အခန်း ၄၅
Vol. 3 Ch. 45
အပိုင်း(၄၅)
နောက်တစ်နေ့ ရှန်မိသားစု ဟွေ့ယွမ်ခန်းမ
ဝမ့်ကျန့်ဂိုဏ်သားတွေနဲ့ ရှန်မိသားစုဝင်တွေက ခန်းမရဲ့ တစ်ဖက်တစ်ချက်ဆီမှာ ရပ်နေကြပြီး မိသားစုရဲ့အကြီးအကဲအဖြစ် တာဝန်ယူထားတဲ့ မဟာအကြီးအကဲက အမြင့်ဆုံးနေရာမှာ ရပ်နေပြီး သိက္ခာရှိ ကျက်သရေရှိတဲ့ အကြည့်တစ်ခုနဲ့ အောက်ကိုကြည့်နေတယ်။
တံခါးဆီက ဝင်လာတဲ့ဆူညံသံကို ကြားလိုက်ရတဲ့အခါ ရှဲ့ယိက မနေနိုင်တော့ဘဲ သူ့မျက်လုံးထဲမှာ မျှော်လင့်ချက် သိလိုစိတ်အရိပ်တစ်ခုနဲ့ ကြည့်လိုက်တယ်။ နတ်ဓားခန္ဓာကိုယ်အတုက ဓားသိုင်းကျင့်ကြံသူတစ်ယောက်အတွက် အလွန်မှကောင်းမွန်တဲ့ ကိုယ်ထည်တစ်ခု ဖြစ်ပြီးသားလေ။
တကယ်လို့ မမျှော်လင့်ထားတာ ဘာတစ်ခုမှ ဖြစ်မလာခဲ့ဘူးဆိုရင် ရှန်မိသားစုရဲ့ ဒီမျိုးဆက်က သူ့အငယ်ဆုံး ဂိုဏ်းတူညီမလေး ဖြစ်လာလိမ့်မယ်။
ခန်းမရဲ့တံခါးဝနားမှာ ခမ်းနားတဲ့ အဝတ်အစားကို ဝတ်ဆင်ထားတဲ့ ရှန်ယွိကျူးက ခေါင်းကိုမော့ထားလိုက်ပြီး ဟွေ့ယွမ်ခန်းမထဲကို တစ်လှမ်းချင်းလျှောက်လာခဲ့တယ်။
နှစ်ဖက်စလုံးက မျက်လုံးတွေက သူမကို အနီးကပ်စိုက်ကြည့်နေတာကို ခံစားလိုက်ရတဲ့အခါ ရှန်ယွိကျူးက အနည်းငယ် ပျာယာခတ်သွားတယ်။ ဒါပေမဲ့လဲ မနေ့က သူမရဲ့အဖေ သူမကိုပြောခဲ့တဲ့စကားကို စဥ်းစားမိလိုက်တဲ့အချိန်မှာ ချက်ချင်းဆိုသလို တည်ငြိမ်သွားပြီး သူမရဲ့မျက်လုံးထဲမှာ ဝင့်ကြွားတဲ့အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။
အဖေပြောတာမှန်တယ်။ ဒီလူတွေက ကျင့်ကြံဆင့်အရ သူမထက် ပိုပြီးအစွမ်းရှိတယ်ဆိုပေမဲ့ ဘယ်သူကမှ သူမရဲ့အရည်အချင်းကို ယှဥ်ပြိုင်နိုင်မှာ မဟုတ်ဘူး။
သူမက ဝမ့်ကျန့်ဂိုဏ်းထဲကို ဝင်သွားတာနဲ့ သူတို့ထက် သာလွန်မှာ မကြာတော့ဘူး။
သူမက ဒီနေ့ သူမ ဝမ့်ကျန့်ဂိုဏ်းထဲကို ဝင်သွားတဲ့မြင်ကွင်းကို အစ်မဖြစ်သူကို ပြချင်သေးတယ်။
ရှန်ချန်းဟန်က တံခါးနားမှာ ရပ်ပြီး အခမ်းအနားကို စောင့်ကြည့်နေတဲ့အကြောင်း စဥ်းစားမိလိုက်တော့ သူမက ပိုပြီး ဝင့်ကြွားတဲ့ဟန်နဲ့ ရှေ့ကိုလျှောက်သွားလိုက်တယ်။ ဒီနေ့ကစပြီး ရှန်ချန်းဟန်ကတော့ သူမရဲ့ခြေထောက်အောက်မှာ ရပ်ပြီး သူမကို နှိမ့်နှိမ့်ချချနဲ့ မော့ကြည့်ရုံဘဲ တတ်နိုင်တော့တယ်။
သူမက ခန်းမအလယ်မှာ ရပ်လိုက်ပြီး အပေါ်က အကြီးအကဲကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ဝမ့်ကျန့်ဂိုဏ်းသားတွေရှိ့တဲ့ ဘက်ကို လှည့်လိုက်ကာ အဆင့်တူပုံစံတစ်ခုနဲ့ နှုတ်ဆက်လိုက်တယ်။
“မင်္ဂလာပါ အစ်ကိုနဲ့အစ်မတို့၊ ကျွန်မက ဓားခန္ဓာကိုယ်တစ်ခုနဲ့ မွေးဖွားလာတဲ့ ရှန်ယွိကျူးပါ” သူမက အတုဆိုတဲ့စကားကို ထည့်မပြောလိုက်ဘဲ ဂုဏ်ယူဝင့်ကြွားဟန်နဲ့ ဝမ့်ကျန့်ဂိုဏ်းသားတွေကို ကြည့်လိုက်ပြီး သူတို့ရဲ့ အားကျစိတ် မနာလိုအကြည့်တွေကို စောင့်ဆိုင်းနေလိုက်တယ်။
သူမက ဓားခန္ဓာကိုယ်တစ်ခုနဲ့ မွေးဖွားလာတာလေ။ သူမရဲ့ ခန္ဓာကိုယ်ကို အားမကျတဲ့ ဘယ်ဓားသိုင်းကျင့်ကြံတဲ့သူတွေ ရှိမှာလဲ။
ရှဲ့ယိက သူမရဲ့ပေါ့ပျက်ပျက် ခြေလှမ်းတွေနဲ့ သူမရဲ့အမူအရာထဲက ထောင်လွှားပြီး ပျင်းရိနေတဲ့ပုံစံကို ကြည့်လိုက်ပြီး မသိမသာ မျက်မှောင်ကြုတ်လိုက်တယ်။
နတ်ဓားခန္ဓာကိုယ်အတုတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ဆိုတာ တည်ကြည်ခိုင်မာတဲ့ အကျင့်စရိုက်တစ်ခုရှိရမယ်။ မောက်မာထောင်လွှားခြင်းတွေ စိတ်မရှည်တာမျိုးတွေ မရှိသင့်ဘူးလေ။ ဒါပေမဲ့ ရှန်ယွိကျူးက ဘာဖြစ်လို့များ...
ခန်းမထဲမှာ ရှန်မိသားစုဝင်အားလုံးက ထောင်လွှားနေတဲ့ရုပ်တွေ ဖြစ်နေပြီး ရှန်ယွိကျူးရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး မှားယွင်းတယ်လို့ မထင်ထားကြဘူး။
အခုတော့ ဘိုးဘေးက ရှန်မိသားစုကနေ ထွက်သွားပြီး ရှန်မိသားစု ပြန်လည်ရှင်သန်လာဖို့အတွက် မျှော်လင့်ချက်ကို ရှန်ယွိကျူးအပေါ်မှာပဲ ထားနိုင်တော့တယ်။
နတ်ဓားခန္ဓာကိုယ်အတုက ဘိုးဘေးရဲ့အရည်အချင်းထက် အများကြီးနိမ့်ကျတယ် ဆိုပေမဲ့ ဒီနေ့ ရှန်မိသားစုအတွက်တော့ အင်မတန်မှအဖိုးတန်ပြီးသား ဖြစ်တယ်။
ဒီလိုပါရမီရှင်တစ်ယောက်ကို အားလုံးအ တလေးတစားနဲ့ လေးစားအားကျတာ ဖြစ်သင့်တာပေါ့။ ဝမ့်ကျန့်ဂိုဏ်းသားတွေ အပါအဝင်လေ။
ရှန်ဖုန်းကဲက ရှန်မိသားစုကြားထဲမှာ ရပ်နေပြီး အလယ်ကရှန်ယွိကျူးကို ကြည့်ရင်း ဝင့်ကြွားမိသလို စိတ်အေးရသွားတော့တယ်။
အပြင်လောကကလာတဲ့အသံက ရှားပါးတယ်။ ဘယ်လိုဖြစ်ပြီး အချိန်တိုအတွင်းမှာ နှစ်ခါလောက်တောင် ပေါ်လာနိုင်တာလဲ။
တစ်ထစ်ချပြီး ပြန်စဥ်းစားကြည့်လိုက်ရင် အပြင်လောကက လာတဲ့အသံက တကယ်ပဲ ရောက်လာတယ်ဆိုရင်တောင် တစ်ခုခု မှားယွင်းနေတာကို ထုတ်ပြောနိုင်မှာ မဟုတ်လောက်ဘူး။
နောက်ဆုံး ဒီကိစ္စက လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀နီးပါးက ဖြစ်သွားခဲ့တာလေ။ တစ်ခါတလေ သူတောင်မှ ဒီအကြောင်းကို မေ့လုနီးပါး ဖြစ်နေပြီ။
[ဟဲ့ ဒီနတ်ဓားခန္ဓာကိုယ်အတုက ကြည့်လေကြည့်လေ ပိုပြီး တစ်ခုခုမှားနေသလို ဘာဖြစ်လို့ ခံစားနေမိတာလဲ]
ရှန်းဖုန်းကဲက အခိုက်အတန့်ဆိုသလို နေရာမှာတင် အေးခဲသွားတော့တယ်။
သူကလွဲရင် ရှန်မိသားစုရဲ့ မိသားစုဝင်အားလုံးက လက်မခံနိုင်တဲ့ အကြည့်တွေ ဖြစ်သွားတော့တယ်။ တစ်ခုခု မှားနေတာတဲ့လား။
သူတို့တွေက ရှန်ယွိကျူးရဲ့ ခန္ဓာကိုယ်ကိုအကြိမ်ကြိမ် စစ်ဆေးပြီးပြီလေ အကြိမ်တိုင်းမှာ သူမက နတ်ဓားခန္ဓာကိုယ်အတု ပိုင်ဆိုင်ထားတာကိုပဲ တွေ့ခဲ့ရတာပဲ။
တကယ်လို့များ တစ်ခုခုမှားယွင်းခဲ့တယ်ဆိုရင် သူတို့က အဲဒီ့ စစ်ဆေးတဲ့ကျောက်တုံးကို စားပစ်လိုက်အုံးမယ်။
စူးလီက ရှန်မိသားစုရဲ့ ထောင့်မှာထိုင်နေပြီး ခန်းမထဲက မြင်ကွင်းကို ပျင်းပျင်းရိရိနဲ့ ကြည့်နေတယ်။ ရှန်ယွိကျူး ပေါ်လာတဲ့အခါ သူမရဲ့စိတ်ထဲမှာ ရုတ်တရက်ဆိုသလို ရှင်းမပြတတ်တဲ့ ဆန့်ကျင်တဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရတယ်။
ဒီလိုနဲ့ သူမက သိစိတ်ပင်လယ်ထဲမှ ကောင်းကင်စာအုပ်ကို ကျွန်းကျွမ်းကျင်ကျင်နဲ့ လှန်လှောလိုက်တယ်။
[ဟင် ]
[ရှန်ယွိကျူးက ရှန်ချန်းဟန်ရဲ့ အစ်မတဲ့လား]
သူမက ရှန်ဖုန်းကဲနဲ့ သူ့မိန်းမက ညီအစ်မနှစ်ယောက်ကို ဆက်ဆံတဲ့ပုံစံ ကွာခြားနေတာကို သိလိုက်မိပြီး မနေနိုင်ဘဲ မျက်မှောင်ကြုတ်သွားတော့တယ်။
[ရှန်ချန်းဟန်က သူတို့ကို မုန်းတီးတဲ့စိတ်များ ရှိခဲ့ဖူးလို့လား၊ သူတို့တွေက ဘာဖြစ်လို့ သူတို့ရဲ့ကလေးတွေကို ဒီလိုလုပ်တာလဲ___]
[နေအုံး__ ငါ ဘာကို မြင်လိုက်တာ]
[နတ်ဓားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူက ရှန်ယွိကျူးမှ မဟုတ်ဘဲ ရှန်ချန်းဟန်ပဲ]
[ဒါက နတ်ဓားခန္ဓာကိုယ်အတု မဟုတ်ဘူး၊ ရှန်ချန်းဟန်က နတ်ဓားခန္ဓာကိုယ် အစစ်တစ်ခုပဲ]
[ညီအစ်မနှစ်ယောက် မွေးဖွားလာပြီး ချက်ချင်းပဲ ရှန်ဖုန်းကဲနဲ့သူ့မိန်းမက ညီအစ်မနှစ်ယောက်ရဲ့ ကံတရားနဲ့သွေးတွေကို လဲလိုက်တာ]
အလို
အပြင်လောကကလာတဲ့အသံကို ကြားနိုင်ကြတဲ့ ရှန်မိသားစုဝင်တိုင်းက သူတို့ရောက်နေတဲ့နေရာမှာ ရပ်သွားတော့တယ်။ သူတို့ရဲ့မျက်နှာပေါ်က အမူအရာတွေက မနေ့တုန်းက ရှန်ဟုန်က ရှန်မိသားစုရဲ့ ဘိုးဘေးပြန်ဝင်စားတာလို့ ကြားလိုက်တုန်းကအမူအရာနဲ့ တစ်ထပ်တည်း တူညီတယ်လို့ ပြောလို့မရပေမဲ့ တော်တော်လေးကို တူညီနေကြတယ်။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ရှန်ဖုန်းကဲက ချက်ချင်း ချွေးစေးတွေ ပြန်လာပြီး သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ကြောက်စိတ်မွှန်နေတဲ့အတွက် အနည်းငယ် တုန်လှုပ်သွားခဲ့တယ်။ အပြင်လောကကလာတဲ့အသံက တကယ်သိနေတာပဲ။
သူက ဘယ်လိုလုပ်ပြီး သိနေရတာလဲ။ နှစ်၃၀တောင် ကျော်သွားပြီလေ သူ ဒါကို တိတ်တိတ်လေး လုပ်ခဲ့တာပါ။
ဘယ်လိုလုပ်ရမလဲ။ ရှန်မိသားစုဝင်အားလုံးက ဒီအကြောင်းကို သိသွားပြီး မဟာအကြီးအကဲက သူ့ကို သေချာပေါက် အလွတ်ပေးတော့မှာ မဟုတ်တော့ဘူး။
အပြင်လောကကလာတဲ့အသံက ဆက်ပြီး ပြောလိုက်တယ်။
[ကျွတ် ကျွတ် ရှန်ချန်းဟန်ရဲ့ မူလခန္ဓာကိုယ်က နတ်ဓားခန္ဓာကိုယ် ဖြစ်နေရဲ့သားနဲ့ ရှန်ယွိကျူးကို ပြောင်းပေးလိုက်တဲ့အခါ နတ်ဓားခန္ဓာကိုယ်အတု ဖြစ်သွားတာပေါ့]
[သူ့ကို နတ်ဓားခန္ဓာကိုယ်တစ်ခုနဲ့ မွေးဖွားလာခဲ့တာ၊ ရှ့န်မိသားစုတစ်ခု ပြန်လည်ထူထောင်ဖို့ မပြောနဲ့ ရှန်မိသားစုနှစ်ခု ပြန်လည်ထူတောင်မယ် ဆိုရင်တောင် လုံလောက်တယ်]
ဦးဆောင်သူအကြီးအကဲက ဆက်ပြီး ထိန်းချုပ်မထားနိုင်တော့ဘဲ ရှန်ဖုန်းကဲရှေ့ကို ဖျတ်ခနဲ ရောက်သွားပြီး သူ့ကို အားနဲ့ ပါးချလိုက်တော့တယ်။ သူရဲ့နှုတ်ခမ်းတွေက ဒေါသကြောင့် တုန်ယင်နေပြီး နောက်ဆုံးတော့ ကြမ်းကြမ်းတမ်းတမ်း ကြိမ်ဆဲလေတော့တယ်။
“တိရစ္ဆာန်ကောင်”
“မင်းက အတင့်ရဲလို့များ နတ်ဓားခန္ဓာကိုယ်ကို ရှန်ယွိကျူးခန္ဓာကိုယ်ထဲ ပြောင်းရဲရသလား”
အကြီးအကဲက သူ့ကို ခပ်ကြမ်းကြမ်း ထိုးနှက်လိုက်တယ်။ စကားလုံးတိုင်းက အံကြိတ်နေတဲ့ကြားထဲက ညှစ်ထုတ်လိုက်ရတဲ့ ပုံပါပဲ။
“ရှန်မိသားစုက မင်းလိုတိရစ္ဆာန်ရဲ့ ဖျက်ဆီးခံရတော့မယ်”
အဲဒါက နှစ်တစ်ထောင်မှာ ရှားရှားပါးပါး မြင်တွေ့ရတဲ့ နတ်ဓားခန္ဓာကိုယ်တစ်ခုလေ။
သူ့ကို ရှန်ဖုန်းကဲရဲ့လက်တွေနဲ့ ဖျက်ဆီးပစ်လိုက်တယ်။
[ရှန်မိသားစုက ၁၀နှစ်လောက် တုံးအလာခဲ့ပြီးမှ အချိန်တိုအတွင်း ဘယ်လိုဖြစ်ပြီး ဉာဏ်ကောင်းသွားရတာလဲ]
[မနေ့တုန်းက ရှန်မိသားစုရဲ့ ဘိုးဘေးကိစ္စမှာလဲ အတူတူပဲ၊ သူရဲ့ကံတရားက ပြောင်းလဲခံလိုက်ရတာကို ဘယ်လိုဖြစ်ပြီး အခုမှသိလိုက်ရတာလဲ]
[နှစ်၃၀တောင်ရှိသွားပြီ ဒီအတောအတွင်း ဘာတွေများ လုပ်နေကြတာလဲ]
ဝမ့်ကျန့်ဂိုဏ်းသားတွေက သတိပြန်ဝင်လာတော့တယ်။ ရှေ့မှာရှိနေတဲ့ ရှဲ့ယိက မယုံနိုင်သလို ရှန်ဖုန်းကဲကို ကြည့်လိုက်တယ်။
“သူက ရူးနေတာလား နှစ်ယောက်စလုံးက သူ့ကလေးပဲဟာကို ဘာဖြစ်လို့များ ကလေးတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ ဖွဲ့စည်းပုံကို တခြားကလေးဆီ ပေးပစ်ဖို့ ဆန္ဒရှိနေရတာလဲ”
အပြင်လောကကလာတဲ့အသံကလဲ သိချင်စိတ် ပြင်းပြနေလေတယ်။
[တွေ့ပြီ__ ရှန်ဖုန်းကဲနဲ့သူ့ရဲ့မိန်းမက သူတို့ရဲ့အငယ်ဆုံးသမီးကို အရမ်းအလိုက်လိုက်ရတဲ့ အကြောင်းအရင်းက ဗေဒင်ဆရာက သူတို့ကို ကြိုတင်ဟောကိန်း ထုတ်ပေးလို့တဲ့လေ]
[ဗေဒင်ဆရာက ပြောလိုက်တယ်လေ၊ ရှန်ချန်းဟန်က ထူးခြားတဲ့ အရည်အချင်းတစ်ခု ရှိနေပေမဲ့ သူက ရှန်ဖုန်းကဲနဲ့ သူ့မိန်းမကို ဘာအထောက်အပံ့မှ ဖြစ်မှာမဟုတ်ဘူးတဲ့၊ ရှန်ယွိကျူးကတော့ အရည်အချင်း နိမ့်ပါးပေမဲ့လဲ သူမရဲ့ကံကြမ္မာက ရှန်ဖုန်းကဲနဲ့ သူ့မိန်းမတို့နဲ့ ရင်းနှီးနေအောင် ချိတ်ဆက်နေတာမလို့ သူတို့တွေက အကောင်းအဆိုး ဝေမျှနိုင်တယ်တဲ့]
[အတူတူ သေဆုံးကြတာကိုရော ဆိုးတူကောင်းဖက် မျှဝေတယ်လို့ ဘာလို့မစဥ်းစားနိုင်ကြတာလဲ]
[ဗေဒင်ဆရာရဲ့စကားကို နားထောင်ခဲ့ပြီးတဲ့နောက်မှာ ရှန်ဖုန်းကဲက တားမြစ်ထားတဲ့ နည်းလမ်းတစ်ခုကို အသုံးချပြီး လူနှစ်ယောက်ရဲ့ ကံကြမ္မာ၊ အရိုးနဲ့သွေးတွေကို ပြောင်းလဲပစ်ခဲ့တယ်]
ဒါကိုမြင်လိုက်တော့ စူးလီက မနေနိုင်ဘဲ သက်ပြင်းချလိုက်တော့တယ်။
[ဒီတော့ ရှန်ချန်းဟန်က အားနည်းချိနဲ့နေရတဲ့ အကြောင်းအရင်းက မွေးကတည်းက သူရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို အစားထိုးခံလိုက်ရပြီး မိဘတွေဆီက နှိပ်စက်ညှဉ်းပန်းတာကိုလဲ ခံစားခဲ့ရပြီး ယခုအချိန်အထိ မြက်တစ်ပင်လို နေလာခဲ့ရတာကြောင့်ပေါ့]
မဟာအကြီးအကဲက အပြင်လောကကလာတဲ့အသံက ကြားလိုက်ရတဲ့အခါ အံကို တင်းတင်းကြိတ်လိုက်ပြီး ရှန်ဖုန်းကဲရှိရာဘက်ကို ဝိညာဥ်စွမ်းအင်တွေ ပို့လွတ်လိုက်တော့တယ်။
ရှန်ဖုန်းကဲက အလူးအလဲ ရိုက်နှက်ခံလိုက်ရပြီး အံကို တင်းတင်းကြိတ်ထားရတော့တယ်။
သူ ဘာအမှား လုပ်ခဲ့မိလို့လဲ။
ရှန်ချန်းဟန်က သူ့သမီးပဲ။ သူ့မှာရှိသမျှအရာအားလုံး သူမရဲ့အသက်ကိုတောင် သူက ပေးထားတာပဲ။
သူက သူမရဲ့ခန္ဓာကိုယ်ကို သူ့အတွက် အကျိုးရှိစေမဲ့ ယွိကျူးဆီကို ပြောင်းလဲပေးခဲ့ရုံ သက်သက်ပဲ သူဘာမှ အမှားမလုပ်ထားဘူး။
ရှန်ယွိကျူးက အပြင်လောကကလာတဲ့အသံကို မကြားနိုင်တော့ ဖြစ်ပျက်နေတဲ့ကိစ္စကို နားမလည်နိုင် ဖြစ်နေပြီး သူတို့ပြောနေတဲ့စကားတွေကိုလဲ နားမလည်နိုင် ဖြစ်နေတော့တယ်။
အဖေဖြစ်သူက မဟာအကြီးအကဲရဲ့ ရိုက်နှက်ခံနေရတာကို မြင်လိုက်ရပြီးတဲ့အခါ သူမက အခိုက်အတန့်တွေဝေသွားပြီး နောက်ဆုံးတော့ ရှန်ဖုန်းကဲရှေ့မှာ ရပ်လိုက်တယ်။
သူမက မဟာအကြီးအကဲ ဂရုစိုက်ဆုံးအရာကို သိထားတယ်လေ။ ဒီတော့ သူမက အကြင်နာမဲ့စွာနဲ့ ချိန်းခြောက်လိုက်တော့တယ်။
“မဟာအကြီးအကဲ၊ တကယ်လို့ ရှင်က ကျွန်မအဖေကို ဆက်ပြီး တိုက်ခိုက်နေအုံးမယ်ဆိုရင် ကျွန်မက ရှန်မိသားစုကနေ ထွက်သွားပြီး ရှန်မိသားစုကိုလဲ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး။ ကျွန်မက ရှန်မိသားစုမှာ ဖြစ်ပျက်သွားမဲ့ ကိစ္စတွေကိုလဲ ဂရုစိုက်တော့မှာ မဟုတ်ဘူးနော်”
မဟာအကြီးအကဲက သူ့လက်ကို ရပ်လိုက်ပြီး ပထမဦးဆုံးအကြိမ်အနေနဲ့ သူက ဓားခန္ဓာကိုယ်အတုရဲ့ အရောင်အဝါကို လျှော့ချလိုက်ပြီး ရှန်ယွိကျူးကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်လိုက်တယ်။
ဒီလောက် မောက်မာထောင်လွှားပြီး ကျေးဇူးကန်းတဲ့သူ သူရဲ့အရည်အချင်းကို အသုံးချပြီး ရှန်မိသားစုကို ခြိမ်းခြောက်နိုင်တဲ့သူ အဲလိုလူက ဓားခန္ဓာကိုယ်အတုလေး ပိုင်ဆိုင်ထားရုံနဲ့ ရှန်မိသားစုရဲ့ ပေါ်များကြွယ်ဝခြင်းတွေကို တကယ်ဘဲ ယူဆောင်ပေးနိုင်မှာ မလို့လား။
မြေကြီးပေါ်မှာလဲကျသွားတဲ့ ရှန်ဖုန်းကဲက စိတ်လှုပ်ရှားသွားပြီး ရှန်ယွိကျူးရဲ့ စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဆုံးဖြတ်ချက် ပြတ်သားသွားတယ်။ သူလုပ်တာ မမှားဘူး။
ရှန်ယွိကျူးက သူ့ကို ဂုဏ်အရောင်အဝါ အဆင့်အတန်းတွေ ယူလာပေးမဲ့ သမီးပဲ။
ဒီလိုစဥ်းစားလိုက်ပြီး သူက မျက်နှာပေါ်က သွေးတွေကိုသုတ်ပစ်လိုက်ပြီး ခေါင်းကိုမော့ခါ ရက်စက်တဲ့ အကြည့်တစ်ခုကို ထုတ်ပြလိုက်ပြီး တိမ်ဝင်နေတဲ့ အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။
“မဟာအကြီးအကဲ ကျွန်တော်က နှစ်ပေါင်း၃၀ကြာတဲ့အထိ ဒီခန္ဓာကိုယ်ကို ပြောင်းလဲလာခဲ့တာ ဒီခန္ဓာကိုယ်ကို အခုအချိန်မှ ပြန်ပြောင်းပစ်လိုက်ဖို့ နည်းလမ်းမရှိဘူးဆိုတာ ခင်ဗျားသိသင့်ပါတယ်”
“သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတစ်ခုစီက သူတို့ရဲ့အရိုးနဲ့သွေးထဲမှာ အစောကြီးကတည်းက ပေါင်းစပ်နေပြီးပြီ။ သူတို့ကို အတင်းကာရော အစားထိုးဖို့ လုပ်လိုက်မယ်ဆိုရင် ရှန်မိသားစုအတွက် အသုံးမဝင်တဲ့ လူပိုနှစ်ယောက် ထပ်ဖြစ်သွားလိမ့်မယ်”
ရှန်ဖုန်းကဲက မဟာအကြီးအကဲရဲ့ လက်ထဲက ထက်ရှတဲ့ဓားကို ကြည့်လိုက်ပြီး အဲဒီဓားပေါ်မှာတော့ ဝိညာဥ်စွမ်းအင်တွေ စုစည်းနေလေတယ်။ သူက ခန္ဓာကိုယ်ထဲက နာကျင်မှုကို သည်းခံထားလိုက်ပြီး သူ့အသက်အတွက် ထိတ်ထိတ်ပျာပျာ တိုက်ခိုက်တော့တယ်။
“ရလဒ်ကို လုပ်ပြီးသွားပြီဆိုတော့ ကျွန်တော်တို့က အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရမှာ မဟုတ်လား”
ခင်ဗျားက ကျွန်တော့်ကို အလွတ်ပေးလိုက်သ၍ ယွိကျူးက ခင်ဗျားဆန္ဒရှိတဲ့အတိုင်း မိသားစုရဲ့ ပြန်လည်တည်ထောင်ရေးကို သေချာဆောင်ရွက်ပေးနိုင်လိမ့်မယ်။
ဝမ့်ကျန့်ဂိုဏ်းသားတွေက မျက်မှောင်မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့တယ်။ ရှန်ချန်းဟန်နဲ့ ရှန်ယွိကျူးတို့ရဲ့ ခန္ဓာကိုယ်က မွေးကတည်းက လဲခံလိုက်ရတာ။ နှစ်ယောက်လုံးက အမေတစ်ယောက်ထဲက မွေးဖွားလာတဲ့ မောင်နှမတွေ။ ဒီတော့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထည်က သူတို့ရဲ့ လက်ရှိခန္ဓာကိုယ်ကို သခင်အဖြစ် အစောကြီးကထဲက မှတ်ယူလိုက်ပြီးသား။
ပြန်ပြောင်းဖြစ်ဖို့ နည်းလမ်း လုံးဝမရှိဘူး။
ရှန်ဖုန်းကဲပြောသလိုပဲ။ ပြောင်းလဲပြီးသွားရင် သူတို့နှစ်ယောက်စလုံးက အသုံးမဝင်တဲ့သူတွေ ဖြစ်သွားလိမ့်မယ်။
ဒါပေမဲ့ ဒီလို မကောင်းမှုအလုပ်ကိုလုပ်ခဲ့တဲ့ ရှန်ဖုန်းကဲကတော့ သေသင့်တယ်။
ရှန်မိသားစုက ရှန်ဖုန်းကဲကို အလွတ်ပေးလိုက်ပြီး ဓားခန္ဓာကိုယ်အတုအတွက် ရှန်ယွိကျူးကိုပဲ ဆက်ပြီး ထိန်းထားခိုင်းမှာလား။
ဒီလိုဆိုရင်တော့ ရှန်မိသားစုရဲ့ အရင်းအမြစ်က တကယ်ဘဲ ပုပ်သိုးသွားတော့မယ်။ တကယ်လို့ နောက်ထပ် ပါရမီရှင်တစ်ယောက်ကို မွေးဖွားလာတယ်ဆိုရင်တောင် ရလာဒ်ကလဲ ဒီလိုဘဲ ဖြစ်လာအုံးမှာပဲ။
ဒီအချိန်မှာ ရှန်မိသားစုရဲ့ သခင်ကြီးက ချီတုံချတုံနဲ့ အကြီးအကဲကို လှမ်းကြည့်လိုက်တယ်။
“အကြီးအကဲ”
သူတို့ရဲ့ ရှန်မိသားစုက သူတို့ရဲ့ဘိုးဘေးကို ဆုံးရှုံး ပြီးသွားပြီ နောက်ထပ် ပါရမီရှင်တစ်ယောက်ကို ဆုံးရှုံးဖို့ရာ တကယ်ပဲ မတတ်နိုင်တော့ဘူး။
မဟာအကြီးအကဲရဲ့ လက်ထဲက ဝိညာဥ်စွမ်းအင်တွေက စုစည်းထားဆဲပဲ။ သူက သူ့ပတ်ဝန်းကျင်က ရှန်မိသားစုဝင်တွေကို ကြည့်လိုက်ပြီး နားကွဲမတတ် အသံတစ်ခုနဲ့ အော်ဟစ်လိုက်တယ်။
“မနေ့တုန်းက ဘိုးဘေးကြီး မင်းတို့ကို သင်ကြားပေးခဲ့တာတွေကို မေ့သွားကြပြီလား”
“သူ့မှာ ဓားခန္ဓာကိုယ်အတု ရှိတယ်ဆိုတော့ရော ဘာဖြစ်လဲ၊ ရှန်ယွိကျူးရဲ့ အကျင့်စရိုက်နဲ့ဆိုရင် သူက ဒုတိယရှန်ဖုန်းကဲ သေချာပေါက် ဖြစ်လာလိမ့်မယ်”
သူ့မျက်လုံးထဲမှာ ပြတ်သားတဲ့ ခံစားချက်အပြည့် ဖြစ်နေတယ်။
“အတ္တကြီးတဲ့ သူတို့နှစ်ယောက်က ရှန်မိသားစုရဲ့ ကျဆင်းခြင်းကို ဘီးတပ်ပေးတာပဲရှိလိမ့်မယ်”
ရှန်မိသားစုဝင်တွေအားလုံးက မှင်တက် အံ့သြသွားကြပြီး တချို့က စဥ်းစဥ်းစားစားနဲ့ ခေါင်းငုံ့ထားလိုက်ကြကာ တချို့ကတော့ အတွေးထဲမှာ ရုန်းကန်နေကြတော့တယ်။
စူးလီက သူမရဲ့ ပါးစပ်ထဲက ဝိညာဥ်သစ်သီးကို ဖြည်းဖြည်းချင်း မျိုချလိုက်တယ်။ သူမက အမြဲတမ်း ဖရဲသီးစားရတာကို ကြိုက်ပြီးတော့ သူ့တို့ကိစ္စထဲမှာ ဝင်ပါဖို့ စိတ်မဝင်စားလေဘူး။
ဒါပေမဲ့ မနေ့တုန်းက ရှန်ချန်းဟန်ရဲ့ စကားကို ပြန်စဥ်းစားလိုက်မိပြီး မသိမသာ မျက်လွှာချလိုက်ရင်း သူမရဲ့မျက်လုံးထဲမှာ ခံစားချက်တွေကို ဖုံးကွယ်ထားလိုက်တယ်။ စူးလီက သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ပိတ်လိုက်ပြီး အားလုံးရဲ့ငြိမ်သက်ပြီး ကြံရာမရဖြစ်နေတဲ့ အမူအရာကို ကြည့်လိုက်ပြီး ပျင်းပျင်းရိရိ သမ်းဝေလိုက်တယ်။
“သူ့တို့တွေရဲ့ခန္ဓာကိုယ်ကို ပြန်နေရာချလို့ မရဘူးလို့ ဘယ်သူကပြောလဲ”
ဘယ်လို။
ပြန်ပြောင်းလို့ရနိုင်တာလား။
စူးလီက အားလုံးရဲ့အကြည့်ကို လစ်လျူရှုထားလိုက်တယ်။ သူမက တံခါးနားမှာရပ်နေတဲ့ ရှန်ချန်းဟန်ကို အေးအေးလူလူ လက်ရမ်းပြလိုက်တယ်။ သူမရဲ့အသံက မနေ့တုန်းကလိုဘဲ တည်ငြိမ်ပြီး ပျင်းရိလေးတွဲနေတော့တယ်။
“ဒီကို လာခဲ့”
...