အခန်း ၃၆
Vol. 3 Ch. 36
အပိုင်း (၃၆)
ဥယျာဉ်ထဲက မေပယ်သစ်ပင်အောက်မှာ ကြက်သွေးရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသားကျင့်ကြံသူတစ်ယောက်က ရပ်နေတယ်။ သူ့မှာ ချောမောတဲ့ရုပ်သွင်တစ်ခုပိုင်ဆိုင်ထားပြီး ရမ္မက်ပြည့်လျှံနေတဲ့ မက်မောဖွယ်မျက်လုံးတစ်စုံလည်း ပိုင်ဆိုင်ထားတယ်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ့ကြောင့် အမျိုးသမီးကျင့်ကြံသူ ဘယ်နှစ်ယောက်ရဲ့နှလုံးသားက ဖမ်းစားခံရပြီးပြီးလည်းတောင် မသိဘူး။
သူက ခေါင်းကို အနည်းငယ်စောင်းထားလိုက်ပြီး ချိန်းဆိုထားတဲ့နေရာကို ရောက်လာတဲ့သူကို တွေ့လိုက်တဲ့အခါ သူ့မျက်လုံးထဲမှာ ဝမ်းသာရိပ်တစ်ခု ပေါ်လာတော့တယ်။
စုယွိရှင်က အမျိုးသားကျင့်ကြံသူကို တွေ့လိုက်ပြီးတဲ့နောက်မှာ သူမရဲ့ မြန်ဆန်နေတဲ့ခြေလှမ်းတွေက ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။ သူမက နဉ်ဖုန်းရဲ့ရင်းနှီးပြီးသား မျက်နှာကို ကြည့်လိုက်တယ်။
အကြောင်းတချို့ကြောင့် သူမရဲ့နှလုံးသားက အရင်လို လှုပ်ရှားမနေတော့ပဲနဲ့ အဲဒီအစား ငြိမ်းချမ်းတယ်လို့ ခံစားနေမိတယ်။ သူမက ခေါင်းလောင်းတီးဖို့ ချန်းဖူဂိုဏ်းကို အားတက်သရောနဲ့တောင် သွားလိုက်ချင်တော့တယ်။
သူမက စိတ်ထဲကနေပြီး ကိုယ့်ဟာကို ပြန်ရှာဖွေနေတဲ့မေးခွန်ကို မနေနိုင်ပဲ မေးမိတော့တယ်။ ဒီလောက်အချိန်အခါကောင်းမှာ ဘာဖြစ်လို့ သွားမလေ့ကျင့်ပဲနဲ့ နဉ်ဖုန်းကိုတွေ့ဖို့ ဒီကိုဘာလို့လာခဲ့တာတဲ့လဲ။
နဉ်ဖုန်းက စုယွိရှင်ရဲ့အမူအရာကို တွေ့လိုက်ရတဲ့အခါ သူ့မျက်ခုံးတွေက မသိမသာကျုံ့သွားတော့တယ်။
ဒီကာလအတွင်းမှာ သူက စုယွိရှင်ကို သူမရဲ့နာမည် မေ့သွားလောက်တော့မဲ့အထိ ပြုစားထားခဲ့တာလေ။ သူမက ဒီနေ့ကျမှ သူ့ကိုတွေ့လိုက်တော့ ဘာဖြစ်လို့ ဒီလိုတုံ့ပြန်နေတာလဲ။
ဒီနေ့ သူ့တာဝန်ကို စဉ်းစားလိုက်ပြီးတဲ့နောက်မှာ သူက စိတ်ထဲက သံသယတွေကို ဖိနှိပ်ထားလိုက်ပြီး သူ့နှုတ်ခမ်းထောင့်မှာ နှစ်လိုဖွယ်အပြုံးတစ်ခုကို ဆောင်ထားလိုက်တယ်။ အဲဒီနောက်တော့ စုယွိရှင်ဆီ မြန်မြန်လျှောက်သွားလိုက်တယ်။
“မိန်းကလေးစု နောက်ဆုံးတော့ ရောက်လာပြီပေါ့နော်”
သူက စုယွိရှင်ရဲ့ရှေ့မှာရပ်လိုက်ပြီး သူမရဲ့ပါးလေးကိုကိုင်ဖို့ လက်ကိုဆန့်လိုက်တယ်။
စုယွိရှင်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက သူမရဲ့ အလှရသခံစားမှုကို တဖန်သံသယ ဖြစ်သွားတော့တယ်။ တကယ်ပါပဲ။ ဒီနဉ်ဖုန်းဆိုတဲ့လူက ဘယ်လောက်တောင် အဖိုးထိုက်တန်နေလို့ သူမရဲ့ကျင့်ကြံခြင်း အချိန်တွေကို အလကားဖြစ်အောင် လုပ်လိုက်ရမှာလဲ။
ဒီနေ့တစ်နေ့လုံး သူမက မကျင့်ကြံရသေးဘဲ ဒီအတိုင်း နဉ်ဖုန်းဆီကို လာခဲ့တာကို စဉ်းစားမိလိုက်တော့ သူမက အင်မတန် အနေရခက်သွားသလို ခံစားလိုက်မိပြီး ရုတ်တရက် ခြေနှစ်လှမ်းဆုတ်ကာ ရွံရှာသလို ဖြစ်သွားတော့တယ်။
သူမက နဉ်ဖုန်းကို ကြည့်လိုက်ပြီး ပုံမှန်ဖြစ်ပေမဲ့လည်း အလျင်စလိုလေသံနဲ့ ပြောလိုက်တယ်။
“ကျွန်မ ဒီနေ့အရေးကြီးကိစ္စရှိနေလို့ ရှင့်တစ်ယောက်တည်းပဲ ဈေးထဲ သွားလည်လိုက်တော့”
နဉ်ဖုန်းက သူမရဲ့အသံထဲက ဘာမှဂရုမစိုက်တဲ့လေသံကို ကြားလိုက်ရအခါ ဇဝေဇဝါ ဖြစ်သွားတော့တယ်။ အချင်းချင်း တစ်ရက်လောက် မတွေ့ရတာနဲ့ စုယွိရှင်ရဲ့ သူ့အပေါ်သဘောထားက ဒီလောက်မြန်မြန်ဆန်ဆန် ပြောင်းလဲသွားရတဲ့အကြောင်းအရင်းကို နားမလည်နိုင်ဖြစ်နေတော့တယ်။
“အရေးကြီးကိစ္စ... ဘာဖြစ်လို့လဲ။ ကိုယ့်ကို တွေ့ဖို့ထက် ပိုအရေးကြီးတာ ရှိသေးလို့လား”
စုယွိရှင်က နှစ်ခါတောင်ပြန်မစဉ်းစားပဲ ပြတ်ပြတ်သားသား ပြောလိုက်တော့တယ်။
“လေ့ကျင့်မလို့”
နဉ်ဖုန်းက ရုတ်တရက် နင်သွားတော့တယ်။
သူမရဲ့အကြောင်းပြချက်ကလည်း အရမ်းကိုနမော်နမဲ့ နိုင်လွန်းတယ်မလား။
စုမိသားစုရဲ့တတိယသခင်မလေးက ကျင့်ကြံရေးကို အမုန်းဆုံးဖြစ်ပြီး စားသောက် လည်ပတ် ပျော်ပါးရတာကို သူမရဲ့ဘဝမှာ အကြိုက်ဆုံးဆိုတာ ထျန်းလျိုမြို့က လူတိုင်းသိကြတာပဲ။
သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူ့မျက်နှာပေါ်မှာ ချစ်ခင်မြတ်နိုးဟန် အမူအရာကို ကြိုးစားထိန်းသိမ်းထားလိုက်တယ်။
“ ဒါပေမဲ့ မိန်းကလေးစုက မနေ့က ပြောခဲ့တယ်မလား။ ဒီနေ့ ကျွန်တော့်ကို စုမိသားစုရဲ့ ရှူးဖုန်းအင်းကွက်ကို ပြမယ်လို့ပြောထားတယ်လေ”
သူက မျက်လွှာကို အသာအယာချထားလိုက်ပြီး သူ့အသံထဲမှာလည်း အထီးကျန်နေတဲ့ဟန် အနည်းငယ် စွက်ထားလိုက်တယ်။
“ကျွန်တော်က ဒီဟာကို အချိန်အကြာကြီး စောင့်စားလာရတာ”
စုယွိရှင်က သူ့ရဲ့သတိပေးစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဒီကိစ္စကို ရုတ်တရက် မှတ်မိသွားတော့တယ်။ သူမရဲ့မျက်လုံးထဲမှာလည်း မယုံကြည်နိုင်မှု အပြည့်ဖြစ်သွားတော့တယ်။ သူမက ရူးနေတာလား။ သူမက စုမိသားစုရဲ့ ပင်မအင်းကွက်ကို ပြဖို့ နဉ်ဖုန်းကို ခေါ်သွားမယ်လို့ တကယ်ပဲ သဘောတူခဲ့ မိတာလား။
သူမက နောက်တစ်ခေါက်တောင်မစဉ်းစားဘဲ ငြင်းဆန်လိုက်တယ်။
“စုမိသားစုရဲ့တိုက်ရိုက်ဆက်ခံသူမျိုးဆက်ကလွဲရင် ရှူးဖုန်းအင်းကွက်ကို ဘယ်သူမှကြည့်ခွင့်မရှိဘူး”
နဉ်ဖုန်းက လုံးဝတွန့်ဆုတ်နေခြင်း မရှိတဲ့ သူမမျက်နှာပေါ်က ငြင်းဆန်တဲ့အမူအရာကို ကြည့်လိုက်ပြီး သူ့စိတ်ထဲက ဒေါသကို မျိုသိပ်ထားကာ ရယ်သွမ်းသွေးပြီး ပြောလိုက်တော့တယ်။
“မိန်းကလေးစုနဲ့ ကွန်တော်တို့ကြားက ဆက်ဆံရေးကလည်း သိပ်မကြာခင်.. ကျွန်တော်က အပြင်လူ ဖြစ်တော့မှာ မဟုတ်ပါဘူး”
စုယွိရှင်က အဆုံးမသတ်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေ ပြည့်လျှံနေသယောင်ဖြစ်နေတဲ့ သူရဲ့မက်မွန်ပွင့်ပုံစံ မျက်လုံးကို ကြည့်လိုက်ပြီး သူမစိတ်ထဲက ကျင့်ကြံဖို့စိတ်ကူးဟာလည်း မြက်ခင်းတစ်ခုလုံးကို မီးတောက်သွားသလို မီးပွင့်သွားပြီး ရုတ်ခြည်းဆိုသလို သူမရဲ့နှလုံးသားထဲမှာ မီးတွေ လောင်ကျွမ်းသွားလာတော့တယ်။
ဒီအချိန်မှာတော့ သူမရဲ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတော့တယ်။ လေ့ကျင့်ရမယ်။
သူမက ဒီခံစားချက်ကို ဆက်ပြီး သည်းမခံနိုင်တော့ဘဲ စုမိသားစုရှိရာဘက်သို့ မြန်မြန် ပျံသန်းသွားလိုက်တယ်။
“ကျွန်မ ကျင့်ကြံရေးက ပြန်ထွက်လာတဲ့အချိန်ကျမှ ပြောကြတော့ပေါ့”
“မိန်းကလေးစုက ဘယ်တော့ပြန်ထွက်လာမှာလဲ” နဉ်ဖုန်းက အံကြိတ်ပြီး သူမရဲ့ကျောပြင်ကို ကြည့်ကာမေးလိုက်တယ်။
“ နှစ်တစ်ရာပြီးရင်”
ဆွန်းရွှီနှင့် စုယွိရှင်တို့လို ဖြစ်သွားကြတဲ့ကျင့်ကြံသူတွေလည်း အများကြီးတွေ့ရတယ်။
သူတို့အားလုံးက အထင်ကရမိသားစုရဲ့ တိုက်ရိုက်ဆက်ခံသူတွေ ဖြစ်ကြတယ်။ သူတို့ရဲညံ့ဖျင်းတဲ့ အရည်အချင်း သို့ဒါမှမဟုတ် ပျင်းရိတဲ့အကျင့်စရိုက်ကြောင့် မိသားစုက သူတို့အပေါ် မျှော်လင့်ချက် အများကြီး မထားခဲ့ဘူး။ ဒါကြောင့်လည်း သူတို့ရဲ့နေ့စဉ်အပြုအမူတွေက မကြာခဏဆိုသလို စည်းကျော်နေတတ်ကြတယ်။ မိသားစုတွေကလည်း အကြောင်းအရင်းကို မစုံစမ်းခဲ့ကြဘူး။
ဒါပေမဲ့လည်း တိုက်ရိုက်ဆက်ခံသူမျိုးဆက်အနေနဲ့သူတို့မှာ သီးခြားအိမ်ထောင်စုခွဲတွေ မရနိုင်တဲ့ မိသားစုရဲ့လျှိုဝှက်ချက်တွေနဲ့ ရတနာတွေကို ပိုင်ဆိုင်နိုင်တယ်။ သူတို့ဆီကနေ စပြီးကိုင်တွယ်ရင် မျှော်လင့်မထားတဲ့ဆုလာဘ်တွေကိုလည်း မကြာခဏရရှိတတ်ကြတယ်လေ။
ဒါပေမဲ့ အခုတော့...
ပိန်းပိတ်အောင် မဲမှောင်နေတဲ့အခန်းထဲမှာ ယဲ့ရန်က နေရာအနှံက ရောက်လာတဲ့သတင်းတွေကို နားထောင်လိုက်တယ်။ သူ့မျက်နှာက အလွန်မှ ညိုမည်းသွားပြီး မဲမှောင်နေတဲ့အခန်းနဲ့ ရောနှောသွားတော့တယ်။
ချစ်ခြင်းတရားနှင့် ခံစားချက်တွေကို လက်လျှော့ပြီး ကျင့်ကြံရေးကို လုပ်တော့မဲ့ နောက်ထပ်ဒုတိယမျိုးဆက် လူချမ်းသာတဲ့လား။
သူတို့တွေ ရူးသွားကြတာလား။
ကျင့်ကြံခြင်းက ဘာတွေအဲလောက် ကောင်းနေလို့လဲ။ ခက်ခဲပြီး ပင်ပန်းလိုက်တာကိုများ။
သူတို့တွေအတွက် စီစဉ်ပေးထားတဲ့အချောအလှတွေက လုံလောက်အောင် မချောမောကြလို့များလား။ ဒါမှမဟုတ် သူ ရှာပေးထားတဲ့ပစ္စည်းတွေက အဲလောက်တောင် စိတ်ဝင်စားဖို့ မကောင်းလို့လား။
ယဲ့ရန်က ဒီကာလအတွင်း ဖြစ်ပျက်သွားခဲ့တဲ့ အကြောင်းအရာတွေကို စဉ်းစားလိုက်ပြီး သူရဲ့မဲနက်ပြာလဲ့လဲ့မျက်လုံးထဲမှာ ဒေါသနဲ့ ရှုပ်ထွေးမှုတွေ ပြည့်သွားတော့တယ်။
အစတုန်းကတော့ လူကြီးမင်းရဲ့ အစီအစဉ်ကို လုပ်ပေးနေတာ အရမ်းကို အဆင်ပြေနေသားပဲ။
ရွှင့်ချန်ဂိုဏ်းအတွင်းပိုင်းက ချင်ထျန်းရှန်းရေစင် သက်ရောက်မှု အရှိဆုံးနေရာပဲ။ သူက ဂိုဏ်းထဲမှာရှိတဲ့ လူတွေကိုယ်ပေါ်မှာ ဖြန်းစရာတောင် မလိုဘူး။ ဂိုဏ်းက သူ့အလိုလို ဖရိုဖရဲဖြစ်လာလိမ့်မယ်။ လူကြီးမင်းကလည်း အချစ်ကြောင့် လမ်းလွဲသွားကြတဲ့သူတွေ ပိုင်ဆိုင်ထားတဲ့ကံတရားကို စုပ်ယူနိုင်လိမ့်မယ်။
သူက ရွှင့်ချန်ဂိုဏ်းပတ်ဝန်းကျင်က မြို့တွေထဲမှာလည်း လူအင်အားကို ထည့်ထားပြီး အဓိကမြို့ကြီးတွေမှာ ရှိတဲ့ အထင်ကရမိသားစုတွေကို တဖြည်းဖြည်း ယိုယွင်သွားအောင် လုပ်လာခဲ့တယ်။
ဒီလိုဆက်သွားနေရင် နောက်ထပ်နှစ်ရာချီကြာသွားရင် သူက သူ့ဆန္ဒတွေလည်း ပြည့်သွားပြီး ရွှင့်ချန်ဂိုဏ်းတစ်ခုလုံးကိုလည်း ဖျက်ဆီးနိုင်လိမ့်မယ်။ ရွှင့်ချန်းဂိုဏ်းရဲ့မူလကြွယ်ဝခြင်းတွေလည်း သူ့ဆီကို ကူးပြောင်းလာလိမ့်မယ်။
ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် ရွှင့်ချန်းဂိုဏ်းမှာ တစ်ခုခု ပြောင်းလဲသွားတယ်။
ကံကောင်းခြင်းတွေ စီးဝင်လာတဲ့အရေအတွက်ကလည်း သိသိသာသာ လျော့ကျသွားပြီး အခုတော့ လုံးဝကိုမရှိတော့သလောက်ပဲ။
သူက အကြောင်းအရင်းကို စုံးစမ်းဖို့အချိန် မရလိုက်ခင်မှာပဲ ဒီမြို့ကြီးတွေက စပြီးတော့ ထိန်းချုပ်မှု ကင်းလွတ်လာကြပြီးတဲ့လား။
သူတို့တွေက ချင်ထျန်းရှန်းရေစင်ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်နေပြီး ခံစားချက်တွေကိုလည်း အထူးတလည် အလွယ်တကူ လှုပ်ရှားနေသင့်တာ။ အခုမှ ဘာဖြစ်လို့ ရုတ်တရက်ကြီး နှလုံးသားမဲ့သွားကြတာလဲ။
သူ သတိမထားမိတဲ့ကိစ္စတစ်ခုခုက လွဲချော်သွားတာဖြစ်ရမယ်။
သခင်ကြီးက အခုချိန်မှာ သီးသန့်ကျင့်ကြံနေတာ။ ဒီလအတွင်း ဖြစ်ပျက်သွားခဲ့တာတွေကို သူသာသိရင်တော့ ငါတော့ပွဲသိမ်းပြီ။
သခင်ကြီးရဲ့နည်းလမ်းတွေကို စဉ်းစားလိုက်ပြီးတဲ့နောက်မှာ သူ မနေနိုင်ပဲ ကြက်သီးထသွားတော့တယ်။
သခင်ကြီးထွက်မလာခင် ဒီပြဿနာတွေကို သေချာပေါက်ဖြေရှင်းမှရမယ်။ ယဲ့ရန်က ပထမဦးဆုံးထိန်းချုပ်မှု လွတ်ကင်းသွားတဲ့ ရွှင့်ချန်းဂိုဏ်ကို ပြန်စဉ်းစားလိုက်မိပြီး သူ့မျက်လုံးတွေက အေးစက်လာကာ ပြတ်သားလာတော့တယ်။
လော့ရှူးတောင်ထွတ်-
စူးလီက သလွန်ပေါ်မှာ ပျင်းပျင်းရိရိ လဲလျောင်းနေပြီး အဝေးက ကောင်းကင်ပြာကို ကြည့်ရင် ငြီးငွေ့စွာနဲ့ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်တော့တယ်။
ဒီအချိန်ကာလအတွင်းမှာ ရွှင့်ခန်းဂိုဏ်းမှာ စားလို့ရသမျှ ဖရဲသီးတွေအားလုံးနီးပါးကို စားခဲ့ပြီးပြီ။ ပိုင်ရှို့တောင်ထွတ်ပေါ်က အဆင့်ခြောက် ဟွားရွှီးမြွေကြီးက ဘေးအိမ်က အဆင့်ခြောက် ရွှမ်းထော်ကြိုးကြာကို ကြိတ်ကြွေနေတာတောင်မှ သိခဲ့ရပြီးပြီ။
ရွှင့်ချန်ဂိုဏ်းက သူမကို ဆွဲဆောင်စရာအများကြီး မရှိတော့ဘူ။
သူမက မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး လက်တဖက်ကို နဖူးပေါ်တင်ထားရင် ကျန်တဲ့ လက်တဖက်က ကျောက်စိမ်းစားပွဲပေါ်က ဝိညာဉ်စွမ်းအင်အစားအသောက်ကို လေးလေးတွဲတွဲနဲ့ ကောက်ယူလိုက်တယ်။ တစ်ကိုက်လောက် ကိုက်ပြီးသွားတဲ့အခါ ပြန်ချထားလိုက်ပြီး တော်တော်လေး ပျင်းနေတယ်လို့ ခံစားနေမိတယ်။ သူမက ပျင်းရိလွန်းလို့ အိပ်ပျော်သွားတော့မဲ့အချိန်လေးမှာပဲ သူမရဲ့စိတ်ထဲကို အတွေးတစ်ခုက ရုတ်တရက်ဝင်လာတော့တယ်။
စကားမစပ် ငါမေ့နေတာတစ်ခုခု ရှိသလိုပဲ။
ဟိုက်--
ယိုပေါက်တွေလေ။
စူးလီက မျက်လုံးတွေကို ရုတ်တရက် ဖွင့်လိုက်ပြီး ရွှင့်ချန်ဂိုဏ်းက ယိုပေါက်တွေကို ကြည့်လိုက်တယ်။
သူမက အဲဒီကိစ္စကို အာရုံမစိုက်မိခဲ့ရင် ရွှင့်ချန်ဂိုဏ်းကတော့ မမြင်ရက်လောက်အောင် အရမ်းကို ယိုယွင်းပျက်စီးနေတော့မှာပါ့လား_ _
အလို
ဘယ်မှာလဲ ယိုပေါက်တွေ။ အပေါက်တွေ ဘယ်ရောက်ကုန်တာလဲ။
သူမက ကြောင်တောင်တောင်နဲ့ မျက်တောင်ခတ်မိသွားတယ်။
ရွှင့်ချန်ဂိုဏ်းမှာ အလယ်က အပေါက်အကြီးကြီးတစ်ခုပဲ ရှိတော့တဲ့ဟာက အလယ်မှာ အပေါက်သေးသေးလေးတွေ ဘယ်လိုလုပ် ဖြစ်သွားတာလဲ။
သိပ်မကြာခင်တုန်းက ကြည့်လိုက်တုန်းကတောင်မှ ဒီအပေါက်တွေက ကောင်းကင်က ကြယ်တွေလို ဖြစ်နေပြီး ရေတွက်မရအောင်ထိ များနေတာလေ။
ငါသာ ကောင်းကင်တာအို မဟုတ်ခဲ့ရင် ဒီယိုပေါက်တွေက ပြီးခဲ့တဲ့ အခေါက်တုန်းကထက် ပိုပြီး နည်းသွားတယ်ဆိုတာကို သတိထားမိလိုက်မှာတောင် မဟုတ်ဘူး။
ဒီကာလအတောအတွင်းမှာ ရွှင့်ချန်ဂိုဏ်းမှာ ငါ မသိလိုက်တဲ့ ကိစ္စတွေ ဖြစ်သွားသေးလို့လား။
ဒါကလည်း နဉ်ဖုန်း မေးချင်တဲ့မေးခွန်းပဲ။
သူက သာမန်ကျင့်ကြံသူလို ရွှင့်ချန်ဂိုဏ်းထဲ ခိုးဝင်လာပြီးတဲ့နောက်မှာ သူက ပစ်မှတ်တစ်ခုကို ရွေးလိုက်ပြီး ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိလှတဲ့ ဟန်အမူအရာတစ်ခုနဲ့ရှေ့ကို ဆက်လျှောက်သွားလိုက်တယ်။
“ဒီက မိန်းကလေး”
သူက အသံကို နှိမ့်ထားလိုက်ပြီး သူ့အသံထဲမှာလည်း စွဲမက်ဖွယ်ရာ နူးညံသိမ်မွေ့မှုတစ်ခု ပါဝင်နေတယ်။
“ရွှင့်ချန်ဂိုဏ်းက အရမ်းကို ကြီးနေလို့ ကျွန်တော် လမ်းပျောက်နေပြီးထင်တယ်”
တစ်ချိန်တည်းမှာပဲ ရော့ချင်းက အလွယ်တကူ လှည့်စားလို့ရပြီလို့ထင်ရတဲ့ ရိုးသားတဲ့ တပည့်တစ်ယောက်ကို ရှာတွေ့သွားခဲ့တယ်။
ဒီအချိန်မှာ ယဲ့ရန်က ရွှင့်ချန်ဂိုဏ်းကို လူအများကြီး လွှတ်ထားခဲ့ပြီးပြီလေ။
သူတို့တွေ ဒီကိုရောက်လာတဲ့ရည်ရွယ်ချက်က အရမ်းကို ရိုးရှင်းပါတယ်။ ဒီကာလအတွင်းမှာ ရွှင့်ချန်းဂိုဏ်ချုပ်က ဘာတွေဖြစ်သွားလည်းဆိုတာကို ရှာတွေ့ဖိုပါပဲ။
ရွှင့်ချန်ဂိုဏ်းက နက်နဲသိမ်မွေ့ပြီး ကြီးကျယ်ခမ်းနားတဲ့ အုတ်မြစ်တစ်ခုရှိတဲ့ သူ့အဓိကတောင်ထွတ်နှစ်ခုက ယောက်တန်းတောင်ထွတ်နဲ့ ဟွားဖူတောင်ထွတ်ပဲ။ တာဝန်တွေကို လက်ခံဖို့နဲ့ ဆေးလုံးတွေကို လာတောင်းဖို့အတွက် ဒီနေရာကို မကြာခဏဆိုသလို သီခြားကျင့်ကြံသူတွေ လာတတ်ကြတယ်။ သူတို့တွေကလည်း ဒီလူတွေနဲ့ရောပြီး ဝင်လာတော့ သိပ်မသိသာတော့ဘူးပေါ့။
ဒါပေမဲ့ သူတို့တွေက ရွှင့်ချန်ဂိုဏ်းထဲမှာ အလွန်သတိထားဖို့ လိုသေးတယ်။ နောက်ဆုံး ရွှင့်ချန်းဂိုဏ်းထဲမှာ အစွမ်းရှိပုဂ္ဂိုလ်တွေ ရှိပြီး နှစ်ထောင်ချီသက်တမ်းရှိတဲ့ ဂိုဏ်းတစ်ခုလေ။ အမှားအယွင်း သေးသေးလေးကနေ သူတို့ကိုသိသွားနိုင်တယ်။
ဒါကြောင့် သူတို့တွေက လူတွေကို ရှာတဲ့အခါ အဓိကတောင်ထွတ် အားလုံးကို ဂရုတစိုက် ရှောင်ရှားခဲ့ပြီး အုတ်မြစ်တည်ကျင့်ကြံခြင်းအဆင့်နဲ့ ရွှေသက်စောင့်အဆင့် ကျင့်ကြံဆင့်ရှိတဲ့တပည့်တွေကိုပဲ ရှာခဲ့ကြတယ်။ သူတို့တွေက ပြဿနာကို လုံးဝသတိထားမိမှာ မဟုတ်ဘူး။
ဒီလိုစဉ်းစားလိုက်ပြီး နဉ်ဖုန်းက ပါးနီတွေနှင့် အမျိုသမီးကျင့်ကြံသူကို ကြည့်လိုက်ပြီး အသက်ရှူမြန်လာကာ သု့မျက်လုံးထဲမှာလည်း ဂရုမစိုက်တဲ့ အရိပ်အရောင်တစ်ခု ဖျက်ခနဲလက်သွားတယ်။ သူလှုပ်လိုက်တာနဲ့ ချက်ချင်းပဲ နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ပြေးဝင်လာတော့မယ်လေ။
ဒါပေမဲ့လည်း ဒီလိုအမျိုးသမီးကျင့်ကြံသူတွေ ရှိနေတာကြောင့်ပဲ သူ အသုံးချလို့ရနေတာလေ။
နဉ်ဖုန်းက သူ့ဘေးကလူဆီ ကပ်သွားလိုက်ပြီး အပြုံးတစ်ခုနဲ့ ပြောလိုက်တော့တယ်။
“မိန်းကလေး ရွှင့်ချန်ဂိုဏ်းထဲမှာ သီးခြားကျင့်ကြံသူတွေကို တာဝန်ထုတ်ပေးတဲ့ နဉ်းလင်တောင်ထွတ်နဲ့ ဝေးသေးလား”
“တာအိုရောင်းရင် ကျေးဇူးပြုပြီး စိတ်ရှည်ပေးပါ၊ ကျွန်မတို့ ခဏနေ ရောက်ပါတော့မယ်”
ယွင်ရှောင်လန်ရဲ့အသံတွေက စိုးရိမ်လှုပ်ရှားပြီး မသက်မသာ ခံစားချက်တစ်ခုပြည့်နေတယ်။
နဉ်ဖုန်း ထင်ထားသလိုတော့ မဟုတ်ဘူး။ အခုလက်ရှိအချိန်မှာ သူမရဲ့အမူအရာတွေက ရှက်ရွံ့နေတာ မဟုတ်ဘဲ သူမက ကျင့်ကြံခြင်းဆန္ဒကို အကောင်းဆုံး ဖိနှိပ်ထားရတာကြောင့်ပဲဖြစ်တယ်။
သူမက နဉ်ဖုန်းကို ပထမဆုံးတွေ့လိုက်ရတဲ့အချိန်မှာပဲ သူမရဲ့ကျင့်ကြံခြင်းလိုဇောတွေက အင်မတန်မှ ထိုးတက်သွားပြီး နေ့ညမနား လေးဆယ့်ကိုးရက်တိတိ ကျင့်ကြံချင်စိတ်တွေ ဖြစ်သွားတော့တယ်။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။ သူမမှာ လုပ်စရာ ပိုကြီးအရေးကြီးတဲ့ကိစ္စ ရှိနေတယ်။
ယွင်ရှောင်လန်က နဉ်ဖုန်းကို တွေ့လိုက်ပြီးတဲ့နောက်မှာ သူ့ရဲ့မူမမှန်တဲ့တုံ့ပြန်တွေကို စဉ်းစားမိလိုက်တယ်။ နဉ်ဖုန်းက နည်းလမ်းအမျိုးမျိုးသုံးပြီး ဂိုဏ်းရဲ့ လျှိုဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားနေပုံကို စဉ်းစားမိတယ်။ သူမက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ကိုယ့်ဟာကို တည်ငြိမ်အောင်ကြိုးစားလိုက်တယ်။
သူမက ပိုင်ရှို့တောင်ထွတ်မှာရှိနေတဲ့ ဂိုဏ်းတူအစ်ကိုအစ်မတွေကို ဆက်သွယ်ရေးပစ္စည်းကနေတဆင့် ကြိုပြီးသတင်းပို့ထားပြီးတော့ တာဝန်တွေကို ချမှတ်ပေးနေတဲ့ နဉ်းလင်တောင်ထွတ်ကို လာစုဝေးခိုင်းလိုက်တယ်။
နဉ်ဖုန်းမှာ ပြဿနာတစ်ခုခု ရှိနေလား မရှိနေလားဆိုတာကို သူမက သေချာမသိတာကြောင့် သူမရဲ့အသိပညာကြွယ်ဝတဲ့ အစ်ကိုနဲ့ အစ်မတွေကို သူ့ကို လေ့လာစေချင်တယ်။
နဉ်ဖုန်းက လူဆိုးတစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင် သူမက ဒီအတိုင်း စိတ်ပူပြီး အတွေးလွန်ပြီး စိတ်ပူနေတာ။ ဒါဆိုရင်တော့ ဝမ်းသာစရာပေါ့။ ဒါပေမဲ့ သူကတကယ်ပဲ ဂိုဏ်းကို အန္တရာယ် ပြုချင်တာဆိုရင်တော့ သူမ လုပ်ခဲ့သမျှ အရာအားလုံးက ထိုက်တန်ပါတယ်။
လော့ရှူးတောင်ထွတ်မှာ စူးလီက တောင်ထွတ်အတွင်းက ဆူညံသံတွေကိုကြားလိုက်ပြီး သိချင်စိတ်နဲ့ အပြင်ကို ရောက်လာလိုက်ကာ တပည့်တစ်ယောက်ကို လှမ်းဆွဲလိုက်ပြီး မေးလိုက်တယ်။
“ဘာဖြစ်ကြတာလဲ။ ရုတ်တရက်ကြီး ဘာလို့အရမ်းကို စည်ကားသွားတာလဲ” ဂိုဏ်းက တပည့်တစ်ယောက်ရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေတယ်။
“ဂိုဏ်းတူအစ်ကိုမင်ဖုန်းက ပြောတယ်၊ ဂိုဏ်းထဲကို လူစိမ်းတွေလာနေတယ်တဲ့။ နဉ်းလင်တောင်ထွတ်ကို သွားကြမယ်တဲ့”
“သူစိမ်း ဟုတ်လား”
စူးလီက ဒီစကားကို ကြားလိုက်ရတော့ နောက်ဆုံး နည်းနည်းလေး စိတ်လှုပ်ရှားသွားတယ်။ သူမက လက်ကိုဆန့်ထုတ်လိုက်ပြီး ကျောက်စိမ်းစားပွဲပေါ်က ဝိညာဉ်စွမ်းအင် အစားအသောက်ကို လှမ်းယူလိုက်တယ်။ “သွားမယ်။တစ်ချက်လောက်သွားကြည့်ရအောင်”
စူးလီက နဉ်းလင်တောင်ထွတ်ကို ရောက်သွားတဲ့အခါ မသိမသာ စုဝေးနေကြတဲ့ ရွှင့်ချန်ဂိုဏ်းသား ၁၂ယောက်ကျော်ကို တွေ့လိုက်ရတယ်။
ဒီလူတွေအားလုံးက ခမ်းနားသပ်ရပ်စွာ ဝတ်ဆင်ထားကြပြီး ချောမောလှပတဲ့မျက်နှာတွေကို ပိုင်ဆိုင်ထားကြတယ်။ သူတို့တွေက သီးခြားကျင့်ကြံသူတွေလို စုဝေးနေကြတဲ့ နဉ်းလင်တောင်ထွတ်အပြငက နေရာကို ကြည့်နေကြတယ်။
အလယ်မှာ အဝိုင်းခံထားရတဲ့ အမျိုးသားကျင့်ကြံသူတစ်ယောက်က တစ်ခုခု လွဲနေတာကို သိရှိသွားတဲ့ပုံပဲ။ အားတင်းပြီး တည်ငြမ်နေတဲ့ဟန်နဲ့ သူ့ဘေးကလူကို မေးလိုက်တယ်။
“မိန်းကလေးယွင် နဉ်းလင်တောင်ထွတ်မှာ တပည့်တွေ အများကြီး ရှိတာလား “
“နဉ်းလင်တောင်ထွတ်က သီးခြားကျင့်ကြံသူတွေ တာဝန်ကိုလက်ခံထားတဲ့ ဝိညာဉ်စွမ်းအင်တောင်ထွတ် မဟုတ်ဘူးလား”
ဒီအချိန်မှာပဲ အားလုံးနဲ့ ရင်းနှီးပြီးသားအသံတစ်ခုက ထွက်လာတယ်။
[ဒီလူတွေကြားမှာ တကယ်ပဲ တစ်ခုခုလွဲနေတာပဲ]
စကားထွက်လာတာနဲ့ချက်ချင်း အရေးပေါ်အသံတွေ ထွက်လာတော့တယ်။
“ဟာ သွားပြီ၊ ဒါက ထောင်ချောက်ပဲ၊ အားလုံးမြန်မြန်ပြန်ဆုတ်ကြ”
နဉ်ဖုန်းက အားလုံးကို ပြန်ဆုတ်ဖို့ စိုးရိမ်တကြီး ပြောလိုက်တယ်။ သူ နားမလည်တော့ဘူး။ သူက ကောင်းကောင်းလေးကို ရုပ်ဖျက်လာခဲ့တာပဲ။ ဒီတုံးမ အမျိုးသမီးကျင့်ကြံသူရဲ့ တစ်ချက်အကြည့်လေးမှာပဲ ဘာလို့ သတိထားမိသွားတာလဲ။
“ပြဿနာတစ်ခုရှိနေတယ်။ သူတို့ကိုဖမ်းထား ”
စူးလီက သူတို့တွေရဲ့ လှုပ်ရှားမှုကို ဂရုမစိုက်ဘူး။ ဒါပေမဲ့လည်း သူရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ဇဝေဇဝါနဲ့ ကြည့်လိုက်တယ်။
[ဒီလူအုပ်ကြီးက ဒီနေရာကိုရောက်လာတာ ကြည့်ရတာ ရွှင့်ချန်ဂိုဏ်းရဲ့ လတ်တလော ပြောင်းလဲသွားတဲ့ လျှိုဝှက်ချက်တွေကို လေ့လာဖို့များလား]
[ရွှင့်ချန်ဂိုဏ်းမှာ ဘာလျှို့ဝှက်ချက်ရှိလို့လဲ။ မဟုတ်သေးဘူး။ ရွှင့်ချန်ဂိုဏ်းက ပြောင်းလဲသွားလို့များလား]
[ဘယ်လိုဖြစ်ပြီး ငါတောင်မှ သတိမထားခဲ့မိတာလဲ]
ငါကဖြင့် ဒီနေရာကို ရောက်တာကြာနေပြီလေ။ ဘယ်လိုဖြစ်ပြီး အပြောင်းအလဲတွေကို သတိမထားမိနိုင်ရတာလဲ။
ဒီလူတွေက တစ်နေရာရာက ကောလာဟလတွေ ကြားခဲ့ပုံရတယ်။ အတိအကျတော့ လုံးဝဟုတ်ပုံ မရဘူး။
ဒီအချိန်မှာတော့ နဉ်ဖုန်းဦးဆောင်တဲ့ ကျူးကျော်သူတွေက ရွှင့်ချန်ဂိုဏ်းရဲ့တပည်တွေနဲ့ စတင်ပြီးတိုက်ခိုက်နေကြပြီ။
သူတို့တွေက အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံရေးနဲ့ ရွှေသက်စောင့်အဆင့်ရှိတဲ့ကျင့်ကြံရေးကို ပိတ်ဆို့ဖို့ မှော်လက်နက်တွေကို သုံးလိုက်တယ်။ ဒီတော့ သူတို့က အခြေတည်စဝိညာဉ်အဆင့် ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်တဲ့အခါ အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံရေးနဲ့ ရွှေသက်စောင့်အဆင့် ကျင့်ကြံရေးတပည့်တွေက ဝိညာဉ်စွမ်းအင်ကြောင့် ချက်ချင်းပဲ နောက်ကို လွင့်ထွက်သွားခဲ့တယ်။
အလယ်မှာ ရှိတဲ့နေရာက အခုတော့ ရှင်းလင်းသွားတယ်။ နဉ်ဖုန်းနဲ့ တခြားသူတွေက သူတို့ရဲ့ဝိညာဉ်လက်နက်ကို အတူတူ အသက်သွင်းနိုင်သရွေ့ ထွက်သွားလို့ရနိုင်တယ်။
ဒါပေမဲ့ ရွှင့်ချန်ဂိုဏ်းက အစွမ်းရှိတဲ့ပုဂ္ဂိုလ်တွေ ရောက်လာဖို့ သိပ်မကြာတော့ဘူးဆိုတာ သိလိုက်တဲ့အခါ သူက ဒီနေရာကို လှည့်စားပြီးခေါ်လာခဲ့တဲ့ ယွင်ရှောင်လန်ကို ဒေါသတကြီးနဲ့ ကြည့်လိုက်ပြီး စုစည်းလိုက်ကာ သူမကို ဖျက်ဆီးပစ်ဖို့ သူ့လက်ထဲမှာ ရက်စက်တဲ့အရောင်အဝါတစ်ခုကို လုံလောက်အောင် စုစည်းလိုက်တော့တယ်။
ယွင်ရှောင်လန်က ရွှေအမြုတေကျင့်ကြံခြင်းအဆင့်ပဲ ရှိသေးတာမို့လို့ လုံးဝမခုခံနိုင်ခဲ့ဘူး။
သူမက နဉ်ဖုန်းရဲ့ အညှာအတာကင်းမဲ့တဲ့ ဝိညာဉ်စွမ်းအားနဲ့ ရိုက်ခံမိတော့အချိန်မှာပဲ စူးလီကလည်း တစ်ချက်လှုပ်ရှားဖို့ ပြင်လိုက်တဲ့အချိန် ဖျတ်ခနဲပေါ်လာတဲ့ ဓားရောင်တစ်ခုကို တွေ့လိုက်ရတယ်။ နဉ်ဖုန်းရဲ့ လက်ကောက်ဝတ်ကလည်း ရုတ်တရက် ထွက်လာတဲ့ဓားစွမ်းအင်ကြောင့် နှစ်ပိုင်းပြတ်သွားတော့တယ်။ သွေးတွေက နေရာအနှံလွင့်စဉ်သွားပြီး သူ့လက်ထဲက ဝိညာဉ်စွမ်းအင်ကလည်း ချက်ချင်း ပျောက်ကွယ်သွားတော့တယ်။
နဉ်းလင်တောင်ထွတ်ဆီကို တာဝန်လက်ခံဖို့ရောက်လာကြတဲ့ မရေမတွက်နိုင်တဲ့ သီးသန့်ကျင့်ကြံသူတွေက နောက်ကနေပြီး ဝိညာဉ်ဓားတွေကို ဆွဲထုတ်လိုက်ကာ သူတို့ကို အညှာအတာကင်းမဲ့စွာ ဝိုင်းထားလိုက်တော့တယ်။
အခိုက်အတန့်ဆိုသလို တောက်ထွတ်ပေါ်မှာ ဓားစွမ်းအင်လှိုင်းလုံးတွေ တက်လာတော့တယ်။
စူးလီက ဝိညာဉ်ဓားကို သုံးပြီး တိုက်ခိုက်နေတဲ့ သာမန်ကျင့်ကြံသူတွေကို ကြည့်လိုက်ပြီး ဇဝေဇဝါနဲ့ မျက်တောင်ခတ်မိသွားတယ်။
[ဒီသာမန်ကျင့်ကြံသူတွေက ဝမ့်ကျန့်ဂိုဏ်းရဲ့တပည့်တွေ မဟုတ်လား]
[ဒီဝိညာဉ်ဓားတွေက အရမ်းကို ထင်ရှားတာပဲ။ အဲဒီဓားတွေက သူတို့ရဲသရုပ်မှန်ကို လုံးဝဖုံးကွယ်မထားပေးနိုင်ဘူး]
[ ဒီတပည့်တွေက သူတို့ရဲ့ဂိုဏ်းထဲမှာမနေပဲနဲ့ ရွှင့်ချန်ဂိုဏ်းကို ဘာလို့လာခဲ့တာလဲ]
သူမက ဓားသိုင်းကျင့်ကြံသူတွေရဲ့ ရိုက်နှိက်ခံနေရတဲ့ ကျူးကျော်သူတွေက ကြောက်လန့်တကြား ပတ်ပြေးနေပြီး ထွက်ပြေးလို့ မရနိုင်တဲ့အခြေအနေကို ကြည့်ရင်း စိတ်အေးအေးနဲ့ ကောင်းကင်စာအုပ်ကို နောက်တစ်မျက်နှာ လှန်လိုက်တယ်။
[သူတို့တွေက ရွှီးရန်ဆေးလုံးကို တောင်းဖို့ ရွှင့်ချန်ဂိုဏ်းကို လာခဲ့တာပဲ]
[ရွှီးရန်ဆေးလုံးက ကိုယ်အင်္ဂါတွေကို ပြန်ပြီးထုတ်ပေးနိုင်တဲ့ ဆေးလုံးတစ်ခုလို့ ပြောကြတယ်မလား။ သူတို့တွေက ဒီပစ္စည်းကို လာတောင်းကြတာ ဘာလို့များ....]
[သင်းကွပ်လိုက်တာမလား။ အဲဒီအရေးကြီးတဲ့ဟာကိုလေ။ ကျင့်ကြံရေးလောကကြီးမှာ ဒီအစိတ်အပိုင်းက တန်ဖိုးမရှိတာများလား ]
[သူတို့တွေ ရူးများသွားတာလား။ ဒါကကျိုးကြောင်းသင့်လို့လား]
...