလို အထင်ကရမိသားစုနဲ့လည်း လက်ဆက်ထားပြီး ကျင့်ကြံရေးလောကထဲမှာ ကြီးမားတဲ့ လွှမ်းမိုးမှုတစ်ခု ရှိခဲ့တယ်။ သူဟာ ဆိုရင်လည်း နဉ်မိသားစုရဲ့ ဆက်ခံသူတစ်ယောက်ဖြစ်ပြီး အဆင့်လေးအကြီးအကဲရဲ့ တပည့်ရင်းတစ်ယောက်လည်း ဖြစ်တယ်။
တိကျတဲ့သက်သေ မရှိသရွေ့ တယောက်ယောက်က သူလုပ်ခဲ့တဲ့အရာတွေကို ပြောဆိုတယ်ဆိုရင်တောင် ဘာအရေးကြီးမှာလဲ။ ရွှင့်ချန်ဂိုဏ်းက သက်သေသာရကမရှိဘဲနဲ့ လွန်ခဲ့တဲ့၇နှစ်တုန်းက ဆုံးပါးသွားတဲ့ တပည့်တစ်ယောက်အတွက် နဉ်မိသားစုနဲ့ လုမိသားစုကို ပြစ်မှားရဲမှာတဲ့လား။
အဆင့်ငါးအကြီးအကဲရဲ့မျက်နှာက ဖြူဆုတ်သွားခဲ့တယ်။ ယွင်ရှောင် ဆုံးပါးသွားတဲ့သတင်းကို ပထမဦးဆုံး ကြားလိုက်တုန်းက သူမက အဆင့်အမြင့်ဆုံး အချိန်နောက်ပြန်သွားနိုင်တဲ့ အဆောင်စာရွက်တစ်ခုကို သုံးခဲ့ပြီး သူမရဲ့သေဆုံးမှုကို သေချာမြင်ခဲ့ရတယ်။
အဲဒီမြင်ကွင်းထဲမှာ သူမက ဝိညာဉ်သားရဲကောင် တစ်ကောင်ရဲ့ စားသောက်နေတာကို ခံရပြီး သိပ်မဝေးလှတဲ့နေရာမှာတော့ ဆက်သွယ်ရေးပစ္စည်းတစ်ခုက ကျလို့နေတယ်။
ဒီအတွက်ကြောင့်ပဲ ဂိုဏ်းက ယွင်ရှောင် သေဆုံးမှုနဲ့ပတ်သက်ပြီး အချိန်မီလာမကူညီပေးခဲ့တဲ့ ကျောက်လင်းယွမ်ကို အပြစ်ပေးခဲ့တယ်။
သူမက အေးစက်တဲ့မျက်နှာထားတစ်ခုနဲ့ ကျောချမ်းဖွယ်ရာအသံတစ်ခုနဲ့ ပြောလိုက်တယ်။
"စိတ်ဝိညာဉ်ကို ရှာဖွေပြီးသွားရင်တော့ သက်သေတစ်ခုရှိလာမှာ မဟုတ်လား"
"အဆင့်ငါးအကြီးအကဲ ဘာတွေလုပ်နေတာလဲ"
သတင်းကို ကြားလိုက်ပြီးတဲ့အခါမှာတော့ အဆင့်လေးအကြီးအကဲက ကျင့်ကြံနေတဲ့ဟာကို ပစ်ထားခဲ့ပြီး အလောတကြီး ရောက်လာတော့တယ်။
"ခင်ဗျားက အကြောင်းအရင်းမရှိတပည့်ရဲ့ စိတ်ဝိညာဉ်ကို ရှာဖွေချင်တယ် ဟုတ်လား"
"စိတ်ဝိညာဉ်ရှာဖွေခြင်းက ဝိညာဉ်စွမ်းအင်သိစိတ်အပေါ် ဆိုးကျိုးသက်ရောက်မှုရှိမှာကို အားလုံး ကသိထားကြတယ်။ အရေးကြီးကိစ္စတွေနဲ့ ပြင်းထန်တဲ့ကိစ္စတွေမှာ ဒါက လူတစ်ယောက်ကို သူတို့ရဲ့ကျင့်ကြံရေးအဆင့် တသက်တာလုံးဆက်ပြီး တိုးမတက်လာအောင် တားဆီးထားနိုင်တယ်။
သူက ဖြစ်ပျက်ခဲ့သမျှကို သိပြီးရဲ့သားနဲ့ ထောင်လွှားတဲ့သဘောထားတစ်ခု ရှိနေသေးတယ်။
"သက်သေမရှိဘာမရှိနဲ့ ဘယ်သူမှ ကျုပ်ရဲ့တပည့်ကို ထိလို့မရဘူး"
သူ့စကားဆုံးသွားတာနဲ့ သူက နဉ်ယိကို လက်ဝေ့ပြလိုက်တယ်။
"ဒီကိုလာခဲ့... ချန်းကျွမ်တောင်ထွတ်ကို ငါနဲ့ ပြန်လိုက်ခဲ့"
နဉ်မိသားစုက ကလေးကို ကာကွယ်ပေးရမယ်လို့ သူ့အဖေက သူ့ကို မှာထားတယ်လေ။ အဲလိုမှမဟုတ်ဘူးဆိုရင် သူက နဉ်ယိကို ဘာလို့ သူ့တပည့်အရင်းအဖြစ် လက်ခံခဲ့မှာလဲ။ လုကျင်းဟွိုင်က တင်းမာတဲ့မျက်နှာထားတစ်ခု ဖြစ်သွားတော့တယ်။ ဒီကိစ္စက ဖြစ်သွားခဲ့တာ ၇နှစ်တောင်ရှိသွားပြီ။ ဂိုဏ်းကလည်းပဲ အဲဒီအချိန်တုန်းက ဘာမှထူးခြားတဲ့ကိစ္စကို သတိမထားခဲ့မိဘူး။ ဒါနဲ့များ အခုကျမှ သက်သေကိုရှာတွေ့ဖို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
နဉ်မိသားစုနဲ့ လုမိသားစုတို့လို အထင်ကရမိသားစုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တကယ်လို့များ သက်သေမရှိခဲ့ဘူးဆိုရင် သူတို့တွေက နဉ်ယိကို လုပ်နိုင်တာဘာမှမရှိဘူး။
ဒီအချိန်မှာပဲ ပွဲကို ပျော်ပျော်ကြီးကြည့်နေတဲ့ စူးလီက တစ်ခုခုကို ရုတ်တရက် စဉ်းစားမိသွားဟန်တူတယ်။
အဲဒီအချိန်တုန်းက သူမက လော့ရှူးတောင်ထွတ်ကို သံယောဇဉ်နည်းနည်းရှိတဲ့ပုံပဲ။ ဘာဖြစ်လို့လဲဆိုတော့....
[ငါ မှတ်မိပြီ လော့ရှူးတောင်ထွတ်မှာ နှစ်တစ်ထောင် ဝိညာဉ်ပြန်ခေါ်တဲ့ မြက်ပင်တစ်ပင်ရှိတယ်လေ။ ဒီမြက်ပင်က ဆုံးပါးသွားပြီးသားစိတ်ဝိညာဉ်တွေကို ပြန်ခေါ်နိုင်တယ်တဲ့ ဟုတ်လားတော့မသိဘူး]
[နစ်နာသူရဲ့စကားလောက် ပိုပြီးတိကျတဲ့ သတင်းမျိုးရှိသေးလို့လား]
အဆင့်ငါးအကြီးအကဲရဲ့ မျက်လုံးတွေက လင်းလက်သွားတော့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ပြန်ပြီး မှေးမှိန်သွားပြန်တယ်။ တခြားသူတွေရဲ့ အမူအရာကလည်း ထိုနည်းအတိုင်း ဖြစ်လေတော့တယ်။
လီဟွားဆေးပင်က ကျင့်ကြံရေးလောကမှာ အင်မတန်မှရှားပါးပြီး အင်မတန်မှ မြင့်မြတ်တဲ့ဆေးပင် ဖြစ်တယ်။
ပိုဆိုးတာက သူက နှစ်သက်တမ်းဝိညာဉ်ဆေးပင်လေ။ သူက ဉာဏ်ရည်လည်းတိုးတက်လာသလို ရွေ့လျားသွားလာနိုင်ပြီး ကိုယ့်ဟာကိုလည်း ပုန်းအောင်းနေနိုင်တယ်။
နေရာတစ်ခုဖန်တီးပြီးလည်း ပုန်းအောင်းနေနိုင်တယ်။ အစွမ်းရှိတဲ့ ဟင်းလင်းပြင်ခွင်း ဆရာသခင်တစ်ယောက်ကတောင် သူ့ကို အာရုံခံနိုင်မယ်မထင်ဘူး။
မဟုတ်လို့ရှိရင် သူက လော့ရှူးတောင်ထွတ်မှာ နှစ်ပေါင်းတစ်ထောင်နီးပါးနေလာခဲ့ပြီး အခုအချိန်အထိ သူ့ကို ဘယ်သူမှ ဘာလို့မတွေ့နိုင်တာလဲ။
လုကျင်းဟွိုင်က ကူကယ်ရာမဲ့သွားကာ သက်ပြင်းချလိုက်တော့တယ်။ မျှော်လင့်ချက်က နီးမလိုလိုနဲ့ ဝေးသွားတဲ့ ခံစားချက်က သူ့ကို အင်မတန်မှ နေမထိထိုင်မသာ ဖြစ်သွားစေတော့တယ်။
တခြားသူတွေကလည်း ကူကယ်ရာမဲ့သွားသလို မျက်မှောင်ကျုံ့ပြီး သက်ပြင်းချလိုက်ကြတယ်။ သူတို့တွေက သူတို့ရဲ့ဂိုဏ်းတူတပည့်ကို သတ်သွားတဲ့နဉ်ယိကို ဒီအတိုင်းပဲ ကြည့်နေရပြီး အပြစ်မပေးနိုင်ဘဲ ဖြစ်နေရတော့မှာလား။
ဒီအချိန်မှာဘဲ ပေါင်းမြက်တစ်ရွက်နဲ့မခြားတဲ့ သစ်ရွက်တစ်ရွက်က စူးလီရဲ့ခြေထောက်မှာ ဂရုတစိုက်နဲ့ လာပြီးပွတ်သပ်နေတာကို ဘယ်သူမှ သတိမထားလိုက်မိကြဘူး။
…