အခန်း ၃၅
Vol. 3 Ch. 35
အပိုင်း(၃၅)
ဟုတ်တာပေါ့။ ဆွန်းရွှီကလဲ အပြင်လောက ကအသံကို ကြားလိုက်တယ်။ သူက ရော့ချင်းရဲ့ အားနည်းပြီးကူကယ်ရမဲ့တဲ့ ရုပ်အသွင်လေးကို စဥ်းစားမိလိုက်တော့ သူရဲ့မျက်လုံးထဲမှာ ရင်နာမှုအပြည့် ဖြစ်သွားပြန်တယ်။
“ရော့ချင်းရဲ့ မိသားစုနောက်ခံက မကောင်းဘူးလေ။ သူ့ကို နေ့စဥ်လုပ်ငန်းဆောင်တာအတွက် ဖိအားပေးခိုင်းစေနေတဲ့လူတွေမှ အများကြီး၊ သူ့အတွက်ခုခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”
[ဖိအားပေးခံရတယ်ဆိုတာ ဘာကိုပြောချင်တာလဲ ဒါကနှစ်ဦးနှစ်ဖက် ချစ်ခင်မှုအပြည့်ဆိုတာ ရှင်းနေတာပဲ အလိုတူအလိုပါ ကိုယ့်ဟာကိုသတိနဲ့ လုပ်ရှားနေကိုများ]
ရော့ချင်းအတွက် ဆွန်းရွှီရဲ့ဆင်ခြေပေးတဲ့စကားလုံးတွေက ရုတ်တရက်ရပ်တန့်သွားတော့တယ်။
ဒါပေမဲ့လဲ သူက ရော့ချင်းနဲ့ ချစ်ခဲ့ဖူးတဲ့အချိန်ကို စဥ်းစားမိလိုက်တိုင်း သူမက သူ့အပေါ် ဘယ်လောက်ကောင်းခဲ့လဲဆိုတာကို စဥ်းစားမိလိုက်တိုင်း အဲ့ဒီဝိညာဥ်စွမ်းအင် ဆန်ပြုတ်ပန်းကန်လေးကို စဥ်းစားမိလိုက်တိုင်း သူ့မှာ သူမကို လုံးဝအပြစ်မတင်နိုင်ရှာဘူး။
“ရော့ချင်းက တခြားတစ်ယောက်နဲ့ ရှိနေတယ်ဆိုတော့ကော ဘာဖြစ်လဲ”
ဆွန်းရွှီက လက်တစ်ဖက်နဲ့သူ့ရင်ဘတ်ကို အုပ်ထားလိုက်ပြီး သူ့မျက်လုံးထဲမှာလဲ နူးညံ့သိမ်မွေ့မှုအပြည့် ဖြစ်နေတယ်။
“သူရင်ထဲမှာတော့ ငါက အရေးအကြီးဆုံးသူဆိုတာ သိပြီးသား”
မိသားစုခေါင်းဆောင်ဆွန်း: “….”
ဒီကလေးကတော့ မျှော်လင့်ချက် မရှိတော့ပါဘူး။
စူးလီက ဆွန်းရွှီရဲ့စကားကို ကြားလိုက်တဲ့အချိန်မှာ ရွှင့်ချန်ဂိုဏ်းကို ရောက်လာပြီးကတည်းက သူ့မတွေ့ ဖူးခဲ့တဲ့ ချစ်သူတွေအာလုံးကို စဥ်းစားမိလိုက်တယ်။ သူမက အခိုက်တန့်နှုတ်ဆိတ်သွားပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်တော့တယ်။
[ကျင့်ကြံရေးလောကထဲက အချစ်ရူးနေတဲ့သူတွေကို သတ်ပစ်ရတာ အခက်ခဲဆုံးပဲ]
ဒါပေမဲ့လဲ ပိုင်ကျစ်ယွင်ထုတ်ထားတဲ့ စိတ်နှလုံးသန့်စင်ဆေး (ချင်းရှင်းကွာယွိ)ကို စဥ်းစားမိလိုက်တိုင်း ဆွန်းရွှီကို ကြည့်မိတဲ့ သူမရဲ့အကြည့်တွေထဲမှာ အရင်တုန်းကရှိခဲ့တဲ့ အထင်သေးတဲ့ဟန်တွေ မပါတော့ဘူး။ သူမက စိတ်ထဲကနေ ပြောလိုက်တော့တယ်။
[စိတ်နှလုံးသန့်စင်ခြင်းဆေးလုံးက ကျင့်ကြံရေးလောကအတွက် အကျိုးရှိစေတဲ့ ပစ္စည်းကောင်းတစ်ခုအမှန်ပဲ ]
ဆွန်းရွှီက စိတ်နောက်နေတယ်လို့ စိတ်ထဲမှာနှမြောတသ ဖြစ်နေကြတဲ့ လူအုပ်တွေ: !!!
ဒါကအပြင်လောကက လာတဲ့အသံပဲ။ ကောင်းကင်တာအိုနဲ့ အင်မတန်မှရင်းနှီးမှု ရှိနေတဲ့အပြင်လောက က အသံပဲ။
သူ ပြောလိုက်တဲ့စကားထဲမှာ ဘယ်တော့မှအမှားတစ်ခုမှ မပါလေဘူး။ ဒါပေမဲ့ အခုတော့ သူမကစိတ်နှလုံးသန့်စင်ဆေးလုံးကို ဒီလောက်တောင် ချီးမွမ်းနေတာတဲ့လား။
ဒါက ဘာကို သက်သေပြနေတာလဲ။ စိတ်နှလုံးသန့်စင်ခြင်းဆေးလုံးက သူတို့ထင်ထားတာထက် အဆပေါင်းများစွာ ပိုကောင်းတယ်ဆိုတဲ့ သက်သေပဲပေါ့။
ဒီအချိန်မှာပဲ ဆွန်းမိသားစုခေါင်းဆောင်က သူရဲ့ဆန်ကုန်မြေလေး သားဖြစ်တဲ့ ဆွန်းရွှီကို လုံးဝ မေ့သွားတော့တယ်။ သူ့စိတ်ထဲမှာ စိတ်နှလုံးသန့်စင်ခြင်း ဆေးလုံးက လွဲရင် ဘာမှမရှိလေတော့ဘူး။
ဂိုဏ်းချုပ်ကြီးလုက သူ့ကို စိတ်နှလုံးသန့်စင်ခြင်းဆေး လက်ဆောင်ပေးမယ်လို့ တိတ်တိတ်လေး ပြောထားပေမဲ့လဲ အပြင်လောက ကလာတဲ့အသံကို ကြားလိုက်ပြီးနောက်မှာ သူ့စိတ်ထဲ တခြားအတွေးတွေ မတွေးနိုင်အောင် ဖြစ်သွားတော့တယ်။
စိတ်နှလုံးသန့်စင်ဆေးက အရမ်းကိုမှအဖိုးတန်တယ်။ ရှားပါးလိုက်တာမှ ရွှင့်ချန်ဂိုဏ်းက ဆယ်လုံးပဲ ရှိတယ်လို့ ကြော်ငြာထားတာကိုလဲ သိနေတယ်။
ဒါပေမဲ့ သူတို့ရဲ့ ဆွန်းမိသားစုက ရွှင့်ချန်ဂိုဏ်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိပြီး သူကလည်း ဂိုဏ်းချုပ်ကြီးလုနဲ့ ကောင်းမွန်တဲ့ပုဂ္ဂိုလ်ရေးအရ ဆက်ဆံမှုတစ်ခုရှိတယ်။ သူသာ မျက်နှာပြောင်နဲ့ ဂိုဏ်းချုပ်ကြီးလုကို တိတ်တိတ်လေး တောင်းခဲ့မယ်ဆိုရင်ရော။
ဒါကအပြင်လောက ကလာတဲ့အသံက အရမ်းကိုချီးမွမ်းခန်းဖွင့်နေတဲ့ စိတ်နှလုံးသန့်စင်ဆေးလုံးလေ။ တကယ်လို့များ ဂိုဏ်းချုပ်ကြီးလုမှာ နောက်ထပ်တစ်ခု ရှိနေသေးတယ်ဆိုရင်ကော။
ခန်းမထဲက လူအားလုံးက လုကျင်းဟွိုင်ရဲ့ကတိစကားကို လက်ခံရရှိထားခဲ့တာကိုတော့ သူ မသိလေဘူး။
ဒီအချိန်မှာတော့ သူတို့ရဲ့အတွေးတွေက ဆွန်းမိသားစုခေါင်းဆောင်နဲ့ တိုက်ဆိုင်နေကြတော့တယ်။ သူတို့အားလုံးက လုကျင်းဟွိုင်နဲ့ ရင်းနှီးဖို့ရာ သူတို့ရဲ့သိက္ခာတွေကိုတောင် စွန့်စားချင်စိတ်တွေ ရှိလာကြတယ်။ မိသားစုအတွက် စိတ်ဝိညာဥ်သန့်စင်ဆေး နောက်ထပ်တစ်လုံးလောက်များ ရလိုရငြားပေါ့။
စိတ်နှလုံးသန့်စင်ဆေးကိုသာ ရမယ်ဆိုရင်တော့ သိက္ခာကျရလဲ ဘာအရေးလဲ။
နောက်ဆုံး ဆက်ခံခြင်းအခမ်းအနား စတင်တဲ့အချိန်မှာ ခန်းမထဲက လူအားလုံးက ကျက်သရေရှိပြီး ခမ်းနားလှတဲ့ အဝတ်အစားကို ဝတ်ဆင်ထားတဲ့ စင်ပေါ်က ပိုင်ကျစ်ယွင်ကို ပြင်းပြတဲ့မျက်လုံးတွေနဲ့ ကြည့်နေကြတော့တယ်။
ပိုင်ကျစ်ယွင်က စင်အောက်ကလူတွေရဲ့ အကြည့်ကိုခံစားမိလိုက်ပြီး သူမရဲ့စိတ်ထဲမှာ ပျာယာခတ်သွားတဲ့ ခံစားချက်တစ်ခုကထိန်းမရဘဲ တိုးထွက်လာတော့တယ်။
သူမက ပျင်းပျင်းရိရိနဲ့ မုန့်လေးတစ်တုံးကို ကိုက်စားနေတဲ့ စူးလီ ရှိရာထောင့်လေးကို လှမ်းကြည့်လိုက်တယ်။ သူမရဲ့အကြည့်ကို ခံစားမိလိုက်တော့ စူးလီက ခေါင်းထောင်လာပြီး သူမကို ပြုံးပြတယ်။ သူမရဲ့မျက်လုံးထဲက အမူအရာက သူမ ပထမဆုံးတွေ့တုန်းကအတိုင်း အရမ်းကို ကြည်လင်နေပြီး ဘာအမှုန်အမွှားကိုမှ မတွေရဘူး။
သူမရဲ့နှလုံးသားက ရုတ်ခြည်းဆိုသလို တည်ငြိမ်သွားပြီး မျက်လုံးတွေကလဲ တဖြည်းဖြည်း ပြတ်သားလာခဲ့တယ်။
ဧည့်အကြီးအကဲ ဆက်ခံခြင်း အခမ်းအနားက ရှုပ်ထွေးမှုမရှိလေဘူး။ ရှည်လျားပြီး ငြိမ့်ညောင်းလှတဲ့ ဆုတောင်းသံအပြီးမှာ ဝိညာဥ်စွမ်းအင် အလင်းတန်းတစ်ခု ပိုင်ကျစ်ယွင်ဘေးမှာ အကြိမ်များစွာ စက်ဝိုင်းပုံစံ လှည့်ပတ်နေပြီးတော့ နောက်ဆုံးမှာ သူမရဲ့ သွေးတစ်စက်က သူမရဲ့သီးသန့် သက်တမ်းမော်ကွန်းတိုင်ပေါ်ကို ကျသွားတော့တယ်။ များပြားလှတဲ့ ဝိညာဥ်စွမ်းအင်တစ်ခုက ရုတ်တရက်ဆိုသလို သက်တမ်း မှော်ကွန်းတိုင်ဆီကနေ ဖြာထွက်လာပြီး ခန်းမတစ်ခုလုံးကို ဝန်းရံထားလိုက်ပြီးနောက်မှာတော့ သက်တမ်းမော်ကွန်းတိုင်ထဲကို ပြန်ဝင်သွားခဲ့တယ်။ ဒီအချိန်မှာပဲ အခမ်းအနားက ပြီးဆုံးသွားခဲ့တယ်။
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ခန်းမက လူအုပ်ကြီးဆီက ဂုဏ်ပြုသံ ချီးမွမ်းသံတို့နဲ့အတူ ရုတ်တရက် အသက်ဝင်လာတော့တယ်။
ဒါပေမဲ့လဲ အစည်းကားဆုံးနေရာမှာတောင်မှ အပြင်လောကရဲ့အသံက အထူးတလည် ကြည်လင်ပြီး ထင်ရှားလို့နေတယ်။
[ရွှင့်ချန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးက ဒီတစ်ခါတော့ တော်တော်လေး အားကိုးအားထားရှိမယ်လို့ ထင်တောင်မထားခဲ့ဘူး]
စူးလီက ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက ကောင်းကင်စာအုပ်ကို ပျင်းပျင်းရှိ လှန်လှောလိုက်ရင်း လုကျင်းဟွိုင်ရဲ့ ဝါသနာကို ဖတ်မိသွားတဲ့အကြောင်း စဥ်းစားမိလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ပြောလိုက်တော့တယ်။
[သူက တခြားဘယ်သူ့ကိုမှ မပြောဘဲနဲ့ ညတိုင်းမှောင်ကြီးမဲကြီးထဲမှာ ရွှင့်ချန်ဂိုဏ်းရဲ့ဘိုးဘွားကျောက်တိုင်ကို သွားလိမ့်မယ်လို့ တကယ်မထင်ရဘူး]
[သူတို့တွေက နှစ်သုံးရာကျော်လောက်တောင်မှ နမ်းရှုံ့ခံလာရတာတဲ့။ လုကျင်းဟွိုင်က ရွှင့်ချန်ဂိုဏ်းကို တကယ့်ကို ချစ်မြတ်နိုးတာတဲ့...]
“အဟွတ် အဟွတ်__”
ဘေးကမဟာအကြီးအကဲက မနေနိုင်ပဲ ချောင်းဟန့်လိုက်တော့တယ်။
သူနဲ့ဂိုဏ်းချုပ်ကြီးတို့က သိလာကြတာ နှစ်ရာချီရှိနေပြီလေ။ ဒါပေမဲ့ သူ့မှာ ဒီလိုဝါသနာမျိုး ရှိနေလိမ့်မယ်လို့ လုံးဝမစဥ်းစားမိခဲ့ဘူး။
ဂိုဏ်းအပေါ် ဂိုဏ်းချုပ်ကြီးရဲ့ ချစ်ခြင်းမေတ္တာက အရမ်းကိုမှထူးဆန်းတာပဲ။ ထင်တောင်မထင်ထားဘူး။
ကောင်းကင်ကလာတဲ့အသံကို မကြားနိုင်တဲ့ ပိုင်ကျစ်ယွင်ကတော့ ငေးကြောင်ကြောင်လေးနဲ့ အကြီးအကဲကို ကြည့်လိုက်ပြီးနောက် ခံ့ညားထည်ဝါတဲ့ အကြည့်တစ်ခုနဲ့ လုကျင်းဟွိုင်ကို ကြည့်လိုက်တယ်။
သူမကပဲ အမြင်မှားနေတာလားတော့ မသိဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်ကြီးရဲ့အမူအရာက နည်းနည်း ထူးဆန်းနေတယ်လို့ ဘာလို့ခံစားမိနေတာလဲ။
စူးလီကလဲ အကြီးအကဲရဲ့ချောင်းဟန့်သံကြောင့် ဆွဲဆောင်ခံလိုက်ရတဲ့သူမက အကြီးအကဲရဲ့ ချောင်းဟန့်သံ အရည်အတွက်ကို ပြန်စဥ်းစားမိလိုက်ပြီး တွေးတွေးဆဆနဲ့ ပြောလိုက်တော့တယ်။
[မဟုတ်မှလွဲရော မဟာအကြီးအကဲက သူ့သားကိုယ်တိုင် လုပ်ထားတဲ့ ဝိညာဥ်စွမ်းအင် အစားအသောက်ကြောင့် အဆိပ်မိပြန်ပြီလား]
[မဟာအကြီးအကဲက သူ့ကိုယ်သူ အရမ်းရက်စက်တာပဲ။ သူက ငါးကြိမ် ခြောက်ကြိမ်လောက်တောင် အဆိပ်မိပြီး သတိလစ်သွားခဲ့ပြီးပြီ၊ ဒါပေမဲ့လဲ သူ့မှတ်ဉာဏ်က ဘာဖြစ်လို့ မတိုးတက်လာတာလဲ၊ ကြည့်ရတာ ဒါက နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နေမလား]
“အဟိ အဟိ” ထျန်းယွင်မြို့သခင်က မနေနိုင်တော့ဘဲ အသံထွက်ရယ်မိတော့တယ်။
မဟာအကြီးအကဲက ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်က အစွမ်းရှိပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဒါပေမဲ့ သူက သူ့သားအရင်း လုပ်ထားတဲ့ ဝိညာဥ်စွမ်းအင် အစားအသောက်ကြောင့် တကယ်ပဲအဆိပ်မိခဲ့သလား။ အဆင့်မြင့်အဆိပ်ဆေးလုံးတွေတောင်မှ ဒီလိုအကျိုးသက်ရောက်မှု ရှိနိုင်မှာမဟုတ်လောက်ဘူး။
ဒါက လူတွေကို ရယ်မောအောင်လုပ်နိုင်တာ ယုံတောင်မယုံနိုင်ဘူး။
[ထူးထူးဆန်းဆန်း အဝတ်အစားတွေဝတ်ထားတဲ့ ဒီလူက ဘာဖြစ်လို့ အဲ့လောက်တောင်များ ဝမ်းသာအားရနဲ့ပြုံးနေတာလဲ]
ထျန်းယွင်မြို့သခင်ရဲ့ မျက်နှာပေါ်ကအပြုံးက ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားတော့တယ်။ အပြင်လောကက လာတဲ့အသံက ပေါ်မလာတာအရမ်းကို ကြာနေပြီမလို့ သူမက လူတွေကို ရှာဖွေတဲ့နည်းလမ်းကိုတောင် မေ့နေပြီလေ။ သူ့မှာ နောင်တရသွားတော့တယ်။ ဘယ်လိုဖြစ်ပြီး အဲ့လောက်နမော်နမဲ့နဲ့ အော်ရယ်မိတာလဲ။
[ဘာတွေအဲ့လောက် လေးနက်သွားပြန်တာတဲ့လဲ၊ ရှင်ကလဲ အရမ်းကိုစိတ်အပြောင်းအလဲ မြန်တာပဲ]
စူးလီက ထျန်းယွင်မြို့သခင်ရဲ့ အမူအရာပြောင်းသွားတာကို ကြည့်လိုက်ပြီး ကောင်းကင်စာအုပ်ကို နောက်ထပ် လှန်လှောလိုက်တော့တယ်။ ဘာတွေ့သွားလဲမသိပေမဲ့ သူမရဲ့အသံက အများကြီးပိုပြီးတက်ကြွလာပြန်တယ်။
[အယ် ဒီထျန်းယွင်မြို့သခင်က တကယ်တော့ ဆန့်ကျင်ဘက်လိင်ရဲ့ အဝတ်အစား ဝတ်တတ်တဲ့ဝါသနာ ရှိတဲ့သူပဲ]
[ကျွတ်ကျွတ်ကျွတ် သူမက သူမရဲ့ အလှအပနဲ့ ကောင်လေးတွေအများကြီးကို ပိုင်ဆိုင်ထားတာပဲ]
ခန်းမထဲက လူတိုင်းရဲ့ အမူအရာက ရှုပ်ထွေးသွားပြီး အနည်းငယ် ထူးဆန်းသွားတော့တယ်။ သူတို့တွေက အော်ရယ်ချင်ကြပေမဲ့လဲ မရယ်နိုင်အောင် ခက်ခက်ခဲခဲ ထိန်းချုပ်ထားရတော့တယ်။
စူးလီက တစ်ဖန်ခေါင်းကို ပြန်မော့လိုက်တဲ့အခါ ခန်းမတစ်ခုလုံးက အရမ်းကိုတိတ်ဆိတ်နေပြီး အပ်ကျသံကိုတောင် ကြားနိုင်တယ်။ အားလုံးကတိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေကြတဲ့ပုံဖြစ်နေပြီး သူတို့ရဲ့မျက်နှာပေါ်မှာလဲ ဘာအမူအရာမှမရှိဘဲ မားမားမတ်မတ် ထိုင်နေကြတော့တယ်။
စူးလီက ဇဝေဇဝါနဲ့ မျက်တောင်အနည်းငယ် ခတ်လိုက်မိတယ်။
[ရှင်တို့တွေအားလုံးက ဘာဖြစ်လို့အဲ့လောက်အတည်ပေါက်ကြီး ဖြစ်နေကြတာလဲ]
သူမကသူတို့တွေရဲ့ တစ်ပုံစံထဲဖြစ်နေတဲ့ အမူအရာကိုကြည့်လိုက်ပြီး သူမရဲ့မျက်နှာကို ကွယ်ထားတဲ့ပဝါစကို ချထားမိသလို ခံစားလိုက်ရတော့တယ်။
သူမက ပျင်းပျင်းရိရိနဲ့ သမ်းဝေလိုက်ပြီး သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ပိတ်လိုက်တယ်။ ဖရဲသီးလဲ စားလို့ပြီးသလောက် ရှိနေပြီဆိုတော့ စိတ်အေးအေးချမ်းချမ်းနဲ့ အစားအသောက်လေးစားဖို့ အချိန်ကျပြီပေါ့။ ပိုင်ကျစ်ယွင်ရဲ့ ဆက်ခံခြင်းအခမ်းအနား ပြီးသွားတဲ့နောက်မှာ ခန်းမထဲကိုရောက်နေကြတဲ့ မိသားစုခေါင်းဆောင်နဲ့ မြို့သခင်တွေက တန်းစီပြီး အစီအစဥ်တကျ အမူအရာတွေနဲ့ ခန်းမထဲကလျှောက်ပြီးထွက်သွားကြတယ်။
ဆွန်းမိသားစုရဲ့ အကြီးအကဲခေါင်းဆောင်က ဆွန်းမိသားစုကို ပြန်ဖို့အတွက် လှေပျံပေါ်ကို ရောက်နေတယ်။ ရောက်တော့မယ်လို့ ခန့်မှန်းမိတဲ့အချိန်မှ ဆွန်းမိသားစုဝင်တွေကို ပြောလိုက်တယ်။
“ဆွန်းရွှီကို စောင့်ကြည့်ထားကြ၊ သူ့ကို လျှောက်သွားခိုင်းမနေနဲ့”
သူက စကားပြောလိုက်ပြီးတဲ့နောက်မှာ သူတို့ရဲ့အဖြေကိုစောင့်မနေဘဲ အင်္ကျီလက်ကို ခါလိုက်ရင်း ဆက်ပြောလိုက်တယ်။
“ငါ့မှာလုပ်စရာ အရေးကြီးကိစ္စလေးတွေရှိသေးတယ်။ မင်းတို့တွေ အရင်ဆုံး ဆွန်းမိသားစုကိုပြန်သွားကြ”
ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာ သူက ဖျတ်ခနဲထွက်သွားပြီး ရွှင့်ချန်ဂိုဏ်းဆီကို ပြန်လှည့်သွားတော့တယ်။ ရွှင့်ချန်ဂိုဏ်းရဲ့ ပင်မတောင်ထွတ်မှာ လုကျင်းဟွိုင်က ဆွန်းမိသားစုခေါင်းဆောင်ကို တွေ့လိုက်ရတဲ့အခါ သူ့မျက်နှာပေါ်မှာ အံ့သြရိပ်တစ်ခု ပေါ်လာတော့တယ်။
“ဆွန်းမိသားစုခေါင်းဆောင်က ဘာဖြစ်လို့ပြန်လာတာလဲ၊ တစ်ခုခုမေ့ခဲ့လို့လား”
ဆွန်းမိသားစုခေါင်းဆောင်က ေမြကြီးပေါ်ကို ဆင်းလာပြီးတဲ့နောက်မှာ သူ့စကားကိုကြားလိုက်ပြီး ရှက်ရှက်နဲ့ ချောင်းနှစ်ချက်လောက်ဟန့်လိုက်တယ်။
“ကျုပ်က ဂိုဏ်းချုပ်ကြီးလုနဲ့ မိတ်ဆွေလာဖွဲ့တာပါ၊ ပုံမှန်ဆိုရင် မိသားစုကိစ္စနဲ့ အလုပ်များနေတက်တာလေ။ အခုမှအချိန်ရလို့ ခင်ဗျားကိုမဖြစ်မနေ အနှောင့်အယှက်ပေးပြီး စကားပြောချင်တယ်”
လုကျင်းဟွိုင်က ပြုံးလိုက်ပြီး ဆွန်းမိသားစုခေါင်းဆောင်ကို ခန်းမထဲခေါ်လာခဲ့တယ်။
“ကျုပ်ကလဲ ဆွန်းမိသားစု ခေါင်းဆောင်နဲ့ စကားကောင်းကောင်းလေး ပြောချင်နေတာကြာပါပြီ”
ခြေနှစ်လှမ်းလောက် လှမ်းလိုက်ပြီးတဲ့နောက်မှာ ဆွန်းမိသားစုခေါင်းဆောင်က လည်ချောင်း ရှင်းလိုက်ပြီး ဘာအရိပ်အယောင်မှမချန်ဘဲ စိတ်နှလုံးသန့်စင်ခြင်းဆေးလုံးအကြောင်းကို စကားစလိုက်တော့တယ်။
“ရွှင့်ချန်ဂိုဏ်းက အကြီးအကဲပိုင်လို အရည်အချင်းရှိတဲ့သူတွေနဲ့ဆိုရင် နှစ်တစ်ထောင်အထိ ပေါများကြွယ်ဝမှုကို ထိန်းထားနိုင်မှာသေချာတယ်”
သူ့ကိုအချိန်တော်တော်ကြာအောင် ချီးမွမ်းပြောဆိုနေပြီးတဲ့နောက်မှာ သူက ပြုံးနေသေးတဲ့ လုကျင်းဟွိုင်ကို ကြည့်လိုက်ပြီး မနေနိုင်ဘဲပြောလိုက်တော့တယ်။
“ကျုပ်က မသိလို့ပါ၊ အကြီးအကဲပိုင်လုပ်ထားတဲ့ စိတ်နှလုံးသန့်စင်ခြင်းဆေးလုံးက ရှိသေးသလား”
ဒီအချိန်မှာတော့ သူက ဝမ်းနည်းနေတဲ့ အမူအရာတစ်ခုကို မနေနိုင်ဘဲ ပြသထားလိုက်တယ်။
“ဂိုဏ်းချုပ်ကြီးရယ် ခင်ဗျားလဲသိပါတယ်။ ဆွန်းမိသားစုမှာက အိမ်ထောင်ခွဲအများကြီးနဲ့ မျိုးဆက်သစ်တွေလဲ အများကြီးရှိနေတယ်။ စိတ်ဝိညာဥ်သန့်စင်ခြင်း ဆေးလုံးတစ်လုံးထဲက တကယ့်ကို မလုံလောက်ဘူးဗျ”သူကခေါင်းခါလိုက်ပြီး ကူကယ်ရာမဲ့သလိုပြောလိုက်တော့တယ်။
“ဂိုဏ်းချုပ်ကြီးရယ် စိတ်နှလုံးသန့်စင်ခြင်းဆေးလုံးက အရမ်းကိုရှားပါးတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့လဲ ကျုပ်မှာ တကယ်ကိုမတတ်သာလို့ နောက်ထပ်တစ်လုံးလောက် အရှက်မဲ့မဲ့နဲ့ပဲ တောင်းဆိုရပါတော့မယ်”
လုကျင်းဟွိုင်က ကူကယ်ရာမဲ့သလို သက်ပြင်းချလိုက်တယ်။
“အေးဗျာ တခြားတစ်ယောက်သာ ဆိုရင်တော့ ကျုပ်ကအဲ့လောက် စိုးရိမ်မိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားနဲ့ ကျုပ်ကလဲ ဒီလောက်ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု ရှိနေတာပဲ”
သူ့စကားဆုံးသွားပြီးတဲ့ နောက်မှာသူကဆုံးဖြတ်ချက် ချသွားပြီးတဲ့ပုံစံနဲ့ နာကျင်တဲ့နှလုံးသားတစ်ခု ပိုင်ဆိုင်ထားရသလို ပြောလိုက်တော့တယ်။
“ဒါပေမဲ့ ဆွန်းခေါင်းဆောင်ကြီးရယ် အရင်ဆုံးမိတ်ဆွေ မြန်မြန်ဖွဲ့ရအောင်ပါ။ ကျုပ်က ခင်ဗျားကို အမှန်အတိုင်း ပြောရလိမ့်မယ်။ ကျုပ်လက်ထဲမှာ စိတ်နှလုံးသန့်စင်ဆေး ခုနှစ်လုံးရှိတယ်ဗျ”
“ကျုပ်မှာလဲ တပည့်တွေက ရှိသေးတော့ ကျုပ်က ခင်ဗျားကို သုံးလုံးပဲ ပေးနိုင်မယ်”
နဂိုက ဆွန်းရွှီအတွက် ဆေးလုံးတစ်လုံးသာ လိုချင်ခဲ့ပေမဲ့ မျှော်လင့်မထားပဲ လုကျင်းဟွိုင်က အရမ်းကိုရက်ရောနေခဲ့တယ်။
သူ့မျက်လုံးတွေထဲမှာ ကျေးဇူးတင်ရိပ်အပြည့် ဖြစ်သွားတော့တယ်။ ဒီအချိန်မှာပဲ လုကျင်းဟွိုင်ကို သူရဲ့မိတ်ဆွေအရင်းတစ်ယောက်လို သဘောထားလိုက်တော့တယ်။
“ဂိုဏ်းချုပ်ကြီး နောက်ပိုင်း ခင်ဗျားမှာ ဘာကိစ္စပဲရှိလာလာ ကျုပ်ကဘယ်တော့မှ ငြင်းဆိုမှာမဟုတ်ပါဘူး”
သူကဆေးလုံး သုံးလုံးကို လက်ခံလိုက်ပြီး ချက်ချင်းနီးပါးမှာပဲ ရင်းနှီးလာတဲ့ဝိညာဥ်စွမ်းအင် လှုပ်ရှားမှုတစ်ခုက ကောင်းကင်မှာ ဖြစ်သွားခဲ့တယ်။
လုကျင်းဟွိုင်က လေထဲကိုမော့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တော့တယ်။
“ကြည့်ရတာ ဒီနေ့ ကျုပ်က အစ်ကိုဆွန်းနဲ့ ပျော်ပျော်ပါးပါးသောက်ပြီး စကားပြောနိုင်တော့မှာ မဟုတ်ဘူး”
သူကစကားပြောလိုက်ပြီး လေးနက်တဲ့အမူအရာနဲ့ မျိုးနွယ်စုခေါင်းဆောင်ဆွန်းကို ကြည့်ပြီးပြောလိုက်တော့တယ်။
“အစ်ကိုဆွန်းက ဒီနေ့ဖြစ်သွားတဲ့ကိစ္စကို လျှို့ဝှက်ချက်တစ်ခုလို စောင့်ထိန်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်ဗျာ”
သူက မတတ်သာတဲ့ အပြုံးပြုံးလိုက်ပြီး ပြောလိုက်သေးတယ်။
“မဟုတ်ရင်တော့ ကျုပ်က တခြားမိသားစုတွေကို ဘယ်လိုရှင်းပြရမယ်မှန်း တကယ်သိမှာ မဟုတ်တော့ဘူး”
ဆွန်းမိသားစုခေါင်းဆောင်က အလွန်မှကျေးဇူးတင်ရတဲ့အတွက် ငိုမိမတတ်ကို ဖြစ်သွားတော့တယ်။ အားတက်သရောနဲ့ သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး အာမခံလိုက်တယ်။
“ဂိုဏ်းချုပ်ကြီးလု မစိုးရိမ်ပါနဲ့”
မျိုးနွယ်စုခေါင်းဆောင်ဆွန်း ထွက်သွားပြီးနောက်မှာ လုကျင်းဟွိုင်က အလောတကြီးရောက်ချလာတဲ့ ထျန်းယွင်မြို့သခင်ကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှာ အံ့သြရိပ်တစ်ခုဖြစ်သွားတော့တယ်။
“မြို့သခင်ဖုန်းက ဘာလို့ပြန်လာတာလဲ တစ်ခုခုများမေ့ခဲ့လို့လား”
အချိန်တော်တော်ကြာပြီးနောက်မှာတော့ လုကျင်းဟွိုင်ရဲ့နောက်က တပည့်ကြီးက စိတ်နှလုံးသန့်စင်ခြင်းဆေးလုံး အတွက်ရောက်လာပြီး ပျော်ပျော်ပါးပါး ပြန်သွားတဲ့ ရှစ်ဆယ့်ခုနှစ်ယောက်မြောက်လူကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ မနေနိုင်ဘဲ မေးလိုက်တယ်။
“ဂိုဏ်းချုပ်ကြီး၊ ဆရာကြီးက ဒီနေ့ စိတ်နှလုံးသန့်စင်ဆေး ဘယ်နှလုံးတောင် ပေးလိုက်ပြီးပြီလဲ”
လုကျင်းဟွိုင်က အပြုံးတစ်ခုနဲ့ သူ့မုတ်ဆိတ်ကို သပ်လိုက်ပြီး “လေးရာခုနှစ်ဆယ်ကိုးလုံး”
အကြီးဆုံးတပည့်က တအံ့တသြဖြစ်သွားတော့တယ်။
“ဒါပေမဲ့ ဒီနေ့ဒီကိုရောက်လာတာ တစ်ရာ့သုံးယောက်ပဲ ရှိတယ်လေ”
လုကျင်းဟွိုင်က အဓိပ္ပာယ်ပါပါနဲ့ သူ့ကိုခေါင်းခါပြလိုက်တယ်။ သူ့ကိုရှင်းပြမဲ့အစား သူက သိုလှောင်အိတ်တစ်ခုကို သူ့တပည်ဆီ ပစ်ပေးလိုက်ပြီး ပြောလိုက်တယ်။
“ဒီထဲမှာ စိတ်နှလုံးသန့်စင်ဆေး ငါးရာ့နှစ်ဆယ်လုံးရှိတယ်”
“မင်းက လေလံအိမ်တချို့နဲ့ မှောင်ခိုပစ္စည်းလဲလှယ်တဲ့ဆိုင်တွေကို တိတ်တိတ်လေး ရှာလိုက်။ ပြီးရင် ဒီနှလုံးသန့်စင်ဆေးတွေကို အဲ့ဒီနေရာကို ပို့လိုက်”
“မှတ်ထား၊ ရှားပါးခြင်းက တန်ဖိုးပိုတက်စေတယ်။ ဒီတော့ တစ်နေရာထဲမှာ အများကြီးမထားနဲ့”
ဆွန်းမိသားစုရဲ့လှေပျံရဲ့ ခမ်းနားကြီးကျယ်လှတဲ့အဆောင်ထဲမှာ ဆွန်းမိသားစုခေါင်းဆောင်က မာထန်တဲ့မျက်နှာထားတစ်ခုနဲ့ ဆွန်းရွှီကို စိတ်နှလုံးသန့်စင်ခြင်းဆေးတစ်လုံး ပေးလိုက်တယ်။
သူ့သားက အသုံးမကျတဲ့သူ ဖြစ်နေတာတောင် သူက မိဘတစ်ယောက်ရဲ့ မေတ္တာကို ခံစားမိသေးတာကြောင့် သူ့သားကိုတကယ်ပဲ လက်မလျှော့နိုင်ဘူးလေ။ သူ့ကိုလုံးဝဂရုမစိုက်လို့ မဖြစ်နိုင်ဘူးပေါ့။
“အဖေ ဒါက-”
ဆွန်းရွှီက တအံ့တသြဖြစ်သွားပြီး သူ့မျက်လုံးတွေက အဝိုင်းသားဖြစ်သွားတော့တယ်ေ “စိတ်နှလုံးသန့်စင်ဆေး”
ဆွန်းမိသားစုခေါင်းဆောင်က မျက်နှာပေါ်မှာ အေးတိအေးသက် မျက်နှာထားတစ်ခု ဆောင်ထားလိုက်တယ်။ ဆေးကို တစ်နေရာရာမှာ တိတ်တိတ်လေး ဝှက်မထားစေချင်တာရယ် ရော့ချင်းကို ပေးပြစ်မှာစိုးတာရယ် သူက အံ့ကြိတ်ပြီး ပြောလိုက်တော့တယ်။
“အခုစားလိုက်”
ဆွန်းရွှီက သူ့မျက်နှာပေါ်က အမူအရာကိုကြည့်လိုက်ပြီး ေနာက်ဆုံးတော့ဘာမှမပြောပဲ စိတ်နှလုံးသန့်စင်ဆေးကို ရိုးရိုးသားသားနဲ့ မျိုချလိုက်တော့တယ်။
လှေပျံက ဆင်းသက်လာပြီးတဲ့နောက်မှာ ဆွန်းမိသားစုခေါင်းဆောင်က သူရဲ့ရူးမိုက်လှတဲ့ သားကို ဂရုစိုက်မနေတော့ဘူး။ သူက အေးတိအေးစက် နှာခေါင်းရှုံ့လိုက်ပြီး ဆွန်းမိသားစုရဲ့ ဘိုးဘေးခန်းမဆီကို လျှောက်သွားလိုက်တော့တယ်။
ဆွန်းရွှီက အိမ်ထဲကိုဝင်တော့မဲ့ အချိန်မှာပဲ အားနည်းပေမဲ့လဲ စွဲမက်ဖို့ကောင်းတဲ့အသံက သူ့အနောက်ကနေ ပေါ်လာတော့တယ်။ သူက လှည့်အကြည့်မှာ ဖြူဖွေးနေတဲ့ ရော့ချင်းကို တွေ့လိုက်ရတော့တယ်။
သူမကလေထဲမှာ ရပ်နေပြီး သူမရဲ့မျက်လုံးတွေထဲမှာလဲ မြတ်နိုးမှုအပြည့်နဲ့သူမရဲ့ မျက်နှာကလဲ ဖြူဆုတ်နေပြီး လေထဲမှာယိမ်းနွဲ့နေတဲ့ ပန်းပွင့်ဖြူလေးတစ်ပွင့်လို ဖြစ်နေတော့တယ်။
သူမက ဆွန်းရွှီလှည့်ကြည့်လာတာကို မြင်လိုက်တော့ ခပ်ယဲ့ယဲ့လေးပြောလိုက်တယ်။
“ရွှီလန် နောက်ဆုံးတော့ ပြန်လာပြီပေါ့နော်”
အဲ့ဒီနောက်မှာတော့ သူမဆီ စိုးရိမ်တကြီးနဲ့ အလောတကြီး ရောက်လာသင့်တဲ့ ဆွန်းရွှီက ရုတ်တရက် နောက်ကို တစ်လှမ်းဆုတ်သွားပြီး သူမကို ထူးထူးခြားခြား အေးစက်တဲ့အမူအရာတစ်ခုနဲ့ ကြည့်နေတာကို တွေ့လိုက်ရတော့တယ်။
ရော့ချင်း: ....
ဆွန်းရွှီက သူရဲ့အမူအရာတွေကြောင့် ထိခိုက်သွားလို့ နာကျင်ဟန်ဖြစ်နေတဲ့ ရော့ချင်းကို ကြည့်နေတော့တယ်။ အကြောင်းကြောင်းကြောင့် သူ့ရင်ထဲမှာ သနားရိပ်တစ်ခုကိုတောင် မခံစားမိလေဘူး။ အဲ့ဒီအစား သူက အင်မတန်မှ တည်ငြိမ်လာပြီး ကျင့်ကြံခြင်းလုပ်ဖို့ပဲ စိတ်ထဲမှာ အားသန်နေတော့တယ်။
သူက အမြဲတမ်း လုပ်ချင်တာကို လုပ်ခဲ့တဲ့သူ။ သူက ခေါင်းမော့ပြီး အထင်သေးရွံ့ရှာတဲ့ဟန်နဲ့ ရော့ချင်းကို ကြည့်လိုက်တော့တယ်။
“ငါက လေ့ကျင့်ဖို့လိုသေးတယ်။ မင်းက ငါ့ရဲ့ တူတော်အလိမ္မာလေးကို သွားရှာလိုက်ပေါ့”
ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာ သူက လှည့်မကြည့်ဘဲ အိပ်ခန်းဆီကို ပြန်သွားတော့တယ်။
သုံးနာရီလောက်ကြာပြီးတဲ့နောက်မှာ ဆွန်းရွှီက ကျင့်ကြံခြင်းကနေ အနားယူလိုက်တယ်။ သူက စိတ်အေးသွားတဲ့ ခံစားချက်တစ်ခုနဲ့ မျက်လုံးကို ဖွင့်လိုက်တယ်။ ကျင့်ကြံခြင်းက ဒီလောက် ပျော်စရာကောင်းတဲ့ကိစ္စဖြစ်နေမှန်း အရင်က ဘာဖြစ်လို့မသိခဲ့မိပါလိမ့်။ ဒါက လူတွေ မကြာခဏ ပျော်ပါးရတာထက်တောင် အများကြီးခံစားလို့ ပိုကောင်းသေးတယ်။
သူရဲ့ဝိညာဥ်စွမ်းအားတိုးတက်လာတဲ့ အရှိန်နှုန်းက ခါတိုင်းထက် နှစ်ဆလောက် ထူးထူးခြားခြား ပိုမြန်နေတာကို ခံစားမိလိုက်တယ်။
သူ့ခန္ဓာကိုယ်ထဲမှာ ပြည့်နေတဲ့ ဝိညာဥ်စွမ်းအင်တွေကို ခံစားမိလိုက်ပြီး ရုတ်တရက်ဆိုသလို သူ့လက်တွေက တင်းနေအောင်ဆုတ်မိသွားတော့တယ်။
သူပြောင်းလဲချင်တယ်။
သူ့ဘာသူ ဆယ်နှစ်လောက် သီးခြားကျင့်ကြံမယ်။ မဟုတ်ဘူး။ သူ့ကိုယ်သူ နှစ်နှစ်ဆယ်လောက် တစ်ယောက်တည်း ကျင့်ကြံချင်တယ်။
ကျင့်ကြံခြင်းကမှ သူရဲ့တကယ့်အချစ်စစ်ပဲ။
...