အခန်း ၄၂
Vol. 3 Ch. 42
အပိုင်း (၄၂)
ရှန်မိသားစုဝင်အားလုံးက ငြိမ်ငြိမ်လေး ရပ်လိုက်ကြပြီး ဘယ်ကလာမှန်း မသိတဲ့ စကားသံရဲ့အဓိပ္ပာယ်ကို ကြိုးစားပြီး နားလည်အောင် လုပ်နေရတော့တယ်။
ရှန်ဟုန်က ဘယ်သူ ပြန်ဝင်စားတာ...
ဘိုးဘေးကြီးရဲ့ ပြန်ဝင်စားတာ ဟုတ်လား။
ဒီတစ်ချိန်လုံးမှာ သူတို့တွေ ဘာလုပ်နေခဲ့ကြတာလဲ။
အိုး
သူတို့တွေက ဘိုးဘေးကြီးကို သူတို့ရဲ့ ကျောက်စိမ်းဆွဲပြား ခိုးတယ်ဆိုပြီး မှားယွင်းစွပ်စွဲခဲ့မိတာပဲ။ သူရှင်းပြတာကိုတောင် နားမထောင်ဘဲနဲ့ သူ့ကို အမှောင်ခန်းထဲမှာ ပိတ်လှောင်ထားခဲ့တယ်။ ရှန်မိသားစုဝင်တွေက သူတို့ရဲ့ ဒေါသကို ဖွင့်ချဖို့ နှိပ်စက်ညှဉ်းပန်းခွင့်တောင် ပေးထားလိုက်သေးတယ်...
ဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို ဘုတ်ခနဲ မြည်သံတွေက ရှန်မိသားစုအိမ်ထဲကနေ ဆက်တိုက် ထွက်လာတော့တယ်။
အပြင်လောကကလာတဲ့ အသံကို ကြားလိုက်ရတဲ့ ရှန်မိသားစုဝင်တွေအားလုံးက ရှန်ဟုန်ရှိတဲ့ဘက်ကို အစဥ်အတိုင်း ဒူးထောက်ချလိုက်ကြတော့တယ်။
ရှန်မိသားစုရဲ့ ဘိုးဘေးဆိုတာ ရှန်မိသားစုဝင်တွေအားလုံးရဲ့ ယုံကြည်ရာ တစ်ခုလိုပဲလေ၊ သူက အထက်အမြင့်မှာ ရှိပြီး ပုန်ကန်စော်ကားပြောဆိုခွင့် မရှိတဲ့သူပေါ့။
ရှန်မိသားစုတွေအားလုံးက မွေးလာကတည်းက ရှန်မိသားစုရဲ့ ဘိုးဘေးတွေအကြောင်း ဇာတ်လမ်းတွေကို နားထောင်ရင်း ကြီးပြင်းလာခဲ့ကြတာ။ နှစ်တစ်ထောင်ကျော် ကုန်ဆုံးလာခဲ့သည့်တိုင်အောင် ရှန်မိသားစုရဲ့ ကျဆင်းမှုက ကျန့်ယို့မြို့မှာ နေရာတစ်ခု ရနိုင်သေးတယ်။ ဘိုးဘေးတွေချန်ထားခဲ့တဲ့ မှော်ရတနာအသီးသီးရဲ့ အကာအကွယ်ကို အားကိုးနေခဲ့ရတာ။
ဒါပေမဲ့ သူတို့တွေက တကယ်တမ်းကြတော့...
အရှေ့မှာ ဒူးထောက်နေတဲ့ ရှန်မိသားစုသခင်ကြီးက သူ့ခေါင်းကို မြေကြီးနဲ့နာနာလေး ဆောင့်လိုက်တော့တယ်။
စူးလီက သူမရှေ့က ဆူညံသံကို နားထောင်လိုက်ပြီး ဇဝေဇဝါနဲ့ မော့ကြည့်လိုက်တယ်။ သူမက မြေကြီးပေါ်မှာ ဒူးထောက်နေတဲ့ ရှန်မိသားစုကို တွေ့လိုက်တဲ့အခါ မျက်လုံးထဲမှာ အံသြတဲ့ အရိပ်လေးတစ်ခု ဖြစ်သွားတယ်။
[ဘာဖြစ်ကြတာလဲ.. သူတို့တွေက ဘာဖြစ်လို့ အဲလောက်တောင် ညီညီညာညာလေး ဒူးထောက်နေကြတာလဲ]
[သူတို့တွေက သူတို့ရဲ့ဘိုဘေးတွေကို မျက်တောင်တစ်ချက် မခတ်ဘဲ စော်ကားနိုင်ကြပြီးမှ စုပေါင်းပြီး ဘာဖြစ်လို့ ဒူးထောက်နေကြတာလဲ]
[ကျွတ် ကျွတ် သူတို့တွေက ဒီနေ့ ရှန်ဟုန်ကို ကွပ်မျက်ဖို့ စီစဥ်ထားကြတာပဲ ဟုတ်လား]
[ကိုယ့်ရဲ့ဘိုးဘေးအရင်းကြီးတွေကို ကွပ်မျက်မယ်တဲ့.. တကယ်ကို တော်လိုက်တဲ့ အရည်အချင်းပဲ]
သူမရဲ့စကားဆုံးသွားတာနဲ့ ချက်ချင်း မြေကြီးပေါ်မှာ ဒူးထောက်နေတဲ့ ရှန်မိသားစုဝင်တွေက အရိုးမရှိတော့သလို မြေကြီးပေါ်ကို လဲကျကုန်တော့တယ်။
အပြစ်ပေးခန်းမက အပြစ်ပေးဖို့ တာဝန်ယူထားတဲ့ အကြီးအကဲက ဆက်ပြီး သည်းမခံနိုင်တော့ဘဲ မေ့လဲသွားတော့တယ်။
ဝမ့်ကျန့်ဂိုဏ်းသားတွေက ကောင်းကင်ကလာတဲ့ ဝမ်းနည်းဖွယ်ရာ စကားသံကို ကြားလိုက်ရတဲ့အချိန်မှာ သူတို့တွေက မျက်လုံးထဲမှာ ပိုပြီးသနားသွားတဲ့ပုံစံနဲ့ ရှန်မိသားစုကို ကြည့်လိုက်ကြတယ်။
ကျင့်ကြံခြင်းတလောကလုံးထဲမှာ လူတစ်ယောက်က သူတို့ရဲ့ဘိုးဘေးတွေကို ဖျက်ဆီးပြီး သစ္စာဖောက်ရဲခဲ့ပြီဆိုရင် အားလုံးရဲ့ အထင်သေးခြင်းခံရပြီး ခွင့်မလွှတ်ခြင်း ခံရလိမ့်မယ်။
ရှန်မိသားစုက ရှန်ဟုန်ရဲ့ သရုပ်မှန်ကို အရင်တုန်းက မသိခဲ့ကြပေမဲ့လဲ ကြီးမားတဲ့အမှားတစ်ခုကိုတော့ လုပ်နှင့်ပြီးသား ဖြစ်သွားတယ်။
အပြင်လောကက လာတဲ့ အသံပြောစကားအရဆိုရင် ရှန်မိသားစုက စည်းမျဥ်းကို တစ်စိတ်တစ်ပိုင်း ပြုပြင်လို့ရပြီး အမှန်တရားကို ဖော်ထုတ်လို့ရခဲ့မယ်ဆိုရင် ဘိုးဘေးတွေကို ဖျက်ဆီးခြင်းအမှုက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။
အရှေ့မှာရှိနေတဲ့ ရှဲ့ယိက နှုတ်ဆိတ်ပြီး ခေါင်းခါလိုက်တယ်။ ဒါတွေအားလုံးက ကိုယ့်ရဲ့အမှားပဲလေ။
စူးလီက လက်တစ်ဖက်နဲ့ မေးကို ထောက်ထားပြီး ရှန်မိသားစုကို ကြည့်လိုက်တယ်။ ဒီလူတစ်စုက ရုတ်တရက် ဒီလိုဖြစ်သွားတာ ဘာအကြောင်းကြောင့်လဲ။ ဧကန္တ...
[ကျင့်ကြံရေးလောကထဲမှ အကျိုးအပြစ်ကို ချိန်ဆပြီး စစ်ဆေးရတဲ့အရာမျိုး ရှိတယ်မလား၊ သူတို့ရဲ့ ဘိုးဘေးတွေကို ကွပ်မျက်ဖို့ ကြိုးစားမယ်ဆိုရင်လေ]
[ဒါက သူတို့တွေရဲ့ ဘိုးဘေးတွေကို ဖျက်ဆီးခဲ့တဲ့အတွက် ဝဋ်လည်တာလား ဒါမှမဟုတ် သူတို့တွေက သူတို့ရဲ့ အသိတရားကို ပြန်လည် ရှာဖွေနေကြတာလား]
ရှန်မိသားစုရဲ့ အကျည်းတန်တဲ့ ရုပ်အသွင်ကို ကြည့်လိုက်ပြီး စူးလီက ရွံရှာဟန်နဲ့ အကြည့်ကို ရုပ်သိမ်းလိုက်တယ်။ သူမက သူတို့တွေ ဒီလိုလုပ်နေတဲ့ အကြောင်းအရင်းကို ခန့်မှန်းရမှာ အရမ်းကို ပျင်းနေတာမလို့ သူမရဲ့ သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကိုပဲ လှန်လှောလိုက်တော့တယ်။
ရှန်မိသားစုရဲ့ ဘိုးဘေးတွေရဲ့ ရှန်မိသားစုအပေါ်ထားတဲ့ ချစ်ခြင်းတရားနဲ့ အကျိုးဆောင်မှုတွေအကြောင်း ရေသားထားတဲ့ စာအုပ်တွေကို ဖတ်လိုက်ပြီး သူမက မနေနိုင်ဘဲ ခေါင်းခါမိကာ သက်ပြင်းချလိုက်တော့တယ်။
[အလို ရှန်မိသားစုရဲ့ ဘိုးဘေးက ရှန်မိသားစုရဲ့ ကြွယ်ဝချမ်းသာခြင်းအတွက် သူ့ဘဝမှာ တာအိုရောင်းရင်းတစ်ယောက်တောင် မိတ်ဆွေဖွဲ့ခွင့် မရခဲ့ဘူး၊ သူက အမြဲတမ်းလိုလို ရှန်မိသားစုက ကလေးတွေရဲ့ ပြသာနာကိုပဲ လိုက်ရှင်းပေးနေခဲ့ရတယ်]
[သူသေသွားတော့လဲ ရှိစုမဲ့စု ဝိညာဥ်စွမ်းအားရှိတဲ့ ရွှမ်ရွှမ်းကျောက်စိမ်းလေးက လွဲရင် တခြားဝိညာဥ်ရတနာတွေ မပိုင်ဆိုင်ခဲ့ဘူး၊ သူက ရှန်မိသားစုအတွက် အားလုံးကို ချန်ထားပေးခဲ့တာ]
[သူက ရှန်မိသားစုအတွက် စိတ်မချနိုင် ဖြစ်ခဲ့တာ၊ ဒီတော့ နှစ်တစ်ထောင်ပြီးသွားတဲ့အခါ သူက ရှန်မိသားစုကို ဆက်ပြီး ကာကွယ်ချင်တဲ့အတွက် ရှန်မိသားစုရဲ့ မိသားစုဝင်တစ်ယောက်အဖြစ် ပြန်ပြီးဝင်စားခဲ့တာ]
[ကောင်းလိုက်တဲ့ စေတနာပဲ ဒါပေမဲ့ အခုကျတော့...]
အရှေ့မှာ ဒူးထောက်နေတဲ့ ရှန်မိသားစုသခင်ကြီးက မထိန်းနိုင်တော့ဘဲ သူ့ပါးကို နှစ်ချက်ဆက်တိုက် ရိုက်လိုက်ပြီး အရမ်းပြင်းထန်လွန်းတဲ့အတွက် သွားသုံးချောင်းက ကျွတ်ထွက်သွားတော့တယ်။
သူက တကယ့်ကို တိရစ္ဆာန် တစ်ကောင်ပဲ။
သူက ဒူးထောက်နေရင်း ကမန်းကတမ်းနဲ့ ရှန်ဟုန်ဆီကို လေးဘက်ထောက် သွားလိုက်တယ်။ တုန်ယင်နေတဲ့လက်တွေနဲ့ ရှန်ဟုန်ကို ကျောက်တိုင်ပေါ်က ချပေးလိုက်တယ်။
သွားကျိုးသွားတဲ့အတွက် ယောင်ကိုင်းနေတဲ့မျက်နှာနဲ့ ရှန်မိသားစုသခင်ကြီးက သူ့အသံက စိမ့်ထွက်လာခဲ့တယ်။
“လောင်ကျူး ကျွန်တော်တို့ မှားသွားပါတယ်”
ရှန်ဟုန်ရဲ့ခန္ဓာကိုယ်တွေက အမာရွတ်တွေနဲ့ ဖုံးလွှမ်းနေတယ်။ သူ့ကို ချပေးပြီးလိုက်တာနဲ့တစ်ပြိုင်နက် သူ့မှာ နာကျင်မှုကြောင့် မရပ်နိုင်ရှာဘူး။
ဒါပေမဲ့လည်း ရှန်မိသားစုသခင်ကြီးက သူ့လက်ကိုတွဲထားတာ မြင်လိုက်တဲ့အခါ မျက်မှောင်ကြုတ်လိုက်ပြီး နာကျင်မှုကို သည်းခံရင်း နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ကာ သူ့လက်ကို ဖယ်လိုက်ပြီး ကျောက်တိုင်ကြီးကို မှီထားလိုက်တော့တယ်။
အခုတော့ သူက ရှန်မိသားစုနဲ့ ပတ်သက်သည့် အရာအားလုံးကို တကယ်ပဲမုန်းသွားပြီ။
ရှန်ဟုန်က ခေါင်းတောင်မမော့တော့ဘူး။ သူ့ရဲ့ ထူထဲလှတဲ့မျက်တောင်တွေက မျက်လုံးအောက်မှာ အရိပ်တစ်ခုဖြစ်နေပြီး သူ့မျက်လုံးထဲက ဝိုးတဝါး သရော်ဟန်ကို ဖုံးကွယ်ထားတယ်။ သူ့အသံထဲမှာ စွပ်စွဲခံရတဲ့အတွက် ဒေါသနဲ့ဝမ်းနည်းမှုတွေ အရိပ်အယောင် မရှိနေဘူး။ သူက ဘာမှမဖြစ်သလို ပြောလိုက်တယ်။
“ရှန်သခင်ကြီးက ဘာဇာတ်လမ်းတွေ ခင်းနေတာလဲ” ရှန်ဟုန်ရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှန်မိသားစုသခင်က သူ့စိတ်ထဲမှာ ရုတ်တရက်ဆိုသလို အလန့်တကြား ဖြစ်သွားတော့တယ်။ သူက ပါးစပ်ကိုဖွင့်လိုက်ပြီး သူ့လက်တွေက ရှန်ဟုန်ကို ခုနကတွဲထားတဲ့ ဟန်အတိုင်း ဆက်ထိန်းထားလိုက်တယ်။
“ဘိုးဘေးကြီး ကျွန်တော်တို့ပါ”
သူ့စကားမဆုံးသေးမှာပဲ သူ့နောက်ကလူတွေက ပျာယာခတ်ပြီး ရှန်ဟုန်ဆီ ပြေးဝင်သွားကြတော့တယ်။ တစ်ယောက်ချင်းစီက သူတို့ရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ နက်နက်နဲနဲ နောင်တရတဲ့အမူအရာတစ်ခု ဖြစ်နေကြတယ်။
“သခင်ကြီး ကျွန်တော်တို့ မှားသွားပါတယ် ကျွန်တော်တို့က သခင်ကြီးရဲ့သင်ကြားမှု နောက်ကိုလိုက်ပြီး မျှမျှတတ တရားမျှတအောင် နေခဲ့ပါတယ်၊ ဘက်လိုက်တာလဲမရှိသလို အကျင့်ပျက် ခြစားတာမျိုးလဲ မရှိခဲ့ပါဘူး”
“သခင်ကြီး ကျွန်တော်တို့က သခင်ကြီးကို မှားယွင်းမစွပ်စွဲခဲ့သင့်ပါဘူး၊ ရွှမ်ရွှမ်းကျောက်စိမ်းက အမှန်တကယ်ပဲ သခင်ကြီးရဲ့ ကျောက်စိမ်း ဖြစ်ပါတယ် ကျွန်တော်တို့က ဘယ်လိုလုပ်__”
“သခင်ကြီး သခင်ကြီးက ကျွန်တော် ငယ်ငယ်လေးကတည်းက သခင်ကြီးရဲ့လက်ထဲမှာ ကြီးလာခဲ့တာလေ၊ သခင်ကြီးက မေ့သွားပြီလား ကျွန်တော်က__”
စူးလီက ရှန်မိသားစုဆီက လာတဲ့ ဝိုးတဝါးအသံတွေကို ကြားလိုက်ပြီး ဇဝေဇဝါနဲ့ မျက်တောင်ခတ်လိုက်တယ်။
[ရှန်ဟုန်က ရှန်မိသားစုရဲ့ ဘိုးဘေး ဖြစ်တယ်ဆိုတာကို သူတို့တွေက ဘယ်လိုသိသွားကြတာလဲ]
ဒါပေမဲ့လည်း သူမက ရှန်ဟုန် ခေါင်းကိုမော့လိုက်တဲ့အချိန် သူ့မျက်လုံးတွေကို မြင်လိုက်တဲ့အခါ ကောင်းကင်စာအုပ်ထဲက ရှန်မိသားစုရဲ့ ဘိုးဘေးပုံတူကို ကြည့်လိုက်ပြီး ရုတ်တရက် အသိဉာဏ်ပွင့်သွားသလို ခေါင်းငြိမ့်လိုက်တော့တယ်။
[သူတို့တွေ သိသွားကြတာလဲ မဆန်းပါဘူး၊ ရှန်ဟုန်ရဲ့ မျက်လုံးတွေက ရှန်မိသားစုရဲ့ ဘိုးဘေးမျက်လုံးတွေနဲ့ တစ်ထပ်တည်းပဲ သူ့မျက်လုံးထဲက အကြည့်ကတောင် တစ်ပုံစံထဲပဲ]
[ဒါပေမဲ့ သူတို့တွေက ဘာဖြစ်လို့ အခုကြမှ သိသွားကြတာလဲ၊ အရင်တုန်းက သူတို့တွေက ဘာတွေလုပ်နေကြလို့လဲ]
အကြီးအကဲက ရှန်ဟုန်ရဲ့ မျက်လုံးတွေကို ကြည့်လိုက်ပြီး ဆက်ပြီး ထိန်းမထားနိုင်အောင် ဖြစ်သွားတော့တယ်။သူက မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလာတော့တယ်။
“ဘိုးဘေးကြီး တကယ် ပြန်လာပြီ”
ဟုတ်သားပဲ။ သူက ဘာဖြစ်လို့ အခုမှ သိလိုက်ရတာလဲ။
ရှန်မိသားစုဝင် တစ်ခြားသူတွေအားလုံးက သူတို့တွေက နတ်ဘုရားတစ်ပါးကို တွေ့လိုက်ရတဲ့အတိုင်း ဦးချ ကန်တော့လိုက်ကြတော့တယ်။
ရှန်ဟုန်က အားလုံးရဲအကြည့်ကို ပြန်ကြည့်လိုက်ပြီး မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်တော့တယ်။ သူရဲ့မျက်လုံးတွေက ဘာမှအမှုမထားတဲ့ပုံစံက ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားတယ်။ ဒါပေမဲ့လည်း ပိုပြီး အသက်ဝင်လာတော့တယ်။
“မင်းတို့တွေ ဘာလုပ်ချင်နေတာလဲ”
“မင်းတို့တွေက မင်းတို့ရဲ့နည်းလမ်းကို ပြောင်းပြီး ငါ့ကို ရွှမ်ရွှမ်းကျောက်စိမ်း ခိုးပါတယ်လို့ ဝင်ခံခိုင်းစေချင်နေတာလား”
ရှန်မိသားစုသခင်ကြီးက ဖျတ်ခနဲ သူ့ရှေ့မှာ ဒူးထောက်ချလိုက်တော့တယ်။
“ရွှမ်ရွှမ်းကျောက်စိမ်းက ဘိုးဘေးကြီးရဲ့ ပိုင်ဆိုင်မှုကျောက်စိမ်းပဲ၊ ဘိုဘေးကြီးက ဘာဖြစ်လို့ ခိုးတာဖြစ်ရမှာလဲ”
“ရှန်ချိုးယန်မှာ အဲဒီ့ မလိမ်မာတဲ့ တိရစ္တာန်က ဘိုးဘေးကြီး မသေခင်မှာ ဘိုးဘေးကြီးရဲ့အထွတ်အမြတ်ရတနာကို ထိရဲခဲ့တယ်လေ”
ဒီအချိန်မှာ အရက်သောက်ပြီး ပျော်ပါးနေတဲ့ ရှန်ချိုးယန်က ရှန်မိသားစုအိမ်တော်ကို ပြန်ရောက်လာခဲ့တယ်။ စည်းကားနေတဲ့မြင်ကွင်းကို ကြည့်လိုက်ပြီး မိန်းမလှလေးဆီက ဝယ်လာတဲ့ လက်ကိုင်ပဝါကို သိမ်းလိုက်ကာ ဘာမှမဖြစ်သလို အမူအရာနဲ့ လျှောက်လာခဲ့တော့တယ်။
“အဘိုး၊ ဦးလေး ဘာတွေလုပ်နေတာလဲ၊ ဘာဖြစ်လို့ ဒီနေရာမှာ ဒူးထောက်နေရတာလဲ၊ ကျွန်တော်တို့ဘိုးဘေးကြီး ချန်ထားခဲ့တဲ့ ပစ္စည်းကောင်းတွေကို နောက်ထပ် ရှာတွေ့လို့လား”
သူ့စကားမဆုံးခင်မှာပင် ဝိညာဥ်စွမ်းအင်စီးကြောင်း တစ်ခုက ကောင်းကင်ပေါ်ကို ထောင်တက်သွားပြီး သူ့ကို ခပ်ကြမ်းကြမ်း လာရိုက်မိတော့တယ်။
ရှန်ချိုးယန်က နောက်ကို မီတာတော်တော်များများ လွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်မှာလဲ မရေမတွက်နိုင်တဲ့ အစင်းရာတွေ ထင်သွားတော့တယ်။ သူက အရိုးတွေကျိုးသွားသလို ခံစားလိုက်ရပြီး နာကျင်မှုကြောင့် မြေကြီးပေါ်မှာ လူးလှိမ့်နေတော့တယ်။
“သေလိုက်ပါတော့၊ ဘယ်သူက ရှန်အိမ်ထဲမှာ ဒီလိုလုပ်ရဲတာလဲ ကြည့်အုံးမယ်”
အဲလိုလုပ်ခဲ့တဲ့သူက သူ့ကို အမြဲတမ်းချစ်ခဲ့တဲ့ သူ့အဘိုးဖြစ်နေတာကို မြင်လိုက်ရတဲ့အခါ မယုံမကြည်နဲ့ သွေးတွေကို အန်ထုတ်မိသွားတော့တယ်။
“အဘိုး ကျွန်တော် ချိုးယန်လေ”
“အဘိုးက ကျွန်တော့်ကို ဘယ်လိုလုပ်ပြီး ရိုက်ရက်တာလဲ”
ရှန်မိသားစုသခင်ကြီးက ယောင်ယမ်းနေတဲ့ မျက်နှာတစ်ခုဖြစ်နေပြီး ညှာတာတဲ့ဟန် မပြလေဘူး။ သူ့အတွက်တော့ ရှန်မိသားစုက ရှန်ချိုးယန်ထက် အဆတစ်ရာ ပိုပြီး အရေးကြီးတယ်လေ။ ရှန်မိသားစုရဲ့ဘိုးဘေးက ရှန်ချိုးယန်ထက် အဆတစ်ထောင် ပိုပြီးတော့ အရေးကြီးတာပေါ့။
သူလိုချင်သ၍ အနာဂတ်မှာ မရေမတွက်နိုင်အောင်များတဲ့ မြေးတွေကို ရနိုင်သေးတယ်။ ဒါပေမဲ့ သူ့မှာ ဘိုးဘေးက ဒီတစ်ယောက်ထဲပဲ ရှိတာ။
“ငါတို့ရဲ့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ရွှမ်ရွှမ်းကျောက်စိမ်းကိုမှ မင်းက ခိုးရဲရတယ်လို့၊ နောက်ကွယ်မှာတောင် ရောင်းပစ်လိုက်သေးတယ်”
ရှန်မိသားစုခေါင်းဆောင်က ကြမ်းတမ်းပြီး ဒေါသထွက်နေတဲ့အကြည့်တစ်ခုနဲ့ ရှန်ချိုးယန်ကို ကြည့်လိုက်တယ်။ သူက ပြောရင်းဆိုရင်း ရှန်ချိုးယန်ကို နာနာကျည်းကျည်း ရိုက်နှက်တော့တယ်။
“မင်းက သစ္စာမဲ့တယ်၊ မသိတတ်မလိမ်မာဘူး၊ သနားညှာတာမှုမရှိတဲ့အပြင် တရားမျှတမှုလဲ မရှိဘူး၊ မင်းက အရမ်းကို ရဲတင်းလွန်းတာမှ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ကို ကျူးလွန်ခဲ့သေးတယ်”
ရှန်ချိုးယန်မှာ အသက်ရှူရပ်သွားတဲ့အထိကို အရိုက်ခံရတော့တယ်။ သိပ်မဝေးလှတဲ့နေရာက ရှန်မိသားစုရဲ့သခင်ကြီးကို တွေ့လိုက်ရပြီးတဲ့နောက်မှာ သူက သူအချစ်ရဆုံး ဝမ်းကွဲဖြစ်တဲ့ သူ့ဦးလေးဆီကို လေးဘက်ထောက်သွားပြီး အကူအညီတောင်းတော့တယ်။
“ဦးလေး ကျွန်တော့်အဘိုးက ရူးသွားပြီဗျ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါအုံး”
သူ့ကို လှမ်းကြည့်နေတဲ့သခင်ကြီးက ရှေ့ကို နှစ်လှမ်းလောက်လျှောက်လာပြီး ဒေါသထွက်နေတဲ့ ရှန်မိသားစုသခင်ကြီးဆီကို ရောက်လာကာ အေးစက်စက် မျက်နှာထားတစ်ခုနဲ့ ဝိညာဥ်ကြာပွတ်တစ်ခုကို ကမ်းပေးလိုက်တယ်။
“ဒါကိုသုံး”
“မီးကြာပွတ်က အရိုက်ခံရစဥ်အတွင်းမှာ လူတစ်ယောက်ကို နိုးထနေအောင် လုပ်ထားပေးနိုင်တယ်။ ဒီတော့ သူက သတိလစ်မေ့မြောသွားမှာ မဟုတ်ဘူး”
ရှန်ချိုးယန်က မယုံမကြည်နဲ့ သခင်ကြီးကိုကြည့်လိုက်ပြီး ဟိန်းဟောက် ပြောဆိုတော့တယ်။
“ဦးလေး ဦးလေးရူးနေလား၊ အဘိုးက ကျွန်တော့်ကို ရိုက်နှက်ပြီး အသေသတ်ချင်နေတာလေ”
သူတို့က အခုလေးတင် ရှန်မိသားစုသခင်ကြီး ပြောလိုက်တဲ့စကားကို သတိရသွားပြီး ချက်ချင်း ပြောလိုက်တော့တယ်။
“ရွှမ်ရွှမ်းကျောက်စိမ်းကို ခိုးတဲ့သူခိုးက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ၊ ကျောက်စိမ်းကိုခိုးသွားတာ ရှန်ဟုန်လေ”
“ကျွန်တော်တို့တွေ ရွှမ်ရွှမ်းကျောက်စိမ်းကို သူ့ကိုယ်ပေါ်မှာ တွေ့ခဲ့တာ မဟုတ်ဘူးလား”
ရှန်ချိုးယန်က ဒီစကားလုံးတွေက သူ့ကို လွတ်မြောက်အောင် ကူညီပေးနိုင်မယ်လို့ အစက ထင်ထားခဲ့ပေမဲ့လဲ သူ့စကားဆုံးသွားပြီးတဲ့နောက်မှာ ရှန်မိသားစုရဲ့သခင်ကြီးနဲ့ အိမ်တော်ထိန်းတွေ သူ့ဘေးက ရှန်မိသားစုဝင်တွေ အားလုံးကတောင် သူ့ကို ကျောထဲစိမ့်တဲ့ အကြည့်တစ်ခုနဲ့ ကြည့်လိုက်မယ်လို့ ထင်မထားခဲ့ဘူး။
သူက သူတို့တွေမှာ ဒီလို အမူအရာတွေ ရှိနေရတဲ့ အကြောင်းအရင်းကို မသိရှာဘူး။ ရှန်မိသားစုခေါင်းဆောင်ရဲ့ လက်ထဲက မီးကြာပွတ်က အားကုန်သုံးပြီး သူ့ဆီ ရောက်လာတာကို တွေ့လိုက်ရတော့တယ်။
သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အုတ်မြစ်တည်ကျင့်ကြံခြင်းအဆင့်ပဲ ရှိသေးတာကြောင့် ရှောင်လွှဲဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘဲ အရိုက်ခံလိုက်ရပြီး နာနာကျင်ကျင်နှင့် အော်ဟစ်ရုံပဲ တတ်နိုင်တော့တယ်။
စူးလီက ဒီပွဲကြီးပွဲကောင်းကို စောင့်ကြည့်ရင်း ပျင်းရိပျင်းတွဲနဲ့ ပြောလိုက်တော့တယ်။
[ဒီရှန်မိသားစုသခင်ကြီးက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ၊ ရွှမ်ရွှမ်းကျောက်စိမ်းက သူ့မြေးနဲ့ ပတ်သက်နေတယ်ဆိုတာကို သိပြီးသား မဟုတ်ဘူးလား]
[မနေ့တုန်းကတော့ ရှန်ဟုန်ကို အပြစ်ပေးခွင့်ပေးထားပြီး လုံးဝကို ဂရုမစိုက်ခဲ့တာလေ၊ သူက ဝမ့်ကျန့်ဂိုဏ်းကို သတိပေးချင်လို့ ဝမ့်ကျန့်ဂိုဏ်းသားတွေအားလုံးရဲ့ရှေ့မှာ ရှန်ဟုန်ကို ကွပ်မျက်ဖို့တောင် လုပ်ချင်နေသေးတာ]
[ဟုတ်လိုက်တဲ့လူကြီး၊ သာမာန်လူတစ်ယောက်ကို မှားယွင်းစွပ်စွဲထားပြီးတော့ အဆင်ပြေတယ်ပေါ့၊ ဒါပေမဲ့လဲ အခုကြတော့ သူက သူရဲ့ဘိုးဘေးကို မှားယွင်းစွပ်စွဲမိပြီးတဲ့အခါ ပြန်ပြင်ဆင်ဖို့ ကြိုးစားချင်နေသေးတာလား]
ရှန်မိသားစုရဲ့သခင်ကြီးက သူ့လက်ထဲက လွှဲယမ်းနေတဲ့ မီးကြာပွတ်ကို ရုတ်တရက် ရပ်လိုက်တော့တယ်။
ရှန်မိသားစုသခင်ကြီးက သိပ်မဝေးလှတဲ့ ကျောက်တိုင်နားမှာ ဘာမှမဖြစ်သလို မှီနေပြီးရပ်နေတဲ့ ရှန်ဟုန်ရဲ့ ပုံရိပ်ကိုလှမ်းကြည့်လိုက်တယ်။ သူ့ရဲ့ ဖြောင့်တန်းနေတဲ့ကျောပြင်က ရုတ်တရက် ကိုင်းကျသွားပြီး လူတစ်ကိုယ်လုံးကလည်း ရုတ်ခြည်းဆိုသလို နှစ်တစ်ရာလောက် ပိုပြီး အိုသွားတဲ့ဟန် ဖြစ်သွားတော့တယ်။
သူ့ရဲ့ ညာဘက်လက်က အားလျော့သွားပြီး သူ့လက်ထဲက မီးကြာပွတ်ကလဲ ခပ်အုပ်အုပ် အသံတစ်ခုနဲ့ မြေကြီးပေါ်ကို ကျသွားတော့တယ်။
လူအုပ်ကြီးရဲ့ ဇဝေဇဝါဖြစ်နေတဲ့ အကြည့်အောက်မှာ ရှန်မိသားစုသခင်ကြီးက ရှန်ဟုန်ရှိရာဘက်ကို လေးလေးနက်နက်နဲ့ ဒူးထောက်ချပြီး ပြောလိုက်တော့တယ်။
“ကျွန်တော်က ကိုယ့်ဟာကိုယ် ဘက်လိုက်မိပြီး ကျွန်တော့်ရဲ့မြေး ရှန်ချိုးယန်ကို အပြစ်ကနေ ခွင့်လွှတ်ပေးဖို့ တမင်ရည်ရွယ်ထားခဲ့ပြီး ရှန်မိသားစုအိမ်က တခြားကလေးတွေကို မှားယွင်းစွပ်စွဲခဲ့မိပါတယ်”
“နောင်တမရခဲ့တဲ့အပြင် ရှန်မိသားစုရဲ့ နောက်မျိုးဆက်တွေကို မှားယွင်းစွပ်စွဲပြီး ကွပ်မျက်ချင်ခဲ့ပါတယ်”
“ကျွန်တော့်ရဲ့ဘိုးဘေးတွေရဲ့ သင်ကြားပြသခြင်းအပေါ် တကယ်ပဲ အရှက်ရခဲ့မိပါတယ်။ ကျွန်တော်က ရှန်မိသားစုသခင်ကြီး ဖြစ်ဖို့ မထိုက်တန်ပါဘူး”
ရှန်မိသားစုသခင်ကြီးက သူ့ခေါင်းကို မြေကြီးနဲ့ရိုက်လိုက်တော့တယ်။
“ဒီနေ့ ကျွန်တော်က ရှန်မိသားစုခေါင်းဆောင်နေရာကနေ လက်လျှော့လိုက်ဖို့ လိုလိုလားလားရှိပြီး အကြီးအကဲထံမှလဲ အပြစ်ဒဏ်ကို လိုလိုလားလား ခံယူပါ့မယ်”
ရှန်ဟုန်က မြေကြီးပေါ်မှာ ဒူးထောက်နေကြတဲ့ ရှန်မိသားစုဝင်တွေကို ကြည့်လိုက်ပြီး ရှန်မိသားစုသခင်ကြီးရဲ့ စိတ်ရင်းအတိုင်း ဝန်ခံနေတဲ့စကားကို နားထောင်နေလိုက်ပေမဲ့ သူ့မျက်လုံးထဲမှာ ဘာအပြောင်းအလဲမှ မဖြစ်သွားလေဘူး။
သူက ရေမသောက်ရတာ အလွန်ကြာသွားပြီဖြစ်တဲ့အတွက် သူ့အသံက အနည်းငယ် ခြောက်ကပ်နေတော့တယ်။
“ဒီတော့ အကြီးအကဲရဲ့စကားအရ ကျွန်တော်က ရှန်မိသားစုရဲ့ဘိုးဘေး ပြန်ဝင်စားတာပေါ့ ဟုတ်လား”
သူ့ရှေ့မှာ ဒူးထောက်နေတဲ့ မဟာအကြီးအကဲက မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ခေါင်းညိတ်လိုက်တယ်”
“ဟုတ်ပါတယ် ကျွန်တော်တို့ရဲ့ဘိုးဘေးပါ”
“ဒီ သရုပ်သဏ္ဌာန်က မှန်ကန်တာဖြစ်ဖြစ် မှားနေတာဖြစ်ဖြစ် တကယ်လို့များ ကျွန်တော့်မှာ ဒီသရုပ်သဏ္ဌာန်သာ မရှိခဲ့ဘူးဆိုရင်...”
ရှန်ဟုန်ရဲ့ အသံထဲမှာ ခံစားချက်တွေ သိပ်ပြီး မပါလေဘူး။
“ကျွန်တော်က ဒီနေ့ ခင်ဗျားတို့ရှေ့မှာ သူခိုးဆိုတဲ့ပြစ်မှုနဲ့ သေရမှာပေါ့ ဟုတ်လား”
ဒီကိစ္စ မတိုင်ခင်တုန်းကတော့ ဒီနေရာက လူအားလုံးက သူ့ကို အထင်သေးရွံရှာဟန်နဲ့ ကြည့်ခဲ့ကြတာ ရွှမ်ရွှမ်ကျောက်စိမ်းက သူနဲ့ဘာမှမဆိုင်ဘူးဆိုတာ သူတို့တွေက သိခဲ့ကြတာတောင် သူတို့ရဲ့အကြည့်တွေက လုံးဝ ပြောင်းလဲမသွားခဲ့ဘူး။
သူတို့တွေရဲ့မျက်လုံးထဲမှာတော့ သူက ကိုယ်စားအပြစ်ခံတဲ့သူအဖြစ် အသုံးချခံလိုက်ရတဲ့ ပုရွက်ဆိတ်တစ်ကောင်သာသာပဲ ဒါပေမဲ့ ဒီနေ့ကြတော့ အမှန်လား အမှားလားမသိရတဲ့ နောက်ထပ် သရုပ်သဏ္ဌာန်တစ်ခုကို ရရှိလိုက်ပြီး ဒီလူတွေက သူ့ကို အရမ်းကိုမှ တလးတစား ရှိနေကြပြန်တယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့တွေက ရွှမ်ရွှမ်ကျောက်စိမ်းကို ခိုးသွားတဲ့ တကယ့်တရားခံကို ဖော်ထုတ်လိုက်ကြတယ်။
လူသားတွေရဲ့ဘဝကို အထင်သေး အာဏာကိုမြှောက်ပင့် အားနည်းသူကို အနိုင်ကျင့်တယ်။ ဒါက ရှန်မိသားစုတဲ့လား။
...