← Chapters

အခန်း ၄၄

Vol. 3 Ch. 44

အခန်း ၄၄

Vol. 3 Ch. 44

အပိုင်း (၄၄)

ဒါကိုမြင်လိုက်ပြီးတဲ့နောက်မှာ စူးလီက အခိုက်အတန့်ဆိုသလို ကြောင်အမ်းအမ်း ဖြစ်သွားတယ်။ အဆောင်လေးထဲကို ရောက်နေတဲ့ ခြေလှမ်းက ရပ်တန့်သွားကာ ခြံဝန်းထဲက ကျောက်တုံးထိုင်ခုံပေါ်မှာ ဖြည်းဖြည်းလေး ထိုင်ချလိုက်တော့တယ်။

သူမက လက်တစ်ဖက်နဲ့ ကျောက်စားပွဲပေါ်ကို ထောက်ထားလိုက်ပြီး ကျန်တဲ့လက်တစ်ဖက်ကတော့ တံခါးနားမှာ ရှိနေတဲ့သူကို အေးအေးဆေးဆေးနဲ့ လက်ဝှေ့ယမ်းပြလိုက်တယ်။

“ဝင်လာချင်ရင် ဝင်လာလေ”

တံခါးနားမှာ ယောင်လည်လည်လုပ်နေတဲ့ ရှန်ချန်းဟန်က သူမရဲ့အသံကို ကြားလိုက်ရတဲ့အချိန်မှာ အလန့်တကြား ဖြစ်သွားခဲ့တယ်။

သူမက ပျာယာခပ်သွားပြီး ခြံဝန်းထဲမှာ ထိုင်နေတဲ့လူကို လှမ်းကြည့်လိုက်ပြီး သူမရဲ့ နှောင့်ယှက်မှုက စူးလီကို စိတ်မပျော်မရွှင် ဖြစ်သွားမှာ စိုးရိမ်မိသွားတော့တယ်။

ရှန်မိသားစုမှာ သူမရဲ့ကျင့်ကြံခြင်းက အဆင့်နိမ့်ပြီး သူမကို ကာကွယ်ပေးဖို့ မိဘတွေလဲ မရှိဘူး။ ဒီတော့ သူမက ဂရုတစိုက် နေဖို့ပဲ ရှိတော့တာပေါ့။ တကယ်လို့များ သူမက အဆင့်မြင့်ကျင့်ကြံသူတွေကို ဒေါသထွက်အောင် လုပ်ခဲ့မိရင် သူတို့တွေက အသာလေးတစ်ချက်လောက် ရိုက်လိုက်တာနဲ့ သူမရဲ့လက်ရှိခန္ဓာကိုယ်က အဲဒီ့ ရိုက်ချက်ကို လုံးဝ သည်းခံနိုင်မှာ မဟုတ်ဘူးလေ။

ဒါကြောင့်မလို့လဲ သူမက အမြဲတမ်း သတိနဲ့နေနေရတာပေါ့။ ဒီတစ်ခါလဲ သူမက ဝမ့်ကျန့်ဂိုဏ်းသားတွေကို အဲလောက်တောင် မြင်တွေ့ချင်စိတ် မဖြစ်ခဲ့ဘူးဆိုရင် သူမက ဒီလိုစွန့်စားမှုမျိုးကို ဘယ်တော့မှ လုပ်လိမ့်မှာမဟုတ်ဘူး။

သူမက စူးလီရဲ့အကြည့်ကို မြင်လိုက်ရတဲ့အချိန်မှာတော့ တုံ့ဆိုင်းသွားတော့တယ်။

နှောင့်ယှက် ခံလိုက်ရတဲ့အတွက် ရွံရှာတာ အထင်သေးတာ ဒေါသဖြစ်တာမျိုးတွေ မရှိနေဘူး။

စူးလီက သူမကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကြည့်နေတယ်။ သူမရဲ့ မျက်လုံးတွေက ကြည်လင်သိမ်မွေ့ပြီး မမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့ မိတ်ဆွေတစ်ယောက်ကို ကြည့်နေတဲ့ပုံ ဖြစ်နေတယ်။

ရှန်ချန်းဟန်က အမှတ်တမဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပတ်ဝန်းကျင်မှာ သူမကလွဲရင် ဘယ်သူမှ မရှိဘူးဆိုတာကို အတည်ပြုလိုက်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်ပြီး ခြေလှမ်းတွေကို ဂရုတစိုက် လှမ်းရင်း ခြံဝန်းထဲသို့ ဝင်လာတော့တယ်။ စူးလီရဲ့ရှေ့မှာ ရပ်လိုက်ပြီးတော့ သူမက တလေးတစားနဲ့ မြန်မြန်ဦးညွှတ် နှုတ်ဆက်လိုက်တယ်။

“ဝမ်ပေ့ ရှန်ချန်းဟန်၊ ချန်ပေ့ကို နှုတ်ဆက်ပါတယ်”

စူးလီက ဒီနာမည်ကိုကြားလိုက်တဲ့အခါ မတတ်သာတော့ဘဲ ခေါင်းခါမိသွားတော့တယ်။ ဘယ်လိုဖြစ်ပြီးတော့ နာမည်ကပါ လာပြီး ဆင်တူနေရတာလဲ။

ရွှင့်ချန်ဂိုဏ်းမှာနေခဲ့တဲ့ ပိုင်ကျစ်ယွင်ကို စဥ်းစားမိလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ မကြုံစဖူး ရှင်းမပြတတ်တဲ့ နူးညံ့တဲ့အငွေ့အသက်တစ်ခု ပေါ်လာတော့တယ်။

အစတုန်းက ရှန်ချန်းဟန်ကို နှုတ်ဆက်ဖို့ပဲ စိတ်ကူးရှိထားတဲ့ စူးလီက စကားလမ်းကြောင်း ပြောင်းလိုက်ပြီး သူမရဲ့ဘေးက ကျောက်တုံးထိုင်ခုံကို ညွှန်ပြလိုက်တယ်။

“ထိုင်ပါအုံး”

“ကျေးဇူးတင်ပါတယ် ချန်ပေ့”

ရှန်ချန်းဟန်က နည်းနည်းလေး ကြောက်ရွံ့နေပေမဲ့ စူးလီရဲ့ သဘောကောင်းတဲ့ ခံစားချက်ကို တွေ့လိုက်ရတဲ့အခါ သူမရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာလိုက်ပြီး ကျောက်တုံးထိုင်ခုံပေါ်မှာ ဂရုတစိုက် ထိုင်ချလိုက်တယ်။

စူးလီက သူမဆီ မကြာခဏဆိုသလို ရောက်လာတဲ့ အကြည့်ကို ခံစားမိလိုက်ပြီး မသိမသာ မျက်ခုံးပင့်လိုက်တယ်။ သူက ဘာဖြစ်လို့များ ငါ့ဘေးမှာ အန္တရာယ်ရှိနေတဲ့ပုံစံနဲ့ အဲလောက်အထိ သတိထားနေရတာလဲ။

ရှန်ချန်းဟန်က နောက်တစ်ကြိမ် ခိုးပြီးကြည့်လိုက်တဲ့အခါ သူမရဲ့ သတိထားတဲ့ အပြုအမူကို စဥ်းစားမိလိုက်ပြီး သူမက မနေနိုင်ဘဲ ခေါင်းကိုလှည့်လိုက်ပြီး သူမရဲ့အကြည့်နဲ့ မတော်တဆ တွေ့ဆုံသွားအောင် လုပ်လိုက်တော့တယ်။

ရှန်ချန်းဟန်က ရုတ်တရက် အလန့်တကြား ဖြစ်သွားပြီး ခေါင်းကို မြန်မြန်ငုံ့ထားလိုက်တယ်။

“နင်မေးချင်တာရှိတာ ဘာမဆို မေးလို့ရတယ်လေ”

စူးလီက ပျင်းပျင်းရိရိနဲ့ သမ်းဝေလိုက်တယ်။ သူမက တခြားသူတွေနဲ့ စကားပြောရတာထက် အတင်းပြောရတာကိုပဲ ပိုကြိုက်တာလေ။

ရှန်ချန်းဟန်က ခေါင်းမော့လိုက်တဲ့အခါ စူးလီရဲ့ အေးအေးလူလူ ဖြစ်နေတဲ့ပုံစံကို မြင်လိုက်ရတယ်။ သူမက သတ္တိကို ကြိုးစားစုဆောင်းလိုက်ပြီး အမြဲတမ်း သိချင်နေတဲ့မေးခွန်းတစ်ခုကို မေးလိုက်တော့တယ်။

“ချန်ပေ့ ဝမ့်ကျန့်ဂိုဏ်းက အရမ်းကို ကောင်းမွန်တဲ့ ဂိုဏ်းတစ်ခုလား”

သူမက စျေးထဲမှာ သာမာန်ကျင့်ကြံသူတွေဆီက ကြားခဲ့တဲ့ ဝမ့်ကျန့်ဂိုဏ်းအကြောင်းကို ပြန်စဥ်းစားလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ အမှတ်တမဲ့ မျှော်လင့်ချက် အရိပ်တစ်ခု ပေါ်လာတော့တယ်။

ဝမ့်ကျန့်ဂိုဏ်းက ကျင့်ကြံရေးလောကမှာ အကောင်းဆုံး ဓားသိုင်းကျင့်ကြံသူတွေရှိတဲ့ နေရာလေ။ သူက မရေမတွက်နိုင်တဲ့ ဓားသိုင်းကျင့်ကြံသူတွေနဲ့ သီခြားကျင့်ကြံသူတွေ ဝင်ရောက်ချင်တဲ့ဂိုဏ်းတစ်ခုပေါ့။ ဒါပေါ့။ သူမကလဲ သူတို့ထဲက တစ်ယောက်ပဲ။

သူမက သိစိတ်ကို ပြန်ရလာပြီးကတည်းက အကြောင်းတစ်ခုခုကြောင့် သူမရဲ့လက်ထဲမှာ ဓားတစ်ချောင်းတော့ ကိုင်ထားသင့်တယ်လို့ ခံစားမိနေတယ်လေ။

သူမက ဓားကို ကျွန်းကျွမ်းကျင်ကျင် ဝှေ့ရမ်းပြီး နေ့တိုင်း ဓားတစ်ချောင်းနဲ့ ရှိနေသင့်တယ်လို့ ထင်တယ်လေ။ အခုလောလောဆယ်တော့ သူမက ဒီအခြေအနေ မရောက်သေးသလို ဝိညာဥ်ဓားကိုတောင်မှ မမနိုင်သေးပါဘူး။

ဒါကြောင့်မလို့ သူမက နေ့တိုင်း ဘယ်လောက်ပဲအလုပ်များနေပါစေ တောင်အနောက်ဘက်မှာ အချိန်တစ်ခုပေးပြီး ဓားသိုင်းကို ကျင့်ကြံရတာပေါ့။ သူမက နှစ်နှစ်ဆယ်နီးပါး ဒီလိုဘဲ ဇွဲရှိရှိနဲ့ လုပ်လာခဲ့တာ။

သစ်သားဓားတစ်ချောင်း ဖြစ်နေတယ် ဆိုရင်တောင်မှပေါ့။ သူမရဲ့ဓားစွမ်းအင်က မြက်တစ်ပင်ကိုတောင် မဖြတ်နိုင်သေးဘူး ဆိုပေမဲ့ပေါ့။

သူမက ဓားတစ်ချောင်းကို မဝှေ့ယမ်းနိုင်ဘူးဆိုရင် ဓားသိုင်းကျင့်ကြံသူတစ်ယောက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့လဲ ကိုယ့်ဟာကိုယ် စဥ်းစားမိခဲ့တယ် ဆိုရင်တောင်မှပေါ့။

စူးလီက သူမရဲ့မျက်လုံးထဲက စိတ်ခံစားချက်တွေကို အာရုံမစိုက်လေဘူး။ ရှန်ချန်းဟန်ရဲ့ မေးခွန်းကို ကြားလိုက်ပြီးတဲ့နောက်မှာ သူမက လက်တစ်ဖက်နဲ့ မေးကို ထောက်ထားလိုက်ပြီး ကောင်းကင်စာအုပ်ထဲက ဝမ့်ကျန့်ဂိုဏ်းအကြောင်းကို ဖတ်ခဲ့ဘူးတဲ့အကြောင်း ပြန်စဥ်းစားလိုက်တယ်။ သူမရဲ့အမူအရာက ရှင်းမပြတတ်အောင် ဖြစ်သွားတယ်။

“ဝမ့်ကျန့်ဂိုဏ်း... ဟုတ်ပြီလေ”

“တကယ်တော့ ဝမ့်ကျန့်ဂိုဏ်းက...”

သူမက ရှားရှားပါးပါး စကားလုံးတွေကို စဥ်းစားလိုက်ပြီးတော့ နောက်ဆုံးမှာ တိုးတိုးလေး ပြောလိုက်တော့တယ်။

“ဝမ့်ကျန့်ဂိုဏ်းက လူတွေအားလုံးက သာမန်တော့ မဟုတ်ကြဘူး”

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက အမျိုးသမီးလို ဝတ်စားထားတတ်တဲ့ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးနေပြီး အဲဒီလူကို သွားတွေ့တတ်တယ်။ ဒီ့အပြင် သူ့ငွေအရင်းအနှီးကို ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ အရူးလို လှည့်စားခံလိုက်ရတယ်။

ဝမ်ကျန့်ဂိုဏ်းသားတွေကတော့ ...

စူးလီက သူတို့ကိုယ်သူတို့ သင်းကွပ်တတ်ကြတဲ့ ယောက်ျားလေးဓားသိုင်း ကျင့်ကြံသူတွေနဲ့ တခြားသူတွေရဲ့အဓိက အသက်သွေးကြောကို ဖြတ်တောက်ပစ်တတ်ကြတဲ့ မိန်းကလေးဓားသိုင်း လေ့ကျင့်သူတွေအကြောင်း စဥ်းစားလိုက်ပြီး သူမရဲ့ခေါင်းကို နှုတ်ဆိတ်နေရင်း တဖက်ကို လှည့်ထားလိုက်တော့တယ်။

“ဟုတ်တယ် ဝမ့်ကျန့်ဂိုဏ်းကလူအားလုံးက ပုံမှန်မဟုတ်ဘူး”

ပုံမှန်မဟုတ်ဘူး တဲ့လား။

ရှန်ချန်းဟန်က သူမကို အူကြောင်ကြောင်လေး ကြည့်လိုက်တယ်။ ရုတ်တရက်ဆိုသလို သူမက တစ်ခုခုကို နားလည်သွားတဲ့ပုံပဲ။ သူမက စူးလီကို တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။

“ချန်ပေ့ ဝမ့်ကျန့်ဂိုဏ်းကလူတွေ အားလုံးက ကျင့်ကြံရေးမှာ အရမ်းကိုကြိုးစားလို့ သူတို့တွေက ပုံမှန်မဟုတ်ကြတာလား”

သူမက အဲဒီ့ သာမာန်ကျင့်ကြံသူတွေ ဆွေးနွေးကြတဲ့ အကြောင်းအရာကို ပြန်စဥ်းစားမိလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ လေးစားအားကျမှုအပြည့် ဖြစ်သွားတော့တယ်။

“ကျွန်မကြားထားတာကလေ ဝမ့်ကျန့်ဂိုဏ်းသားတွေက အင်မတန်မှ အရည်အချင်းရှိတဲ့အပြင် အလုပ်လဲအရမ်းကို ကြိုးစားကြတယ်တဲ့၊ သူတို့တွေက နေ့တိုင်း ၆နာရီကျော်လောက်တဲ့အထိ ဓားသိုင်းကျင့်ကြံခြင်းကို ပြုလုပ်ကြတယ်တဲ့”

စူးလီက နေ့တိုင်း ၁၁နာရီလောက် လေ့ကျင့်တတ်တဲ့ တတိယဂိုဏ်းတူအစ်ကိုအကြောင်းကို စဥ်းစားမိလိုက်ပြီး အခိုက်အတန့် နှုတ်ဆိတ်သွားပြီးနောက် ပြောလိုက်တယ်။

“နင်ပြောတာက.... မှန်တယ်”

သူမက ဝမ့်ကျန့်ဂိုဏ်းနဲ့ ပတ်သက်တဲ့ စိတ္တဇအတင်းအဖျင်း အကြောင်းကို စဥ်းစားလိုက်ပြီးနောက် ဝမ့်ကျန့်ဂိုဏ်းကို ချက်ချင်းပဲဝင်ချင်နေတဲ့ စိတ်အားထက်သန်မှုကို ပြနေတဲ့ ရှန်ချန်းဟန်ကို ကြည့်လိုက်ပြီး မရင်းနှီးတဲ့ အမူအရာတစ်ခုနဲ့ စကားလမ်းကြောင်း ပြောင်းလိုက်တော့တယ်။

“အရမ်းနောက်ကျနေပြီလေ နင် အိမ်မပြန်သေးဘူးလား နင့်မိဘတွေက မစိုးရိမ်ကြဘူးလား”

“ကျွန်မရဲ့ မိဘတွေ....”

ရှန်ချန်းဟန်က ခေါင်းငုံ့ထားလိုက်ပြီး သူမရဲ့ အသံကလဲ အနည်းငယ် ချိနဲ့သွားတော့တယ်။ သူမက ခေါင်းကို တစ်ဖန်ပြန်မော့လာတဲ့အခါ စူးလီကို အားတင်းပြီး ပြုံးပြလိုက်တယ်။

“ကျွန်မက ကြီးနေပါပြီလေ၊ ကိုယ့်ဟာကိုယ် စောင့်ရှောက်နိုင်ပါတယ်”

သူမရဲ့ စကားတွေကို ကြားလိုက်ပြီးတဲ့အခါ စူးလီက နောက်ဆုံးတော့ ရှန်ချန်းဟန်ဝတ်ထားတဲ့ အဝတ်အစားကို သတိထားမိသွားတော့တယ်။ ရှန်ချန်းဟန်က နည်းနည်းလေး သေးနေတဲ့ လီနင်သားအင်္ကျီတစ်ထည်ကို ဝတ်ထားပြီး အပေါ်မှာလဲ ဖာထေးရာတွေ အပြည့်ဖြစ်နေတယ်။ သူမက သူမရဲ့ခြေထောက်နဲ့ ကောင်းကောင်းလေး ကိုက်ညီမှုမရှိတဲ့ ကောက်ရိုးဖိနပ်ကို ဝတ်ထားပြီးတော့ သူမရဲ့ ခြေကျင်းဝတ်မှာလဲ အမာအရွတ်လေးတွေ ပေါ်နေတယ်။

သူမရဲ့ခန္ဓာကိုယ်က အရမ်းကို ပိန်ပါးလွန်းပြီး မျက်နှာကလဲ ဖျော့တော့ အားချိနဲ့နေတယ်။ ဒါပေမဲ့ သူမရဲ့မျက်လုံးတွေကတော့ ကျားကုတ်ကျားခဲကြိုးစားပြီး စွဲလန်းမှုအပြည့်နဲ့ တောက်လောင်နေတဲ့ မီးတောက်တစ်ခုလို ဖြစ်နေတယ်။

စူးလီက တစ်ခုခုကို မှတ်မိသွားတဲ့ပုံပဲ။ သူမရဲ့မျက်နှာက အခိုက်အတန့် ညိုမည်းသွားတော့တယ်။ အဲဒီနောက်တော့ သူမရဲ့ မျက်ခုံးတွေကို မသိမသာပင့်လိုက်ပြီး သူမရဲ့အသံကလဲ ခံစားချက် မဲ့နေတော့တယ်။

“နင့်မိဘတွေက နင့်အပေါ်မှာ အရမ်းကို ရက်စက်ကြတာလား”

ရှန်ချန်းဟန်က သူမရဲ့မိဘတွေ သူမအပေါ်ထားတဲ့ သဘောထားကို အစောကြီးကတည်းက ကျင့်သားရနေပြီဖြစ်တဲ့အတွက် တခြားသူတွေရဲ့ရှေ့မှာ ဘာတစ်ခွန်းမှ ပြောဖို့စိတ်ကူး မရှိခဲ့ဘူး။

ဒါပေမဲ့ စူးလီရဲ့ ကြည်လင်ပြီးသိမ်မွေ့တဲ့ အကြည့်ကို မြင်လိုက်တဲ့အခါ အကြောင်းတချို့ကြောင့် ရုတ်တရက်ဆိုသလို အရင်က တစ်ခါမှ မခံစားခဲ့ရဘူးတဲ့ ဝမ်းနည်းတဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရတယ်။

သူမက ခေါင်းကိုငုံ့ထားလိုက်ပြီး အလွန်မှတိုးညင်းတဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။

“သူတို့တွေက ကျွန်မကို လုံးဝသဘောမကျကြဘူးလေ... ဟင့်အင်း သူတို့တွေက ကျွန်မကို အရမ်းမုန်းတယ်လို့တောင် ပြောလို့ရတယ်။ ကျွန်မက ကျွန်မညီမလေးလို ထူးခြားတဲ့အရည်အချင်းတွေ မရှိသလို ကျန်းမာတဲ့ခန္ဓာကိုယ်လဲ မရှိဘူးလေ”

“ဖြစ်နိုင်ရင်လေ သူတို့တွေက ကျွန်မကို သေသွားစေချင်နေကြတာ၊ ဒါမှ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မလာမှာလေ”

သူတို့တွေက ဆောင်းတွင်း သေလောက်အောင်အေးတဲ့အချိန်မှာ ကျွန်မရဲ့ပြတင်းပေါက်တွေကို တမင် လာဖွင့်ထားတတ်တယ်။ ကျွန်မကို သုံးလေးရက်လောက် မေ့နေသလို တမင်ဟန်ဆောင်နေတတ်တယ်။ ကျွန်မကို ဘာအစားအသောက်မှ မထောက်ပံ့ပေးကြဘူး။ သူတို့တွေက လမ်းပေါ်မှာ အလုပ်များနေသလိုနဲ့ ကျွန်မကို တမင်တကာ မေ့ထားတတ်ကြတယ်”

ရှန်ချန်းဟန်က ပြောပြီးသွားတဲ့အခါ ငေးငေးငူငူလေးနဲ့ ရပ်သွားတယ်။ သူမက မေ့ပစ်လိုက်တာ မဟုတ်ဘူးပဲ။ ဒီအတိုင်း သူမရဲ့စိတ်ထဲမှာ ဒီဝမ်းနည်းမှုတွေကို အတင်းမျိုသိပ်ထားခဲ့တာပဲ။

သူမက အရမ်းကို အားအင်ချိနဲ့လွန်းတဲ့အတွက် ဘယ်သူကမှ သူမကို ဂရုမစိုက်ကြဘူး။ ဘယ်သူကမှလဲ သူမမိဘတွေအကြောင်း ညည်းညူတဲ့စကားကို နားထောင်ဖို့ ဆန္ဒမရှိကြဘူး။

စူးလီက သူမရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမရဲ့ နဂိုက အေးအေးလူလူ ဖြစ်နေတဲ့အတွေးက တဖြည်းဖြည်း ပိုပြီးလေးနက်လာတယ်။ သူမရဲ့ မျက်ခုံးတွေကလဲ မသိမသာ တွန့်ချိုးသွားတော့တယ်။

သူမက ခေါင်းငုံ့ထားပြီး စကားဆက်မပြောတော့တဲ့ ရှန်ချန်းဟန်ကို လှမ်းကြည့်လိုက်ပြီး သူမရဲ့သိုလှောင်အိတ်ကို ဖြည်းဖြည်းချင်း ထုတ်လိုက်တယ်။

တစ်ခြားသူတွေကို နှစ်သိမ့်ပေးတာထက် ရိုးရှင်းပြီးထိရောက်တဲ့ နည်းလမ်းတစ်ခုနဲ့ ထောက်ပံပေးတာကို ပိုသဘောကျတယ်လေ။

သူမက သိုလှောင်အိတ်ထဲက ထုတ်လာတဲ့ပစ္စည်းတွေကို ကျောက်စားပွဲပေါ် တင်လိုက်ပြီး သူမရဲ့အသံကလဲ ရုတ်တရက်ဆိုသလို ပိုပြီး သူရဲကောင်းဆန်လာတော့တယ်။

“တစ်ချက်လောက် ကြည့်လိုက်ပါအုံး ဒီပစ္စည်းတွေထဲက နင် ဘယ်တစ်ခုကို သုံးချင်လဲ”

ရှန်ချန်းဟန်က ဒီလိုစကားတွေကို ကြားရလိမ့်မယ်လို့ ထင်ထားခဲ့တာ။ မမှားဖူးတဲ့မိဘဆိုတာ မရှိဘူး။ နင့်မိဘတွေက နင့်ကို ဒီအသက်အရွယ်အထိ ပြုစုပျိုးထောင်ပြီးပြီပဲ။ ဒီအပြုအမူတွေနဲ့ မိဘတွေကို မသိတတ်မလိမ်မာ ထင်ကြေးပေးနေတာတွေ မလုပ်သင့်ဘူး စသဖြင့်ပေါ့။

ဒါပေမဲ့ မမျှော်လင့်ဘဲ စူးလီရဲ့တုံ့ပြန်ပုံက သူမမျှော်လင့်ထားတာထက် လုံးဝကို ကျော်လွန်သွားတော့တယ်။

သူမက ကျောက်စားပွဲပေါ်မှာ ချပြထားတဲ့ပစ္စည်းသုံးခုကို အူကြောင်ကြောင်လေး ကြည့်လိုက်ပြီး ဇဝေဇဝါနဲ့ ခေါင်းကို လှည့်လိုက်ကာ စူးလီကို ဂရုတစိုက် ပြောလိုက်တော့တယ်။

“ချန်ပေ့ ဒါတွေက ဘာတွေလဲ”

စူးလီက တုံးတိလေသံတစ်ခုနဲ့ ဘယ်ဘက်ကနေ ညာဘက်ကို ရှင်းပြသွားတယ်။

“ဒါက အဝါရောင်နွေဦးဝတ်ဆံ အရောင်မရှိ အနံမရှိဘူး ဝတ်ဆံတစ်ခုက ကျင့်ကြံသူတစ်ယောက်ကို သေတဲ့အထိ အဆိပ်ဖြစ်အောင် လုပ်ပေးနိုင်တယ်။ ဒီပစ္စည်းကို ဝိညာဥ်စွမ်းအင်အစားအသောက်ထဲ ထည့်လိုက်မယ်ဆိုရင် မြင့်မြတ်အသွင်ပြောင်းခြင်း ကျင့်ကြံသူ တစ်ယောက်ကတောင် ဒါကို ခံစားမိမှာမဟုတ်ဘူး”

“ဒါက ဟွမ့်ချန်ကျီး၊ ကျင့်ကြံသူတစ်ယောက်ရဲ့ မူလ အရိုးတွေနဲ့ သွေးတွေအားလုံးကို အစားထိုးပေးနိုင်ပြီး သူ့ကို အတိတ်နဲ့ ဘာဆက်စပ်မှုမှမရှိတဲ့ လူသစ်တစ်ယောက်အဖြစ် လုံးဝ ပြောင်းလဲသွား ပေးနိုင်တယ်”

ရှန်ချန်းဟန်ရဲ့ အမူအရာက ပိုပြီးတော့ ရှုပ်ထွေးလာခဲ့တယ်။

“ပြောချင်တာက...”

စူးလီက လက်တစ်ဖက်နဲ့ မေးကိုထောက်ထားလိုက်ပြီး အပြုံးတစ်ခုနဲ့ သူမကို ကြည့်လိုက်တယ်။

“ကျင့်ကြံရေးလောကမှာ မိဘတွေကို တိုက်ခိုက်တယ်ဆိုတာ မကောင်းတဲ့ လုပ်ရပ်တစ်ခုလေ၊ သူတို့တွေက ဘာပဲပြောနေပါစေ သူတို့တွေကို ဖိနှိပ်ဖို့အတွက် မိဘရဲ့နာမည်ကို သုံးနှုန်းရတာကလဲ အမှန်တကယ် စိတ်ပျက်စရာကောင်းပြီး တတ်နိုင်တာမရှိဘူးလေ”

“ဒီတော့ နင်က အရင်ဆုံး ဒီမျိုးဆက်ကို ပြောင်းလဲလို့ရတယ်”

သူမက လုံးဝ ပင်ပန်းနွမ်းနယ်နေတဲ့ ရှန်ချန်းဟန်ရဲ့ ခန္ဓာကိုယ်က အခိုက်အတန့် တုံ့ဆိုင်းသွားတာကို ခံစားမိလိုက်ပြီး တခစ်ခစ် ရယ်မောလိုက်တယ်။

“ဒါဆိုရင် ဒီ ဟွမ်ချွမ်အမတေကို နင့်ကိုပေးလိုက်ပြီ”

သူမက နောက်ပြောင်ကျီစယ်သလို မျက်လုံးမှိတ်ပြလိုက်တယ်။

“ဒါကိုသုံးပြီး နင်ကြိုက်တာ လုပ်လို့ရတယ်”

ရှန်ချန်းဟန်က သူမရဲ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ ကျောက်စားပွဲပေါ်က ဝိညာဥ်ရတနာနှစ်ခုကို တွေတွေလေး ကြည့်နေမိတယ်။

သူမ ဘာစဥ်းစားနေမှန်းတော့ မသိပါဘူး။ ဒါပေမဲ့ သူမရဲ့ခေါင်းကို ပြန်လှည့်လာတဲ့အချိန်မှာ သူမရဲ့မျက်လုံးထဲမှာ အရင်က လေးစားမှုအစား ခံစားချက်နဲ့ ရင်းနှီးမှုတစ်ခု အရိပ်အရောင် ပေါ်နေတော့တယ်။

ချန်ပေ့က..... တခြားကျင့်ကြံ သူတွေနဲ့ တကယ်ကို ကွာခြားတာပဲ။

သူမက သူ့ကို အထင်မသေးသလို သနားစရာရုပ်ကြောင့်လဲ အထင်မသေးဘူး။ သူမကို သဘောထားကြီးခိုင်းတာလဲ မလုပ်သလို သူမရဲ့ စိတ်ကူးထဲက သားသမီးကျင့်ဝတ်နဲ့ ဆန့်ကျင်နေတယ်လို့လဲ မထင်ခဲ့ဘူး။

ချန်ပေ့က ဒီလိုရယ်စရာနည်းလမ်းကို အသုံးပြုလိုက်ပြီး သူမရဲ့စိတ်ထဲက အထုံးတွေကို ကူညီပြီး ဖြေလျှော့ပေးရင်း သူမကို နှစ်သိမ့်ပေးလိုက်တာပဲ။

ခပ်ရေးရေး အပြုံးတစ်ခုက ရှန်ချန်းဟန်ရဲ့ နှုတ်ခမ်းပေါ်မှာ ပေါ်လာတော့တယ်။ သူမက သူမကို နားလည်ပေးနိုင်ပြီး သူမရဲ့ ဒေါသတွေကိုတောင် ဖွင့်ချဖို့ ခွင့်ပြုပေးနိုင်တဲ့ သူတစ်ယောက်ကို ရလိုက်တဲ့အတွက် အရမ်းကို ပျော်ရွှင်မိတော့တယ်။

သူမက စူးလီကို သူမရဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်ပြီး စိတ်မပူစေချင်ဘူး။ ဒါကြောင့်ပဲ သူမက ပြုံးလိုက်ကာ နောက်ဆုံးကျန်တဲ့ ဝိညာဥ်ရတနာကို လက်ညှိုးထိုးပြလိုက်ပြီး သူမရဲ့အသံထဲမှာလဲ ရှားရှားပါးပါး အသက်ဝင်တဲ့အရိပ်အရောင် ဖြစ်သွားတော့တယ်။

“ဒါဆိုရင် ချန်ပေ့ ဒီတစ်ခုကရော ဘာလဲ”

သူမရဲ့မေးခွန်းကို ကြားလိုက်ပြီးတဲ့နောက်မှာ စူးလီက ဆေးလုံးတစ်လုံးဖြစ်တဲ့ နောက်ဆုံးဝိညာဥ်ရတနာကို ကြည့်လိုက်တယ်။

သူမက အသံထဲမှာ စိတ်လှုပ်ရှားမှုတွေ ပျောက်ဆုံးသွားပြီး စိတ်နဲ့ကိုယ်မကပ်သလို ပြောလိုက်တယ်။

“ဒါကလေ... နင့်ကို အိပ်မက်ကောင်းတစ်ခု မက်အောင်လုပ်ပေးနိုင်တယ် အိပ်မက်ထဲမှာ နင်လိုချင်တဲ့အရာအားလုံး ရနိုင်တယ်၊ နင့်မိဘရဲ့ချစ်ခြင်းတွေ မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေပေါ့...”

သူမက စကားပြောလိုက်ပြီးတဲ့နောက်မှာ ပျင်းရိလေးတွဲစွာနဲ့ ထပ်ပြောလိုက်တယ်။

“နင်က ဒါကို ကြိုက်တာလား၊ ကြိုက်တယ်ဆိုရင်လဲ ယူလိုက်လေ”

ရှန်ချန်းဟန်က ဝိညာဥ်ရတနာသုံးခုကို လေးလေးနက်နက် ကြည့်ရှုလိုက်ပြီးတဲ့နောက်မှာ ပြုံးကာ ခေါင်းခါပြလိုက်တယ်။

“ချန်ပေ့ ဒီဝိညာဥ်ရတနာတွေက အရမ်းကို အဖိုးထိုက်တန်ပါတယ် ဒါတွေကို ပြန်သိမ်းထားလိုက်ပါ”

သူမရဲ့ အဖြေကိုကြားလိုက်တဲ့အခါ စူးလီက သူမကို မော့ကြည့်ပြီး ပြောလိုက်တယ်။

“ငါ့အတွက်တော့ ဒီပစ္စည်းတွေက အမှိုက်တွေနဲ့မကွာခြားပါဘူး”

သူမက စကားပြောလိုက်ပြီးတဲ့နောက်မှာ သူမရဲ့အသံထဲမှာ သံသယတစ်ခု ဖြစ်သွားတော့တယ်။

“နင်က ဒီပစ္စည်းတွေကို မသုံးချင်တာလား”

ရှန်ချန်းဟန်က စူးလီကို ကြည့်လိုက်ပြီး လေးလေးနက်နက် ခေါင်းခါပြလိုက်တယ်။

“ကျေးဇူးတင်ပါတယ် ချန်ပေ့၊ ဒါပေမဲ့ ကျွန်မအထင်တော့ ကျွန်မက ဒါတွေကို တကယ် မလိုလောက်ပါဘူး”

သူမက မျက်နှာပေါ်မှာ တောက်ပတဲ့ အပြုံးတစ်ခုကို ဆောင်ထားလိုက်တယ်။

“ကျွန်မရဲ့ခန္ဓာကိုယ်ပေါ်မှာ သူတို့ရဲ့သွေးတွေရှိနေတယ်၊ ဒါက ကျွန်မရဲ့အမှားမဟုတ်ဘူးလေ၊ သူတို့တွေရဲ့ အမှားကြောင့် ချန်ပေ့ရဲ့ ဝိညာဥ်ရတနာကို ကျွန်မအတွက် အလကား သုံးစရာမလိုပါဘူး”

“နောက်ကျရင် ကျွန်မက သူတို့တွေကို သူစိမ်းလိုပဲ ဆက်ဆံချင်ပါတော့တယ်၊ သူတို့ရဲ့သဘောထားတွေကို ဂရုစိုက်တော့မှာ မဟုတ်သလို သူတို့ရဲ့လုပ်ရပ်တွေကိုလဲ နာကျည်းမုန်းတီးနေတော့မှာ မဟုတ်ဘူး။ ကျွန်မက ကျွန်မရဲ့ရည်မှန်းချက်အတွက်ပဲ ကြိုးစားလုပ်ကိုင်ဖို့ လိုတာပါ သူတို့တွေက ကျွန်မရဲ့အချိန်အများကြီးကို အလကားဖြုန်းဖို့ မတန်ပါဘူး”

ရှန်ချန်းဟန်က သူမရဲ့ခန္ဓာကိုယ်က အရမ်းကို ချိနဲ့နေတဲ့အတွက် ဘယ်လောက်တောင် ကြာကြာခံမယ်ဆိုတာ မသိတဲ့အကြောင်းကိုတော့ မပြောပြလိုက်ဘူး။ ဒါပေမဲ့လည်း သူမရဲ့မျှော်လင့်ချက်ကို လေးလေးနက်နက် တမ်းတမ်းတတ ဖြစ်တဲ့အကြောင်းဖော်ပြလိုက်တယ်။

“ကျွန်မရဲ့ ကျင့်ကြံရေးအဆင့်တွေ ပိုပြီးမြင့်လာတဲ့အချိန်ကျရင် ကျွန်မက ရှန်မိသားစုကနေ ထွက်သွားပြီး ကျွန်မရဲ့ ကိုယ်ပိုင်သစ်သားဓားလေးနဲ့ လောကကြီးထဲကို ထွက်သွားမှာပါ။ ကျွန်မမှာ ကောင်းမွန်တဲ့အရည်အချင်း မရှိဘူးဆိုပေမဲ့လဲ ဓားဝိညာဥ်ကို နားလည်နိုင်စွမ်းက အဆင့်မြင့်တဲ့အရည်အချင်း မလိုအပ်ဘူးလို့ ကြားဖူးတယ် ပြောလို့တော့မရဘူးပေါ့....”

စူးလီက ရှန်ချန်းဟန်ရဲ့ စကားတွေကိုနားထောင်လိုက်ပြီး သူမကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်လိုက်ရင်းက လေးစားတဲ့အရိပ်တစ်ခုနဲ့ ပြောလိုက်တယ်။

“နင့်မှာ ဓားသိုင်းကျင့်ကြံသူတွေမှာ ရှိသင့်တဲ့ စိတ်နှလုံးရှိတယ်၊ ဖြူစင်သန့်ရှင်းပြီး ဇွဲလုံလရှိတယ်”

ဒီအခိုက်အတန့်မှာ သူမက ရှန်ချန်းဟန်အကြောင်းကို နည်းနည်းလေး စပ်စုချင်စိတ် ရုတ်တရက် ဖြစ်သွားတယ်။ ဒီလို ကောင်းမွန်တဲ့ အကျင့်စရိုက်ရှိတဲ့ လူတစ်ယောက်က ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်လာရသလဲ။

သူမက ကောင်းကင်စာအုပ်ကို ဖွင့်တော့မဲ့ဆဲဆဲမှာဘဲ ရုတ်တရက်ဆိုသလို သိပ်မဝေးလှတဲ့နေရာက အသံတစ်ခု ထွက်လာခဲ့တယ်။

“တာအိုရောင်းရင်းစူး နေ့လယ်ခင်း လက်ဖက်ရည်သောက်ဖို့ အချိန်ရောက်ပါပြီ”

ရှောင်းရှီးကလက်ထဲမှာ လင်ဗန်းတစ်ခုကိုကိုင်ထားပြီး လင်ဗန်းထဲမှာတော့ ဝိညာဥ်စွမ်းအင်မုန့်တွေအပြင် ဝိညာဥ်သစ်သီးနဲ့ ဝိညာဥ်လက်ဖက်တို့ကို အထူးတလည် ရောယှက်ထားတဲ့ သစ်သီးလက်ဖက်ရည်တစ်ခုလဲ ပါလေတယ်။

ဒီနှစ်ရက်အတွင်းမှာ ရှောင်းရှီးက လူတစ်ယောက်ကိုဘယ်လို အလိုလိုက်ရမယ်ဆိုတာကို အပြည့်အဝ နားလည်သွားတော့တယ်။ တစ်ရက်ကို လက်ဖက်ရည်နဲ့မုန့် နှစ်ကြိမ် တစ်ရက်ကို ဝိညာဥ်သစ်သီး သုံးကြိမ် သူရဲ့အားတဲ့အချိန်တိုင်း အသီးခြောက်တွေ...။

ဒါပေမဲ့ သူမလက်ခံရရှိထားတဲ့ ဝိညာဥ်ဆေးပင်တွေအကြောင်း စဥ်းစားမိလိုက်တဲ့အချိန်မှာ သူမက ထပ်ပြုံးလိုက်ပြီး စူးလီရှိရာဆီကို မြန်မြန်လျှောက်လာခဲ့တယ်။

“ချန်ပေ့... ချန်ပေ့မှာ လုပ်စရာရှိသေးတယ်ဆိုတော့ ကျွန်မဆက်ပြီး မနှောင့်ယှက်တော့ပါဘူး”

ယောင်းရှီးရဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ ရှန်ချန်းဟန်က သူမက စူးလီကို အချိန်အကြာကြီး နှောင့်ယှက်ခဲ့မိတဲ့အကြောင်း ရုတ်တရက် သဘောပေါက်သွားတယ်။ သူမက မြန်မြန် ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ခြံဝန်းထဲက ခပ်သွက်သွက်လျှောက်ပြီး ထွက်သွားတော့တယ်။ စူးလီက သူမရဲ့ကျောပြင်ကို လှမ်းကြည့်လိုက်ပြီး သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ပျင်းပျင်းရိရိ ပိတ်ချလိုက်တယ်။

အင်းပါ အရင်ဆုံး နေ့လယ်ခင်း လက်ဖက်ရည် သောက်ကြတာပေါ့။

...

All Chapters