← Chapters

အခန်း ၃၉

Vol. 3 Ch. 39

အခန်း ၃၉

Vol. 3 Ch. 39

အပိုင်း(၃၉)

“ဪ....ကျုပ်က ပေါင်းစပ်ကျင့်ကြံခြင်းအဆင့် ရောက်ပြီးသားပဲ၊ တစ်ညလုံးလေ့ကျင့်ဖို့ လိုအပ်လိမ့်မယ်လို့တောင် မထင်ထားခဲ့ဘူး”

အဆင့်ခုနှစ်အကြီးအကဲက သူရဲ့ခရမ်းဖျော့ရောင်ဝတ်ရုံကို လှုပ်ခါလိုက်ပြီး သူ့ရဲ့အသံက နဂိုကအတိုင်း အေးစက်ပြီး လွတ်လပ်တဲ့ လေသံတစ်ခု ပြန်ဖြစ်သွားတယ်။

ကျန်းမြန်ကလည်း ရပ်နေတယ်....

ဒီအခိုက်မှာပဲ ရင်းနှီးလှတဲ့အသံတစ်ခုက ရုတ်တရက်ပေါ်လာခဲ့တယ်။

[သူတို့တွေ ဘာဖြစ်နေကြတာလဲ]

[သူတို့အားလုံးက သေတော့မဲ့အတိုင်းပဲ ဘာလို့ပြုံးနေကြတာလဲ]

စူးလီက လော့ရှူးတောင်ထွတ်ကို ပြန်ရောက်သွားပြီးနောက်မှာ ပျင်းပျင်းရိရိ ရှိနေတုန်း ဒီနေ့ကျူးကျော်ဝင်ရောက်လာသူတွေအကြောင်း စဥ်းစားမိလိုက်တယ်။ သူမက သူတို့တွေ ဘယ်လိုများနေသလဲလို့ ကြည့်ချင်မိတယ်။

သူမက တိမ်လွှာကြေးမုံကို ဖွင့်လိုက်တာနဲ့ ချက်ချင်း လုကျင်းဟွိုင်နဲ့ အကြီးအကဲအများစုရဲ့ အမူအရာက သေဖို့ အသင့်ဖြစ်နေတဲ့အတိုင်း တည်ငြိမ်နေတာကို တွေ့လိုက်ရတယ်။

သူမက မျက်နှာပေါ်မှာ ဇဝေဇဝါအကြည့်တစ်ခုနဲ့ သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တယ်။

[အယ် ရွှင့်ချန်ဂိုဏ်းရဲ့ တန်ဖိုးအရှိဆုံးရတနာက ညစ်ညမ်းသွားသတဲ့လား]

[နတ်သမီးမေတ္တာရေစင်က ညစ်ညမ်းသွားတဲ့ချင်ထျန်းနတ်ရေစင်ရဲ့ နာမည်တစ်ခုပဲ။ သူက ကံကောင်းမှု မြင့်မားတဲ့ ကျင့်ကြံသူတွေရဲ့နှလုံးသားထဲက အချစ်စိတ်ကို အမှတ်တမဲ့နှိုးဆွနိုင်ပြီး သူတို့ကိုအချစ်ထဲမှာ စွဲလမ်းသွားအောင်လုပ်နိုင်တယ်]

[ဒါက အချစ်ရူးတွေအကြောင်း ပြောနေတာမဟုတ်ဘူးလား]

[ရွှင့်ချန်ဂိုဏ်းမှာ အချစ်ရူးတွေဘာလို့ အဲ့လောက်များနေသလဲလို့ စဥ်းစားနေတာ။ သူတို့ကို ကြည့်ရတာ တကယ်ခေါင်းကိုက်ချင်စရာပဲ။ သူတို့တွေက ဒီပစ္စည်းရဲ့လွှမ်းမိုးခြင်း ခံနေရတာက်ိုး]

[ဒါပေမဲ့ ဒီရတနာက နှစ်ပေါင်းများစွာ ကြာတဲ့အထိညစ်ညမ်းလာခဲ့တာ။ သူတို့တွေက အခုမှ ဒါကိုတွေ့တာတဲ့လား]

လောကငယ်လေးထဲက လူအားလုံးက မှင်တက်အံ့သြသွားကြတယ်။ အပြင်လောကက လာတဲ့အသံကို လောကငယ်လေးထဲကနေတောင် ကြားရလိမ့်မယ်လို့ သူတို့တွေက ထင်မထားခဲ့ဘူး။

ဒါပေမဲ့ အပြင်လောကက လာတဲ့အသံနဲ့ ကောင်းကင်တာအိုကြားက ရင်းနှီးတဲ့ဆက်ဆံရေးကို စဥ်းစားမိလိုက်တော့ အားလုံးက ဣန္ဒြေကို ပြန်ဆယ်ထားလိုက်တယ်။

ခေါင်းဆောင်ဖြစ်သူ လုကျင်းဟွိုင်က ရှက်ရှက်နဲ့ မျက်လုံးတွေကို ပိတ်ထားလိုက်ပြီး ကြီးစွာ နောင်တရမိတော့တယ်။

ကောင်းကင်တာအိုပြောတဲ့စကားကလည်း မှန်ပါတယ်။ ရွှင့်ချန်ဂိုဏ်းရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူက ချင်ထျန်းနတ်သမီးရေစင် ညစ်ညမ်းနေတာကို အခုမှ တွေ့လိုက်ရတယ်လေ။ သူက သူရဲ့တာဝန်ကို လုံးဝပစ်ပယ်ထားခဲ့မိတာပဲ။ တခြားသူတွေရဲ့ မျက်နှာကလည်း သူ့အတိုင်းပဲ ကိုယ်ဟာကိုယ် အပြစ်တင်နေတဲ့ပုံ ပေါက်နေတော့တယ်။

[နတ်သမီးမေတ္တာရေစင်ရဲ့ အာနိသင်အကြောင်းပြောရရင်တော့....]

စူးလီက ကောင်းကင်စာအုပ်ထဲက စကားလုံးတွေကို ဖတ်လိုက်ရင်း တွေးတွေးဆဆနဲ့ မျက်တောင်ခတ်မိသွားတယ်။

[ဘာဖြစ်လို့ သူ့ကို ချန်းရှင်းကွာယွီဆေးလုံးနဲ့တွဲပြီး.... မဟုတ်ဘူး၊ ဒါက ကျင့်ရှင်းဆေးလုံးပဲ ဖြစ်ရမှာမလား]

လုကျင်းဟွိုင်က ရုတ်တရက်ဆိုသလို သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပြီး သူ့ကိုယ်တိုင်တောင် သတိမထားမိဘဲနဲ့ အဲ့ဒီစကားလုံးထဲမှာ မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။

[စကားမစပ် ဒီရက်ပိုင်းမှာ ပိုင်ကျစ်ယွင်က ပိုပြီးထိရောက်တဲ့ ကျင့်ရှင်းဆေးလုံး ထုတ်နေတယ်လို့ ထင်တာပဲ]

စူးလီက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပိုင်ကျစ်ယွင်က ကြိုးစားပြီးလုပ်နေတဲ့ ဝိညာဥ်ဆေးပင်တွေအကြောင်းကို စဥ်းစားလိုက်မိတဲ့အခါ သူမက ပြောလိုက်တယ်။

[အဆင့်ခုနှစ် ရှန်းရှန်းမြက်၊ အဆင့်ခြောက် ယွင်ချင်းရေစင်...]

သူမက စကားတစ်လုံးကို ဖတ်လိုက်တိုင်း လုကျင်းဟွိုင်ရဲ့မျက်လုံးတွေက တောက်ပလာခဲ့တယ်။

ဒီဝိညာဥ်ဆေးပင်တစ်ခုတိုင်းရဲ့ အဆင့်တွေက ကျင့်ကြံရေးလောကထဲမှာ ရှာမတွေ့နိုင်တဲ့အဆင့်တွေပဲ။ ဥပမာ ရှန်းရှန်းမြက်ပင်ဆိုရင် အဆင့်ငါးထိ အမြင့်ဆုံးပဲရှိခဲ့တယ်။ ပိုင်ကျစ်ယွင် တစ်ယောက်တည်းကသာ ရှန်းရှန်းမြက်ပင်ကို အဆင့်ခုနှစ်အထိလုပ်ပေးနိုင်တဲ့ အရည်အချင်းရှိတယ်။

ဒီရှားပါးတဲ့ဝိညာဥ်ဆေးပင်တွေကို ပေါင်းစပ်လိုက်ရင် အကြီးအကဲပိုင်ရဲ့ ဝိညာဥ်ဆေးပင်တွေအပေါ် ထိန်းချုပ်နိုင်စွမ်းပါ ထပ်ပေါင်းလိုပ်ရင် ဧကန္တက တကယ်ပဲ....

အခုတော့ မျှော်လင့်ချက် ရေးရေးလေးတစ်ခုရှိလာရင်တောင် သူတို့က ဒီသေးငယ်တဲ့ မျှော်လင့်ချက်လေးအတွက် အကောင်းဆုံးကြိုးစားရလိမ့်မယ်။

မဟာအကြီးအကဲကလည်း သတိပြန်ဝင်လာပြီးပြောလိုက်တော့တယ်။

“ဟုတ်တယ် အကြီးအကဲပိုင်ရဲ့ကျင့်ရှင်းဆေးလုံး”

အဆင့်ခုနှစ်အကြီးအကဲ စိတ်မရှည်လက်မရှည်နဲ့ တန်းပြောလိုက်တယ်။

“ကျုပ်အခုချက်ချင်းပဲ အကြီးအကဲပိုင်ကို သွားဖိတ်ခေါ်လိုက်မယ်”

လုကျင်းဟွိုင်က တွေဝေမှုမရှိဘဲ ခေါင်းညိတ်ပြလိုက်တယ်။ ဒီလောကငယ်လေးထဲကို ရွှင့်ချန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲခန်းမက အကြီးအကဲတွေပဲ ဝင်လို့ရတယ်ဆိုပေမဲ့ အခုချိန်က အခြေနေအရေးပေါ် ဖြစ်နေတာကြောင့် ဘယ်သူက ကိစ္စအများကြီးကို စဥ်းစားနိုင်ပါ့မလဲ။

တကယ်လို့များ ပိုင်ကျစ်ယွင်ရဲ့ကျင့်ရှင်းဆေးလုံးက ချင်ထျန်းနတ်သမီးရေစင် အပေါ် အာနိသင်ရှိတယ်ဆိုရင် သူမကို ဒီနေရာမှာ ခေါ်လာခွင့်ပေးလိုက်တာကလည်း အဆင်ပြေတာပါပဲ။

အဆင့်ခုနှစ်အကြီးအကဲက အင်မတန်မှ မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်တော့တယ်။ လက်ဖက်ရည်ခွက် တစ်ဝက်စာ အချိန်လေးအတွင်းမှာပဲ သူက မျက်နှာပေါ်မှာ ဇဝေဇဝါရုပ်လေးဖြစ်နေတဲ့ ပိုင်ကျစ်ယွင်ကို လောကငယ်လေးထဲ ဆွဲခေါ်လာခဲ့ပြီးဖြစ်တော့တယ်။

ပိုင်ကျစ်ယွင်က များပြားလွန်းတဲ့ ဝိညာဥ်စွမ်းအင်ကြောင့် မွှန်ထူသွားပြီး နှစ်ချက်လောက် ချောင်းဆိုးလိုက်တယ်။ အဆင့်ခုနှစ်အကြီးအကဲက သူမရဲ့ဘေးမှာ သီးခြား ဝိညာဥ်စွမ်းအင်တစ်ခုကို ထုတ်ပေးလိုက်တဲ့အခါမှ ဘေးမှာရှိနေတဲ့အနေအထားကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတော့တယ်။

အကြီးအကဲအားလုံးက သူမကို မျှော်လင့်တကြီး ကြည့်နေတာကို မြင်လိုက်ရတော့ သူမက မနေနိုင်ဘဲ နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး တီးတိုးလေးပြောလိုက်တယ်။

“ဂိုဏ်းချုပ်ကြီး၊ အကြီးအကဲတို့ ဘာဖြစ်ကြတာလဲ”

လုကျင်းဟွိုင်က အခြေအနေကို တက်နိုင်သလောက် အကျဥ်းချုပ်ပြောပြလိုက်ပြီး သူမကို လေးလေးနက်နက်နဲ့ ပြောလိုက်တော့တယ်။

“အကြီးအကဲပိုင် မင်းက လတ်တလောမှာ အဆင့်ပိုမြှင့်တဲ့ကျင့်ရှင်းဆေးလုံးကို ဖော်စပ်နေတယ်လို့ ကျုပ်ကြားထားတယ်။ ဒီအကြောင်းကို တိုင်ပင်ပြီးတဲ့နောက်မှာ ကျုပ်တို့အားလုံးက မင်းရဲ့ကျင့်ရှင်းဆေးလုံးကို စမ်းကြည့်ချင်လို့ပါ”

စူးလီက ဒီအကြောင်းကို မသေချာသလို ပြန်စဥ်းစားမိလိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောထည့်လိုက်တယ်။

[သူတို့တွေက ခုနတုန်းက ဒီကိစ္စကိုတိုင်ပင်ခဲ့လို့လား။ ငါက ဘာဖြစ်လို့ မမြင်မိပါလိမ့်]

လုကျင်းဟွိုင်က အပြင်လောကက လာတဲ့အသံကို အာရုံစိုက်မနေတော့ဘဲ ပိုင်ကျစ်ယွင်ကို မျှော်လင့်တကြီး ကြည့်လိုက်တော့တယ်။

ပိုင်ကျစ်ယွင်က ကိုယ့်ကိုလှည့်လိုက်ပြီး ချင်ထျန်းနတ်သမီးရေစင်ကို တစ်ချက်ကြည့်လိုက်တယ်။ တွေဝေမနေဘဲ သူမက သိုလှောင်အိတ်ထဲက ဆေးပုလင်းတစ်ခုကို ထုတ်လိုက်ပြီး လုကျင်းဟွိုင်ရဲ့လက်ထဲကို ထည့်ပေးလိုက်တယ်။

“ဂိုဏ်းချုပ်ကြီး ချင်ထျန်းနတ်သမီးရေစင်က အရမ်းကို တန်ဖိုးကြီးလှပါတယ်။ ကျင့်ရှင်းဆေးလုံးက အသုံးဝင်ပါ့မလားဆိုတာတော့ ကျွန်မ မသိဘူး”

ဒီကာလအတွင်းမှာ သူမက တစ်ချိန်လုံးရှိနေခဲ့တဲ့ သိမ်ငယ်တဲ့အမူအရာကို လုံးဝမရှိတော့ဘူး။ ဒီလိုအစွမ်းထက်လွန်းတဲ့ မြင့်မြတ်ရတနာတစ်ခုကို တွေ့လိုက်ရတဲ့အခါ သူမက ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်မနေဘဲ အလေးအနက်နဲ့ ပြောလိုက်တော့တယ်။

“ဒါပေမဲ့ ကျွန်မကဆက်ပြီး လေ့လာနိုင်ပါတယ်။ ကျွန်မက အကောင်းဆုံးကြိုးစားမယ်။ ကျွန်မသေချာပေါက်...”

သူမရဲ့စကား မဆုံးသေးခင်မှာပဲ လုကျင်းဟွိုင်က ဆေးပုလင်းထဲက ဆေးလုံးကို ချင်ထျန်းနတ်သမီးရေစင်ထဲကို ပျော်ဝင်သွားအောင်လုပ်ဖို့ မစောင့်နိုင်ဘဲ ဖြစ်နေတော့တယ်။

အားလုံးရဲ့မျက်လုံးထဲမှာတော့ ချင်ထျန်းနတ်သမီးရေစင်က အခိုက်တန့် လင်းလက်သွားပြီး လျစ်လျူရှုလို့ မရနိုင်လောက်အောင် တောက်ပနေတဲ့ အနီရောင်အငွေ့လေးတစ်ခု ပေါ်ထွက်လာတယ်။ အနီရောင်အငွေ့လေးက ပတ်ဝန်းကျင်က ဝိညာဥ်စွမ်းအင်တွေနဲ့ သွားထိလိုက်တဲ့အခါ ဝိညာဥ်စွမ်းအင်ကြောင့် မြန်မြန်ဆန်ဆန်ပဲ ပျော်ဝင်သွားတော့တယ်။

“အလုပ်ဖြစ်တယ်”

အကြီးအကဲရဲ့အသံက နည်းနည်းလေး တိမ်ဝင်နေတော့တယ်။

ရွှင့်ချန်ဂိုဏ်းကို ကယ်တင်နိုင်ပြီ။

လုကျင်းဟွိုင်ကလဲ ဝမ်းသာလွန်းလို့ မေ့လဲမတက်အောင် ဖြစ်တော့မဲ့ပုံစံ ဖြစ်နေတော့တယ်။

ကျင့်ရှင်းဆေးလုံးက တကယ်ပဲ နတ်သမီးမေတ္တာရေစင်ရဲ့ ညစ်ညမ်းနေတဲ့အစိတ်အပိုင်းတွေကို ပျော်ဝင်သွားအောင် လုပ်နိုင်တာပဲ။

ဖိနှိပ်ထားတာမျိုးမဟုတ်ဘဲနဲ့ ချေဖျက်လိုက်တာ။

မဟာအကြီးအကဲက ထပ်မစောင့်နိုင်ဘဲ ဝိညာဥ်စွမ်းအင်ကို ခံစားကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ပြတ်ပြတ်သားသား ပြောလိုက်တယ်။

“ဒီကျင့်ရှင်းဆေးလုံးရဲ့ အာနိသင်နဲ့ဆိုရင် တကယ်လို့ငါတို့ဆီမှာ နောက်ထပ်အလုံးငါးရာလောက်ရှိရင် ချင်ထျန်းနတ်သမီးရေစင်ကို ပြန်ထားလို့ရနိုင်သွားပြီ”

အားလုံးကစိတ်အေးသွားပြီး အဆင့်ငါးအကြီးအကဲက ပိုင်ကျစ်ယွင်ရဲ့ ပခုံးကို ချက်ချင်းထိလိုက်ကာ သူ့အသံထဲမှာလည်း ငိုသံလေး စွတ်နေတော့တယ်။

“ဝမ်းသာလိုက်တာ တကယ်ဝမ်းသာစရာပဲ”

“အကြီးအကဲပိုင် မင်းကြောင့်သာ မဟုတ်ဘူးဆိုရင် ရွှင့်ချန်ဂိုဏ်းကတော့....”

ဒီအခိုက်မှာပဲ လုကျင်းဟွိုင်က သူ ပိုင်ကျစ်ယွင်နဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်တုန်းက ကောင်းကင်ကလာတဲ့အသံ ပြောခဲ့တဲ့ စကားကို ရုတ်တရက်မှတ်မိသွားခဲ့တယ်။

“ပိုင်ကျစ်ယွင်၊ ကံကြမ္မာနဲ့အတူ မွေးဖွားလာတယ်။ ထူးချွန်တဲ့ ပါရမီအရည်အချင်းရှိတဲ့ အဆင့်ကိုး မသေမျိုးဆေးလုံးကို ဖော်စပ်နိုင်တယ်။ သူ့ကံကောင်းခြင်းက အင်မတန်မှ ကောင်းမွန်ပြီး သူက မကောင်းတဲ့ကံတွေကို ကောင်းသွားအောင် ပြောင်းလဲပေးနိုင်တယ်။ အဲ့ဒီအချိန်ကစပြီး သူ့ဘဝကလည်း ချောချောမွေ့မွေ့ရှိလာပြီး သူက ရွှင့်ချန်ဂိုဏ်းရဲ့ ကပ်ဘေးကနေ ကယ်တင်ပေးလိမ့်မယ်တဲ့”

ဒါကရွှင့်ချန်ဂိုဏ်းကို အန္တရာယ်ကနေ ကယ်တင်ပေးနေတာပဲမဟုတ်လား။

တကယ်လို့များ အပြင်လောကက လာတဲ့အသံသာ မရှိခဲ့ရင် သူက ပိုင်ကျစ်ယွင်လို အဆင့်နိမ့်အပြင်စည်းတပည့်ကို ခေါ်မလာခဲ့ရင် ပြသာနာတွေက လုံးဝကိုပြင်းထန်သွားမှာပဲ။

ပိုင်ကျစ်ယွင်သာ မရှိခဲ့ရင် အကြီးအကဲခန်းမက အကြီးအကဲတွေကလည်း ရွေးချယ်စရာမရှိဘဲ သူတို့ကိုယ် သူတို့ စွန့်လွှတ်ရလိမ့်မယ်။သူတို့တွေက ချင်ထျန်းနတ်သမီးရေစင်ကို နှစ်၁၀၀လောက် ဖိနှိပ်ထားပေးမဲ့လည်း သူတို့ကဘာတတ်နိုင်အုံးမှာလဲ။

အစွမ်းရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အကာအကွယ်သာမရှိရင် ရွှင့်ချန်ဂိုဏ်းက သီးခြားဂိုဏ်းတစ်ခုလို ကျန်ခဲ့ပြီး အပြင်ကရန်သူတွေရဲ့ အချိန်မရွေးဝါမျိုတာကို ခံသွားရနိုင်တယ်။

ဒီလိုစဥ်းစားမိလိုက်ပြီး သူက မနေနိုင်တော့ဘဲ လက်နှစ်ဖက်ကို ယှက်လိုက်ကာ ကောင်းကင်ကို တိုင်တည်ပြောဆိုလိုက်တယ်။

“ကောင်းကင်တာအိုက သနားညှာတာမှုအပြည့် ရှိတယ်။ ကောင်းကင်တာအိုက စိတ်သဘောထား ပြည့်ဝတယ်”

“ရွှင့်ချန်ဂိုဏ်းက လုကျင်းဟွိုင်က ကောင်းကင်တာအိုရဲ့ အကာအကွယ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ အခုကစပြီး ကျုပ်က ကောင်းကင်တာအိုရဲ့ အလိုအတိုင်း လိုက်လျောပြီး ရွှင့်ချန်ဂိုဏ်းရဲ့ ကျင့်ကြံသူတွေအားလုံးကို ဦးဆောင်ပါ့မယ်”

စူးလီက တိမ်လွှာကြေးမုံကို အူကြောင်ကြောင်လေး ကြည့်လိုက်ပြီး အားလုံးက သူမကို ကျေးဇူးတင်ပြီး ချီးမွမ်းစကား ပြောနေကြတော့တယ်။

ငါဘာလုပ်ခဲ့လို့လဲ။ သူတို့တွေက ငါ့ကို ရုတ်တရက်ကြီး ချီးမွမ်းစကားပြောနေကြတာလဲ။

လုကျင်းဟွိုင်က အချိန်အကြာကြီး စကားပြောလိုက်ပြီးနောက် ရပ်လိုက်တာတောင်မှ မကျေနပ်နိုင်သလို ခံစားမိသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက အပြင်လောက ကလာတဲ့အသံက ခါတိုင်းထက်ပိုပြီးတော့ အကြိမ်ရေ စိပ်လာတယ်လေ။ ဒါတော့ မဖြစ်သေးဘူး။

ရွှင့်ချန်ဂိုဏ်းမှာ သူ့မျက်စိလျှမ်းပြီး ကျော်သွားခဲ့တဲ့ တခြားပါရမီရှင်တွေ ရှိနေလောက်သေးတယ်။ ဒါမှမဟုတ် သူ့မသိသေးတဲ့ တခြားပြသာနာတွေ ရှိနေတာလည်း ဖြစ်နိုင်တယ်။

သူက လက်တစ်ဖက်နဲ့ မုတ်ဆိတ်မွှေးကိုသပ်လိုက်ပြီး စတင်စဥ်းစားလိုက်တယ်။ သူက ဟန်ဆောင်ပြီး နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကို ဖန်တီးလိုက်ရင်ကောင်းမလား။

ဒီလိုစဥ်းစားလိုက်ပြီး သူက ဘေးမှာရှိနေတဲ့ အကြီးအကဲတွေကို မော့ကြည့်လိုက်တယ်။

သူတို့တွေက ကိုယ့်ဟာကို စွန့်လွှတ်ပေးစရာ မလိုတော့ဘူး။ လျှို့ဝှက်ချက်အသစ်လေးကို နည်းနည်းပါးပါး ပြောပြလိုက်တာပေါ့။ သူတို့တွေက သေချာပေါက် စိတ်ကွက်ကြလိမ့်မှာ မဟုတ်ပါဘူး။

သုံးရက်ကြာပြီးနောက် -

ပိုင်ကျစ်ယွင်က မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ စူးလီကို ကြည့်လိုက်တယ်။ သူမရဲ့ အသံကလည်း လုံးဝမခွဲခွာချင်ဟန် အပြည့်ဖြစ်နေတော့တယ်။

“ချန်ပေ့၊ ချန်ပေ့ကတကယ်ပဲ ဝမ့်ကျန့်ဂိုဏ်းကို သွားတော့မလိုလား”

စူးလီက သူမရဲ့မျက်နှာပေါ်က မခွဲခွာချင်တဲ့ အမူအရာကို ကြည့်လိုက်ပြီး မျက်လွှာအနည်းငယ် ချထားလိုက်ကာ မတတ်သာဘဲ သူမရဲ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့မရဲ့ခေါင်းလေးကို ညင်ညင်သာသာ သပ်ပေးလိုက်တယ်။

ပိုင်ကျစ်ယွင်က ခဏလောက် ကြောင်အမ်းအမ်းဖြစ်သွားတယ်။ ဒါက ချန်ပေ့အနေနဲ့ သူမ အပေါ်မှာ အလွန်ကြင်နာသနားပြတာ ပထမဦးဆုံးအကြိမ်ပဲ။

ဒါပေမဲ့လည်း စူးလီထွက်သွားတော့မဲ့အကြောင်းကို စဥ်းစားမိလိုက်တဲ့အချိန်မှာ သူမရဲ့မျက်လုံးထဲက ပျော်ရွှင်မှုတွေကလည်း ရုတ်ခြည်းဆိုသလို အထီးကျန်မှုအဖြစ် ပြောင်းလဲသွားတော့တယ်။

စူးလီက ပိုင်ကျစ်ယွင်နဲ့ ပထမဦးဆုံးတွေ့တဲ့ အချိန်ကိုသတိရသွားတယ်။ အဲဒီအချိန်တုန်းက သူမက ချီယိအတွက် သူမရဲ့ရှိသမျှအားလုံးကို လိုလိုလားလား ပေးချင်နေခဲ့တာ။ အဲ့ဒီနောက်မှာတော့ လက်ရှိပိုင်ကျစ်ယွင်ကို ကြည့်လိုက်ပြီး သူမရဲ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာတော့တယ်။

ပိုင်ကျစ်ယွင်က နောက်ဆုံးတော့ သူရောက်သင့်တဲ့ အမြင့်တစ်ခုကို ရောက်သွားပြီပဲ။

ဒါပေမဲ့...

ပြီးခဲ့တဲ့သုံးရက်လောက်တုန်းက ရွှင့်ချန်ဂိုဏ်းတစ်ခုလုံးနဲ့ ပတ်ဝန်းကျင်မြို့တွေက သူမရဲ့မျက်နှာထက် အပြစ်ကင်းပြီး ပိုသန့်ရှင်းနေတာကို တွေ့လိုက်ရတယ်။

အခုတလော ကောင်းကင်စာအုပ်ကလဲ လုပ်စရာမရှိတော့ လင်းလာတဲ့အချိန်က အကြိမ်တွေကလည်း လျော့သွားတယ်။ ငါလည်း ဖရဲသီးစားရမှာ အရမ်းပျင်းလာပြီ။ မျက်လုံးတွေလဲ နာလှပြီလေ။

အရေးကြီးဆုံး အကြောင်းအရာက ရွှင့်ချန်ဂိုဏ်းရဲ့ ဖရဲသီးတွေအားလုံး စားပြီးသွားပြီလေ။

မနေ့ညက လရောင်အောက်မှာ မဟာအကြီးအကဲက အမျိုးသမီးအဝတ်အစားနဲ့ ကခုန်နေတာကို မြင်လိုက်ရတာကို ပြန်စဥ်းစားမိလိုက်တော့ သူမရဲ့မျက်လုံးထဲက အမူအရာကပိုပြီးတော့ ဆုံးဖြတ်ချက်ခိုင်မာလာတယ်။

ငါ ဒီမှာ ဆက်ပြီးတော့ မနေနိုင်တော့ဘူး။

ပိုင်ကျစ်ယွင်က စူးလီရဲ့ မျက်နှာပေါ်က ပြတ်သားတဲ့အမူအရာကို ကြည့်လိုက်ပြီး ဒီကိစ္စကို ပြောင်းလဲလို့မရနိုင်မှန်း သိလိုက်တော့တယ်။

ချန်ပေ့က ကျင့်ကြံရေးလောကထဲမှာ စိတ်နှစ်ထားဖို့ ဆုံးဖြတ်ထားတာလေ။ ဒီတော့ သူဒီကနေ ထွက်သွားပြီးရင်လည်း ပိုအရေးကြီးတဲ့လုပ်စရာကိစ္စတွေ ရှိမှာသေချာတယ်။ သူမက ဘယ်လိုလုပ်ပြီး ကိုယ့်ရဲ့အတ္တတစ်ခုအတွက် သူ့ကို ဒီမှာဆွဲထားနိုင်ပါ့မလဲ။

ဒီလိုစဥ်းစားလိုက်ပြီး သူမက ကိုယ်ကိုလှည့်လိုက်ကာ သိပ်မဝေးလှတဲ့နေရာက လုကျင်းဟွိုင်ကို ကြည့်လိုက်ပြီး ထပ်မေးလိုက်တယ်။

“ဂိုဏ်းချုပ်ကြီး ကျွန်မက တကယ်ပဲ ဝမ့်ကျန့်ဂိုဏ်းကို သွားလို့မရဘူးလား”

လုကျင်းဟွိုင်က ကြိတ်ပြီး ဝမ်းသာမှုတွေနဲ့ သူတို့ရဲ့စကားကိုနားထောင်နေလိုက်တယ်။ စူးလီက ပိုင်ကျစ်ယွင်အပေါ်မှာ ကြီးမားတဲ့လွှမ်းမိုးမှုတစ်ခု ရှိတယ်လေ။ နေ့တိုင်းဆေးလုံးတွေကို သန့်စင်ပေးတာအပြင် ပိုင်ကျစ်ယွင်က စူးလီအတွက် ဝိညာဥ်စွမ်းအင်အစားအသောက်တွေ ပြင်ဆင်ပေးဖို့အနည်းဆုံး သုံးနာရီလောက် အချိန်ပေးတက်တယ်။

သူက နေ့တိုင်း အရမ်းကိုဂရုစိုက်နေရတာ။ ပိုင်ကျစ်ယွင်ကို ခနလောက်လေး အနားယူစေချင်ရုံပေါ့။ သူမက ရွှင့်ချန်ဂိုဏ်းရဲ့ အနာဂတ်မဟုတ်လား။ တကယ်လို့များ သူမ ပင်ပန်းသွားရင် ဘယ်လိုလုပ်မလဲ။

ဒါပေမဲ့လည်း သူမကစူးလီကို တွေ့လိုက်ပြီဆိုတာနဲ့ တခြားအရာတွေအားလုံးကိုမေ့သွားပြီး စူးလီ ဝိညာဥ်စွမ်းအင်အစားအသောက်တွေစားရင်း ပျော်ပျော်ရွှင်ရွှင်ပဲနေတာကို တွေ့ချင်နေတယ်။ သူမကိုယ်တိုင်အတွက် အနားယူချိန်တောင် မချန်ထားတတ်ဘူး။

ဒါက သူတို့ဂိုဏ်းရဲ့ ရတနာအတွက် အရမ်းကိုပင်ပန်းစရာ ဖြစ်နေမှာမလား။

ဒီတော့ စူးလီထွက်သွားတော့မယ်ဆိုတာကို သူသိလိုက်တဲ့အခါ သူက ပိုင်ကျစ်ယွင်ရဲ့ အတွေးတွေကိုသာ ထည့်မစဥ်းစားပေးရင် အောင်ပွဲခံဖို့ မီးရှူးမီးပန်းတွေတောင် ပစ်ဖောက်လိုက်ချင်သေးတယ်။

အဲ့ဒီနောက်မှာတော့ ပိုင်ကျစ်ယွင်က စူးလီနဲ့လိုက်သွားချင်တဲ့အကြောင်းကို သူ ကြားလိုက်ရတယ်။

လုကျင်းဟွိုင်ရဲ့ ခြေထောက်တွေက အားနည်းချိနဲ့သွားပြီး ဒူးထောက်မိမတတ်ပဲ။

သူက သူမကို အကြိမ်ပေါင်းများစွာ တောင်းပန်ခဲ့ပြီးပြီ မဟုတ်လား။ ရွှင့်ချန်ဂိုဏ်းက သူမကို တကယ်ပဲမလွှတ်လိုက်နိုင်ဘူးလေ။

သူမက တခြားဂိုဏ်းမှာဆေးလုံးတွေကို သန့်စင်ပေးနေတယ်ဆိုရင်တော့ ရွှင့်ချန်ဂိုဏ်းကဘယ်သူကမှ စိတ်အေးနိုင်မှာ မဟုတ်ဘူး။

စူးလီက ပြုံးပြီးပြောလိုက်တယ်။

“ငါက ဝမ့်ကျန့်ဂိုဏ်းကို သွားတာလေ။ တာအိုလမ်းစဥ်ကို တက်လှမ်းတာမှမဟုတ်တာ။ ကျင့်ကြံရေးလောကကနေ ထွက်သွားတာလဲ မဟုတ်ဘူးလေ”

သူမရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး ပိုင်ကျစ်ယွင်ကို အလွန်မှပေါ့ပါးတဲ့ အနေအထားနဲ့ ပွေ့ဖက်ပေးလိုက်တယ်။

“ငါတို့တွေ ထပ်တွေ့ကြအုံးမှာပါ။ ငါကတိပေးတယ်”

ပိုင်ကျစ်ယွင်က သူမရဲ့ခန္ဓာကိုယ်ပေါ်က အပူချိန်ကိုခံစားမိလိုက်ပြီး ရုတ်တရက် ကြောင်အမ်းအမ်းလေး ဖြစ်သွားပြီးမှ သတိပြန်ဝင်လာတော့တယ်။

အဲ့ဒီနောက်မှာ သူမကမျက်နှာပေါ်က မျက်ရည်တွေကိုသုတ်လိုက်ပြီး သူမအစောကြီးကတည်းက ပြင်ဆင်ထားတဲ့ သိုလှောင်အိတ်ကို ထုတ်လိုက်ပြီး စူးလီရဲ့လက်ထဲ ထည့်ပေးလိုက်တယ်။

“ချန်ပေ့ ဒါတွေက ဒီကာလအတွင်းမှာ ကျွန်မကြိုးစားပြီး အဆင့်မြင့်တင်ပေးထားတဲ့ ဝိညာဥ်ဆေးလုံးတွေပါ။ ကျွန်မက ဒါတွေကိုလည်း အသုံးပြုပြီး ဆေးလုံးတွေအများကြီးကို သန့်စင်ပေးထားတယ်။ သူတို့အားလုံးကို အဆင့်ခွဲထားပြီး နေရာတကျ ထည့်ထားပေးတယ်”

“ဪ ဝိညာဥ်စွမ်းအင် အစားအသောက်တွေလည်း ပါသေးတယ်နော်”

သူမက နောက်ထပ်သိုလှောင်အိတ်တစ်ခုကို ထုတ်လိုက်တယ်။

“ဒီထဲမှာတော့ ချန်ပေ့ရဲ့ အကြိုက်ဆုံး သရေစာတွေနဲ့ မုန့်တွေပါတယ်”

စူးလီက သူမရဲ့မဆုံးနိုင်တဲ့စကားတွေကို နားထောင်လိုက်ပြီး သူမရဲ့လက်နဲ့ ဆံပင်အနားကို သပ်ပေးလိုက်တယ်။ သူမ အစောကြီးကတည်းက ရရှိထားတဲ့ ကောင်းကင်ရဲ့ ချည်နှောင်ခြင်းတွေပဲ။

ပိုင်ကျစ်ယွင်က သူမရဲ့မှာကြားချက်စကားတွေ ပြောပြီးသွားတဲ့နောက်မှာ နောက်ဆုံးတော့ အစောကြီးကတည်းက သူမကို စောင့်ကြည့်နေတဲ့ ဝမ့်ကျန့်ဂိုဏ်းခေါင်းဆောင်ကို လှမ်းကြည့်လိုက်တယ်။

သူမက နောက်ထပ် သိုလှောင်အိတ်တစ်လုံးကို ထုတ်လိုက်ပြီး သူတို့ဆီကို လျှောက်သွားလိုက်ကာ သူတို့တစ်ယောက်ချင်းစီကို အဆင့်ခြောက်ဝိညာဥ်ဆေးပင်နဲ့ အဆင့်ခြောက်ဆေးလုံးတစ်ခုစီ ပေးလိုက်တယ်။

“ဒီကာလအတွင်းမှာတော့ ကျွန်မက ရှင်တို့ကိုပဲအားကိုးရပါမယ်”.

သိုလှောင်အိတ်ထဲက ဝိညာဥ်ဆေးပင်တွေကို ထုတ်လိုက်ပြီးတဲ့နောက်မှာ သူမက အားတက်သရော မှာကြားလိုက်တယ်။

“ချန်ပေ့က ငေးမောနေရတာကို ကြိုက်တယ်။ သူ အဲ့လို ငေးမောနေတဲ့အချိန် တခြားသူတွေ နှောင့်ယှက်တာကို မကြိုက်ဘူး။ ချန်ပေ့က အချိန်ဖြုန်းဖို့အတွက် ဝိညာဥ်သစ်သီးတွေ စားရတာကို ကြိုက်တယ်။ ဒါပေမဲ့ ဝိညာဥ်စွမ်းအင် သစ်သီးတွေကို အခွံခွားပြီး အစိတ်လေးဖြစ်အောင် လှီးပေးရမယ်။ မဟုတ်ရင် ချန်ပေ့က သူလက်တွေ ပေသွားလိမ့်မယ်။ သူက စားဖို့တောင် ပျင်းသွားမှာ။ ဒါနဲ့စကားမစပ် ချန်ပေ့က နောက်ထပ်....”

ရှဲ့ယိက သူမျက်နှာပေါ်မှာ ဘာစိတ်မရှည်တဲ့ ဟန်အမူအရာမှမရှိဘဲ သူမ ရှင်းပြနေတဲ့ အချက်အလက် တတွဲလုံးကို နားထောင်ပေးလိုက်တယ်။

သူက သူ့လက်ထဲက ပစ္စည်းကိုကြည့်လိုက်ပြီး အတွေးတစ်ခုပဲ ရှိတော့တယ်။ များများလေး ရှင်းပြပေးပါ မဟုတ်ရင် သူက ဒီပစ္စည်းကို လက်ခံဖို့ စိတ်အေးနိုင်မှာမဟုတ်ဘူး။

ပိုင်ကျစ်ယွင်က စကားဆုံးသွားတဲ့အခါ လုကျင်းဟွိုင်က စူးလီဘက်ကို လျှောက်လာခဲ့တယ်။ တကယ်တော့ သူက စူးလီကို တကယ်ကျေးဇူးတင်ရပါတယ်။ သူမက ရွှင့်ချန်ဂိုဏ်းကို အများကြီး ကူညီပေးခဲ့တာလေ။ အဲလိုသာ မဟုတ်ခဲ့ဘူးဆိုရင် ....

ဒီအကြောင်းကို စဥ်းစားမိလိုက်တော့ သူက ခွဲခွာဖို့အတွက် အနည်းငယ် ဝမ်းနည်းသလို ခံစားမိတော့တယ်။

သူက အစောကြီးကတည်းက ပြင်ဆင်ထားတဲ့ ပစ္စည်းတွေကို ထုတ်လိုက်ပြီး ကြင်ကြင်နာနာနဲ့ ပြောလိုက်တယ်။

“ရောင်းရင်းစူး ဒါက ကျုပ် မင်းအတွက် ပြင်ဆင်ထားပေးတဲ့ မှော်လက်နက်တချို့ပါ၊ ဝမ့်ကျန့်ဂိုဏ်းကို သွားတဲ့ခရီးက ရှည်လျားတယ်။၊ ဓားပျံကိုသုံးတာထက် လှေပျံကိုသုံးတာက ပိုပြီးအဆင်ပြေလိမ့်မယ်။ ဒီမှာ အဆင့်ခြောက်အဆောင်လေး တစ်ခုပါတယ်။ ဒါက သေချာပေါက် အကာအကွယ်ဖြစ်စေ လိမ့်မယ်။ မင်းကအနားယူနေတဲ့အချိန်ဆိုရင် ဒါကိုထုတ်လာလိုက်ရုံပဲ”

သူရဲ့နောက်မှာတော့ ကျန်းမြန်၊စီးရှနဲ့ အခြားလူတွေက တန်းစီနေပြီး စူးလီကို နှုတ်ဆက်စကားပြောဖို့ စောင့်ဆိုင်းနေကြလေရဲ့။

နှုတ်ဆက်စကား ပြောပြီးတဲ့နောက်မှာ လုကျင်းဟွိုင်က အဝေးကို ပျံထွက်သွားတဲ့ လှေပျံကို ကြည်ရင်း ကိုယ်ကို ဖြည်းဖြည်းချင်း ပြန်လှည့်လိုက်ကာ ဂိုဏ်းရဲအနာဂတ်နဲ့ ပတ်သက်တဲ့ အရေးကြီးကိစ္စအကြောင်းကို စတင်စဥ်းစားမိလိုက်တော့တယ်။

ဒီနေ့ညတော့ ကြည့်ရတာ အပြင်လောကရဲ့အသံကို ဆွဲဆောင်မဲ့သူက တတိယအကြီးအကဲ အလှည့်ဖြစ်တော့မလား။

..

All Chapters