အခန်း ၃၂
Vol. 3 Ch. 32
အပိုင်း(၃၂)
စူးလီက ဝါရင့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး အသိပညာကြွယ်ဝတာတောင်မှ ပိုင်ကျစ်ယွင်ရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ မနေနိုင်တော့ဘဲ ခဏလောက် မှင်တက်အံ့သြသွားခဲ့တယ်။
“ချင်းရှင်း....ကွာယွိဆေးလုံး ဟုတ်လား” သူမက အူကြောင်ကြောင်နဲ့ မျက်တောင်ခတ်လိုက်လေတယ်။
“ကျင့်ကြံရေးလောကထဲမှာ ဒီလိုပစ္စည်းမျိုးရှိလို့လား”
နောက်ပြီး ဒီဆေးလုံးက... လူတွေကို စိတ်ငြိမ်းအေးစေနိုင်တယ်လို့ ဘာဖြစ်လို့ခံစားမိနေပါလိမ့်။
ပိုင်ကျစ်ယွင်က ဆေးပုလင်းကို စူးလီးရဲ့လက်ဖဝါးထဲ ဂရုတစိုက်ထည့်ပေးလိုက်ပြီး မျက်လုံးထဲမှာ မျှော်လင့်ချက်အပြည့်နဲ့ ခေါင်းကိုမော့လိုက်တော့တယ်။
သူမကဆေးလုံးကို နေ့ညမနား ဖော်စပ်နေတဲ့အကြောင်းကို ထုတ်မပြောခဲ့သလို ဆေးလုံးရဲ့အဆင့်ကို မြှင့်တင်ဖို့အတွက် နေ့တိုင်းဝိညာဥ်ဆေးပင်တွေကို စမ်းသပ်ရတာ ခက်ခဲတဲ့အကြောင်းကိုလဲ ထုတ်မပြောခဲ့ဘူး။ သူမကတောက်ပတဲ့ အပြုံးတစ်ခုနဲ့စူးလီကို ကြည့်နေလိုက်ပြီး ကြည်လင်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။
“ချန်ပေ့ ဒါကပြီးခဲ့တဲ့နှစ်ရက်တုန်းက ကျွန်မဖော်စပ်ထားခဲ့တဲ့ဆေးလုံးအသစ်လေ”
“ကျင့်ကြံရေးလောကထဲက လူအများကြီးကအချစ်မှာပဲ စွဲလမ်းနေကြတယ်လို့ ချန်ပေ့ပဲ ညည်းညူနေတာမဟုတ်လား”
သူမက မျက်လုံးထဲမှာ လေးစားမှုနဲ့အားကျမှုအပြည့်ဖြစ်နေပြီး စူးလီကိုကြည့်လိုက်တော့တယ်။
“ချန်ပေ့ပြောတဲ့စကားက လုံးဝမှန်ကန်တယ်လို့ ကျွန်မ ထင်တယ်လေ”
“ဒါကြောင့်မလို့ ကျွန်မက ရက်အနည်းငယ်လောက်သုံးပြီး ချင်းရှင်းကွာယွိ ဆေးပုလင်းကို ဖော်စပ်ခဲ့တာ”
စူးလီက သူမရဲ့လက်ထဲက ကျောက်စိမ်းပုလင်းလေးရဲ့ အေးမြပြီးချော့မွတ်တဲ့ အထိအတွေ့ကိုခံစားရင်း သူမကိုကြည့်လိုက်ကာ သူမရဲ့နှလုံးသားထောင့်ထဲမှာ အနည်းငယ် ခံစားမိသွားတော့တယ်။
သူမက ဖုံးကွယ်ဖို့ခက်ခက်ခဲခဲ ကြိုးစားနေရတဲ့ ပိုင်ကျစ်ယွင်ရဲ့ ညှိုးနွမ်းနေတဲ့မျက်နှာကို ကြည့်လိုက်ပြီး မသိမသာ မျက်လွှာချထားလိုက်ကာ နောက်ဆုံးတော့ သူမရဲ့ပခုံးလေးကို အသာအယာပုတ်ပေးလိုက်ပြီး သက်ပြင်းချလိုက်တဲ့လေသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။
“နင်ရဲ့ကြိုးစားအားထုတ်မှုကို ကျေးဇူးတင်ပါတယ်”
“မပင်ပန်းပါဘူး”
ပိုင်ကျစ်ယွင်က သူမရဲ့ ပခုံးပေါ်ကအလေးချိန်ကို ခံစားမိလိုက်ပြီး ရုတ်ခြည်းဆိုသလို အားအင်ပြည့်ဝလာတော့တယ်။
“ဒါဆိုရင် ဒီချင်းရှင်းကွာယွိ ဆေးလုံးရဲ့ အာနိသင်အကြောင်းကို ငါ့ကိုပြောပြပါအုံး”
စူးလီက သူမရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေလိုက်ပြီး သူမကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့ အပြုံးတစ်ခုကမျက်လုံးထဲမှာ ပေါ်လာတော့တယ်။
သူမကလက်ထဲက ဆေးပုလင်းကို ချိန်ဆကြည့်လိုက်ပြီး သိလိုတဲ့အရိပ်အယောင်တစ်ခုနဲ့ မေးလိုက်တော့တယ်။
“ဒီဆေးလုံးကလူတွေရဲ့ ချစ်ခြင်းမေတ္တာအားလုံးကို ဆုံးရှုံးသွားအောင် လုပ်နိုင်သလား”
ဆေးလုံးအကြောင်းကို ပြောလိုက်တော့ ပိုင်ကျစ်ယွင်ရဲ့မျက်လုံးတွေက ပိုပြီး ယုံကြည်ချက် ရှိလာခဲ့တော့တယ်။
“ချင်းရှင်းကွာယွိ ဆေးလုံးကလေ လူတွေရဲ့စိတ်ခံစားချက်နဲ့ ချစ်မေတ္တာအားလုံးကို လုံးဝဖြတ်တောက်လိုက်တဲ့ တွမ့်ချင်ဆေးလုံးနဲ့မတူဘူး”
“ချင်းရှင်းကွာယွိဆေးလုံးက ကျင့်ကြံသူတွေရဲ့စိတ်ထဲက အနှောင့်အယှက်ဖြစ်နေတဲ့ အတွေးတွေအားလုံးကို ဖယ်ရှားပေးတာ၊ အထူးသဖြင့် ချစ်ခြင်းနဲ့ ပတ်သက်တဲ့အရာတွေကိုပေါ့။ သူတို့တွေက ကျင့်ကြံရေးကို အာရုံစိုက်နိုင်မယ်လေ”
“ချင်းရှင်းကွာယွိဆေးလုံးကို သောက်ထားကြတဲ့ကျင့်ကြံသူတွေအတွက်ကတော့ သူတို့တွေက အချစ်စကားကို ကြားလိုက်ရတာပဲဖြစ်ဖြစ်၊ နည်းနည်းလေးရင်ခုန်သလို ခံစားလိုက်ရတာပဲဖြစ်ဖြစ်၊ အဲ့ဒီအချိန်မှာ ဆေးကအာနိသင်ပြပြီး သူတို့စိတ်ထဲကအချစ်နဲ့ပတ်သက်တဲ့ အတွေးတွေကို ချက်ချင်း ဖယ်ရှားပေးပြီး ကျင့်ကြံရေးကိုပဲ အာရုံစိုက်အောင်လုပ်ပေးမှာ။ နောက်ပြီးတော့ ဆေးလုံးကို သောက်ပြီးသွားရင် ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းအရှိန်က ပုံမှန်ထက်သုံးလေးဆလောက် ပိုပြီးတော့မြင့်သွားနိုင်တယ်”
ဒီအချိန်မှာ သူမက ခဏလောက်ရပ်တန့်သွားပြီးတော့ ဆက်ပြောလိုက်တယ်။
“တစ်ယောက်ယောက်က ခံစားချက်ကိုကျော်လွန်သွားပြီး ရှက်စရာကောင်းတဲ့ တစ်ခုခုကို လုပ်ချင်တယ်ဆိုရင်တောင် သူတို့တွေက ရာဂစိတ်တွေ နည်းသွားလိမ့်မယ်”
စူးလီက ရွှင့်ချန်ဂိုဏ်းကိုရောက်လာကတည်းက လူယုတ်မာတွေရဲ့လှည့်စားတာကို ခံခဲ့ရတဲ့ မရေမတွက်နိုင်တဲ့ ထိပ်တန်းအချစ်ရူးတွေအကြောင်းကို ပြန်စဥ်းစားကြည့်လိုက်တော့ လေးလေးနက်နက်နဲ့ ခေါင်းညိတ်ကာ ချီးကျူးစကား ပြောလိုက်တော့တယ်။
“ကောင်းလိုက်တဲ့ပစ္စည်းပဲ”
ဒီဆေးလုံးနဲ့သာဆိုရင် ကျင်ကြံရေးလောကထဲက ကျင့်ကြံသူတွေအားလုံးက စိတ်အေးအေးချမ်းချမ်းနဲ့ ကျင့်ကြံနိုင်တော့မှာပဲ။
ကောင်းကင်တာအိုတစ်ယောက်အနေနဲ့သူမက အနာဂတ်မှာဖြစ်လာမဲ့ ကျင့်ကြံရေးလောကရဲ့ ပေါများကြွယ်ဝတဲ့မြင်ကွင်းကို စဥ်းစားမိလိုက်ပြီး သူမရဲ့နှုတ်ခမ်းထောင့်မှာ အမှတ်မထင် စိတ်အေးသွားတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
“ဒါက စဥ်းစားကြည့်လိုက်ရုံနဲ့ လူတွေကို စိတ်ရောကိုယ်ပါ အေးချမ်းသွားစေတဲ့ ခံစားချက်ကို တကယ်ပေးနိုင်တာပဲ”
စူးလီရဲ့ချီးကျူးစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ပိုင်ကျစ်ယွင်ရဲ့မျက်လုံးတွေက လေးစားမှုအပြည့် ဖြစ်သွားတော့တယ်။
ချန့်ပေ ကကျင့်ကြံရေးလောကရဲ့ အနာဂတ်ကိုအမြဲဦးစားပေးတဲ့သူ ဖြစ်နေတာကိုး။
သူမကအလုပ်ကြိုးစားဖို့လိုတယ်။ ဒီလိုမှပဲသူမက သူမရဲ့ရှေ့က အကြီးအကဲနောက် အမှီလိုက်နိုင်မှာ။
တစ်ခုခုကို သတိရသွားသလို ပိုင်ကျစ်ယွင်က ခေါင်းကို နည်းနည်းလောက် ငုံ့ထားလိုက်ပြီး ချီတုံချတုံအမူအရာနဲ့ ပြောလိုက်တော့တယ်။
“ချန်းရှင်းကွာယွိဆေးလုံးကလေ တကယ်ချစ်ကြတဲ့သူတွေကို ထိခိုက်မှု ရှိမလားဆိုတာတော့ ကျွန်မ မသိဘူး”
“သူတို့တွေမှာ ဒီလို ထိခိုက်မှုရှိတယ်ဆိုရင်တော့ သူတို့တွေက စိတ်ရင်းမမှန်ဘူး ဆိုတဲ့သဘောပဲပေါ့”
စူးလီက စဥ်းစားမနေဘဲ ပြောလိုက်တော့တယ်။
“ဒီတော့ဒီဆေးလုံးနဲ့ ပတ်သက်ပြီး ဘာပြသာနာမှ မရှိဘူး”
ပိုင်ကျစ်ယွင်ကသူမရဲ့ စကားလုံးတွေကို သံသယမဖြစ်လေဘူး။ သူမက အားတက်သရော ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်တော့တယ်။
“ကျွန်မရဲ့ဆက်ခံခြင်းအခမ်းအနားက သုံးရက်နေရင် ကျင်းပမှာတဲ့။ ကျွန်မက ချန်းရှင်းကွာယွိဆေးလုံးတွေကို ထပ်လုပ်ပြီး အခမ်းအနားကို လာတဲ့သူတိုင်းကို တစ်လုံးစီပေးမယ်”
“အလကားရတဲ့ပစ္စည်းကို လူတွေက တန်ဖိုးထားမှာ မဟုတ်ဘူး”သူမရဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ စူးလီက မေးကိုလက်တစ်ဖက်နဲ့ ထောက်ထားလိုက်ပြီး ခေတ်သစ်လူ့အဖွဲ့အစည်းထဲက ကြော်ငြာနည်းလမ်းတချို့ကို ရုတ်တရက် စဥ်းစားမိသွားတော့တယ်။
သူမကလက်ထဲက ဆေးပုလင်းကို ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
“ဒီဆေးလုံးကလူတစ်ယောက်ရဲ့ စိတ်အခြေအနေကို တိုးတက်အောင် လုပ်ပေးပြီး ကျင့်ကြံခြင်းအဆင့်ကိုလဲ အရှိန်မြင့်အောင်လုပ်ပေးနိုင်တယ် မဟုတ်လား။ ဒါဆိုရင်တော့ ဒီပစ္စည်းကို အားပေးရမှာပေါ့”
“နောက်ပြီးတော့ နင်က ဆေးလုံးဆယ်လုံးပဲ သန့်စင်ထားတယ်လို့ပြောနော်။ ဒီဆေးလုံးကို ရခဲ့တဲ့ ကျင့်ကြံသူတိုင်းကိုလဲ လူကြားထဲမှာ ထုတ်မပြောရဘူးလို့ ပြောထားလိုက်”
ပိုင်ကျစ်ယွင်က ဇဝေဇဝါနဲ့ မျက်တောင်ခတ်လိုက်တယ်။
“ဆယ်လုံးထဲဆိုရင် အရမ်းနည်းမနေဘူးလား”
စူးလီက သူမရဲ့ပခုံးကို အဓိပ္ပာယ်ပါပါ ပုတ်ပေးလိုက်ပြီး “နင်နားမလည်ပါဘူး ဒါက မပြည့်၀ခြင်းစျေးကွက်လို့ ခေါ်တယ်။ နောက်ဆုံး ဆေးလုံးအရေအတွက်ကို တကယ်တမ်းတော့ ဒီအရေအတွက်ထက် အများကြီးပိုပြီးပေးလိုက်မှာပဲ”
ပိုင်ကျစ်ယွင်က သူမဒီလိုလုပ်ရတဲ့ အကြောင်းအရင်းကို မသိပေမဲ့လဲ သူမက စူးလီရဲ့စကားလုံးတွေကို ဘယ်တော့မှ သံသယမဖြစ်လေဘူး။
“ကောင်းပါပြီ”
စူးလီက တစ်ခုခုကို သတိရသွားသလို ပျင်းရိပျင်းတွဲနဲ့ ရှေ့ကိုနှစ်လှမ်းလောက် လျှောက်လာလိုက်ပြီး လက်ထဲကဆေးလုံးကို လှုပ်ခါကြည့်လိုက်ကာ သိလိုစိတ်နဲ့ မေးလိုက်တော့တယ်။
“ဒီဆေးက ဘယ်လောက် ကြာကြာခံသလဲ”
ပိုင်ကျစ်ယွင်က ဒီအကြောင်းကို လေးလေးနက်နက် စဥ်းစားလိုက်တယ်။
“ဒါကို သာမန်ဆေးပစ္စည်းတွေနဲ့ လုပ်ထားတာဆိုရင်တော့ အာနိသင်က တစ်လနှစ်လ လောက်ပဲခံမယ်။ ဒါပေမဲ့ သူမက အထက်ဆင့်ကနေ သာလွန်အဆင့်ရှိတဲ့ ဝိညာဥ်ဆေးပင်တွေကို သုံးထားတာဆိုတော့ ခန့်မှန်းခြေ.... ဒီဆေးရဲ့အာနိသင်က ဆယ်စုနှစ်ကျော်ကျော်အထိ ခံမယ်လို့ထင်တယ်... ဟုတ်တယ်မလား”
စူးလီက ဒီစကားကို ကြားလိုက်ရတဲ့အခါ သူမရဲ့မျက်လုံးထဲမှာ လေးစားမှု အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြစ်သွားပြီး အရမ်းကျေနပ်သွားတဲ့ပုံနဲ့ ပြောလိုက်တော့တယ်။
“အရမ်းကောင်းတယ်”
ဆေးလုံးတစ်လုံးက လူတစ်ယောက်ကို ကျင့်ကြံရေးလောကထဲမှာ ဆယ်နှစ်ကျော်လောက် ချစ်ခြင်းမေတ္တာမရှိဘဲ ကျင့်ကြံအောင်လုပ်ပေးနိုင်တယ်။ ဒီအကြောင်းကို စဥ်းစားလိုက်ရုံနဲ့တင် ကောင်းကင်တာအိုတစ်ယောက်က ပျော်ပြီပေါ့။
သူမက တွေးတွေးဆဆ စဥ်းစားလိုက်တယ်။ ဒါပေမဲ့လဲ ဘာစဥ်းစားမိလိုက်မှန်းတောင် မသိလိုက်ဘူး။ သူမက ခေါင်းကို မော့လိုက်တဲ့အချိန်မှာ နူးညံ့ကြင်နာတဲ့အရိပ်တစ်ခုနဲ့ ပိုင်ကျစ်ယွင်ကို ကြည့်လိုက်တယ်။
သူမက လက်ကို အသာအယာ ဝေ့ယမ်းလိုက်ပြီးတဲ့နောက်မှာ ကောင်းကင်တာအိုရဲ့ အမှတ်အသားတစ်ခုကို ပိုင်ကျစ်ယွင်ရဲ့ နဖူးပေါ်မှာရေး ဆွဲပေးလိုက်တော့တယ်။
ဒီကိစ္စက ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတွေကို ပြစ်မှားမိမလားတောင် မသိဘူး။ ရွှင့်ချန်ဂိုဏ်းရဲ့ အကာအကွယ်ကိုတောင်မှ သိပ်ပြီးစိတ်ချထားလို့မရဘူး။
ဒီလိုဆိုရင်တော့ငါက ငါ့ရဲ့မိတ်ဆွေကောင်းတွေကို ကာကွယ်ပေးရမှာပေါ့။
သုံးရက်ကြာပြီးတဲ့နောက်မှာ ရွှင့်ချန်ဂိုဏ်းရဲ့ ဧည့်အကြီးအကဲ ဆက်ဆံခြင်းအခမ်းအနားကို စတင်လိုက်တယ်။
မရေမတွက်နိုင်တဲ့ မြို့သခင်တွေနဲ့ ရွှင့်ချန်ဂိုဏ်းရဲ့အုပ်ချုပ်မှုအောက်က အထင်ကရမိသားစုခေါင်းဆောင်တွေက အခမ်းအနားကို တက်ရောက်ကြတယ်။
ထျန်းယန်မြို့သခင် ထျန်းယန်က ရွှင့်ချန်ဂိုဏ်းကို ရောက်လာပြီးတဲ့နောက်မှာ ဝင်လိုက်ထွက်လိုက် လုပ်နေကြတဲ့ လူတွေကိုကြည့်လိုက်ပြီး သူနဲ့သိပ်မဝေးလှတဲ့နေရာက မျိုးနွယ်စုခေါင်းဆောင်ရှဲ့ကို အပြုံးတစ်ခုနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“မျိုးနွယ်စုခေါင်းဆောင်ရှဲ့ အကြီးအကဲပိုင်မှာ ထူးခြားတဲ့အရည်အချင်းတစ်ခု ရှိတယ်လို့ ကျုပ်ကြားထားတယ်။ ဆေးလုံးကိုသန့်စင်ပေးတဲ့ သူရဲ့အရည်အချင်းက ပိုပြီးတော့ တစ်မူထူးခြားတယ်တဲ့”
မျိုးနွယ်စုခေါင်းဆောင်ရှဲ့က သူ့ကို ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး ထောက်ခံလိုက်တယ်။
“ဟုတ်တယ် ရွှင့်ချန်ဂိုဏ်းက အရမ်းကိုကံကောင်းတာ။ ဒီလိုအရည်အချင်းရှိတဲ့ ဧည့်အကြီးအကဲတစ်ယောက်ကို ပိုင်ဆိုင်နိုင်တာကိုပဲ ကျုပ်တို့က တကယ်ကိုအားကျနေမိပြီ”
“အကြီးအကဲပိုင်က ချင်းရှင်းကွာယွိလို့ခေါ်တဲ့ ဆေးတစ်မျိုးကို ထုတ်ထားတယ်လို့ ကျုပ် ကြားထားတာရှိတယ်”
မြို့သခင်ထျန်းနဲ့ မျိုးနွယ်စုခေါင်းဆောင်ရှဲ့တို့က ဘေးချင်းယှဉ်လျက် လျှောက်လာကြတယ်။
“ဒါပေမဲ့ကျုပ်ကြားထားတာကတော့ ဒီဆေးလုံးကသန့်စင်ဖို့ အင်မတန်မှခက်ခဲတယ်တဲ့။ နောက်ပြီးတော့ လိုအပ်တဲ့ဝိညာဉ်ဆေးပင်တွေကလဲ ကျင့်ကြံရေးလောကထဲမှာ ဘယ်တုန်းကမှမမြင်ဖူးတဲ့ အဆင့်တွေတဲ့။ အကြီးအကဲပိုင် တစ်ယောက်တည်းကသာ ဒီလိုစိတ်ဝိညာဉ်ဆေးပင်မျိုးကို ဖော်စပ်နိုင်တာ”
ဒီအချိန်မှာတော့ သူက တဟင်းဟင်း ရယ်မောပြီး ခေါင်းခါလိုက်တယ်။
“ဒီဆေးလုံး ဆယ်လုံးက ဘယ်သူ့ဆီ ရောက်သွားမလဲဆိုတာ သိချင်လိုက်တာ”
မျိုးနွယ်စုခေါင်းဆောင်ရှဲ့က ပြီးခဲ့တဲ့နှစ်ရက်လောက်ကတည်းက ဂိုဏ်းချုပ်ကြီးလု သူ့ကို ပြောခဲ့တဲ့စကားကို စဉ်းစားမိလိုက်ပြီး သူ့နှုတ်ခမ်းပေါ်ကအပြုံးကို ဖိနှိပ်ထားလိုက်ကာ သက်သောင့်သက်သာနဲ့ ပြောလိုက်တယ်။
“ဒီတစ်ကြိမ် ချင်းရှင်းကွာယွိဆေးလုံးက ဆယ်လုံးပဲ ရှိတယ်ဆိုပေမဲ့ အချိန်တိုအတွင်းမှာ နောက်ထပ် ချင်းရှင်းကွာယွိဆေးလုံးတွေ ထပ်ပြီးရလာလိမ့်မယ်လို့ ယုံကြည်တယ်”
“အချိန်တန်ရင် ခင်ဗျားနဲ့ ကျုပ်မိသားစုတွေမှာလဲ ဒီဆေးလုံးရလာမှာပေါ့”
မြို့သခင်ထျန်းက သူ မနေ့ကမြင်ခဲ့တဲ့ ချင်းရှင်းကွာယွိဆေးလုံးကို သန့်စင်ဖို့လိုအပ်တဲ့ ဆေးပစ္စည်းတွေအကြောင်း စဉ်းစားမိလိုက်ပြီး သူ့မျက်လုံးထဲမှာ သရော်ဟန်တစ်ခု ဖြတ်ပြေးသွားတော့တယ်။
ထျန်းမိသားစုက မိသားစုတစ်ခုလုံးကို ရှာဖွေခိုင်းတယ်ဆိုရင်တောင် သူတို့တွေက အဲဒီဆေးပင်တွေထဲက တစ်ပင်လောက်ကိုတောင် ရှာဖွေချင်မှ ရှာဖွေနိုင်လိမ့်မှာ။
အဆင့်လေးဆန်ရေသစ်အယ်သီးပန်း (တောက်လင်ဟွား)ကတော့ ပုံမှန်ပဲဆိုပေမဲ့ ကျင့်ကြံရေးလောကထဲမှာ ပိုင်ကျစ်ယွင်အပြင်ဘယ်သူက အဆင့်ခြောက်တောက်လင်ဟွားကို အသုံးပြုနိုင်လို့လဲ။
ချင်းရှင်းကွာယွိဆေးလုံးကို သန့်စင်ရာမှာ ခက်ခဲကြောင်းကို စဉ်းစားမိလိုက်တော့ အနာဂတ်မှာ ဒီထပ်ပိုပြီး ရှိလာတော့မှာ မဟုတ်ဘူးလို့ သေချာသိနေတယ်။
ဒါပေမဲ့လဲ... မနေ့က ဂိုဏ်းချုပ်ကြီးလုက သူ့ကို ပေးခဲ့တဲ့ကတိအကြောင်း စဉ်းစားမိလိုက်တော့ ဟန်ဆောင်ပန်ဆောင်နဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“မျိုးနွယ်စုခေါင်းဆောင်ရှဲ့က တကယ်ကို စဉ်းစားပေးတတ်ပါပေတယ်”
“ဟုတ်တယ် အကြီးအကဲပိုင်ရဲ့ အရည်အချင်းနဲ့ဆိုရင် ကျုပ်တို့တွေလဲ ချင်းရှင်းကွာယွိဆေးလုံးရဲ့ အကျိုးကျေးဇူးကို ခံစားရေတာ့မှာ မကြာတော့ဘူးလို့ယုံပါတယ်”
မင်စုန်းခန်းမထဲမှာ-
စူးလီက သူမ ဂရုတစိုက်ရွေးချယ်ထားတဲ့ ထောင့်တစ်နေရာမှာ ထိုင်ချလိုက်ပြီး သူ့မဘေးမှာ ဝင်လိုက်ထွက်လိုက် လုပ်နေကြတဲ့ သူတွေကို စိမ်ပြေနပြေကြည့်နေရင်းက ပွဲကြည့်ဖို့ရာအတွက် လူတစ်ယောက်ကို ရှာဖွေနေလိုက်တယ်။
သူမက လက်တစ်ဖက်နဲ့မေးကို ထောက်ထားလိုက်ပြီး လက်တစ်ဖက်ကို ဝိညာဉ်စွမ်းအင်သစ်သီး ကိုင်ထားကာ ပျင်းရိပျင်းတွဲနဲ့ ပါးစပ်ထဲကို ထည့်လိုက်တော့တယ်။
သူမက ဘာတွေ့လိုက်တယ်ဆိုတာ မသိလိုက်ပေမဲ့ သူမရဲ့မူလက ပျင်းရိပျင်းတွဲနေတဲ့ အမူအရာက ရုတ်တရက်ဆိုသလို တက်ကြွလာခဲ့တယ်။
သူမရဲ့မြင်ကွင်းနောက်ကို လိုက်ကြည့်တော့ အနီရောင်အဝတ်အစားနဲ့ မိန်းမလှလေးတစ်ယောက်က ရွှင့်ချန်ဂိုဏ်းရဲ့ချောမောလှပပြီး အရပ်မြင့်မြင့်တပည့်တစ်ယောက်ကို စိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။ အရမ်းကို အာရုံစူးစိုက်နေတာမို့လို့ သူမက အရမ်းကို ရမ္မက်စိတ်ပြင်းနေသလို ဖြစ်နေတော့တယ်။
သူမရဲ့စူးစိုက်အကြည့်က စည်းကိုကျော်သွားရုံသာမက သူ့မရဲ့လက်ကလဲ တပည့်ရဲ့ခန္ဓာကိုယ်ကို မရိုးမသား ထိမိသွားတော့တယ်။
ယွီလင်က သူ့ခါးမှာ အထိအတွေ့ကို ခံစားလိုက်ရတော့ ရုတ်တရက် နောက်လှည့်ပြီး သူ့ကို ထိလိုက်တဲ့သူကို တအံ့တသြနဲ့ လှည့်ကြည့်လိုက်တယ်။
“မိန်းကလေးထျန်း မင်းဘာလုပ်တာလဲ”
ထျန်းမင်က သူ့မရဲ့ညာဘက်လက်ကို နှမြောတသသလို ကြည့်လိုက်ပြီး ဘာမှမခံစားမိခဲ့သလို ဖြစ်သွားတယ်။
“ရှင်က ရွှင့်ချန်ဂိုဏ်းရဲ့ တပည့်ပေါ့ ဟုတ်လား”
သူမကသူမရဲ့ အလှအပခံစားမှုနဲ့ အထူးတလည်ကိုက်ညီနေတဲ့ သူ့ရုပ်သွင်ကို ကြည့်လိုက်ပြီး အရင်တုန်းက မရေမတွက်နိုင်အောင် လုပ်ခဲ့တဲ့ပုံစံနဲ့ပဲ ချမ်းသာကြွယ်ဝပြီး အင်အားကြီးမားတဲ့ပုံစံနဲ့ ပြောလိုက်တယ်။
“ကျွန်မက ထျန်းရန်မြို့သခင်ရဲ့သမီးပါ၊ ရှင်ကျွန်မနဲ့ လိုက်ခဲ့ဖို့ ဆန္ဒရှိသရွေ့ ကျွန်မကရှင့်ကို မရေမတွက်နိုင်တဲ့ ဝိညာဥ်စွမ်းအင်ရတနာတွေကို ပေးမယ်”
ယွီလင်က ရုတ်တရက်ဆိုသလို မျက်လုံးတွေအဝိုင်းသား ဖြစ်သွားပြီး သူက အရမ်းကို ဆင်းရဲနေတဲ့ပုံပေါက်လို့များ ထျန်းမင်ရဲ့စကားလုံးတွေကို နားလည်မှု လွဲသွားလေသလားဟု ထင်မိတော့တယ်။
အဲ့လိုမှမဟုတ်ဘူးဆိုရင် ဘယ်လိုဖြစ်ပြီး လူတစ်ယောက်က ဒီလိုများ ...
ဒါပေမဲ့လဲ အဲ့ဒီနောက်မှာ ထျန်းမင်က သူမရဲ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့မျက်လုံးတွေကို ထိတော့မဲ့ဆဲဆဲမှာပဲ နောက်ဆုံးတော့ သတိပြန်ဝင်လာခဲ့တယ်။
ယွီလင်က ခြေနှစ်လှမ်းလောက်ဆုတ်လိုက်ပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။
“မိန်းကလေးထျန်း ကျေးဇူးပြုပြီး ကိုယ့်ဟာကိုဆင်ခြင်ပေးပါ”
သူ့အသံက ရုတ်ခြည်းဆိုသလို လူအများအပြားရဲ့အာရုံကို ဆွဲဆောင်ထားလိုက်တော့တယ်။
ခန်းမထဲက မဟာအကြီးအကဲက အရင်ဆုံးရောက်လာပြီး ယွီလင်ရဲ့ထူးဆန်းတဲ့ တုံ့ပြန်ပုံကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ရင်း မေးလိုက်တယ်။
“ဘာဖြစ်တာလဲ”
ယွီလင်က ရှက်ရွံ့သွားကာ အချိန်အတော်ကြာသည်အထိ ချိတုံချတုံ ဖြစ်သွားတော့တယ်။ နောက်ဆုံးတော့ မဟာအကြီးအကဲရဲ့ လုံးဝစိတ်မရှည်တော့တဲ့ အကြည့်အောက်မှာ သူက အော်ပြောလိုက်တယ်။
“မိန်းကလေးထျန်းက ကျွန်တော့်ကို ကြံစည်နေပါတယ်”
သူ့စကားဆုံးသွားတာနဲ့ တပြိုက်နက် မရေမတွက်နိုင်တဲ့ မျက်လုံးအစုံတွေက သူ့ဖက်ကို လှည့်လာတော့တယ်။
မဟာအကြီးအကဲက အခိုက်တန့် ကြောင်အမ်းအမ်းဖြစ်သွားပြီး သတိပြန်ဝင်လာပြီးနောက်မှာတော့ မျက်မှောင်ကြုတ်ကာ စူးစမ်းတဲ့အကြည့်နဲ့ ထျန်းမင်ကို ကြည့်လိုက်တယ်။
သူကဘာမှမပြောရသေးခင်မှာပဲ ဆူညံသံကိုကြားလိုက်တဲ့ ထျန်းရုံရွှိက အပြေးအလွှား ရောက်လာပြီး ထျန်းမင်ရဲ့ဘေးမှာ ရပ်လိုက်တော့တယ်။
ထျန်းရုံရွှိက သူ့မျက်နှာပေါ်မှာ တောင်းပန်နေတဲ့အကြည့်တစ်ခုကို ဆောင်ထားလိုက်ပြီး မဟာအကြီးအကဲကို နှုတ်ဆက်လိုက်တယ်။
“မဟာအကြီးအကဲ အရမ်းကို တစွတ်ထိုး ဆန်သွားမိခဲ့တဲ့အတွက် အကြီးအကဲရဲ့တပည့်ကို ပြစ်မှားမိခဲ့ပါပြီ”
သူ့စကားဆုံးသွားပြီးတဲ့နောက်မှာပဲ သူက နောက်ကို လှည့်ကြည့်လိုက်ပြီး မာမာထန်ထန်နဲ့ ပြောလိုက်တယ်။
“မင်အာ လာပြီးတော့တောင်းပန်လိုက်”
“ကျွန်မက ဘာလို့တောင်းပန်ရမှာလဲ”
ထျန်းမင်က ထျန်းရုံရွှိကို မယုံမကြည်နဲ့ကြည့်လိုက်ပြီး အော်ဟစ်လိုက်တော့တယ်။
“ကျွန်မက သူ့ကို မေးခွန်းလေးနည်းနည်းပါးပါးပဲမေးပြီး ထိမိတာပါ၊ ဒါကိုဘာဖြစ်လို့ တောင်းပန်ရမှာလဲ”
“ထျန်းမင် တောင်းပန်လိုက်”
ထျန်းရုံရွှိက မျက်မှောင်ကြုတ်လိုက်ပြီး သူ့အသံထဲမှာ ဒေါသအပြည့် ဖြစ်သွားတော့တယ်။
အမြဲတမ်းလိုလို သူမကို ချစ်ခင်အလိုလိုက်ခဲ့တဲ့ အဖေဖြစ်သူက ဒီလိုကိစ္စသေးသေးလေးအပေါ် အရမ်းဒေါသထွက်နေတာကို မြင်လိုက်ရတော့ သူမရဲ့မျက်လုံးတွေထဲမှာ ရှုပ်ထွေးပြီး ဝမ်းနည်းသလို ဖြစ်သွားတော့တယ်။
“အဖေပဲပြောခဲ့တယ်မလား ကျွန်မက အဖေရဲ့သမီး... အဆင့်အတန်းမြင့်တဲ့ပုဂ္ဂိုလ် ပြီးတော့ ကြိုက်တာ လုပ်လို့ရတယ်။ လုပ်ချင်တာလုပ်လို့ရတယ် စိတ်ပူစရာမလိုဘူးဆို...”
ထျန်းရုံရွှိရဲ့မျက်လုံးတွေက ရုတ်တရက် စူးရှပြတ်သားလာခဲ့တယ်။ သူက ထျန်းမင်ရဲ့ စကားလုံးကို ရုတ်တရက် ကြားဖြတ်လိုက်ပြီး ပိုပြီးလေးနက်တဲ့အသံတစ်ခုနဲ့ပြောလိုက်တယ်။
“တောင်းပန်လိုက်”
“အဖေက တောင်းပန်ချင်တယ်ဆိုရင် ကိုယ့်ဟာကိုတောင်းပန်လိုက်ပေါ့”
ထျန်းမင်ကမျက်လုံးထဲက မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီး ယွီလင်ကို မကြည့်ဘဲ ဆိုးသွမ်းတဲ့ဟန်နဲ့ပြောလိုက်တော့တယ်။
“တောင်းပန်ပါတယ် ရပြီ မဟုတ်လား”
ဒီလိုပြောလိုက်ပြီးတော့ သူမက ခန်းမထဲကပြေးထွက်သွားတော့တယ်။
ထျန်းရုံရွှိက သူ့အကြည့်တွေကို ထျန်းမင်ဆီက ပြန်ရုပ်သိမ်းလိုက်ပြီး အကြီးအကဲကို တောင်းပန်နေတဲ့ ရုပ်အသွင်တစ်ခုနဲ့ ပြောလိုက်တယ်။
...