← Chapters

အခန်း ၂၆

Vol. 2 Ch. 26

အခန်း ၂၆

Vol. 2 Ch. 26

အပိုင်း (၂၆)

ဒီအကြောင်းကိုစဥ်းစားမိလိုက်တော့ သူမက လက်ထဲကနောက်ဆုံးကျန်တဲ့ တစ်ကိုက်စာကို မျိုချလိုက်ပြီး မျက်လုံးထဲမှာ စိတ်ဝင်စားမှုအပြည့် ဖြစ်သွားတော့တယ်။

“အကြီးအကဲချီဟွမ်က ပြန်လာပြီဆိုတော့ ငါတို့တွေ သူ့ဆီ သွားလည်သင့်တယ် မဟုတ်လား”

ငါက ဒီလိုစစ်မှန်တဲ့ပါရမီရှင်မျိုးကို အရမ်းစိတ်ဝင်စားတာလေ။

နောက်ပြီးတော့... ပျက်စီးသွားတဲ့ အဲ့ဒီတစ်ခုသောနေရာကို နဂိုအတိုင်း တထေရာတည်း ပြန်ဖြစ်အောင် တကယ်ပဲ ပြန်လုပ်ပေးနိုင်သလား ဆိုတာကိုလည်း သိချင်သေးတယ်လေ။

လော့ယွင်တောင်ထွတ်ရဲ့ပင်မခန်းမထဲမှာ -

ချီဟွမ်က သူ့ဘေးမှာရှိတဲ့လူကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်လိုက်ပြီး သတိအနေအထားနဲ့ မေးလိုက်တယ်။

“လင်းရန် ဒီနေရာက တစ်ခုခုက နင့်အကြိုက်နဲ့ မကိုက်ညီတဲ့ဟာများ ရှိတယ်လို့ ထင်လား။ ငါ့တပည့်တွေကို ချက်ချင်းသွားပြီးတော့ ပြောင်းခိုင်းလိုက်မယ်လေ”

လင်းရန်က သူမကိုတောင် လှည့်မကြည့်ပါဘူး။ သူ့အသံထဲမှာ လုံးဝကို ရွံ့ရှာမှုအပြည့် ပါရှိနေလေတယ်။

“မင်းနဲ့ပတ်သက်တဲ့အရာတိုင်းက ငါ့အကြိုက်တွေ မဟုတ်ဘူး”

ဝမ်းနည်းတဲ့အရိပ်အယောင်တစ်ခုက ချီဟွမ်ရဲ့မျက်လုံးထဲမှာ ဖျတ်ခနဲ လင်းလက်သွားတယ်။ သူမက အခိုက်တန့် နှုတ်ဆိတ်နေလိုက်ပြီး တက်နိုင်သလောက် မြန်မြန်ဆန်ဆန် စကားလမ်းကြောင်း လွှဲလိုက်တယ်။

“နင်က ရွှင့်ချန်းဂိုဏ်းရဲ့ လင်းထူဆေးစိုက်ခင်းကို အရမ်းစိတ်ဝင်စားတယ်ဆိုတာ ငါ မှတ်မိနေသေးတယ်။ အခုပဲ နင့်ကိုခေါ်ပြပေးမယ်လေ...”

“ချီဟွမ်”

လင်းရန်က သူမကို စိတ်မရှည်လက်မရှည်နဲ့ ဖြတ်ပြောလိုက်တယ်။

“ငါ ရွှင့်ချန်ဂိုဏ်းကို လာရတဲ့အကြောင်းအရင်းကို နင် သေချာသိနေရဲ့နဲ့ ဘာဖြစ်လို့ ဟန်ဆောင်နေသေးတာလဲ”

“လင်းထူဆေးစိုက်ခင်းက အဆင့်ငါးစိတ်ဝိညာဥ်စွမ်းအင်တွေရှိတဲ့ စိုက်ခင်းတစ်ခုသာသာပဲ။ အဲ့ဒါက ရွှင့်ချန်ဂိုဏ်းမှာ လတ်တလောမှပေါ် ပေါက်လာတဲ့ အကြီးအကဲနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဥ်လို့ရမှာလဲ”

သူက ချီဟွမ်ကို အကူအညီတောင်းရတဲ့ အနေအထားဖြစ်နေတာတောင် သူ့မျက်လုံးထဲမှာ ချီဟွမ်အတွက် ဘာလေးစားမှု အရိပ်အယောင်တောင်မရှိပဲ ထောင်လွှားတဲ့မျက်နှာထားတစ်ခု ဖြစ်နေတော့တယ်။

“ငါ့ကျင့်ကြံရေးအဆင့်က ရပ်တန့်နေတာ အရမ်းကိုကြာသွားပြီ၊ အဲ့ဒီအကြီးအကဲပိုင်က ငါ့ရဲ့အရည်အချင်းကို တိုးမြှင့်ပေးနိုင်မဲ့ ဝိညာဥ်စွမ်းအင်ဆေးပင်တစ်ခုကို စိုက်ပျိုးပေးနိုင်မှာ သေချာတယ်”

ချီဟွမ်က မသိမသာ မျက်မှောင်ကျုံ့သွားတယ်။ လင်းရန်ရဲ့ပုံရိပ်ကို ကြည့်လိုက်ပြီးနောက်မှာတော့ သူမက လေသံပျော့ပျော့နဲ့ ရှင်းပြလိုက်တယ်။

“ငါက ဒီနေ့မှဂိုဏ်းကို ပြန်ရောက်လာခဲ့တာလေ။ တောင်ထွတ်မှာ ကိုင်တွယ်ဖြေရှင်းပေးရမဲ့ကိစ္စတွေ အများကြီး ရှိနေသေးတယ်။ ငါ ထွက်မလာခင်က အကြီးအကဲပိုင်က နာမည်တစ်ခုရလာသေးတာ မဟုတ်ဘူး။ ဒါကြောင့် ငါက သူနဲ့မရင်းနှီးသေးဘူး”

“တော်လိုက်တော့”

လင်းရန်က ဒေါသတကြီး လက်ခါပြလိုက်ပြီး နောက်ဆုံးတော့ ကိုယ်ကိုလှည့်ကာ မကျေမနပ်နဲ့ သူမကိုကြည့်လိုက်တယ်။

“မင်း ငါ့ကိုမကူညီချင်ဘူးဆိုရင်လည်း ဒီအတိုင်းပဲပြောလိုက်၊ အမြဲတမ်းဆင်ခြေတွေ ပေးမနေနဲ့”

ချီဟွမ်က သူ့မျက်လုံးထဲကို ကြည့်လိုက်ပြီး သက်ပြင်းချကာ ဣန္ဒြေဆည်ထားလိုက်တယ်။

“ငါ့မှာ တောင်ထွတ်က အရေးကိစ္စတွေကို ကူညီပေးဖို့လိုသေးတယ်”

“သုံးနာရီလောက်နေပြီးရင် ငါနင့်ကို အကြီးအကဲပိုင်ဆီ ခေါ်လည်ဖို့ လော့ရှူးတောင်ထွတ်ကို ခေါ်သွားပေးမယ်”

လင်းရန်က သူလိုချင်တဲ့အဖြေကို ကြားလိုက်ရတော့ နောက်ဆုံးမှာ ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်ပြလိုက်ပြီး သူမကို ပြုံးပြလိုက်တယ်။

“ဒီလိုမှပေါ့”

သူက စကားပြောလို့ပြီးသွားတဲ့နောက်မှာ ပြသာနာကိုတောင် တစ်ဖက်လူကို ပြန်ပို့ဖို့ မမေ့လေဘူး။

“နင်သာ ငါလိုအပ်နေတဲ့ဆေးလုံးကို သန့်စင်ပေးနိုင်ခဲ့ရင် ငါကရော အဲ့ဒီအကြီးအကဲပိုင်ဆီ သွားဖို့ လိုအပ်နေအုံးမှာလား”

ချီဟွမ်ရဲ့ မျက်လုံးတွေက သူ့မျက်နှာပေါ်က လုံးဝမခွာလေဘူး။ သူမက မသိမသာ မျက်လွှာချထားလိုက်ပြီး သူမရဲ့အသံထဲမှာလည်း ဝမ်းနည်းတဲ့အရိပ်အယောင်တစ်ခု ရှိနေသယောင်ပါပဲ။

“ငါ့အမှားပါလေ”

လင်းရန်က သူမရဲ့စကားကိုကြားလိုက်တဲ့အချိန်မှာ သူမျက်လုံးတွေထဲမှာ ဝံ့ကြွားမှုအပြည့်နဲ့ မျှော်လင့်ချက်တစ် ခုဖြစ်သွားပြီး ခေါင်းညိတ်ပြလိုက်တယ်။

ချီဟွမ်က အစွမ်းရှိတဲ့ နတ်ဘုရားတစ်ပါးဖြစ်နေခဲ့ရင်တောင် သူက ဖိုထိုးတဲ့နေရာမှာ ပါရမီရှင်တစ်ယောက်ဖြစ်နေရင်တောင် သူက ဘာကိစ္စပဲနေနေ သူ့ကိုချစ်နေအုံးမှာပဲ။

သူလိုချင်တာ မှန်သမျှပြောလိုက်သရွေ့ ဘယ်လောက်ပဲခက်ခဲနေပါစေ သူမက တတ်နိုင်တာအကုန် လုပ်ပေးပြီး အဲ့ဒီပစ္စည်းကို သူ့လက်ထဲနာနာခံခံနဲ့လွှဲပေးပြီး လက်ခံပေးဖို့တောင် သူ့ကို တောင်းပန်ရသေးတယ်။

သူက သူမကို ဘယ်လိုပဲဆက်ဆံနေပါစေ။ သူမကတော့ ခွေးတစ်ကောင်လိုပဲ။ သူ့ဆီကနေ ထွက်မသွားနိုင်ပါဘူး။

ဒီလိုစဥ်းစားလိုက်ပြီး သူက ရွံ့ရှာမှုအနည်းငယ်နဲ့ မျက်မှောင်ကျုံ့လိုက်တယ်။ ဒါပေမဲ့ သူ ပေးခဲ့တဲ့အကျိုးအမြတ်တွေကို စဥ်းစားမိလိုက်တော့ သူက နောက်ဆုံး ဒီဟာကိုပဲ သည်းခံထားလိုက်တော့တယ်။

ချီဟွမ် ကျွေးတဲ့ဆေးလုံးတွေကို ဆယ်နှစ်လောက် စားသောက်လာပြီးနဲ့အခါ သူရဲ့ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေကျင့်ကြံခြင်းအဆင့်ထိ ရောက်လာနိုင်ခဲ့တယ်။ သူက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ထပ်ပြီးတိုးမြင့်ချင်တယ်ဆိုရင် သူမဘေးမှာပဲ ဆက်ပြီးနေနိုင်မှဖြစ်မှာလေ။

ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဒီလိုအစွမ်းအစရှိတဲ့သူမျိုးကို ထိန်းချုပ်နေနိုင်တာကပဲ သူ့ကို အလွန်မှထူးခြားတဲ့ စိတ်ချမ်းသာမှုတစ်ခု ယူဆောင်ပေးနိူင်တယ်လေ။

သူက ချီဟွမ်ကို တောင်ထွတ်ရဲ့ အရေးကိစ္စတွေကို မြန်မြန်ဖြေရှင်းခိုင်းဖို့ ပြောတော့မဲ့အချိန်မှာပဲ ပါးနပ်ပြီး ထက်မြက်တဲ့အသံတစ်ခုက ခန်းမရဲ့တံခါးဝကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

“အကြီးအကဲချီ နှစ်နှစ်ဆယ်လောက် ခရီးသွားလာပြီးတဲ့နောက်တော့ ဂိုဏ်းကို ပြန်လာဖို့ဆန္ဒ ရှိသွားပြီပေါ့လေ”

ယောက်တန်းတောင်ထွတ်သခင်က လော့ယွင်တောင်ထွတ်ကို အရင်ဆုံးရောက်လာခဲ့တယ်။ ချီဟွမ်ကို တွေ့လိုက်ပြီးတဲ့နောက်တော့ သူက ပြုံးရင်း ကျီစယ်စကား ပြောလိုက်တယ်။

“တောင်ထွတ်သခင်ဖန့်”

ချီဟွမ်က ခေါင်းကိုလှည့်ကြည့်လိုက်တော့ သူ့မျက်လုံးက ရိုးသားတဲ့ အပြုံးတစ်ခုနဲ့အတူ နီမြန်းသွားခဲ့တယ်။

“အနှစ်နှစ်ဆယ်တောင်ရှိပြီနော်၊ ကျွန်မလေ တောင်ထွတ်သခင်ရဲ့ ဆေးအရက်ကို တကယ်ပဲ သတိရမိပါတယ်”

ဖန့်ချန်းဟွာက ခန်းမထဲကို လျှောက်ကာဝင်လာပြီး သူ့အသံထဲမှာ အပြစ်တင်တဲ့လေသံတွေ အပြည့်ဖြစ်နေတော့တယ်။

“အကြီးအကဲပိုင်ရဲ့ ဆက်ခံခြင်းအခမ်းအနားသာ မရှိခဲ့ရင် အကြီးအကဲဟွမ်က နှစ်နှစ်ဆယ်လောက် ကြာပြီးသွားတဲ့နောက်တော့ ကျုပ်လို အဘိုးကြီးတစ်ယောက်ကို သတိရမှာမဟုတ်ဘူးလို့တောင် စိုးရိမ်မိရတယ်။ ဟုတ်တယ်မလား”

“တောင်ထွတ်သခင်ဖန့်ရယ် ရှင်က ရှင့်အသက်ရဲ့အကောင်းဆုံးအရွယ်ပဲ ရှိပါသေးတယ်။ ရှင်က ဒီလိုမျိုး ကိုယ့်ဟာကိုကျီစယ်ဖို့ ဘယ်လိုများတတ်နိုင်ရသလဲ”

ချီဟွမ်က အပြုံးတစ်ခုနဲ့ ပြန်ဖြေလိုက်တယ်။

ဖန့်ချန်းဟွာက ခန်းမထဲက နောက်ထပ်လူတစ်ယောက်ကို ကြည့်လိုက်တယ်။ သူက မြင့်မြင့်မားမားရပ်နေတဲ့ အဲ့ဒီလူဆီကို စိတ်မရှည်လက်မရှည်နဲ့ ချဉ်းကပ်သွားလိုက်ပြီး အနည်းငယ် မျက်မှောင်ကျုံ့ထားလိုက်ကာ

“ဒီပုဂ္ဂိုလ်က ဘယ်သူများလဲ မသိဘူး”

ချီဟွမ်က ပြန်ဖြေတော့မဲ့ဆဲဆဲမှာပဲ ခန်းမရဲ့တံခါးဝဆီက နောက်ထပ်ခေါ်သံတစ်ခုကို ကြားလိုက်ရတော့တယ်။

“အကြီးအကဲချီ မတွေ့ရတာ အရမ်းကြာသွားပြီနော် နေကောင်းရဲ့လား”

“ဂိုဏ်းချုပ်ကြီး”

မကြာခင်မှာပဲ ချီဟွမ်နဲ့ ရင်နှီးကြတဲ့ရွှင့်ချန်ဂိုဏ်းက မိတ်ဆွေတွေက တစ်ယောက်ပြီးတစ်ယောက် အလည်အပတ် ရောက်လာကြပြီး ချီဟွမ်ကလည်း အပြုံးတစ်ခုနဲ့ သူတို့အားလုံးကို နှုတ်ဆက်လိုက်တယ်။

လင်းရန်က သူ တစ်ခါလောက်တောင် တွေ့ရမယ်လို့ အရင်က မစဥ်းစားခဲ့ဖူးတဲ့ ခန်းမထဲက အစွမ်းရှိတဲ့ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားသလို ပျာယာခတ်သွားသလို ခံစားလိုက်ရတယ်။

ဒါတွေက ရွှင့်ချန်ဂိုဏ်းရဲ့ အကြီးအကဲနဲ့တောင်ထွတ်သခင်အပြင် ဂိုဏ်းချုပ်တွေလဲ ပါနေတယ်။ သူတို့အားလုံးရဲ့ ကျင့်ကြံခြင်းအဆင့်တွေက အခြေတည်ကျင့်ကြံခြင်းအဆင့် အထက်မှာပဲ ရှိကြတယ် ။တခြားအခြေအနေမှာဆိုရင် သူက သူတို့တွေထဲက တစ်ယောက်ယောက်နဲ့တွေ့ဖို့တောင် အရည်အချင်း မရှိလေဘူး။

ဒါပေမဲ့ သူတို့တွေက ချီဟွမ်နဲ့အလွန်မှရင်းနှီးပြီး သဘောကောင်းနေတာကို တွေ့လိုက်ရတော့ ရုတ်တရက်ဆိုသလို သူ့မှာ ယုံကြည်ချက်တွေပိုပြီး ရှိလာသလို ခံစားလိုက်ရတော့တယ်။

သူတို့တွေက ချီဟွမ်နဲ့အရမ်းကို ကောင်းတဲ့ဆက်ဆံရေးတစ်ခု ရှိနေတာဆိုတော့ သူတို့တွေကလည်း သူ့ကို သေချာပေါက်ချစ်ကြမှာပဲ။

လုကျင်းဟွိုင်က ဆေးအစွမ်းကို သုံးပြီး ရွှေအမြူတေကျင့်ကြံခြင်းအဆင့်ရဲ့ ကနဦးအဆင့်သာ ရောက်သေးတဲ့ လင်းရန်ကို ကြည့်လိုက်ပြီးတော့ သူ့မျက်လုံးထဲမှာ သံသယအရိပ်တစ်ခု ဖြစ်သွားတော့တယ်။

“အကြီးအကဲချီ ဒီလူက ဘယ်သူလဲ”

“ဒါက လင်းရန်တဲ့”

ချီဟွမ်က သူ့ခေါင်းကို အနည်းငယ်လှည့်လိုက်ပြီး သူ့ဘေးကလူကို ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာတော့ မကြုံစဖူး နူးညံ့သိမ်မွေ့မှုနဲ့ လွမ်းဆွတ်မှုတွေပါရှိနေတယ်။

“သူက ကျွန်မရဲ့လူပါ”

လင်းရန်က သူမ မပြောသင့်တဲ့စကားတွေကို ပြောလိုက်မိမှာစိုးရိမ်သွားပြီး ရှေ့ကို မြန်မြန်တိုးကာ ပြောလိုက်တယ်။

“ကျုပ်တို့က သာမန်မိတ်ဆွေတွေပါပဲ”

လုကျင်းဟွိုင်က တစ်ချိန်က ချီဟွမ်ကို သူပေးခဲ့ဖူးတဲ့ မှော်ပစ္စည်းတစ်ခုကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ စူးစမ်းတဲ့အရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။ သာမန်မိတ်ဆွေတွေတဲ့လား။

ချီဟွမ်က ဒီလောက်အဖိုးတန်တဲ့ ဝိညာဥ်စွမ်းအင်ရတနာတစ်ခုကို သာမန်မိတ်ဆွေတစ်ယောက်ကို ပေးနိုင်သတဲ့လား။

သူက ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး ချီဟွမ်ဘက်ကို မျက်ခုံးပင့်ပြလိုက်ပြီးတော့ သူမရဲ့အဖြေကို စောင့်နေလိုက်တယ်။

ချီဟွမ်က အသာအယာခေါင်းညိတ်ပြလိုက်ပြီး

“ဟုတ်ပါတယ်၊ သာမန်မိတ်ဆွေတွေပါပဲ”

သူမရဲ့အဖြေကို ကြားလိုက်ရပြီးတဲ့နောက်မှာ လင်းရန် စိတ်အေးသွားသလို နောက်ဆုံးတော့ သက်ပြင်းချလိုက်တယ်။ သူက ဒီလိုအစွမ်းရှိတဲ့ပုဂ္ဂိုလ်တွေအရှေ့မှာ သူနဲ့ ချီဟွမ်ကြားက ဒွိဟဖြစ်စရာကောင်းတဲ့ အခြေအနေကို ချန်မထားခဲ့ချင်ဘူးလေ။

ဒီလိုစဥ်းစားလိုက်ပြီးတော့ သူက တိတ်တိတ်လေး ခွာရပ်လိုက်ပြီး ချီဟွမ်နဲ့သူ့ကြားက အကွာအဝေးကို ထိန်းထားလိုက်တယ်။

လုကျင်းဟွိုင်က ဒီအဖြစ်ကိုဆက်ပြီး ကြည့်မနေနိုင်တော့တာကြောင့် အေးတိအေးစက်လေသံနဲ့ ပြောလိုက်တော့တယ်။

“အော်...ဟုတ်လား”

“ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်ပေါ်က စိတ်ကူးယဥ်ငှက်မွေးလက်စွပ်က အရမ်းရင်းနှီနေတဲ့ပုံပဲ ။ဒါက ကျုပ် အကြီးအကဲချီကို ပေးခဲ့တဲ့ အကာအကွယ်ကျောက်စိမ်းလက်စွပ်နဲ့ တူသလိုပဲ”

လင်းရန်က တအံ့တသြနဲ့ သူ့ခန္ဓာကိုယ်ပေါ်က ကျောက်စိမ်းလက်စွပ်ကို ကြည့်လိုက်မိတော့တယ်။ ဒီကျောက်စိမ်းလက်စွပ်က သာမန်ပစ္စည်းတစ်ခု မဟုတ်ဘူးဆိုတာကို အစောကြီးကတည်းက သိထားခဲ့ပေမဲ့ ဒါက ရွှင့်ချန်ဂိုဏ်းချုပ်ကပေးထားတဲ့ ဝိညာဥ်စွမ်းအင်ရတနာတစ်ခုဖြစ်ပြီး အရမ်းကို အဖိုးတန်နေလိမ့်မယ်လို ထင်မထားမိခဲ့ဘူး။

သူက ဟွမ်းယွိလက်စွပ်ကို အမှတ်တမဲ့ တင်းနေအောင် ကိုင်ဆုပ်ထားလိုက်ပြီး သူရဲ့အသံထဲမှာလည်း ထိန်းချုပ်မထားနိုင်တဲ့ အံ့သြမှုတွေ ပြည့်နှက်သွားခဲ့တယ်။

“ဒီတော့ ဒီကျောက်စိမ်းလက်စွပ်က ဂိုဏ်းချုပ်က ချီဟွမ်ကို ပေးထားတာကိုး”

ချီဟွမ်ဆီမှာ ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေအများကြီးရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ။ သူက ချီဟွမ်ကို မဝံ့မရဲနဲ့ လှမ်းကြည့်လိုက်တယ်။

ချီဟွမ်က သူ့ကိုအသာအယာ ခေါင်းညိတ်ပြလိုက်တယ်။

“နင်ကြိုက်တယ်ဆိုရင် နင့်အတွက် နောက်ထပ်တစ်ခု ထပ်ရှာပေးမယ်လေ”

“မလိုပါဘူး”

လင်းရန်က ချီဟွမ်ရဲ့ နှိမ့်ချတက်တဲ့သဘောထားနဲ့ အစောကြီးကတည်းက ကျင့်သားရနေပြီးဖြစ်နေတော့ သူက တုံးတိပဲ ပြောလိုက်တော့တယ်။

“ပစ္စည်းတစ်မျိုးထဲကို နှစ်ခုရှိနေတော့ ဘာအဓိပ္ပာယ်ရှိမှာလဲ”

“နင့်မှာ အချိန်ရတယ်ဆိုရင် ငါ့ရဲ့ကျင့်ကြံခြင်းအဆင့် တိုးတက်ဖို့အတွက် ဆေးလုံးတချို့ကိုပဲ သန့်စင်ပေးဖို့လိုတယ်”

လင်းရန်ရဲ့ချီဟွမ်အပေါ် အထက်စီးဆန်လွန်းတဲ့ သဘောထားကို မြင်လိုက်ရတော့ လုကျင်းဟွိုင်ရဲ့ မျက်နှာက လုံးဝကိုမဲညိုသွားတော့တယ်။ သူတို့ရွှင်ချန်ဂိုဏ်းရဲ့ အကြီးအကဲချီက သူမ သွားလိုက်တဲ့နေရာတိုင်းမှာ လေးစားအားကျမှု အပြည့်ရရှိခဲ့တာ။ သူက ဘယ်တုန်းက ဒီလို အနိုင့်ကျင့်ခံရတာမျိုး ရှိဖူးလဲ။

ဒါပေမဲ့ သူ တစ်ခုခုမပြောရသေးခင်မှာပဲ ချီဟွမ်က ပြုံးပြီး လင်းရန်ရဲ့စကားကို ထောက်ခံနေတာကို တွေ့လိုက်ရတော့တယ်။

လုကျင်းဟွိုင်တင်မကပဲ လော့ယွင်တောင်ထွတ်ကို ရောက်လာကြတဲ့ ရွှင့်ချန်ဂိုဏ်းက လူအားလုံးက တအံ့တ သြဇဝေဇဝါအကြည့်တွေ ဖြစ်သွားတော့တယ်။ အကြီးအကဲချီက တစ်စုံတစ်ယောက်ရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားခဲ့တာလား။

အရမ်းကို ဖြောင့်မတ်ပြီး တခြားသူတွေကို ဘယ်တော့ကမှကျေနပ်အောင် လုပ်ပေးဖို့မကြိုးစားခဲ့တဲ အကြီးအကဲချီကအခုတော့ ဒီလိုလူဖြစ်လာသတဲ့လား။

အချစ်ကြောင့်တဲ့လား။

အားလုံးက လင်းရန်ကို စိုက်ကြည့်လိုက်ကြပြီး သူ့ကို သေသေချာချာ လေ့လာနေကြတော့တယ်။ သူရဲ့ချောမောတဲ့မျက်နှာကလွဲရင် ဘယ်တစ်ခုက အကြီးအကဲချီကို ဆွဲဆောင်နိုင်မှာမို့လို့လဲ။

ယောက်တန်းတောင်ထွတ်သခင်က ချီဟွမ်များ မျက်စိအမြင်စွဲဆောင်ခြင်းခံရတဲ့ ဆေးလုံးတစ်ခုခု သောက်ထားခဲ့မိလေသလားလို့ စပြီးတော့တောင် စဥ်းစားနေမိတော့တယ်။

ဒီလိုအမြင်ရောဂါမျိုးနဲ့ဆိုရင် မျက်လုံးကွယ်သွားတာက ပိုတောင် ကောင်းလိမ့်အုံးမယ်။

လင်းရန်က လူတွေ သူ့အပေါ်ထားတဲ့သဘောထား မသိမသာ ပြောင်းလဲသွားတာကို သတိမထားမိလိုက်ဘူး။ သူက သူပြောလိုက်တဲ့စကားထဲမှာ အမှားအယွင်းတစ်စုံတစ်ခု ပါသွားတယ်လို့တောင် မထင်လိုက်မိဘူး။

သူက ချီဟွမ်ရဲ့အဖြေကို နားထောင်လိုက်ပြီး သူ့ကိုတောင် လှည့်မကြည့်လို့ ဂရုမစိုက်သလို အကြည့်လွှဲသွားတော့တယ်။

ဒီအဖြစ်ကို မြင်လိုက်တဲ့အခါမှာ လူအများစုက လက်သီးတွေကို ကြိတ်ဆုတ်ထားလိုက်ပြီး သူ့ကို အသေရိုက်ပစ်ချင်စိတ်ကို သည်းခံထားရတော့တယ်။

လူအုပ်ထဲမှာ စူးလီက ပိုင်ကျစ်ယွင်ရဲ့ဘေးမှာရပ်လိုက်ပြီး ချီဟွမ်ရဲ့ လင်းရန်အပေါ်ထားတဲ့ နောင်တကင်းတဲ့အချစ်ကိုကြည့်ရင်း ရှုံ့ချကာ မျက်မှောင်ကျုံ့လိုက်တော့တယ်။

“ကျင့်ကြံရေးလောကထဲမှာ လူအများကြီးက ဘာဖြစ်လို့များ အချစ်နွံ့ထဲမှာ ပဲနစ်နေကြတာလဲ မသိဘူး”

သူမရဲ့သက်ပြင်းချတဲ့အသံကို ကြားလိုက်တဲ့အချိန်မှာ ပိုင်ကျစ်ယွင်က ရုတ်တရက် အလင်းပွင့်သွားသလို ခေါင်းညိတ်လိုက်ပြီး လေးစားအားကျတဲ့ဟန်နဲ့ စူးလီကို ကြည့်လိုက်တယ်။ ချန်ပေ့သဘောကျတဲ့ဟာက အဲ့ဒီဝိညာဥ်စွမ်းအင်အပင်တွေလည်းမဟုတ်သလို ရှားပါးတဲ့ရတနာတွေလည်း မဟုတ်ဘူးပဲ။ ချန်ပေ့ သဘောကျတာက ကျင့်ကြံရေးလောကရဲ့အနာဂတ်ကိုပဲ။ ချန်ပေ့က ဘယ်သူ့ကိုမှ အချစ်ကြောင့် မျက်ကွယ်သွားပြီး အချစ်လို့အမည်ခံထားတဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေပါရှိနေတဲ့ အသုံးချခံရတာကို မမြင်ချင်တာ။ အရင်တုန်းက သူမ ဖြစ်ခဲ့သလိုပေါ့။

ဒီလိုစဥ်းစားလိုက်ပြီး သူမရဲ့မျက်လုံးတွေက တဖြည်းဖြည်း ပြတ်သားလာတော့တယ်။ သူမက စိတ်ကို ဆုံးဖြတ်ချက်ချထားလိုက်တဲ့ပုံပါပဲ။

စူးလီကတော့ ပိုင်ကျစ်ယွင်ရဲ့ နှလုံးသားထဲမှာ အရမ်းကိုကြီးမြတ်လာတဲ့ သူမရဲ့ပုံရိပ်ကို မစဥ်းစားမိလေဘူး။ သူမက သူမရဲ့သိချင်စိတ်ကို ဖိနှိပ်မထားနိုင်တော့တာနဲ့ သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ဖွင့်ကြည့်လိုက်တော့တယ်။

[လင်းရန်က ချီဟွမ်ကို ဘာအဆိပ်တွေများခတ်ထားသလဲ ငါကြည့်ချင်သေးတယ်]

လင်းရန်ကလည်း အရင်က အပြင်လောကကလာတဲ့အသံကို ကြားခဲ့ဖူးတယ်။ ဒီတော့သူ့မျက်လုံးထဲမှာ အရမ်းကြီးအံ့သြနေတဲ့ပုံ မဖြစ်လေဘူး။ အဲ့ဒီအစား သူက ဝံ့ကြွားမှုအပြည့်နဲ့ ခေါင်းကို မော့ထားလိုက်တယ်။

ချီဟွမ်က သူ့ကိုချစ်တယ်လေ။ ဒါပေါ့။ သူကသူမရဲ့အချစ်နဲ့ ထိုက်တန်တာကိုး။

ဒါပေမဲ့ ချီဟွမ်က သူ့ကို အဲ့လောက်အထိစွဲလမ်းနေရတဲ့အကြောင်းကိုတော့ နည်းနည်းလောက် သိချင်သေးတယ်။

ချီဟွမ်ကလွဲရင် ခန်းမထဲကလူအားလုံးက နားစွန့်ထားကြပြီး အလွန်မှသိလိုစိတ် ဖြစ်နေပုံပေါ်တယ်။

စူးလီက ကောင်းကင်စာအုပ်ထဲက ဖရဲသီးကြီးကို ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာတော့တယ်။

[လင်းရန်က ချီဟွမ်ရဲ့သေသွားတဲ့ အချစ်ဦးနဲ့အရမ်းတူနေတာကိုး]

[ချီဟွမ်က လင်းရန်အပေါ် အရမ်းကို ကောင်းကောင်းဆက်ဆံတာကလည်း သူ့ကို သူ့အချစ်ဦးရဲ့အစားထိုးလို့ သဘောထားတာကြောင့်ပဲ]

[ဒီအချစ်ဦးက ဘယ်လောက်တောင်ကောင်းနေတာမို့လို့ ချီဟွမ်က နှစ်ပေါင်းနှစ်ဆယ်တိုင်တိုင် လင်းရန်ရဲ့မျက်နှာကိုပဲ ကြည့်ပြီးသည်းခံနိုင်ခဲ့တာလဲ]

လင်းရန်က ချီဟွမ်ကို မယုံကြည်နိုင်သလို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာလည်း ဒေါသနဲ့ ရှက်ရွံ့စိတ်တွေ ရောနှောလို့နေတော့တယ်။ သူက သူမကို ဒေါသတကြီး မေးခွန်းထုတ်လိုက်တော့တယ်။

“မင်းကများ ငါ့ကို အစားထိုးတစ်ယောက်လို အသုံးချရဲရသလား”

ချီဟွမ်က သူ့ကိုဘာမှမဖြစ်သလို ကြည့်နေပြီး သူမရဲ့မျက်လုံးထဲမှာလည်း ခါတိုင်းလိုပဲ သည်းခံနိုင်စွမ်းတွေ ပါရှိနေတော့တယ်။ သူမက သူ့မျက်နှာကို မြင်နေရသရွေ့ သူဘာလုပ်လုပ် ခွင့်လွှတ်ပေးနိုင်တဲ့ပုံပါပဲ။

လင်းရန်က သူမ သူ့ကိုကြည့်နေတဲ့ပုံစံကို ကြည့်လိုက်ရင်း သူ့မျက်လုံးတွေက ဒေါသကြောင့် နီရဲလာခဲ့တယ် ။သူက အံကြိတ်လိုက်ပြီး စကားကို တစ်လုံးချင်းစီပြောလိုက်တယ်။

“အဲ့ဒီအရိုင်းအစိုင်းကောင်က ဘယ်သူလဲ။ သူက ငါနဲ့ရုပ်ချင်းဆင်ရအောင် ဘာများတန်လို့လဲ”

သူ့စကားမဆုံးခင်မှာပဲ ဝိညာဥ်စွမ်းအင်စီးကြောင်းတစ်ခုရဲ့ ရိုက်ပုတ်ခံလိုက်ရပြီး အနောက်ဘက်ကို လွင့်ထွက်သွားတော့တယ်။

သူက သူ့ကို ရိုက်နှက်လိုက်တဲ့သူကို ကြောင်အမ်းအမ်းနဲ့ ငေးကြည့်နေမိပြီး သူရဲ့အသံကလည်း လုံးဝမယုံကြည့်နိုင် ဖြစ်နေကာ လုံးဝနီးပါး ငေးကြောင်ကြောင်ဖြစ်သွားတော့တယ်။

“ချီဟွမ် မင်း...”

နှစ်နှစ်ဆယ်အတွင်းမှာ သူဘာပဲပြောပြော ဘာပဲလုပ်လုပ် သူမက သူ့ကိုစကားတစ်ခွန်းလေးတောင် အော်ငေါက်တာမျိုး မရှိခဲ့ဘူး။

ချီဟွမ်က လင်းရန်ကိုတစ်ခါမှမမြင်ဖူးတဲ့ အေးစက်စက်အကြည့်တစ်ခုနဲ့ ကြည့်လိုက်တယ်။ သူမက သူမရဲ့ညာဘက်လက်ကို ဖြည်းဖြည်းချင်း တင်းနေအောင်ဆုတ်လိုက်ပြီး သူမရဲ့လက်ထဲက ဝိညာဥ်စွမ်းအင်တွေက နေရာတိုင်းကို ပျံ့နှံ့သွားခဲ့တယ်။ ဝိညာဥ်စွမ်းအင်ဖွဲ့စည်းခြင်းအဆင့်က ထွက်လာတဲ့ဖိအားတွေက သူ့ကို လှုပ်လို့မရအောင်လုပ်ထားတော့တယ်။

“နင်က သူ့အကြောင်းပြောဖို့ ဘာအရည်အချင်း ရှိလို့တုံး”

...

All Chapters