← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

၂၀၁ : ငါ့ကွန်ပူတာကို ဖျက်ဆီးရဲတယ်.. နင်သေလိုက်တော့

~

ရေးတဲ့သူ ပြောင်းလိုက်လို့ အဆင်မပြေမှုများ ရှိရင် သည်းခံပေးကြပါ..

​"ဧကရီ.. မင်း ငါ့ကို သေတဲ့အထိ တိုက်ခိုက်ဖို့ အတင်းအကျပ် ဖိအားပေးနေတယ်ဆိုရင်တော့ ဒီလူသားအားလုံးကိုပါ ငါနဲ့အတူ အပါခေါ်သွားမှာနော်.."

​ပြေးစရာမြေ မရှိတော့သည်အထိ လွတ်မြောက်ရန် မျှော်လင့်ချက် ကုန်ဆုံးသွားပြီဖြစ်သော ရှီထျန်းသည် သူ၏ ခန္ဓာကိုယ်မှ ခွဲထုတ်ထားသော တစ္ဆေအလောင်းကောင် သားရဲများကို ထိန်းချုပ်လိုက်ပြီး အနီးနားရှိ မြင့်မားသော အဆောက်အအုံများနှင့် လမ်းမထက်မှ လမ်းသွားလမ်းလာများဆီသို့ တိုက်ခိုက်စေလိုက်သည် ။

​"ရွံစရာ ကောင်းတဲ့ အရှက်မရှိတဲ့ကောင်.."

​လုံယွဲ့၏ နူးညံ့သိမ်မွေ့သော မျက်ခုံးတန်းလေးများက တွန့်ကွေးသွားပြီး လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် မိုးပြာရောင် နဂါးဓားပျံကို ပစ်လွှတ်လိုက်လေသည်။ မိုးပြာရောင် နဂါးဓားပျံသည် လေထဲတွင် လူတစ်ယောက်စာ အရွယ်အစားရှိသော ငွေရောင် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားပြီး အဆောက်အအုံတစ်ခုကို ဝင်တိုက်တော့မည့် တစ္ဆေအလောင်းကောင် သားရဲကို ဝါးမျိုပစ်လိုက်၏။

​တစ်ချိန်တည်းမှာပင် သူမသည် အခြား တစ္ဆေအလောင်းကောင် သားရဲတစ်ကောင်ကိုလည်း တားဆီးလိုက်သည် ။ ထိုသားရဲက ပါးစပ်ဟကာ လမ်းသွားလမ်းလာ တစ်ယောက်ကို နောက်ကျောမှ ကိုက်ဖြတ်ရန် ပြင်နေဆဲမှာပင် သူမက သားရဲ၏ ခေါင်းကို လက်တစ်ဖက်ဖြင့် ဖိချလိုက်ပြီး အနီးနားရှိ လမ်းကြားထဲသို့ တွန်းပို့လိုက်သည်။

​လမ်းသွားလမ်းလာက နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကျောဘက်၌ မည်သည့်အရာမှ မရှိဘဲ တိတ်ဆိတ် ငြိမ်သက်နေသည်ကိုသာ တွေ့လိုက်ရသည်။

​'ထူးဆန်းလိုက်တာ.. ငါ့ကျောမှာ ရုတ်တရက်ကြီး အေးစက်သွားသလို ခံစားလိုက်ရတယ်..'

​'ဆောင်းရာသီ ရောက်တော့မယ် ထင်တယ်.. ရာသီဥတုကလည်း ပိုအေးလာပြီပဲ..'

​လမ်းသွားလမ်းလာသည် ဘာမှ ထူးခြားမှု မရှိဟုသာ မှတ်ယူလိုက်ပြီး တွေးတောနေခြင်းကို ရပ်တန့်ကာ အိမ်အပြန်လမ်းကိုသာ ဆက်လက် လျှောက်လှမ်းသွားတော့သည်။

​မှောင်မိုက်နေသော လမ်းကြားထဲတွင် လုံယွဲ့သည် အတင်းအကျပ် ရုန်းကန်နေသော တစ္ဆေအလောင်းကောင် သားရဲကို လက်တစ်ဖက်တည်းဖြင့် ချေမွပစ်လိုက်ပြီးနောက် ရှီထျန်း နောက်သို့ လိုက်လံ ဖမ်းဆီးရန် ထပ်မံ ပြေးထွက်သွားသည်။

​ရှီးထျန်း သည်လည်း လွတ်မြောက်ရန် နည်းလမ်းတစ်ခုကို ရှာတွေ့သွားဟန်ဖြင့် သူ၏ ခန္ဓာကိုယ်မှ ခွဲထုတ်ထားသော တစ္ဆေအလောင်းကောင် သားရဲများကို အနီးနားရှိ အခြားသူများအား တိုက်ခိုက်ရန် အဆက်မပြတ် စေလွှတ်နေခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် အချိန်ဆွဲရန်နှင့် သူမ၏ ဝိညာဉ်စွမ်းအင်များကို ကုန်ဆုံးသွားစေရန် ရည်ရွယ်ထားပုံရသည်။

​လူနေထူထပ်ပြီး အဆောက်အအုံများ ပေါများလှသော မြို့ပြဧရိယာအတွင်း၌ လုံယွဲ့သည် အစွမ်းထက်သော အင်မော်တယ် ကျင့်စဉ်များကို အသုံးပြုရန် အခက်အခဲ ရှိနေပေသည်။ ထို့ကြောင့် တစ္ဆေအလောင်းကောင် သားရဲများကို တစ်ကောင်ချင်းစီသာ လျှို့ဝှက်စွာ လိုက်လံ ရှင်းလင်းနေရ၏။

​သို့သော်လည်း တစ္ဆေအလောင်းကောင် သားရဲ အရေအတွက်မှာ လုံးဝ လျော့ကျသွားခြင်း မရှိ ။ ရှီထျန်း၏ ခန္ဓာကိုယ်ထဲမှ အဆုံးအစမရှိသော ရေစီးကြောင်းတစ်ခုသဖွယ် ဆက်တိုက် ခုန်ထွက်လာနေကြဆဲ ဖြစ်သည်။

​မိုးပြာရောင် နဂါးဓားဖြင့် နောက်ထပ် တစ္ဆေအလောင်းကောင် သားရဲတစ်ကောင်ကို သုတ်သင်လိုက်ပြီးနောက် ဤကဲ့သို့ အချိန်ဆွဲ အနှောင့်အယှက်ပေးခံနေ၍ မဖြစ်တော့ကြောင်း လုံယွဲ့ သဘောပေါက်သွားသည်။ ရှီထျန်းကို အမြန်ဆုံး ရှင်းလင်းပစ်ရမည်။ သို့မဟုတ်ပါက အချိန်ကြာလာသည်နှင့်အမျှ သူမအတွက် ဆိုးကျိုးများသာ ပိုမို များပြားလာပေလိမ့်မည်။

​'ငါသာ ရှီထျန်း နဲ့ ဒီတစ္ဆေအလောင်းကောင် သားရဲတွေကို ဒီနေရာကနေ တခြားတစ်နေရာကို ဆွဲခေါ်သွားနိုင်ရင် ကောင်းမှာပဲ..'

​ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး သူမ၏ မျက်ဝန်းအစုံက တောက်ပသွားလေသည်။

​'ငါ ဘယ်လိုလုပ်ပြီး အဲ့ဟာကို မေ့နေရတာလဲ..'

​လုံယွဲ့၏ နှုတ်ခမ်းထောင့်လေးများ အပေါ်သို့ အနည်းငယ် တွန့်ကွေးသွားပြီး သူမက ကြည်လင်တောက်ပနေသော ပုလဲလုံးတစ်လုံးကို ထုတ်ယူကာ လေထဲသို့ ပစ်တင်လိုက်သည်။ ထို့နောက် လက်ချောင်းလေးများဖြင့် မှော်မန္တန် လက်ကွက်ကို လျင်မြန်စွာ ဖော်ဆောင်လိုက်ပြီး ညင်သာသော လေသံဖြင့် ရေရွတ်လိုက်၏။

​"သစ်တော်ဥယျာဉ် အင်မော်တယ် ပုလဲ.. သိမ်းဆည်းစမ်း.."

​သူမ၏ အသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ အင်မော်တယ် စွမ်းအင်များသည် သစ်တော်ဥယျာဉ် အင်မော်တယ် ပုလဲထဲသို့ အရှိန်အဟုန်ဖြင့် စီးဆင်းဝင်ရောက်သွားသည်။

​အင်မော်တယ် ပုလဲသည် လေထဲတွင် လည်ပတ်နေပြီး တောက်ပသော အင်မော်တယ် အလင်းတန်းများကို ဖြာထွက်လာစေသည်။

​အခြေအနေ မဟန်တော့သည်ကို ရိပ်မိသွားသော ရှီထျန်း သည် နောက်တစ်ကြိမ် ထပ်မံ ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း အင်မော်တယ် ပုလဲမှ ဖြာကျလာသော အလင်းတန်းများ၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။ ထို့နောက် သူ ဆင့်ခေါ်ထားသော တစ္ဆေအလောင်းကောင် သားရဲများနှင့်အတူ အင်မော်တယ် ပုလဲအတွင်းသို့ စုပ်ယူခံလိုက်ရတော့သည်။

​ရှီထျန်း မျက်လုံးများ ပြန်ဖွင့်ကြည့်လိုက်သောအခါ တိတ်ဆိတ်ငြိမ်သက်ပြီး သာယာလှပနေသော သီးခြား ကမ္ဘာငယ်လေးတစ်ခုအတွင်းသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသဖြင့် အလွန်ပင် အံ့အားသင့်သွားသည်။

​သူ ထွက်ပြေးရန် ကြိုးစားကြည့်ခဲ့သော်လည်း ဤကမ္ဘာငယ်လေးကို မမြင်ရသော အတားအဆီး တစ်ခုက ဝန်းရံ ပိတ်ဆို့ထားပြီး နယ်နိမိတ် အစွန်အဖျားသို့ ရောက်သည့်အခါ ရှေ့ဆက်သွားရန် လမ်းစမရှိတော့ဘဲ လွတ်မြောက်ရန် နေရာ လုံးဝ မရှိတော့ကြောင်းကိုသာ တွေ့ရှိလိုက်ရ၏။

​သူက လက်ဝါးဖြင့် အတားအဆီးပေါ်သို့ အားကုန်သုံးကာ ရိုက်ချလိုက်သော်လည်း ထိုအတားအဆီးမှာ အနည်းငယ်မျှသာ တုန်ခါသွားပြီး ပျက်စီးသွားမည့် လက္ခဏာ လုံးဝ မပြချေ။

​"ဟွန်း.. နင့်လို အဆင့်နိမ့်လွန်းတဲ့ ကောင်ကများ ဒီဧကရီ ကိုယ်တိုင် သန့်စင် ထားတဲ့ သစ်တော်ဥယျာဉ် အင်မော်တယ် ပုလဲကို ချိုးဖျက်နိုင်ဖို့ အိပ်မက်မက်နေတယ်ပေါ့လေ.."

​လုံယွဲ့၏ လှောင်ပြောင် မထီမဲ့မြင်ပြုနေသော အသံက သူ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။ ရှီထျန်း ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သောအခါ ကောက်ရိုးမိုးတဲလေးတစ်ခုရှေ့တွင် အေးအေးဆေးဆေး ထိုင်နေသော သူမကို မြင်တွေ့လိုက်ရသည်။

​ဤအချိန်ရောက်မှသာ သူ ကောင်းစွာ နားလည် သဘောပေါက်သွားတော့သည်။ ဤနေရာတွင် ဧကရီကို အသေမသတ်နိုင်ပါက ဤကမ္ဘာငယ်လေးထဲမှ လွတ်မြောက်ရန် မည်သည့် အခွင့်အရေးမျှ ရှိမည်မဟုတ်ကြောင်းကိုပင်။

​"တစ္ဆေအလောင်းကောင် .. ကောင်းကင် သတ်ဖြတ်သူ.."

​ရှီထျန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို မြေပြင်ပေါ်သို့ ဆောင့်ချလိုက်သည်။ ထိုအခါ သူ၏ ခြေထောက်အောက်တွင် ကြီးမားသော မှော်အစီအရင်တစ်ခု ထွက်ပေါ်လာပြီး ဧရာမ အလောင်းကောင် နဂါးကြီးတစ်ကောင်သည် သူ၏အောက်မှနေ၍ ဖြည်းဖြည်းချင်း ထွက်ပေါ်လာတော့သည်။

​ထိုအလောင်းကောင် နဂါးကြီး၏ ကိုယ်ထည်တစ်ခုလုံးတွင် စူးချွန်များဖြင့် ဖုံးလွှမ်းနေပြီး သူ၏ ရှည်လျားလှသော ခန္ဓာကိုယ်ထက်တွင် အခြား နတ်ဆိုးသားရဲများနှင့် အတင်းအကျပ် ပေါင်းစပ်ထားသကဲ့သို့ အချိုးအစား မညီညာဘဲ ပုံပျက်ပန်းပျက် ဖြစ်နေသော အတောင်ပံတစ်စုံလည်း ပါရှိနေပေသည်။

​"ငွေလမင်း မိုးပြာရောင်နဂါး.."

​လုံယွဲ့က သူမ၏ ခြေလှမ်းကို ညင်သာစွာ လှမ်းလိုက်သောအခါ ခန္ဓာကိုယ်တစ်ခုလုံးတွင် တောက်ပနေသော ငွေရောင်နဂါးအကြေးခွံများ ဖုံးလွှမ်းနေပြီး သန့်စင်မွန်မြတ်သော အလင်းတန်းများ ဖြာထွက်နေသည့် ငွေလမင်း မိုးပြာရောင်နဂါးတစ်ကောင်သည် သူမ၏ ခြေထောက်အောက်မှ ထွက်ပေါ်လာလေသည်။

​အနက်ရောင်တစ်ကောင်နှင့် ငွေရောင်တစ်ကောင် အလွန် ကွဲပြားခြားနားလှသော စွမ်းအင် အရှိန်အဝါများ အသီးသီး ထုတ်လွှတ်နေကြသည့် ဧရာမ နဂါးကြီးနှစ်ကောင်သည် ကောင်းကင်ယံထက်တွင် မျက်နှာချင်းဆိုင်၍ နေရာယူလိုက်ကြသည်။

​" အောင်းးးးး.."

​ဧရာမ နဂါးကြီးနှစ်ကောင်သည် အချင်းချင်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြပြီးနောက် သူတို့၏ ဧရာမ ခန္ဓာကိုယ်ကြီးများကို ရွေ့လျား၍ ကောင်းကင်ယံထက်တွင် အချင်းချင်း ရစ်ပတ် ယှက်နွယ်ကာ အသေအလဲ ကိုက်ဖြဲ တိုက်ခိုက်ကြလေတော့သည်။

​လုံယွဲ့က မိုးပြာရောင် နဂါးဓားကို ကိုင်ဆောင်၍ ခုန်တက်သွားပြီး ရှီထျန်း ထံသို့ သူမ၏ ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

​ရှီထျန်း၏ လက်တစ်ဖက် ကဏန်းလက်မကြီး တစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး မိုးပြာရောင် နဂါးဓားကို ခိုင်မြဲစွာ ညှပ်ထားလိုက်ချိန်တွင် သူ၏ အခြား လက်တစ်ဖက်ကမူ ကျားပါးစပ်ကြီးအဖြစ် ပြောင်းလဲသွားကာ အဆိပ်မီးတောက်များကို သူမထံသို့ မှုတ်ထုတ်လိုက်သည်။

​ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လုံယွဲ့ အနည်းငယ်မျှပင် တွန့်ဆုတ်သွားခြင်း မရှိ ။ သူမ လက်ထဲမှ မိုးပြာရောင် နဂါးဓားကို ချက်ချင်း လွှတ်ချလိုက်ကာ နောက်သို့ လေထဲတွင် လည်ထွက်သွားပြီး အဆိပ်မီးတောက်များကို ရှောင်တိမ်းလိုက်သည်။

​တစ်ချိန်တည်းမှာပင် ကဏန်းလက်မဖြင့် ညှပ်ထားခြင်း ခံရသော မိုးပြာရောင် နဂါးဓားထံမှ စူးရှလှသော အင်မော်တယ် အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာသည်။ ဖြူစင်တောက်ပသော အင်မော်တယ် အလင်းတန်းများသည် ရှီထျန်း၏ လက်မောင်းကို မီးလျှံများကဲ့သို့ လောင်ကျွမ်းသွားသည်။

​မျက်စိတစ်မှိတ် အတွင်းမှာပင် ကဏန်းလက်မကြီး တစ်ခုလုံးမှာ အရည်ပျော်ကျသွားခဲ့လေပြီ။

​"အား.. အား.. အား.."

​သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တိုင်းကို နတ်ဆိုးများနှင့် အင်မော်တယ် သားရဲအမျိုးမျိုး၏ အကြွင်းအကျန် အလောင်းကောင်များဖြင့် သန့်စင် ပေါင်းစပ်ထားသော်လည်း ထိုအစိတ်အပိုင်းများမှာ သူ၏ ခန္ဓာကိုယ်နှင့် လုံးဝ တစ်သားတည်း ကျသွားခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ လက်မောင်းမှ လောင်ကျွမ်း နာကျင်ရသော ဝေဒနာမှာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးဆီသို့ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့လေသည်။

​ရှီထျန်းသည် အသည်းခိုက်မတတ် နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ပြီး ကဏန်းလက်မကြီးကို လျင်မြန်စွာ ဖြတ်ချလိုက်သော်လည်း မိုးပြာရောင် နဂါးဓားသည် မည်သည့်အချိန်ကတည်းက မိုးပြာရောင် နဂါးအသွင်သို့ ပြောင်းလဲသွားမှန်း မသိဘဲ သူ၏ လက်မောင်းကို တင်းကြပ်စွာ ရစ်ပတ်ထားပြီး ယခုအခါ သူ၏ လက်မောင်းအပေါ်ပိုင်းသို့ပင် တရွေ့ရွေ့ တက်လှမ်းလာနေကြောင်းကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည်။

​"အား.. အား.."

​ပြတ်ကျသွားသော ကဏန်းလက်မကြီးကို မိုးပြာရောင် နဂါးက လျင်မြန်စွာ သန့်စင်ဖျက်ဆီးပြီး ပျောက်ကွယ်သွားစေခဲ့သည်။ ထို့နောက် မိုးပြာရောင် နဂါးဓား အသွင်သို့ ပြန်လည် ပြောင်းလဲသွားပြီး လုံယွဲ့၏ လက်ထဲသို့ အလိုအလျောက် ပြန်လည် ရောက်ရှိသွားခဲ့လေသည်။

​"နင့်ရဲ့ လက်ညစ်ပတ်နဲ့ ဒီဧကရီရဲ့ ဓားကို ကိုင်ချင်တာလား ..."

​လုံယွဲ့သည် မိုးပြာရောင် နဂါးဓားကို ကိုင်ဆောင်၍ ဒဏ်ရာရကာ လဲကျနေသော ရှီထျန်းကို လှောင်ပြောင် သရော်သည့် အမူအရာဖြင့် ငုံ့ကြည့်နေသည်။ သူမ၏ လှပပြီး ခမ်းနားထည်ဝါလှသော အင်မော်တယ် အရှိန်အဝါသည် ပြိုင်ဘက်ကင်း အင်မော်တယ် ဧကရာဇ်တစ်ပါးကဲ့သို့ ကြီးကျယ် ခမ်းနားလွန်းနေပေသည်။

​ရှီထျန်း၏ နဖူးပြင်ထက်မှ ချွေးစေးများ စီးကျလာသည်။ သူ၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ကြောက်ရွံ့မှုများ အပြည့်အဝ ဖုံးလွှမ်းလာသော်လည်း ဧကရီက သူ့ကို ဘယ်သောအခါမှ အသက်ရှင်လျက် လွှတ်ပေးမည် မဟုတ်ကြောင်းကို သူ ကောင်းစွာ သိရှိနားလည်နေပေသည်။

​ယခု သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ လွတ်မြောက်ရန် မျှော်လင့်ချက် တစ်စွန်းတစ်စ ရရှိရေးအတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်ရန်သာ ရှိတော့သည်။

​"ဧကရီ.."

​ရှီထျန်းက လုံယွဲ့ကို ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ နောက်ကျောမှ နဂါးအမြီးဖြင့် သူမထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

​လုံယွဲ့က မထီမဲ့မြင်ပြုသော အမူအရာဖြင့် လက်ကို မြှောက်ကာ ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ လာနေသော နဂါးအမြီးမှာ လေထဲတွင်ပင် နှစ်ပိုင်း ပြတ်ကျသွားလေသည်။

​ရှီထျန်းက သူ၏ ကျောပေါ်ရှိ အတောင်ပံများကို အားကုန် ဝှေ့ယမ်းကာ ထိုအခွင့်အရေးကို အသုံးချ၍ လုံယွဲ့ထံသို့ အလင်းထက် မြန်သော အဟုန်ဖြင့် ချဉ်းကပ်သွားပြီး သူ၏ ကျားခေါင်း လက်မောင်းကြီးဖြင့် ကိုက်ဖြတ်ရန် ပါးစပ်ကြီးကို ဖွင့်လိုက်သည်။

​လုံယွဲ့က မလှုပ်မယှက် ရပ်နေဆဲဖြစ်ပြီး သူမ၏ လက်ချောင်း နှစ်ချောင်းကို ဓားတစ်လက်သဖွယ် ပူးကပ်လိုက်ကာ လာနေသော ကျားခေါင်း လက်မောင်းကို အလျားလိုက် လှီးဖြတ်လိုက်ရာ ရက်စက် ကြမ်းကြုတ်လှသော ကျားခေါင်း လက်မောင်းကြီးမှာ ထက်ခြမ်း ကွဲသွားလေတော့သည်။

​ကျားခေါင်း လက်မောင်းကြီး နှစ်ခြမ်းကွဲကာ လဲကျသွားသည်နှင့် တစ်ပြိုင်နက် ရှီထျန်းက သူ၏ ပါးစပ်ကို ဖွင့်လိုက်ရာ အဆိပ်ပြင်းသော မြွေများ ပေါ်ထွက်လာပြီး ချွန်ထက်သော အဆိပ်သွားစွယ်များကို ထုတ်ဖော်လျက် သူမထံသို့ လျင်မြန်စွာ ပြေးဝင် တိုက်ခိုက်လာကြသည်။

​"ဒီလို အောက်တန်းကျတဲ့ လှည့်ကွက်လေးတွေက ဒီဧကရီ အပေါ်မှာ အလုပ်ဖြစ်မယ်လို့ နင် တကယ်ပဲ ထင်နေတာလား.."

​လုံယွဲ့က နေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေပြီး အဆိပ်ပြင်းမြွေများ ချဉ်းကပ်လာသည်ကို မထီမဲ့မြင်ပြုသော အကြည့်ဖြင့်သာ ကြည့်နေလေသည်။

​အဆိပ်ပြင်း မြွေများ သူမအနီးသို့ မရောက်မီပင် သူမ၏ ဓားကို နောက်ပြန် တစ်ချက် ဝှေ့ယမ်းလိုက်မှုကြောင့် မြွေများအားလုံး သွေးစက်များအဖြစ် ကြေမွသွားပြီး ဓားချီစွမ်းအင်သည် သူမ၏ နောက်ကျောဘက်ရှိ ရှီးထျန်း၏ ခန္ဓာကိုယ်ကိုပါ ဖောက်ထွင်း ဝင်ရောက်သွားသည်။

​"အား.."

​ရှီထျန်းသည် နာကျင်လွန်းသဖြင့် နောက်သို့ လှည့်ပြေးရန် ကြိုးစားလိုက်သော်လည်း မိုးပြာရောင် နဂါးဓားပျံသည် သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက် ဝင်ရောက်သွားကာ ကောင်းကင်ယံမှနေ၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချခံလိုက်ရသည်။

​"ဧကရီ အနုပညာ .. ကောင်းကင်ဘုံ ကိုးလွှာ နဂါးထိန်းချုပ်ခြင်း.."

​လုံယွဲ့သည် လက်ဖြင့် မှော်မန္တန် တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်ရာ သူမ၏ ငွေရောင် ဝိညာဉ်ပြာလဲ့လဲ့ မျက်ဝန်းအစုံမှ အင်မော်တယ် စွမ်းအင်များ ပြင်းထန်စွာ ထုတ်လွှတ်လာသည်။

ကောင်းကင်ယံထက်တွင် မိုးတိမ်မည်းများ တဟုန်ထိုး စုဝေးလာပြီး လျှပ်စီးများ လက်ကာ မိုးကြိုးပစ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ရွှေရောင် လျှပ်စီးများ တောက်ပနေသော ဧရာမ နဂါးခေါင်းကြီး တစ်ခုသည် တိမ်ပင်လယ်ကြီး အတွင်းမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာတော့သည်။

​ဤသည်က နဂါးခေါင်း တစ်ခုတည်းသာ ဖြစ်သော်လည်း ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်လောက်အောင် ကြီးမားလွန်းလှပြီး ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ် စွမ်းအား ဖိအားကြီးကို ထုတ်လွှတ်နေပေသည်။

​ယခုအခါ သူမသည် ကမ္ဘာမြေပေါ်တွင် ရှိမနေတော့သောကြောင့် မည်သည့်အရာကိုမျှ ထောက်ထား တွန့်ဆုတ်နေရန် မလိုတော့ဘဲ သူမ၏ အစွမ်းများကို အပြည့်အဝ ထုတ်ဖော်နိုင်ပြီ ဖြစ်သည်။

​"ဧကရီရဲ့... ဧကရီရဲ့ အနုပညာ..."

သိုင်းကွက်နာမည်ကလည်း 😐

​ရှီထျန်းသည် မြေပြင်ပေါ်တွင် မှင်သက် အံ့အားသင့်စွာ ထိုင်နေမိပြီး ကောင်းကင်ယံထက်ရှိ ကောင်းကင်ဘုံ ကိုးလွှာ ဧရာမ နဂါးကြီးကိုသာ ကြောင်အမ်းအမ်းဖြင့် မော့ကြည့်နေမိသည်။

​ဧကရီ အနုပညာ ဟူသည်မှာ အင်မော်တယ် ဧကရာဇ်များ၏ အနုပညာရပ်ပင် ဖြစ်ပြီး ရှေးခေတ် အင်မော်တယ် ဧကရာဇ်များထဲမှ အစွမ်းအထက်ဆုံးသော ဧကရာဇ်တစ်ပါးက ဖန်တီးထားခဲ့သည့် အင်မော်တယ် ကျင့်စဉ် တစ်ခုဖြစ်သည်။ ဧကရီ အနုပညာတိုင်းတွင် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်ပြီး ရှေးဟောင်းခေတ်ကာလ တစ်လျှောက်လုံးတွင်ပင် ဧကရီ အနုပညာ ဟု ခေါ်ဆိုနိုင်သော အင်မော်တယ် ကျင့်စဉ်များမှာ အလွန်ပင် ရှားပါးလှပေသည်။

​ထို့ထက်ပို၍ အံ့သြစရာကောင်းသည်မှာ ဤဧကရီက ရှေးဟောင်း ဧကရီတစ်ပါး၏ အနုပညာကို တတ်မြောက်ထားခြင်းပင် ။

​"ဒီဧကရီရဲ့ ကွန်ပူတာကို ဖျက်ဆီးရဲတယ် ...နင် သေလိုက်တော့ ..."

​လုံယွဲ့က သူမ၏ သွယ်လျလှပသော လက်ချောင်းလေးကို ညင်သာစွာ ဝှေ့ယမ်းလိုက်သောအခါ ကောင်းကင်ဘုံ ကိုးလွှာ နဂါးကြီးသည် ကောင်းကင်ယံမှ ပြင်းထန်စွာ ဆင်းသက်လာပြီး ရှီထျန်းနှင့် သူ၏ ကောင်းကင် သတ်ဖြတ်သူ အလောင်းကောင် သားရဲကြီးကို မျက်စိတစ်မှိတ် အတွင်းမှာပင် ပြာကျ ဖျက်ဆီးပစ်လိုက်လေတော့သည်။

​သေဆုံးသွားသည့် အချိန်အထိပင် ရှီးထျန်းသည် ဧကရီ ပြောသွားသည့် ကွန်ပူတာ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုမှန်း သို့မဟုတ် ထိုကွန်ပူတာ ဆိုသည့်အရာကို သူ ဘယ်အချိန်က ဖျက်ဆီးခဲ့မိမှန်း နားမလည်သွားရှာပေ။

All Chapters