အခန်း ၃၇
Vol. 3 Ch. 37
အပိုင်း(၃၇)
[ဒါဆိုရင် ငါက ပထမဧကရာဇ်မင်းမြတ်ဖြစ်တယ်လို့ ပြောရင်ရော သူတို့တွေက ဘာလို့မယုံကြတာလဲ]
ဒီအခိုက်အတန့်မှာပဲ သူမက ရုတ်တရက်ဆိုသလို သန်မာပြီး အေးဆေးတည်ငြိမ်တဲ့ အမျိုးသမီးဓားသိုင်းကျင့်ကြံသူတစ်ယောက်ကို အမျိုးသားကျင့်ကြံသူတွေကြားထဲမှာ တွေ့လိုက်ရတယ်။
[အမျိုးသားကျင့်ကြံသူတွေက ရွှင့်ချန်ဂိုဏ်းကိုလာခဲ့တာ သူတို့ရဲ့အသက်သွေးကြောအတွက် ရွှိယွင်ဆေးလုံးကို တောင်းဖို့လေ။ ဒီအမျိုးသမီးကျင့်ကြံသူက လာရတဲ့အကြောင်းအရင်ကရော ဘာဖြစ်.... ]
[ဘာရယ်]
[လိင်ပြောင်းလဲတဲ့ ဆေးလုံးကို ရှာဖို့တဲ့လား]
[သူက အမျိုးသားကျင့်ကြံသူတစ်ယောက် ဖြစ်လာချင်တာလား။ ပြီးရင် သူ့ဟာသူ ဖြတ်ပြစ်မလို့လား]
စူးလီက နှုတ်ဆိတ်ပြီး မျက်လုံးများကို ပိတ်ထားမိတော့တယ်။
[...ကျင့်ကြံရေးလောကကြီးကတော့ ပျက်စီးနေပြီထင်ပါတယ်]
လုကျင်းဟွိုင်က မှိုင်မှိုင်တွေတွေနဲ့ ခေါင်းခါတော့တယ်။ မဟုတ်ပါဘူး- ပျက်စီးနေတာက ဝမ့်ကျန့်ဂိုဏ်းပါ။
ဝမ့်ကျန့်ဂိုဏ်းက ဓားသိုင်းကျင့်ကြံသူတွေက သူတို့ပတ်ဝန်းကျင်မှာ ရှိတဲ့ ရွှေသက်စောင့်အဆင့်ကျင့်ကြံသူတွေနဲ့ အစွမ်းထက်လှတဲ့ ပုဂ္ဂိုလ်တွေ ရှိနေတာကို ခံစားမိလိုက်ကြပြီး သူတို့မျက်လုံးထဲမှာ ဝမ်းနည်းပြီး မကျေနပ်တဲ့ ခံစားချက်တွေ ဖြစ်သွားတော့တယ်။ သူတို့ရဲ့လျှို့ဝှက်ချက်ကို တစ်ယောက်နှစ်ယောက်လောက်ပဲ ကြားသွားတယ်ဆိုရင်လည်း ထားပါတော့။ ဒါပေမဲ့ အခုကျတော့ သူတို့တွေက ကိုယ့်ဟာကို သင်းကွပ်လိုက်တဲ့ကိစ္စကို တစ်လောကလုံးက သိသွားကြပြီလေ။
သူတို့မှာ ရွှင့်ချန်ဂိုဏ်းကို သတိနဲ့လာခဲ့ရတာ။ သူတို့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားဖို့အတွက် သူတို့တွေက သူတို့ရဲ့ မွေးချင်းဓားကို ဂရုတစိုက်နဲ့ ရုပ်ဖျက်ထားရတယ်။ သူတို့ကို အလွယ်တကူ မသိသွားနိုင်အောင်လို့ပေါ့။
ဒီလိုစဥ်းစားလိုက်ပြီးမှ သူတို့တွေက မျက်နှာပေါ်မှာ ကြောက်စရာကောင်းပြီး လူသတ်လို့စိတ်အပြည့်နဲ့ အကြည့်တစ်ခုက ကျူးကျော်သူတွေဆီကို ရောက်သွားတော့တယ်။ သူတို့တွေက သူတို့ရဲ့ဒေါသကို ဖွင့်ချဖို့အရိပ်အယောင်တစ်ခုနဲ့ စတင်ပြီး လှုပ်ရှားကြတော့တယ်။
သူတို့ကြောင့်ပေါ့။ သူတို့ကြောင့် သူတို့တွေက အပြင်လောကရဲ့ ဖော်ထုတ်တာကိုခံလိုက်ရတာ။ ဒါကြောင့် သူတို့မှာ လျှို့ဝှက်ချက်ဆိုတာ မရှိတော့ဘူး။
တစ်ဖတ်သတ် တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ လုကျင်းဟွိုင်က ငြိမ်ငြိမ်လေး ရပ်နေရင်းက အရိုက်ခံနေရတဲ့ ကျူးကျော်သူတွေကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတော့ သတိပြန်ဝင်လာခဲ့တယ်။ သူက မျက်နှာပေါ်က ထိတ်လန့်မှုကို ဖယ်ရှားလိုက်ပြီး သူရဲ့ဝတ်ရုံကို သပ်ရပ်အောင် ဆွဲဆန့်လိုက်ကာ လေးနက်တဲ့မျက်နှာတစ်ခုနဲ့ နဉ်းလင်တောင်ထွတ်ကို ကြည့်လိုက်တော့တယ်။
ပတ်ဝန်းကျင်ကို အာရုံမစိုက်ဘဲ မြေကြီးပေါ်က ကျူးကျော်သူတွေကို ထိုးနှက်ကန်ကျောက်နေတဲ့ ဓားသိုင်းကျင့်ကြံသူတွေကို ကြည့်လိုက်ပြီး သူကမတတ်သာတော့ပဲ လည်ချောင်းရှင်းလိုက်ရတော့တယ်။
“အဟမ်း___”
ဓားသိုင်းကျင့်ကြံသူခေါင်းဆောင်က နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး သူလုပ်နေတဲ့အရာကို အင်တင်တင်နဲ့ ရပ်တန့်လိုက်တယ်။
သူက ခေါင်းကိုလှည့်လိုက်ပြီး သိပ်မဝေးလှတဲ့နေရာက လုကျင်းဟွိုင်ကို ကြည့်လိုက်တယ်။ သူက စိတ်အတွင်းက မွှန်ထူနေတဲ့ခံစားချက်ကို ဖိနှိပ်ထားလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ နှုတ်ဆက်လိုက်တယ်။
“ဂိုဏ်းချုပ်ကြီးလု”
လုကျင်းဟွိုင်က သူ့ကိုကြည့်လိုက်တဲ့အခါ အခိုက်အတန့် သူရဲ့ထိန်းညှိထားတဲ့ အမူအရာတစ်ခုကို ဖော်ပြထားပြီး သူက အံ့သြတဲ့ပုံစံနဲ့ ပြောလိုက်တယ်။
“ကျေးဇူးတင်ပါတယ်”
ရှဲ့ယိက ဝမ့်ကျန့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရဲ့ ဒုတိယတပည့်ဖြစ်တယ်။ သူက အင်မတန်မှ အရည်အချင်းရှိတဲ့သူ။ အသက်သုံးရာမှာပဲ သူက အခြေတည်ဝိညာဥ်အဆင့်ကိုရောက်သွားပြီး အခြေတည်ဝိညာဥ်ကျင့်ကြံခြင်း ကောင်းကင်မိုးကြိုးဆီက ဓားသိုင်းစွမ်းအင်ကို နားလည်သွားခဲ့တယ်။ ဝမ့်ကျန့်ဂိုဏ်းချုပ်ကဆိုရင် သူ့မှာ လုပ်စရာမရှိတိုင်း သူ့ရှေ့မှာ ဒီတပည့်အကြောင်းကို ကြွားလုံးထုတ်နေတာလေ။ နောက်ပြီး သူက သူ့ရဲ့ချီးမွမ်းစကားတွေကိုပဲ ပြန်ရွတ်ပြတော့မဲ့အတိုင်း....
သူကလည်း တကယ်တမ်းကျတော့....
လုကျင်းဟွိုင်က အမှတ်တမဲ့ ရှဲ့ယိရဲ့ခန္ဓာကိုယ်ကို ငုံ့ကြည်မိတယ်။
ဖြစ်ပျက်သွားတဲ့အခြေအနေကို နားလည်သွားပြီးတဲ့နောက်မှာ သူက အကြည့်ကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး မေးလိုက်တော့တယ်။
“ကျုပ်ရဲ့တူတော် နေကောင်းရဲ့လား”
ရှဲ့ယိက နင်သွားတော့တယ်။ ခဏလောက် တုံ့ဆိုင်းသွားပြီးတဲ့နောက်မှာ သူက ဘာမှမဖြစ်သလို ဟန်ပန်နဲ့တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။
“ဝမ်ပေ့ရဲ့ ကျန်းမာရေးက ကောင်းမွန်ပါတယ်။ ဂိုဏ်းချုပ်ကြီးက စိုးရိမ်ပေးတာတွေအတွက် ကျေးဇူးတင်ပါတယ်”
လုကျင်းဟွိုင်က ခြောက်ခြောက်ကပ်ကပ်နဲ့ နှစ်ကြိမ်လောက် ရယ်မောလိုက်ပြီးမှ စကားလမ်းကြောင်း လွှဲလိုက်တော့တယ်။
“ကောင်းတယ် ကောင်းတယ်”
သူ့စကားဆုံးသွားပြီးတဲ့နောက်မှာ လေထုက အခိုက်တန့် ငြိမ်သက်သွားတော့တယ်။
သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး နောက်ဆုံးတော့ ရွှင့်ချန်ဂိုဏ်းခေါင်းဆောင်ရဲ့ ဟန်ပန်အမူအရာကို ဖော်ထုတ်လိုက်တယ်။ သူက မုတ်ဆိတ်မွှေးကို သပ်လိုက်ပြီး အတိတ်ကအကြောင်းတွေကို ပြန်ပြောတော့တယ်။
“မင်းတို့ရဲ့ဆရာကြီးရော အခုတလောနေကောင်းရဲ့လား။ သူနဲ့မတွေ့တာတောင် အရမ်းကြာသွားပြီ။ သူ အဆင်ပြေရဲ့လား”
ရှဲ့ယိရဲ့ အမူအရာကလည်း ပြေလျော့သွားတော့တယ်။
“ဆရာကြီးက နေကောင်းပါတယ်ခင်ဗျာ”
[ဘာကောင်းတာလဲ ]
စူးလီက သူတို့ရဲ့ အဓိပ္ပာယ်မရှိလှတဲ့ စကားဝိုင်းကို နားထောင်လိုက်ပြီး သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ပျင်းပျင်းရိရိနဲ့ လှန်လှောနေရင်းက အတိတ်အကြောင်းကို ပြန်စဥ်းစားလိုက်တော့တယ်။ ဝမ့်ကျန့် ဂိုဏ်းချုပ်ကြီးရဲ့လက်ရှိ အခြေအနေကို မြင်လိုက်ရပြီးတဲ့အခါ သူမမှာ ပိုပြီးတော့ အလန့်တကြား ဖြစ်ရတော့တယ်။
[ခွင့်ပြုချက်မရဘဲ ချန်းထျန်ဂိုဏ်းကို ဝမ့်ကျန့်ဂိုဏ်းရဲ့ ဝိညာဥ်ကျောက်တုံးတွေကို ချေးငှားလိုက်တာကြောင့် ဝိညာဥ်ကျောက်တုံး ၆.၂သန်းစာ တွင်းကြီးတစ်ခု ဖြစ်သွားခဲ့တယ်လေ ]
[ဝမ့်ကျန့်ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ သူက ဒီတွင်းကြီးကို ဖြည့်တင်းပေးဖို့ ဝိညာဥ်ကျောက်တုံတွေကို နေ့နေ့ညည ရှာရင်းနဲ့ အလုပ်များနေတာလေ]
လုကျင်းဟွိုင်ကလည်း ချန်းထျန်ဂိုဏ်းချုပ်ကြီးရဲ့ ဆက်ခံခြင်းအခမ်းအနားမှာ ဖြစ်သွားခဲ့တဲ့အကြောင်းအရာကို နောက်ကျမှပဲ သတိရလိုက်တော့တယ်။
အဟမ်း - ဝမ့်ကျန့်ဂိုဏ်းအတွက်က ဝိညာဥ်ကျောက်တုံး ၆.၂သန်းဆိုတာက တကယ့်ကို အရမ်းများပါပေတယ်။
ဒါပေမဲ့လည်း ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ပေါင်းစပ်ကျင့်ကြံခြင်းအဆင့် ရောက်နေတဲ့ ပညာရှင်တစ်ယောက်လေ။ သူ့ဘေးမှာလည်း ဝိညာဥ်ဓားတစ်ချောင်း ရှိသေးတယ်။ ကျင့်ကြံရေးလောကထဲမှာ သူနဲ့ပြိုင်ဘက်တစ်ယောက် ဖြစ်ဖို့ဆိုတာ မလွယ်လှဘူး။
သူသာ ဝိညာဥ်ကျောက်တုံးတွေကို ရှာချင်တာဆိုရင် အရမ်းကိုလွယ်ကူမှာ သေချာတယ်။
ဒီအခိုက်အတန့်မှာပဲ အပြင်လောက ကလာတဲ့အသံက ဆက်ပြောလိုက်တယ်။
[ကျွတ်ကျွတ်... မနေ့က ပျောက်ဆုံးသွားတဲ့ ဝိညာဥ်အိမ်မွေးကောင်လေးကို ရှာတဲ့တာဝန်တစ်ခု ယူမိပါတယ်၊ တစ်နေ့လုံး ပင်ပင်ပန်းပန်းနဲ့ လုပ်လိုက်ရတာ ဝိညာဥ်ကျောက်တုံး အခု ၃၀၀ကိုပဲ ရခဲ့တယ်]
လုကျင်းဟွိုင်: “….”
[တစ်မြန်နေ့တုန်းကလဲ သူက ပေါင်းမြက်ရှင်းလင်းရေး တာဝန်ကိုယူခဲ့သေးတယ်။ ပေါင်းမြက်တွေက အဆင့်၃ရှိပြီး သူက မွေးချင်းဓားကို တစ်ချက်ဝှေ့ယမ်းလိုက်တာ အားလုံးကို ရှင်းလင်းပြီးသား ဖြစ်သွားတယ်လေ။ ပေါင်းမြက်တွေမပြောနဲ့ ဝိညာဥ်ဆေးပင်တွေပါ ကုန်သွားတယ်။ နောက်ဆုံးတော့ ဝိညာဥ်ကျောက်တုံးအခု ၁၀၀၀ပါ အရှုံးပေါ်သွားတယ်]
[ဟိုတစ်နေ့ကလည်း...]
လုကျင်းဟွိုင်က သူ့အပြုံးကို ဖိနှိပ်ထားလိုက်ပြီး သူရဲ့ဂုဏ်သိက္ခာကို အကောင်းဆုံး ကြိုးစားထိန်းသိမ်းရင်း တည်တည်ငြိမ်ငြိမ်နဲ့ စကားလမ်းကြောင်းလွှဲရတော့တယ်။
“ဂိုဏ်းချုပ်ကြီးချီ အဆင်ပြေတယ်ဆိုတော့ စိတ်အေးရပါပြီ”
“သိပ်မကြာခင်တုန်းက အကြီးအကဲယွင်နဲ့ လက်ဖက်ရည်အတူတူ သောက်ဖို့ ချိန်းဆိုခဲ့သေးတယ်လေ။ သူ ဘယ်အချိန် အားမလဲတောင် မသိဘူး။ ငါက....”
[ငါ့အထင်တော့ သူအားမယ်လို့ မထင်ဘူး]
စူးလီက အကြီးအကဲယွင်ရဲ့ လတ်တလောအခြေအနေကို လှမ်းကြည့်လိုက်တော့ သူမရဲ့မျက်နှာပေါ်မှာ ရှင်းမပြတတ်တဲ့ အမူအရာတစ်ခု ဖြစ်သွားတော့တယ်။
[သူက ဒီတစ်လ အတွင်းကို ဝိညာဥ်ဓားကို သုံးပြီး သူ့ဟာသူ ဖြတ်ပြစ်လိုက်တာ သုံးကြိမ်ရှိပြီတဲ့။ ဟိုက်... သူက လေးကြိမ်မြောက်ဖြတ်ဖို့အတွက် အလုပ်များနေသေးတယ်]
“အဟွတ်အဟွတ်.....”
လေထဲမှာရပ်နေတဲ့ မဟာအကြီးအကဲက ချောင်းမဟန့်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့တယ်။
အကြီးအကဲယွင်ဆိုတာ ဝမ့်ကျန့်ဂိုဏ်းရဲ့ သဘာပတိအကြီး အကဲတစ်ယောက်လေ သူက ပုံမှန်ဆိုရင် မသေမျိုးတစ်ယောက်နဲ့ တော်တော်လေး ဆင်တူတယ်။ ဘယ်လိုဖြစ်ပြီးတော့များ သူက....
ချောင်းဟန့်လိုက်တဲ့သူက သူတစ်ယောက်တည်း မဟုတ်လေဘူး။ နဉ်းလင်တောင်ထွတ် တစ်ဝှမ်းလုံးက ချောင်းဟန့်သံတွေက ကွက်ကြားကွက်ကြား ပေါ်လာပြီး စိတ်ဝင်စားစရာ အတွေ့အကြုံတစ်ခုကို ဖော်ထုတ်လေတော့တယ်။ သေချာမသိရင် သူတို့တွေက စုပေါင်းပြီး သံစဥ်တီးလုံးတွေ လုပ်နေကြတယ်လို့ ထင်နေကြတော့မှာပဲ။
စူးလီက ထူဆန်းသွားတဲ့ပုံနဲ့ ခေါင်းမော့လိုက်တော့တယ်။
[သူတို့တွေအားလုံးက အဆိပ်များ မိနေကြတာလား]
လုကျင်းဟွိုင်ရှေ့မှာ ရပ်နေတဲ့ ရှဲ့ယိရဲ့ထိတ်လန့်မှုဟန်ကလည်း သူတို့ထက်တော့ မနိမ့်လေဘူး။
သူတို့ရဲ့ဂုဏ်သိက္ခာ ကြီးမားလှပြီး ဖြောင့်မတ်မှန်ကန်လှတဲ့ အကြီးအကဲကလည်း တကယ်တမ်း ဒီလို လုပ်လိမ့်မယ်လို့ လုံးဝမထင်ထားမိဘူးလေ။
သတိပြန်ဝင်လာတဲ့အခါ သူက စကားဆက်ပြောဖို့ပြင်နေတဲ့ လုကျင်းဟွိုင်ကို ကြည့်လိုက်ပြီး ကြက်သေသေနေရင်းက သူ့မျက်နှာကို သုတ်လိုက်တော့တယ်။ ဒီအတိုင်းသာ ဆက်သွားရင်တော့ ဝမ့်ကျန့်ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေ ပေါ်ကုန်တော့မှာပဲ။
“ဂိုဏ်းချုပ်ကြီးခင်ဗျာ”
ရှဲ့ယိက လုကျင်းဟွိုင် စကားမပြောရသေးခင်မှာပဲ သူ့အသံက တောင်းပန်တိုးလျိုးတဲ့ အရိပ်တစ်ခုနဲ့ ပြောလိုက်တော့တယ်။
“ရွှင့်ချန်ဂိုဏ်းထဲကို ခိုးဝင်လာတဲ့ ဒီသူခိုးတွေကို ထိန်းသိမ်းပြီးသွားပါပြီ၊ ဂိုဏ်းချုပ်ကြီးက သူတို့ကိုဘယ်လို အပြစ်ပေးချင်ပါသလဲ”
ဒီအချိန်ကျမှ လုကျင်းဟွိုင်က ဒီနေရာကိုရောက်လာရတဲ့ မူလက ရည်ရွယ်ချက်ကို သတိရသွားတော့တယ်။ သူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြောလိုက်တော့တယ်။
“ဒီသူခိုးတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ခေါ်သွားရလိမ့်မယ်”
သူက လက်ကို ဝှေ့ယမ်းလိုက်တော့ စောင့်ကြည့်ရေးအဖွဲဝင်တွေက မြေကြီးပေါ်မှာ လဲလျောင်းနေကြတဲ့ နဉ်ဖုန်းနဲ့တခြားသူတွေကို သတိရှိရှိ ဆွဲထုတ်သွားကြတယ်။
ဒီလူတွေကို ဆွဲထုတ်သွားပြီးတဲ့နောက်မှာ သူက ကိုယ်ကိုလှည့်လိုက်ပြီး ရှဲ့ယိကို တောင်းပန်တဲ့အရိပ်တစ်ခုနဲ့ ကြည့်လိုက်တယ်။
“တူတော်မောင်ရေ မင်းရဲ့ကျေးဇူးကြောင့် ဒီတစ်ခါတော့ ရွှင့်ချန်ဂိုဏ်းကတပည့်တွေက အန္တရာယ်ကင်းခဲ့ရပါတယ်”
“ရွှင့်ချန်ဂိုဏ်းမှာ ဆေးလုံးတွေအများကြီးရှိတယ်။ ငါရဲ့တပည့်တွေကို မင်းအတွက် ရွှိယွမ်ဆေးလုံးတချို့ ပြင်ဆင်ခိုင်းလိုက်မယ်”
ဆေးလုံးရဲ့နာမည်ကို ထုတ်မပြောသင့်ဘူးဆိုတာ နားလည်ပြီးတဲ့နောက်မှာ သူက မြန်မြန်ထပ်ပြီး ပြောလိုက်ရတော့တယ်။
“မင်းရဲ့ချီကျင့်ကြံရေးကို တိုးပွားစေမဲ့ဆေးလုံးပါ”
ရှဲ့ယိနဲ့တခြားသူတွေက ဆင်းရဲလွန်းလို့မှ အစကတည်းက ရွှိယွမ်ဆေးလုံးဖိုးပဲ တတ်နိုင်တဲ့သူတို့တွေက ပြောလိုက်တော့တယ်။
“ဂိုဏ်ချုပ်ကြီးကို ကျေးဇူးတင်ပါတယ်”
လုကျင်းဟွိုင် ပြန်သွားပြီးတဲ့နောက်မှာ ရွှင့်ချန်ဂိုဏ်းပတ်ဝန်းကျင်က ရွှင့်ချန်ဂိုဏ်းသားတွေကလည်း တစ်ယောက်ပြီး တစ်ယောက် ပြန်သွားတော့တယ်။ စူးလီတစ်ယောက်လည်း ဖရဲသီးစားလို့ ဝသွားတာနဲ့ ကျေကျေနပ်နပ်ကြီး ခေါင်းညိတ်လိုက်တယ်။
ဒီအချိန်မှာပဲ နောက်ကျမှရောက်လာတဲ့ ဓားသိုင်းကျင့်ကြံသူတစ်ယောက်ကို ရုတ်တရက် သတိထားမိလိုက်တယ်။
သူမက ရိုးရိုးရှင်းရှင်း အဝတ်အစားတွေကိုဝတ်ဆင်ထားတဲ့ အမျိုးသမီးဓားရေးကျင့်ကြံသူတစ်ယောက် ဖြစ်နေတယ်။ တမူထူးခြားတဲ့ သူရဲကောင်းမလေး ဟန်ပန်တစ်ခုရှိနေပြီး ဓားသိုင်းကျင့်ကြံသူတွေမှာပဲ ရှိတဲ့ မျက်လူံးထဲက စူးရှမှုတစ်ခုကိုလည်း ပိုင်ဆိုင်ထားတယ်။ သူမရဲ့ ခြေလှမ်းတွေထဲမှာ ပြတ်သားပြီး လူသတ်လိုတဲ့အငွေ့တစ်ခုပါနေတယ်။
စူးလီက အမျိုးသမီးကျင်ကြံသူရဲ့ဘေးက ဝိညာဥ်ဓားကိုကြည့်လိုက်ပြီး အူကြောင်ကြောင်လေးနဲ့ မျက်တောင် ခပ်မိသွားတယ်။ ဘာဖြစ်လို့ အမျိုးသမီးဓားသိုင်းကျင့်ကြံသူ ရှိနေတာလဲ။ ဓားသိုင်းကျင့်ကြံသူက သူမရှေ့ကို လျောက်လာနှင့်ပြီးဖြစ်နေတာကို တွေ့လိုက်တော့ သူမက မနေနိုင်ဘဲ မေးမိတော့တယ်။
“ရှင်ကရော ရွှင့်ချန်ဂိုဏ်းကို ဘာလာလုပ်တာလဲ”
“ကိုယ်အင်္ဂါ ပြောင်းလဲမဲ့ဆေးလုံးအတွက် လာတာတော့ မဟုတ်ဘူးမလား”
လော့ယွင်တောင်ထွတ်ကနေပြီး အခုလေးတင်မှ ပြန်ရောက်လာတဲ့ ရှောင်းရှီးက ဘယ်ညာတစ်ချက်ကို ကြည့်လိုက်ပြီး ရပ်လိုက်ကာ သူ့ကိုယ်သူဇဝေဇဝါနဲ့ လက်ညှိုးထိုးပြလိုက်တယ်။
“တာအိုရောင်းရင်း ရှင် ကျွန်မကိုပြောနေတာလား”
စူးလီက စိတ်ရင်းအတိုင်း ခေါင်းညိတ်ပြလိုက်တယ်။ ရှောင်းရှီးက ဇဝေဇဝါ ဖြစ်နေပေမဲ့ အမှန်အတိုင်းပြောလိုက်ပါတယ်။
“ကျွန်မ ရွှင့်ချန်ဂိုဏ်းကိုလာတာ ရွှိယွမ်ဆေးလုံးကို တောင်းဖို့လေ”
စူးလီက အခိုက်တန့်နှုတ်ဆိတ်သွားပြီး မယုံမကြည့်နဲ့ သူမရဲ့ခန္ဓာကိုယ်ကို ငုံကြည့်နေလိုက်တယ်။ ဒါကရော နောက်ထပ် အဝတ်အစားတွေ ဆန့်ကျင့်ဘက်ဝတ်ထားတဲ့သူ များလား။
ရှောင်းရှီးကလည်း သူမရဲ့လှုပ်ရှားပုံတွေကို အူကြောင်ကြောင်နဲ့ ပြန်ကြည့်လိုက်တယ်။
“တာအိုရောင်းရင် ရှင်ဘာလုပ်နေတာလဲ....”
စူးလီနဲ့သူမက တစ်ချိန်ထဲမှာပဲထုတ်ပြောလိုက်တယ်။
“ရှင်က ရွှိယွမ်ဆေးလုံးကိုသုံးတာ.....”
ရှောင်းရှီးက စိတ်မလုံမလဲတဲ့အမူအရာတစ်ခုနဲ့ သူမရဲ့ဘေးက ဝိညာဥ်ဓားကိုကြည့်လိူက်တယ်။ သူမရဲ့ဝိညာဥ်ဓားက လူတွေကို ခေါင်းကိုဖြတ်ပြီး ရန်သူတွေနဲ့ တိုက်ခိုက်ဖို့သုံးသင့်တာလေ။ ဒါပေမဲ့လည်း ဓားဝိညာဥ်ကိုရဖို့အတွက် သူမက ဓားကို စွန့်လွှတ်ရတာပေါ့။
“ကျွန်မက ကိုယ်တိုင်အတွက် တချို့သားရဲတွေကို သင်းကွပ်ခဲ့တာလေ”
စူးလီမှာ တစ်ဖန်ငြိမ်ကျသွားရပြန်တယ်။ နောက်ပြီး သူက ထပ်မေးလိုက်တယ်။
“ဒါဆိုရင် ရှင်က ရွှိယွမ်ဆေးလုံးကို ဘာအတွက်သုံးမှာလဲ”
ရှောင်းရှီးက အေးတိအေးစက်နဲ့ ပြုံးလိုက်တော့တယ်။
“ကျွန်မက စိတ်ကျေကျေနပ်နပ်နဲ့ မသတ်ဖြတ်လိုက်ရတဲ့ သားရဲတစ်ကောင် ရှိတယ်လေ။ ဒီတော့ ကျွန်မက သူ့ကို မွေးပြီး နောက်တစ်ခါမှပဲ သတ်မယ်လို့ စီစဥ်ထားတာ”
...