အခန်း ၃၃
Vol. 3 Ch. 33
အပိုင်း(၃၃)
“ကျွန်တော်က သမီးဖြစ်သူကို အလိုလိုက်ခဲ့မိတာပါ။ အကြီးအကဲကို ရယ်စရာဖြစ်အောင် လုပ်ခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်”
သူ့စကား ဆုံးသွားတာနဲ့ သူက တစ်ဖန်ဦးညွှတ်ပြီး ထပ်ပြောလိုက်တယ်။
“အကြီးအကဲရဲ့တပည့်တွေကိုလဲ ကျုပ်ရဲ့သမီးကိုယ်စား တောင်းပန်ပါတယ်”
သူကလက်ထဲမှာ ဆေးလုံးပုလင်း တစ်ခုကိုကိုင်ထားလိုက်ပြီး ယွီလင်ဆီကို အသာအယာ ကမ်းပေးလိုက်တယ်။
“ညီငယ်လေးက ကျုပ်ကို အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်”
မဟာအကြီးအကဲက သူရဲ့လှုပ်ရှားမှုကို စောင့်ကြည့်နေရင်းက သူ့ မျက်လုံးထဲမှာ အစတုန်းကလို ပြတ်သားတဲ့ဟန် မရှိတော့ပေမဲ့ ထျန်းမင်အပေါ် သူရဲ့ထင်မြင်ချက်ကတော့ အောက်ဆုံးအထိ ကျသွားတော့တယ်။
ကျုပ် အစောကြီးကတည်းက ကြားခဲ့ဖူးသားပဲ။ ထျန်းရန်မြို့သခင်ရဲ့သမီးက လိုအင်ဆန္ဒပြင်းပြပြီး စည်းကမ်းမဲ့တယ်တဲ့။ ကျင့်ကြံရတာကိုလဲ မကြိုက်ဘူးတဲ့။ အထူးသဖြင့် လှပတဲ့ချောမောတဲ့ ယောကျာ်းတွေကို လိုက်စားရတာ ကြိုက်သတဲ့လေ။
ဒီနေ့တွေ့လိုက်ရမှ ဒါကအခြေအမြစ်မရှိတာ မဟုတ်မှန်းသိလိုက်ရတော့တယ်။
နောက်မှာရှိနေတဲ့ စူးလီကလဲ ဖြစ်စဥ်အားလုံးကို စောင့်ကြည့်နေခဲ့တယ်။ သူမက သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ဖြည်းဖြည်းချင်း လှန်လိုက်တယ်။
[ဒီထျန်းရုံရွှိက တကယ်ပဲ သူ့သမီးကို အဲ့လိုအလိုလိုက်ပြီးချစ်သတဲ့လား]
[သူပြောလိုက်တဲ့စကားလုံးတိုင်းက ထျန်းမင်ကို ကောင်းစေချင်တယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေပေမဲ့ တကယ်တမ်းကျတော့ သူက ထျန်းမင်မှာ မကောင်းတဲ့အကျင့်တစ်ခု ရှိတယ်လို့ပြောနေတဲ့ပုံ ဘာလို့ပေါက်နေတာလဲ]
ထျန်းရုံရွှိက ရုတ်တရက်ဆိုသလို နေရာမှာပဲ အေးခဲသွားတော့တယ်။ သူက အံကြိတ်ထားလိုက်ပြီး သမီးဖြစ်သူအပေါ် သူ့ရဲ့ရွံ့ရှာအထင်သေးမှုက တိုးလာတော့တယ်။
သူမသာ အခမ်းအနားကို ဂရုမစိုက်ဘဲ ပြသာနာမရှာခဲ့ရင် ဘယ်လိုလုပ်ပြီး ထူးဆန်းတဲ့အသံက သူ့ကို သတိထားမိမှာလဲ။
အပြင်လောကကလာတဲ့အသံကို ကြားလိုက်ကြတဲ့ လူတွေကလဲ တုံ့ပြန်လိုက်တယ်။
ဟုတ်သားပဲ။ ခုနက ဘာဖြစ်သွားတာလဲ။ ကြီးကြီးကျယ်ကျယ် ပြောရမယ်ဆိုရင်တောင် ဒါက အမျိုးသမီးကျင့်ကြံသူတစ်ယောက်က အမျိုးသားကျင့်ကြံသူတစ်ယောက်ကို ကျီစယ်တာလေးပဲ မဟုတ်လား။ ဒီထက်ပိုပြီး ပြင်းထန်စရာမရှိပါဘူး။
ထျန်းရုံရွှိက ဘယ်လိုများ ပြောနိုင်ရတာလဲ။ အပြစ်ကပဲ ခွင့်မလွှတ်နိုင်လောက်တဲ့အတိုင်း။ အဆင့်ခြောက်ဆေးလုံးကို လျော်ကြေးအဖြစ် ပေးဖို့လိုလို့လား။
စူးလီကတော့ အရမ်းကိုသိချင်နေတာ ထင်ရှားနေတယ်။ သူမက ကောင်းကင်စာအုပ်ထဲမှာ ထျန်းရုံရွှိလုပ်ခဲ့တဲ့ အရာတွေကိုကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ပြောလိုက်တော့တယ်။
[ထျန်းမင်က ထျန်းရုံရွှိရဲ့ ချစ်ခြင်းနဲ့ အလိုလိုက်မှုတွေကြားမှာ ကြီးပြင်းလာခဲ့တယ်။ သူက သူလိုချင်သမျှ အရာအားလုံးကို ပေးခဲ့တယ်။ သူက မကျင့်ကြံချင်ဘူးဆိုရင်လဲ နေလိုက်တယ်။ သူက ကစားချင်တယ်ဆိုရင်လဲ ကစားလိုက်တယ်။ တစ်ယောက်ယောက်က သူ့ကို မတော်တဆ ထိမိသွားရင်လဲ သူက ရေးကြီးခွင့်ကျယ်တွေ လုပ်ပြီး သူတို့ကို တောင်းပန်ခိုင်းသတဲ့]
[ဝိုး~~ ထျန်းမင်ရဲ့ အနောက်ဖက်ခြံဝန်းထဲက အမျိုးသားအချစ်တော် ဆယ်ယောက်လောက်က ထျန်းရုံရွှိကိုယ်တိုင် သေသေချာချာ ရွေးပေးထားတာတဲ့]
[တချို့က ကိုယ်ခန္ဓာပိန်ပိန်သွယ်သွယ်နဲ့ ထူးထူးခြားခြား ဆွဲဆောင်မှုရှိတယ်။ တချို့ကျတော့ ကြွက်သားတွေ အမြောင်းလိုက်နဲ့ ပခုံးကျယ်ဝန်းပြီး တချို့ကျတော့ ဟဲဟွမ်ဂိုဏ်းကနေ လေ့ကျင့်ပြီး ပြန်လာကြတဲ့သူတွေတဲ့...]
[ကျွတ်ကျွတ်ကျွတ် ဒီခါး၊ ဒီခြေထောက်တွေ၊ ဒီမျက်နှာက___]
အားလုံးကသူတို့ရဲ့ မျက်လုံးတွေထဲမှာ ရှင်းမပြတက်တဲ့တွေဝေမှုတွေနဲ့ ထျန်းရုံရွှိကို ကြည့်လိုက်ကြတယ်။ သောက်ကျိုးနဲ ဒီလူက ဘာတွေစဥ်းစားနေတာလဲ။ သူ့သမီးကိုများ ဒီလိုအရာတွေ ပေးရတယ်လို့....
ကောင်းကင်အပြင်ဘက်က အသံကစိတ်ထဲမှာ ရှိနေတဲ့မေးခွန်းတွေကို မေးပစ်လိုက်တော့တယ်။
[သမီးဖြစ်သူအတွက် ဒီလိုအမျိုးသားအချစ်တော်တွေကို ရွေးပေးခဲ့တာ တကယ် အဖေရော ဟုတ်ရဲ့လား]
စူးလီက ကောင်းကင်စာအုပ်ထဲက စာမျက်နှာတွေကိုနောက်ထပ် အနည်းငယ် ထပ်လှန်လိုက်ပြီး သူမရဲ့အသံထဲမှာ နှမြောတဲ့ဟန်တစ်ခု ပါသွားတော့တယ်။
[ဒီတော့ သူတို့တွေက တကယ်ကို ကလေးအရင်းတွေပဲ]
[ကြည့်လိုက်အုံးမယ်___ထင်ထားတဲ့အတိုင်း ပြသာနာတစ်ခုက ရှိနေတာကိုး]
[အဟက်___ ကိုယ်တိုင်က ကျင့်ကြံရေးလောကထဲမှာ ရောက်နှင့်ပြီးသား မဟုတ်ဘူးလား။ ဒါနဲ့များ မိန်းကလေးထက် ယောကျာ်းလေးကို ပိုပြီးမျက်နှာသာပေးရသလား]
[အဲ့ဒီတုန်းက ရှောင်းယာချင်က အမြွှာကလေးတွေကို မွေးခဲ့ပြီး ယောကျာ်းလေးတစ်ယောက် မိန်းကလေးတစ်ယောက် ရလာခဲ့တယ်။ ထျန်းမင်ရဲ့ အရည်အချင်းက ထျန်းချန်းထက် အများကြီးပိုမြင့်မားတယ်။ ဒါကြောင့်မလို့ ရှောင်းယာချင်က ထျန်းမင်ကို ထျန်းရန်မြို့သခင်ရာထူးရဲ့ ဆက်ခံသူ ဖြစ်စေချင်တယ်]
[ဒါပေမဲ့ ထျန်းရုံရွှိကတော့ သူရဲ့စိတ်ထဲမှာ သူ့ရာထူးကို သားဖြစ်သူကိုပဲ အမွေပေးသင့်တယ်လို့ ခံစားရတယ်။ သားဖြစ်သူက အရည်အချင်း ကင်းမဲ့တဲ့အတွက်ကြောင့်မလို့ သူက ကောင်းကင်နဲ့ မြေပြင်မှာ ရှိတဲ့ ဝိညာဥ်စွမ်းအင်ရတနာတွေက သားဖြစ်သူရဲ့အရည်အချင်းကို သေချာပေါက် တိုးမြှင့်ပေးလိမ့်မယ်လို့ထင်တယ်]
[သူ့စိတ်ထဲမှာတော့ ထျန်းချန်းတစ်ယောက်ကပဲ သူရဲ့ဆက်ခံသူဖြစ်နိုင်တယ်တဲ့]
ဟင်...
အတွင်းရေးအကြောင်းအရာကို ကြားလိုက်ကြတဲ့လူတိုင်းက သူများ ရူးနေသလားဆိုတဲ့ အမူအရာတစ်ခု ဖြစ်သွားကြတော့တယ်။
ဟုတ်တယ်လေ။ ကျင့်ကြံရေးလောကထဲမှာ တန်ဖိုးအထားဆုံးအရာက အရည်အချင်းပဲ။ ယောကျာ်းနဲ့ မိန်းမကြားမှာ ဘာကွာခြားချက် ရှိလို့လဲ။
အရည်အချင်းရှိတဲ့သမီးတစ်ယောက်က အရည်အချင်းမရှိတဲ့ သားဆယ်နှစ်ယောက်ထက်တောင် ပိုပြီးတော့ ထိုက်တန်သေးတယ်။
ထျန်းရုံရွှိက ဦးနှောက်မှာရောဂါများ ဖြစ်နေလေသလား။
ကောင်းကင်ရဲ့အသံက ထျန်းရုံရွှိရဲ့လုပ်ရပ်တွေကို အသေးစိတ်ဖော်ထုတ်တော့တယ်။
[ရှောင်းမိသားစုက ထျန်းရန်မြို့မှာ အကြီးမားဆုံးမိသားစုတစ်ခုလေ။ သူက သူ့မိန်းမရဲ့သဘောကို လုံးဝမဆန့်ကျင်ရဲဘူးပေါ့၊ ဒီတော့ နောက်ကွယ်မှာပဲ တိတ်တိတ်လေး ကြိုးစားနိုင်တော့တယ်]
[ထျန်းမင်ကိုမွေးဖွားပြီး သိပ်မကြာခင်မှာပဲ ရှောင်းယာချင်က တံခါးပိတ်ကျင့်ကြံဖို့အတွက် ထွက်သွားတော့တယ်။ ဒါကြောင့်မလို့ ထျန်းရုံရွှိကနဂိုက လိမ္မာရေးခြားရှိတဲ့ ထျန်းမင်ကို အလိုလိုက်ပြီး ပျိုးထောင်လာတော့တယ်]
စူးလီက တအံ့တသြနဲ့ တုံ့ဆိုင်းသွားတော့တယ်။
[ဒီထျန်းမင်ကလဲ ပါရမီရှိတဲ့သူပဲ၊ သူ့ကိုကလေးဘဝကတည်းက ဒီလိုပျိုးထောင်လာတာတောင် သူ့ရဲ့အကျင့်စရိုက်တွေက အများကြီး ပျက်စီးသွားတာ မရှိခဲ့ဘူး]
ထျန်းရုံရွှိရဲ့အသေးစိတ်ကျလာတဲ့ သင်ကြားမှုအောက်မှာ ထျန်းမင်က သူမရဲ့ကျင့်ကြံရေးအဆင့်ကို လျစ်လျူရှူပြီး ချောမောတဲ့အမျိုးသားတွေကို သဘောကျတဲ့ မကောင်းတဲ့အကျင့်ပဲ တိုးလာခဲ့တယ်။
[သူမက အလှအပတွေကို နှစ်သက်သဘောကျတဲ့အပြင် ဝိညာဥ်စွမ်းအင်ရတနာတွေနဲ့ ရာထူးအဆင့်တွေကို ပေးစွမ်းတဲ့နေရာမှာလဲ ရက်ရောတဲ့လူမျိုး ဖြစ်ခဲ့တယ်။ သူ့ဆီမှာ ဘာဝိညာဥ်စွမ်းအင် ရတနာတွေပဲရှိလာလာ တစ်ရက်တောင်သိမ်းမထားဘဲ အနောက်ဆောင်မှာရှိတဲ့ အမျိုးသားအချစ်တော်လေးတွေကို ပေးပြစ်လိုက်သတဲ့]
[ဒီတော့ ပြောရမယ်ဆိုရင် ထျန်းမင်က ဘာမှအမှားလုပ်မထားဘူးပေါ့]
ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ထျန်းမင်အပေါ်ထားတဲ့သူတို့ရဲ့အမြင်က ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။ ဒီကလေးမှာ အရမ်းကိုကောင်းမွန်တဲ့ အကျင့်စရိုက်တစ်ခု ရှိခဲ့တာပဲ။
ဒီလိုအဖေမျိုးကိုရထားတာ သနားစရာပဲ။
ထျန်းမင်ရဲ့မကောင်းသတင်းတွေ နေရာတိုင်းကိုပျံ့နေတယ်။ ဒါကိုလဲ ထျန်းရုံရွှိကပဲ လုပ်နေတာများလား။
[ထျန်းရန်မြို့ထဲကလူတွေက ထျန်းမင်ကို မြို့သခင်ရာထူးရဲ့ ဆက်ဆံသူတစ်ယောက်လို့ မစဥ်းစားတာလဲ အံ့သြစရာ မဟုတ်တော့ဘူး။ သူတို့က သူ့ကို ရမ္မက်ပြင်းပြတဲ့ မိန်းမငယ်လေးလို့ပဲ ထင်နေကြတာကိုး]
[ဒါပေမဲ့လဲ သားဖြစ်သူက အခုတော့အဲ့လောက်ကြီး ကောင်းနေတာ မဟုတ်ဘူးလေ။ ရှင်က သူ့ကို ငယ်ငယ်လေးကတည်းက ရှားပါးတဲ့ဝိညာဥ်စွမ်းအင်ရတနာမျိုးစုံကို ကျွေးမွေးခဲ့တယ်။ ဒါပေမဲ့လဲ အခုတော့ သူရဲ့ကျင့်ကြံခြင်း အခြေအနေက သုံးရက်လောက်လေ့ကျင့်ပြီး နှစ်ရက်လောက် အနားယူတတ်တဲ့ ထျန်းမင်လောက်တောင် မကောင်းရှာဘူးမလား]
သမီးဖြစ်သူကို မျက်လုံးထဲမှာ အသည်းကျော်လေးလို့ သတ်မှတ်ထားကြတဲ့ သူတွေက ထျန်းရုံရွှိကို ဒေါသတကြီး ကြည့်လိုက်ကြတယ်။
ထျန်းရုံရွှိကတော့ ဒီကိစ္စက အရေးမကြီးတဲ့အတိုင်း တစ်စက်ကလေးမှ ပြန်သုံးသပ်ပုံမရပဲ မျက်နှာ ကအေးတိအေးစက် ဖြစ်နေလေတယ်။
ချင်းအာက မွေးလာတုန်းကထက်စာရင် အများကြီး အရည်အချင်း တိုးတက်လာတာပဲ။ သူက ဝိညာဥ်စွမ်းအင်ရတနာတွေကို ထပ်ပြီးသုံးလိုက်ရင် မင်အာရဲ့ကျင့်ကြံရေးအဆင့်ကို အမှီလိုက်နိုင်မှာပဲ။
နောက်ပြီးတော့ သူက မင်အာအပေါ်လဲ ကောင်းခဲ့တာပဲမဟုတ်လား။
အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ဒီလောက်အဆင့်မြင့်တဲ့ ကျင်ကြံခြင်းနဲ့ရာထူး ပိုင်ဆိုင်ထားလို့ကော ဘာအဓိပ္ပာယ်ရှိမှာလဲ။ သူက အချိန်တန်ရင် အိမ်ထောင်ပြုပြီး ကလေးမွေးရအုံးမှာပဲ။
ချင်းအာရဲ့ကျင့်ကြံရေးအဆင့်က တိုးတက်လာတဲ့အချိန်မှာ သူကလဲ မင်အာကို ကာကွယ်ပေးမှာပဲလေ။ ဒါက မင်အာကို ကာကွယ်ပေးမဲ့လူတစ်ယောက် ထပ်တိုးလာတာပဲ မဟုတ်ဘူးလား။
သူအမှားလုပ်ထားတာ ဘာမှမရှိဘူး။
စူးလီက ဒီအခိုက်အတန့်မှာ ထျန်းရုံရွှိစဥ်းစားနေတဲ့ အကြောင်းအရာကို မသိလေဘူး။ ထျန်းရုံရွှိက သမီးဖြစ်သူကို ပြစ်မှတ်ထားပြီး ထျန်းမင်ရဲ့နာမည်သတင်းကို ဖျက်ဆီးဖို့ကြိုးစားနေတဲ့အကြောင်းကို ကောင်းကင်စာအုပ်ထဲက မှတ်တမ်းကိုကြည့်ရင်း အချိန်အတော်ကြာသည်အထိ စွံ့အနေမိတော့တယ်။
နောက်ဆုံးတော့ သူမက စိတ်ထဲမှာလိုရင်းကိုပဲ အကျဥ်းချုပ် ပြောလိုက်တော့တယ်။
[နေရာတိုင်းမှာ မကောင်းတဲ့လူတွေကြီးပါပဲ၊ ဒါပေမဲ့ မကောင်းတဲ့အဖေကတော့ ရှားပါးတယ်]
အပြင်လောကကအသံကို ကြားလိုက်တာနဲ့ ချက်ချင်းဆိုသလို ရှောင်းရန်ဖျင်က မင်ကျုံးခန်းမထဲကို ဝင်လာတော့တယ်။
သူက အဲဒီအကြောင်းကို နားထောင်မိလေလေ အမူအရာကပိုပြီး စိတ်ပျက်လာလေလေ ဖြစ်သွားတော့တယ်။
ဒီအခိုက်မှာပဲ မင်အာက ပြေးထွက်သွားပြီး ဒီစကားတွေကို မကြားလိုက်ရတဲ့အတွက် ရုတ်တရက် ဝမ်းသာမိသွားတယ်။
သူမက အရမ်းကို ငယ်ရွယ်ပြီး ဘာအနှောင့်အယှက်ကိုမှလဲ မတွေ့ကြုံခဲ့ဖူးဘူးလေ။ သူမသာ ဒီစကားတွေကို ကြားလိုက်ရရင် စိတ်ထိခိုက်သွားမှာ သေချာတယ်။
တစ်ချိန်တည်းမှာပဲ သူက ညီမဖြစ်သူ၊ ထျန်းရုံရွှိရဲ့မိန်းမဆီကို စာတစ်စောင် ပို့လိုက်တော့တယ်။ ရှောင်းယာချင်က အပြင်လောကကပြောလိုက်တဲ့ စကားလုံးတိုင်းကို ကြားလိုက်ရတယ်။
သူမက သီးသန့်ကျင့်ကြံရေးကနေ ထွက်လာပြီး သူမရဲ့လက်တွေကိုလဲ တင်းနေအောင် ဆုတ်ထားလိုက်တယ်။ မျက်လုံးထဲမှာလဲ မရေမတွက်နိုင်တဲ့ စိတ်ခံစားမှုတွေ လှိုင်းထနေပြီး နောက်ဆုံးမှာတော့ အေးစက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့တယ်။
သူမက ကလေးနှစ်ယောက်ကို မွေးပြီးတာနဲ့ မကြာခင်မှာပဲ သူမရဲ့ကျင့်ကြံရေး ဆုတ်ယုတ်သွားတာကို ခံစားလိုက်ရပြီး မကြာခဏဆိုသလို သီးသန့်ဂူအောင်းခဲ့ရတယ်။ ကလေးတွေကို ပြုစုပျိုးထောင်ပေးဖို့အတွက် ထျန်းရုံရွှိရဲ့ လက်ထဲကို အပ်ထားခဲ့ရတယ်။ သူမက သီးသန့်ကျင့်ကြံခြင်းက ထွက်လာတဲ့အချိန်တိုင်း ကလေးနှစ်ယောက်ကို ကိုယ်တိုင် စောင့်ရှောက်ပေးပေမဲ့လဲ ကလေးနှစ်ယောက်က သူမရဲ့ရှေ့မှာဆိုရင် လိမ်လိမ်မာမာနဲ့ လုံ့လရှိရှိ ပြုမူနေတတ်တော့ သူမက ဘာမှမထူးခြားတာကို သတိမထားမိခဲ့ဘူး။
သူမက ထျန်းရုံရွှိကို အင်မတန်မှ ယုံကြည်ထားတာလေ။ သူမက လုံးဝကို လက်လွှတ်ပေးပြီးတော့ ကလေးတွေကို သူ့စိတ်တိုင်းကျ လုပ်ခွင့်ပေးဖို့ မဖြစ်သင့်ခဲ့တာပဲ။
သူက သူမရဲ့သမီးကို နောက်ကွယ်မှာ ဒီလိုဆက်ဆံနေလိမ့်မယ်လို့ လုံးဝကို ထင်မထားခဲ့မိတာပါ။
ဘယ်ကလေးက ထျန်းရန်မြို့တော်သခင်ရဲ့ ရာထူးကိုရမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူမက သိပ်ပြီး ဂရုစိုက်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ထျန်းရုံရွှိကတော့ မင်အာကို အသုံးမကျတဲ့ကလေးတစ်ယောက် ဖြစ်လာအောင် မပျိုးထောင်သင့်ပါဘူး။
သူမက သူ့ကို လက်ထပ်ခဲ့တဲ့ အကြောင်းအရင်းကလဲ သူတို့ရဲ့ကံကြမ္မာက လိုက်ဖက်ပြီး သူက သူမကို ကျင့်ကြံရေးအဆင့်တိုးမြှင့်အောင် ကူညီပေးနိုင်လို့ပဲ။
သူမကလဲ သူ့ကိုထျန်းရန်မြို့သခင်ရာထူးကို ပေးလိုက်တာမို့လို့ သူမအနေနဲ့ သူ့အပေါ် ဘာအကြွေးမှ မရှိဘူးပေါ့။
“ထျန်းရုံရွှိ”
ရှောင်းယာချင်ရဲ့အသံက ဆက်သွယ်ရေးပစ္စည်းထဲမှာ အေးစက်နေတော့တယ်။
“အခုချက်ချင်းပြန်လာခဲ့ ကွာရှင်းဖို့ကိစ္စ စကားပြောကြမယ်”
ထျန်းရုံရွှိရဲ့မျက်နှာက ရုတ်ခြည်းဆိုသလို ဖြူဆုတ်သွားခဲ့တယ်။
“ရှင်မ မင်းနားလည်မှုလွဲနေတာ ဖြစ်ရမယ်၊ ငါက___”
သူက လူ့လောကကနေ လာခဲ့တာ။ ဒီနှစ်အတွင်းမှာ သူ စုဆောင်းလာခဲ့တဲ့ အရာတွေကလဲ ထျန်းရန်မြို့သခင်ဆိုတဲ့ သူ့ရာထူးကို ခိုင်ခိုင်မာမာ မထိန်းထားနိုင်သေးဘူး။ သူက ရှောင်းမိသားစုနဲ့ ရှောင်းယာချင်ကို လိုအပ်သေးတယ်။
“ရှင်မ ချင်းအာက အရမ်းငယ်ပါသေးတယ်။ ကိုယ်တို့တွေ သူ့ကို ခွဲထားမယ်ဆိုရင် ဘာဖြစ်သွားမှာလဲ”
သူ့အသံက ကယောင်ခြောက်ခြား အပြည့်ဖြစ်နေတော့တယ်။
“မင်းလဲ သိပါတယ် ချန်းအာက မင်းကို အရမ်းကိုတလေးတစားရှိခဲ့တာ သူက မင်းမရှိရင် နေနိုင်မှာ မဟုတ်ဘူး”
“ရှင် ဘာမှပြောစရာမလိုဘူး၊ ကျွန်မမှာ တောင်းဆိုစရာဆိုလို့ တစ်ခုပဲရှိတယ်”
သူ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ရှောင်းယာချင်ရဲ့အသံက ပိုပြီးတော့ အေးစက်လာခဲ့တယ်။
“ကွာရှင်းပြီးသွားရင် ကျွန်မက မင်အာကို ကိုယ်တိုင် ပြုစုပျိုးထောင်ချင်တယ်”
အနီးနားမှာရပ်နေတဲ့ ရှောင်းယန်ဖျင်က ထျန်းရုံရွှိရဲ့လက်ကို ဖမ်းဆုပ်ထားလိုက်ပြီး သူ့ကို တားမြစ်ထားလိုက်တယ်။
သူက မျက်နှာပေါ်မှာ တောင်းပန်တဲ့အကြည့်တစ်ခုနဲ့ အကြီးအကဲကို ပြောလိုက်တော့တယ်။
“ရှောင်းမိသားစုမှာ ဖြေရှင်းစရာအရေးကြီးကိစ္စ ရုတ်တရက်ပေါ်လာလို့ ကျေးဇူးပြုပြီး ကျုပ်က___”
မဟာအကြီးအကဲက သူ့စကားမဆုံးခင်မှာပဲ ခေါင်းညိတ်ပြီး
“သခင်လေးရှောင်း မြန်မြန်သွားလိုက်ပါ”
ထျန်းရုံရွှိက သူ့ကို ကိုင်ထားတဲ့ ရှောင်းရန်ဖျင်ကို အသက်ကယ်ကောက်ရိုးတစ်ခုလို့ ကြည့်လိုက်တော့တယ်။
“ညီလေး မင်းလဲ ယောကျာ်းတစ်ယောက်ပဲ၊ ငါက သားဖြစ်သူကို နည်းနည်းလောက် မျက်နှာသာ ပေးမိတာပါ ဘာမှားလို့လဲ”
“ရှင်မကိုသွားပြီး နားချပေးပါ၊ အလွန်ဆုံး နောက်ပိုင်းကျရင် ငါက ရှင်းအာရဲ့ ရင်းမြစ်တချို့ကို မင်အာကို ပေးလိုက်ရုံပေါ့”
ရှောင်းရန်ဖျင်က ကိုင်ထားတဲ့သူရဲ့လက်တွေကို ပိုပြီးတင်းလာအောင် ဆုပ်ထားလိုက်ပြီး ဖျတ်ခနဲ အသံတစ်ခုနဲ့အတူ ထျန်းရုံရွှိရဲ့လက်တွေက အားပျော့ပြီး ကျသွားတော့တယ်။
“အား__”
သူက ဘာမှမပြောရသေးခင်မှာပဲ ရှောင်းရန်ဖျင်က သူ့ပါးစပ်ကို ပိတ်ထားလိုက်တော့တယ်။
“မင်း ငါ့ရှောင်းမိသားစုက မျိုးဆက်တွေကို ထိရဲထိကြည့်စမ်း၊ မင်းကို တန်ကြေးပြန်ပေးရအောင် လုပ်ပစ်မယ်”
သူက အပြင်လောကက လာတဲ့စကားသံကို သတိရသွားပြီး သူ့လက်ထဲမှာ အားကို ပိုထည့်လိုက်တော့တယ်။ မင်အာက အရမ်းငယ်ပြီး ကစားမက်တယ်လို့ ထင်ထားခဲ့တာ။ ဒါကြောင့် သူမရဲ့ကျင့်ကြံရေးအဆင့်က တက်နေတာ အရမ်းနှေးတယ်လို့ ထင်ထားခဲ့တာ။ သူမရဲ့အဖေ ထျန်းရုံရွှိက ဒီလိုလုပ်နေတယ်လို့ မထင်ထားမိဘူး။
ရှောင်းရန်ဖျင်က ထျန်းရုံရွှိကို လှေပျံပေါ်ကို ပစ်တင်လိုက်ပြီးနောက်မှာတော့ ထျန်းရန်မြို့ဆီကို မြန်မြန်ပျံသန်းသွားလိုက်တယ်။
ထျန်းရန်မြို့သခင်အိမ်တော်-
ရှောင်းယာချင်က အခုလေးတင် ကောင်းကင်ဝိညာဥ်အင်းကွက်နဲ့ ကျင့်ကြံလို့ပြီးစီးလာတဲ့ ထျန်းချင်းကို ကြည့်လိုက်ပြီး အခုလေးတင် သူမကြားခဲ့တဲ့ အပြင်လောက ကလာတဲ့အသံကို စဥ်းစားကြည့်လိုက်ပြီး သူမရဲ့မျက်လုံးကို ရုတ်တရက် ပိတ်ထားလိုက်တယ်။
သူမက မျက်လုံးတွေကို တဖန်ပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ သူမရဲ့အမူအရာက ပြန်ပြီး တည်ငြိမ်သွားခဲ့တယ်။
“ချင်းအာ ဒီကောင်းကင်ဝိညာဥ်အင်းကွက်ကို မင်းတစ်ယောက်တည်း သုံးနေတာလား”
ထျန်းချင်းက ခေါင်းညိတ်လိုက်ပြီး သူ့ရဲအသံထဲမှာ တနည်းနည်းနဲ့ ဇဝေဇဝါဖြစ်နေဟန် ပါနေတယ်။
“အမေက ဘာဖြစ်လို့ဒီမေးခွန်းကို မေးတာလဲ။ မြို့သခင်အိမ်တော်မှာ ဒီလိုအဆင့်မြင့်မှော်အင်းကွက်ကို သုံးနိုင်တဲ့အရည်အချင်းရှိတဲ့သူက ကျွန်တော့်အပြင် ဘယ်သူရှိသေးလို့လဲ”
“သားရဲ့အစ်မလေ၊ သူရဲ့ကျင့်ကြံခြင်းအဆင့်က အခုတလော ရပ်တန့်နေတယ်၊ သားက ကောင်းကင်ဝိညာဥ်အင်းကွက်ကို ခဏလောက်ပေးသုံးလိုက်ပါလား”
ရှောင်းယာချင်က ကိုယ်ကိုအနည်းငယ်လောက်ညွှတ်လိုက်ပြီး သွေးတိုးစမ်းသလို မေးလိုက်တယ်။
“မရဘူး အဖေက ပြောထားတယ်၊ ကောင်းကင်ဝိညာဥ်အင်းကွက်ကို သုံးဖို့တစ်ဦးတည်းသော အရည်အချင်းရှိတဲ့သူက ကျွန်တော်ပဲတဲ့”
ထျန်းချင်းက စဥ်းစားမနေဘဲ ငြင်းပစ်လိုက်တယ်။
ထျန်းရန်မြို့ရဲ့ ရင်းမြစ်တွေအကုန်လုံးက အမြဲတမ်း သူပိုင်ဆိုင်ထားတာပဲ။ ဘာဖြစ်လို့ သူက အကြောင်းမရှိဘဲနဲ့ အစ်မဖြစ်သူ့ကို ဝေငှ ပေးရမှာလဲ။
ရှောင်းယာချင်ရဲ့မျက်နှာက လုံးဝမကောင်းတာကို မြင်လိုက်ရတော့ ထျန်းချင်းက ရှေ့ကို နှစ်လှမ်းလောက်တိုးလာပြီး သူ့ကို ချော့မော့တော့တယ်။
“အမေ အစ်မကလေ ကျင့်ကြံရတာကိုမကြိုက်ဘူး၊ ဒါကြောင့်မို့လို့ သူ့ကိုဖိအားမပေးပါနဲ့”
“အစ်မ ကြိုက်တဲ့အရာတွေကို အမေက မသိဘူးလား” ဒီအချိန်မှာတော့ သူက ထျန်းမင်ကို မြှောက်ပင့်ပြောဆိုနေတယ်။
“ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလေ အစ်မက အိမ်က စောင်းပညာရှင်ကို အရမ်းသဘောကျတဲ့ပုံပဲ။ မနက်ဖြန်ကျရင် အစ်မဆီကို လူတစ်ယောက်နဲ့သူ့ကို ပို့ခိုင်းလိုက်မယ်”
သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှောင်းယာချင်ရဲ့အမူအရာက အေးစက်သွားတော့တယ်။ ကြည့်ရတာ ထျန်းချန်းက ထျန်းရုံရွှိ လုပ်သမျှအရာအားလုံး ကို အမြဲတမ်းသိထားတဲ့ပုံပဲ။
သားအဖတွေလို့ကို မပြောရဘူး။ သူတို့ရဲ့အကျင့်စရိုက်တွေကလဲ အရမ်းကို ဆင်တူကြတယ်။
သူမက နီးကပ်လာတဲ့ လှေပျံကိုကြည့်လိုက်ပြီး စိတ်ထဲမှာဆုံးဖြတ်ချက်တစ်ခု ချထားလိုက်တော့တယ်။
ရွှင့်ချန်ဂိုဏ်းရဲ့ မင်ကျုံးခန်းမထဲမှာတော့ ရောက်ရှိလာကြတဲ့မြို့သခင်တွေနဲ့ အထက်တန်းစား မိသားစုခေါင်းဆောင်တွေရဲ့ မျက်နှာအားလုံးပေါ်မှာ အထိတ်တလန့်ဖြစ်နေခြင်းက သိသာထင်ရှားနေပြီး ရွှင့်ချန်ဂိုဏ်းထဲက လူအားလုံးရဲ့ တည်ငြိမ်တဲ့အမူအရာနဲ့ သိသိသာသာဆန့်ကျင်ဖက် ဖြစ်နေတော့တယ်။
မဟာအကြီးအကဲက စိတ်ထဲမှာ အထင်အမြင်သေးမှုတချို့နဲ့ သူတို့ရဲ့ဂရုမမူတတ်တဲ့အမူအရာကို ကြည့်လိုက်တယ်။ ဒါက ယောကျာ်းလေးတွေကို မိန်းကလေးထက်ပိုပြီး မျက်နှာသာပေးရုံပဲ မဟုတ်ဘူးလား။ ဒီကိစ္စက တကယ်ကို ရှားပါးတယ်ဆိုပေမဲ့လဲ ဒီအမူအရာကြီး ဖြစ်နေတာကတော့...
ဒီကာလအတောအတွင်းမှာ ရွှင့်ချန်ဂိုဏ်းထဲမှာ ဖြစ်သွားတဲ့ကိစ္စတွေကို သူတို့များ သိသွားလို့ကတော့ အရမ်းကို အထိတ်တလန့် ဖြစ်သွားပြီး သူတို့ရဲ့ မျက်လုံးတွေကတော့ ကျွတ်ထွက်လာလောက်တယ်။
ပတ်ဝန်းကျင်အခြေအနေက အနည်းငယ် စိတ်ကျဥ်းကြပ်သွားတဲ့အချိန်မှာ ချောင်မိသားစုခေါင်းဆောင်နဲ့ ချောင်မိသားစုကသခင်လေးတို့က နောက်ကျမှ ရောက်လာတော့တယ်။
ချောင်မိသားစုရဲ့ခေါင်းဆောင်က နက်နဲသိမ်မွေ့တဲ့ ကျင့်ကြံခြင်းနဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ကိုယ်နေဟန်ထားတစ်ခုနဲ့အတူ ရောက်လာပြီး သူ့ခြေလှမ်းတွေက အထက်တန်းစားမိသားစုတစ်ခုရဲ့ တည်ငြိမ်ပြီး ကျက်သရေရှိမှုအပြည့် ပါနေတော့တယ်။
ချောင်မိသားစုရဲ့ မိသားစုခေါင်းဆောင်အလောင်းအလျာအဖြစ် သတ်မှတ်ခံထားရပြီး သူ့နောက်ကလိုက်တဲ့ ချောင်မိသားစုသခင်လေးကတော့ အသက်နှစ်သုံးရာရှိနေပြီး ကျင်ကြံခြင်းအဆင့်က အခုမှ အုတ်မြစ်တည်ကျင့်ကြံခြင်း အဆင့်ပဲရောက်သေးတယ်။ သူရဲ့ခန္ဓာကိုယ်ကို မရေမတွက်နိုင်တဲ့ ရှားပါးရတနာတွေနဲ့ ဖုံးကွယ်ထားပြီး အပေါ်ယံသက်သက်ကြွားဝါပြီး အလေးအနက်မရှိတဲ့ ခန့်ငြားထည်ဝါမှု အာရုံတစ်ခုကို ပေးစွမ်းနေလေတယ်။
သူ့ခြေလှမ်းတွေထဲမှာ ရှင်းမပြတက်တဲ့ ဝင့်ဝါခြင်းမာနတစ်ခု ရှိနေတယ်။ သူက အထက်တန်းစားမိသားစုတစ်ခုရဲ့ ဆက်ဆံသူတစ်ယောက်နဲ့ လုံးဝမတူလေဘူး။
ချောမောလှပတဲ့ရုပ်ရည်အပြင် ချောင်မိသားစုရဲ့သခင်လေးမှာ သူတို့မသိသေးတဲ့ တခြားအရည်အချင်းတွေများ ရှိနေသေးလို့လား။
အဲ့လိုမှမဟုတ်ဘူးဆိုရင် မရေမတွက်နိုင်အောင် အရည်အချင်းနဲ့ တပည့်များစွာရှိတဲ့ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ချောင်မိသားစုလို မိသားစုတစ်ခုက ဒီလိုလူကို မိသားစုခေါင်းဆောင်ရဲ့ ဆက်ခံသူအဖြစ် ဘာလို့ ရွေးချယ်ထားခဲ့တာလဲ။
ဒီအချိန်မှာပဲ တပည့်တစ်ယောက်က လေသံနဲ့ပြောလိုက်တယ်။
“ချောင်မိသားစုရဲ့ သခင်လေးကို ချောင်မိသားစုရဲမြင့်မြတ်သားရဲက ဆက်ခံသူအဖြစ် ရွေးချယ်ထားခဲ့တာတဲ့။ ဒါကြောင့်မို့လို့ ချောင်မိသားစု တစ်ခုလုံးက ဘယ်သူကမှ မငြင်းဆန်ရဲကြဘူးလေ”
ဒဏ္ဍာရီလာ အဆိုအရ တစ်ခါက ချောင်မိသားစုရဲ့ ဘိုးဘေးတစ်ယောက်က အပြင်းအထန်ဒဏ်ရာရနေတဲ့ မြင့်မြတ်သားရဲဖြစ်တဲ့ ကျောက်စိမ်းချီလင်ကို ကယ်တင်ပေးခဲ့တာတဲ့။ ဒီကျေးဇူးကို ပြန်ပေးဆပ်တဲ့အနေနဲ့ မြင့်မြတ်သားရဲက ချောင်မိသားစုထဲမှာ သိစိတ်အမျှင်တန်းတစ်ခုကို ချန်ထားပေးခဲ့တယ်တဲ့။ နှစ်ထောင်ချီအောင် ပြောင်းလဲလာပြီးတဲ့နောက်မှာ ဒီသိစိတ်အမျှင်တန်းလေးက၇ြဒုတိယမြောက် မြင့်မြတ်သားရဲပေါက်လေး ဖြစ်လာတော့တယ်တဲ့။
ချောင်မိသားစုကလဲ ဒဏ္ဍာရီလာသားရဲ ရှိနေတဲ့အတွက် နှစ်ထောင်ချီအောင် ကြွယ်ဝချမ်းသာလာခဲ့ကြတယ်။
စူးလီက ထောင့်တစ်နေရာမှာရှိတဲ့ တပည့်ရဲ့စကားကို ကြားလိုက်ပြီး သိချင်စိတ် ဖြစ်လာတော့တယ်။
[ဒီမြင့်မြတ်သားရဲ ချောင်ယန့်စယ်ကို ဘာဖြစ်လို့များ မိသားစုရဲ့ ဆက်ခံသူအဖြစ် ရွေးချယ်တာလဲ ကြည့်လိုက်အုံးမယ်]
[အဟမ်း___ တကယ်တော့ ဒီချောင်ယန့်စယ်က မြင့်မြတ်သားရဲအတုကို မြှူဆွယ်ထားတာပဲ]
[ဘယ်လို၊ သူက မနေ့ညက မြင့်မြတ်သားရဲဆီမှာ သူ့ကိုယ်သူ စွန့်လွှတ်ခဲ့တာတဲ့]
ျ [အလို... ဒါက မြင့်မြတ်သားရဲတစ်ကောင်ပဲ ချောင်ယန့်စယ်က ဒီလောက်ကြီးမားတဲ့ သားရဲတစ်ကောင်ကို တကယ်ပဲ ဘယ်လိုများ ထိန်းချုပ်နိုင်ခဲ့တာလဲ]
...