အခန်း ၂၃
Vol. 2 Ch. 23
အပိုင်း (၂၃)
အဆင့်လေးအကြီးအကဲက မျက်မှောင်ကြုတ်ပြီး မခံမရပ်နိုင်ဖြစ်နေကြတဲ့ သူတွေကို ကြည့်လိုက်ပြီး ကိုယ့်ဟာကို ဟုတ်လှပြီးအထင်နဲ့ ပြောလိုက်တယ်။
"မင်းတို့တွေက ဘာသက်သေမှ မထုတ်ပြနိုင်ဘူးဆိုတော့ ငါက ငါ့တပည့်တွေကိုခေါ်ပြီး ထွက်သွားတော့မယ်”
သူက အဲလိုပြောလိုက်ရင်း အဆင့်ငါးအကြီးအကဲကို ရန်လိုတဲ့အကြည့်နဲ့ လှမ်းကြည့်လိုက်တယ်။ သူတို့နှစ်ယောက်စလုံးက အကြီးကဲတွေ ဖြစ်ကြပေမဲ့ ဒီအဆင့်ငါးအကြီးအကဲကတော့ အမြဲတမ်း မျက်နှာပေါ်မှာ အေးတိအေးစက်အမူအရာနဲ့ သူမက သူ့ကို ကြည့်နေတတ်တယ်။ နှုတ်ဆက်စကားတောင် မပြောတတ်ဘူး။ သူက သူ့ရဲ့ကိုယ်ပိုင်မိသားစုနောက်ခံကိုတောင်မှ ပြန်လှည့်ကြည့်ဖို့ စိတ်ထဲတောင်ရှိတာ မဟုတ်ဘူး။
သူ့မှာနည်းနည်းလေး ပိုကောင်းတဲ့ပါရမီလေး ပိုင်ဆိုင်ထားရုံလောက်ပဲ မလား။ သူမက သူနဲ့ ဘယ်လိုလုပ်ပြီးယှဉ်နိုင်မှာလဲ။
သူ့တပည့်က အမှားလုပ်ခဲ့တဲ့သူမှန်း အားလုံးက သိနေရင်တောင် သူမက သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးဆိုတာကို သူမကို သိစေချင်တယ်။
အဆင့်လေးအကြီးအကဲက မျက်နှာပေါ်မှာ ဘဝင်ခိုက်နေတဲ့ရုပ်တစ်ခုနဲ့ နဉ်ယိကို ခေါ်သွားတော့မဲ့ဆဲဆဲမှာပဲ စူးလီက ကိုယ်ကို ညွတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ မြေကြီးပေါ်က မြက်တစ်ပင်ကို ဆွဲနှုတ်လိုက်တယ်။
သူမက မြက်ပင်ကို ဖမ်းဆုပ်လိုက်တာနဲ့ မြက်ပင်လေးက သူမရဲ့လက်ပေါ်မှာ ဝမ်းသာအား ရလူးလှိမ့်နေပြီး မြက်ပင်လေးရဲ့ အဝါရောင်ဖျော့ဖျော့ အမှတ်အသားတွေက သူမရဲ့ လက်ချောင်းဖျားထိပ်နားမှာ နှစ်လိုဖွယ်မြောက်ပင့်နေဟန် ပွတ်သပ်နေတော့တယ်။ ဖုံးကွယ်နေခဲ့တဲ့ ဝိညာဉ်စွမ်းအားတွေက အခုတော့ အပြည့်အဝ ပေါ်ထွက်လာပြီးတော့ သူမကို ဝန်းရံလို့နေတယ်။
အားလုံးက ဒီမြင်ကွင်းကို အထိတ်တလန့်နဲ့ ကြည့်နေကြပြီး သူတို့ရဲ့မျက်လုံးထဲမှာ မယုံကြည်နိုင်မှု အပြည့်ဖြစ်နေလေတယ်။
ထွက်သွားတော့မဲ့ဆဲဆဲဖြစ်နေတဲ့ အဆင့်လေးအကြီးအကဲက စိတ်မပါတဲ့ပုံနဲ့ သူ့မျက်လုံးတွေကို ပွတ်လိုက်တယ်။ ဒီမြက်ပင်ရဲ့အရောင်အဝါက ဘာဖြစ်လို့များ ဒဏ္ဍာရီထဲက လင်းဟွမ်မြက်ပင်နဲ့ အရမ်းကို ဆင်တူနေတာလဲ။
ဒီအမျိုးသမီးကျင့်ကြံသူက ဘယ်သူများလဲ။ လော့ရှူးတောင်ထွတ်မှာ နှစ်တစ်ထောင်ချီအောင် ပုန်းကွယ်နေခဲ့တဲ့ လင်းဟွမ်မြက်ပင်ကို သူက နည်းနည်းလောက်လှုပ်ရှားလိုက်ရုံနဲ့ ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ။
ကံကောင်းချက်ကလဲ အံ့ဩဖွယ်ရာပဲ။
စူးလီကတော့ သူတို့စဉ်းစားနေတဲ့အကြောင်းအရာကို မသိလေဘူး။ သူမက သူမရဲ့လက်ထဲမှာ ဆက်တိုက်ပွတ်သပ်နေတဲ့ မြက်ပင်ကို ကြည့်လိုက်ပြီး ခပ်တိုးတိုး သက်ပြင်းချလိုက်တယ်။ ဒီမြက်ပင်က ကြည့်ရုံနဲ့တင် အရသာရှိမဲ့ပုံလဲ မပေါ်ဘူး။ ငါ့ရဲ့အိတ်လေးကို အမြတ်တစ်ခုရစေမဲ့ ဒီလိုစိတ်ဝိညာဉ် ရတနာပစ္စည်းတွေနဲ့ ပြည့်နေပြီသား။ ငါ ဒီပစ္စည်းကို တကယ်ပဲ ဆက်ပြီး မသိမ်းထားနိုင်တော့ဘူး။
သူမက ခေါင်းကိုငုံ့လိုက်ပြီး သူမရဲ့လက်ထဲကမြက်ပင်ကို အားလုံးဆီကို ပစ်ပေးလိုက်တော့တယ်။
"လင်းဟွမ်မြက်ပင်၊ ယူချင်တဲ့သူများ ရှိသလား”
အဆင့်ငါးအကြီးအကဲက သူမရဲ့လှုပ်ရှားဟန်တွေကို စောင့်ကြည့်နေလိုက်ပြီး တုန်တုန်ယင်ယင်နဲ့ သူ့လက်ကို ဆန်ထုတ်လိုက်တော့တယ်။
"တာအိုရောင်းရင်း ကျွန်မရဲ့တပည့်ကို တွေ့ချင်တာမလို့ ဝိညာဉ်ဆင့်ခေါ်မြက်ကို အသုံးပြုချင်ပါတယ်”
"ရော့ ဒီမှာ"
စူးလီက သူမရဲ့လှုပ်ရှားဟန်ကိုမြင်တွေ့သွားပြီး သူမလက်ထဲက လင်းဟွမ်မြက်ပင်ကို စဉ်းစားမနေဘဲ လှမ်းပေးလိုက်တော့တယ်။
နဂိုက အားအင်ပြန်ရလာလို့ ပန်းရောင်သန်းနေတဲ့ နဉ်ယိရဲ့မျက်နှာက ရုတ်တရက်ဆိုသလို တဖန် ဖြူဆုတ်သွားတော့တယ်။ လင်းဟွမ်မြက်က နှစ်တစ်ထောင်ကြာမှပေါ်လာတဲ့ ရှားရှားပါးပါးအပင် မဟုတ်ဘူးလား။ ဘာလို့ အခုမှ ပေါ်လာတာလဲ။
ဒါပေမဲ့လဲ သူ့စိတ်ထဲမှာ ဘယ်လောက်ပဲကျိန်ဆဲနေပါစေ အသုံးမဝင်တော့ဘူး။
အဆင့်ငါးအကြီးအကဲက ၀ိညာဥ်စွမ်းအင်ကို ထုတ်လွှတ်လိုက်တဲ့အခါ အားကောင်းတဲ့ အစိမ်းရောင်ဝိညာဉ်စွမ်းအင်က လင်းဟွမ်မြက်ပင်မှာ ပေါ်လာပြီး ပုံရိပ်တစ်ခုက တဖြည်းဖြည်းချင်း ပေါ်ထွက်လာတော့တယ်။
ယွင်ရှောင်ရဲ့ မှတ်ဉာဏ်တွေက သူမ မသေခင်အခိုက်အတန့်ကို စွဲလမ်းနေတုန်းဖြစ်တယ်။ သူမဘေးက မရင်းနှီးတဲ့ပတ်ဝန်းကျင်ကို တွေ့လိုက်ရပြီးတဲ့နောက်မှာ ငေးကြောင်ကြောင်လေးနဲ့ ခေါင်းကိုအမော့ ဖြူဆုတ်နေတဲ့မျက်နှာပိုင်ရှင် နဉ်ယိကို တွေ့လိုက်ရတော့တယ်။
သူမက သူလုပ်ခဲ့တဲ့အရာကို စဉ်းစားမိသွားပြီးတဲ့နောက် သစ္စာဖောက်ခံရတာကြောင့် အမုန်းတရားနဲ့ ပြည့်နှက်နေတော့တယ်။
"နဉ်ယိ"
အားလုံးက သူမ အမူအရာကို ကြည့်လိုက်ရုံနဲ့တင် နဉ်ယိရဲ့အပြစ်ကို အတည်ပြုနိုင်တယ်။
လုကျင်းဟွိုင်က လင်းဟွမ်မြက်ရဲ့ဝိညာဉ်စွမ်းအင် ပျောက်ကွယ်နေတာကို ကြည့်နေရင်းက အရင်ဆုံး ထုတ်ပြောလိုက်တယ်။
"ယွင်ရှောင် အဲဒီတုန်းက ဘာတွေဖြစ်ခဲ့တာလဲ။ ဘယ်သူက မင်းကို သတ်ခဲ့တာလဲ”
"ဆရာလား"
ယွင်ရှောင်က အသံကို ကြားလိုက်တဲ့အချိန်မှာ တအံ့တဩနဲ့ ခေါင်းကို လှည့်ကြည့်လိုက်တယ်။ ခန္ဓာကိုယ် မဲ့နေတဲ့ခံစားချက်မှာ သူမက တစ်ခုခုကို နားလည်သွားတဲ့ပုံပဲ။ သူမရဲ့မျက်လုံးတွေက အခိုက်အတန့် ရှုပ်ထွေးသွားပြီး သူမက ပြတ်သားလာတယ်။
သူမက နဉ်ယိရဲ့ ပြစ်မှုတွေကို တစ်လုံးချင်းစီ ပြောပြပြီး နဉ်ယိက သူမကို ဘယ်လို သတ်ခဲ့တဲ့အကြောင်းကို ရှင်းပြလိုက်တယ်။
အရပ်မျက်နှာပေါင်းစုံမှာ အခုလေးတင် ရောက်လာကြတဲ့ လော့ရှူးတောင်ထွတ်ရဲ့တပည့်တွေက ယွင်ရှောင်ရဲ့ စကားကို ကြားလိုက်ပြီးနောက်မှာ အင်မတန် ဒေါသထွက်နေတဲ့ အကြည်တွေနဲ့ နဉ်ယိကို ကြည့်လိုက်ကြတော့တယ်။ ယွင်ရှောင်ကို သတ်ပြီး အကြီးအကဲတွေအားလုံးက လော့ရှူးတောင်ထွတ်ကို အထင်သေးအောင် လုပ်ခဲ့တာ ဒီတိရစ္ဆာန်နှလုံးသားနဲ့ လူယုတ်မာ ဖြစ်နေတာကိုး။
သူက ယွင်ရှောင်ကို နက်နက်နဲနဲချစ်တဲ့ပုံနဲ့တောင် ဟန်ဆောင်ရဲတဲ့သတ္တိ ရှိသေးသလား။
တချို့တပည့်တွေက ဘေးမှာတစ်ယောက်တည်း ရပ်နေတဲ့ ကျောက်လင်းယွမ်ကို မလုံမလဲနဲ့ ကြည့်လိုက်ကြတော့တယ်။ သူတို့တွေက တစ်ချိန်လုံး သူမကို မှားယွင်းစွပ်စွဲမိလာတာကို တကယ်တမ်းကျတော့ ဂိုဏ်းတူအစ်မယွင်ရှောင်ကို သတ်ခဲ့တာ သူမမှ မဟုတ်ဘဲ။
ဝိညာဉ်စွမ်းအင်အလယ်မှာ ယွင်ရှောင်က အားနည်းလာတဲ့သူမရဲ့ဝိညာဉ်ကို ခံစားမိလိုက်ပြီး ကျန်နေတဲ့အချိန်ကို အမုန်းတရားကြောင့် အချည်းနှီးဖြစ်အောင် မလုပ်တော့ဘူး။ သူမက ကိုယ်ကိုလှည့်လိုက်ပြီး လေးနက်ပြီး ကျေးဇူးတင်တဲ့အကြည့်နဲ့ အဆင့်ငါးအကြီးအကဲကို ကြည့်လိုက်တယ်။
"တပည့်က တပည့်ခံယူပွဲကို ဘယ်တုန်းကမှ မလုပ်ခဲ့ရပေမဲ့ ဆရာ့ကို ကျွန်မရဲ့ ဆရာအစစ်လိုပဲ အမြဲသတ်မှတ်ခဲ့တာပါ။ ကျွန်မကိုလဲ ပညာတွေ အများအပြား သင်ပေးခဲ့သူပါ”
"ကျေးဇူးတင်ပါတယ် ဆရာ"
အဆင့်ငါးအကြီးအကဲက တွန့်ဆုတ်နေတဲ့ဟန် ပေါ်နေပေမဲ့ သူ့ရဲ့ဝမ်းနည်းမှုကို မျိုသိပ်ထားလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။
"တပည့်အလိမ္မာလေး"
ယွင်ရှောင်ရဲ့ မျက်လုံးထဲက အပြုံးက အထူးတလည် ကြည်လင်ရိုးသားလို့နေတယ်။ အဲဒီနောက်တော့ သူမက သိပ်မဝေးတဲ့နေရာက ကျောက်လင်းယွမ်ကို ကြည့်လိုက်တယ်။ သူမရဲ့ ဟောင်းနွမ်းစုတ်ပျက်နေတဲ့ အဝတ်အစားနဲ့ ကျင့်ကြံခြင်းအဆင့် ရပ်တန့်နေတာကို မြင်လိုက်ရပြီးတဲ့နောက်မှာ ယွင်ရှောင်က အခိုက်တန့် မှင်တက် အံ့ဩသွားခဲ့တယ်။
"ဂိုဏ်းတူညီမလေးလား"
သူမရဲ့ဝိညာဉ်စွမ်းအားက နည်းသထက်နည်းလာတာကို ခံစားလိုက်ရတဲ့အချိန်မှာ သူမက မတတ်သာတော့ဘဲ ပြုံးပြလိုက်ရတော့တယ်။
"ကြည့်ရတာ ငါက ကတိကိုဖျက်ခဲ့မိတဲ့ပုံပဲ။ လျှို့ဝှက်နယ်မြေကို နင်နဲ့အတူ နောက်ထပ် မသွားနိုင်တော့ဘူး”
သူမနဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့ ဂိုဏ်းတူညီမလေးကို ကြည့်လိုက်ပြီး သူမက သက်ပြင်းချရင်း ပြောလိုက်တယ်။
"နောက်ဆိုရင် ကိုယ့်ဟာကိုဂရုစိုက်ရမယ်။ ကျင့်ကြံရေးလုပ်တဲ့အခါ ကိုယ့်ကျန်းမာရေးကို လျစ်လျူရှုထားပြီး အရင်လို မလုပ်နဲ့တော့"
ကျောက်လင်းယွမ်က လက်ကိုထုတ်လိုက်ပြီ သူမရဲ့မျက်နှာပေါ်က မျက်ရည်တွေကို သုတ်လိုက်တယ်။ သူမရဲ့အသံက အနည်းငယ်တုန်ယင်လို့နေတယ်။
"ဟုတ်ကဲ့"
ကျောင်လင်းယွမ်က ရွှင့်ချန်ဂိုဏ်းရဲ့ ရှားရှားပါးပါး ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာကို ရုတ်တရက်ဆိုသလို အားလုံးက သတိရသွားကြတယ်။
နဉ်ယိကြောင့်သာ မဟုတ်ရင် ယွင်ရှောင်နဲ့ ကျောက်လင်းယွမ်တို့က ရွှင့်ချန်ဂိုဏ်းရဲ့ အကောင်းဆုံးတပည့်တွေ ဖြစ်လာမှာ။
ယွင်ရှောင်ရဲ့ဝိညာဉ် ပျောက်ကွယ်သွားပြီးတဲ့နောက်မှာ သတိပြန်ဝင်လာတဲ့ အားလုံးက နဉ်ယိကို ဒေါသတကြီးနဲ့ ကြည့်လိုက်ကြတယ်။
အဆင့်ငါးအကြီးအကဲက သူ့ရဲ့လက်ထဲမှာ ဝိညာဉ်စွမ်းအင်တွေကို စုစည်းထားလိုက်ပြီး ပြောလိုက်တယ်။
"ကိုယ့်ရဲ့ဂိုဏ်းတူတပည့်အချင်းချင်းကို ထိခိုက်ဒဏ်ရာရအောင်လုပ်တဲ့ ဒီလိုတပည့်တစ်ယောက်မျိုးကို ဆက်ပြီး ထားစရာမလိုတော့ဘူး”
နဉ်ယိမှာ အရမ်းကို ကြောက်လန့်သွားပြီး သူ့ရဲ့ခြေထောက်တွေကလဲ တုန်ယင်လာကာ အဆင့်လေးအကြီးအကဲကို အကူအညီတောင်းသလို လှမ်းကြည့်လိုက်တော့တယ်။
ဒီအချိန်မှာတော့ အဆင့်လေးအကြီးအကဲကလဲ မျက်နှာပေါ်မှာ ကူကယ်ရာမဲ့တဲ့အမူအရာတစ်ခု ဖြစ်နေပါတယ်။
"အဆင့်ငါးအကြီးအကဲ ခင်ဗျားက ဘာလို့ဒီလောက် အလျင်လိုနေတာလဲ "
"နဉ်ယိက အမှားတစ်ခုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကိုဘယ်လိုအပြစ်ပေးရမလဲဆိုတာကိုတော့ ခင်ဗျား ဆုံးဖြတ်ချက် ချလို့မရဘူးလေ... ဟုတ်တယ်မလား။”
သူက ရှေ့တစ်လှမ်းတိုးလိုက်ပြီး အဓိပ္ပာယ်ပါတဲ့ စကားတစ်ခွန်းကို ပြောလိုက်တယ်။
“ဒီလောက်အရေးကြီးတဲ့ကိစ္စက ရွှင့်ချန်ဂိုဏ်းနဲ့ လုနဲ့နဉ် မိသားစုတို့နဲ့ ဆွေးနွေးမှ ဖြစ်မှာပေါ့”
အဲဒီစကားထွက်လာတဲ့အချိန်မှာပဲ ဖျတ်ခနဲအလင်းရောင်တစ်ခုက ပေါ်လာပြီး ပေါင်းစက်ကျင့်ကြံအဆင့် ကျင့်ကြံသူတစ်ယောက်ဆီက ဖိအားက ဆိုးညစ်စွာနဲ့ ပျံ့နှံ့လာတော့တယ်။
"ကျုပ်ရဲ့ နဉ်မိသားစုက လူငယ်လေးတစ်ယောက်က ခင်ဗျားတို့ဂိုဏ်းကို ပြဿနာအများကြီး ရှာခဲ့တယ်လို့ ကျုပ်ကြားထားတယ်။ ဟုတ်သလား”
နဉ်ရှန့်ရဲ့မျက်နှာက သိမ်မွေ့ပြီး ဖော်ရွေဟန် ဖြစ်နေသော်ငြားလဲ သူ့စကားလုံးရဲ့နောက်က အဓိပ္ပာယ်က လူတွေကို မျက်မှောင်ကြုတ်သွားစေတောတယ်။
"ကျုပ် သူ့ကို ပြန်ခေါ်သွားပြီး သင်ခန်းစာပေးလိုက်ပါ့မယ်”
"နဉ်မျိုးနွယ်ခေါင်းဆောင်က ကျုပ်တို့ရဲ့တပည့်ကို ဘယ်လိုသင်ခန်းစာ ပေးချင်တာလဲ”
လုကျင်းဟွိုင်က တပည့်အားလုံးကို ကာကွယ်ပေးဖို့ရာ သူ့လက်တွေကို မြောက်လိုက်ပြီး ညိုမည်းနေတဲ့ မျက်နှာထားတစ်ခုနဲ့ ပြန်မေးလိုက်တယ်။
"နဉ်ယိ လုပ်ခဲ့တဲ့အရာတွေက တကယ့်ကို မှားယွင်းပါတယ်”
နဉ်ရှန့်က သက်ပြင်းချလိုက်ပြီး သူ့အသံထဲမှာ စိတ်ပျက်နေတဲ့ အရိပ်ယောင်တစ်ခုနဲ့ ပြည့်နှက်နေတယ်။
"သူ နဉ်မိသားစုကို ပြန်လာတဲ့အခါ ကျုပ်က သူ့ကို တောင်အနောက်ဘက်မှာ နှစ်အနည်းငယ်လောက် ချိပ်ပိတ်ထားပြီး သူ့ကို ပြန်သုံးသပ်ခိုင်းလိုက်ပါမယ်”
လုကျင်းဟွိုင်ရဲ့ မျက်နှာကပိုပြီးတော့ မည်းညစ်သွားခဲ့တယ်။ ဒီအခြေအနေနဲ့ အပြစ်မပေးတဲ့ အခြေအနေက ဘာများကွာခြားလို့လဲ။
"သူ့ကိုဘယ်နှစ်နှစ်လောက် ချိပ်ပိတ်ထားမှာလဲ"
အဆင့်ငါးအကြီးအကဲရဲ့ အသံက ရေခဲတမျှအေးစက်နေပြီး သူ့ရဲ့အရောင်အဝါကလဲ နဉ်ရှန့်ထက် မနိမ့်လေဘူး။
"ကိုယ့်ရဲ့ဂိုဏ်းတူတပည့်အချင်းချင်းကို သတ်ဖြတ်ခဲ့ပြီးမှ နဉ်မိသားစုခေါင်းဆောင်က သူ့ကို နှစ်အနည်းငယ်လောက် ပိတ်ဆို့ပြီးထားရင် ဘာဆက်ဖြစ်မှာလဲ"
တခြားသူတွေကလဲ ဒေါသမျက်နှာနဲ့ နဉ်ရှန့်ကို ကြည့်လိုက်ကြတော့တယ်။ နဉ်မိသားစုက ကျင့်ကြံရေးလောကမှာ အသစ်ပေါ်ထွက်လာတဲ့ မိသားစုတွေထဲက တစ်စုဆိုပေမဲ့လဲ ရွှင့်ချန်ဂိုဏ်းနဲ့ အငြင်းပွားဖို့ရာ မဖြစ်နိုင်ဘူး။
ခင်ဗျားက ကိစ္စကို ဒီလိုနည်းလမ်းနဲ့ ဖြေရှင်းချင်တယ်ဆိုရင် သူတို့တွေက သဘောတူသလား မတူဘူးသလားဆိုတာ မူတည်နေသေးတယ်။
"အဆင့်ငါးအကြီးအကဲက ဘာဖြစ်ချင်လို့လဲ” ခမ်းနားထည်ဝါတဲ့ အသံတစ်ခုက ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။
လုကျင်းဟွိုင်ရဲ့မျက်နှာက ပိုပြီးတော့လေးနက်လာခဲ့တယ်။ သူက ကိုယ်ကိုလှည့်လိုက်ပြီး သိပ်မဝေးတဲ့နေရာမှာ ပေါ်ထွက်လာတဲ့ ကိုယ်ပွားတစ်ခုကို ဦးညွတ်နှုတ်ဆက်လိုက်တယ်။
"သူတော်စင် ကျောက်ရန်"
"အဘိုး" အဆင့်လေးအကြီးအကဲက တအံ့တဩနဲ့ အသစ်ရောက်လာတဲ့သူကို ကြည့်လိုက်တယ်။
"အဖေ"
နဉ်ရှန့်က တလေးတစားနဲ့ ဦးညွတ်နှုတ်ဆက်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေထဲမှာ အားကိုးရာတစ်ခု ရသွားသလို မြင်ယောင်နေပြီး သူ့ရဲ့ကျောပြင်ကလဲ အများကြီးမတ်သွားခဲ့တယ်။ လွီကျောင်းက သူတို့နှစ်ယောက်ကို ဂရုမစိုက်သလို လှမ်းကြည့်လိုက်ပြီးတော့ လုကျင်းဟွိုင်ဘက်ကို လှည့်လိုက်ကာ တောင်းပန်တဲ့ဟန်နဲ့ ခေါင်းညိတ်လိုက်တယ်။
"နဉ်မိသားစုနဲ့ လွီမိသားစုတို့က တတ်နိုင်သလောက် ငြိမ်းချမ်းရေးကို ပြုလုပ်ထားသင့်တယ်။ အခု ငါ ကြားမိတာကတော့ နဉ်မိသားစုရဲ့မျိုးဆက်က အမှားတစ်ခုခု လုပ်ခဲ့တယ်တဲ့”
သူက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့တဲ့ သမီးဖြစ်သူကို စဉ်းစားမိသွားခဲ့တယ်။ သူ့သမီးအပေါ် နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့တဲ့နဉ်ရှန့်ရဲ့ချစ်ခြင်းနဲ့ သူ့သမီးအတွက် အခုအချိန်အထိ တစ်ယောက်တည်း ရှိနေခဲ့ရတာကိုလဲ စဉ်းစားမိလိုက်တယ်။ သူက သက်ပြင်းချလိုက်ပြီး အရှက်ကြောက်မဲ့စွာ တိုးလျှိုးတောင်းပန်လိုက်တယ်။
"နဉ်မိသားစုက အမြဲတမ်းမျိုးဆက်တွေ နည်းပါးခဲ့တယ်။ မိသားစုခွဲတွေမှာလဲ အများကြီးမရှိဘူး။ ဂိုဏ်းချုပ်လုက ကျုပ်ကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီတစ်ခါတော့ နဉ်ယိကို ခွင့်လွှတ်ပေးလို့ရမလား”
လုကျင်းဟွိုင်ရဲ့ မျက်နှာက တော်တော်လေးကို အကျည်းတန်သွားတော့တယ်။ သူတော်စင်လွီကျောင်းက လွီမိသားစုမှာ အခွင့်အာဏာအမြင့်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ကျင့်ကြံရေးလောကထဲမှာလဲ အရမ်းကိုမြင့်မားတဲ့ အဆင့်တစ်ခု ပိုင်ဆိုင်ထားတယ်။ ရွှင့်ချန်ဂိုဏ်းကတောင် သူ့ကို မျက်နှာသာ အနည်းငယ်ပေးခဲ့ရတယ်။ အခုတော့ သူက သူ့ဂုဏ်သိက္ခာကိုချထားပြီး နဉ်ယိအတွက် တောင်းပန်နေတယ်။ သူတကယ်ပဲ ငြင်းလို့မရနိုင်တော့ဘူး။ သို့သော်ငြားလဲ နဉ်ယိ လုပ်ခဲ့တဲ့အပြုအမူတွေနဲ့ နဉ်ယိ သတ်တာခံလိုက်ရတဲ့ ပါရမီရှင်ယွင်ရှောင်ကို စဉ်းစားမိလိုက်တဲ့အချိန်မှာ သူက အချိန်တော်တော်ကြာအောင် နှုတ်ဆိတ်နေမိတော့တယ်။
အဲဒီတုန်းက ယွင်ရှောင်ရဲ့အရည်အချင်းက ဒီနေ့ပိုင်ကျစ်ယွင်ရဲ့ အရည်အချင်းထက် မသိမသာလေးပဲ နိမ့်တာ။
လေထုအခြေအနေက အလွန်မှ တိတ်ဆိတ်နေတုန်း လူတွေကို ပျာယာခတ်သွားစေပြီး ကြည်လင်တဲ့အသံတစ်ခုက တစ်ဖန်ပြန်ထွက်လာခဲ့တယ်။
[ဒီနဉ်မျိုးနွယ်ခေါင်းဆောင်က ဘာဖြစ်လို့သူ့အဖေ လွီမျိုးနွယ်ကို ခေါ်လိုက်တာလဲ]
စူးလီက ကောင်းကင်စာအုပ်ထဲကစာလုံးတွေကို ဖတ်လိုက်ပြီး အကျဉ်းချုပ် သုံးသပ်ပြလိုက်တယ်။
[အော်သူ့ရဲ့ယောက္ခမဖြစ်နေတာကိုး]
[လွီကျောင်းရဲ့သမီး လွီဝေက အခု ...ဟမ်...သေပြီလား၊ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာလောက်က သေသွားတာလား]
[နဉ်ရှန့်ရဲ့မိန်းမလွီဝေ ဆုံးပါးသွားပြီးတဲ့နောက်မှာ သူက သူ့ဘေးမှာ ဘယ်သူ့ကိုမှ ထပ်ထားတော့ဘူး။ သူ အားတဲ့အချိန်တိုင်းမှာ သူမိန်းမကို တမ်းတနေတတ်ပြီး အတိတ်ကိုပဲ သတိရနေတတ်တယ်တဲ့ ]
[သူ့ရဲ့စွဲလမ်းမြတ်နိုးစိတ်က မရေမတွက်နိုင်တဲ့သူတွေကို ရင်ထဲခံစားသွားစေပြီး ယောက္ခမဖြစ်သူကို အပြစ်ရှိသလို ခံစားရစေတာပေါ့။ ဒါကြောင့်လဲ သူက သမက်ဖြစ်သူကို အကြိမ်ကြိမ် ကူညီပေးခဲ့တာပဲ]
[ဟင်... ဒီနည်းလမ်းကို တော်တော်လေး ဘာလို့ ရင်းနှီးနေတဲ့ပုံ ပေါက်နေတာလဲ]
...