အခန်း ၂၈
Vol. 2 Ch. 28
အပိုင်း(၂၈)
ဝိုးတဝါးမဲမှောင်နေတဲ့အခန်းထဲမှာ လူရိပ်တစ်ခုက အရှုပ်အထွေးတွေရဲ့အလယ်မှာ လှဲလျောင်းနေတယ်။ သူမရဲ့အောက်မှာတော့ မှော်စက်ဝိုင်းတစ်ခုပုံသဏ္ဌာန် သိပ်သိပ်သည်းသည်း ဖြစ်နေတယ်။ အင်းကွက်တွေ ရှိနေပြီး သူမကို အထဲမှာပိတ်လှောင်ထားကာ လှုပ်မရအောင်ဖြစ်နေတော့တယ်။
လျန်ဖုန်းက မှောင်မည်းနေတဲ့ အခန်းထောင့်တစ်နေရာမှာရပ်နေပြီး အပြစ်ရှိသလိုကြင်နာတတ်တဲ့ အရိပ်အယောင်တစ်ခုနဲ့ စီးရှကို ကြည့်နေတယ်။
သူက စီးရှကို အစပိုင်းတုန်းက ရည်ရွယ်ချက်တစ်ခုနဲ့ ချဥ်းကပ်ခဲ့ပေမဲ့ အချိန်တစ်ခုအထိ အတူတူနေလာတဲ့အခါ စီးရှရဲ့အလှအပ၊ သွက်လက်မှု၊ သနားကြင်နာမှုတို့ကြောင့် သူ့မှာ စိတ်မလှုပ်ရှားပဲ မနေနိုင်အောင် ဖြစ်ခဲ့ရတယ်။
သူမက တကယ့်ကိုကောင်းလွန်ပါတယ်။ အရမ်းကောင်းလွန်းတဲ့အတွက်ပဲ သူမကို ထိခိုက်နာကျင်အောင်လုပ်မဲ့ သူရဲ့အစီအစဥ်ကိုလက်လျော့လိုက်ဖို့ အကြိမ်ကြိမ်စဥ်းစားခဲ့မိတယ်။
ဒါပေမဲ့လည်း....
လျန်ဖုန်းက ခေါင်းကိုလှည့်လိုက်ပြီး သူ့ဘေးမှာ ရပ်နေတဲ့ပုံရိပ်တစ်ခုကို ကြည့်လိုက်တယ်။ သူရဲ့မျက်နှာက ဖြူဆုတ်နေပြီးတော့ သူ့မျက်ခုံးတွေကြားမှာလဲ ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ရှိနေတယ်။ သူ့ရဲ့မျက်လုံးတွေက တဖြည်းဖြည်းနဲ့ ပြတ်သားလာခဲ့တယ်။
ယွီရင်းရဲ့ကျန်းမာရေးက ဆက်ပြီးတော့အချိန်ဆွဲထားလို့ မရတော့ဘူး။
အတိတ်တုန်းက ယွီရင်းရဲ့ဝိညာဥ်ရင်းမြစ်က သူကိုကယ်ရင်းနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်။ နှစ်တွေကြာလာတဲ့အခါ သူမရဲ့ကျင့်ကြံခြင်းအဆင့်က ရပ်တန့်သွားတဲ့အပြင် မကြာခဏဆိုသလို အေးခဲပြီး အေးစက်တဲ့ဒဏ်ကို ခံစားလာခဲ့ရတယ်။ အခုတော့ သူမရဲ့ခန္ဓာကိုယ်က အရမ်းကို အားအင်ချိနဲနေပြီး သူမရဲ့ဝိညာဥ်စွမ်းအားကိုတောင် မသုံးနိုင်တော့ဘူး။
သူမသာ သူမရဲ့လက်ရှိ ဝိညာဥ်ရင်းမြစ်ကို မပြောင်းလဲပစ်နိုင်ဘူးဆိုရင် အချိန်အကြာကြီး သည်းခံနိုင်တော့မှာ မဟုတ်ဘူး။
ယွီရင်း အခုလိုဖြစ်လာတာကလည်း သူမက သူ့ကို ကယ်တင်ပေးခဲ့တာကြောင့်လေ။ ဒီတော့ သူက သူမကို သေချာပေါက် ကယ်တင်ပေးရလိမ့်မယ်။
ဒီလို စဥ်းစားမိလိုက်ပြီး သူက စီးရှကို တောင်းပန်တဲ့အရိပ်အယောင်တစ်ခုနဲ့ကြည့်လိုက်တယ်။
စီးရှက ယွီရင်းရဲ့ဝိညာဥ်ရင်းမြစ်နဲ့ အတူညီဆုံးသူဖြစ်ပြီးတော့ သူ နှစ်ပေါင်းများစွာ ရှာလာခဲ့တဲ့သူပေါ့ နောက်ပြီး...
သူတို့ရဲ့ဝိညာဥ်စွမ်းအင်ရင်းမြစ်တွေက ကိုက်ညီတဲ့အပြင် ပိုအရေးကြီးတာက စီးရှမှာ ကောင်းမွန်တဲ့မိသားစု နောက်ခံမရှိဘူး။ ဒီတော့ သူက သူမကို ဘာပဲလုပ်လုပ် နောက်ဆက်တွဲပြသာနာတွေ ရှင်းရမှာ မဟုတ်တော့ဘူး။
သူတို့တွေ အတူတူနေခဲ့ကြတဲ့ အချိန်တုန်းက သူက သူမကို မရေမတွက်နိုင်အောင် စမ်းသပ်ကြည့်ခဲ့ပြီးပြီ။ စီးရှက ငယ်ငယ်လေးကတည်းက မိဘမဲ့တစ်ယောက်ဖြစ်ခဲ့ပြီး အင်အားဆုတ်ယုတ်လာတဲ့ဂိုဏ်းတစ်ခုထဲမှာ ကြီးပြင်းလာခဲ့တာ။
လူတွေက လိမ်ညာနိုင်တယ်ဆိုပေမဲ့ သူတို့ရဲ့မသိစိတ်က တုံ့ပြန်မှုနဲ့ လုပ်ရပ်တွေကိုတော့ လိမ်ညာလို့မရဘူး။
စီးရှက ဂိုဏ်းကအကြီးအကဲတွေအတွက် စျေးဆိုင်သေးသေးလေးကနေ လက်ဆောင် ဝယ်ပေးနေတာကို ပြန်စဥ်းစားမိတော့ သူစိတ်ထဲ ရုတ်တရက်ဆိုသလို သနားတဲ့အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့တယ်။
ယွီရင်းရဲ့ဝိညာဥ်ရင်းမြစ်ကို အစားထိုးပြီးသွားရင်တော့ သူက စီးရှကို သေချာပေါက် လျော်ကြေးပေးပါမယ်။ သူက သူမကို အရင်ကလို တူညီတဲ့နာကျင်မှုမျိုး ခံစားခွင့်ပေးတော့မှာ မဟုတ်သလို သူက သူမရှေ့မှာ အကောင်းဆုံးအရာတွေကိုပဲ ဖြည့်ဆည်းပေးမယ်။
သူက သူမကို မောင်းမတစ်ယောက်အနေနဲ့တောင် လက်ခံပေးနိုင်သေးတယ်။ သူရဲ့တရားဝင် ဇနီးမယားနေရာက အစောကြီးကတည်းက ယွီရင်းကိုပေးလိုက်ပြီးသား။ ဒါပေမဲ့ သူ့နှလုံးသားထဲမှာတော့ စီးရှကို ထောင့်တစ်နေရာမှာ ထားပေးနိုင်သေးတယ်။
ဒီအချိန်မှာ သူ့ရဲ့စိတ်ထဲမှာ ဝိညာဥ်ရင်းမြစ်ဖျက်ဆ်ီးခံလိုက်ရပြီး မိသားစုနောက်ခံမရှိတဲ့စီးရှက အသက်ရှင်သန်ဖို့ သူ့ကိုပဲ မှီခိုနိုင်လိမ့်မယ်။ မောင်းမတစ်ယောက်အနေနဲ့ သူ့ကိုလက်ထပ်နိုင်ခြင်းကပဲ ကြီးမားတဲ့ကံကောင်းခြင်း ဖြစ်နေပေတယ်။
လျန်မိသားစုက ချီဟွာမြို့ထဲက အကြီးဆုံးမိသားစုထဲက တစ်ခုပေါ့။ သူက လျန့်မိသားစုရဲ့ အရည်အချင်းအရှိဆုံးသားတစ်ယောက်။ စီးရှက အမြဲတမ်းဉာဏ်ကောင်းပြီး သူ့အပေါ်လည်း ခံစားချက်ရှိတယ်။ ဒီတော့ သူက ဘယ်လိုရွေးချယ်ရမယ်ဆိုတာ အလိုလိုသိနေမှာပဲ။
ဒီအချိန်မှာပဲ မှော်စက်ဝန်းထဲမှာ ပိတ်ဆို့ခြင်းထားခံရတဲ့သူက တဖြည်းဖြည်းချင်း သတိရလာခဲ့တယ်။
စီးရှက သူမရဲ့ဝိညာဥ်သွေးကြောတွေ ပိတ်ဆို့ခံထားရတာကို ခံစားလိုက်ရတဲ့အချိန်မှာ ပျာယာခတ်သွားပြီးနောက်တော့ စိတ်ကိုလျော့ချလိုက်ကာ သူမပတ်ဝန်းကျင်က အခြေအနေကို မသိမသာလေ့လာလိုက်တယ်။
သိပ်မဝေးလှတဲ့နေရာမှာရပ်နေတဲ့ လျန်ဖုန်းနဲ့ ကျန်းယွီရင်းတို့ကို တွေ့လိုက်ရပြီးတဲ့နောက်တော့ သူမက သတိမလစ်ခင်က မြင်ကွင်းကို ရုတ်တရက် သတိရသွားတော့တယ်။ လျန်ဖုန်း သူမကိုပေးလိုက်တဲ့ ဝိုင်ခွက်က တစ်ခုခုမှားယွင်းနေခဲ့တာပဲ။
သူမက လျန်ဖုန်းနဲ့တွေ့ခဲ့ပြီးနောက်မှာ သူက သူ့မအပေါ်အမြဲတမ်း အရမ်းကို ကောင်းမွန်ပေးခဲ့တယ်။ သူတို့တွေမှာ တူညီတဲ့ စိတ်ဝင်စားမှုနဲ့ အကျင့်စရိုက်တွေလည်း ရှိကြတယ်။
လအနည်းငယ်လောက် အတူတူရှိလာပြီးတဲ့နောက်မှာ သူမက သူ့အပေါ်ထားတဲ့ အစောပိုင်းသတိတွေကို လွှတ်ချလိုက်ပြီး သူ့အတွက် ခံစားချက်တွေတောင် တိုးလာခဲ့သေးတယ်။
ဒီတစ်ကြိမ် သူက သူမ ဂိုဏ်းကိုပြန်လာတဲ့အချိန်မှာ လျန်ဖုန်းကို အတူခေါ်သွားပြီး ဂိုဏ်းချုပ်နဲ့တခြားသူတွေကို သူနဲ့တွေ့ပေးမယ်လို့ စဥ်းစားထားလိုက်တယ်။
စီးရှက မျက်လုံးတွေကို အသာချထားလိုက်ပြီး ခံစားချက်တွေကို ဖုံးကွယ်ထားလိုက်တယ်။ အခုတော့ လျန်ဖုန်းက သူမကို ပိတ်လှောင်ထားရတဲ့ အကြောင်းအရင်းကို သိဖို့လိုအပ်တယ်လေ။
ဒီလိုစဥ်းစားလိုက်ပြီးတော့ သူမက ခေါင်းမော့လိုက်တယ်။ မျက်လုံးထဲမှာ ရှုပ်ထွေးမှုအပြည့်ဖြစ်နေပြီး အခုလေးတင်မှ နိုးလာတဲ့ပုံစံ လုပ်ထားလိုက်တယ်။
“လျန်ဖုန်း ရှင် ဘာလုပ်နေတာလဲ”
သူမက ခန္ဓာကိုယ်ကို လှုပ်ရှားဖို့ ရုန်းကန်လိုက်ပေမဲ့ လုံးဝ လှုပ်ရှားလို့မရတာကို တွေ့လိုက်ရတဲ့အချိန်မှာ ကူကယ်ရာမဲ့နေတဲ့ အပြုံးတစ်ခုနဲ့ သူ့ကို ပြုံးပြလိုက်တယ်။
“ကျွန်မက ရှင့်ကို အရက်သောက်တဲ့ပြိုင်ပွဲမှာ တစ်ခါလေး အနိုင်ယူခဲ့တာ။ ရှင်က ကျွန်မကို ဒီလိုလက်စားချေလိမ့်မှာတော့ မဟုတ်ဘူးမလားဟင်”
လျန်ဖုန်းက သူမရဲ့စကားကို ကြားလိုက်ရတဲ့အခါ မျက်လုံးထဲမှာ နောင်တရနေတဲ့အရိပ်တစ်ခုနဲ့ ရှေ့ကို တစ်လှမ်းတိုးလာခဲ့တယ်။
“စီးရှ ငါလေ....”
သူ့စကားမဆုံးခင်မှာပဲ ဘေးမှာရပ်နေတဲ့ ကျန်းယွီရင်းက မျက်မှောက်ကျုံ့လိုက်ပြီး မသက်မသာဖြစ်နေဟန် ချောင်းနှစ်ချက် ဟန့်လိုက်တော့တယ်။
“ယွီရင်း၊ မင်းရဲ့အအေးအဆိပ် ပြန်ထလာပြန်ပြီလား”
လျန်ဖုန်းက ဘာမှမစဥ်းစားပဲခေါင်းကို လှည့်လိုက်ပြီး ကျန်းယွီရင်းရဲ့ကျောပြင်ကို ဂရုတစိုက် ပွတ်သပ်ပေးရင်း မျက်နှာပေါ်မှာ စိုးရိမ်နေတဲ့အကြည့်တစ်ခုနဲ့ ပြောလိုက်တယ်။
“ဒါမှမဟုတ် အမှောင်ခန်းက အရမ်းကိုအေးနေလို့ မင်းရဲ့ခန္ဓာကိုယ်က သည်းမခံနိုင်တာများလား”
“ကျွန်မ အဆင်ပြေပါတယ်”
ကျန်းယွီရင်းက နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး ခေါင်းမော့လိုက်ကာ သူမရဲ့မျက်လုံးထဲမှာ သက်ပြင်းချသံနဲ့ မုန်းတီးတဲ့အရိပ်တစ်ခု ဖြစ်သွားခဲ့တယ်။
“အစ်ကို လျန်ဖုန်း ရှင် အစ်မ စီးရှကို အဲ့လောက်တောင် သဘောကျသလား”
“မင်း ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ”
လျန်ဖုန်းက မျက်မှောင်ကျုံ့လိုက်တယ်။ သူ့လေသံက အနည်းငယ် ပြင်းထန်သွားတာကို သတိထားမိလိုက်ပြီး သူက အသံကို မြန်မြန်တိုးလိုက်တယ်။
“မင်းက ငါရဲ့အချစ်ရဆုံးသူပါ”
ကျန်းယွီရင်းက ခေါင်းခါလိုက်ပြီး အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်တယ်။
“ကျွန်မသာ ဒီနေရာမှာမရှိဘူးဆိုရင် အစ်ကိုလျန်ဖုန်းက အခုအချိန်လောက်ဆိုရင် ပိုပြီးတော့ အဆင်ပြေပြေ ဖြစ်နေမှာပဲ ဟုတ်တယ်မလား”
“ကျွန်မနဲ့ ကိုက်ညီတဲ့ ဝိညာဥ်ရင်းမြစ်ကိုရှာဖို့ နည်းလမ်းမျိုးစုံ သုံးစရာလည်း လိုမှာမဟုတ်ဘူး။ အစ်မစီးရှကိုလည်း ဒိလိုထိခိုက်အောင် လုပ်စရာမလိုတော့ဘူးပေါ့”
ဒီအချိန်မှာတော့ သူမက ခေါင်းကိုမော့ပြီး ပြောလိုက်တော့တယ်။
“အစ်ကိုလျန်ဖုန်း ကျွန်မအထင် ကျွန်မရဲ့အခုအခြေအနေက အဆင်ပြေပါတယ်။ ဒီလိုလုပ်...”
သူမက တွေဝေနေတဲ့အကြည့်တစ်ခုနဲ့ စီးရှဘက်ကို လှည့်ကြည့်လိုက်တဲ့အချိန် သူမရဲ့မျက်လုံးထဲမှာ မနာလိုမှုက ဖြတ်ပြေးသွားခဲ့တယ်။ သူမက လျန်ဖုန်းကို ပြန်ကြည့်လိုက်တဲ့အခါ တစ်ဖန် အားနည်းပြီး ဖြူစင်နေဟန်ဖြစ်သွားပြန်တယ်။
“အစ်မစီးရှကို နာကျင်အောင်မလုပ်ပါနဲ့တော့”
စီးရှက သူမရဲ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ အနည်းငယ်မျက်လွှာချထားလိုက်ပြီး သူမရဲ့ မျက်လုံးထဲမှာတော့ လှောင်ပြောင်သရောရိပ်ပုန်းကွယ်နေတော့တယ်။
ကျန်းယွီရင်းက သူတို့တွေ သူမကို ပြန်ပေးဆွဲရတဲ့ရည်ရွယ်ချက် အကြောင်းကို ပြောပြထားပြီးသား ဖြစ်တာမလို့ သူမကို လွှတ်ပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။
လျန်ဖုန်းက သူမကိုချဉ်းကပ်လာရတဲ့ အကြောင်းအရင်းကလဲ သူမရဲ့ ဝိညာဥ်အရင်းအမြစ်ကို လိုချင်လို့ ဖြစ်နေတာပဲ။
သူမက အရမ်းကိုအယုံလွယ်ခဲ့တာမလို့ ဒီအခြေအနေကို ကိုယ်တိုင်ဆွဲချမိသလို ဖြစ်သွားခဲ့တာ။
အခုတော့ သူမရဲ့သိုလှောင်အိတ်နဲ့ အကာအကွယ်မှော်လက်နက်တွေကို လျန်ဖုန်းက သိမ်းထားလိုက်ပြီး သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း အင်းကွက်ထဲမှာ ပိတ်လှောင်ထားတယ်။ ဒီတော့ သူမမှာ ခုခံဖို့အင်အား လုံးဝမရှိတော့ဘူး။
သူမမှာ ဂိုဏ်းချုပ်ကြီးက သူ့အတွက်ပေးထားတဲ့ အကာအကွယ်အဆောင်တစ်ခု ကျန်နေသေးတယ်။ သူမ အသက်အန္တာရယ်ကြုံတွေ့ရတဲ့ အခြေအနေတစ်ခု ဖြစ်လာခဲ့ရင် ဒါက သူမကို ကာကွယ်ပေးပြီး ဂိုဏ်းချုပ်ကို အသိပေးလိမ့်မယ်။
ဒါပေမဲ့ ဝိညာဥ်ရင်းမြစ်ကို ဆွဲထုတ်ခံနေရာမလို့ အတိုင်းအတာတစ်ခုအထိ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အခြေအနေတစ်ခု မဟုတ်နေဘူး။ နောက်ပြီးတော့ ဂိုဏ်းချုပ်ကသတင်းကို လက်ခံရရှိခဲ့မယ်ဆိုရင်တောင် သူက အချိန်မီရောက်လာနိုင်မှာ မဟုတ်လောက်ဘူး။
စီးရှက ဘယ်လိုထွက်ပြေးရမယ်ဆိုတာကို စဥ်းစားရင်း ဦးနှောက်ကို အလုပ်ပေးနေတဲ့အချိန်မှာ လျန်ဖုန်းက မျက်နှာပေါ်မှာ ဝမ်းနည်းနေတဲ့အကြည့်တစ်ခုနဲ့ ကျန်းယွီရင်းကို နှစ်သိမ်ဖို့ ကြိုးစားနေတော့တယ်။
“ယွီရင်း တကယ်လို့ မင်းသာ ကိုယ့်ကိုမကယ်ပေးခဲ့ဘူးဆိုရင် ဘယ်လိုလုပ်ပြီး ဒီလိုဒဏ်ရာရခဲ့မှာလဲ”
သူက ကျန်းယွီရင်းရဲ့ဖျော့တော့နေတဲ့မျက်နှာကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း
“ဘယ်လောက်ပဲပေးဆပ်ရပါစေ၊ ကိုယ်က မင်းကို သေချာပေါက် ကုသပေးမယ်”
သူက ပြောလိုက်ပြီးတဲ့နောက်မှာ စီးရှဘက်ကို ပြန်လှည့်အကြည့်မှာ သူရဲ့မျက်လုံးထဲမှာ တွေဝေတဲ့အရိပ်အယောင်တစ်ခုတောင် မရှိတော့ဘူး။
သူက လက်ကိုဝေ့ယမ်းလိုက်တယ်။ မြေကြီးပေါ်ကအင်းကွက်က အမှောင်ဖုံးလွှမ်းနေတဲ့ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး အဲ့ဒီအလင်းတန်းတွေက ရွှေရောင်ချည်မျှင်အဖြစ် ပြောင်းလဲသွားပြီး စီးရှဆီကို တစ်စတစ်စ ချဉ်းကပ်လာခဲ့တယ်။
“စီးရှ ငါ ဝိညာဥ်ရင်းမြစ်တွေကိုအစားထိုးပြီးသွားရင် မင်းကို သေချာပေါက် ကောင်းကောင်းဆက်ဆံပြီး နောက်ထပ်အနာတရဖြစ်အောင် ဘယ်တော့မှလုပ်မှာမဟုတ်ဘူး”
“ငါက မင်းကို ငါ့အကာအကွယ်နဲ့ ချစ်ခြင်းတရားအောက်မှာ အေးချမ်းတဲ့ဘဝကို ထားပေးမယ်”
သူက ပြောရင်းဆိုရင်း အင်းကွက်ကို အကြင်နာမဲ့စွာ အသက်သွင်းလိုက်တော့တယ်။
အင်းကွက်က ကျုံ့သွားပြီး စီးရှရဲ့ဝိညာဥ်ရင်းမြစ်ကို ထိုးဖောက်တော့မဲ့အချိန်မှာ ပြင်းထန်တဲ့ ဝိညာဥ်စွမ်းအင် အလုံးကြီးက အမှောင်ခန်းတစ်ခုလုံးကို ချက်ချင်းထိုးဝင်လာခဲ့တယ်။ လျန်ဖုန်းနဲ့ ကျန်းယွီရင်းတို့က ဝိညာဥ်စွမ်းအင်ကြောင့် လွှင့်ထွက်သွားပြီး နံရံကိုအားနဲ့ သွားဆောင့်မိလိုက်ကြတော့တယ်။
လေထဲမှာ လုကျင်းဟွိုင်က အင်းကွက်ထဲမှာ ပိတ်မိနေတဲ့ စီးရှကို ကြည့်လိုက်တယ်။ သူက ဒေါသလည်း ဖြစ်မိသလို အနည်းငယ် စိတ်အေးသွားတော့တယ်။
တော်သေးတာပေါ့။ စီးရှအန္တရာယ်ဖြစ်နေတာကို အချိန်မီအသိပေးတဲ့ အပြင်လောကအသံရှိနေလို့ပဲ။ ဒါကြောင့်ပဲ သူမရဲ့ဝိညာဥ်ရင်းမြစ် ဆွဲမထုတ်ခံရခင်မှာ သူမကို ကယ်တင်ပေးနိုင်ခဲ့တယ်။
ဒီလိုမှမဟုတ်ဘူးဆိုရင်တော့...
စီးရှရဲ့ ဝိညာဥ်ရင်းမြစ်ဆွဲထုတ်ခံလိုက်ရတဲ့မြင်ကွင်းကို စဥ်းတောင်မစဥ်းစားရဲတော့ဘူး။
လုကျင်းဟွိုင်က လက်ကိုမြှောက်လိုက်ပြီး အင်းကွက်ကို ဖျက်ဆီးတော့မဲ့အချိန်မှာပဲ အလင်းရောင်တစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရပြီး ဒုတိယအကြီးအကဲရဲ့ပုံရိပ်က အင်းကွက်ရှေ့မှာ ပေါ်လာခဲ့တယ်။
သူက လက်ကိုဆန့်ထုတ်လိုက်ပြီး အင်းကွက်ကို ဘာမှမဟုတ်တဲ့အရာလို သဘောထားလိုက်ကာ စီးရှကို ဆွဲထုတ်လိုက်တယ်။ သူ့ရဲအသံထဲမှာတော့ ရင်နာမှုအပြည့် ဖြစ်နေတော့တယ်။
“ငါရဲ့ ရှောင်ရှားရှား ဒီတစ်ခါတော့ မင်း နစ်နာခဲ့ရပြီ”
စီးရှက ရပ်နေတုန်းမှာပဲ အင်းကွက်က ရုတ်ခြည်းဆိုသလို ပြာမှုန့်တွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။
သူမက ဇဝေဇဝါနဲ့ မျက်တောင်ခတ်မိလိုက်တယ်။
“ဒုတိယအကြီးအကဲ။ ဂိုဏ်းချုပ်တို့ ဘယ်လိုဖြစ်ပြီးတော့ ဒီကို...”
သူမရဲ့မေးခွန်းမဆုံးခင်မှာပဲ ကောင်းကင်ထဲက အသံတစ်ခုက ဘယ်ကမှန်းမသိ ပေါ်လာသယောင် သူမကို ပြန်ဖြေပေးလိုက်တယ်။
[ဒီလျန်ဖုန်းဆိုတဲ့လူက လူရွေးတဲ့နေရာမှာ တကယ်တော်တာပဲ]
[အများကြီး ရွေးချယ်လိုက်ပြီးတဲ့နောက်မှာ ဝိညာဥ်ရင်းမြစ်ကို ဆွဲထုတ်ဖို့ ရွှင့်ချန်ဂိုဏ်းရဲ့အချစ်ရဆုံး ဧည့်အကြီးအကဲကို ရွေးလိုက်သတဲ့]
[စီးရှရဲ့ဝိညာဥ်ရင်းမြစ်ကို ဆွဲထုတ်ဖို့အတွက် သူက ရွှင့်ချန်ဂိုဏ်းကိုပဲ သွားပြီးတော့ ဂိုဏ်းချုပ်ကြီးကိုပဲ တစ်ချက်လောက် ကန်ကျောက်ပေး လိုက်ပါတော့လား]
[ဘာပဲဖြစ်ဖြစ် ဒီကိစ္စနှစ်ရပ်မှာ ရလဒ်ကတော့ ကွာခြားသွားတာရှိမှာ မဟုတ်ဘူး]
လျန်ဖုန်းက ဝိညာဥ်စွမ်းအင်ကြောင့် မြေကြီးပေါ်ကို ကန်ထုတ်ခံလိုက်ရပြီး မော့မကြည့်နိုင်သေးခင်မှာပဲ အခိုက်တန့် နေရာမှာ အေးခဲသွားခဲ့တယ်။
စီးရှက ရွှင့်ချန်ဂိုဏ်းရဲ့ ဧည့်အကြီးအကဲတစ်ယောက်တဲ့လား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
သူ သူမကို အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ပြီးပြီပဲ။ သူမက ဂိုဏ်းငယ်လေးတစ်ခုက သာမန်တပည့်ဆိုတာ ရှင်းနေတာပဲ။
ဆူညံသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ လျန်မိသားစုဝင်တွေက ဒီနေရာကို အလောတကြီး ရောက်လာကြတယ်။
သူတို့ဘာကြားခဲ့တာ။
လျန်ဖုန်းက ရွှင့်ချန်ဂိုဏ်းရဲ့ ဧည့်အကြီးအကဲရဲ့ ဝိညာဥ်ရင်းမြစ်ကို ဆွဲထုတ်ရဲသတဲ့လား။
အဲဒါက ရွှင့်ချန်ဂိုဏ်းလေ။ ကျင့်ကြံရေးလောကထဲက ဂိုဏ်းကြီးခြောက်ခုထဲက တစ်ခုပေါ့ သူတို့တွေက တစ်ချက်လောက်လှုပ်လိုက်တာနဲ့ လျန်မိသားစုကို ဖျက်ဆီးပစ်နိုင်တယ်လေ။
လုကျင်းဟွိုင်က လေထဲမှာရပ်နေပြီး လျန်မိသားစုရဲ့မိသားစုဝင်တွေကို အေးစက်စက် လှမ်းကြည့်လိုက်ရင်း စကားကိုတစ်လုံးချင်းစီ ပြောလိုက်တော့တယ်။
“ချီဟွာမြို့က လျန်မိသားစုက သီးသန့်ပြစ်ဒဏ်ကို ကျင့်သုံးပြီး တခြားသူတွေအတွက် အလဲအလှယ်အဖြစ်နဲ့ ကျင့်ကြံသူတွေရဲ့ ဝိညာဥ်ရင်းမြစ်ကို ဆွဲထုတ်ရဲသတဲ့”
“ကျင့်ကြံရေးလောကက ဒီလိုဒုစရိုက်အမှုကို လုံးဝသည်းခံမှာ မဟုတ်ဘူး”
လျန်မိသားစုရဲ့ခေါင်းဆောင်က လုကျင်းဟွိုင်က ကိစ္စကိုချဲ့ကားပြီး လျန်မိသားစုတစ်ခုလုံးအပေါ် အပြစ်ပုံချနေတဲ့အသံကို ကြားလိုက်ရတဲ့အခါ အလွန်မှကြောက်ရွံ့သွားပြီး ဒူးထောက်ငိုယိုကာ ရှင်းပြလိုက်တော့တယ်။
“ဂိုဏ်းချုပ်ကြီးခင်ဗျာ ကျွန်တော်တို့မှာ ဒီလိုကိစ္စမျိုးကို လုံးဝမသိလိုက်ရပါဘူး ကျွန်တော်တို့မှာ ဒီလိုယုတ်ညံ့တဲ့ကိစ္စကိုလုပ်ရဲတဲ့ လျန်ဖုန်းဆိုတဲ့ လူယုတ်မာတစ်ယောက်ရှိတာ မသိခဲ့ပါဘူး”
“ကျွန်တော်တို့မျိုးနွယ်ထဲမှာ ဒီလိုယုတ်မာတဲ့သူ ရှိနေတာ မသိရလောက်အောင် ကောင်းကောင်း မသင်ကြားပေးတဲ့အတွက် ဒါက ကျွန်တော်တို့ရဲ့အမှားပါ”
သူက လျန်ဖုန်းကို လှမ်းကြည့်လိုက်ပြီး တွေဝေမနေဘဲ ပြောလိုက်တော့တယ်။
“ဂိုဏ်းချုပ်ကြီးခင်ဗျာ ကျွန်တော်တို့က လျန်ဖုန်းနဲ့ ကျန်းယွီရင်းကို လျန်မိသားစုရဲ့ကျင့်ဝတ်ကို မှန်ကန်အောင် ပြုပြင်ပေးဖို့အတွက် နေရာမှာတင် ကွပ်မျက်လိုက်ပါ့မယ်”
လျန်ဖုန်းက စီးရှရဲ့သရုပ်မှန်ကြောင့် အံ့သြလို့မဆုံးသေးခင်မှာပဲ လျန်မိသားစု မျိုးနွယ်ခေါင်းဆောင်ရဲ့စကားကို ကြားလိုက်ရတော့တယ်။ သူက ခေါင်းကိုမော့လိုက်ပြီး မယုံမကြည်နဲ့ အော်ဟစ်ပြောဆိုတော့တယ်။
“မျိုးနွယ်စုခေါင်းဆောင် ကျွန်တော်က လျန်ဖုန်းလေ”
“ကျွန်တော်က လျန်မိသားစုရဲ့ အရည်အချင်းရှိဆုံး တပည့်တစ်ယောက်ပဲ၊ ကျွန်တော်က လျန်မိသားစုရဲ့အနာဂတ်ပါ”
“တိတ်စမ်း”
လျန်မိသားစုခေါင်းဆောင်က သူ့ကို ကျေအေးလို့မရနိုင်တဲ့ ရန်သူတစ်ယောက်လို ကြည့်နေလိုက်တယ်။
“မင်းက ဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ လျန်မိသားစုက မင်းလို ယုတ်မာပြီး ရက်စက်တဲ့လူမျိုးကို လုံးဝသည်းခံမှာ မဟုတ်ဘူး”
ပြောပြီးသွားတဲ့နောက်မှာ လျန်မိသားစုခေါင်းဆောင်က မြှောက်ပင့်နေတဲ့ အမူအရာတစ်ခုနဲ့ လုကျင်းဟွိုင်ကို ကြည့်လိုက်တယ်။
“ဂိုဏ်းချုပ်ကြီးခင်ဗျား အခုအချိန်ကစပြီး လျန်ဖုန်းက လျန်မိသားစုဝင်တစ်ယောက် မဟုတ်တော့ပါဘူး။ သူ့ကို သတ်လိုကသတ်နိုင်တယ်။ ဖျက်ဆီးပစ်လိုကလည်း ဂိုဏ်းချုပ်ကြီးရဲ့ သဘောအတိုင်းပါပဲ”
လုကျင်းဟွိုင်က စီးရှဘက်ကို လှည့်ကြည့်လိုက်ပြီး သူ့လေသံက အလိုလိုပျော့ပြောင်းသွားခဲ့တယ်။
“စီးရှ မင်း လျန်ဖုန်းကို ဘယ်လိုအပြစ်ပေးမလဲ”
စီးရှက ဒုတိယအကြီးအကဲ တွဲထူပေးထားတဲ့အတိုင်း ရပ်နေပြီး အပျက်အစီးကြားထဲက လျန်ဖုန်းရဲ့ ရှက်ရွံ့နေတဲ့ပုံရိပ်ကို ငေးကြည့်နေမိတယ်။
လျန်ဖုန်းက သူမကို အသက်ကယ်ပေးတဲ့ကောက်ရိုးတစ်မျှင်လို ကြည့်နေတယ်။
“စီးရှ ကိုယ်တို့တွေ အချိန်အကြာကြီး အတူတူရှိနေခဲ့ကြတာ။ ကိုယ် မင်းကို အချိန်အကြာကြီးကတည်းက ချစ်ခင်လာခဲ့ရတာ”
“ကိုယ် ဒီလိုလုပ်တယ်ဆိုတာကလည်း.... အဲ့ဒီရက်စက်တဲ့မိန်းမ ကျန်းယွီရင်းက ကိုယ့်ကို အတင်းလုပ်ခိုင်းလို့ပါ”
သေရေးရှင်ရေး အရေးကြီးတဲ့အချိန်ကျမှ တွေဝေမနေဘဲ သူက ကျန်းယွီရင်းကို တွန်းထုတ်ပြစ်လိုက်တယ်။
“ဟုတ်တယ် ကိုယ်ချစ်တာ မင်းကိုပါ။ ကိုယ်တို့တွေက အတူတူပျော်ပျော်ရွှင်ရွှင်နဲ့ နေလာခဲ့သင့်တာ။ ကိုယ်တို့ကို ဖျက်ဆီးပြစ်ခဲ့တာ ကျန်းယွီရင်းပဲ”
“လျန်ဖုန်း”
...