အခန်း ၂၂၇
Vol. 23 Ch. 227
အခန်း (၂၂၇)
ကောင်းကင်တာအို၏ မျက်နှာသာပေးမှု၊ အဖွဲ့အစည်း ပြောင်းလဲခြင်းလော
ချင်လော့သည် ကွန်ရွှီနယ်မြေက ပါရမီရှင် ထုတ်လုပ်နိုင်စွမ်း အထူးကောင်းမွန်ပုံရကြောင်း ပြန်လည်တွေးတောမိလိုက်သည်။ စစ်မှန်သော ကံကြမ္မာသားတော်ကြီး ပေါ်မလာသေးသည်မှအပ၊ ပဉ္စမအဆင့်ရှိသော ကံကြမ္မာသားတော် အမြောက်အမြားမှာမူ ပေါ်ထွက်ခဲ့ပြီး ဖြစ်သည်။
ကျန်းထိုက်ရွှီးနှင့် ချင်ဖန်တို့မှလွဲ၍ ကျန်ရှိသော ပဉ္စမအဆင့် ကံကြမ္မာသားတော်များအားလုံးမှာ သူ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရပြီး ဖြစ်သည်။
"ဒါပေမဲ့ တစ်ယောက်ယောက်က စုယွီရဲ့ ကံကြမ္မာကို ခိုးယူသွားခဲ့တာပဲ။ အဲဒီလူမှာလည်း စနစ်တစ်ခု ရှိနေပြီး အန္တရာယ်ရှိတာကို ကြိုသိနေလို့များလား" ဟု ချင်လော့က မေးမြန်းလိုက်သည်။
[စနစ်၏ သတိပေးချက် - ဗီလိန်ဆိုသည်မှာ နောက်ဆုံးတော့ ဗီလိန်သက်သက်ပါပဲ။ သူတို့အနေနဲ့ ကံကြမ္မာသားတော်ရဲ့ အမှတ်အထားကို လွယ်လွယ်ကူကူ ရရှိနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာမျိုး ဖြစ်နိုင်မလား။]
"ဟင်..." ချင်လော့ မှင်တက်သွားခဲ့ရသည်။
အကယ်၍ ထိုသို့သာဆိုလျှင် ဤသည်မှာ သမုဒ္ဒရာထဲ၌ အပ်ရှာနေရသကဲ့သို့ ဘာမှ ထူးခြားတော့မည် မဟုတ်ချေ။
သူသည် ထိုသူခိုးကို ဘယ်နေရာမှာ သွားရှာရမည်နည်း။
သူသည် ထိုလူများကို စူးရှတောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ရာ၊ သူ၏ ထက်မြက်လှသော အကြည့်ကြောင့် ၎င်းတို့ထဲမှ လူအတော်များများ ထိတ်လန့်ချောက်ချားသွားခဲ့ကြရသည်။
သို့သော်လည်း ချင်လော့၏ အခြေအနေမှာ ပုံမှန်မဟုတ်ကြောင်း မြင်တွေ့လိုက်ရသည့်အခါ အချို့လူများ၏ စိတ်ထဲတွင် အခြားသော အတွေးများ စတင်ပေါ်ပေါက်လာခဲ့သည်။
အထူးသဖြင့် လူပုံအလယ်တွင် ချင်လော့၏ ဗြောင်ကျကျ ကြိမ်းမောင်းခြင်းကို ခံခဲ့ရသဖြင့် သိက္ခာကျထားရသော ချောင်ပါ ဖြစ်သည်။
သူသည် လူရိုင်းမျိုးနွယ်စု၏ ထိပ်သီးပါရမီရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ၊ သိက္ခာဆိုသည်မှာ သူ့အတွက် မလိုလားအပ်ဘဲ နေပါမည်နည်း။
အကယ်၍ ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသာ အပြင်သို့ ပြန့်နှံ့သွားခဲ့လျှင်၊ သူ လူရိုင်းမျိုးနွယ်စုအတွင်း၌ မည်သို့ မျက်နှာလှမ်းပြဝံ့တော့မည်နည်း။
"အားလုံးပဲ... ချင်လော့က အပြင်ဘက်မှာ ငါတို့ရဲ့ ဆွေမျိုးတွေ၊ ဂိုဏ်းတူညီအစ်ကိုတွေနဲ့ မိတ်ဆွေတွေကို အတုံးအရုံး သတ်ဖြတ်ခဲ့တာ! အခုတော့ ကလဲ့စားချေဖို့ အခွင့်အရေး ရောက်လာပြီ။ ငါနဲ့အတူ ပူးပေါင်းပြီး ချင်လော့ကို သတ်ကြစို့!"
ဝမ်ထန်သည် ဤစကားကို ကြားလိုက်ရသည့်အခါ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သော်လည်း၊ သူ၏ မျက်လုံးများကို ဝေ့ဝဲလိုက်ပြီးနောက် မည်သည့်သဘောထားမျှ ထုတ်ဖော်မပြသခဲ့ချေ။
မင်းသမီး မုရုန်းချီက ချောင်ပါကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အေးစိမ့်သော လေသံဖြင့် "ဒီမင်းသမီးက ဘေးကျပ်နံကျပ် ဖြစ်နေတဲ့လူကို အခွင့်ကောင်းယူပြီး မတိုက်ခိုက်တတ်ဘူး။ ပြီးတော့လည်း..." ဟု ဆိုလိုက်သည်။
သူမသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော သွေးနီရောင်များ စွန်းထင်းနေသည့် ကံကြမ္မာစွမ်းအင်တိုင်ကို လှမ်းကြည့်လိုက်သည်။ ယခုအခါ ထိုသွေးနီရောင်များမှာ အဆက်မပြတ် မှေးမှိန်ပျောက်ကွယ်နေခဲ့ပြီဖြစ်ရာ၊ ၎င်းမှာ ချင်လော့ကြောင့် ဖြစ်ရမည်ဟု သူမ တွေးတောမိလိုက်သည်။
ထို့ကြောင့် သူမ လှုပ်ရှားရန် ပို၍ပင် အကြောင်းမရှိတော့ချေ။
မင်းသမီး မုရုန်းချီကို စည်းရုံး၍မရကြောင်း မြင်လိုက်ရသည့်အခါ၊ ချောင်ပါသည် သူ၏ အကြည့်ကို ထန်ဟောက်ထံသို့ ချက်ချင်း ရွှေ့လိုက်သည်။
"သခင်လေးထန်... မင်းက ထာဝရရှင်သန်သူမိသားစုရဲ့ သခင်လေးတစ်ယောက်ပဲ။ ချင်လော့က ဒီလောက်အထိ မောက်မာရမ်းကားပြီး နိုင်ထက်စီးနင်းနိုင်လွန်းတာ၊ မင်းကို လုံးဝ မျက်စိထဲ ထည့်ထားတာ မဟုတ်ဘူး!"
ထန်ဟောက်၏ နှလုံးသားထဲတွင် အန္တရာယ်ရှိသော ကြိုတင်နိမိတ်တစ်ခုမှာ ပိုမိုကြီးထွားလာနေခဲ့သည်။ သူသည် မိမိ၏ သဘောထားကို ထုတ်ဖော်မပြသသေးမီမှာပင် ရှောင်ယာက ကြားဝင်စကားဆိုလာခဲ့သည်။
"ငါလည်း ဘေးကျပ်နံကျပ် ဖြစ်နေတဲ့လူကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ရတာကို စက်ဆုပ်ရွံရှာတယ်ွ။"
လင်းဟောက်က ချောင်ပါကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး "ငါက ချန်းလန်မြင့်မြတ်နယ်မြေရဲ့ ဂုဏ်သိက္ခာရှိတဲ့ သူတော်စင်တစ်ဦးပဲ။ ဘယ်လိုလုပ်ပြီး အခွင့်ကောင်းယူတဲ့ လုပ်ရပ်မျိုးကို လုပ်ပါ့မလဲ" ဟု ဆိုလိုက်သည်။
လီရှို့ယွင်ကလည်း ထပ်ကြပ်မကွာပင် "ကျွန်မလည်း စီနီယာအစ်ကို လင်းရဲ့ စကားအတိုင်းပဲ နားထောင်ပါ့မယ်" ဟု ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ သူမက စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။ 'စီနီယာအစ်မ ရှောင်ယာနဲ့ စီနီယာအစ်ကို လင်းဟောက် နှစ်ယောက်စလုံးက နဝမမင်းသားရဲ့ လူတွေ ဖြစ်နေတာပဲ။'
ထို့နောက် သူမသည် လီရှောင်နှင့် ရဲ့လင်းရွှမ်းတို့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး၊ ချောင်ပါကို တစ်ဖန် ပြန်ကြည့်ကာ သူမ၏ မျက်ဝန်းထဲတွင် သနားစဖွယ် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ကောင်းကင်မဟာမိတ်အဖွဲ့မှ ရှောင်ယာနှင့် လင်းဟောက်တို့က ဤမျှလောက်အထိ ပြတ်ပြတ်သားသား ငြင်းပယ်လိမ့်မည်ဟု ချောင်ပါ မထင်မှတ်ထားခဲ့မိချေ။ ၎င်းမှာ သူ၏ တွက်ဆမှုထက် လုံးဝ ကျော်လွန်နေခဲ့သည်။
ဤအခိုက်အတန့်တွင် သူသည် အနည်းငယ် အကျပ်ရိုက်သော အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။
ထန်ဟောက်ကလည်း ထပ်မံ၍ "ငါက ထာဝရရှင်သန်သူမိသားစုရဲ့ ဂုဏ်သိက္ခာရှိတဲ့ သခင်လေးတစ်ယောက်ပဲ၊ ဒီလို အောက်တန်းကျတဲ့ လုပ်ရပ်မျိုးကို ပိုပြီးတော့တောင် မလုပ်နိုင်ဘူး!" ဟု ဆိုလိုက်သည်။
ဟွင်ဝူဟန်ကလည်း အမူအရာမဲ့စွာဖြင့် "ကျွန်တော်လည်း သခင်လေးထန်ရဲ့ စကားအတိုင်းပဲ နားထောင်ပါ့မယ်" ဟု ပြောသည်။
ချောင်ပါ၏ အကြည့်သည် ကျွမ်းရှီဆန်းပေါ်သို့ ကျရောက်သွားခဲ့ရာ၊ တစ်ဖက်လူက အေးအေးလူလူဖြင့် "ငါ ချင်လော့ဆီမှာ ကျေးဇူးကြွေးတစ်ခု တင်ဖူးတယ်။ အကယ်၍ မင်း သူ့ကို တိုက်ခိုက်မယ်ဆိုရင် ငါ ဓားဆွဲရလိမ့်မယ်" ဟု ပြောဆိုလိုက်သည်ကို ကြားလိုက်ရသည်။
ဤအခြေအနေက ချောင်ပါကို အလွန်တရာ စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။ လူတိုင်း၏ ပြစ်တင်ရှုတ်ချခြင်းကို ခံနေရသော ချင်လော့အား ယခုအချိန်တွင် မည်သူကမျှ လာရောက်မသတ်ချင်ကြတော့သည်မှာ မည်သို့သော အဓိပ္ပာယ်နည်း။
'ကျက်သရေယုတ်လိုက်တာ... ဘာလို့ သူတို့အားလုံးက သူတော်ကောင်းယောင်ဆောင်နေကြတာလဲ!' ချောင်ပါသည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ သူသည် နောက်ဆုတ်ရန် ပြင်ဆင်လိုက်သော်လည်း၊ အခြားသူများကမူ သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိကြချေ။
လီရှောင်၏ အကြည့်များ မိမိအပေါ်သို့ ကျရောက်လာသည်ကို မြင်သောအခါ၊ သူက ပြုံးဖြီးဖြီးဖြင့် "ငါက အရှင်နဝမမင်းသားရဲ့ လူကွ" ဟု ပြောလိုက်သည်။
သူသည် သူ၏ အာဏာရှင်ပုဆိန်ကို ထမ်းကာ ဖြည်းညှင်းစွာ လှမ်းထွက်လာခဲ့ပြီး "ငါ့ရဲ့ ပုဆိန်ကြီးက ဆာလောင်မွတ်သိပ်နေပြီး စိတ်မရှည်ဖြစ်နေပြီ။ ကောင်လေး... မင်းရဲ့ ခွေးခေါင်းကို ရှေ့တိုးပေးလိုက်စမ်း၊ ငါ ပုဆိန်တစ်ချက်တည်းနဲ့ ဖြတ်ပေးမယ်!" ဟု အော်ဟစ်လိုက်တော့သည်။
ရဲ့လင်းရွှမ်းသည်လည်း ခြေလှမ်းတစ်လှမ်းချင်း ဖြည်းညှင်းစွာ လှမ်းထွက်လာခဲ့သည်။ သူမက ချောင်ပါကို ကြည့်ကာ "ခေါင်းပြူထွက်လာတဲ့ ငှက်က အပစ်ခံရတယ် ဆိုတဲ့ သဘောတရားကို နင်လည်း နားမလည်သေးဘူး ထင်တယ်" ဟု ဆိုလိုက်သည်။
အတုခိုး၍ လက်တွေ့အသုံးချခြင်းဖြစ်ရာ၊ ချင်လော့ ပြောခဲ့သော စကားများမှာ တကယ့်ကို အဓိပ္ပာယ်ရှိလှကြောင်း သူမ ခံစားလိုက်ရသည်။
၎င်းတို့နှစ်ဦးသည် တုံ့ဆိုင်းမနေဘဲ ချောင်ပါထံသို့ ချက်ချင်းပင် ပြေးဝင်တိုက်ခိုက်ကြတော့သည်။ ချင်လော့အတွက်မူ၊ သူသည် ယခုအခါ မည်သူမျှ လာရောက်မနှောင့်ယှက်နိုင်သော အေးချမ်းသည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဝမ်ထန်၏ မျက်ဝန်းများမှာ အဆက်မပြတ် လင်းလက်နေခဲ့သည်။ ဤသည်မှာ ချင်လော့ကို ချုံခိုတိုက်ခိုက်ရန် အကောင်းဆုံးသော အခွင့်အရေးကြီးဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
သို့သော်လည်း သူ၏ မျက်ဝန်းထဲမှ တုံ့ဆိုင်းလှုပ်ရှားမှုများမှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့ရသည်။ သူသည် ဤမျှလောက်အထိ စိတ်လိုက်မာန်ပါ မလုပ်သင့်ကြောင်း လျင်မြန်စွာ သတိဝင်လာခဲ့သည်။
'ချင်လော့ကို သတ်တာက အဓိက ပန်းတိုင်နဲ့ ဘာမှမသက်ဆိုင်ဘူး။' ဝမ်ထန်သည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
အခြားလူများသည်လည်း ၎င်းကို တစ်ချက်မျှသာ လှမ်းကြည့်လိုက်ကြပြီးနောက်၊ ကံကြမ္မာစွမ်းအင်တိုင်ရှိရာဘက်သို့ စိတ်အားထက်သန်စွာဖြင့် ပြန်လည်စူးစိုက်ကြည့်ရှုလိုက်ကြတော့သည်။
သူတို့သည် မည်သည့်အရည်အချင်းကြောင့် ကံကြမ္မာမြို့တော်သို့ ဝင်ရောက်ခွင့် ရရှိနေကြဆဲနည်း။ ရိုးရိုးသားသား ပြောရလျှင် ဤအရာအားလုံးအတွက် ချင်လော့ကိုသာ ကျေးဇူးတင်ရမည် ဖြစ်သည်။
တိုက်ပွဲသည် မြန်ဆန်စွာ စတင်ခဲ့ပြီး မြန်ဆန်စွာပင် အဆုံးသတ်သွားခဲ့သည်။
လီရှောင်နှင့် ရဲ့လင်းရွှမ်းတို့ ပူးပေါင်းတိုက်ခိုက်လိုက်ကြရာ၊ ချောင်ပါအနေဖြင့် ၎င်းတို့အား လုံးဝ ပိတ်ဆို့နိုင်စွမ်း မရှိခဲ့ချေ။
လီရှောင်၏ ပုဆိန်ချက်အောက်တွင် သူ ကျဆုံးသွားခဲ့ရပြီးနောက်၊ ကံကြမ္မာမြို့တော်၏ အပြင်ဘက်၌ နောက်ထပ်တစ်ကြိမ် တိုက်ပွဲငယ်လေးတစ်ခု ချက်ချင်း ဖြစ်ပွားသွားခဲ့ပြန်သည်။
ဤသို့ဖြင့် နောက်ထပ်လူတစ်ဦးမှာ ကံကြမ္မာမြို့တော်သို့ ဝင်ရောက်ခွင့် ရရှိသွားခဲ့ပြန်သည်။
ဤသွေးနတ်ဆိုးချီစွမ်းအင်များသည် ချင်လော့အတွက်မူ တကယ့်ကို အကောင်းဆုံးသော အာဟာရဓာတ်များ ဖြစ်ကြပေသည်။
ကံကြမ္မာစွမ်းအင်တိုင်ကို ညစ်ညမ်းစေနိုင်စွမ်းရှိခြင်းကပင် ၎င်းအတွင်း၌ ပါဝင်သော စွမ်းအားမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သက်သေပြနေသည်။
ချင်လော့ကိုယ်တိုင်ပင် ၎င်းကို ဆက်လက်၍ စုပ်ယူနိုင်စွမ်း မရှိတော့သဖြင့်၊ ကျန်ရှိနေသော စွမ်းအားအားလုံးကို လူသားဧကရာဇ်အလံတော်အတွင်းသို့ လွှဲပြောင်းပေးကာ ၎င်းကို စုပ်ယူစေခဲ့သည်။
သူ၏ ထူးခြားသော လိုဏ်ဂူကောင်းကင်အတွင်းရှိ စွမ်းအားများမှာ နောက်ဆုံးတွင် လျှံကျတော့မည့်အလား ပြည့်နှက်သွားခဲ့သဖြင့်၊ သူသည် ၎င်းကို အတင်းအကျပ် ဖိနှိပ်ချုပ်ကိုင်ကာ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိစေပြီး တစ်ဖန် ပြန်လည်စုပ်ယူစေခဲ့သည်။
[ပိုင်ရှင်သည် ကံကြမ္မာမြို့တော်၏ ကပ်ဘေးကို ဖြေရှင်းပေးနိုင်ခဲ့သဖြင့်၊ ကောင်းကင်တာအို၏ မျက်နှာသာပေးမှု တိုးမြင့်လာခြင်းကို ရရှိပါသည်။]
[ကျေးဇူးပြု၍ ပိုင်ရှင်အနေဖြင့် ကံကြမ္မာဆေးကြောခြင်းကို တတ်နိုင်သမျှ မြန်မြန် ရွေးချယ်ပေးပါ။]
ဝုန်း!
ချင်လော့၏ ခန္ဓာကိုယ်မှ အားကောင်းလှသော စွမ်းအားအရှိန်အဝါတစ်ခု မြင့်တက်လာခဲ့သည်။
လူအများအပြား လှမ်းကြည့်လိုက်ကြပြီးနောက် ၎င်းတို့၏ မျက်သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့ကြရကာ၊ အချို့လူများမှာ မသိစိတ်၏ စေ့ဆော်မှုကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်ခွာသွားခဲ့ကြရသည်။
ချင်လော့သည် ဤမြင်ကွင်းကို ကြည့်ကာ ပြုံးလျက် "အားလုံးပဲ... ကံကြမ္မာမြို့တော်ကနေ ကြိုဆိုပါတယ်" ဟု ပြောလိုက်သည်။
ဤစကားသံသည် အခြားသူများ၏ နားထဲတွင် အနည်းငယ် ထူးဆန်းနေခဲ့ရပြီး၊ ကံကြမ္မာမြို့တော်ကြီးမှာ ချင်လော့၏ ကိုယ်ပိုင်ပိုင်နက်နယ်မြေ ဖြစ်နေသကဲ့သို့ပင်ဖြစ်၏။
"ဒါဆိုရင်... မင်းတို့ရဲ့ ရွေးချယ်မှုတွေကို စတင်လိုက်ကြတော့လေ။" ချင်လော့က ကံကြမ္မာစွမ်းအင်တိုင်များရှိရာ အရပ်မျက်နှာသို့ လက်ညှိုးညွှန်ပြကာ ပြောဆိုလိုက်သည်။
လူတစ်ဦးလျှင် တစ်တိုင်သာ ရွေးချယ်ခွင့်ရှိပြီး၊ လူ ဆယ့်ခြောက်ယောက်အတွက် အတိအကျပင် ဖြစ်ပေသည်။
အထူဆုံးတိုင်လုံးကြီးမှာ ချင်လော့ကိုယ်တိုင် ပွေ့ဖက်ရန်ပင် မဆံ့လောက်အောင် ကြီးမားလှသည်။
အပါးလွှာဆုံးတိုင်လုံးလေးမှာမူ လက်မောင်းလုံးခန့်သာ ထူသဖြင့်၊ ၎င်းတို့ကြားရှိ ကွာဟချက်မှာ အလွန်တရာ ကြီးမားလှပေသည်။
လူတိုင်းနီးပါး၏ အကြည့်များသည် ထိုထူထဲပြီး တောက်ပလှသော ကံကြမ္မာစွမ်းအင်တိုင်ကြီးပေါ်သို့သာ ကျရောက်နေခဲ့ကြသည်။
သို့သော်လည်း လူအများအပြားမှာ မိမိကိုယ်ကိုယ် အတိုင်းအတာကို သိရှိကြသဖြင့် ၎င်းကို ရရှိနိုင်မည်မဟုတ်ကြောင်း နားလည်ကာ၊ ပိုမိုပါးလွှာသော တိုင်လုံးငယ်လေးများကိုသာ ပြတ်ပြတ်သားသား ရွေးချယ်လိုက်ကြတော့သည်။
ရွေးချယ်မှုလုပ်ငန်းစဉ်မှာ မျှော်လင့်မထားဘဲ အလွန်တရာ သဟဇာတဖြစ်နေခဲ့ပြီး၊ မည်သူမျှ လုယူတိုက်ခိုက်ခြင်းမျိုး မပြုလုပ်ခဲ့ကြချေ။
မင်းသမီး မုရုန်းချီ၏ အကြည့်သည် အထူဆုံး ကံကြမ္မာစွမ်းအင်တိုင်ကြီးပေါ်သို့ ကျရောက်သွားခဲ့ပြီး၊ သူမက လေးနက်သောအသံဖြင့် "အဲဒီတစ်တိုင်က ငါ့အပိုင်ပဲ!" ဟု ဆိုလိုက်သည်။
ချင်လော့က သူမကို တစ်ချက်ကြည့်ကာ အေးဆေးတည်ငြိမ်စွာဖြင့် "မိန်းမ... မင်းရဲ့ ပါးစပ်က ဘယ်လောက်တောင် ကြီးနေလို့လဲ။ မင်း အဲဒါကို မျိုချနိုင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
မင်းသမီး မုရုန်းချီသည် ၎င်းအတွက် ဆက်လက်၍ ကြိုးပမ်းလိုသဖြင့် ခြေလှမ်းနှစ်လှမ်းခန့် လှမ်းလိုက်ရုံသာ ရှိသေးသော်လည်း၊ ချင်လော့ထံမှ ထွက်ပေါ်လာသော အားကောင်းလှသော စွမ်းအားအရှိန်အဝါကြောင့် သူမ လှုပ်ရှား၍မရတော့ဘဲ ဖိနှိပ်ခြင်း ခံလိုက်ရတော့သည်။
သူမသည် ချင်လော့က အကြီးမားဆုံးသော ကံကြမ္မာစွမ်းအင်တိုင်ကြီး၏ ဘေးနားသို့ လျှောက်လှမ်းသွားသည်ကိုသာ မျှော်လင့်ချက်မဲ့စွာဖြင့် စောင့်ကြည့်နေနိုင်ခဲ့တော့သည်။
"ချင်လော့..." မင်းသမီး မုရုန်းချီသည် သွားကြိတ်လျက် ချင်လော့၏ ကျောပြင်ကို စိုက်ကြည့်ကာ "ငါ ရှင်နဲ့ ကိစ္စမပြီးသေးဘူး!" ဟု ကြိမ်းဝါးလိုက်သည်။
ချင်လော့ သူ၏ ရွေးချယ်မှုကို ပြုလုပ်ပြီးနောက်၊ ကျန်ရှိနေသောသူများမှာ ချက်ချင်းပင် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ကြပြီး ကျန်သောတိုင်လုံးများအတွက် အပြိုင်အဆိုင် လုယူတိုက်ခိုက်ကြတော့သည်။
သို့သော်လည်း ၎င်းတို့ မည်မျှပင် လုယူနေကြပါစေ၊ ချင်လော့ကမူ အကြီးမားဆုံးသော ဝေစုကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
ချင်လော့သည် ဤအခြေအနေကို အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ ကံကြမ္မာဆေးကြောခြင်းဆိုသည်မှာ... တကယ်တမ်းတွင်မူ ဗီလိန်အုပ်စုတစ်စုကို ဆေးကြောပေးနေခြင်းမျှသာ ဖြစ်မနေဘူးလား။
ဝုန်း!
ကံကြမ္မာဆေးကြောခြင်း စတင်ခဲ့ပြီ ဖြစ်သည်။
ဆန်းကြယ်လှသော စွမ်းအားတစ်ခုသည် ချင်လော့၏ ခန္ဓာကိုယ်အတွင်းသို့ အဟုန်ပြင်းစွာ စီးဝင်သွားခဲ့သဖြင့် သူ့ကို အလွန်အမင်း သက်တောင့်သက်သာ ရှိသွားစေခဲ့သည်။ ပါရမီ၊ နားလည်နိုင်စွမ်း၊ ဝိညာဉ်၊ ကျင့်ကြံခြင်းအဆင့် အစရှိသည်တို့အားလုံးသည် ဆက်တိုက် ကြီးထွားလာနေခဲ့ကြပြီး...
[ကံကြမ္မာတန်ဖိုး စတင်တိုးမြင့်လာနေပါပြီ...]
"ကံကြမ္မာတန်ဖိုး ဟုတ်လား" ချင်လော့ မှင်တက်သွားခဲ့ရပြီး ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
[ပိုင်ရှင်၏ ကံကြမ္မာတန်ဖိုးမှာ ပေါက်ကွဲထွက်မတတ် တဟုန်ထိုး မြင့်တက်လာကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ပိုင်ရှင်အနေဖြင့် ကံကြမ္မာသားတော်အဖြစ်သို့ ပြောင်းလဲရန် ရွေးချယ်နိုင်ပြီး၊ ပိုင်ရှင်အပါအဝင် သူ၏လက်အောက်ရှိ ဗီလိန်များအားလုံးသည်လည်း အဖွဲ့အစည်းကို ချက်ချင်း လွှဲပြောင်းပြောင်းလဲနိုင်စွမ်း ရှိပါသည်။]
"သောက်ကျိုးနည်း... ဒီလိုမျိုးပါ ကစားလို့ ရတာလား။"
ချင်လော့သည် ဗီလိန်များ၏ ဦးခေါင်းထက်တွင် "ကံကြမ္မာသားတော်" ဟူသော စာလုံးကြီးလေးလုံးကို တစ်ယောက်ပြီးတစ်ယောက် ရေးထိုးထားသည့် မြင်ကွင်းကို မြင်ယောင်သွားသကဲ့သို့ ရှိပေသည်။
'ဒါက လူတွေကို လှည့်စားတာ မဟုတ်ဘူးလား။ ကိုယ့်နားကိုယ်ပိတ်ပြီး ခေါင်းလောင်းခိုးတာမျိုး၊ ဒါမှမဟုတ် သမင်ကို မြင်းလို့ အတင်းပြောနေတာမျိုး ဖြစ်မနေဘူးလား။'
"မနိုင်ရင်လည်း ပူးပေါင်းလိုက်ရုံပေါ့... ဟုတ်တယ်မလား။"