← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း (၁၈၉) ရွေးချယ်စရာ မရှိတော့ပေ

"သူတို့နဲ့ ငါတို့ကြားက ကွာခြားချက်က ဘာလဲ..."

"ကိုးဆယ်ရာခိုင်နှုန်းလောက် ဆင်တူတယ်... ဒါကြောင့် ငါတို့က တကယ်တော့ သူတို့နဲ့ အမျိုးအစားတူ တဲ့ လူတွေလို့ ပြောလို့ရတယ်..."

ကောင်းယွမ်သည် ကောင်းစွာ နားမလည်နိုင်သေးပေ။

အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်းဟု တွေးမိနေခဲ့လေ၏။

"နွီဝါး က လူသားတွေကို ဖန်တီးခဲ့သလိုမျိုးပဲ ငါတို့က သူတို့ ဖန်တီးခဲ့တဲ့ ထုတ်ကုန်တွေလေ... ဒါကြောင့် ငါတို့က သူတို့နဲ့ အရမ်းတူနေတာ ပုံမှန်ပါပဲ..."

"သူတို့က ဘာလို့ လူသားတွေကို နေအဖွဲ့အစည်း ထဲမှာ ပိတ်လှောင်ထားရတာလဲ..." ၏

ကောင်းယွမ် နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။

ကောင်းချိုးက ခေါင်းခါလိုက်လေ၏။

"အဖြေကို ငါ မသိဘူး... မင်းဘာသာမင်း ရှာရလိမ့်မယ်... မင်းကို မျိုးရိုးဗီဇ အချက်အလက်တွေ ငါ ပေးနိုင်တယ်..."

"စစ်သေနာပတိချုပ်ကြီး... သူတို့က အောက်ဆီဂျင် မလိုအပ်ဘူးလား..."

ကောင်းယွမ် မေးလိုက်လေသည်။

"ဟုတ်တယ်... သူတို့ရဲ့ မျိုးရိုးဗီဇ ကို ဖော်ထုတ်ခြင်းအားဖြင့် သူတို့ဟာ အောက်ဆီဂျင် မလိုအပ်ဘူး ဆိုတာကို ငါတို့ အတည်ပြုနိုင်ခဲ့တယ်... အောက်ဆီဂျင်နဲ့ ထိတွေ့တဲ့အခါ သူတို့ရဲ့ ဆဲလ်တွေဟာ အတိုင်း အတာ ကြီးမားတဲ့ အောက်ဆီဂျင်ဓာတ်တိုး ပျက်စီးသေဆုံးမှု ဖြစ်စဉ်ကို ဖြတ်သန်းရတယ်..."

"သူတို့ ကမ္ဘာမြေ ကို လာတဲ့အခါ အကာအကွယ်ဝတ်စုံ တွေ ဝတ်ဆင်သင့်တယ်လေ... ဒါပေမဲ့ ဒဏ္ဍာရီတွေထဲမှာ ဘာလို့ သူတို့ကို လူခေါင်းနဲ့ မြွေကိုယ်လုံး ရှိတယ်လို့ ပုံဖော်ထားကြတာလဲ..." ကောင်းယွမ် မေးလိုက်လေသည်။

"ဒီကိစ္စကိုလည်း ငါတို့ စုံစမ်းစစ်ဆေးခဲ့ပါတယ်... ဒါပေမဲ့ အကြွင်းအကျန်တွေရဲ့ ပတ်လည်မှာ ဘယ်လို အကာအကွယ်ဝတ်စုံ ကိုမှ ငါတို့ ရှာမတွေ့ခဲ့ဘူး... ဒါကြောင့် သူတို့မှာ အမှောင်ဒြပ်ထု နဲ့ ဖန်တီးထားတဲ့ အကာအကွယ်ဝတ်စုံ တစ်မျိုးမျိုး ရှိနိုင်တယ်လို့ ငါတို့ ခန့်မှန်းခဲ့ကြတယ်... အမှောင်ဒြပ်ထု ကို ငါတို့က မမြင်ရဘူးလေ... ဒါကြောင့် အဲဒါကို ရှာမတွေ့ခဲ့တာပဲ..."

ကောင်းချိုးသည် ရှေ့သို့ လျှောက်သွားလိုက်လေ၏။

"ဒီနေရာမှာ ဂြိုဟ်သား အဆင့်မြင့်ယဉ်ကျေးမှု နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အားလုံး ရှိတယ်... မင်း အချိန်ယူပြီး ဒီနေရာမှာ ကြည့်လို့ရတယ်... ပြီးတော့ မင်း ပြန်ယူသွားဖို့အတွက်လည်း မိတ္တူတစ်စုံ ငါ ကူးပေးနိုင်တယ်..."

"ကောင်းပြီ..."

ဤခရီးစဉ်အတွင်း ကောင်းယွမ်သည် အလွန်အရေးကြီးသော အရာနှစ်ခုကို ရရှိခဲ့ပေသည်။ ပထမတစ်ခု မှာ အမှောင်ဒြပ်ထု နှင့် အမှောင်ဒြပ်ထု စုဆောင်းရန် နည်းလမ်းဖြစ်ပြီး ဒုတိယတစ်ခုမှာ အဆင့်မြင့် သက်ရှိများ၏ မျိုးရိုးဗီဇ ပင် ဖြစ်လေတော့သည်။

ကောင်းယွမ် ထွက်ခွာတော့မည် ဖြစ်ပေသည်။

"ယွမ်အာ... ကမ္ဘာနှစ်ခုက အချင်းချင်း စောင့်ရှောက်ပြီး ကူညီကြမှသာလျှင် ငါတို့ ဒီခြေကျင်းတွေကို ချိုးဖျက်နိုင်ပြီး လူသားမျိုးနွယ်ကို သူတို့ရဲ့ ကံကြမ္မာကို သူတို့ဘာသာ အမှန်တကယ် ဖန်တီးခွင့် ပေးနိုင် လိမ့်မယ်..."

"ကျွန်တော် သိပါပြီ..."

"ငါ ဒီနေရာမှာ လက်နက်အမျိုးမျိုးကို တီထွင်နေမယ်... ဒါကြောင့် မင်းဘက်မှာ လက်နက်တွေ မတပ် ဆင်တာ ပိုကောင်းလိမ့်မယ်... ဒါက အရင်းအမြစ်တွေ ဖြုန်းတီးတာကို ရှောင်ရှားနိုင်လိမ့်မယ်... ပြီးတော့ မင်းတို့ အတိုင်းအတာ ကြီးကြီးမားမား ဖွံ့ဖြိုးတိုးတက်မှုတွေကို စတင်ရသေးပုံမပေါ်ဘူး... တကယ် တော့ ငါ့ဆီမှာ အခွံခွဲခြင်း စီမံကိန်း လို့ခေါ်တဲ့ အစီအစဉ်တစ်ခု ရှိတယ်... အဲဒီအတွက် မင်းရဲ့ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်လာနိုင်တယ်..."

*အခွံခွဲခြင်း စီမံကိန်း ဆိုပါလား…*

ကောင်းယွမ်သည် အံ့ဩသွားခဲ့လေ၏။

ဤမြေခွေးအိုကြီးတွင် အခြား မည်သည့် အစီအစဉ်များ ရှိနေသေးသနည်းဟု တွေးမိလေသည်။

*သူ ဘာလုပ်ဖို့ စီစဉ်နေတာလဲ…*

"ငါတို့ အခု အဆင့်မြင့်ယဉ်ကျေးမှု ရဲ့ စောင့်ကြည့်မှုကို ခံနေရလောက်ပြီ... ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ် ချက်ကို ငါတို့ နားမလည်သေးဘူး... ဒါကြောင့် လူသားတွေကို အကျဉ်းချထားတဲ့ သူတို့ရဲ့ တကယ့် ရည်ရွယ်ချက်ကို ကောက်ချက်ချနိုင်ဖို့ သူတို့ရဲ့ သည်းခံနိုင်စွမ်း ကန့်သတ်ချက်ကို စမ်းသပ်ဖို့ ငါ စီစဉ်ထား တယ်..."

"အဲဒါကို ဘယ်လို စမ်းသပ်မှာလဲ..."

"ဖောက်ထွက်ရမယ်..."

ကောင်းချိုးသည် အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေ၏။

"ရိုးရိုးရှင်းရှင်း ပြောပါ... ကျွန်တော် သိပ်နားမလည်ဘူး... ကျွန်တော်တို့ ဘယ်လို ဖောက်ထွက်ရမှာလဲ..."

ကောင်းယွမ် နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။

"ဆန့်ကျင်ဘက်ဒြပ်ထု အင်ဂျင် တစ်သောင်း တည်ဆောက်ပြီး ဗုဒ္ဓဟူးဂြိုဟ် ပေါ်မှာ တပ်ဆင်ပြီး နေဆီကို တွန်းပို့ဖို့ ငါ စီစဉ်ထားတယ်... ဒါက နေအဖွဲ့အစည်း ရဲ့ စက်ကွင်းကို ကမောက်ကမ ဖြစ်သွားစေလိမ့် မယ်... အဲဒီလို ဖြစ်သွားတဲ့အခါ ကြာသပတေးဂြိုဟ် နဲ့ ကမ္ဘာမြေ တို့ဟာ နေရဲ့ မျိုချခြင်းကို ခံရလိမ့် မယ်..."

"ကြာသပတေးဂြိုဟ် ဟာလည်း ဆွဲငင်အားစက်ကွင်း ကြောင့် အမှုန့်ကြိတ်ခံရလိမ့်မယ်... အဲဒီအချိန်မှာ နက်ပကျွန်းဂြိုဟ် က နေရဲ့ စက်ကွင်းကနေ ရုန်းထွက်နိုင်ပြီး နေအဖွဲ့အစည်း ကနေ လွတ်မြောက်သွားနိုင် တယ်..."

ဤအစီအစဉ်ကြောင့် ကောင်းယွမ် မှင်သက်သွားခဲ့ပေသည်။

"ဒါက အခွံခွဲခြင်း စီမံကိန်း ဆိုတာလား... ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့် အစီအစဉ် မဟုတ်ဘူး လား..."

ဤသည်က ရူးသွပ်လွန်းလှပေသည်။

"စီမံကိန်းနာမည်က ငါတို့ မျှော်လင့်ထားတဲ့ အရာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာလေ... ဒီလိုမှမဟုတ်ရင် ငါတို့ရဲ့ တကယ့် ရည်ရွယ်ချက်ကို ခန့်မှန်းမိသွားနိုင်တယ်..."

"မဟုတ်သေးဘူး စစ်သေနာပတိချုပ်ကြီး... ခင်ဗျား ဘာလို့ ဒီလို လုပ်ရတာလဲ..."

"စနေဂြိုဟ်၊ ယူရေးနပ်စ် နဲ့ နက်ပကျွန်းဂြိုဟ် ဒေသတွေဆီ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ဖို့ ငါ စီစဉ် ထားတယ်... နေအဖွဲ့အစည်း ကနေ ဘယ်ဂြိုဟ်ကပဲ လွတ်မြောက်သွားနိုင်ပါစေ လူသားမျိုးနွယ်အတွက် အောင်မြင်မှုတစ်ခုပဲ... ပြီးတော့ ဒါက အဆိုးရွားဆုံး အခြေအနေတစ်ခု သက်သက်ပဲ... ငါ လောင်း ကြေးထပ်ထားတယ်... ငါ လောင်းကြေးထပ်ထားတာ... ဗုဒ္ဓဟူးဂြိုဟ် ကို နေဆီ တွန်းပို့တာကို သူတို့ ခွင့်ပြုမှာ မဟုတ်ဘူး..."

*ဒါက ဘာကိုဆိုလိုတာလဲ…*

"သေချာတာပေါ့... ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ သူတို့ ငါတို့ကို တားဆီးမယ့် ဖြစ်နိုင်ခြေက ရာခိုင်နှုန်း ကိုးဆယ်ကျော် ရှိတယ်... အကယ်၍ သူတို့ တားဆီးခဲ့ရင် ဒါက ငါတို့အတွက် အကျိုးကျေးဇူး သုံးခု ရစေလိမ့်မယ်..."

ပထမတစ်ခုက သူတို့ရဲ့ အင်အားကို အကဲဖြတ်ဖို့ ငါတို့ အခွင့်အရေး ယူနိုင်တယ်... ဒုတိယတစ်ခုက ငါတို့ကို သေခွင့်ပေးမှာ မဟုတ်ဘူးဆိုတာ သေချာတယ်... ဒါကြောင့် လူသားမျိုးနွယ်ကို မျိုးတုံး သတ်ဖြတ်မယ် ဆိုတဲ့ သူတို့ရဲ့ အရင်က ခြိမ်းခြောက်မှုဟာ ဟန်ပြသက်သက်ပဲ... "

"လူသားတွေကို နှစ်ပေါင်းများစွာ မွေးမြူထားခဲ့တာ ဘယ်လိုလုပ် တစ်ယောက်ယောက်ကို သေခွင့် ပေးနိုင်မှာလဲ... တတိယနဲ့ နောက်ဆုံးအချက်က ငါတို့က ဒီအခွင့်အရေးကို ယူပြီး သူတို့နဲ့ ဆွေးနွေး ပြောဆိုနိုင်မယ့် လမ်းကြောင်းတစ်ခု ဖန်တီးနိုင်တယ်..."

"စစ်သေနာပတိချုပ်ကြီး... အဲဒီလို လုပ်စရာ မလိုပါဘူး... ဟင်းလင်းပြင်လှိုဏ်ခေါင်း ရဲ့ အဝင်ဝကို ကျွန်တော် ရှာတွေ့ထားပြီးပြီ... သူတို့က ဘယ်သူတွေလဲ ပြီးတော့ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာကို သိရဖို့ ကျွန်တော် မကြာခင် အဲဒီကို သွားတော့မယ်... သေချာပေါက် ကျွန်တော်က ခင်ဗျား ထက် ပိုမြန်လိမ့်မယ်..."

ကောင်းယွမ်၏ မျက်နှာထားမှာ ရှုပ်ထွေးနေခဲ့လေ၏။

"မင်း ဟင်းလင်းပြင်လှိုဏ်ခေါင်း ကို ရှာတွေ့သွားလို့ ငါက အခွံခွဲခြင်း စီမံကိန်း ကို စတင်လိုက်တာပဲ... ငါ့ရဲ့ မျှော်လင့်ချက်တွေ အားလုံးကို အစီအစဉ် တစ်ခုတည်းအပေါ် ဘယ်တော့မှ ပုံအောမထားဘူး... ငါ ခွဲခြမ်းစိတ်ဖြာပြီးပြီ... ဟင်းလင်းပြင်လှိုဏ်ခေါင်း ကို ဖြတ်ပြီး အာကာသခုန်ပျံမှု လုပ်ပြီးတာနဲ့ မင်း သေနိုင်ချေက (၉၉) ရာခိုင်နှုန်းအထိ မြင့်မားတယ်... ဒါကြောင့်..."

ကောင်းယွမ် အံ့ဩသွားပုံ ရလေ၏။

"ဒါဆို... ကျွန်တော် သေလိမ့်မယ်လို့ ခင်ဗျား ထင်နေတာပေါ့... ဒါကြောင့် အစီအစဉ်သစ် တစ်ခုကို စဉ်းစားနေခဲ့တာလား..."

"လုံခြုံစိတ်ချရအောင်လို့ မင်း ဟင်းလင်းပြင်လှိုဏ်ခေါင်း ထဲ မဝင်ခင် ငါ့အတွက် တစ်ခုခု ပြင်ဆင်ပေးဖို့ လိုတယ်..."

"ဘာလဲ..."

"မင်းကို စာရင်းတစ်ခု ငါ ပေးမယ်... ဒါတွေက ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစု ရဲ့ နံပါတ်တွေပဲ... ငါ့ စာရင်းထဲက ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကို ကမ္ဘာမြေ ဆီ ဆွဲယူလာခဲ့ပြီး ကမ္ဘာမြေ ကို ခေါ်ဆောင်လာဖို့ အချိန်နဲ့အာကာသတံခါး ကို အသုံးပြုပေးပါ..."

"ဒီ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ ပေါ်မှာ ရှားပါး သတ္တုတွင်းထွက်တွေ အများကြီး ရှိတယ်... အကယ်၍ အဲဒါ တွေကို မင်း ယူလာပေးရင် အာကာသ ဟင်းလင်းပြင်လှိုဏ်ခေါင်း ကို ဖျက်ဆီးပစ်ဖို့ ငါ အသုံးပြုနိုင် တယ်..."

"တကယ်လို့ ဟင်းလင်းပြင်လှိုဏ်ခေါင်း သာ ပျက်စီးသွားခဲ့ရင် ကမ္ဘာမြေ ပေါ်မှာ သောင်တင်နေတဲ့ ဒီ ဂြိုဟ်သား အဆင့်မြင့် သက်ရှိတွေဟာ ငါတို့နဲ့ စေ့စပ်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ဖို့ကလွဲလို့ အခြား ရွေးချယ်စရာ မရှိတော့ဘူး... ဒါကြောင့် အဲဒီ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ ဟာ အခွံခွဲခြင်း စီမံကိန်း ရဲ့ အရမ်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲ..."

"ခင်ဗျားအတွက်..."

ကောင်းယွမ်သည် လက်ကာပြကာ ပြောလိုက်လေ၏။

"ကောင်းပြီလေ... ကျွန်တော့်မှာ မေးစရာ မရှိတော့ပါဘူး..."

"စစ်သေနာပတိချုပ်ကြီး... ကျွန်တော်က တကယ်ရော ခင်ဗျားရဲ့ သား ဟုတ်ရဲ့လား... ကျွန်တော် သေချာ ပေါက် သေလိမ့်မယ်လို့ ခင်ဗျား ခန့်မှန်းထားတာတောင် နှုတ်ဆက်စကားလေး တစ်ခွန်းတောင် မပြော တော့ဘူးလား..."

"ဂရုစိုက်ပါ..."

"ဖူး... "

စကားမပြောနိုင်တော့သော ကောင်းယွမ်သည် အနာဂတ်ကမ္ဘာ မှ ထွက်ခွာလာခဲ့လေတော့သည်။

မုကျား အခြေစိုက်စခန်း သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ကောင်းယွမ်သည် လကမ္ဘာ အခြေစိုက် စခန်း အား ဧရာမ ကြယ်တာရာ ကုန်တင်သင်္ဘောကြီး တစ်စီး တည်ဆောက်ရန် ညွှန်ကြားလိုက်လေ သည်။

၎င်းကို တည်ဆောက်ပြီးသည်နှင့် တစ်ပြိုင်နက် သူသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစု သို့ သွားရောက် ၍ သတ္တုတူးဖော်ကာ လကမ္ဘာဆီသို့ သယ်ဆောင်လာမည် ဖြစ်ပေသည်။ ထို့နောက်တွင် ကောင်းယွမ် သည် ၎င်းတို့ကို ကောင်းချိုးထံ ပို့ဆောင်ရန် အချိန်ရှာရမည် ဖြစ်လေ၏။

ကောင်းယွမ်သည် ဤအခွင့်အရေးကို ယူ၍ ဟင်းလင်းပြင်လှိုဏ်ခေါင်း ကို ဖြတ်သန်းသွားလာရန် အတွက် မည်သည့် သယ်ယူပို့ဆောင်ရေးယာဉ်ကို အသုံးပြုမည်၊ မည်သူ့ကို ခေါ်ဆောင်သွားမည်၊ အလုံခြုံဆုံး လမ်းကြောင်းမှာ မည်သည်ဖြစ်ပြီး အဲဒီကိုရောက်လျှင် ဘာလုပ်မည် စသည့် အသေးစိတ် အစီအစဉ်တစ်ရပ်ကို ရေးဆွဲချင်နေခဲ့ပေသည်။

လက်ရှိကမ္ဘာ မှ ထွက်ခွာသွားပြီးနောက် အခြေအနေ အရပ်ရပ်ကို မည်သူက တာဝန်ယူမည်နည်း။

ကောင်းယွမ်သည် မုကျား အိမ်ဟောင်း ၏ နောက်ဖေးခြံတွင် လှဲလျောင်းရင်း ကြယ်များကို ငေးကြည့်နေ ခဲ့လေ၏။ သူသည် အနာဂတ်ကမ္ဘာ သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့စဉ်က ချင်းမူကုထန်း ပေးခဲ့သော ပုံသဏ္ဍာန်ပြောင်းလဲစက် ကို သတိရသွားခဲ့ပေသည်။

*အခု ငါ့မှာ အဆင့်မြင့် သက်ရှိတွေရဲ့ မျိုးရိုးဗီဇ ရှိနေပြီဆိုတော့ အဲ့ဒါတွေကို ထည့်သွင်းလိုက်မယ် ဆိုရင် ငါလည်း လူခေါင်းနဲ့မြွေကိုယ်လုံးရှိတဲ့ သက်ရှိတစ်ဦးအဖြစ် ပြောင်းလဲသွားနိုင်မလား… သူတို့ ထောက်လှမ်းမိနိုင်လောက်မလား…*

ကောင်းယွမ် မသိရှိခဲ့ပေ။

*တကယ်လို့ ကိုယ်တိုင် မသွားဘဲ စက်ရုပ် ကို လွှတ်လိုက်ရင်ရော…*

*မဖြစ်ဘူး... မဖြစ်သေးဘူး...*

စက်ရုပ်များ သည် အာကာသ ဟင်းလင်းပြင်လှိုဏ်ခေါင်း ကို ဖြတ်သန်းသွားလာ၍ မရနိုင်ပေ။ ဟင်း လင်းပြင်လှိုဏ်ခေါင်း အတွင်းရှိ ဖိအားနှင့် ရောင်ခြည်များက ဉာဏ်ရည်တု ကိရိယာများကို ချွတ်ယွင်း သွားစေနိုင်ပြီး စစ်သင်္ဘောသည် ၎င်း၏ ဉာဏ်ရည်တု စနစ်များကို ပိတ်ထားရမည်ဖြစ်ကာ စက်ရုပ်များ မှာ ထာဝရ ပျက်စီးသွားနိုင်ပေသည်။

ထို့ကြောင့် ကောင်းယွမ်တွင် ကိုယ်တိုင်သွားရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ သို့မဟုတ် လုံးဝ မသွားရန်သာ ရွေးချယ်ရမည် ဖြစ်လေ၏။

ကောင်းယွမ် မသွားဘဲ နေနိုင်ပါ့မည်လား။

မဖြစ်နိုင်ပေ...၊

ဟင်းလင်းပြင်လှိုဏ်ခေါင်း က ထိုနေရာတွင် ရှိနေလေသည်။ ကောင်းယွမ်တွင် အမှောင်ဒြပ်ထု နှင့် ဆန့် ကျင်ဘက်ဒြပ်ထု တို့ရှိသည့်အပြင် ယာဉ်ပျံတစ်စီး လည်း ရှိနေပေ၏။ နှစ်ပေါင်းများစွာ ဖုံးကွယ်ထား ခဲ့သော လျှို့ဝှက်ချက်တစ်ခုကို ဝင်ကြည့်ချင်စိတ်ကို မည်သူက တွန်းလှန်နိုင်ပါမည်နည်း။

ကောင်းယွမ် ထွက်သွားရတော့မည် ဖြစ်ရာ ကျန်းပိုင်ရီ ကို ခေါ်လိုက်လေသည်။

"လောင်ကျန်း... ငါ ရက်နည်းနည်းလောက် ခရီးထွက်ရမယ်... အိမ်ကို သေချာ ကြည့်ထားပေးဦး..."

"လောင်ကောင်း... မင်း အဲဒီလိုပြောရတာ အားမနာဘူးလား... မင်း ပြန်ရောက်တာ ရက်ပိုင်းပဲ ရှိသေး တယ်လေ... စိတ်မပူပါနဲ့... အားလုံး အဆင်ပြေအောင် ငါ ကြည့်ထားပေးပါ့မယ်..."

"ကောင်းပြီ... ဒီည ငါတို့ အတူတူ သောက်ကြရအောင်... မသောက်ဖြစ်တာတောင် အတော်ကြာပြီပဲ..."

ကောင်းယွမ်သည် ဤခရီးစဉ်မှ ပြန်လာနိုင်မည်၊ မလာနိုင်မည်ကို မသိရှိခဲ့သဖြင့် သူ၏ ကိုယ်ပိုင် နာရေး အတွက် ကြိုတင်စီစဉ်နေခြင်းပင် ဖြစ်လေတော့သည်။

All Chapters