အခန်း ၂၇
Vol. 2 Ch. 27
အပိုင်း (၂၇)
အားလုံးက အပြင်ကလာတဲ့အသံရဲ့ ထုတ်ဖော်ပြောကြားပြီးလိုက်တဲ့နောက်မှာ သတိ ပြန်ဝင်လာကြတယ်။ တကယ်ပဲ အချစ်ဦးတစ်ယောက် ရှိခဲ့တယ်ဆိုတာကို ပြန်စဉ်းစားဖို့ အချိန်မရလိုက်ခင်ဘဲ အချစ်ဦးရဲ့မကောင်းကြောင်းကို ပြောလိုက်မိတဲ့အတွက် လင်းရန်ဟာ ချီဟွမ်ရဲ့ ပါးရိုက်တာကို ခံလိုက်ရပြီး အခုချိန်တော့ သူက မြေကြီးပေါ်မှာ မယုံမကြည်နဲ့ လဲလျောင်းနေတော့တယ်။
ဒီမြင်ကွင်းက လူအများကို တစ်ချက်ကြည့်လိုက်ရုံနဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရော ဝမ်းသာသွားအောင် ပြုလုပ်လိုက်တော့တယ်။
ယောက်တန်းတောင်ထွတ်သခင်က လင်းရန်ရဲ့သနားစဖွယ်အခြေအနေကို ကြည့်လိုက်ပြီး လက်နဲ့ မုတ်ဆိတ်ကို သပ်လိုက်ကာ သူ့နှုတ်ခမ်းက ဝမ်းသာပီတိအပြုံးကို ခက်ခက်ခဲခဲ ဖုံးကွယ်ထားရတော့တယ်။
သူ့ဘေးက လုကျင်းဟွိုင်က နှမြောတသတဲ့ပုံနဲ့ ခေါင်းခါလိုက်ပြီး ဒီရိုက်ချက်က အရမ်းကို ပေါ့ပါးလွန်းတယ်။ ဒီထက်ပြင်းထန်သင့်တယ်လို့ စဉ်းစားလိုက်တယ်။
သူပြောခဲ့သားပဲ။ ချီဟွမ်က အမြဲတမ်းအမြင်စူးရှပြီး လူတွေကို ဝေဖန်သုံးသပ်တဲ့နေရာမှာ အရမ်းကို ကောင်းမွန်ခဲ့တာ။ သူမက လင်းရန်လို ကျင့်ကြံသူတစ်ယောက်ကို ဘယ်လိုဖြစ်ပြီး ချစ်ခင်နိုင်မှာလဲ။ အကျင့်စာရိတ္တညံ့ဖျင်းတာလည်း သိနေပါရက်နဲ့။
သူက ဒီအတိုင်း အစားထိုးတစ်ယောက်အဖြစ် အသုံးချခံတစ်ယောက် ဖြစ်နေတာကိုး။
လင်းရန်က ဖရိုဖရဲနဲ့ ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေရင်း ချီဟွမ်က သူ့ကို ချုပ်နှောင်ထားတဲ့ဖိအားကို ဖယ်ရှားပေးလိုက်တဲ့အခါမှ နောက်ဆုံးတော့ သူ့မှာ သတိပြန်ဝင်လာတော့တယ်။
သူက ပတ်ဝန်းကျင်က အစွမ်းရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အကြည့်ကို ခံစားလိုက်မိပြီး သူ့မျက်နှာကလည်း နီရဲသွားခဲ့တယ်။
သူ့ဘေးမှာ ချီဟွမ် ရောက်လာပြီးကတည်းက ဘယ်တော့မှ ထပ်ပြီးနာကျင်ခံစားရတာမျိုး မရှိတော့ဘူး။ သူက ချီဟွမ်ဆီမှာ တစ်ခုခု လာတောင်းဆိုထားတဲ့သူတွေရဲ့ တလေးတစားနဲ့ မြှောက်ပင့်ဆက်ဆံတာကို ခံယူခဲ့ရပြီး ဘယ်တော့မှ စော်ကားခံရတာမျိုး မရှိခဲ့ဘူး။
သူ့အတွက် လက်ခံဖို့ရာ အခက်အခဲဆုံးအချက်က ဒီကိစ္စအားလုံးကို ဆွပေးခဲ့တဲ့သူကလည်း တကယ်တော့ ချီဟွမ်ပဲ ဖြစ်ခဲ့ပြီး သူ့ကို ကျေနပ်အောင် ကြိုးစားပြီး လုပ်ပေးခဲ့တာလည်း ချီဟွမ်ဖြစ်နေတာကိုပါ။
“ ချီဟွမ် မင်းက အတင့်ရဲလို့ ငါ့ကို ရိုက်ရသလား “
သူက လက်တဖက်နဲ့ ရင်ဘတ်ကိုအုပ်ထားလိုက်ပြီး ချီဟွမ်ကို သူ့ကို သစ္စာဖောက်ခဲ့တဲ့ အစေခံတစ်ယောက်လို ကြည့်နေလိုက်တယ်။
သူက ခက်ခက်ခဲခဲထရပ်လိုက်ပြီး ချီဟွမ်ကို လက်ညှိုးထိုးကာ ရက်ရက်စက်စက် ပြောဆိုတော့တယ်။
“ မင်းရဲ့စိတ်ပျက်စရာမျက်နှာကို ပြန်မကြည့်မိဘူးလား။ ငါက မင်းကို အချိန်အကြာကြီး သည်းခံလာခဲ့တာ၊ မင်းက ငါ့ကို ဒီလိုလုပ်ရဲတယ်ပေါ့”
“ငါ့ဘေးနားမှာ မင်း နေဖို့တောင်းပန်ခဲ့တဲ့အချိန်ကို မေ့သွားပြီးလား “
လင်းရန်က ခပ်ကြမ်းကြမ်းစကားလုံးတွေကို ပြောလိုက်ပြီး သူဒေါသ ထွက်လာတဲ့အချိန်တိုင်း လူတွေကို မျက်မှောင်ကြုတ်သွားအောင် လုပ်မိတော့တယ်။
“ခွေးတစ်ကောင်လိုပဲ။ မဟုတ်ဘူး။ ခွေးက သူ့ပိုင်ရှင်ကျေနပ်အောင် အဆင့်မြင့်တဲ့ဆေးလုံးတွေ မသုံးနိုင်ဘူး”
“ကြည့်ရတာ မင်းကတော့ ခွေးတစ်ကောင်ထက် သာတဲ့ပုံပါပဲ”
ဒီစကားလုံးကို ကြားလိုက်ရတဲ့လူတွေက မနေနိုင်တော့ဘဲ လက်သီးတွေကို ဆုပ်လိုက်ကြပြီး သူ့တို့ရဲ့မျက်လုံးတွေကလည်း သူ့ကိုအကြိမ်တစ်ထောင်မက ရိုက်ပစ်ချင်တဲ့အကြည့်တွေ ဖြစ်သွားတော့တယ်။
လင်းရန်က တခြားသူတွေရဲ့အမူအရာကို လုံးဝသတိမထားမိခဲ့ဘူး။ သူက ချီဟွမ်ကိုပဲ ကြောက်မက်ဖွယ်ရာကောင်းလောက် စိုက်ကြည့်နေခဲ့တယ်။ သူမရဲ့မျက်နှာပေါ်မှာ ဘာခံစားချက်မှ မထုတ်ပြတာကို မြင်လိုက်ရတော့ သူ့မျက်လုံးထဲကအကြည့်က ပိုပြီးရူးသွပ်လာကာ ဆက်ပြီးတော့ ကြိမ်ဆဲလေတော့တယ်။
ချီဟွမ်ရဲ့တည်ငြိမ်နေသေးတဲ့မျက်နှာကို ကြည့်လိုက်ရင်း သူက တစ်ခုခုကို စဉ်းစားမိသွားတဲ့ပုံနဲ့ ဆဲရေးတိုင်းထွာနေတာကို ရပ်လိုက်ပြီး ရက်စက်တဲ့ဟန်နဲ့ သူမကို ပြုံးပြလိုက်တယ်။
“ ဘယ်သူမှ မင်းကိုကြိုက်မှာ မဟုတ်ဘူး”
နောက်ဆုံးတော့ ချီဟွမ်ရဲ့မျက်နှာက အနည်းငယ် ပြောင်းလဲသွားတာကို တွေ့လိုက်ရတဲ့အခါ သူက သူမရဲ့အားနည်းချက်ကို တွေ့ရှိသွားသလိုမျိုး မပြောဘဲ မနေနိုင်အောင် ဖြစ်သွားတော့တယ်။
“ငါ မင်းကိုမုန်းတယ်။ မင်းကြိုက်တဲ့သူကလည်း မင်းကို အရမ်းမုန်းမှာ သေချာတယ် “
“ ဟားဟားဟား မင်းက ဒီအတိုင်း သေလူပဲ။ မင်းက ငါ့ကိုများ အတင့်ရဲလို့... “
သူ့စကားမဆုံးခင်မှာပဲ ဝိညာဉ်စွမ်းအင်နဲ့ လုပ်ထားတဲ့ဓားတစ်ချောင်းက ရုတ်ခြည်းဆိုသလို သူ့ရဲ့လည်ပင်းရှေ့မှာ ပေါ်လာခဲ့တယ်။ ဝိညာဉ်စွမ်းအင်ကြောင့် သူရဲ့ဆံပင်နှစ်ချောင်းဟာ ပြတ်တောက်သွားပြီး ခန်းမထဲက လေနဲ့အတူ လွင့်ပါသွားတော့တယ်။
လင်းရန်က စကားတစ်ခွန်းမှ ဆက်ပြီးမပြောနိုင်တော့ဘူး။ သူက ချီဟွမ်ရဲ့မျက်နှာပေါ်မှာ အတိုင်းသား ပေါ်နေတဲ့ လူသတ်လိုတဲ့ပြင်းပြစိတ်ကို ကြည့်လိုက်ရင်း သူ့ခြေထောက်တွေက စပြီးတုန်ရငယလာတော့တယ်။
ဒီအခါကျမှ ချီဟွမ်က သူ့အိမ်ကအစေခံတွေနဲ့ မတူဘူးဆိုတာကို သဘောပေါက်သွားတော့တယ်။ သူမက ဝိညာဉ်အသွင်ပြောင်းလဲခြင်း ကျင့်ကြံခြင်းအဆင့် အစွမ်းရှိတဲ့ပုဂ္ဂိုလ်လေ။ သူမက ဆန္ဒရှိရင် တစ်ချက်ကလေး လှုပ်လိုက်ရုံနဲ့ သူ့ကို သ-တ်နိုင်တယ်။
ဒီမြင်ကွင်းကို မြင်လိုက်တဲ့အခါ စူးလီက နောက်ဆုံးတော့ ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်လိုက်ပြီး ကောင်းကင်စာအုပ်ကို ဆက်ပြီးတော့လှန်လိုက်ကာ ဖရဲသီးကို ဆက်စားနေလိုက်တယ်။
[ကြည်လိုက်အုံးမယ် ချီဟွမ်နဲ့ သူရဲ့လရောင်ဖြူတို့ကြားမှာ ဘာတွေဖြစ်ခဲ့တာပါလိမ့်]
[အစတုန်းကတော့ ချီဟွမ်က သာမန်ကျင့်ကြံသူတစ်ယောက်ပဲ ရှိသေးတယ်။ သူ့မှာ ဖိုထိုနည်းပညာအတွက် ထူးခြားတဲ့အရည်အချင်း ပိုင်ဆိုင်ထားပေမဲ့ ဝိညာဉ်စွမ်းအင်သစ်ပင်တွေကို ဝယ်ဖို့ ငွေမတတ်နိုင်ခဲ့ဘူး]
ချီဟွမ်ကလည်း အတိတ်ကဖြစ်ပျက်ခဲ့တဲ့အရာကို သတိရသွားပြီး နှုတ်ဆိတ်ကာ မျက်လုံးတွေကိုမှိတ်ထားလိုက်ပြီး သူ့မျက်လုံးထဲက ခံစားချက်တွေကို ဖုံးကွယ်ထားလိုက်တော့တယ်။
အဲဒီအချိန်တုန်းက သူမရဲ့ကျင့်ကြံရေးအဆင့်က မမြင့်သေးဘူးလေ။ ဒါပေမဲ့ သူမမှာအာဏာကို ဆန့်ကျင်ဖို့အတွက် ရည်မှန်းချက်တစ်ခုရှိခဲ့တယ်။ သူမက ဒေသအတွင်းက အထက်တန်းစား မိသားစုတွေကို ရန်ပြုခဲ့ပြီးတော့ အသက်တစ်မျှင်သာ ကျန်တဲ့အထိ နောက်ကလိုက်သ-တ်ခံခဲ့ရတယ်။
အဲဒီအချိန်မှာပဲ ကုယန်ကျစ်က သူမကိုကယ်တင်ပေးခဲ့တာ။
ကုမိသားစုက အရမ်းကို ချမ်းသာတဲ့မိသားစုတွေထဲက တစ်ခုပေါ့။ နောက်ပြီး ကုယန်ကျစ်က ကုမိသားစုရဲ့ မိသားစုခေါင်းဆောင် ဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက သူဟာ သူမက မော့ပဲကြည့်နိုင်ပြီး လက်လှမ်းမမှီတဲ့သူတစ်ယောက်ပေါ့။
သူကပဲ တခြားအထက်တန်းစားမိသားစုတွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပြီး သေမိန့်ကို ရုပ်သိမ်းပေးခဲ့တယ်။ သူကပဲ မရေမတွတ်တဲ့ ဆေးလုံးတွေကို သုံးပြီးသူမကို ကယ်တင်ပေးခဲ့တယ်။ အဲဒီတုန်းက သူမက အခြေတည်စ ကျင့်ကြံခြင်းအဆင့်ပဲ ရှိသေးတာ။ သူမမှာ ဖိုထိုးခြင်းကျင့်ကြံရေး ပါရမီရှိတယ်ဆိုတာကိုလည်း သူပဲ သိရှိခဲ့တာ။သူကပဲ သူမကို ဆေးဆရာအဖွဲ့တစ်ခုဆီ ပို့ပေးခဲ့တာ။
သူကြောင့်သာ မဟုတ်ရင် သူမက အဲဒီကတည်းက သေသွားလောက်ပြီ။
အဲဒီအချိန်မှာ ကုယန်ကျစ်က တောက်ပတဲ့လမင်းလေးတစ်ခုလိုပဲ သန်မာပြီး သိမ်မွေ့တယ်။ ဒါပေမဲ့လည်း သူမကတော့ သူ့ကို ထိကိုင်နိုင်လိမ့်မှာ မဟုတ်ဘူး။
သူက မရေမတွက်နိုင်အောင် လူတွေကယ်ဆယ်ပေးခဲ့ပြီ သူမကတော့ အဲဒီလူထဲက သာမန်လူတစ်ယောက်ပဲပေါ့။
နောက်ပိုင်းမှာ သူမက ကျင့်ကြံရေးလောကထဲမှာ အတော်ဆုံး ဆေးဖော်စပ်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပြီး ပြန်ရောက်လာတဲ့အချိန်မှာတော့ သူ့ရဲ့သေဆုံးတဲ့သတင်းကိုပဲ ကြားလိုက်ရတယ်။
[ကုယန်ကျစ်က ချီဟွမ်ကို ကယ်ခဲ့တုန်းက သူ့ခန္ဓာကိုယ်ထဲက အအေးအဆိပ်က သူ့ရဲ့အူနဲ့ သွေးကြောတွေကို ဖျက်ဆီးဖြစ်ခဲ့ပြီးသား ဖြစ်နေခဲ့တယ်]
[နေမကောင်းတဲ့ ခန္ဓာကိုယ်ကိုသယ်ပြီး အထက်တန်းစားမိသားစုတွေနဲ့ ညှိနှိုင်းပေးခဲ့တယ်။ နောက်ဆုံးတော့ ချီဟွမ်အတွက် ချောမွေ့တဲ့လမ်းတစ်ခုကို စီစဉ်ပေးခဲ့တယ်]
[မဆန်းတော့ပါဘူးလေ။ ချီဟွမ်က... ဒီလိုလူမျိုးကို မေ့ဖို့ခက်မှာပဲပေါ့[
လင်းရန်က ဘယ်ကမှန်းမသိတဲ့အသံရဲ့ အတိတ်ကအကြောင်းအရာကို ပြောပြနေတဲ့အသံကို နားထောင်လိုက်တဲ့အချိန်မှာ သူရဲ့နှလုံးသားထဲမှာ တိုးထွက်လာတဲ့အရာက ဒေါသမဟုတ်နေဘဲ ကြောက်စိတ်မွှန်တဲ့ ခံစားချက် ဖြစ်နေတော့တယ်။ ချီဟွမ်က သူ့ကို တကယ်တမ်း လုံးဝ မကြိုက်ခဲ့တာပဲကို။
သူမက သူ့အပေါ် အရမ်းကောင်းပေးတယ်ဆိုတာကလည်း အဲဒီသေသွားတဲ့လူကြောင့်ပဲ။
သူကလက်တွေကို တင်းနေအောင် ဆုပ်ထားပေမဲ့ သူ့ရဲ့လည်ပင်းပေါ်က အေးစိမ့်စိမ့် ခံစားချက်ကြောင့် ကုယန်ကျစ်ကို မကောင်းကြောင်းတစ်ခုမှ မပြောရဲခဲ့ဘူး။
ဒီအချိန်မှာပဲ သူက သေချာသိသွားတော့တယ်။ သူသာ ကုယန်ကျစ်အကြောင်း မကောင်းစကားတစ်ခွန်း ပြောလိုက်ရင် ချီဟွမ်က တွေဝေမနေဘဲ သူ့ကို သတ်ပစ်လိမ့်မယ်။
သူကစိတ်ထဲမှာ ကိုယ့်ဟာကို နှစ်သိမ့်လိုက်တော့တယ်။ ကိစ္စမရှိပါဘူး။ ချီဟွမ်က သူ့ကို မကြိုက်တော့ရော ဘာအရေးလဲ။ သူ့မျက်နှာရှိနေသရွေ့ သူမက သူ့ကို ဘာမှလုပ်မှာ မဟုတ်ဘူး။
သူက ချီဟွမ်ကို အမြဲမကြိုက်ကြောင်း ပြသပြီး ချီဟွမ်က သူနဲ့အတူတူနေဖို့ သူ့ကိုဖိအားပေးတဲ့ပုံစံမျိုး လူတွေကို ထင်မှတ်အောင် လုပ်ထားရင်တောင်မှပေါ့။
ဒါပေမဲ့လည်း သူ့ရဲ့စိတ်အတွင်းနက်ထဲမှာတော့ အမြဲတမ်း သိနေတာ ရှိတယ်။ သူက ချီဟွမ် မရှိရင် နေနိုင်မှာ မဟုတ်ဘူးလေ။
ချီဟွမ်ကြောင့်သာ မဟုတ်ရင် သူက လင်းမိသားစုထဲက သာမန်ကလေးတစ်ယောက်သာ ဖြစ်နေလိမ့်မယ်။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကိုတောင် ရောက်လိုက်မှာ မဟုတ်ဘူး။
ချီဟွမ်ရဲ့ဆေးလုံးတွေကြောင့်သာ ရွှေအမြုတေကျင့်ကြံခြင်းအဆင့်ကို ရောက်လာခဲ့တာ။
သုမက သူလိုအပ်သမျှအရာအားလုံးကို ဖြည့်ဆည်းပေးတယ်။ ဝိညာဉ်စွမ်းအင်ရတနာဖြစ်ဖြစ် ဝိညာဉ်စွမ်းအင်အဆာင်စာရွက်ဖြစ်ဖြစ် အဆက်သွယ်ဖြစ်ဖြစ်ပေါ့။
သူကတော့ ဒီနေ့ဖြစ်ခဲ့သမျှအရာအားလုံးကို ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်ရင် သူတို့ကြားက အခြေအနေတွေလည်း အရင်လိုပဲ ဆက်ဖြစ်နေလိမ့်မယ်။ ဟုတ်တယ်။
လင်းရန်က သူ့ကိုယ်သူ တည်ငြိမ်သွားအောင် လုပ်လိုက်ပြီးနောက် ခေါင်းမော့လိုက်ကာ တုန်တုန်ယင်ယင်အသံနဲ့ ပြောလိုက်တော့တယ်။
“ချီဟွမ်”
သူက ခေါင်းကိုလှည့်လိုက်ပြီး ချီဟွမ်သဘောအကျဆုံးပုံရိပ်ကို လှစ်ပြလိုက်ကာ သတ္တိတွေကို စုစည်းပြီး ပြောလိုက်တာ့တယ်။
“ငါ နည်းနည်း ပင်ပန်းလာလို့ မင်း ငါ့အတွက်စီစဉ်ထားပေးတဲ့အခန်းက ဘယ်နားမှာလဲ “
လင်းရန်က ဒီနေ့ဖြစ်သွားတဲ့ကိစ္စကို ရှောင်လွှဲချင်နေတာ တွေ့လိုက်ရတော့ လုကျင်းဟွိုင်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်တော့တယ်။
“ အကြီးအကဲချီ တချို့လူတွေက မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတယ်။ သူတို့တွေ ဒီနေရာမှာ ရှိနေရင် ဘာတွေဒုက္ခပေးအုံးမလဲ ဘယ်သူကသိမှာလဲ “
“ဟုတ်တယ်”
ယောက်တန်းတောင်ထွတ်သခင်ကလည်း ချက်ချင်းထောက်ခံလိုက်တယ်။
“ဒီလို လူယုတ်မာတစ်ယောက်ကို ဆက်ပြီးထားထားတာက တစ်ချိန်လုံး ကိုယ့်ဟာကို အန္တရာယ်တွင်းထဲမှာ ထားတာနဲ့အတူတူပဲ”
“ဟုတ်တယ်”
ဒီအချိန်မှာ ဒုတိယအကြီးအကဲကလည်း ထရပ်လိုက်ပြီး အလွန်အမင်း အေးစက်တဲ့အကြည့်တစ်ခုနဲ့ လင်းရန်ကို ကြည့်လိုက်တယ်။
“ဒီလူကို ဒီနေရာမှာ ဆက်နေခွင့် လုံးဝမပြုနိုင်ဘူး”
ချီဟွမ်က လင်းရန်ရဲ့ပုံရိပ်ကို ကြည့်လိုက်ပြီး သူမရဲ့နှုတ်ခမ်းတွေကို တင်းနေအောင်စေ့ထားရင်းက သူမရဲ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်လိုက်တော့တယ်။ ဂိုဏ်းချုပ်နဲ့ တခြားလူတွေက သူမ ကောင်းဖို့အတွက်ပြောနေမှန်းသိပါတယ်။ ဒါပေမဲ့လည်း လင်းရန်က သူမရဲ့သဘောထားကို သတိထားမိသွားပြီး သူ့မျက်လုံးထဲမှာ ဝမ်းသာတဲ့အရိပ်တစ်ခု ဖြတ်ပြေးသွားတယ်။ သူ့မျက်နှာ ရှိနေသရွေ့ ချီဟွမ်က သူ့ကို ဘယ်တော့မှစွန့်ပစ်လိမ့်မှာ မဟုတ်ဘူး။ သူက အောင်နိုင်သူအပြုံး ပြုံးလိုက်ပြီး တစ်ခုခုကို ပြောတော့မဲအချိန်မှာပဲ ကောင်းကင်က ခြိမ်းခြောက်တဲ့အသံက ထွက်လာပြန်တော့တယ်။
[ဟင် ဒီလင်းရန်မှာ လင်းယွီဆိုတဲ့အစ်ကိုတစ်ယောက် ရှိသေးတာပဲ]
[ဟင်... ဒီပုံကို ကြည့်လိုက်ပါအုံး။ ဒီလင်းယွီက ကုယန်ကျစ်နဲ့ ပိုတူတာပဲ။ လင်းရန်နဲ့ယှဉ်ရင်လေ]
ချီယွမ်က ရုတ်တရက်မျက်လုံးကို ပြန်ဖွင်လိုက်တယ်။
စူးလီက ကောင်းကင်စာအုပ်ထဲက စာတွေကို ဖတ်လိုက်တယ်။ သူမရဲ့မျက်လုံးထဲမှာ လင်းရန်အတွက် အထင်းသေးစိတ် အပြည့်ဖြစ်သွားတော့တယ်။
[ ဒီလင်းရန်က တော်တော်ကို ယုတ်မာတာပဲ]
[လင်းယွီက လင်းရန်းအပေါ် ငယ်ငယ်ကလေးကတည်းက ချစ်ခင်ပေးတယ်။ ဒါပေမဲ့ မိသားစုရဲ့ အရင်းအမြစ်ကို ယှဉ်ပြိုင်ဖို့အတွက် လင်းရန်ကတော့ အကောင်းဆုံးအရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့ လင်းယွီရဲ့ဝိညာဉ်သွေးကြောကို ဖျက်ဆီးပစ်လိုက်တယ်။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း အုတ်မြစ်တည်ကျင့်ကြံအဆင့်ကနေ ဘယ်တော့မှ တက်မလာတော့ဘူး]
[လင်းယွီ ပြန်ပြီးနလန်ထူမှာကို သူတို့တွေက ကြောက်ခဲ့ကြတယ်လေ။ ဒါကြောင့်မို့လို့ သူတို့တွေက လင်းယွီကို မထောက်ပံ့ပေးဖို့နဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်လိုက်ဖို့ လင်းမိသားစုဆီ တောင်းဆိုခဲ့ကြတယ်တဲ့[
လင်းရန်ရဲ့မျက်လုံးတွေက ပျာယာခတ်သွားတော့တယ်။ ဘယ်လိုဖြစ်ပြီး လင်းယွီကလည်း ကုယန်ကျစ်နဲ့ အဲလောက်တူနိုင်မှာလဲ။
ကုယန်ကျစ်နဲ့ တူတဲ့ သူက သူတစ်ယောက်တည်းသာ မဟုတ်ဘူးဆိုရင် ချီဟွမ်က သူ့ကို လက်လျှော့လိုက်တော့မှာလား။
မဖြစ်ဘူး။မဖြစ်ဘူး။
သူတို့တွေက နှစ်နှစ်ဆယ်လောက် အတူတူနေလာခဲ့တာလေ။ ဘယ်လိုဖြစ်ပြီး လင်းယွီက မျက်နှာကပါ လာတူနေရတာလဲ။
ဒါပေမဲ့လည်း သူ့ကိုယ်သူဘယ်လောက်ပဲ နှစ်သိမ့်နေပါစေ သူ့စိတ်ထဲက ကြောက်ရွံ့မှုတွေကတော့ လုံးဝပျောက်ကွယ်မသွားဘူး။
သူက ဘာတွေပဲစဉ်းစားနေပါစေ ကောင်းကင်ကလာတဲ့အသံကတော့ ဆက်ပြီးပြောနေတုန်းပဲ။
[အလို လင်းယွီက သနားစရာပါလား။ သူ့ရဲ့ဝိညာဉ်သွေးကြောကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရနေပြီး သူက လုံလောက်တဲ့ လေ့ကျင့်ခြင်းတွေကိုလည်း လက်မခံခဲ့ရဘူး။ သူ့ခန္ဓာကိုယ်က အချိန်အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး]
စူးလီက ချီဟွမ်ကြောင့် ဝဖိုင့်ပြီး ဖြူဆွတ်နေတဲ့ လင်းရန်ကိုကြည့်ပြီး သက်ပြင်းချလိုက်တော့တယ်။
[လူကောင်းတွေက အသက်မရှည်ကြဘူး။ ဒါပေမဲ့ မကောင်းမှုဒုစရိုက်ကတော့ နှစ်ထောင်ချီအောင် ကြာရှည်တယ်]
သူမ သက်ပြင်းချလိုက်တာနဲ့ ချက်ချင်းပဲ အားလုံးရဲ့အာရုံစိုက်မှုအလယ်မှာရှိနေတဲ့ ချီဟွမ်က ရုတ်တရက်ဆိုသလို သူမရဲ့လက်ထဲက ဝိညာဉ်စွမ်းအင်တွေကို သိမ်းလိုက်ပြီး လုကျင်းဟွိုင်ဘက် လှည့်ကြည့်ကာ အလျင်စလိုလေသံနဲ့ ပြောလိုက်တယ်။
“ ဂိုဏ်းချုပ်ကြီး ကျွန်မ အရေးတကြီးကိစ္စရှိတဲ့အတွက် ဂိုဏ်းကနေ ထွက်ရပါအုံးမယ်။ ရက်ပိုင်းအတွင်းတော့ ပြန်လာနိုင်မှာ မဟုတ်ဘူး”
လုကျင်းဟွိုင်က မြန်မြန်လက်ရမ်းပြလိုက်တယ်။
“ မြန်မြန်သွားတော့”
သူက စကားပြောပြီးတဲ့နောက်မှာ တစ်ခုခုကို သတိရသွားပြီး သူရဲ့ သိုလှောင်အိတ်ကို ထုတ်လိုက်ကာ အမြန်ယာဉ်ကို ချီဟွမ်ဆီကို လှမ်းပေးလိုက်တယ်။
“ မင်းရဲ့ဝိညာဉ်လက်နက်က ပျံတာ အရမ်းနှေးတယ်။ ဒါကိုသုံးလိုက် ဒီတစ်ခုက ပိုမြန်တယ်”
သူ့ဘေးက ဟွားဖူတောင်ထွတ်သခင်ကလည်း အမြန်ဆုံးအဆောင်မန္တန်ကို ထုတ်ပေးလိုက်တယ်။
“ ဟုတ်တယ်။ အမြန်ယာဉ်မန္တန်အဆောင်ကိုလည်း ယူသွားလိုက်၊ အရေးကြီးကိစ္စကို မနှောင့်နှေးစေနဲ့”
လင်းရန်က ထွက်သွားတဲ့ချီဟွမ်ရဲ့ကျောပြင်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ ပျာယာခတ်မှုအပြည့် ဖြစ်သွားတော့တယ် ။သူက ကမန်းကတန်းနဲ့ လှမ်းအော်လိုက်တယ်။
“ ချီဟွမ် ငါ့မျက်နှာကို ကြည့်ပါအုံး။ ငါတို့တွေ နှစ်နှစ်ဆယ်လောက် အတူတူနေလာတာ မေ့သွားပြီးလား။ ငါကမှ မင်းရဲ့အချစ်ဆုံးလူလေ။ ငါကမှ...”
ချီဟွမ်က လှည့်တောင်မကြည့်မိဘူး။ ဒါပေမဲ့ သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး အလင်းတန်းတစ်ခုက ဖျတ်ခနဲလက်သွားပြီး လင်းရန်ရဲ့ပါးစပ်ကို ပိတ်ဆို့ထားလိုက်ကာ သူ့မှာ စကားတခွန်းမှ ဆက်မပြောနိုင်အောင် ဖြစ်သွားတော့တယ်။
သူမက လုကျင်းဟွိုင်ဘက်လှည့်ကာ တောင်းပန်တဲ့လေသံနဲ့ပြောလိုက်တယ်။
“အခု လောလောယ်တော့ လင်းရန်ကို ဂိုဏ်းထဲမှာ ဆက်ထားထားခွင့် ပြုပါအုံး။ ကျွန်မ ပြန်လာတဲ့ခါကျမှ သူ့ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ဆုံးဖြတ်ပါ့မယ်”
“ စိတ်မပူပါနဲ့ အကြီးအကဲချီ”
လုကျင်းဟွိုင်က အပြုံးတစ်ခုနဲ့ ပြန်ဖြေလိုက်တယ်။
ချီဟွမ် ထွက်သွားပြီးတဲ့နောက်မှာတော့ ခန်းမထဲကအားလုံးက စိတ်အေးသွားဟန် သက်ပြင်းချလိုက်ကြတော့တယ်။
ချီဟွမ်က လင်းရန်လိုလူမျိုးကို အစားထိုးတစ်ယောက်အနေနဲ့ လက်လျှော့လိုက်သရွေ့ ဒါက အဆင်ပြေပါတယ်လေ။
ကျန်တဲ့ကိစ္စကတော့လား။
အဆင့်မြင့်ကျင့်ကြံရေးအဆင့်ရှိတဲ့ လူပုဂ္ဂိုလ်တွေမှာ သူတို့ရဲ့နှလုံးသားထဲမှာ အစွဲမရှိတဲ့သူ ဘယ်သူရှိလို့လဲ။
ဒါက အစားထိုးခံတစ်ယောက်ပဲ မလား။ ကိစ္စကြီးမှ မဟုတ်တာ။
တခြားမပြောနဲ့အုံး။ မရေမတွက်နိုင်တဲ့ ဆေးလုံးတွေကို စဉ်းစားကြည့်လိုက်။ အစွမ်းအမျိုးမျိုးရှိတဲ့ ဝိညာဉ်စွမ်းအင်ရတနာတွေကို စဉ်းစားကြည့်လိုက်။ ချီဟွမ်ကို အစားထိုးတစ်ယောက်အနေနဲ့ ပိုင်ဆိုင်ထားတာကပဲ ကံကောင်ခြင်းတစ်ခု ဖြစ်နေပြီးလေ။ ကျင့်ကြံခြင်းအဆင့် သက်တမ်းအများအပြားကို ရရှိနိုင်တယ်လေ။
ဒီအချိန်မှာ နယ်စပ်မြို့လေးမှာရှိတဲ့ လင်းမိသားစုထဲမှာတော့ လင်းရန်ရဲ့သေလုနီးပါး နှိပ်စက်ခံထားရတဲ့ လင်းယွီက ရုတ်တရက်ဆိုသလို မျှော်လင့်ချက် အလင်းတန်းလေး ရရှိလာတော့တယ်။
လော့ယွင်တောင်ထွတ်ခန်းမထဲမှာ-
လုကျင်းဟွိုင်က လင်းရန်ကို ထိန်းသိမ်းထားမဲ့နေရာကို စီစဉ်ပြီးနောက်မှာ ထွက်မသွားချင်ပေမဲ့ နောက်ထပ် ထပ်ဖြစ်မဲ့ဟာကို သိချင်နေကြတဲ့ ခန်းမထဲကလူတွေကို ကြည့်လိုက်တယ်။ မတတ်သာတော့ဘဲ ခေါင်းခါလိုက်တော့တယ်။
အပြင်လောကက အသံပြောတာကတော့ အစောကြီးကတည်းက ထွက်သွားခဲ့ပြီး သူက ဒီနေရာမှာ ချီဟွမ်ရဲ့သတင်းကို မစောင့်နိုင်လောက်တော့ဘူး။
ဒါပေမဲ့ ဒီလိုစဉ်းစားကြည့်ရင်တောင် သူက ဒီနေရာက ထွက်သွားတာ လုံးဝမဟုတ်ခဲ့ဘူး။
အဟမ်း__ တကယ်လို့များ...
ချီဟွမ်က လင်းယွီကို တွေ့တဲ့အခါ သူရဲ့တုံ့ပြန်ပုံကို သူလည်း သိချင်မိသားပဲ။
လင်းယွီက တကယ်ပဲ ကုယန်ကျစ်နဲ့ ရုပ်ချင်းဆင်နေတာလား။ လင်းရန်ထက်တောင် ပိုပြီးတော့ ရုပ်ချင်းဆင်နေတာတဲ့လား။
ခန်းမထဲမှာ နေရခက်စေတဲ့ ငြိမ်သက်မှုကို ခံစားလိုက်မိပြီး လုကျင်းဟွိုင်က သူရဲ့မုတ်ဆိတ်မွှေးကို ပွတ်သက်ရင် အပြုံးတစ်ခုဖြင့် ပြောလိုက်တယ်။
“ဧည့်အကြီးအကဲတွေထဲမှာ စီးရှတစ်ယောက်တည်း ဂိုဏ်းကို ပြန်မလာသေးတာပေါ့။ ဟုတ်လား”
သူ့စကားဆုံးသွားတာနဲ့ ခန်းမထဲက အငွေ့အသက်က ရုတ်တရက်ဆိုသလို နွေးထွေးရွှင်လန်းလာတော့တယ်။ ဒုတိယအကြီးအကဲက သူ့ရဲ့အင်္ကျီလက်ကို ခါရမ်းလိုက်ပြီး သူ့မျက်နှာပေါ်မှာ နှစ်လိုဖွယ်အပြုံးတစ်ခု ဖြစ်သွားတော့တယ်။
“ စီးရှက ငယ်ရွယ်ပြီး ကြင်နာသနားတတ်တဲ့သူလေ။ ကြည့်ရတာ ဂိုဏ်းကိုလာတဲ့ အပြန်လမ်းမှာ ကောင်းမှုကိစ္စတွေ လုပ်နေတာနေမှာပေါ့”
“ သိပ်မကြာခင်သေးတုန်းက စီးရှက ငါ့ကိုဆက်သွယ်လာတုန်းက ငါ့အတွက်လက်ဆောင်တစ်ခုတောင် ပြင်ဆင်ထားသေးတယ်လို့ ရွှင်ရွှင်လန်းလန်းနဲ့ ပြောလိုက်သေးတယ်”
ဟွားဖူတောင်ထွတ်သခင်ရဲ့အသံက ဂုဏ်ယူမှုပြည့်ဖြစ်နေတော့တယ်။
စီးရှက လုကျင်းဟွိုင် ဂိုဏ်းကို ပြန်လာတဲ့လမ်းမှာ ဝိညာဉ်သားကောင်ရဲ့ပါးစပ်ထဲကနေ ကယ်လာပေးတဲ့ကလေးပေါ့။ သူမက သူတို့ရဲ့ ပြုစုစောင့်ရှောက်မှု အောက်မှာပဲ ကြီးပြင်းလာပြီး မကြာခဏဆိုသလို တောင်ထွတ်တွေဆီကို ပတ်ပြီး လည်ပတ်နေတတ်တယ်။ သူမက ရွှင့်ချန်ဂိုဏ်းထဲမှာ အရမ်းကိုနာမည်ကြီးပြီးတော့ ပိုင်ရှို့တောင်ထွတ်ပေါ်က ဝိညာဉ်သားရိုင်းကောင်တွေနဲ့တောင် ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု ရှိတယ်။
စီးရှက အင်မတန်ကို အရည်အချင်းရှိတယ်လေ။ သူက အသက်သုံးနှစ်အရွယ်မှာတင် မန္တန်စာရွက်တွေကို ရေးဆွဲတတ်နေပြီ။ သူရဲ့အရည်အချင်းတွေကြောင့် အားလုံးက သူ့ကိုချစ်ခင်ကြပေမဲ့ သူကတော့ အခွင့်အရေးယူတာမျိုးမရှိဘူး။ သူက အပြစ်ကင်းကြင်နာပြီး ရိုးသားတဲ့သူလေ။
ရွှင့်ချန်ဂိုဏ်းမှာ အဆိုးဝါးဆုံးဆက်ဆံရေးတွေရှိကြတဲ့ ပိုင်ရှို့သခင်နဲ့ အကြီးအကဲလေးယောက်က တွေ့တဲ့အချိန်တိုင်း ရန်ဖြစ်တတ်ကြပေမဲ့ စီးရှ ရှိနေရင်တော့ သူတို့က အောင့်အီးထားပြီး တည့်တည့်ရှုရှု နေတတ်ကာ စီးရှပြန်သွားတဲအထိ စောင့်ပြီးမှ ဆက်ပြီးရန်ဖြစ်တတ်ကြတယ်။
ဒါပေမဲ့ သူတို့တွေက ဘယ်လောက်ပဲ ဆန္ဒမရှိပါစေ စီးရှကတော့ နောက်ဆုံးအရွယ်ရောက်လာပြီး သူ့လမ်းသူ့ရွေးချယ်သွားတာပါပဲ။
စူးလီက သူတို့ရဲ့စကားဝိုင်းကို နားထောင်ရင် သိစိတ်ပင်လယ်ထဲက မပိတ်ရသေးတဲ့ ကောင်းကင်စာအုပ်ကို ကြည့်လိုက်ကာ စာတစ်မျက်နှာကို ဒီအတိုင်း လှန်လိုက်တော့တယ်။
[စီးရှ ဟုတ်လား]
[သူ့ကို ရှာကြည့်လိုက်အုံးမယ်။ အခုသူ…]
[အလို.. စီးရှက အခု လူယုတ်မာတစ်ယောက်ရဲ့ ဖိအားပေးခံရပြီး သူရဲ့ဝိညာဉ်အရင်းအမြစ်ကို ဆွဲထုတ်ခံနေရပါလား။ သူ့ရဲ့အချစ်စစ်အတွက် အလဲအလှယ်တဲ့]
…